← Chapters

ရှုံးပြီးရင်းရှုံး

Vol. 14 Ch. 191

ရှုံးပြီးရင်းရှုံး

Vol. 14 Ch. 191

ဝမ်မျိုးနွယ်စု အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူက ခေါင်းလှည့်ပြီး လူထူးဆန်းစုန့်ကို စိုက်ကြည့်သည်။ မန်ဟိုက နောက်ဆုတ်နေသော ဝမ်တန်ဖေးထံ လျှောက်လာသည်။ သူက လက်ကိုမြှောက်ပြီး ဝမ်တန်ဖေး၏လက်ခလယ်ကို ဆွဲလိုက်သည်။

"ဒီတော့ ဒါက ငါ ဟိုတုန်းက ဖျက်ခဲ့တဲ့ လက်ချောင်းပါလား" သူက အေးစက်စွာ ပြောသည်။ ဝမ်တန်ဖေး၏မျက်လုံးများသည် အံ့သြခြင်းနှင့်အတူ မုန်းတီးစက်ဆုပ်မှုတို့ဖြင့် တောက်ပနေ၏။

သူသည် ဤအဆိပ်လက်ချောင်းကို တန်ဖိုးကြီးကြီးမားမားပေးဆပ်၍ ဖန်တီးခဲ့ရသည်။ ပုံမှန်လက်ချောင်းပြန်ပေါက်အောင် လုပ်နိုင်ခဲ့သော်လည်း အဆိပ်လက်ချောင်း ပျိိုးထောင်ရန် လိုအပ်သော ဇွဲလုံ့လကို ထိန်းသိမ်းပြီး နာကျင်မှုကို တောင့်ခံခဲ့သည်။

သူ၏တွက်ချက်မှုအရ ၄င်းက ပုံသဏ္ဍာန်အဆင့်ဆင့်ပြောင်းလဲခြင်းပင်။ သူသည် ဤအချက်ကို ဉာဏ်အလင်းပွင့်ခဲ့သဖြင့် အရှုံးကိုလက်ခံကာ ပြောက်မြောက်သော ဂုဏ်ကျက်သရေအသွင် ပြောင်းပစ်မည်ဖြစ်သည်။

နာကျင်မှုက တော်ရုံညှင်းပန်းနှိပ်စက်မှု မဟုတ်သော်လည်း သူသည် ပင်ပန်းဆင်းရဲခံ၍ ကိုယ်ပိုင်အဖိုးထိုက်ရတနာတစ်ပါးနှင့်တူသော အဆိပ်လက်ချောင်းကို ဖန်တီးခဲ့သည်။

လူတိုင်းလူတိုင်း ဘဝတွင် ဆုတ်ယုတ်ချိန်ကာလများအား သည်းခံရကြောင်း ဝမ်တန်ဖေးသိသည်။ သို့သော် ဆုတ်ယုတ်မှုကို ရတနာတစ်ပါးအဖြစ် ပြောင်းခြင်းက ဘဝကို အမှန်အကန် ခမ်းနားကြီးကျယ်စေလေသည်။

သူ မှန်လျှင် မှန်လောက်ပါသော်လည်း တစ်ခါတလေ ကံတရားက ရက်စက်နိုင်သည်။ ယနေ့...... သူ မန်ဟိုနှင့် ပက်ပင်းတိုးလေသည်။

မန်ဟို မရည်ရွယ်သော တချို့အရာများရှိသည်။ သို့သော် ထိုသို့ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ သုံးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းက သူ့ကို အခြားအဆိပ်များ ပြီးစေသည်သာမက သူ့ခန္ဓာကိုယ်ကိုလည်း အလွန်အဆိပ်ဖြစ်စေသည်။

ဝမ်တန်ဖေးမှာ မန်ဟို သူ့အဆိပ်လက်ချောင်းအား ဆွဲလိုက်သည်ကို မြင်သောအခါ ရယ်သည်။ ရယ်သံတွင် အမုန်းတို့နှင့်အတူ ပူပင်ကြောင့်ကြမဲ့သော ပျော်ရွှင်မှုလည်း ပါဝင်သည်။ တခဏလေးအတွင်း မန်ဟိုခြောက်ကပ်လာပြီး သွေးအိုင်အဖြစ် ပြောင်းလဲသွားသည်ကိုသာ သူ့မှာ စိတ်ကူးကြည့်နေတော့သည်။

သို့သော် သူ့ရယ်သံထွက်လာချိန်မှာပင် တိခနဲ ရပ်သွားသည်။ သူ့မျက်နှာပေါ်တွင် လုံးဝမယုံကြည်နိုင်သောအသွင် ပေါ်လာသည်။ သူ့လက်ချောင်းသည် မန်ဟို့လက်ထဲ၌ ပျောက်ကွယ်သွားပြီးနောက် အသက်ရှိုက်စာအနည်းငယ်ကြာသော် ဖောက်ခနဲ အသံတစ်သံကြားလိုက်ရသည်။ အာရုံခံစားနိုင်စွမ်းရှိသော အနက်ရောင်မြူတစ်ခုမှာ မန်ဟို့အနား မကပ်ရဲသည့်အလား တုန်ခါလာသည်။

မန်ဟိုက ဆုပ်ထားသည်ကို လွှတ်ပေးလိုက်သည်။ ဝမ်တန်ဖေး တစ်ကိုယ်လုံး တုန်ခါသွားပြီး သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည်။ သူသည် သူ့လယ်ခလယ်ရှိခဲ့ဖူးသည့်နေရာကို ကျောက်ရုပ်ကြီးသဖွယ် ကြည့်ရင်း နောက်သို့ယိမ်းယိုင်သွားသည်။ သူ့မှာ ရုတ်တရက် လွန်ခဲ့သော ခုနစ်နှစ်၊ ရှစ်နှစ်က အရှုံးပေးခဲ့ရသည့်အချိန်ကို ပြန်သတိရလိုက်သည်။ သူက ရွေးချယ်ခံဖြစ်ပြီး သူ့ပြိုင်ဘက်က ပိုးမွှားတစ်ကောင်မျှသာ ဖြစ်ကြောင်း သူအမြဲတွေးခဲ့သည်။ အရင်က သူ၏ရှုံးနိမ့်မှုသည် မတော်တဆဖြစ်ခဲ့၍ ယခုတွင် သူ ချီအခြေတည်အဆင့်ရောက်နေခဲ့ပြီ။ သူ၏ပြိုင်ဘက်ကား သူ့အောက် အဝေးကြီးတွင် ဖြစ်သည်။

သို့သော် ယနေ့......

"မင်းမှန်တယ်။ မင်းနဲ့ငါက အဓိကရန်သူတွေမဟုတ်ဘူး" မန်ဟိုက မထူးခြားဟန်ဖြင့် ပြောသည်။ သူက ရှက်ကိုးရှက်ကန်းဖြစ်နေသော မျက်နှာထားအတိုင်း မျက်နှာဖြူဖျော့နေသော ဝမ်တန်ဖေးကို ကြည့်သည်။ "အဲ့အသုံးက အရမ်းလေးနက်လွန်းတယ်။ ငါတို့ဆက်ဆံရေးနဲ့ မသင့်တော်ဘူး" သူက ဝမ်တန်ဖေးကို သတ်ရန်မကြိုးစားပေ။ သူ့ကို သတ်ဖြတ်ခြင်းက မတန်သည့်အတွက်ကြောင့် မဟုတ်ဘဲ ပြဿနာများစွာဖြစ်ပွားစေနိုင်သောကြောင့်ဖြစ်သည်။

ဤအခြေအနေတစ်ရပ်လုံးတွင် အရေးကြီးဆုံးအချက်မှာ မန်ဟိုသည် အမြဲတမ်း ဝမ်တန်ဖေးပိုင်ဆိုင်သောအရာများအား ပိုင်ဆိုင်သွားပုံရနေသည်။ ၄င်းက ရုတ်တရက် သူ့ကို သတ်ဖြတ်လိုစိတ် ပို၍ပင်နည်းပါးသွားစေသည့် ထူးဆန်းသောခံစားချက်တစ်ခုဖြစ်သည်။

သူတို့ပတ်ဝန်းကျင်ရှိ အရာအားလုံး တိတ်ဆိတ်နေသည်။ မမြင်ရသောအမျိုးသမီးက မန်ဟို့ကို နူးညံ့ကြင်နာစွာ ငေးကြည့်နေသည်။ အပြုံးတစ်ခု သူမမျက်နှာပေါ်တွင် ပေါ်လာပြီး မန်ဟို အဆိပ်လက်ချောင်းအား ဖျက်စီးလိုက်သည်ကို သူမမြင်သောအခါ ၄င်းသည် ချစ်မြတ်နိုးသောအကြည့်အသွင် ပြောင်းသွားသည်။

မန်ဟို့၏ ရှက်ကိုးရှက်ကန်းအပြုံးကို တွေ့သော် အမျိုးသမီးက ရယ်ပြီး ခေါင်းခါလိုက်သည်။ ချစ်မြတ်နိုးသောအကြည့်မှာ ပို၍ပင် အားကောင်းလာသည်။

"ဒီကလေးကတော့ အမြဲတမ်း လူလည်လေးပဲ...." အမျိုးသမီးက ခပ်တိုးတိုးပြောသည်။ "သူ့ကို ကောင်မလေးတွေမကြိုက်အောင် မလုပ်ဘဲ မနေနိုင်ပါလား" သူမက ချွေးမလောင်းအဖြစ် အကဲခတ်နေသည့်အလား ဟန်ပေ့ကိုတစ်လှည့်၊ လီရှိချီကို တစ်လှည့် ကြည့်သည်။

"ဟန်မျိုးနွယ်စု သွေးမျိုးဆက်....... အဆင့်မမှီဘူး။ ဒီတစ်ယောက်မဟုတ်သေးဘူး။ ဒီတစ်ယောက်ကတော့..... စိတ်ဝင်စားစရာကောင်းပုံပဲ။ အနည်းဆုံးတော့ အစွမ်းထက်သင့်သလောက် အစွမ်းထက်တယ်"

မန်ဟိုက ရှက်ကိုးရှက်ကန်းပြုံးရင်း ချန်ဖန်းဘေးနားရှိ သူ့နေရာကို ပြန်သွားသည်။ ဖက်တီးက မန်ဟို့ကို မျက်စိတစ်ဖက်မှိတ်ပြရင်း ပြေးလာ၏။

ဝမ်တန်ဖေးသည် မျက်နှာဖြူဆုပ်လျက် စကားတစ်လုံးမှမပြောဘဲ ဝမ်ချီဖန်းဘေးရှိ သူ့နေရာကို ပြန်သွားသည်။ သူက တိုက်ခိုက်စိတ်မရှိတော့ဘဲ ခါးသက်သက်ရယ်လိုက်သည်။ ဝမ်ချီဖန်းက ဘာမှမပြောပေ။ သူက မျက်လုံးများမှ အသတ်အဖြတ်စိတ်ဆန္ဒထုတ်လွှတ်ရင်း မန်ဟို့ကို လှမ်းကြည့်သည်။

မန်ဟိုက ဝမ်ချီဖန်းကို မမှိတ်မသုန် မော့ကြည့်လိုက်သည်။ သူတို့နှစ်ယောက် အကြည့်ဆုံသောအခါ မှီခိုရာဂိုဏ်းရှိ အရှေ့ဘက်တောင်ထိပ်တွင် သူ ထိုင်နေခဲ့သည့် နှစ်ကို ပြန်တွေးမိလိုက်သည်။ သို့သော် ယနေ့တွင်တော့ သူသည် ဝမ်ချီဖန်းအကြည့်တစ်ချက်တည်းဖြင့် သတ်နိုင်သည့်လူတစ်ယောက် မဟုတ်တော့ပေ။

"ငါ နဝမမြောက် ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်ကို ဖန်တီးပြီးတဲ့နောက် အမြုတေဖြစ်တည်မှုအဆင့်ကို တိုက်ခိုက်နိုင်မလား သိချင်မိတယ်" သူသည် ဤအချက်ကို သိချင်နေခဲ့သည်မှာ ကြာလေပြီ။ သူ၏ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်များ၏ မယုံကြည်နိုင်ဖွယ်စွမ်းအားကို မြင်ပြီးနောက် ၄င်းက သူ့ကို ပြီးပြည့်စုံသောအမြုတေအား ပို၍ပင် တောင့်တစေခဲ့သည်။ ထို့အပြင် ချီအခြေတည်အဆင့်မှာ ရှိနေစဥ် အမြုတေဖြစ်တည်မှုအဆင့်ကို တိုက်ခိုက်နိုင်မည်လားလည်း အမှန်တကယ် သိချင်မိသည်။

သူ မသေချာပေ။ သို့သော် ယနေ့တွင် ဝမ်ချီဖန်းသည် မန်ဟိုသတ်ရမည်ဟု စိတ်ပိုင်းဖြတ်လိုက်သော လူတစ်ယောက်ဖြစ်သည်။

မန်ဟို့မျက်လုံးများထဲရှိ အေးစက်မှုကို မြင်ရခြင်းက ဝမ်ချီဖန်း၏အသတ်အဖြတ်စိတ်ဆန္ဒကို ပို၍ပြင်းထန်သွားစေသည်။ သူ မန်ဟို့ကို မကြာမီ မသတ်လျှင် ထိုသို့ပြုလုပ်ရန် အခွင့်အရေးဆုံးရှုံလိမ့်မည်ဟု ခံစားလိုက်ရ၏။

"ဒီကောင်မန်ဟို တိုးတက်တာ မြန်လွန်းတယ်......" မန်ဟို့ကို အမှုမဲ့အမှတ်မဲ့ ထားခဲ့မိကြောင်း ဝမ်ချီဖန်း ဝန်ခံရမည်။

ဤအချိန်တွင် ခေါင်းလောင်းသံများ မြို့တော်တစ်ခွင်လုံး ပြည့်နှက်သွားသည်။ ရုတ်တရက် ရောင်စုံအလင်းတန်းများ ကောင်းကင်တွင် ဖုံးလွှမ်းသွား၏။ စုန့်မျိုးနွယ်စုတစ်ခုလုံးသည် ညမှ မနက်သို့ ကူးပြောင်းသွားလေပြီ။

အပြင်ဘက်ကမ္ဘာတွင် ယခု ညအချိန်ရောက်သွား၏။ ပြောင်းလဲဖြစ်ပေါ်လာစဥ် စုန့်မျိုးနွယ်စုအတွင်းရှိ စိတ်ဝိညာဥ်စွမ်းအင် ရုတ်တရက် ပိုမိုသိပ်သည်းထူထပ်လာသည်။ သို့သော် စုန့်မျိုးနွယ်ဝင်များကလွဲ၍ ဘယ်သူမှ အသက်ရှူလေ့ကျင့်ခန်းများမှတစ်ဆင့် မစုပ်ယူနိုင်ပေ။ မန်ဟိုကတော့.....ခြွင်းချက်ပင်။ သူ၏မျက်လုံးများသည် တဖျပ်ဖျပ်လက်နေ၏။ တကယ်တမ်း သူ စိတ်ဝိညာဥ်စွမ်းအင် စုပ်ယူဖို့ ဘာမှလုပ်ရန် မလိုအပ်ပေ။ ၄င်းက သူ၏ပြီးပြည့်စုံသောတာအိုမဏ္ဍိုင် ၄ ခုကို အားဖြည့်ပေးရင်း သူ့ခန္ဓာကိုယ်အတွင်းသို့ တစ်မျှင်ပြီးတစ်မျှင် စီးဝင်နေသည်။ သူ၏ ဗလာကျင်းလုနီးပါး တာအိုမဏ္ဍိုင် ၄ ခုကို အားဖြည့်ပေးနေသည့်အပြင် သူ၏ပဉ္စမတာအိုမဏ္ဍိုင်ကောက်ကြောင်းကိုပင် ထွက်ပေါ်လာစေသည်။

ဟုတ်ပါသည်။ ပဉ္စမတာအိုမဏ္ဍိုင်ကို အပြည့်အဝဖြစ်တည်စေရန်အထိတော့ မဖြစ်နိုင်ပေ။ ယင်းက အချိန်တိုအတွင်း မဖြစ်ပွားနိုင်ချေ။ စုန့်မျိုးနွယ်စုအတွင်း အချိန်အကြာကြီးနေရင်တော့ ဖြစ်နိုင်လောက်သည်။

ခေါင်းလောင်းသံများ တချွင်ချွင် မြည်နေပြီး လနှင့်နေသည် နေရာပြောင်းနေကြသည်။ နေ့နှင့်ည အတူတကွ ရောနှောနေစဥ် ရောင်စုံအလင်းတစ်ခု လေထဲတွင် ပေါ်ပေါက်လာ၏။ ရုတ်တရက် ပုံရိပ်သုံးခု တောက်ပနေသောအလင်းထဲမှ ထွက်လာသည်။

ဤသို့ဖြစ်ပျက်သွားသည်တွင် စုန့်မျိုးနွယ်ဝင်အမြောက်အမြား ရောင်စုံအလင်းအား လေးစားကြည်ညိုသောအသွင်များဖြင့် မော့ကြည့်လိုက်ကြသည်။ ဤအခြင်းအရာက အခြားဂိုဏ်းနှင့် မျိုးနွယ်စုများမှ ကျင့်ကြံသူများကိုလည်း ထိုနည်းတူမော့ကြည့်လိုက်စေသည်။

ပုံရိပ်သုံးခုသည် တဖြေးဖြေး ပီသထင်ရှားလာ၏။ သူတို့ကား ဘာမှမရှိသည့်အရာမှ ပုံသဏ္ဍာန်ဖြစ်တည်နေပုံရသည်။ တစ်ယောက်က အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော အဘိုးကြီးဖြစ်သည်။ သူ၏ပြုံးနေသောမျက်နှာမှာ စောစောက စုန့်မျိုးနွယ်စုတွင် ဖြစ်ပျက်သွားသော အဖြစ်အပျက်များကြောင့် ထိတ်လန့်မှုအနည်းငယ်ပင် မဖော်ပြပေ။

အဘိုးကြီးဘေးတွင် သက်လတ်ပိုင်းအမျိုးသားနှစ်ယောက်ရှိသည်။ သူတို့က ချောမောခန့်ညားပြီး နက်နဲသော ကျင့်ကြံခြင်းအခြေခံများ ပိုင်ဆိုင်ထားကြသည်။

အဘိုးကြီးက ပြော၏။ "ခင်ဗျားတို့အားလုံး စုန့်မျိုးနွယ်စုရဲ့သမက်ရွေးချယ်ပွဲကို လာရောက်ပါဝင်တဲ့အတွက် ကျုပ် အတိုင်းမသိဝမ်းသာမိပါတယ်။ ကျေးဇူးပြုပြီး စကြရအောင်" သူက အားပါးတရရယ်ပြီးနောက် ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ရင်ပြင်တစ်ခုလုံး တုန်ခါသွားပြီး မရေမတွက်နိုင်သော စားပွဲများ ရုတ်ခြည်း ထွက်ပေါ်လာသည်။ တစ်ဆက်တည်းမှာပင် အချိန်သည် သူတို့ပတ်လည်တွင် လည်ပတ်သွားပုံရပြီး ရုတ်တရက် သူတို့မှာ ရင်ပြင်တွင်သာမက စုန့်မျိုးနွယ်စုတွင်ပင် မရှိတော့ဘဲ ကောင်းကင်တစ်နေရာတွင် လွင့်မျောနေကြလေပြီ။

တိမ်စိုင်တိမ်လိပ်များက သူတို့ကို ဝန်းရံထားပြီး အရာအားလုံးမှာ ကောင်းကင်ဘုံနှင့်တူနေတော့သည်။ အစေခံများ ထွက်လာကြပြီး သူတို့၏မျက်နှာသွင်ပြင်က မသဲကွဲသော်လည်း သူတို့ကောက်ကြောင်းများက လှပတင့်တယ်၏။ သူတို့သည် ဟိုဟိုသည်သည် ကခုန်ပျံသန်းရင်း စားပွဲပေါ်တွင် သေရည်များ၊ ဝိညာဥ်သစ်သီးများ နေရာချနေကြသည်။

လေတိုးသံ၊ စီးဆင်းနေသောရေသံ နှင့် ငှက်အော်သံလေးများ သာယာနာပျော်ဖွယ်ရှိလှသည်။ ၄င်းတို့အားလုံးကား အတိုင်းထက်အလွန် ခမ်းနားတင့်တယ်လေသည်။ မန်ဟိုသော်လည်းကောင်း၊ အခြားချီအခြေတည်အဆင့်ကျင့်ကြံသူများသော်လည်းကောင်း ဤကဲ့သို့အရာများ တစ်ခါမှမမြင်ခဲ့ဖူးပေ။ တချို့က ပတ်ဝန်းကျင်ကို လေ့လာနေပြီး တချို့က အစေခံမိန်းကလေးများကို စိုက်ကြည့်နေကြသည်။

ဂိုဏ်းအမျိုးမျိုး၊ မျိုးနွယ်စုအသီးသီးကို ဦးဆောင်လာကြသော အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ ပြုံးသွားကြပြီး ချီးကျူးစကားများ ထွက်ပေါ်လာသည်။ "အကြီးအကဲစုန့်ထျန်းရဲ့ ကျင့်ကြံခြင်းအခြေခံက နက်နဲတယ်။ ဒီစကြဝဠာအချိန်ပြောင်းလဲခြင်းက တကယ့်ကို ပြီးပြည့်စုံခြင်းရဲ့ထိပ်ဆုံးအဆင့်မှာပဲ"

အဘိုးကြီးမှာ စုန့်မျိုးနွယ်စု၏ ခေါင်းဆောင်ကြီးစုန့်ထျန်းက လွဲ၍တခြားမဟုတ်ပေ။ ကောလဟလများအရ သူသည် အချိန်အတော်ကြာကတည်းက စိတ်ဝိညာဥ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်နေခဲ့ပြီဖြစ်သည်။ သို့သော် အတိအကျပြောရန် မဖြစ်နိုင်သလို ၊ တိကျသေချာသောသဲလွန်စများလည်း မရှိပေ။

စုန့်ထျန်းက ရယ်ပြီးနောက် တင်ပျဥ်ခွေထိုင်လိုက်သည်။ သူနှင့် အတူပါလာသည့် သက်လတ်ပိုင်းအမျိုးသားနှစ်ယောက်လည်း ထိုနည်းတူ ထိုင်လိုက်ကြသည်။

ဝမ်မျိုးနွယ်စု အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူက အင်္ကျီလက်စကို ခါလိုက်ည်။ သူက လူထူးဆန်းစုန့်ကို စိန်းစိန်းဝါးဝါးကြည့်ရင်း စုန့်ထျန်းဘေးတွင် ထိုင်ချလိုက်သည်။ သိသာစွာပင် သူသည် စောစောက လူထူးဆန်းစုန့်၏တားဆီးခြင်းခံခဲ့ရသည့်အချက်ကြောင့် အခဲမကြေနိုင်သေးပေ။

မန်ဟိုက ဖက်တီးဘေးရှိ စားပွဲတစ်လုံးတွင်ဝင်ထိုင်သည်။ ယခု မန်ဟို ဤနေရာတွင်ရှိနေပြီဖြစ်၍ ဖက်တီးမှာ ကျင်းဟန်ဂိုဏ်းနှင့် ထိုင်ရန် ငြင်းဆန်၍ မန်ဟို့ဘေးနား ရောက်လာသည်။ သူက ကျင်းဟန်ဂိုဏ်းရှိ သူ၏အတွေ့အကြုံများအကြောင်းကို စိတ်အားထက်ထက်သန်သန်ပြောပြနေ၏။ ဖက်တီးသည် မှီခိုရာဂိုဏ်းတုန်းက အတိုင်း တစ်ထပ်တည်းပင်။ ရံဖန်ရံခါ သူသည်် ဝိညာဥ်ကျောက်တုံးတစ်တုံးထုတ်၍ သူ့သွားများဖြင့် တစစီဖြစ်အောင် ကိုက်ဝါးတတ်သည်။

ရုတ်တရက် ဖက်တီးက သာမန်မဟုတ်ကြောင်း သိသာသည့် ဓားပျံတစ်လက်ကို ထုတ်လိုက်သည်။ သူက ၄င်းကို သွားများဖြင့်ခြစ်နေသဖြင့် ၄င်းမှာ တလက်လက်တောက်ပနေ၏။

"ဂိုဏ်းက ငါ့မိတ်ဆွေတစ်ယောက် ငါ့ကိုယ်ငါကာကွယ်ဖို့ဆိုပြီး ဒီဓားကို ပေးထားတာ" သူကပြောသည်။ "ဒါပေမယ့် ငါသွားနဲ့ခြစ်ကြည့်တော့ သိပ်ခြစ်မကောင်းဘူးကွ။ မင်းလိုချင်ရင် ဒါမင်းအပိုင်ပဲ" သူက ဓားကို မန်ဟို့ဆီ ကမ်းပေးသည်။

၄င်းက ဖက်တီးသွားရည်များ ရွှဲနေသည်......

မန်ဟို တွန့်သွား၏။ ဖက်တီးဘေးက ကျိုးဒရ၏မျက်လုံးများ ပြူးထွက်သွားသည်။ "ခေါင်းဆောင်လေး" သူကပြောသည်။ "အဲဒီ့ဓားက (၁၉) ဆက်မြောက် သွေးဆက်ရဲ့ မှော်အမွေအနှစ်လက်နက်တစ်ခုလေ....."

"စိတ်ပျက်ဖို့ကောင်းလိုက်တာ။ မှော်လက်နက်ဆိုလဲ မှော်လက်နက်ပေါ့။ အာ ထားလိုက်တော့။ ငါမင်းကို ဒီဓားပေးလို့မရဘူးထင်တယ်။ ဒါပေမယ့် ငါ့မှာ တခြားဟာတွေရှိသေးတယ်" သူက တောက်ပနေသော မှော်လက်နက်ကြီးတစ်ခု ဆွဲထုတ်လိုက်ရာ ချက်ချင်း လူအများအာရုံစိုက်ရာ ဖြစ်သွားသည်။

"ဒီတစ်ခုကော ကြိုက်လား" ဖက်တီးက ကျေနပ်နေဟန်ဖြင့် ပြောသည်။ ဖက်တီး၏မျက်နှာထားက မန်ဟို့ကို ပြုံးမိလိုက်စေသည်။

ချန်ဖန်းမှာ ဖက်တီးကို မနာလိုစွာ ကြည့်ရင်း သက်ပြင်းချလိုက်သည်။ ကျင်းဟန်ဂိုဏ်းအတွက် ဖက်တီးက မည်မျှအရေးပါသည်လဲ သူသိသည်။ သူ့မှာ ခေါင်းသာခါလိုက်နိုင်၏။

ဟန်ပေ့က ယောက်ျားလေးသဖွယ် ဝတ်စားလျက် ရောက်လာသည်။ သူမက ဖက်တီးကို မဆိုစလောက်ပြုံးပြ၏။

"တာအိုရောင်ရင်းလီ၊ စိတ်မရှိရင် ခဏလောက်ဖယ်ပေးလို့ရမလား။ ကျွန်မ ဒီမှာ တကယ်ထိုင်ချင်လို့ပါ"

ဖက်တီးက ဟန်ပေ့ကိုတစ်လှည့်၊ မန်ဟို့ကိုတစ်လှည့်ကြည့်သည်။ သူက အသံနှိမ့်ရင်း အနားကပ်ပြော၏။ "မန်ဟို၊ ဒီမိန်းမ အသားရေက တော်တော်လှတယ်။ သူနဲ့ချူယွီယန် ဆိုရင် ဘယ်သူကပိုကောင်းမယ်ထင်လဲ"

မန်ဟိုက ခွက်ကို နှုတ်ခမ်းနားတေ့ကာ တစ်ငုံသောက်ပြီးနောက် လည်ချောင်းရှင်းလိုက်သည်။

ဖက်တီးက တဟားဟားအော်ရယ်ပြီး ဟန့်ပေ့အတွက် ဖယ်ပေး၏။ သူမသည် ဖက်တီးကြောင့် စိတ်အနှောင့်အယှက်တစ်စုံတရာမဖြစ်ဘဲ ဝင်ထိုင်လိုက်သည်။ သူမက မန်ဟို့ကို ကြည့်ပြီး မျက်တောင်ကလေးခတ်ကာ ရယ်သည်။

သူမက သူ့အနား တိုးလာပြီးနောက် နားနားကပ်၍ တိုးတိုးလေးကပ်ပြောသည်။ "အစ်ကိုမန်၊ ရှုချင်ကိစ္စနဲ့ပတ်သက်ပြီး ရှင် ကျွန်မကို ဘယ်လိုကျေးဇူးတင်မှာလဲ"

***

All Chapters