← Chapters

ဟန်ပေ့နှင့် ကစားပွဲ

Vol. 14 Ch. 192

ဟန်ပေ့နှင့် ကစားပွဲ

Vol. 14 Ch. 192

"တာအိုရောင်ရင်းဟန်၊ ဘာကိုဆိုလိုချင်တာလဲ" မန်ဟိုက ပကတိအတိုင်း တည်ငြိမ်သောအမူအရာဖြင့် မေးသည်။ သူသည် အပြင်ပန်းအရ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်တော့ ထိတ်ခနဲဖြစ်သွား၏။ သူက ဟန်ပေ့ကို လှည့်ကြည့်လိုက်ရာ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသည်။ သူမက သူ့ကို နီးနီးကပ်ကပ် ကြည့်ရင်း အကဲခတ်နေသည်။

မန်ဟို၏အမူအရာ နည်းနည်းလေး ပြောင်းလဲသွားလျှင်ပင် ဟန်ပေ့ သတိထားမိပေမည်။ မှန်ပါသည် ။ ထို့အတွက်ကြောင့် သူမ သူ့အနားတိုးလာခဲ့ခြင်းဖြစ်သည်။

ဟန်ပေ့သည် ချင်းလော်ဂိုဏ်း၏ မြင့်မြတ်သောနယ်မြေမှာတုန်းက မန်ဟို ကောင်းကောင်းနားလည်ခဲ့သော အကြံသမားတစ်ယောက်ဖြစ်သည်။ အမှန်အတိုင်းပြောရလျှင် အကွက်ချကြံစည်ရာ၌ ဟန်ပေ့ ခြေဖျားလေးပင် မှီနိုင်သောလူဟူ၍ သက်တူရွယ်တူများကြားတွင် သူတစ်ခါမှ မကြုံတွေ့ခဲ့ဖူးပေ။

"အစ်ကိုမန်" သူမက ဆွဲဆောင်မှုရှိသော အပြုံးလေးဖြင့် ဆိုသည်။ "အဖြေသိပြီးသားမေးခွန်းကို မေးစရာမလိုပါဘူး။ ဂိုဏ်းတူအစ်မရှုက ကျိုးပြည်မှာတုန်းက မှီခိုရာဂိုဏ်းဝင်တစ်ယောက်လေ။ ရှင်လဲ အတူတူပဲ" ယောက်ျားလေးအဝတ်အစားများးနှင့် သူမ၏ချိုသာသောလေသံလေး ပေါင်းစပ်သွားသည်တွင် သူမကို ပို၍ပင် ညှိို့ဓာတ်ပြင်းသွားစေ၏။

"အော်" မန်ဟိုက သူမကို ခပ်ရေးရေးပြုံးရင်း ကြည့်ကာ ပြန်ဖြေသည်။

သူ၏အမူအရာက သူမကို တဒင်္ဂ ထိတ်လန့်သွားစေသည်။ ထို့နောက် သူမ မျက်မှောင်ကြုတ်သွားပြီး ရင်ထဲတွင် စိုးထိတ်လာတော့သည်။

"အစ်ကိုမန်၊ ရှင့်အတွက် ကျွန်မ ညီမရှုကို ခဏခဏကူညီပေးခဲ့တယ်။ ကျွန်မသာ ကြားဝင်မပေးရင် သူ သံသယ ဝင်ခံရလောက်ပြီ။ ကံကောင်းထောက်မစွာနဲ့ ကျွန်မက ဂိုဏ်းအပေါ် လွှမ်းမိုးမှု အနည်းငယ်ရှိတော့ ရှင် အန္တိမဒုက္ခယူသွားးတဲ့အချိန် သူ့ပါ ဆွဲထည့်မခံရတာ" သူမက ပြုံးသည်။ "ဒီတော့ ရှင် ကျွန်မကို ဘယ်လိုပြန်ကျေးဇူးဆပ်မှာလဲ"

သူမ အပြုံးမှာ လှပသော်လည်း သူမမျက်လုံးများကတော့ ဉာဏ်နီဉာဏ်နက်များဖြင့် တောက်ပနေသည်။ သူမပုံပန်းသွင်ပြင်လေးက ဆွဲဆောင်မှုရှိသည့်တိုင် သူမအမူအရာမှ ပြောရခက်သော ကောက်ကျစ်စဥ်းလဲမှုအတိုင်းအတာကို မန်ဟိုသိသည်။ သူမ 'ရှဲ့ အချစ်လေး' ဟု ထပ်တလဲလဲခေါ်ပြီး မျက်တောင်မခတ်ဘဲ မည်သို့ သတ်ဖြတ်ခဲ့သည်ကို မန်ဟိုဘယ်တော့မှမေ့မည် မဟုတ်ပေ။ ထိုမြင်ကွင်းက မန်ဟို့ခေါင်းထဲ ပြန်ပေါ်လာသည်။

သူမက မန်ဟို့အနားပိုမှီလိုက်သည်။ သူတို့ကို ကြည့်နေကြသူများ၏ရှုထောင့်အရ သူတို့နှစ်ယောက်မှာ အတော်လေးရင်းနှီးသော ဆက်ဆံရေးရှိသည်ဟု သေချာပေါက်ထင်ကြမည် ဖြစ်သည်။

"တာအိုရောင်ရင်းဟန်" သူက အေးစက်စွာပြောသည်။ "ခင်ဗျား ကျုပ်နဲ့ အရမ်းနီးကပ်နေတာ စိတ်မပူဘူးလား။ ချင်းလော်ဂိုဏ်းသားတွေ တစ်ခုခုသံသယဝင်လာရင် ဘယ်လိုလုပ်မလဲ။ သူတို့ အခုကျုပ်ကိုကြည့်နေရတာ ခံစားနေရတယ်။ ဒီနေ့ပြီးရင် သေချာပေါက် ကျုပ် နောက်ကို လူတွေလွှတ်ကြမှာပဲ" သူ့စကားလုံးများက သာမန်ကာလျှံကာ ထင်ရသော်လည်း တကယ်တမ်း သူမကို စမ်းကြည့်နေခြင်းဖြစ်သည်။

"အစ်ကိုမန်၊ ရှင်ဘာသိချင်တာလဲဆိုတာ ကျွန်မကို တိုက်ရိုက်ပေးလို့ရပါတယ်။ ကျွန်မကို စမ်းနေစရာမလိုပါဘူး" သူမက သူ့ကိုကြည့်ရင်း တခစ်ခစ်ရယ်သည်။ သူမက ဖြေးဖြေးချင်း အသက်ရှူထုတ်လိုက်ရာ သူမထွက်လေသည် သစ်ခွနံ့လေးကို သယ်ဆောင်ရင်း သူ့ကိုဖြတ်တိုက်သွား၏။ မန်ဟိုက မျက်မှောင်ကြုတ်ပြီး သူမထံမှ နည်းနည်းဆုတ်လိုက်သည်။

သူရွှေ့သွားသည်ကို ကြည့််ရင်း ဟန့်ပေက စဥ်းစားနေဟန်ဖြင့် ပြုံးသည်။ သူမက နောက်တစ်ဖန် သူ့အနားကပ်လာပြန်သည်။ နူးညံ့ချိုမြိန်သောရနံ့လေးသည် သူမထံမှ သင်းပျံ့လာ၏။

မန်ဟို မျက်မှောင်ကြုတ်လိုက်ပြီး ပို၍ဝေးဝေးပင် ရွှေ့သွားသည်။ ဟန်ပေ့က လှောင်သံလေးနှင့် ခပ်တိုးတိုးရယ်သည်။

"ချင်းလော်ဂိုဏ်းက တကယ် ရှင့်ကို ရှာနေတယ်။ ဒါပေမယ့် စိတ်မပူပါနဲ့။ တခြားဂိုဏ်းတွေ ဘာဖြစ်နေလဲ မသိပါဘူး။ ရှင့်ကို တိတ်တဆိတ်ရှာနေကြတာလေ။ ရှင် သတိထားဖို့တော့ လိုတာပေါ့....." သူမက ပြုံးပြီး နောက်ဆုံး သူမ နည်းနည်းထပ်တိုးလျှင် မန်ဟိုဝေးဝေးဆုတ်သွားလိမ့်မည်ဟု တွေးနေပုံရသည်။ ရုတ်တရက် မန်ဟို့လက်က သူမ၏ခါးသိမ်သိမ်လေးကို ဖက်လိုက်သည်။ သူက သူမကို သူ့အနားဆွဲကပ်လိုက်၏။

"မင်းကို ဘယ်လို ကျေးဇူးတင်စေချင်လဲ" သူက ပြောသည်။ "ပြောကြည့်" သူသည် သူမနှင့်အလွန်နီးကပ်နေသဖြင့် သူ၏ဝင်လေထွက်လေတို့ကိုပင် သူမခံစားနေရသည်။ သူတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်နေပြီး သူတို့၏အမူအရာများမှာ ကြင်နာနွေးထွေးပုံရသော်လည်း သိသာထင်ရှားစွာပင် ဉာဏ်တိုက်ပွဲဆင်နွှဲနေကြခြင်း ဖြစ်သည်။

ဟန်ပေ့မှာ ရုတ်တရက် ပျာယာခတ်သွားဟန်တူသည်။ မန်ဟို ဤကဲ့သို့ လုပ်လိမ့်မည်ဟူ၍ သူမတစ်ခါမှ မတွေးခဲ့ဖူးပေ။ သို့သော် သူမက မြန်မြန်ဆန်ဆန် က္ကန္ဒြေဆည်လိုက်ပြီး သူမမျက်လုံးများသည် ပြိုင်ဘက်ကင်းသော အလှတရားတစ်ခုဖြင့် တောက်ပသွားသည်။

"ဒါက ရိုးရိုးလေးပါ" သူမက နူးညံ့ပျော့ပျောင်းစွာ ပြောသည်။ "ကျွန်မကို ရှင် လေးထောင့်ဒယ်အိုးထဲက ယူသွားတဲ့ ကျောက်စိမ်းစာရွက်ပေး။ ကျွန်မတစ်ခုလုံးလိုချင်တယ်။ ဒါပါပဲ" သူမခန္ဓာကိုယ်သည် ရုတ်တရက် မသိမသာတွန့်သွားပြီး သူမက မန်ဟို့ထံမှ ခွာကာ ထရပ်လိုက်သည်။

"အစ်ကိုမန်၊ သေသေချာချာစဥ်းစားနော်" သူမက အပြုံးလေးတစ်ခုဖြင့် ပြောသည်။

မန်ဟိုက သူမကို ခပ်ရေးရေးပြုံးရင်း ပြန်ကြည့်သည်။ သူက ဘာမှမပြောသော်လည်း တခဏကြာသော် သူ့လက်ကို သိုလှောင်အိတ်ထံ မြှောက်ပြီး ကျောက်စိမ်းပြားတစ်ပြားထုတ်လိုက်သည်။ သူသည် ၄င်းကို သူမထံ ပစ်ပေးလိုက်၏။

သူမ မျက်မှောင်ကြုတ်သွားသည်။ ဤသည်မှာ သူမလိုချင်သော ကျောက်စိမ်းစာရွက်မဟုတ်၊ သာမန်ကျောက်စိမ်းပြားတစ်ပြားသာဖြစ်သည်။ သို့သော် မန်ဟိုသည် အကွက်ချစီစဥ်ရာ၌ ကျွမ်းကျင်ပြီး သူမအလွယ်တကူ လှည့်စားနိုင်သူ မဟုတ်ကြောင်း သူမသိသည်။ သူမက ၄င်းကို လက်ခံပြီး စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးလိုက်သည်။ ထူးဆန်းသောအမူအရာတစ်ခု သူမမျက်နှာပေါ်တွင် ဖြတ်ပြေးသွားပြီးနောက် ပုံမှန်ပြန်ဖြစ်သွားသည်။ သူမက မန်ဟို့ကို လေးလေးနက်နက်တစ်ချက် ကြည့်ပြီးနောက် နှစ်လိုဖွယ်အပြုံးလေးတစ်ခု သူမမျက်နှာပေါ်တွင် ပေါ်လာပြန်သည်။ သူမက ခေါင်းညိတ်ပြကာ ချင်းလော်ဂိုဏ်းထိုင်နေရာဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။

မန်ဟိုက ခွက်ကို မြှောက်ပြီး တစ်ငုံသောက်သည်။ ကျောက်စိမ်းပြားပေါ်ရှိသည့် တစ်ခုတည်းသောအရာမှာ မန်ဟို ထိုနေ့က တိတ်ဆိတ်ဖမ်းယူထားခဲ့သော သူမ ရှဲ့ကျဲကို သတ်နေသည့်ပုံရိပ် ဖြစ်သည်။

အမှန်တွင် ဟန်ပေ့ သူ့ကို လာမရှာလျှင်တောင်မှ သူမနှင့်အဆက်အသွယ်ရရန် နည်းလမ်း သူရှာခဲ့မည်ဖြစ်သည်။ သူသည် သတင်းရရန်အတွက်နှင့် အာမခံတစ်ခုအဖြစ် ကျောက်စိမ်းပြားတစ်ပြား ပြင်ထားခဲ့ပြီးဖြစ်သည်။

ဖက်တီးက ဟန်ပေ့ထွက်သွားသည်ကို ကြည့်ပြီး မေးခွန်းများတရစပ် စမေးတော့သည်။ ချန်ဖန်းမှာ မန်ဟို့ကို တလေးတစားကြည့်နေသည်။ သူသည် ရုတ်တရက် သူ့ညီလေး၏ကျွမ်းကျင်ပုံကို ထည့်တွက်လျှင် သူ့အတွက် လက်ထပ်ပွဲစီစဥ်ပေးစရာမလိုကြောင်း သဘောပေါက်လိုက်သည်။

အချိန်တချို့ကုန်လွန်သွား၏။ အချိန်အနည်းငယ်ကြာသော် ခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး ရောင်စုံအလင်း နောက်တစ်ဖန်ပေါ်လာသည်။ ၄င်းအလယ်မှ လူနှစ်ယောက် ထွက်လာ၏။ တစ်ယောက်က ယောက်ျားလေးဖြစ်ပြီး တစ်ယောက်က မိန်းကလေးဖြစ်သည်။ ယောက်ျားလေးဖြစ်သူသည် လျှပ်စီးသဖွယ် တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် ပိန်ပိန်သွယ်သွယ် ချောမောခန့်ညား၏။ သူက အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့ကို မိစ္ဆာဆန်ဆန် ခန့်ညားမှု ပေးစွမ်းနေသည့် ရှည်လျားသောအနက်ရောင်ဆံနွယ်များ ရှိသည်။ သူက လူတိုင်းကို ပြုံးပြပြီး လက်ယှက်နှုတ်ဆက်သည်။

"အဲ့တာ စုန့်မျိုးနွယ်စုရဲ့ တာအိုကလေး၊ စုန့်ယွင်ရှုပဲ"

"စုန့်ယွင်ရှူမှာ တမူထူးခြားတဲ့ ကျင့်ကြံခြင်းအခြေခံရှိတယ်။ စုန့်မျိုးနွယ်စုရဲ့ တာအိုကလေးအနေနဲ့ သူက ချီအခြေတည်အဆင့်ပညာရှင်တွေကြားမှာ နံပါတ် တစ်ပဲ....."

"သူ့ဘေးက မိန်းကလေးက စုန့်ကျား။ သူက စုန့်မျိုးနွယ်စု ခင်ပွန်းရှာပေးတဲ့မိန်းကလေးပဲ"

မန်ဟိုက မော့ကြည့်လိုက်ရာ သူ့အကြည့်သည့် ရောင်စုံအလင်းထဲမှ လမ်းလျှောက်ထွက်လာသော အမျိုးသားနှင့်အမျိုးသမီးကို လွှမ်းခြုံသွား၏။ စုန့်ကျားသည် ကိုယ်လုံးကိုယ်ပေါက် သေးသွယ်ကျစ်လျစ်လှပပြီး နူးညံ့သိမ်မွေ့သည်။ သူမတွင် ရှည်လျားသောဆံနွယ်လေးများနှင့် ကြည်လဲ့နေသောအသားရေရှိသည်။ သူမက နူးညံ့သိမ်မွေ့သော မိန်းမဆန်မှုကို ထုတ်လွှတ်နေပြီး လှပသောမျက်ဝန်းလဲ့လဲ့လေးများ ရှိသည်။ သူမ၏မျက်လုံးကလေးများတောက်ပနေပုံက ဟန်ပေ့၏ဉာဏ်များမှု၊ လီရှိချီ၏သတိရှိခြင်း၊ သို့မဟုတ် ရှုချင်၏အေးစက်မှုကဲ့သို့ မဟုတ်ပေ။ သူမမျက်ဝန်းလေးများက နူးညံ့ကြင်နာမှုဖြင့် တောက်ပနေခြင်းဖြစ်သည်။

စုန့်ကျားကို ကြည့်လိုက်သည့် မည်သူမဆို သူမ၏ သန့်စင်မွန်မြတ်မှုနှင့် နူးညံ့ကြင်နာမှုကို အာရုံရနိုင်မည်ဖြစ်သည်။ သူမမှာ ဘယ်တော့မှ ဒေါသထွက်မည်မဟုတ်သော မိန်းကလေးမျိုးနှင့် တူသည်။

သူမက လူအုပ်ကြီးကို လှမ်းကြည့်လိုက်သည်။ မန်ဟို သူမဘက် ကြည့်လိုက်သည့်အခိုက်၊ သူတို့နှစ်ယောက် တခဏ အကြည့်ချင်းဆုံသွားသည်။

အရှေ့ဆုံးတွင် ထိုင်နေသော စုန့်ထျန်းက ရယ်ပြီး ပြောသည်။ "အချိန်ကျပြီ။ မျိုးဆက်တစ်ဆက်ပြီး တစ်ဆက်၊ စုန့်မျိုးနွယ်စုဟာ ဟိတ်ဟန် ကြီးကြီးကျယ်ကျယ်မရှိဘဲ ကျင့်ကြံခြင်းကို အားထုတ်ခဲ့ကြတယ်။ ကျုပ်တို့က ရိုးရှင်းမှုကို နှစ်သက်တယ်။ ဂိုဏ်းအသီးသီး၊ မျိုးနွယ်စုအမျိုးမျိုးက သူရဲကောင်းတို့၊ ပါရမီရှင်လူငယ်တို့  စုန့်မျိုးနွယ်စုမှ ကြိုဆိုပါတယ်။ ဒီကိုလေ့ လာဖို့ရောက်လာတဲ့သူတွေက လွဲပြီး ခင်ဗျားတို့အားလုံးက ရည်ရွယ်ချက်တစ်ခုတည်းကြောင့် ဒီရောက်နေကြတာပဲ။ ကျုပ် ဆက်ရှင်းပြပြီး အချိန်ဆွဲမနေတော့ပါဘူး" သူ၏အသံပဲ့တင်ထပ်နေချိန်မှာပင် သူက ညာဘက်ကိုမြှောက်လိုက်ရာ အပေါ်ရှိ တိမ်တိုက်များ တလိပ်လိပ်ထလာသည်။ မျက်စိတစ်မှိတ်အတွင်း ဧရာမဝဲကြီးတစ်ခု ပေါ်ပေါက်လာ၏။ ၄င်းအလွန်တွင် ထူးဆန်းသောကမ္ဘာတစ်ခုကို မြင်နိုင်သည်။

ဤကမ္ဘာအတွင်းတွင် ပင်လယ်ကြီးတစ်စင်းရှိပြီး အလယ်တွင် မိုးထိအောင် မြင့်တက်နေသော ဧရာမသစ်ပင်ကြီးတစ်ပင်ရှိသည်။ ဧရာမသစ်ပင်ကြီးက တောင်တစ်လုံးထက်ပင် မြင့်သေးသည်။

တုတ်ခိုင်သောနွယ်ပင်များက ၄င်း၏ပင်စည်ကို ရစ်ပတ်ရင်း ၄င်းနှင့်အတူ မိုးကောင်းကင်အထိ တွန့်လိမ်ကောက်ကွေးတက်လျက်ရှိသည်။

ပင်စည်သည် အဆမတန် ကြီးမား၏။ ၄င်းထိပ်တွင် သစ်ကိုင်းများက မှိုပွင့်ပုံသဏ္ဍာန် ဆန့်ထွက်နေသည်။ နွယ်များ တွဲလျားကျနေပြီး တချို့ဆိုလျှင် ပင်လယ်ထဲထိပင် ကျလျက်ရှိသည်။ လေပြင်းတစ်ချက်က ရေပြင်ကို တိုက်ခတ်သွားရာ လှိုင်းလုံးများ ထကြွသွားစေသည်။

အထက်ကောင်းကင်တွင် တိမ်မည်းများ ပြည့်နှက်နေပြီး လျှပ်စီးများ တဝင်းဝင်းလက်ကာ မိုးထစ်ခြုန်းသံများ ပဲ့တင်ထပ်နေသည်။

ကျင့်ကြံသူများစားသောက်ပွဲက အမှန်တကယ်တွင် ဤကမ္ဘာပေါ်က တိမ်တိုက်များအတွင်း တည်ရှိခြင်းဖြစ်သည်။

စုန့်ထျန်းက ရယ်ပြီးပြောသည်။ "ဒီသစ်ပင်ရဲ့ထိပ်မှာ ကုဗပုလဲရှိတယ်။ ပုလဲကို ပထမဆုံးရတဲ့ဘယ်သူမဆို စုန့်မျိုးနွယ်စု လက်ရှိမျိုးဆက်ရဲ့ ပထမဆုံးသားမက်ဖြစ်မယ်" သူက လူအုပ်ကြီးကို လှမ်းကြည့်ပြီးနောက် စုန့်ကျားကို ကြည့်သည်။ သူ၏မျက်လုံးများသည် အကြီးတစ်ယောက်မှ အငယ်တစ်ယောက်အပေါ် ချစ်မြတ်နိုးခြင်းဖြင့် ပြည့်နှက်သွားသည်။ ထို့နောက် သူ့အကြည့်က မန်ဟို့အပေါ်ကျရောက်လာ၏။ သူက မြန်မြန်ဆန်ဆန်ပင် အကြည့်လွှဲလိုက်သည်။

လူထူးဆန်းစုန့်မှာ တစ်ချိန်လုံး ဘာမှမပြောပေ။ သူဘာတွေးနေသည်လဲ ပြောရခက်သည်။

ဟန်ပေ့က မလှုပ်သော်လည်း သူမပတ်လည်က ချင်းလော်ဂိုဏ်းသားမှာ သွားချင်လွန်း၍ ယားနေပုံရသည်။ သူတို့သည် စုန့်မျိုးနွယ်စု၏သားမက်ဖြစ်ရန် ပြင်းပြသောရည်ရွယ်ချက်များဖြင့် စုန့်မျိုးနွယ်စုကို လာရောက်ခဲ့ကြခြင်းဖြစ်သည်။ အောင်မြင်မှုက ဂိုဏ်းအတွက်မဟုတ်ဘဲ သူတို့အတွက် ချက်ချင်းလက်ငင်းအကျိုးထူးစေလေမည်။

မည်သူ ပထမဆုံးလဲ ပြောရခက်သည်။ ပုံရိပ်အမြောက်အမြား တိမ်ဝဲကြီးနှင့် ၄င်း အောက်ရှိ ပင်လယ်ထံ ပျံတက်လိုက်ကြသည်။

လီတောက်ရီက မလှုပ်ရှားပေ။ သူသည် တာအိုကလေးတစ်ယောက်အဖြစ် လေ့လာရန်သာ လာရောက်ခြင်းဖြစ်သည်။ သူက သေချာပေါက် လက်ထပ်ပြီး စုန့်မျိုးနွယ်စုထဲ ဝင်ရောက်မည်မဟုတ်ပေ။ သို့သော် ကျန်လီမျိုးနွယ်ဝင်များကတော့ ခြားနားသည်။ တစ်ယောက်ပြီးတစ်ယောက် ဝဲထံ ပျံတက်သွားကြသည်။

ဝမ်တန်ဖေးသည် တွေဝေရင်း ထိုင်နေ၏။ ဝမ်ချီဖန်းက သူ့လမ်းကိုတားရန် လက်ဆန့်ထုတ်လိုက်သည်။ သို့သော် သူသည် အချိန်အတော်ကြာကတည်းက စိတ်ပိုင်းဖြတ်ပြီးဖြစ်သည်။ သူက ခြေလှမ်းကြဲကြဲလျှောက်သွားပြီးနောက် ဝဲထဲ ဦးတည်သွားသော အလင်းတန်းအသွင်ပြောင်းသွားတော့သည်။

သူ၏ဝင်ရောက်ယှဥ်ပြိုင်မှုက အခြားသူများနှင့် ကွဲပြားသည်။ ဇီယွင်ဂိုဏ်းသားများ၊ အထူးသဖြင့် သူတို့၏ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ၏မျက်နှာပေါ်တွင် အံ့အားသင့်သွားသောအရိပ်အယောင် ပေါ်လာသည်။ သူ၏မျက်လုံးများ ရိပ်ခနဲဖြစ်သွား၏။ သူ့ဘေးက ဝမ်မျိုးနွယ်စု အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူ မျက်မှောင်ကြုတ်သွားသည်။

ဖက်တီးက ချောင်းဟန့်ပြီး မန်ဟို့ကို ကြည့်သည်။ ထို့နောက် သူက လေပေါ်ပျံတက်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ယခုထက်ထိ ချီအခြေတည်အဆင့်မဟုတ်သေးသည့်တိုင် သူ့တွင် မှော်ပစ္စည်းတစ်ပုံတခေါင်းရှိသည်။ ကျန်ကျင်းဟန်ဂိုဏ်းကျင့်ကြံသူများလည်း သူနှင့်အတူပျံတက်လိုက်ကြသည်။ သူတို့အားလုံး အတူတကွ ဝဲထံသို့ ချီတက်သွားကြသည်။

ချန်ဖန်းနှင့် ယီးကျန့်ဂိုဏ်းမှ အခြားသူများကမူ တစ်ယောက်ပြီးတစ်ယောက် ပျံတက်လိုက်ကြသည်။ ဝမ်ယိုချိုင်အပါအဝင် သွေးမိစ္ဆာဂိုဏ်းသားများလည်း ထိုနည်းတူပင်။ လီရှိချီက အေးစက်သောအမူအရာဖြင့် ထိုင်နေခဲ့သည်။

မန်ဟိုက တိမ်ဝဲမှတစ်ဆင့် ပင်လယ်နှင့် ဧရာမသစ်ပင်ကြီးကို လှမ်းကြည့်သည်။ သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူက တခဏ စဥ်းစားရင်း ထိုင်နေသည်။ ထို့နောက် သူသည် ထရပ်ပြီး ဝဲထံသို့ တဟုန်ထိုးဦးတည်သွားသည်။

မမြင်ရသောအမျိုးသမီးလည်း ထိုနေရာတွင်ရှိနေသေးသည်။ သူမက မန်ဟို ဝဲအတွင်း ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်နေသည်။ သူမမျက်လုံးများထဲရှိ နူးညံ့ကြင်နာသောချစ်ခြင်းမေတ္တာမှာ ပို၍အားကောင်းလာသည်။ နောက်ဆုံး၌ သူမ သက်ပြင်းချလိုက်သည်။

"မင်း မင်းလမ်းကို တစ်ယောက်တည်းလျှောက်ရမယ်။ တစ်နေ့ကျရင်တော့ မင်း အမေတို့ဆီလာဖို့ လမ်းရှာတွေ့ပြီး အရာအားလုံး နားလည်လိမ့်မယ်.... မင်း မတွေ့ရင်တော့ အမေ မင်း မရဏကမ္ဘာမှာ ပြန်ဝင်စားမှာကို စောင့်နေပါ့မယ်" သူမ မန်ဟို့ကို ကြည့်နေစဥ် သူမအသံမှာ နူးညံ့ညင်သာနေ၏။ သူမက မျက်လုံးများပိတ်ပြီးနောက် လှည့်ကာ ပျောက်ကွယ်သွားသည်။ သူမကား အစထဲက ထိုနေရာတွင် မရှိခဲ့သည့်အလားပင်။

ကြောက်ခမန်းလိလိလှိုင်းလုံးကြီးများက တဝေါဝေါတိုက်ခတ်နေသောလေ၏ တွန်းထုတ်မှုကြောင့် ပင်လယ်မျက်နှာပြင်တွင် တလိပ်လိပ်ထနေသည်။ ၄င်းက ကျင့်ကြံသူအားလုံး လွင့်ထွက်သွားနိုင်သည်အထိ ကြောက်မက်ဖွယ်ကောင်းရာ ဧရာမသစ်ပင်ကြီးဆီရောက်ရန် အတိုင်းထက်အလွန် ခက်ခဲနေစေတော့သည်။

သစ်ပင်ကြီးနှင့်ယှဥ်လျှင် သူတို့မှာ ပုရွက်ဆိတ်များသဖွယ် အလွန်သေးငယ်လှသည်။

မန်ဟိုက ရေပြင်ကို ငုံ့ကြည့်ပြီး မျက်မှောင်ကြုတ်သွားသည်။ ဧရာမလှိုင်းလုံးကြီးများအောက်တွင် အနက်ရောင်အရိပ်များ ဟိုဟိုသည်သည် ကူးခတ်နေသည်ကို မြင်နိုင်၏။ အန္တရာယ်အာရုံတစ်ခု သူ့ရင်တွင်းတွင် ဖြစ်တည်လာသည်။

"စုန့်မျိုးနွယ်စုရဲ့ သမက်လောင်းရွေးချယ်ပွဲက နတ်မီးလျှံစမ်းသပ်ပွဲတစ်ခုပဲ" စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးက ပြောသည်။ "ကျုပ်တို့ အနိဋ္ဌာရုံမြင်ကွင်းတွေမမြင်ချင်ဘူး။ တစ်ယောက်ယောက် အန္တရာယ်အရမ်းများလာတယ်လို့ ထင်ရင် စကားတစ်ခွန်းနဲ့အရှုံးပေးနိုင်တယ်။ ပြီးတာနဲ့ ချက်ချင်းနေရာရွှေ့ပြောင်းပေးမယ်" သူ့အသံသည် ပင်လယ်တစ်လျှောက် ပဲ့တင်ထပ်လာ၏။ သူ့စကားသံကြောင့် လေမှာ မနှောင့်ယှက်ဝံ့သည့်အလား ရုတ်တရက် အားပျော့သွားသည်။

***

All Chapters