တတိယမှန်ကွဲစ
Vol. 106 Ch. 1478
နဝမဂိုဏ်း၏ ဂိုဏ်းသားများသည် တခြားဂိုဏ်းမှ လူများကို ဝိုင်းသတ်ချင်သော်လည်း နဝမဂိုဏ်း၏ပါရာဂွန်နှင့် အုပ်ချုပ်ရေးအဖွဲ့က ထိုသို့မဖြစ်ပွားအောင် ဟန့်တားခဲ့၏။
နဝမဂိုဏ်းမှာ အာကာပြင်ကျယ်ကျောင်းတော်အဖြစ် ဖွဲ့စည်းထားသော ဂိုဏ်းကိုးဂိုဏ်း၏တစ်စိတ်တစ်ပိုင်း ဖြစ်သည်မဟုတ်ပါလော။ နဝမဂိုဏ်း၏အင်အားချဲ့ထွင်မှုက တခြားဂိုဏ်းများအတွက် မျက်ခုံးလှုပ်စရာဖြစ်ပြီး နဝမတပ်ဖွဲ့၏အင်အားက ကြောက်စရာကောင်းသည်မှာလည်း မှန်သည်။
သို့သော် အဆုံးသတ်တွင် နဝမဂိုဏ်းသည် ... အာကာပြင်ကျယ်ကျောင်းတော်မှ တသီးတသန့် ခွဲမထွက်ခဲ့ရပေ။
တကယ်တော့ နဝမဂိုဏ်းမှာ အာကာပြင်ကျယ်မော်ကွန်းတိုက်ကိစ္စနှင့်ပတ်သက်၍ အမြတ်ပင်ထွက်နေသေးသည်။ နဝမဂိုဏ်းသည် ဂိုဏ်းတစ်ဂိုဏ်းချင်းစီထက် အဆင့်မြင့်မားသော ဂိုဏ်းသားများကို ပိုမိုမွေးထုတ်ပေးလာနိုင်သည်သာမက အရှက်ခွဲခံရမှုကြောင့် ပြင်းပြင်းထန်ထန် ကြိုးစားတိုက်ခိုက်သော ဂိုဏ်းသားများကြောင့်လည်း ရင်သပ်ရှုမောဖွယ် ရလဒ်များထွက်ခဲ့သည်။
အရေးအကြီးဆုံးကတော့ နဝမဂိုဏ်း၏ဂိုဏ်းသားအားလုံး သွေးသောက်ရဲဘော်များပမာ စည်းလုံးသွားခြင်းပင်။ သူတို့အကြား အကောက်ကြံတိုက်ခိုက်ခဲ့မှုများသည် ယခုတွင် အတိတ်၌သာ ကျန်ခဲ့ပြီး ပြင်ပအင်အားစုများကို ညီညီညွတ်ညွတ် တွန်းလှန်နေကြ၏။
ဤအခြင်းအရာကို တခြားဂိုဏ်းများ သဘောမပေါက်ခြင်းမဟုတ်။ သူတို့လည်း လက်ရှိအခြေအနေမှ အမြတ်ထွက်နေ၍ ခွင့်ပြုထားလေသည်။
မှန်သည်၊ အဓိကအကြောင်းရင်းက ... ဆယ်နှစ်ကြာပြီးနောက်တွင်ပင် အာကာပြင်ကျယ်ကျောင်းတော်၏ အနှစ်သာရ ၉ ခုပါရာဂွန်များ ပြန်မလာသေးခြင်းနှင့်ပတ်သက်သည်။ မှန်ကွဲစများ အရှာထွက်နေသော မန်ဟိုမှလွဲ၍ ကျန်ရှိသူများသည် သင်္ချိုင်းအတွင်း၌သာ ရှိနေသေး၏။
အကြောင်းအမျိုးမျိုးကြောင့် တခြားဂိုဏ်းများမှ ကျင့်ကြံသူများအနေဖြင့် နဝမဂိုဏ်း၏စည်းမျဉ်းများကို မချိုးဖောက်သရွေ့ နဝမဂိုဏ်းထဲ၌ ရွက်ဖျင်တဲထိုးလျက် နေခွင့်ရကြလေသည်။
မှန်သည်၊ လူတိုင်းကိုတော့ ခွင့်မပြု၊ နဝမဂိုဏ်း၏ အာကာပြင်ကျယ်မော်ကွန်းတိုက်တွင် နေရာတစ်နေရာရထားသောသူများအတွက်သာ ဖြစ်သည်။ ၎င်းက ကြေညာမထားသော စည်းမျဉ်းတစ်ခုဖြစ်၍ နဝမဂိုဏ်းသားများသည်လည်း ကျူးကျော်နေထိုင်သူများကို မောင်းထုတ်လိုလျှင် သူတို့ဂိုဏ်း၏ အာကာပြင်ကျယ်မော်ကွန်းတိုက်တွင် နေရာရအောင် လုပ်ဖို့ လိုလိမ့်မည်။
လောလောဆယ်တွင် ယန်အာသည် ဖန်မု တံခါးပိတ်ကျင့်ကြံနေသောတောင်မှ ယခုလေးတင် ထွက်လာခဲ့၏။ သူမသည် သူမကို အေးတိအေးစက် ကြည့်နေသည့် တခြားဂိုဏ်းများမှ ကျင့်ကြံသူများစွာကို မြင်သော်လည်း ဣန္ဒြေမပျက်ပေ။ ထို့နောက် နဝမဂိုဏ်းသားများဘက် လှည့်၍ ပြုံးပြပြီးနောက် သူမဆရာမှာ တံခါးပိတ်ကျင့်ကြံရာတွင် အရေးပါသောအခိုက်အတန့်သို့ ရောက်နေကြောင်း သူတို့အား သတိပေးရင်း နှစ်သိမ့်သည်။
ဖန်မုကို လာရောက်တောင်းဆိုသော ဂိုဏ်းသားများသည် လွန်ခဲ့သည့်ဆယ်နှစ်တုန်းကအတိုင်း သူ့ကို လေးစားမြဲ၊ ကြည်ညိုမြဲဖြစ်ကြ၏။ ကောလဟလများ မည်မျှပျံ့နှံ့နေစေကာမူ သူတို့၏စိတ်သည် ဘယ်တော့မှ မပြောင်းလဲပေ။ ယင်းနှင့် ယန်အာ၏နှစ်သိမ့်စကားများ ပေါင်းစည်းသွားသောအခါ သူတို့ အတော်လေးစိတ်ငြိမ်သွားကြလေသည်။ သို့သော် ဤအခိုက်အတန့်တွင် ဂိုဏ်းတစ်ဂိုဏ်းမှ ကျင့်ကြံသူတစ်ယောက်သည် မထီမဲ့မြင်ပြုံးလျက် လူအုပ်ထဲမှ လမ်းလျှောက်ထွက်လာ၏။
“မင်းက တော်တော်စကားတတ်တာပဲ မိန်းကလေး။ မဖြစ်စလောက် တာအိုကျင့်ကြံအဆင့်နဲ့ဆိုပေမယ့် ဒီလူတွေအားလုံးကို နှစ်သိမ့်ပေးနိုင်ပါလားဟ။ ငါပြောဦးမယ်သိလား ငါတို့အတွက်တော့ မင်းလုပ်နေတာက မင်းဆရာနာမည်ခံပြီး ဟန်လုပ်နေသလိုပေါ့ကွာ။ ရှင်းရှင်းပြောရရင် တောကို အုပ်ချုပ်ဖို့ ကျားရဲ့အာဏာနား ကပ်မြှောင်နေတဲ့ မြေခွေးတစ်ကောင်လိုပေါ့
“မင်းဆရာက တောင်ကနေ ထွက်မလာရဲမှတော့ မင်းရော အာကာပြင်ကျယ်မော်ကွန်းတိုက်ကို စိန်ခေါ်ရဲလား
“ဒါမှမဟုတ် ဒီလိုဆိုဘယ်လိုလဲ။ ငါတို့ မင်းအသားထိလိုက်ရင် မင်းဆရာက ပုန်းနေတဲ့ အခွံထဲကနေ ထွက်လာရဲမယ်ထင်လား” တခြားဂိုဏ်းများမှ ကျင့်ကြံသူများသည် ကောက်ကျစ်စွာ ရယ်နေကြ၏။ နဝမဂိုဏ်းသားများမှာ ဒေါသူပုန်ထကုန်ကြ၍ အချိန်မရွေး ထသတ်ကြတော့မလို ပွဲဆူသွားသည်။
လွန်ခဲ့သောဆယ်နှစ်ကဆိုလျှင် ယန်အာတစ်ယောက် စိတ်တိုကောင်းစိတ်တိုမိလိမ့်မည်။ သို့သော် ယခုတော့ မတူတော့ပေ။ ယန်အာသည် ရင့်ကျက်လာပြီဖြစ်သည့်အတွက် ရန်စကားကို ဟက်ခနဲ ရယ်လျက်သာ တုံ့ပြန်၏။ တစ်ချိန်တည်းမှာပင် သူမအကြည့်က အေးစက်လာသည်။ တခြားဂိုဏ်းများမှ ဤကျင့်ကြံသူများကား အင်မော်တယ်နယ်ပယ်မဟုတ်၊ ရှေးဟောင်းနယ်ပယ်ဖြစ်ကြသည့်တိုင် သူတို့ကို စကားပြောလိုက်သောအခါ သူမသည် မည်သည့်အရာကိုမှ ဂရုမစိုက်ပုံရ၏။
“ငါ ငယ်ငယ်တုန်းက” သူမက တည်ငြိမ်စွာ ပြောသည်။ “ငါ နားမလည်ခဲ့တဲ့ ဘဝသင်ခန်းစာတွေ အများကြီးရှိခဲ့တယ်။ တစ်ခါတုန်းက ဒေသခံစျေးတစ်စျေးကို ငါသွားတော့ ငါ့ကို ယင်သွေးကြောအဖြစ် အသုံးပြုချင်နေတဲ့ အဋ္ဌမဂိုဏ်းသားတစ်ယောက်ရဲ့ ပြန်ပေးဆွဲတာ ခံခဲ့ရတယ်” ယန်အာ စကားပြောနေစဉ် တခြားဂိုဏ်းများမှ ကျင့်ကြံသူများသည် သူမ၏ဆိုလိုရင်းကို သိချင်နေကြပြီး အတန်ငယ်မျက်မှောင်ကြုတ်သွားကြသော်လည်း သူမအား အေးစက်စက်ဆက်ကြည့်နေသေး၏။
“အဋ္ဌမဂိုဏ်းရောက်တော့ ငါ့ကို ပြန်ပေးဆွဲခဲ့တဲ့ ကျင့်ကြံသူက ငါ့ပါးကို ရိုက်ခဲ့တယ်။ နည်းနည်းတော့ နာခဲ့တာပေါ့လေ။ အဲဒီနောက်မှာ ငါ့ဆရာက နဝမပါရာဂွန်ကို ဝင်ကူညီပေးဖို့ တောင်းဆိုခဲ့တယ်။ နဝမပါရာဂွန်က ခေါင်းဆောင်ကြီးချီဖုန်းရဲ့ မျိုးနွယ်အတော်များများကို သုတ်သင်ခဲ့တဲ့အပြင် ငါ့ကို လှောင်ခဲ့ကြတဲ့ အစွမ်းထက်ပညာရှင်တွေကိုလည်း အလွှတ်မပေးခဲ့ဘူး။ အဲဒီတုန်းက ဘာတွေဖြစ်နေလဲ ငါ နားမလည်ခဲ့ပေမယ့် နောက်ပိုင်းပြန်စဉ်းစားကြည့်တော့ အသတ်ခံခဲ့ရတဲ့ လူတွေထဲမှာ ရှေးဟောင်းနယ်ပယ်နဲ့ တာအိုနယ်ပယ်ကျင့်ကြံသူတွေပါနေတာ သဘောပေါက်လိုက်တယ်။ တာအိုသခင်တွေတောင် ရှိသေး။ ဪ မေ့တော့မလို တာအိုဥသျှောင်တစ်ယောက်လည်း ပါတယ်” သူမသည် မဆိုစလောက် ပြုံးလိုက်၏။ ဤတစ်ကြိမ်တွင် အပ်ကျသံမကြားရအောင် တိတ်ဆိတ်သွားသည်။
“အဲဒီအဖြစ်အပျက်ကြောင့် ငါ့ဆရာက ကိုယ့်တပည့်တောင်ကိုယ် မကာကွယ်နိုင်လေခြင်းဆိုပြီး အသုံးမကျသလို ခံစားခဲ့ရတယ်။ အဲဒါကြောင့်ပဲ သူဟာ နာမည်ရလာပြီး သူ့တပည့်ငါ့ကို ဘယ်သူမှ အနိုင်မကျင့်ဝံ့အောင် အာကာပြင်ကျယ်မော်ကွန်းတိုက်ကို စိန်ခေါ်ခဲ့တာပဲ
“ရလဒ်အနေနဲ့ သူဟာ အာကာပြင်ကျယ်မော်ကွန်းတိုက်မှာ ပထမနေရာရခဲ့ပြီး ဒသမကောင်းကင်ဘုံကို ဆင့်ခေါ်နိုင်ခဲ့တယ်” ယန်အာသည် ပြုံးလျက်ပြောနေသော်လည်း သူမ၏စကားက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများအား မျက်လုံးပြူးသွားစေ၏။ ဤအခိုက်အတန့်မတိုင်ခင်အထိ ဖန်မု အာကာပြင်ကျယ်မော်ကွန်းတိုက်အား စိန်ခေါ်ခဲ့သည့် အကြောင်းရင်းမှာ သူ့တပည့် အနိုင်ကျင့်ခံခဲ့ရ၍ဖြစ်ကြောင်း သူတို့ မသိခဲ့ကြပေ။
တခြားဂိုဏ်းများမှ ဂိုဏ်းသားများ၏ အမူအရာတို့ ရိပ်ခနဲ ဖြစ်ကုန်သည်။ သူတို့သည် စောစောက အာကျယ်ခဲ့ကြသော်လည်း ဖန်မုကို ကြောက်ကြ၏။
“အာ ဟုတ်သား၊ ဘယ်သူမှန်းတော့ သေချာမမှတ်မိတော့ဘူး။ တခြားဂိုဏ်းက ပါရာဂွန်တစ်ယောက် တစ်ခါလာတုန်းက သူ့မျိုးနွယ်စုကနေ မိန်းကလေးတစ်ယောက် ခေါ်လာခဲ့တယ်။ သူက ငါ့ကို စော်ကားခဲ့လို့ ၊ ပါရာဂွန်ရှိနေတာတောင် ငါ့ဆရာက သူ့ပါးကို ဘယ်ပြန်ညာပြန်ချပစ်ခဲ့တာ။ သူရဲ့တာအိုနှလုံးသားကိုတောင် နင်းချေပစ်ခဲ့သေးတယ်
“ဆိုတော့ နင်တို့ကို ဖျက်စီးပေးဖို့ ငါ့ဆရာကို ထွက်လာချင်သပဆိုလည်း လုပ်လိုက်လေ။ ငါ အခုဒီမှာ ရပ်နေတယ်။ နင်တို့တိုက်ကွက်ကို မရှောင်ဘဲ နေမှာပါ” ယန်အာသည် လှပစွာ ပြုံးလိုက်သော်လည်း တခြားဂိုဏ်းမှ ကျင့်ကြံသူများမှာ ထိုအပြုံးကို မြင်လျှင် ရင်တဒိန်းဒိန်းခုန်လာကြတော့သည်။
သူမက တိတ်ဆိတ်မှု၏အလယ်တွင် တခဏရပ်နေပြီးနောက် အသံဩဇာအပြည့်ဖြင့် နောက်တစ်ခေါက် ပြောသည်။ “ဇမရှိရင်လည်း ထွက်သွားလိုက်တော့”
ထို့နောက် သူမသည် တောင်ထဲ လှည့်ဝင်သွား၏။
ယန်အာထွက်သွားပြီးနောက် နဝမဂိုဏ်းသားများက တခြားကျင့်ကြံသူများကို ခနဲ့လျက် လှောင်ရယ်ကာ အလျှိုလျှိုထွက်သွားကြတော့သည်။ တခြားဂိုဏ်းများမှ ကျင့်ကြံသူများလည်း သုန်သုန်မှုန်မှုန်ဖြင့် ထွက်သွားကြသည်။
လူအတော်များများ ထိုဖြစ်ရပ်ကို မြင်ခဲ့ကြ၏။ ဖန်မုပင်လျှင် တံခါးပိတ်ကျင့်ကြံရာအဆောင်ထဲမှ ဖြစ်ပျက်နေသောအရာကို လှမ်းကြည့်နေခဲ့သည်။ ကိစ္စဝိစ္စများပြီးသွားသောအခါ သူက မျက်လုံးများပိတ်၍ ပြီးခဲ့သည့်ဆယ်နှစ်အတွင်း သူ လုပ်နေခဲ့သောအရာကို ဆက်လုပ်နေသည်။ ထိုအရာက ... သူ၏အင်မော်တယ်ဝိညာဉ်မီးအိမ်များအား တစ်လုံးပြီးတစ်လုံး ငြှိမ်းခြင်းပင်။
ဤအခိုက်အတန့်တွင် ဖန်မုသည် မီးအိမ်ကိုးဆယ်ရာခိုင်နှုန်း ငြှိမ်းပြီးပြီဖြစ်၏။ ယခုမူ ဆယ်လုံးသာ လင်းတော့လေသည်။ သို့သော် သင့်တော်သောအချိန်အခါမဟုတ်လျှင် လွယ်ကူရိုးရှင်းသည့်အလုပ်တစ်လုပ် မဟုတ်ပေ။
မန်ဟိုနှင့်ပတ်သက်၍မူ တတိယမှန်ကွဲစကို အဆင်ချောချော မယူနိုင်ခဲ့သေးပေ။ ပုတ်သင်ဘုရင်တွင် မန်ဟိုနှင့်ယှဉ်နိုင်သော အတိုက်အခိုက်စွမ်းရည်ကို ပိုင်ဆိုင်ထားပြီး အလွန်လည်းဉာဏ်များ၏။ နောက်ဆုံးတော့ ၎င်းက မန်ဟို့ကို ဝါးမြိုခဲ့ပြီး သူတို့အကြားရှိ တိုက်ပွဲမှာ ဝိညာဉ်ချင်းတိုက်ပွဲ ဖြစ်လာသည်။
ဆယ်နှစ်ကြာသော်လည်း ဝိညာဉ်တိုက်ပွဲကား ဆက်လက်ပြင်းထန်နေဆဲပင်။
အာကာပြင်ကျယ်ဂြိုဟ်ပေါ်တွင် ဖန်မုသည် တိုးညင်းစွာ ရေရွတ်လိုက်၏။ “လအနည်းငယ်ကြာရင် ငါ့ကိုယ်အစစ် ပုတ်သင်ဘုရင်ကို ဖိနှိပ်ပြီ တတိယမှန်ကွဲစကို ယူနိုင်လိမ့်မယ်”
ထို့နောက် သူက ဝိညာဉ်မီးအိမ်များအား ငြှိမ်းရာတွင်သာ စိတ်ရောကိုယ်ပါ မြှုပ်နှံလိုက်သည်။
လအနည်းငယ်ကြာသော် အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်ထဲရှိ ဝဲသုံးဝဲအနက် ဒုတိယဝဲအတွင်းမှ ထစ်ချုန်းသံများ ကြားလိုက်ရသည်။ နာကျင်စွာအော်သည်းသံကြီးသည် စွမ်းအားများ ဟုန်းခနဲ ပေါက်ကွဲမှုနှင့်အတူ ပျံ့လွင့်လာ၏။ ဝဲအတွင်းတွင် ဧရာမပုတ်သင်ဘုရင်၏ခန္ဓာကိုယ်မှာ တဂျွတ်ဂျွတ်မြည်လျက် လိမ်ဖယ်နေလေသည်။
မကြာခင် ပုတ်သင်ဘုရင်သည် ဟိန်းဟောက်ရင်း လေပွေတစ်လုံးဖြစ်လာသော ချီလှိုင်းတစ်လှိုင်းအား ထွေး၏။ ဝဲသည် ပုံပျက်သွားပြီး လူရိပ်တစ်ခု ထွက်လာသည်။
၎င်းက မန်ဟိုမှတစ်ပါး အခြားမဟုတ်ပေ။ အနက်ရောင်ချပ်ဝတ်က သူ၏လက်မောင်းကို ဖုံးလွှမ်းထားပြီး သူ့လက်ထဲ၌ အရည်ပျော်နေသော မှန်ကွဲစတစ်စ ရှိနေသည်။ မှန်ကွဲစသည် ချပ်ဝတ်နှင့်တစ်သားတည်း ပေါင်းစည်းကာ ပို၍ခိုင်မာတောင့်တင်းလာစေ၏။
ပုတ်သင်ဘုရင်ကြီးက မန်ဟို့ကို စိန်းစိန်းဝါးဝါးကြည့်ပြီး နောက်ဆုတ်ကာ ဟိန်းပြန်သည်။ ဆယ်နှစ်ကြာပြီးနောက်တွင်ပင် ၎င်းသည် မန်ဟို့အား ချေမှုန်းဖို့ မအောင်မြင်ခဲ့ပေ။ အဆုံးသတ်တွင် ဒဏ်ရာဒဏ်ချက်ဗလပွနှင့် ရှုံးနိမ့်သွားခဲ့သည်သာမက ၎င်း၏မှန်ကွဲစလည်း အလုခံခဲ့ရလေပြီ။
ပုတ်သင်ဘုရင်ကြီး မန်ဟို့စွမ်းအားများ ကြီးထွားလာသည်ကို ကြည့်နေစဉ် ကြောက်စိတ်တို့က ၎င်း၏မျက်ဝန်းများတွင် ဖြတ်ပြေးသွားသည်။
“ရတနာရတာတောင် ဘာလို့ထွက်မသွားသေးတာလဲ” ပုတ်သင်ဘုရင်က ရှေးဆန်သောအသံဖြင့် မေးသည်။ ၎င်း၏နတ်ဘုရားအာရုံသည်လည်း ပတ်ဝန်းကျင်ရှိ အရာအားလုံး တုန်ရီလာစေသည့်တိုင်အောင် ပြင်းထန်လှချေသည်။
မန်ဟိုသည် မောက်မာသောအကြည့်ဖြင့် ပုတ်သင်ဘုရင်အား လှမ်းကြည့်၏။ ပုတ်သင်ဘုရင်ကား ဂိုဏ်းချုပ်နှင့် ပိုင်ဝူချိန်ထက်ပင် သန်မာလွန်းလေသည်။ မန်ဟို ကြုံတွေ့ခဲ့ဖူးသော အနှစ်သာရ ၉ ခုပါရာဂွန်များအနက် ဤပုတ်သင်က အင်အားအကြီးဆုံးဖြစ်ပေ၏။
ထို့အတွက်ကြောင့်သာမဟုတ်လျှင် မန်ဟို့အတွက် မှန်ကွဲစကို ရဖို့ ဆယ်နှစ်ပင်ကြာခဲ့မည်မဟုတ်ပေ။
မှန်ကွဲစ ချပ်ဝတ်ထဲ အပြည့်အဝဝင်ရောက်ပေါင်းစည်းသွားပြီးနောက် မန်ဟိုက တောက်ပနေသောမျက်လုံးများဖြင့် ပုတ်သင်ကြီးအား မျက်နှာမူလေသည်။
“မင်းဆန္ဒရှိရင်” သူက ပြောသည်။ “ဒီနေရာက ထွက်လာပြီး ငါ့ရဲ့အစေခံအဖြစ် နှစ်တစ်ထောင်နေလို့ရမယ်”
ပုတ်သင်ဘုရင်က မန်ဟို့ကို တအံ့တဩကြည့်ရင်း သတ်ဖြတ်လိုသောမျက်ဝန်းများဖြင့် ရယ်သည်။ “တန်ခိုးရှင်အဆင့်တက်ပြီးရင်ပြော၊ ငါ စဉ်းစားပေးမယ်”
ပုတ်သင်ဘုရင်သည် မန်ဟို့ကို ကြောက်သော်လည်း မန်ဟို့တွင် တန်ခိုးရှင်အဆင့်နှင့် ညီမျှသောအတိုက်အခိုက်စွမ်းရည်မရှိပေ။ သို့ဖြစ်၍ နှစ်တစ်ထောင် သူ့အစေခံလုပ်ရမည့်အတွေးက ရယ်စရာကောင်းသည်။
မန်ဟိုက စိတ်ခုဟန်မတူ။ သူသည် ပုတ်သင်ဘုရင်ကို လေးနက်စွာ ကြည့်ပြီးနောက် ပြုံး၏။
“ကောင်းပြီ ပြောပြီးသွားပြီနော်။ နောက်ကျ ငါ မင်းကို ငါလာရှာမယ်” ထို့နောက် သူက အဝေးသို့ လှည့်ထွက်သွားသည်။ ပုတ်သင်ဘုရင်သည် သူ့စကားများကို မကြားဟန်ဆောင်ရင်း သူ့အား ရွံရှာစွာ ကြည့်နေ၏၊။ မန်ဟို ထွက်သွားပြီးနောက် ၎င်းသည် မျက်လုံးပိတ်၍ ပြန်အိပ်သွားလေသည်။
မန်ဟိုသည် တတိယမှန်ကွဲစကို သုံးလျက် စတုတ္ထမှန်ကွဲစ၏အငွေ့အသက်များကို အာရုံခံရင်း ကြယ်တာရာကောင်းကင်တွင် တဟုန်ထိုးသွားနေ၏။
ထိုစဉ် အာကာပြင်ကျယ်ဂြိုဟ်၏ နဝမမြေထု၊ နဝမဂိုဏ်းအပေါ်က ဖန်မုအပိုင်တောင်ပေါ်တွင် ယန်အာသည် အင်မော်တယ်ပြစ်ဒဏ်အတွက် ပြင်ဆင်နေလေပြီ။
သူမ၏ပြစ်ဒဏ်သည် ဖန်မု၏ပြစ်ဒဏ်နှင့် မတူပေ။ ၎င်းက မှတ်တမ်းတင်လောက်အောင် အံ့အားသင့်ဖွယ်မကောင်းဘဲ အခြားသူများ၏ပြစ်ဒဏ်များနှင့် ဆင်သည်။ ဖန်မုက သူမကို မကူညီ၊ ဘေးမှသာ ရပ်ကြည့်နေသည်။
မိုးကြိုးများ တရစပ်ပစ်ချနေစဉ် ယန်အာသည် သေမျိုးအဖြစ်မှ မသေမျိုးအဖြစ်သို့ ပြောင်းလဲရောက်ရှိသွား၏။ ထိုအခါ သူမမှာ ပို၍ပင်လှပလာပြီး သူမအရှိန်အဝါသည်လည်း ထူးခြားလာသည်။ သူမအသွင်မှာ ချူယွီယန်နှင့် ပို၍ပင်တူလာသဖြင့် ဖန်မု နှလုံးသား လှုပ်ခတ်သွားမိသည်။
အင်မော်တယ်ပြစ်ဒဏ်သည် သုံးရက်တိုင် ကြာမြင့်၏။ အဆုံးသတ်တွင် အင်မော်တယ်ပြစ်ဒဏ်က ပျောက်ကွယ်သွားပြီး ယန်အာက အင်မော်တယ်ချီများကို စတင်ထုတ်လွှတ်လာသည်။ သူမ၏အင်မော်တယ်အကြောများ အပြည့်အဝပွင့်လာပြီး လေထဲတွင် ပျံဝဲနေစဉ် သူမသည် နတ်သမီးလေးပမာ လှပတင့်တယ်နေတော့၏။ နောက်ဆုံးတော့ သူမက ဖန်မုကို လှည့်ကြည့်ကာ ပြုံးပြသည်။
“ဆရာ ကျွန်မ အင်မော်တယ်အဆင့်တက်သွားပြီ။ လက်ဆောင်လေးဘာလေး မပေးတော့ဘူးလား”
ဖန်မုက ပြုံးရင်း ခေါင်းခါသည်။ သူသည် ရုပ်ရည်အရ ငယ်ရွယ်နုပျိုသော်လည်း သူထုတ်လွှတ်နေသောအငွေ့အသက်က သူ့အား အလွန်ရှေးဆန်နေစေ၏။ သူ့အကြည့်သည့် နူးညံ့ပျော့ပျောင်းသွားပြီး သူက ယန်အာအတွက် ပြင်ထားခဲ့သော လက်ဆောင်ကို ထုတ်လိုက်သော်လည်း ယန်အာသည် လက်မခံပေ။ သူမက ဉာဏ်များသောမျက်ဝန်းလေးများဖြင့် ပြောလေသည်။ “မှော်ပစ္စည်းတွေ၊ မှော်ဆေးလုံးတွေ၊ ကျင့်စဉ်တွေလည်း မလိုချင်ဘူးနော်။ ကျွန်မဆရာ ... တောင်တစ်လုံးရဲ့ထိပ်မှာ ရပ်ရင်း ကျွန်မကို ပြုံးပြနေတာကိုပဲ ထပ်မြင်ချင်တယ်”
ဖန်မုမှာ တုန်လှုပ်သွားသည်။ ယန်အာ့ကို ကြည့်နေသည်လား... ချူယွီယန်ကို ကြည့်နေသည်လား သူ မသဲကွဲတော့ပေ။