လေးစားရပါသော စီနီယာ
Vol. 14 Ch. 190
"အို မဟုတ်ပါဘူး" စုန့်ကျားက ရှက်သွေးလေးဖြာရင်း ပြန်ဖြေသည်။ သူမသည် နဂိုအားဖြင့် ချောမောလှပပြီး နူးညံ့သိမ်မွေ့သော ပင်ကိုယ်စရိုက်ရှိလေသည်။
သူမဘေးက အမျိုးသမီးက သူမကို အမြတ်တနိုးကြည့်ရင်း ရယ်လိုက်သည်။ သူမက ဘာမှမပြောပေ။
စုန့်ကျားက အသံတိုးတိုးလေးဖြင့် ဆက်ပြောသည်။ "သူက စိတ်ဝင်စားစရာကောင်းတယ်လို့ပဲ ထင်တာပါ။ ဒီလောက်လူတွေအများကြီးကို ရန်စခဲ့တာတောင်မှ သူ့ဘေးမှာရပ်ပေးချင်တဲ့သူတွေ အများကြီးရှိနေသေးတယ်။ ပြီးတော့လေ သူက တကယ့်ကျင့်ကြံသူတစ်ယောက်နဲ့မတူဘူး။ စာပေသမားတစ်ယောက်အတိုင်းပဲ"
သက်လတ်ပိုင်းအမျိုးသမီးက ရယ်ပြန်သည်။ သူမ၏အမူအရာသည် ပို၍ပင် နူးညံ့ပျော့ပျောင်းလာ၏။ သူမက လက်ကို မြှောက်လိုက်ရာ မီးတောက်လောင်နေသော ကျောက်စိမ်းပြားတစ်ပြား ထွက်ပေါ်လာသည်။ ၄င်းက ပြာကျသွားပြီး ရုတ်တရက် စုန့်မျိုးနွယ်စုရှိ တောင်အားလုံး မဆိုစလောက် တုန်ခါသွားသည်။ တုန်ခါမှုကား မပြောပလောက်လှသဖြင့် အနုသုခုမရုပ်ခန္ဓာအဆင့်အောက် မည်သူမဆို သတိထားမိမည် မဟုတ်ပေ။ မည်းမှောင်နေသော ကောင်းကင်တွင် လ ထွက်လာသည်။
လထဲတွင် အတိတ်နှင့် အနာဂတ် ဆက်စပ်နေသော အကြောင်းကိစ္စများအား နှုတ်ယူနေပုံရသည့် မှော်သင်္ကေတများ မရေမတွက်နိုင်အောင် ပေါ်ပေါက်လာပုံရသည်။ အချိန်တစ်ခုကြာသော် ၄င်းတို့ ပျောက်ကွယ်သွားသည်။ ထို့နောက် သက်လတ်ပိုင်းအမျိုးသမီးအရှေ့တွင် အချိန်မှာ နောက်ပြန်ရွေ့လျားနေဟန်တူလေသည်။ ကျောက်စိမ်းပြားသည် ပြာမကျသွားဘဲ သူ့အရှေ့၌ ပြန်ပေါ်လာပုံရသည်။
စုန့်ကျားက ဤသို့ဖြစ်နေသည်ကို အံသြသွားခြင်းမရှိဘဲ မျှော်လင့်ချက်များဖြင့် စောင့်ကြည့်နေသည်။
"ကောင်းပြီ" အမျိုးသမီးက သူမလက်ချောင်းကို ကျောက်စိမ်းပြားပေါ်သို့ ဖိချရင်း ပြောသည်။ "သမီး သိပ်စိတ်ဝင်စားနေတဲ့ လူရဲ့ အတိတ်ကို ကြည့်ရအောင်"
သူမ ကျောက်စိမ်းပြားပေါ် ဖိချလိုက်သည်နှင့်တစ်ပြိုင်နက် ၄င်းက လေထဲသို့ မျက်နှာပြင်တစ်ခု ထုတ်လွှတ်ပေးသည်။ ၄င်းအပေါ်တွင် စီရင်စုသေးသေးလေးတစ်ခုနှင့် ပြတင်းပေါက်ဘေးတွင် ထိုင်နေသော ကောင်လေးတစ်ယောက်ကို မြင်နိုင်သည်။ သူက ဆီမီးအိမ်အလင်းရောင်ဖြင့် စာလိပ်တစ်လိပ်ကို ဖတ်နေသည်။
သူက ဖတ်နေရင်း ခေါင်းကို ဖြေးညင်းစွာ ခါရမ်းပြီး ငှက်မွှေးယပ်တောင်တစ်ခုဖြင့် သူ့ကိုယ်သူ ယပ်ခတ်လိုက်သည်။ နွေရာသီဖြစ်ကြောင်း သိသာ၏။
ကောင်လေးမှာ မန်ဟိုကလွဲ၍ တခြားသူမဟုတ်ပေ။
မျက်နှာပြင် လက်ခနဲ ဖြစ်သွားပြီး မန်ဟိုသည် ယခုတွင် သန့်ရှင်းသပ်ရပ်သော စာပေသမားဝတ်ရုံကို ဝတ်ဆင်နေသည်။ သူက အိမ်အပြင်သို့ လမ်းလျှောက်ထွက်သွားပြီး ခိုးကြောင်ခိုးဝှက်မျက်လုံးများဖြင့် အနီးနားရှိ နံရံတစ်ခုကို မှီရပ်လိုက်သည်။ မကြာမီ ဝေါယာဥ်တစ်စင်း သူ့နှင့် မျက်နှာချင်းဆိုင် ခြံဝင်းမှ ထွက်လာသည်။ သူက စိတ်လှုပ်ရှားနေသောမျက်နှာထားဖြင့် ၄င်းကို ကြည့်ရန် လည်ဆန့်လိုက်သည်။
မျက်နှာပြင် တဖျပ်ဖျပ် လက်သွားပြီး ယခုတွင် မန်ဟိုသည် တာ့ချင်းတောင်ထိပ်တွင် ရပ်နေ၏။ သူက သက်ပြင်းချပြီး ဘူးသီးခြောက်တစ်လုံးကို မြစ်ထဲ ပစ်ပေါက်လိုက်သည်။
ထို့နောက် သူသည် မှီခိုရာဂိုဏ်း၌ ဆေးလုံးတစ်လုံးကို ကိုင်ရင်း ရပ်နေ၏။ သူက မျက်နှာတွင် စိုးရိမ်သောကများပြည့်နှက်နေလျက် ဆေးလုံးကို သူတစ်ပါးထံ ပေးပစ်လိုက်သည်။
ဤအခြင်းအရာကို စုန့်ကျား မြင်သောအခါ အသံထွက်ရယ်မိသွားသည်။ သက်လတ်ပိုင်းအမျိုးသမီးက ပြုံးပြီး ခေါင်းခါလိုက်သည်။
နောက်ထပ်ပုံရိပ်က ကုန်းပြင်မြင့်ပေါ်ရှိ မန်ဟို၏ ဆိုင်နှင့် ဆေးများအား မတန်မဆစျေးဖြင့်ရောင်းနေသော သူ၏ ရှက်ကိုးရှက်ကန်းအပြုံး ဖြစ်သည်။ ထိုအချိန်က ပုံရိပ်များစွာရှိသော်လည်း ရုတ်တရက် လျင်မြန်စွာ တရိပ်ရိပ် ရွေ့လျားသွားရာ အကုန်လုံး လိုက်ကြည့်ရန် ခက်ခဲနေ၏။ သက်လတ်ပိုင်းအမျိုးသမီးက အလေးအနက် တွေးနေဟန်ဖြင့် မျက်မှောင်ကြုတ်သွားသည်။
စုန့်ကျား မြင်လိုက်ရသည့် နောက်ထပ်ပုံရိပ်မှာ တောင်ထိပ်ပေါ်ရှိ လူထူးဆန်းစုန့်နှင့် သံလှံဖြင့်ပြေးလွှားနေသော မန်ဟို ဖြစ်သည်။ ကျင့်ကြံသူများမြို့တော်ရောက်နေသော မန်ဟိုတစ်ယောက် လှံ အတွက် လွီစုန့်နှင့် လုပ်နေသော အပေးအယူ သူမ တွေ့လိုက်ရသည်။ ထို့နောက်ပိုင်း ဖြစ်ပျက်သမျှအားလုံးက အနိဋ္ဌာရုံမြင်ကွင်းများဖြစ်သည်။
စုန့်ကျားမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ "ဒီမန်ဟိုက ဆိုးလိုက်တာ...... စာပေသမားနဲ့ လုံးဝမတူဘူး" သူမက ဆက်လက်ကြည့်ရှုနေပြီး သူမအပြုံးလေးက သူမမျက်ဝန်းလေးများကို ဆန်းသစ်စ လခြမ်းကွေးလေးနှစ်ခုသဖွယ် ကွေးညွတ်သွားစေ၏။
ပုံရိပ်များသည် နောက်တစ်ဖန် အတော်လေးဝေဝါးလာပြန်သည်။ ဤအချိန်တွင် သူသည် တောင်ပိုင်းဒေသသို့ရောက်နေလေပြီ။ သို့သော် ဤအခိုက်အတန့်တွင် ကျောက်စိမ်းပြားသည် ရုတ်တရက် တစစီ ပဲ့ကျလာ၏။ မျက်စိတစ်မှိတ်အတွင်းမှာပင် ၄င်းက အက်ရာများဖြင့် ပြည့်နှက်သွားသည်။ အမျိုးသမီးတစ်ယောက်၏ အေးစက်စက် နှာမှုတ်သံအား အတော်ဝေးကွာသောနေရာတစ်နေရာမှ ကြားလိုက်ရသည်။ ၄င်းက အခန်းတင်မဟုတ်ဘဲ စုန့်မျိုးနွယ်စုတစ်ခုလုံး ပြည့်နှက်သွား၏။
သက်လတ်ပိုင်းအမျိုးသမီး၏ မျက်နှာကို အံသြမှုတို့ ဖုံးလွှမ်းသွားပြီး သူမက သွေးတစ်လုပ်အန်လိုက်သည်။ သူမသည် မယုံကြည်နိုင်သောမျက်နှာထားဖြင့် အံ့အားသင့်နေသော စုန့်ကျားကိုဆွဲ၍ နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။
စုန့်မျိုးနွယ်စုအတွင်းရှိ တောင်အားလုံး စတင်တုန်ခါလာသည်။ ထိုစဥ် စုန့်မျိုးနွယ်စုအပေါ်ထက် ကောင်းကင်ရှိ လသည် မျက်စိကျိန်းဖွယ် အလင်းရောင်တစ်ခုဖြင့် ရုတ်တရက် တောက်ပလာသည်။ ၄င်းက လျှပ်တပြက် တုန်ခါလာပြီး တစ်စုံတယောက်၏ အတင်းအကြပ် ဖိနှိပ်ခြင်းကို ခံနေရသည့်အလား မည်းမှောင်လာသည်။
ဤအခိုက်အတန့်မှာပင် စုန့်မျိုးနွယ်စု၏ အဆုံးအစမဲ့တောင်တန်းများ ဆက်လက် တုန်ခါလာပြီးနောက်.....တောင်တစ်လုံးပြီးတစ်လုံး မယုံကြည်နိုင်ဖွယ်အားကြီးတစ်ခုဖြင့် ဖိချခံနေရသည့်အလား တစ်လက်မတိတိ နိမ့်ကျသွားသည်။
ထိုတစ်လက်မက တစ်စုံတစ်ယောက်မှ စွမ်းအားထုတ်ဖော်ပြသပြီး...... သတိပေးခြင်းဖြစ်ဟန်တူသည်။ ဤပုဂ္ဂိုလ်ကား အလိုရှိလျှင် စုန့်မျိုးနွယ်စုတောင်တန်းတစ်ခုလုံးအား ဖယ်ရှားပစ်နိုင်ကြောင်း ပြောနေပုံရသည်။
တစ်ချိန်တည်းမှာပင် အနုသုခုမရုပ်ခန္ဓာအဆင့်အကျင့်ကြံသူများအားလုံး စတင်တုန်ခါလာပြီး သွေးအန်လိုက်ကြရသည်။ စုန့်မျိုးနွယ်စု၏ တောင်များအတွင်း၊ သူတို့၏တာအိုအစောင့်များ တည်ရှိရာ အနီးနားတွင် ဟိန်းဟောက်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ ၄င်းက အပြင််သို့ ဟိန်းထွက်မလာခြင်းမဟုတ်ဘဲ တချို့၊ တချို့သော လူများသာ အာရုံရနိုင်ခြင်းဖြစ်သည်။
စုန့်မျိုးနွယ်စုတောင်များအတွင်း အနက်ရှိုင်း၊ချောင်အကျဆုံးနေရာတွင် ကျောက်တိုင်တစ်တိုင်ရှိသည်။ တိုင်ထိပ်တွင်ကား အလောင်းတစ်လောင်း။ အလောင်းတစ်ပိုင်းဆိုလျှင်ပိုမှန်မည်။ အောက်ပိုင်းအား မည်သည့်နေရာတွင်မှ မမြင်ရပေ။ အလောင်း၏မျက်လုံးများ ဖျတ်ခနဲ ပွင့်သွားသည်နှင့် တာအိုရှာဖွေခြင်းအထွတ်အထိပ်အဆင့်၏ချီ ဟုန်းခနဲ ထွက်ပေါ်လာသည်။ အလောင်းမှာ စုန့်မျိုးနွယ်စုအပေါ် ကျရောက်နေသည့် ပြင်းထန်းသောအားကြီးကို မခံနိုင်သည့်အလား တုန်ရီသွားသည်။
"လေးစားရပါသော စီနီယာ၊ စိတ်အေးအေးထားပါ။ တောင်ပိုင်းဒေသရဲ့ စုန့်မျိုးနွယ်စု အမှားပြုမိပါတယ်...."
"မင်းအမှား မင်းသိရင် ပြင်လိုက်" အမျိုးသမီးတစ်ယောက်၏ ပေးပို့လိုက်သော အသံ ရောက်လာသည်။ သူမ ဒေါသထွက်နေကြောင်း သိသာလေသည်။ "မင်းတို့ စုန့်မျိုးနွယ်စုမှာ သမီးမိန်းကလေးလက်ထပ်တဲ့ ဓလေ့ရှိတယ်။ မင်း သူ့ကို ကိုယ်လုပ်တော်ထက်တောင်နိမ့်ကျတဲ့ အစေခံအဖြစ် လက်ထပ်သင့်တယ်"
အလောင်းက တုံ့ဆိုင်းနေသည်။ "လေးစားရပါသော စီနီယာ...."
"အို၊ မင်းသိလား။ အရှေ့ဘက်နယ်မြေတွေရဲ့ စုန့်မျိုးနွယ်စုက ဒီဂုဏ်သတင်းကို တပ်မက်ပေမယ့် ရအောင်မလုပ်နိုင်ဘူး။ မင်းတကယ် ငါ့ကို ငြင်းဆန်ရဲလား" အမျိုးသမီး၏အသံ ပေးပို့ခံလိုက်ရစဥ် စုန့်မျိုးနွယ်စုတောင်တန်းအားလုံး ရုတ်တရက်တုန်ခါသွားပြီး နောက်ထပ် သုံးလက်မ နစ်ဝင်သွားသည်။
အလောင်းက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ပြောသည်။ "လေးစားရပါသောစီနီယာ၊ ခင်ဗျားအလိုရှိတဲ့အတိုင်း လိုက်လျောပေးပါ့မယ်"
အမျိုးသမီး၏အသံ တစတစ ပျောက်ကွယ်သွား၏။ ထိုအခိုက်အတန့်တွင် မြို့တော်ထဲ၌ စုန့်ကျား၏မျက်နှာ ဖြူဆုပ်နေသည်။ သူမဘေးတွင် သူမမိခင်သည် မောဟိုက်ပင်ပန်းစွာ အသက်ရှူပြီး ပါးစပ်မှသွေးများစီးကျလာသည်။
"ကျားအာ ဒီပုဂ္ဂိုလ်က သွားထိလို့မရဘူး။ ဒီပုဂ္ဂိုလ်က....." သူမစကားပြောမဆုံးခင် သူမခန္ဓာကိုယ်မှာ စတင်တုန်ရီလာ၏။ ကြည့်ရသရွေ့ သူမစိတ်အတွင်းသို့ နတ်ဘုရားအာရုံ ပေးပို့ခံနေရပုံပေါ်သည်။ သူမက စကားဆက်မပြောတော့ဘဲ ဖြူဆုပ်နေသောစုန့်ကျားကို ရှုပ်ထွေးနေသောမျက်နှာအမူအရာဖြင့် ကြည့်သည်။
ယခုလေးတင် စုန့်မျိုးနွယ်စုအတွင်း ဖြစ်ပျက်သွားခဲ့သမျှအားလုံးအား မန်ဟိုနှင့် အခြားသူများ သတိမထားမိဘဲမနေပေ။ တုန်ခါနေသောမြေကြီးက လူတိုင်း၏မျက်နှာများကို ရိပ်ခနဲ ဖြစ်သွားစေသည်။ အထူးသဖြင့် အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်များပင်။
လူထူးဆန်းစုန့်၏ခန္ဓာကိုယ် တုန်ရီသွားပြီး သူက သွေးတစ်ပွက်အန်လိုက်သည်။ သူ၏ခန္ဓာကိုယ်မှာ ဆက်လက် တုန်ခါနေပြီး ဒုတိယသွေးလုပ်အန်လိုက်ရပြန်သည်။ ထို့နောက် တတိယမြောက်။ အဆုံးသတ်တွင် သူသည် စုစုပေါင်း သွေးခုနစ်လုပ် အန်လိုက်ရ၏။ သူ့မှာ မျက်နှာဖြူဆုပ်ပြီး အံအားသင့်နေလျက် နောက်သို့ယိမ်းယိုင်သွားသည်။
စုန့်မျိုးနွယ်စုတစ်စုလုံးတွင် သူတစ်ယောက်တည်းသာ သွေးခုနစ်လုပ် အန်လိုက်ရခြင်း ဖြစ်သည်။
ဤအခိုက်အတန့်၌ အမျိုးသမီးတစ်ဦး၏ ပုံရိပ်ယောင် ရင်ပြင်တွင် ပေါ်လာသော်လည်း ဘယ်သူမှ မမြင်ရပေ။ သူမက စုန့်မျိုးနွယ်စု၏ အစွမ်းထက်ဆုံး တာအိုအစောင့်၊ တာအိုရှာဖွေခြင်းအဆင့်အလောင်းက လွှဲ၍ လူတိုင်းအတွက် ပျောက်ကွယ်နေလျက် ရပ်နေသည်။ တာအိုအစောင့်သာလျှင် သူမ စုန့်မျိုးနွယ်စုရင်ပြင်ကို ရောက်ရှိလာသဖြင့် ရိုက်ခတ်လှုပ်ရှားနေသော သူမချီကို အာရုံရနိုင်၏။
သူမပေါ်လာသည်နှင့် သူမမျက်လုံးများသည် မန်ဟို့အပေါ် မမှိတ်မသုန် စိုက်ကြည့်နေသည်။ ၄င်းတို့သည် ကြင်နာနွေးထွေးမှုနှင့် နူးညံ့သောချစ်ခြင်းမေတ္တာတို့ဖြင့် ပြည့်နှက်နေသည်။
အချိန်အတော်ကြာပြီးနောက် ရင်ပြင်ရှိ အခြေအနေ ပုံမှန် ပြန်ဖြစ်သွားသည်။ လူတိုင်း အံ့သြတုန်လှုပ်နေကြသဖြင့် သုဿန်တစပြင်ပမာ တိတ်ဆိတ်လျက်ရှိသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများက မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် မျက်လုံးဝေ့ကြည့်လိုက်ကြသည်။
လူထူးဆန်းစုန့်၏ မျက်နှာသည် လူသေကောင်ကဲ့သို့ ဖြူဆုပ်နေပြီး သူ့မှာ လိပ်ပြာလွင့်မတတ် ကြောက်လန့်သွားသည်။ စောစောက ဘာဖြစ်သွားခဲ့သည်လဲ သူ မသိသည့်တိုင် စုန့်မျိုးနွယ်စုတစ်စုလုံး တုန်လှုပ်သွားသည်ကိုတော့ သူ သေချာသိသည်။
သူက အသက်မနည်းရှူရင်း သွေးများကို သုတ်လိုက်သည်။ ရုတ်တရက် အသံတစ်သံ သူ့ခေါင်းထဲတွင် ပြည့်နှက်သွားသဖြင့် သူ့တစ်ကိုယ်လုံး တုန်ရီသွားလေသည်။ အသံကြီးက သူ့ကို့ လေးစားခြင်းဖြင့် ပြည့်နှက်သွားစေသည်။ ၄င်းကား စုန့်မျိုးနွယ်စု၏ စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့် ခေါင်းဆောင်ကြီးက လွဲ၍တခြားမဟုတ်ပေ။
၄င်းက တာအိုစောင့်ရှောက်သူ အလောင်း၏အမိန့်များကို တစ်ဆင့်ပေးပို့နေသော စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်ခေါင်းဆောင်ကြီးထံမှ နတ်ဘုရားစိတ်ဆန္ဒ ပေးပို့ခြင်း ဖြစ်သည်။ စုန့်မျိုးနွယ်စု၏ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများအားလုံး တူညီသောအကြောင်းကြားစာ ရလိုက်ကြသည်။
"မန်ဟို့ကို သွားမထိနဲ့"
ရင်ပြင်ကို ဖုံးလွှမ်းနေသော တိတ်ဆိတ်မှု၏အလယ်တွင် ဝမ်တန်ဖေး၏အသံ ထွက်ပေါ်လာသည်။ "မန်ဟို မင်းမှာ ဒီနေ့ ငါနဲ့တိုက်ခိုက်ဖို့ ငြင်းဆန်ခွင့်မရှိဘူး" သူက ခုန်ပြီး ကျင့်ကြံခြင်းအခြေခံစွမ်းအားများ ထုတ်ဖော်ရင်း မန်ဟို့ထံ ပြေးဝင်လာသည်။ စွမ်းအားသည် ချီအခြေတည်ခြင်းစဦးပိုင်းအဆင့်ထက် ကျော်လွန်နေရင်း မြင့်သထက် မြင့်တက်လာသည်။ ဝမ်တန်ဖေး၏တာအိုမဏ္ဍိုင်များကား ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်၏ စွမ်းအင်ဖြင့် ပြည့်ဝလျက်ရှိသည်။
ဝမ်တန်ဖေး ချဥ်းကပ်လာသည်ကို စောင့်ကြည့်နေစဥ် မန်ဟို၏မျက်လုံးများ ဖျတ်ခနဲလက်သွားသည်။ ဝမ်တန်ဖေး၏ ညာလက် မြောက်တက်သွားသည်။ အနက်ရောင်အကြောများ ထောင်လာပြီး သူ့လက်ချောင်းတစ်ဝိုက် လှည့်ပတ်နေသည်။ သူ၏မျက်လုံးများက တည်ငြိမ်နေ၏။
" ကျိုးပြည်ရဲ့ မှီခိုရာဂိုဏ်းမှာတုန်းက မင်း ငါ့အပိုင်ပစ္စည်းတွေကို ခိုးပြီး ငါ့ရဲ့ အတွင်းစည်းဂိုဏ်းသားနေရာကို လုယူခဲ့တယ်။ တောင်ပိုင်းဒေသမှာ မင်း ငါ့ကို စော်ကားခဲ့တယ်။ မင်းကိုယ်မင်း ဝမ်တန်ဖေးရဲ့ အဓိကရန်သူဖြစ်ဖို့ အရည်အချင်းပြည့်မှီတယ်လို့ ထင်နေလား" သူ၏ဆံပင်များသည် ဖရိုဖရဲ လွင့်နေပြီး လျှို့ဝှက်ဆန်းကြယ်သောအနက်ရောင်အလင်းတစ်ခု သူ၏အဆိပ်လက်ချောင်းမှ ထုတ်လွှတ်လာသည်။ " မင်းက ဝမ်တန်ဖေးရဲ့ အဓိကရန်သူဖြစ်ဖို့ မထိုက်တန်ဘူး။ မင်းက အဲ့တုန်းကလဲ ပိုးမွှားတစ်ကောင်၊ ဒီနေ့လဲ ပိုးမွှားဖြစ်နေသေးတာပဲ။ ဒီနေ့ မင်းက ငါ့အဆိပ်လက်ချောင်းအတွက်် သွေးယဇ်ကောင်ဖြစ်စေရမယ်" ဝမ်တန်ဖေး၏စကားများက ရင်ပြင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
"ပြောပြီးပြီလား" မန်ဟိုက အေးဆေးစွာ ပြောသည်။ သူက ညာလက်ကို မြောက်ကာ ရှေ့သို့တွန်းထုတ်ရင်း ရှေ့လျှောက်လာသည်။ သူ၏ ပြီးပြည့်စုံသောတာအိုမဏ္ဍိုင်လေးတိုင်၏စွမ်းအားသည် လက်ဖဝါးတွင် စုဆုံသွား၏။ တစ်မျှင်လေးပင် စိမ့်ထွက်ခြင်းမရှိ။ သူက ဝမ်တန်ဖေးထံ တွန်းထုတ်လိုက်သဖြင့် ဝုန်းခနဲ မြည်ဟည်းသွားသည်။
ပေါက်ကွဲမှုကြီး ရင်ပြင်ကို ဖုံးလွှမ်းသွားစဥ် ဝိုင်းကြည့်နေကြသော ကျင့်ကြံသူများက ဖြစ်ပျက်နေသောအရာအပေါ် အပြည့်အဝအာရုံစိုက်လျက်ရှိသည်။ ဟန်ပေ့၊ လီရှိချီနှင့် ချန်ဖန်းတို့က လေကြီးနေသော ဝမ်တန်ဖေးကို ထူးဆန်းသောအမူအရာများဖြင့် ကြည့်လိုက်ကြသည်။
ဖက်တီးမှာ အတိုင်းထက်အလွန်စိတ်ပူနေသည်။ ကျင်းဟန်ဂိုဏ်းမှ လူထွားကြီးသာ သူ့ကိုဆွဲမထားလျှင် သူ မန်ဟိုနှင့်အတူ တိုက်ခိုက်မည်ဖြစ်သည်။
ပေါက်ကွဲသံ ပဲ့တင်ထပ်နေစဥ်မှာပင် ဝမ်တန်ဖေးသည် ပါးစပ်မှ သွေးများပန်းထွက်ရင်း နောက်သို့ တလိမ့်ခေါက်ကွေး လွင့်ထွက်သွားသည်။ စောစောက လက်ဝါးရိုက်ချက်သည် တကယ်တော့ ရှေ့မှ ရိုက်ခြင်းမဟုတ်ဘဲ ပါးရိုက်ချက်ဖြစ်လေသည်။ ဖြန်းခနဲ ပါးရိုက်သံကြီး မြည်သွားပြီး ဝမ်တန်ဖေး သွားတချို့ ကျိုးကြေကုန်သည်။ သူ့မှာ အံသြနေသောမျက်နှာနှင့် ဖင်ထိုင်ရက် ကျသွားသည်။
"မဖြစ်နိုင်ဘူး"
မန်ဟိုက ရှေ့လျှောက်လာပြီး နောက်တစ်ဖန် လက်ဖြင့်ရိုက်လိုက်ပြန်သည်။ ဖြန်းခနဲ မြည်ဟည်းသွားပြီး ဝမ်တန်ဖေးပါးစပ်မှ သွေးများပန်းထွက်သွားသည်။ ဤတစ်ကြိမ်တွင် ရိုက်ချက်က တစ်ဖက်ပါးပေါ်သို့ဖြစ်သည်။
"မဖြစ်နိုင်ဘူး" ဝမ်တန်ဖေး၏မျက်နှာ ဖြူဖျော့နေပြီး သူ့မျက်လုံးများတွင် တွေဝေမှုများမရှိတော့ဘဲ ပြင်းထန်သောဒေသဖြင့် ပြည့်နှက်သွားသည်။ သူသည် အံလည်းမအံသြတော့သလို၊ ကြောက်လဲမကြောက်တော့ပေ။ သူ၏အရှက်ကွဲခြင်းက အားလုံးကို ဆေးကြောသွားသည်။ သူက မန်ဟို့ကို သတ်ဖြတ်တော့မတတ် ကြည့်ပြီး မာန်သွင်းဟိန်းဟောက်လိုက်၏။
တစ်ချိန်တည်းမှာပင် ဝမ်ချီဖန်းနှင့်အတူ ဝမ်မျိုးနွယ်စုမှ မျက်မှောင်ကြုတ်နေသော အနုသုခုမရုပ်ခန္ဓာအဆင့်အဘိုးကြီးလည်း ရှေ့တက်လာသည်။
သို့သော် လူထူးဆန်းစုန့်၏မျက်လုံးများ ရိပ်ခနဲ ဖြစ်သွား၏။ သူက အနေရခက်ပြီး မယုံနိုင်ပင် ဖြစ်နေသော မျက်နှာထားဖြင့် နှစ်ဖက်လုံး ဘာမှမလုပ်အောင် တားရန် သူ့လက်ကို ဆန့်ထုတ်လိုက်သည်။
***