← Chapters

ဂိုဏ်းအားလုံးကို စိန်ခေါ်ခြင်း

Vol. 106 Ch. 1480

ဂိုဏ်းအားလုံးကို စိန်ခေါ်ခြင်း

Vol. 106 Ch. 1480

ဖန်မုနှင့် ယန်အာသည် ဒသမကောင်းကင်ဘုံထက်၌ ရပ်နေစဉ် လေအလျဉ်နှင့် တစ်သားတည်းဖြစ်နေသယောင် ထင်ရ၏။ နူးညံ့ပျော့ပျောင်းစွာ ပြောလိုက်သော ဖန်မု၏စကားသံက ယန်အာ၏နားထဲသို့ ဝင်ရောက်၍ သူမနှလုံးသားထဲအထိ စိမ့်ဝင်သွားလေသည်။ ထိုနေရာတွင် ၎င်းတို့ ထာဝရတည်ရှိနေလိမ့်မည်။

နှစ်ပေါင်းမည်မျှကြာမြင့်ပါစေ၊ ယန်အာသည် ဤအခိုက်အတန့်သို့ ပြန်တွေးမိလိမ့်မည်။ သူမဆရာဘေး၌ ရပ်နေသည်ကို ပြန်မြင်ယောင်ကာ သူ၏စကားသံများကို ပြန်ကြားယောင်လိမ့်မည်။

ကျင့်ကြံသူများသည် ခန္ဓာကိုယ်ကို ကျင့်ကြံကြခြင်းမဟုတ်၊ နှလုံးသားကို ကျင့်ကြရ၏။

ငေး‌ကြည့်နေစဉ် မျက်စိတဆုံး ဆန့်တန်းနေသော မြေပြင်များထက်၌ အုပ်မိုးနေသည့် ကောင်းကင်ကြီးကို ယန်အာ မြင်ရသည်။ မိုးနှင့်မြေ မည်သို့ဆက်စပ်နေသည်ကို သူမ မြင်တွေ့သလို၊ အဆုံးမဲ့သောကြယ်စင်တာရာများကိုလည်း သူမ တွေ့ရ၏။ ထိုအရာအားလုံးက သူမနှလုံးသားအပေါ်၌ ခတ်နှိပ်ခံလိုက်ရလေပြီ။

ဒသမကောင်းကင်ဘုံထက်၌ ဖန်မု ပြောလိုက်သော စကားသံမှလွဲ၍ လေညင်း၏ ညင်သာသောတိုးဝှေ့သံသာ ရှိသည်။ တစ်ကမ္ဘာလုံးသည် နှေးကွေးသွားခဲ့သည့်အလား၊ သူတို့ဆရာတပည့်နှစ်ယောက်သာ တည်ရှိတော့သည့်အလားပင်....

ထိုတခဏတွင် ခေတ်ပေါင်းများစွာ ကြာမြင့်သွားသယောင် ထင်ရ၏....

နောက်ဆုံးတော့ အောက်မှ နဝမဂိုဏ်းသားများ၏ ဝမ်းသားအားရကြွေးကြော်အော်ဟစ်သံများ ပျံ့လွင့်လာသည်။ တစ်ကမ္ဘာလုံး တုန်ခါနေပြီး အဋ္ဌမဂိုဏ်းသားများမှာ လူသေကောင်များလို... မျက်နှာတွင် သွေးမရှိကြတော့ပေ။

တခြားဂိုဏ်းများမှ ရောက်လာခဲ့သည့် ‌ရွေးချယ်ခံများမှာတော့ သူတို့၏ရင်ခေါင်းထဲမှ နှလုံးခုန်သံများကိုပင် ပြန်ကြားနေကြရသည်။

“သူ....သူက ဂိုဏ်းအားလုံးမှာရှိတဲ့ အာကာပြင်ကျယ်မော်ကွန်းတိုက်အားလုံးကို သွားမယ်လို့ ပြောခဲ့တာလား” သူတို့သည် မျက်နှာဖြူဖပ်ဖြူလျော်နှင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြ၏။

“သေစမ်း ဘယ်သကောင့်သားက ဖန်မု ဒဏ်ရာရထားတယ်လို့ ပြောခဲ့တာတုန်း။ သူက... ဒဏ်ရာမရထားတဲ့အပြင် သူ့တပည့်မကိုတောင် အလည်ခေါ်သွားနေသေးတယ်”

အဋ္ဌမဂိုဏ်းမှာ ကြိတ်ခဲမရနိုင် ဖြစ်နေရုံမှတစ်ပါး ရွေးချယ်စရာမရှိပေ။ နဝမဂိုဏ်း၏ကြွေးကြော်သံများသည် လူတိုင်းလူတိုင်း “အစ်ကိုကြီး၊ အစ်ကိုကြီး” ဟု အော်ဟစ်နေသည့်တိုင်အောင် ပြင်းထန်လာတော့၏။

ထို့နောက် မန္တန်ဝင်္ကပါ ထပ်မံပေါ်လာပြီး နေရာရွှေ့ပြောင်းစွမ်းအားက အရာအားလုံးကို လှုပ်ခတ်သွားစေသည်။ ဖန်မုမျက်နှာသည် အတန်ငယ်ဝင်းလဲ့လာပြီး သူက ညစ်ကျယ်ကျယ်ရယ်လျက် ပြောသည်။ “ကဲ သတ္တမဂိုဏ်းဆီ သွားကြစို့”

ယန်အာက အသက်ဝဝရှူကာ ခေါင်းညိတ်သည်။ ဖန်မုသည် အင်္ကျီလက်စခါလိုက်ပြီး နှစ်ယောက်သား မရေမတွက်နိုင်သောကျင့်ကြံသူများကို ဦးဆောင်လျက် ဧရာမနေရာရွှေ့ပြောင်းခြင်းဝင်ပေါက်ထဲ ဝင်သွားကြ၏။

နဝမဂိုဏ်းသားများမှာ စိတ်လှုပ်တရှား ဆူဆူညံညံဖြင့် မိုးပေါ်ပျံတက်သွားကြသည်။ အဋ္ဌမဂိုဏ်းမှ အုပ်စုကတော့ နဝမဂိုဏ်းသာများ ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း ခါးသီးခံပြင်းလျက် ကျန်ခဲ့ကြလေသည်။

နဝမဂိုဏ်း ထွက်သွားသည့်တိုင် သူတို့မှာ ဒဏ္ဍာရီတစ်ပုဒ်၊ မော်ကွန်းတစ်ပုဒ်ဖြင့် ကျန်ရစ်ခဲ့လေပြီ။ အဋ္ဌမဂိုဏ်းသားများမှာ မွန်းကြပ်လာပြီး သူတို့၏ရွေးချယ်ခံများမှာတော့ အသက်မနည်းရှူနေရသည်။ သူတို့ကိုယ်ပိုင်မော်ကွန်းတိုက်ထက်၌ ‘ဖန်မု’ ဆိုသော နာမည်အား ထင်းနေအောင် မြင်ရသည်။ လာမည့်နေ့ရက်များတွင် ပထမနေရာပြန်ယူဖို့ ကြိုးစားကြသော်လည်း မအောင်မြင်မည့်အဖြစ်ကို သူတို့အားလုံး ကြိုမြင်နေရလေပြီ။

‘ဖန်မု’ ၏နာမည်သည် အဋ္ဌမဂိုဏ်းထဲတွင် ထာဝရ တည်ရှိနေလိမ့်မည်....

ယင်းက ဖန်မု ယန်အာ့ကို ပေးနေသော လက်ဆောင်ဖြစ်သလို၊ တခြားဂိုဏ်းများ၏ စိန်ခေါ်မှုများအပေါ် တုံ့ပြန်မှုလည်း ဖြစ်သည် ....

မင်းတို့က နဝမဂိုဏ်းရဲ့ အာကာပြင်ကျယ်မော်ကွန်းတိုက်ကို လာစိန်ခေါ်တယ်ပေါ့တယ်လေ ရတယ်.. ငါလည်း မင်းတို့ဂိုဏ်းဆီ သွားပြီး မင်းတို့ရဲ့ မော်ကွန်းတိုက်မှာ ပထမနေရာယူပြမယ်

သန့်သန့်ရှင်းရှင်း မျှမျှတတ ထိထိရောက်ရောက်နဲ့ ငါ ပြန်လုပ်ပြမယ်

နဝမမြေထု၏အထက် နဝမဂိုဏ်းအတွင်းတွင် ထစ်ချုန်းသံများ ကြားလိုက်ရသည်။ နေရာရွှေ့ပြောင်းခြင်းဝင်ပေါက် ပေါ်လာပြီး နဝမဂိုဏ်းမှ မရေမတွက်နိုင်သော နဝမဂိုဏ်းသားများ ဆင်းသက်လာကြသည်။ ထပ်မံ၍ ဖန်မုအသံသည် ဩဇာအပြည့်ဖြင့် ဟိန်းထွက်သွားသည်။

“ငါ ဖန်မု မင်းတို့အာကာပြင်ကျယ်မော်ကွန်းတိုက် စိန်ခေါ်ဖို့ နဝမဂိုဏ်းကနေ ဒီကို လာခဲ့တာပဲ” သူ့အသံသည် ယခုထက်ထိ တိုးဝင်မသွားသေးသော ခေါင်းလောင်းသံများနှင့်အတူ ပဲ့တင်ထပ်လာ၏။ ထို့နောက် သူက ရွှင်မြူးနေသော ယန်အာ့ကို ခေါ်ကာ သတ္တမဂိုဏ်း၏ အာကာပြင်ကျယ်မော်ကွန်းတိုက်ထံ ထွက်သွားလေပြီ။

ခေါင်းလောင်းသံများ ထပ်မံမြည်လာသဖြင့် သတ္တမဂိုဏ်း၏ဂိုဏ်းသားများနှင့် ရွေးချယ်ခံများမှာ တုန်လှုပ်လာသည်။ ပထမဆုံးလှေကားထစ်မှာ အထစ်တစ်သိန်း‌မြောက်အထိ၊ ပထမကောင်းကင်ဘုံမှ ဒသမကောင်းကင်ဘုံအထိ အရာအားလုံး စောစောကအတိုင်းဖြစ်ပျက်သွားးသည်။ မိုးကောင်းကင်သည် တုန်ခါနေပြီး မြေငလျင်များ လှုပ်ခတ်နေ၏။ သတ္တမဂိုဏ်း၏ဂိုဏ်းသားများမှာ မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ကြည့်နေကြလေသည်။ တစ်ချိန်တည်းမှာပင် ယန်အာလည်း မယုံကြည်နိုင်ဖွယ်ကောင်းချီးကို ခံစားနေရသည်။ သူမမှာ အတွင်းရောအပြင်ပါ ကောင်းချီးပေးခံနေရ၍ သူမ၏ကျင့်ကြံခြင်းအခြေခံမှာ ကြောက်ခမန်းလိလိ တိုးတက်လာတော့သည်။

ထပ်မံ၍ သူမသည် မိုးကောင်းကင်နှင့်မြေကြီးအား ကြည့်ရှုနိုင်ပြီး ထိုသို့ကြည့်နေစဉ် ကျင့်ကြံခြင်းအခြေခံ၏ တိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော တဂျွတ်ဂျွတ်မြည်သံများသည် သူမ၏ကိုယ်အတွင်းမှ ထွက်လာ၏။ ကောင်းချီးနှင့် တခြားကံကြမ္မာကောင်းများကြောင့် ယန်အာကား ခုန်ပျံကျော်လွှား တိုးတက်နေချေပြီ။

ယနေ့အဖြစ်အပျက်သည် အာကာပြင်ကျယ်ကျောင်းတော်၏ နှစ်စဉ်မှတ်တမ်းများအတွင်း၌ တခမ်းတနား မော်ကွန်းတင်ခံရလိမ့်မည်။ ၎င်းက ဖန်မု နဝမဂိုဏ်းတွင် ဒသမကောင်းကင်ဘုံအား ဆင့်ခေါ်ခဲ့သည့် အံ့ဖွယ်သရဲဖြစ်ရပ်ထက်ပင် ကျော်လွန်ပေသည်။

ယနေ့တွင် ဖန်မုသည် အာကာပြင်ကျယ်ကျောင်းတော်၏ သမိုင်းတစ်လျှောက် တစ်ခါမှ မဖြစ်ပွားခဲ့ဖူးသော အရာကို လုပ်ဆောင်အောင်မြင်ခဲ့၏။ သူက ... ဂိုဏ်းအားလုံးရှိ အာကာပြင်ကျယ်မော်ကွန်းတိုက်တစ်တိုက်ချင်းစီတွင် မှတ်တမ်းတင်နိုင်ခဲ့လေပြီ။ သူကား .... ပထမအဆင့်ကို သိမ်းပိုက်ကာ ဒသမကောင်းကင်ဘုံအား ဆင့်ခေါ်နိုင်ခဲ့သည်။

ထို့အပြင် တစ်ယောက်တည်း မလုပ်ခဲ့။ သူ၏တပည့်မကိုပါ သူနှင့်အတူ ခေါ်သွားခဲ့သည်။

ထိုနေ့တွင် လူပေါင်းများစွာ ယန်အာ့ကို သိရှိသွားကြပြီး ဂိုဏ်းသားအမြောက်အမြားသည် သူမကို အားကျမနာလိုဖြစ်လာကြ၏။

သို့သော် အားကျမနာလိုရုံမျှသာ သူတို့တတ်နိုင်လေသည်။ ဖန်မုက သူမကို သတ္တမဂိုဏ်းမှ ဆဋ္ဌမဂိုဏ်းသို့ ခေါ်သွားသည်။ ထိုနေရာတွင် ဒသမကောင်းကင်ဘုံကို ဆင့်ခေါ်ပြီးနောက် သူသည် ပဉ္စမဂိုဏ်းသို့ သွားရောက်၏။ ထို့နောက် စတုတ္တဂိုဏ်း၊ တတိယဂိုဏ်း၊ ဒုတိယဂိုဏ်း....

ဖန်မုသည် အချိန်ဆွဲခြင်းမရှိ၊ နှောင့်နှေးခြင်းမရှိ။ မော်ကွန်းတိုက်တစ်တိုက်ချင်းစီတွင် ဒသမကောင်းကင်ဘုံအား ဆင့်ခေါ်ခဲ့သည်။ ယန်အာ ရရှိနေသော ကံကြမ္မာကောင်းကြောင့် သူမ၏ကျင့်ကြံခြင်းအခြေခံမှာ နက်ရှိုင်းသထက် နက်ရှိုင်းလာသည့်အပြင် ရွေးချယ်ခံတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံထက်ပင် သာလွန်သွားလေပြီ။

ပထမဂိုဏ်း၏ အာကာပြင်ကျယ်မော်ကွန်းတိုက်တွင် ဒသမကောင်းကင်ဘုံ ပေါ်လာပြန်၏။ မိုးနှင့်မြေအပါအဝင် တစ်ကမ္ဘာလုံး တဝုန်းဝုန်းတုန်ခါနေသည်။ မရေမတွက်နိုင်သော ဂိုဏ်းသားများမှာ မိုးကြိးနှင့်အပစ်ချခံနေရသကဲ့သို့ ခံစားနေကြရသည်။ သူတို့မှာ ရာဇဝင်တွင်မည့် အဖြစ်အပျက်များကြောင့် အသက်ရှူမှားနေကြလေပြီ။

“ဂိုဏ်းကိုးဂိုဏ်း.... ဒသမကောင်းကင်ဘုံ အကုန်လုံး...”

“ဖန်မု ဖန်မု။ သူက အာကာပြင်ကျယ်ကျောင်းတော်ရဲ့ နံပါတ်တစ် ရွေးချယ်ခံ ဖြစ်ထိုက်ပါပေတယ်”

“သူ့ကျင့်ကြံအဆင့်က တာအိုနယ်ပယ်မဟုတ်သေးတာ ဆိုးလွန်းတာပဲ။ ဟုတ်လို့ကတော့ သူ တန်ခိုးရှင်လမ်းပေါ်မှာ ဘယ်လောက်ဝေးဝေး သွားနိုင်မလဲ ငါ ကြည့်ချင်မိတယ်။ အာကာပြင်ကျယ်မော်ကွန်းတိုက်တွေက တာအိုနယ်ပယ်အောက်အတွက်ပဲ မဟုတ်လား။ တာအိုနယ်ပယ်တွေပဲ တန်ခိုးရှင်လမ်းမှာ လျှောက်နိုင်တာ”

“သူ့တပည့် ယန်အာကတော့ တယ်ကံကောင်းတာပဲ”

အာကာပြင်ကျယ်ကျောင်းတစ်ကျောင်းလုံး အုတ်အုတ်ကျက်ကျက် ပွက်လောရိုက်နေသည်။ နဝမဂိုဏ်းသားများမှာ တစ်ခဲနက် ပျော်ပျော်ပါးပါး မကြွေးကြော်မိဘဲ မနေကြပေ။ အဋ္ဌမဂိုဏ်းသို့ ပျံသန်းလာသည့် အခိုက်အတန့်မှစ၍ ပထမဂိုဏ်းအထိ သူတို့သည် အဆုတ်ကွဲမတတ်‌ အော်ဟစ်နေခဲ့ကြ၏။

“အစ်ကိုကြီးဖန်မု” အသံများက မရပ်မနား ပဲ့တင်ထပ်နေသည်။

ယနေ့တွင် ဖန်မုသည် စိတ်ကူးဖြင့် မှန်းဆမကြည့်နိုင်အောင် ပွက်လောရိုက်စေခဲ့၏။ အာကာပြင်ကျယ်ကျောင်းတော်ရှိ သာမန်ဂိုဏ်းသားများသာ တုန်လှုပ်သွားခြင်းမဟုတ်၊ တာအိုနယ်ပယ်ပညာရှင်များ၊ တာအိုသခင်များနှင့် တာအိုဥသျှောင်များပင် သူ ခင်းကျင်းပြသခဲ့သော အံ့ဖွယ်သရဲဖြစ်ရပ်ကြောင့် အံ့အားသင့်နေကြသည်။

ပထမဂိုဏ်း၌ ဒသမကောင်းကင်ဘုံ ‌ပေါ်လာသောအခါ ဂိုဏ်းကိုးဂိုဏ်းမှ ပါရာဂွန်အားလုံး ရောက်လာကြသည်။ သူတို့အားလုံးက အနှစ်သာရ ၇ ခုအဆင့်ပါရာဂွန်များ ဖြစ်သည့်တိုင် မတုန်လှုပ်မိကြဘဲ မနေပေ။ ဖန်မုက သူတို့ထက် များစွာအဆင့်နိမ့်ကျသော်လည်း ပင်ကိုယ်ပါရမီနှင့် အလားအလာအရ ဤဖန်မုသည်... သူတို့အား ကျော်တက်သွားခဲ့ပြီဖြစ်ကြောင်း ဝန်ခံရလိမ့်မည်။ သူ့အတွက် မထင်မှတ်ထားသည့် မတော်တဆမှုသာ ဖြစ်မလာခဲ့လျှင် သူသည် တစ်နေ့ သူတို့နှင့်ရင်‌ဘောင်တန်း ရပ်နိုင်လိမ့်မည်၊ သို့မဟုတ် ကျော်တက်ကောင်း ကျော်တက်သွားနိုင်သည်။

“ပါရာဂွန်အလောင်းအလျာ” ပထမဂိုဏ်းမှ အနှစ်သာရ ၇ ခုပါရာဂွန်က တိုးညင်းစွာ ရေရွတ်သည်။ သူ့စကားကို တခြားဂိုဏ်းများမှ အနှစ်သာရ ၇ ခုပါရာဂွန်အားလုံး ထောက်ခံကြ၏။

တတိယဂိုဏ်းမှ ပါရာဂွန်စမ်းရေတိမ်ပင် သဘောတူလိုက်ရသည်။

ဖန်မုသည် အမှန်စင်စစ် ပါရာဂွန်အလောင်းအလျာ ဖြစ်ပေ၏။

All Chapters