← Chapters

ဂိုဏ်းအားလုံး၏ မော်ကွန်းတိုက်များကို နင်းခြေခြင်း

Vol. 106 Ch. 1479

ဂိုဏ်းအားလုံး၏ မော်ကွန်းတိုက်များကို နင်းခြေခြင်း

Vol. 106 Ch. 1479

မန်ဟိုတဖြစ်လဲ ဖန်မုသည် တိတ်ဆိတ်စွာ ရပ်နေ၏။

ချူယွီယန်၏ဝိညာဉ်ကို မြင်ခဲ့တုန်းက ဆရာတပည့်သံယောဇဉ်ဖြင့် သူမအပေါ် တင်နေသော သူ့အကြွေးအား ပြန်ဆပ်ဖို့ ဆုံးဖြတ်ခဲ့မိသည်။ သို့သော် ယခုတော့ မှန်ကန်သောဆုံးဖြတ်ချက်ဟုတ်ရဲ့လား သူ မသေချာတော့ပေ။

လောလောဆယ်တွင် တောင်ပင်လယ်လောကအတွက် ကလဲ့စားချေလိုစိတ်များမှအပ မည်သည့်ခံစားချက်ကိုမှ သူ့နှလုံးသားထဲ၌ ဟန်ဆောင်ထိန်းသိမ်းမထားနိုင်ချေ။ တောင်ပင်လယ်လိပ်ပြာကို သူ တမ်းတသည်၊ အာကာပြင်ကျယ်စကြဝဠာ၏ ကြယ်တာရာကောင်းကင်အတွင်း မြှုပ်နှံခံထားရသော လျှို့ဝှက်ချက်များကို သူ တူးဖော်လိုသည်။

ချူယွီယန်အတွက် သူ အလိုရှိသည့် တစ်ခုတည်းသောအရာမှာတော့ သူမကို ကာကွယ်၍ ... အကောင်းတကာ့အကောင်းဆုံးအရာများကို ပေးအပ်လိုခြင်းသာ။

သူမ နာကျင်နေသည်ကို သူ မမြင်တွေ့လို၊ သူမပျော်ရွှင်နေသည်ကိုသာ သူ လိုလားသည်။

ထို့ကြောင့် သူသည် တိတ်ဆိတ်စွာသာ ထိုင်နေမိရာ ယန်အာ့အား စိတ်လှုပ်ရှားလာစေတော့၏။ ယန်အာမှာ အမှားတစ်ခုခုလုပ်ခဲ့လား၊ ပြောခဲ့မိလား စဉ်းစားရင်း အောက်နှုတ်ခမ်းလေးအား ဖိကိုက်ထားလေသည်။ ဘာလုပ်ရမှန်းမသိတော့၍ သူမသည် လူငယ်အဘိုးကြီးဖန်မု့ကို ကြည့်ရင်းသာ ရပ်နေမိ၏....

ဖန်မုမှာ အတော်လေးငိုင်တွေနေသည်။ အချိန်တွေ ကုန်လွန်သွား၏။ မကြာမီ မိုးသောက်ယံသို့ ရောက်လာခဲ့လေပြီ။ လွန်ခဲ့သောရက်ပိုင်းက ဂိုဏ်းသားတချို့ အာကာပြင်ကျမော်ကွန်းတိုက်ကို စိန်ခေါ်ခဲ့ပြီး မည်သူမှ ထိပ်ဆုံး (၁၀) ထဲ မဝင်ခဲ့သော်လည်း အဆင့် (၁၃) နှင့် အဆင့် (၁၄) နေရာများမှာတော့ အလုခံခဲ့ရသည်။ ထိုအခြင်းအရာက နဝမဂိုဏ်းသားများနှင့် တခြားဂိုဏ်းသားများအကြား အချင်းများစေခဲ့လေသည်။ ရလဒ်အနေဖြင့် နဝမဂိုဏ်းသားအုပ်စုလိုက်ကြီး ဖန်မု၏တောင်သို့လာကာ တစ်ခုလုပ်ပေးရန် တောင်းပန်ကြတော့၏။

“အစ်ကိုကြီး ကျေးဇူးပြုပြီး တောင်အောက် ဆင်းလာခဲ့ပါခင်ဗျာ”

“အစ်ကိုကြီး တောင်ပေါ်က ဆင်းလာခဲ့ပါဦး...”

“အစ်ကိုကြီး .... ကျေးဇူးပြုပြီး ဆင်းလာခဲ့ပါရှင်” ထိုကဲ့သို့ခေါ်သံများသည် တစတစ ဆူညံလာ၏။ ဖန်မု၏တောင်ပတ်ချာလည်တွင် ဂိုဏ်းသားထောင်ချီသည် လွန်ခဲ့သော ဆယ်နှစ်တုန်းက လျှမ်းလျှမ်းတောက်ပုဂ္ဂိုလ်ဖန်မုကို မြင်ရလိုမြင်ရငြား မျှော်လင့်ရင်း စုဝေးနေကြသည်။ သူတို့သည် လေးစားမှုအပြည့်၊ မျှော်လင့်မှုအပြည့်ဖြင့် လာခဲ့ခြင်းဖြစ်၏။

ယခုရက်ပိုင်း ဖန်မုနှင့်ပတ်သက်သည့် မတော်မတရားကောလဟာလများမှာ အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံး ပြောနေသည့်တိုင်အောင် ပျံ့နှံ့လာခဲ့သည်။ သို့ထိတိုင် နဝမဂိုဏ်းသားများ၏ သူ့အပေါ် လေးစားကြည်ညိုစိတ်မှာ အနည်းအကျဉ်းမျှ ယိမ်းယိုင်မသွားခဲ့ပေ။ သူတို့သည် စော်ကားခံရသလို ခံစားရ၏။ ‌ဒေါသလည်း ထွက်မိကြ၏။ သူတို့၏အစ်ကိုကြီး ..... ထိုကောလဟာလများအား ရက်ရက်စက်စက်နင်းချေပစ်မည်ကိုသာ သူတို့မျှော်လင့်မိလေသည်။

သူတို့၏အသံများ ကျယ်လောင်လာလေလေ၊ ယန်အာမှာ စိတ်မကောင်းလွန်း၍ ခေါင်းလေးငုံ့သွားလေလေ ဖြစ်သည်။ သို့သော် ဖန်မုသည် စိတ်နှင့်ကိုယ်ပြန်ကပ်သွားပြီး သူမအား နူးညံ့ကြင်နာစွာ ကြည့်၏။ သူက သူမကလေးအရွယ်တုန်းက လုပ်နေကျအတိုင်း သူမခေါင်းလေးအား လှမ်းထုသည်။

“ကောင်းပြီ” သူက ပြုံးရင်း ပြောသည်။

ယန်အာက မျက်လုံးလေးအဝိုင်းသားနှင့် သူ့ကို မော့ကြည့်သည်။ ထို့နောက် သူ့အပြုံးကို သူမ မြင်လိုက်ရပြီး ၎င်းသည် တိမ်ကင်းရှင်းသော ကောင်းကင်ပြာကြီးပမာ တောက်ပနေ၏။ သူမမျက်ဝန်းလေးများလည်း ရွှန်းလဲ့လာပြီး သူမမှာ စိတ်လှုပ်တရှား ခုန်ဆွခုန်ဆွ လုပ်နေတော့သည်။

“ဆရာ ဆရာ” သူမက စိတ်လှုပ်ရှားစွာ ခေါ်နေသည်။ “ဆရာ ဘာလုပ်သင့်လဲ ကျွန်မသိတယ်။ အာကာပြင်ကျယ်မော်ကွန်းတိုက်ကို သွားပြီး ဒသမကောင်းကင်ဘုံကို ထပ်ဆင့်ခေါ်လိုက်ပါလား” ထိုလုပ်ရပ်က တခြားဂိုဏ်းမှ ကျင့်ကြံသူများအတွက် အားကောင်းသောထိုးနှက်မှုကြီး ဖြစ်လိမ့်မည်ဟု သူမ ထင်နေသည်။

“အဲဒီလိုလုပ်တော့‌ရော ဘာထူးမှာတုန်း” ဖန်မုက ခေါင်းခါလျက် ပြန်မေးသည်။ ထို့နောက် သူသည် အင်္ကျီလက်စကို ခါပြီးနောက် တောင်အောက် လျှောက်သွား၏။

ယန်အာလည်း တကောက်ကောက် လိုက်လာသည်။ “အမ် ဒါဆို ဘာလုပ်မှာလဲ ဆရာ”

ကုန်လွန်သွားခဲ့သည့် နှစ်များအတွင်း ယန်အာသည် များစွာရင့်ကျက်လာခဲ့၏။ လူရှေ့သူရှေ့တွင် သူမသည် တာဝန်သိတတ်သော လူကြီးတစ်ယောက်ပမာ ပြုမူတတ်သော်လည်း သူမဆရာရှေ့၌မူ ကလေးမလေးလို ချွဲတတ်လေသည်။

ဖန်မုက သူမမေးခွန်းကို မဖြေ။ တောင်ပေါ်မှ ဆင်းလာသည့်အခါ ထောင်ချီသောဂိုဏ်းသားများသည် သူ့အား မြင်လိုက်ကြပြီး ချက်ချင်း စိတ်လှုပ်ရှားလာကြတော့၏။ တစ်ခဲနက်ကြွေးကြော်သံတစ်သံ ပဲ့တင်ထပ်လာသည်။

တခြားဂိုဏ်းများမှ ကျင့်ကြံသူများမှာမူ ယနေ့သည် ခါတိုင်းနေ့များလို ဖန်မု ပုန်းနေလိမ့်မည်ဟု ထင်ထားခဲ့ကြသော်လည်း ယခုလေးတင် ထွက်လာခဲ့သည့်လူကို မြင်လျှင် ရင်တဒိန်းဒိန်းခုန်လာကြ၏။

နှစ်ပေါင်းဆယ်နှစ်ကြာသည့်တိုင် ဖန်မုသည် ရှိန်ဖွယ်ကောင်းမြဲကောင်းနေဆဲအထိ ဂုဏ်းသတင်းကျော်ဇော်လေသည်။ တခြားဂိုဏ်းများမှ ဂိုဏ်းသားများမှာ ချာချာလည်လာကြပြီး အသက်ရှူမြန်လာကြ၏။ သူတို့က သူတို့ဂိုဏ်းမှ ‌ရွေးချယ်ခံများအား အကြောင်းကြားရန် ‌ကျောက်စိမ်းပြားများအား မဆိုင်းမတွ ထုတ်လိုက်ကြသည်။

စက္ကန့်ပိုင်းလေးအတွင်း ဖန်မု တောင်‌အောက်ဆင်းလာပြီဆိုသော သတင်းကား လေမုန်တိုင်းတစ်ချက်သဖွယ် နဝမဂိုဏ်းအား တိုက်ခတ်သွားသည်။ ဆယ်နှစ်တိုင် စိတ်ဖိစီးနေခဲ့ပြီးနောက် နဝမဂိုဏ်းသားများမှာ စိတ်လှုပ်ရှားလာကြတော့သည်။ သူတို့သည် ဖန်မုကို အခဲမကြေဖြစ်ခဲ့ကြသော်လည်း ယခုတော့ အခဲမကြေမှုတို့ ‌ပျောက်ကွယ်သွားပြီး လုပ်လက်စအရာများကို ချကာ သူ့ကို တွေ့ဖို့ ပျံထွက်လာကြတော့၏။

“အစ်ကိုကြီး တောင်အောက် ဆင်းလာပြီလား”

“အစ်ကိုကြီး တောင်ကနေ ထွက်လာပြီ”

“ဟားဟားဟား နောက်ဆုံးတော့ ဒီနေ့ ရောက်လာခဲ့ပြီပေါ့။ အစ်ကိုကြီး‌ တောင်‌အောက် ဆင်းလာပြီ။ လူတိုင်းလူတိုင်းကို နင်းချေပြတော့မယ်”

အရပ်လေးမျက်နှာမှ အလုအယက်လာနေကြသူများ တစတစများပြားလာသည်။ လူအုပ်သည် ထောင်ဂဏန်းမှသည် သောင်းဂဏန်းသို့ လျင်မြန်စွာ တိုးပွားသွား၏။ ထို့နောက် တစ်သိန်း၊ ထို့နောက် သန်းပေါင်းများစွာ....

ဖန်မု၏တောင်သို့ အပြေးလာနေသော အလင်းတန်းများမှာ အတောမသပ်တော့မည့်အလားပင်။

ပတ်ဝန်းကျင်တွင် မရှိသည့် တခြားဂိုဏ်းများမှ ရွေးချယ်ခံများလည်း ကျောက်စိမ်းပြားများမှတစ်ဆင့် သတင်းရလိုက်ကြ၍ မျက်လုံးများလင်းလက်တောက်ပလာပြီး အသက်ရှူမမှန်တော့ပေ။ ဖန်မု တစ်ခုခုလုပ်အောင် သူတို့အားလုံး ဆယ်နှစ်တိုင် ဖိအားပေးခဲ့ရသည်မဟုတ်ပါလော။ ယင်းက သူ ဖန်တီးခဲ့သော ဒဏ္ဍာရီကို ဖျက်စီးပစ်နိုင်မည့် တစ်ခုတည်းသောနည်းလမ်းဖြစ်၍ပင်။

“ဖန်မု နောက်ဆုံးတော့ တောင်အောက်ဆင်းလာပြီ‌ပေါ့” ပထမဂိုဏ်း မောင်ပိုင်စီးထားသည့် နဝမဂိုဏ်းမြေတစ်မြေတွင် မီးခိုးရောင်ဆံပင်နှင့် လူငယ်တစ်ယောက်အား မြင်ရနိုင်သည်။ သူသည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး မျက်လုံးများ လင်းလက်လာ၏။ သူ ‌လေပေါ် ပျံတက်လိုက်သည်နှင့် သူ့ကို လာရောက်ဝန်းရံပေးကြသူများ တစတစများပြားလာသည်။

ဒုတိယဂိုဏ်း စခန်းချထားသော နေရာ၌မူ အမျိုးသမီးတစ်ယောက်အား မြင်ရနိုင်သည်။ သူမသည် တိုက်ခိုက်ချင်လွန်း၍ သွေးတို့ဆူပွက်လာပြီး ထရပ်ကာ လေပေါ် ပျံတက်လိုက်၏။ “ဆယ်နှစ်တိုင်စောင့်ပေးပြီးပြီမလို့ နင် ငါ့ကို စိတ်မပျက်စေတာ ကောင်းလိမ့်မယ် ဖန်မု”

ပြင်ပဂိုဏ်းအသီးသီးမှ ရွေးချယ်ခံများ အုတ်အုတ်ကျက်ကျက် ဖြစ်နေသည်။ သူတို့အားလုံး အခုချက်ချင်း တိုက်ခိုက်ဖို့ ဖန်မုအား စိန်ခေါ်ချင်နေကြလေသည်။

“လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက မင်းဟာ ဒဏ္ဍာရီတစ်ပုဒ် ဖန်တီးခဲ့တယ်။ အခု ဆယ်နှစ်ကြာပြီ အဲဒီဒဏ္ဍာရီကို ငါ ဖျက်စီးပြမယ်”

“ငါ အပတ်တကုပ် ကြိုးစားခဲ့တာ ဆယ်နှစ်တိုင်ပြီ။ အခု အကုန်ပြင်ဆင်ပြီးထားသားမလို့ မင်းကို ငါ သေချာ‌ပေါက် ကျော်တက်နိုင်တယ် ဖန်မု”

“ဖန်မု ဒဏ်ရာရထားတယ်လို့ လူတိုင်းပြောနေကြတယ်။ ဒါကြောင့် အခုအချိန်က ငါ တောက်ပရမယ့်အချိန်ပဲ”

နဝမဂိုဏ်းတစ်ဂိုဏ်းလုံး ပွက်လောရိုက်နေသည်။ မရေမတွက်နိုင်သော ဂိုဏ်းသားများ တောင်၏ပတ်ပတ်လည်တွင် စုဝေးနေကြစဉ် ဖန်မုသည် ပြုံးရင်း သူတို့အား ကြည့်နေ၏။ နောက်ဆုံးတော့ သူက လက်ယှက်ကာ အရိုအသေပေးလေသည်။

သူ ဘာမှမပြောနိုင်ခင် အကုန်လုံး ကြွေးကြော်ကြသည်။ “အစ်ကိုကြီး”

သူတို့၏ကြွေးကြော်သံက မိုးကောင်းကင်ကို တုန်ခါသွားစေသော အသံလှိုင်းများအလားပင်။

ယန်အာလည်း စိတ်လှုပ်ရှားသထက် စိတ်လှုပ်ရှားနေရင်း ဖန်မုဘေး၌ ရပ်နေသည်။

ဖန်မုက လူအုပ်ကြီးနှင့် ခပ်လှမ်းလှမ်းရှိ တခြားဂိုဏ်းများမှ ရွေးချယ်ခံတို့ကို မျက်လုံးဝေ့ကြည့်လိုက်သည်။ ထို့နောက် အပြုံးလေးဖြင့် ဆိုသည်။ “ယန်အာ ၊ မင်း အခုလေးတင် ဆရာဘာလုပ်မှာလဲလို့ မေးခဲ့တယ်မလား...။ ဆရာ မင်းကို အလည်ခေါ်သွားပေးမယ်”

ယန်အာမှာ ထိုစကားကို ကြားလျှင် အံ့အားသင့်သွားပုံ‌ပေါ်သည်။ သို့သော် သူမပြန်မဖြေနိုင်ခင် ဖန်မုသည် အင်္ကျီလက်စခါ၍ လေပေါ်တက်သွား၏။ ချက်ချင်းဆိုသလို သူ့အသံက အားလုံး၏နားထဲတွင် ပဲ့တင်ထပ်လာသည်။

“တာအိုရောင်ရင်းတို့” သူက မျက်လုံးများ တောက်ပနေလျက် ပြောသည်။ “ကျုပ်နဲ့အတူ အဋ္ဌမဂိုဏ်း၊ သတ္တမဂိုဏ်း၊ ဆဋ္ဌမဂိုဏ်းတွေဆီ လိုက်ခဲ့ကြပါ.... တကယ်တော့ ကျုပ်တို့အားလုံး ပထမဂိုဏ်းအထိ သွားကြမယ်။ သူတို့ရဲ့ အာကာပြင်ကျယ်မော်ကွန်းတိုက်တွေက ဘာနဲ့တူလဲ ကျုပ် သိချင်နေတာ ကြာပြီ” ဤသည်မှာ ယန်အာ့အတွက် သူ၏လက်ဆောင်ဖြစ်သလို၊ သူ၏ဝိညာဉ်မီးအိမ်များကို ထိပ်ဆုံးအဆင့်မြှင့်တင်ပြီးနောက် အဆင့်တက်ဖို့ အားထုတ်မှုလည်းဖြစ်မည်။

သူ့စကားကြောင့် နဝမဂိုဏ်းသားအားလုံး မီးကို ရေနှင့်ပက်လိုက်သကဲ့သို့ တိတ်ဆိတ်ကုန်ကြသည်။ သို့သော် တခဏကြာသော် ပထဝီမြေကြီးကို လှုပ်ခတ်သွားစေသည့်တိုင်အောင် ဝမ်းသာအားရ ကြွေးကြော်ကြတော့၏။

လူတိုင်း စိတ်လှုပ်ရှားစွာ အော်ဟစ်ကြွေးကြော်နေကြသည်။ နဝမဂိုဏ်း၏ပါရာဂွန်ပင် သူ၏တောင်ပေါ်မှ လှမ်းကြည့်ရင်း ရယ်လိုက်၏။

“ကဲ အဲ့ဒါက မင်းရဲ့အစီအစဉ်ဆိုရင် ငါ မင်းကို နည်းနည်းပါးပါး ကူညီပေးရသေးတာပေါ့” သူက ခပ်တိုးတိုး ရေရွတ်လိုက်သည်။ “ဒီကလေးတွေ သည်းခံနေခဲ့ရတာ ကြာပြီမဟုတ်လား” ပါရာဂွန်သည် ခေါင်းတခါခါနှင့် ပြုံးပြီး လက်ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် ဧရာမမန္တန်ဝင်္ကပါကြီး ပေါ်လာသဖြင့် တဂျုန်းဂျုန်းမြည်သံများ ပဲ့တင်ထပ်လာသည်။

နေရာရွှေ့ပြောင်းခြင်းစွမ်းအား စတင်ထွက်ပေါ်လာပြီး ဖန်မုသည် ဝင်ပေါက်မှတစ်ဆင့် ဖျတ်ခနဲ ရွေ့လျားသွား၏။ ယန်အာလည်း ဖန်မု၏ကျင့်ကြံခြင်းအခြေခံမှ တွန်းအားကြောင့် ထပ်ကြပ်မကွာ လိုက်လာသည်။

တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားနေသော နဝမဂိုဏ်းသားများလည်း ဝင်ပေါက်ထဲ ပျံသန်းဝင်ရောက်သွားကြ၏။ တခြားဂိုဏ်းများမှ ဂိုဏ်းသားများမှာ ဖန်မု ယခုလေးတင် ပြောခဲ့သော စကားများကြောင့် မျက်နှာဖြူဆုပ်ဖြူလျော်ဖြင့် တအံ့တဩ ငေးငိုင်လျက် ကျန်ခဲ့လေသည်။ သို့သော် သူတို့လည်း မန္တန်ဝင်္ကပါထံ ပျံသန်းသွားကြ၏။

နေရာရွှေ့ပြောင်းခြင်းစွမ်းအား အသက်သွင်းခံလိုက်ရသဖြင့် တဂျိန်းဂျိန်းမြည်သံများ ပဲ့တင်ထပ်သွားသည်။ အရာအားလုံး တုန်ခါနေပြီး လူအုပ်ကြီး ပျောက်ကွယ်သွားလေပြီ။ ပြန်ပေါ်လာသောအခါ သူတို့သည် အဋ္ဌမမြေထုအပေါ်ရှိ အဋ္ဌမဂိုဏ်းထဲတွင် ဖြစ်၏။

လူပေါင်းများစွာ ဗြုန်းစားကြီး ရောက်ရှိလာမှုက အဋ္ဌမဂိုဏ်းတစ်ဂိုဏ်းလုံးကို တုန်လှုပ်သွားစေသည်။ အဋ္ဌမဂိုဏ်းသားများ တအံ့တဩ မော့ကြည့်လိုက်ကြစဉ် ဖန်မုက ကြေညာသည်။

“ငါက နဝမဂိုဏ်းရဲ့ ဖန်မုပဲ။ ဒီနေ့ အဋ္ဌမဂိုဏ်းရဲ့ အာကာပြင်ကျယ်မော်ကွန်းတိုက်ကို စိန်ခေါ်ဖို့ ငါ လာတယ်”

သူ့အသံ တုံ့ပြန်လူးလာပဲ့တင်ထပ်နေပြီး အဋ္ဌမဂိုဏ်းသားတစ်‌ယောက်မှ မတုံ့ပြန်နိုင်ခင် ဖန်မုနှင့်ယန်အာသည် အာကာပြင်ကျယ်မော်ကွန်းတိုက်ဆီ ပျံသန်းသွား၏။ အဋ္ဌမဂိုဏ်းအနေဖြင့် သူတို့ကို မတားနိုင်ပေ။ တခြားဂိုဏ်းအားလုံးမှ ရွေးချယ်များက ပြီးခဲ့သည့်ဆယ်နှစ်အတွင်း နဝမဂိုဏ်း၏ အာကာပြင်ကျယ်မော်ကွန်းတိုက်ကို ကြိမ်ဖန်များစွာ စိန်ခေါ်ခဲ့သည်မဟုတ်ပါလော။

ဖန်မု အဋ္ဌမဂိုဏ်းအာကာပြင်ကျယ်မော်ကွန်းတိုက်ဆီ တန်းတန်းမတ်မတ် ပျံသန်းသွားစဉ် ယန်အာသည် မရေမတွက်နိုင်သောဂိုဏ်းသားကြားမှ ဖြတ်၍ ဖန်မုနောက်သို့ စိတ်လှုပ်ရှားစွာ လိုက်ပါသွား၏။ မကြာခင် သူတို့နှစ်ယောက် တောင်ခြေ၌ ရပ်နေလေပြီ။

ဖန်မုက ယန်အာ့ကို လှမ်းကြည့်ကာ ပြောသည်။ “ယန်အာ ဆရာနဲ့အတူ လိုက်ခဲ့ချင်လား”

ယန်အာမှာ ပါးစပ်လေးအဟောင်းသားဖြစ်သွားပြီး ရင်ခုန်သံများ လွန်စွာမြန်လာ၍ ရင်ဘတ်ထဲမှ သူမ၏နှလုံးသားခုန်ထွက်တော့မည့်အလား ခံစားလိုက်ရသည်။ သူမသည် ငေးကြောင်ကြောင်လေးသာ ရပ်နေမိ၏။

သူမဆရာ တောင်ထိပ်၌ ရပ်နေသည် မြင်ချင်ပါသည်ဟုသာ သူမ ပြောခဲ့လေသည်။ သူက သူမကို ဤနေရာသို့ ခေါ်လာလိမ့်မည်ဟု စိတ်ပင်မကူးခဲ့ဖူးပေ။ သို့သော် သူမကို အလည်ခေါ်သွားမည်ဟု စောစောကတင် သူပြောခဲ့သည်ကို သူမ သတိရလိုက်၏။

“ကျွန်...ကျွန်မ...” ယန်အာမှ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသည်။

“မလိုက်ချင်ဘူးလား” သူက မေးသည်။

“လိုက်ချင်ပါတယ်” ယန်အာက သူမဆရာ သူမကို မခေါ်တော့မှာစိုး၍ အသည်းအသန် အော်လိုက်လေသည်။

ဖန်မုသည် တဟားဟားရယ်ပြီးနောက် အာကာပြင်ကျယ်မော်ကွန်းတိုက်ထံ လျှောက်သွား၏။ ယန်အာက နောက်မှလိုက်သွားသည်။ သူ၏ကာကွယ်မှုအောက်တွင် နဂါးသိုက် သို့မဟုတ် ကျားဂူတမျှ အန္တရာယ်များသောနေရာတစ်နေရာ၌ပင် သူမ ဘေးကင်းလုံခြုံလိမ့်မည်။

ဖန်မု ယန်အာ့ကို ခေါ်လျက် အာကာပြင်ကျယ်မော်ကွန်းတိုက်သို့ ဦးတည်နေစဉ် နဝမဂိုဏ်းမှ ဂိုဏ်းသားသန်းတစ်ရာကျော်သည် အားပေးကြွေးကြော်ကြ၏။ အဋ္ဌမဂိုဏ်းသားများမှာတော့ သိပ်ပျော်ပုံမရပေ။ မကြာမီ ‌ခေါင်းလောင်းသံတစ်သံ ကြားလိုက်ရသည်။ ထို့နောက် နှစ်ကြိမ်၊ သုံးကြိမ်၊ လေးကြိမ် .... မရပ်တန့်တော့ပေ။

ခေါင်းလောင်းမြည်နေစဉ် ဖန်မုသည် ယန်အာ့ကို တောင်ပေါ် ခေါ်သွားနေ၏။ လှေကားထစ်တစ်သောင်း။ သုံးသောင်း။ ခုနစ်သောင်း။  ကိုးသောင်း... တစ်သိန်းအထိ တစ်လျှောက်လုံး။

ပထမကောင်းကင်ဘုံ ဆင့်ခေါ်ခံလိုက်ရသဖြင့် အာကာပြင်ကျယ်မော်ကွန်းတိုက်တစ်တိုက်လုံး တုန်ခါလာသည်။ ထို့နောက် ဒုတိယကောင်းကင်ဘုံ။ တတိယကောင်းကင်ဘုံ.... လွန်ခဲ့သောဆယ်နှစ်သို့ ပြန်ရောက်သွားသည့်အလား အင်မတန် ရင်သပ်ရှုမောဖွယ်ကောင်းလွန်း၍ စကားလုံးများဖြင့်ပင် မဖော်ပြတတ်တော့ပေ။ ကောင်းကင်ဘုံဆယ်ထပ်လုံးအား ဆင့်ခေါ်ပြီးစီးရန် ... အမွှေးတိုင်တစ်တိုင်ထွန်းစာလေးသာ ကြာလိုက်သဖြင့် လူတိုင်း လုံးလုံးလျားလျား တုန်လှုပ်အံ့ဩနေကြ၏။

ခေါင်းလောင်းသံများ ဂိုဏ်းကိုးဂိုဏ်းလုံး၌ တဒေါင်ဒေါင် ဆူညံနေသည်။ တစ်ကမ္ဘာလုံး လှုပ်ခတ်နေ၏။ ဖန်မုသည် ယန်အာနှင့်အတူ တောင်ထိပ်တွင် ရပ်နေပြီး တောင်လေပြေလေးတစ်ချက်က သူတို့၏ဆံပင်များကို ပင့်မလျက် တိုက်ခတ်သွားသည်။ ယန်အာ့အတွက်မူ ခေါင်းလောင်းသံများ၏ ကောင်းချီးမှ အကျိုးအမြတ်မှာ ဖော်ပြ၍ပင်မတတ်နိုင်အောင်ပင်။

သို့သော် သူမသည် ထိုကဲ့သို့ကံကြမ္မာကောင်းကို ဂရုမစိုက်။ သူမဆရာ၏ဘေးတွင် ရပ်လျက် မိုးနှင့်မြေအား ကြည့်ရှုနေစဉ် သူမမျက်နှာလေးသည် နီရဲနေ၏။ ဤခံစားချက်က သူမအား ယစ်မူးစေလေသည်။

“ယန်အာ” ဖန်မုက နူးညံ့နွေးထွေးစွာ‌ ခေါ်သည်။ “တိမ်တွေ၊ တောင်တွေ၊ မိုးကောင်းကင်နဲ့ မြေပြင်တွေကို ကြည့်လိုက်စမ်း။ ဒီမြင်ကွင်းကို မမေနဲ့။ မင်းအမြင် ဘယ်လောက်ခမ်းနားနေတယ်ဆိုတာက မင်းရဲ့အနာဂတ် ဘယ်လောက်ခမ်းနားနိုင်တယ်လို့ ဆိုလိုတယ်။ အဲဒီလိုပဲ ... မင်းနှလုံးသား ဘယ်လောက်ခမ်းနားနိုင်တယ်လို့လည်း အဓိပ္ပါယ်ရတယ်

“ငါတို့ကျင့်ကြံသူတွေဟာ ခန္ဓာကိုယ်ကို ကျင့်ကြံကြတာမဟုတ်ဘူး။ နှလုံးသားကို ကျင့်ကြံရတာ”

All Chapters