မိုးသောက်ချိန်မှာ ပွင့်လန်းသော ပန်း
Vol. 14 Ch. 193
ပင်လယ်နှင့် ဧရာမသစ်ပင်ကြီး၏အပေါ်တွင် မရပ်မနား လည်ပတ်နေသော တိမ်ဝဲကြီးရှိသည်။ တိမ်ဝဲအထက်တွင် စုန့်မျိုးနွယ်စုမှ သားမက်ရှာဖွေခြင်းအတွက် တည်ခင်းဧည့်ခံထားသော စားသောက်ပွဲရှိသည်။
လောလောဆယ်တွင် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီး၏အသံက ပင်လယ်တစ်လျှောက် ဖြတ်သန်းသွားပြီး မမြင်ရသောအမျိုးသမီး ပျောက်ကွယ်သွားခဲ့လေပြီ။ စုန့်မျိုးနွယ်စု၏ တောင်တန်းများ၏ အနက်ရှိုင်းဆုံးနေရာများမှာ သူတို့၏တာအိုစောင့်ရှောက်သူများ တည်ရှိရာဖြစ်သည်။
ကိုယ်တစ်ပိုင်းပြတ် အလောင်းသည် မျက်လုံးများမှ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ခု ထုတ်လွှတ်နေသည်။ မဝံ့မရဲဖြစ်နေခြင်းမှာ ထိုအလင်းရောင်အတွင်း တရိပ်ရိပ်် လှုပ်ရှားလျက်ရှိသည်။
" သူ.... သူက ဘယ်သူများလဲ။ သူ့မှာ အင်မိုတယ်တစ်ယောက်ရဲ့ စိတ်ဝိညာဥ်ရှိနေပေမယ့် အင်မိုတယ်ဖြစ်ဖို့ အရည်အချင်းမပြည့်မှီသေးပုံပဲ..... သူက လူငယ်လေးမန်ဟိုကို ချစ်ခြင်းမေတ္တာတွေနဲ့ ကြည့််နေခဲ့တယ်။ ဒါပေမယ့် သူ ကြည့်နေခဲ့တာက မန်ဟိုမဟုတ်ဘူး.....သူ့ကိုယ်ထဲက ရှင်သန်ခြင်းနှင်းပန်းကိုပဲ
"သူက မန်ဟို သူတို့ဆီ ရောက်လာရင် အကုန်လုံး နားလည်မယ်ပြောခဲ့တယ်။ ဘာကြောင့် အဲ့ဒီရိုးရှင်းတဲ့ စကားလုံးတွေက ငါ့ကို ကြောက်လန့်သွားစေနိုင်တာလဲ......" အဘိုးအို၏ မျက်လုံးများမှ အလွန်ရှေးဆန်သော အလင်းရောင်တစ်ခု ထုတ်လွှတ်နေပြီး သူသည် အတွေးထဲ နစ်မြောနေသည်။ " သူ မအောင်မြင်ခဲ့ရင် သူ မရဏကမ္ဘာမှာ ပြန်ဝင်စားမှာကို စောင့်နေမယ် ပြောခဲ့တယ်။ ပြန်ဝင်စားခြင်းအရ ဒါဟာ .... ဒဏ္ဍာလာ ရှင်သန်ခြင်းနှင်းပန်းအတွက်ပဲ ဖြစ်နိုင်တာ။ ရှင်သန်ခြင်းနှင်းပန်းက လူတစ်ယောက်ကို သန္ဓေအဖြစ် ပေါင်းစည်းတာပဲ။ ဒါကြောင့် ရှင်သန်ခြင်းနှင်းပန်းလို့ခေါ်တာ။ ပန်းက လူတစ်ယောက်နဲ့ တစ်သားတည်းဖြစ်သွားတာနဲ့ လူက ပျောက်ကွယ်သွားတယ်။ ပန်းကတော့ ကျန်ခဲ့တယ်။ ဒါပေမယ့် ဒီကမ္ဘာမှာ ဘယ်အရာမှ အကြွင်းမဲ့မဟုတ်ဘူး။ ရှင်သန်ခြင်းနှင်းပန်းသာ ယဥ်ပါးပြီး ဝါးမြိုခံရမယ်ဆိုရင် ခုနစ်ရောင်ခြယ် အင်မိုတယ်အဆင့်တက်ခြင်း ဖြစ်နိုင်တယ်"
စောစောက ကျန်စုန့်မျိုးနွယ်ဝင်များအား သူ့ကိုယ်သူ ဖော်ပြခဲ့သော ဤစုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးသည် ရုတ်တရက် လေပေါ် ပျံတက်လိုက်၏။ သူ၏မျက်လုံးများ တလက်လက် တောက်ပနေပြီး သူ့ကိုယ်အောက်ပိုင်း၏ ဝိုးတိုးဝါးတားပုံရိပ် ပေါ်လာသည်။ သူက တိုင်ထိပ်တွင် ဒူးထောက်လိုက်သဖြင့် သူ၏ဆံပင်များ တလွင့်လွင့်လှုပ်ရှားသွားသည်။
"အင်မိုတယ်၊ အသင့်ရဲ့ မူလအစဟာ လျှို့ဝှက်ဆန်းကြယ်မှုတွေနဲ့ ပြည့်နှက်နေပါတယ်။ စုန့်မျိုးနွယ်စုက မျိုးဆက် တစ်ဆက်ပြီးတစ်ဆက် တောင်ပိုင်းဒေသကို ကြည့်ရှုစောင့်ရှောက်ပေးခဲ့ပါတယ်။ အင်မိုတယ်အရှင်ခင်ဗျား၊ ကျုပ်ရဲ့ ရှုပ်ထွေးနေမှုကို ရှင်းလင်းပေးဖို့ တောင်းဆိုပါတယ်" သူသည် လျှာကိုက်ပြီး နှလုံးသွေးတချို့ ထွေးထုတ်လိုက်သည်။ သွေးသည် ပျံထွက်ပြီး ချက်ချင်း ပျောက်ကွယ်သွား၏။ သို့သော် စုန့်မျိုးနွယ်စုအပေါ်က ကောင်းကင်ရှိ နေနှင့်လ ရတနာမှာ ရုတ်တရက် ဖျတ်ခနဲ လက်သွားပြီး အပြင်လူတစ်ယောက်မှ သတိထားမိမည် မဟုတ်သော အလင်းဖန်လုံးတစ်ခု ထွက်ပေါ်လာသည်။ ၄င်းက အဘိုးအို၏ အရှေ့တည့်တည့်ရောက်သည်အထိ တောင်တန်းများကို ဖြတ်၍ ထိုးဆင်းလာသည်။
၄င်းသည် တပိုင်းတစ ဖောက်ထွင်းမြင်ရသော ပုံရိပ်တစ်ခု အသွင်ပြောင်းသွားသည်။ ၄င်းမှာ ပေါ်လိုက်၊ ပျောက်လိုက် ဖြစ်နေသကဲ့သို့ ဝေဝါးနေ၍ ယောက်ျားလား၊ မိန်းမလား ပြောရန် မဖြစ်ပေ။
အလောင်းအိုကြီး ပုံရိပ်ကို မြင်သောအခါ သူ၏မျက်နှာအပေါ်တွင် လေးစားကြည်ညိုသော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ဤသည်မှာ မျိုးနွယ်စုရတနာ၏ စိတ်ဝိညာဥ်ဖြစ်ကြောင်း သူသိသည်။ ဤစိတ်ဝိညာဥ်မှာ..... စုန့်မျိုးနွယ်စု၏ ဘိုးဘေးခေါင်းဆောင်ကြီးတစ်ဦးလည်း ဖြစ်သည်။ ဒဏ္ဍာရီအရ သူသည် အင်မိုတယ်နယ်ပယ်ကို ဝင်ရောက်ပြီးနောက် ဤနေရာတွင် သူ၏စိတ်ဝိညာဥ်အစိတ်အပိုင်းတစ်ခု ချန်ထားခဲ့သည်ဟု ဆိုကြသည်။
ပုံရိပ်က လက်မြှောက်ပြီး အဘိုးအို၏ ခေါင်းထိပ်ကို အသာအယာ ပုတ်လိုက်သည်။
အဘိုးအို၏ခန္ဓာကိုယ် တုန်ရီသွားပြီး ရုတ်တရက် သူ၏မျက်လုံးများမှာ မယုံနိုင်ခြင်းဖြင့် တောက်ပသွားသည်။ သူက ခေါင်းမော့ပြီး ပုံရိပ် တဖြေးဖြေး ပျောက်ကွယ်သွားသည်ကို ကြည့်လိုက်သည်။ ၄င်းမှာ ဘယ်တုန်းကမှ ထိုနေရာတွင် မရှိခဲ့သည့်အလားပင်။
အဘိုးအိုက အသက်ပြင်းပြင်းတစ်ချက်ရှုသွင်းလိုက်သည်။ "ပန်းက မိုးသောက်ချိန်မှာ ပွင့်ပြီး ကံကြမ္မာပြောင်းလဲတဲ့နေ့ရက်မှာ အင်မိုတယ်အဆင့်ကို ရရှိတယ်။ ရှင်သန်ခြင်းနှင်းပန်းရဲ့ မိခင်......အရုဏ်ဦးအင်မိုတယ်......ဒီမန်ဟိုက အန္တရာယ်များလွန်းတယ်......" သူသည် တခဏ အတွေးထဲ နစ်မြောလျက် တိတ်ဆိတ်နေသည်။ သို့သော် သူက မည်သည့်အမိန့်မှလည်း မပေးသလို၊ စောစောက အမျိုးသမီးပေးပို့ခဲ့သည့် စကားများကို ဆန့်ကျင်ရန်လည်း ဘာမှမလုပ်ပေ။
ထိုအချိန်၊ တိမ်ဝဲကြီးအောက်က လှိုင်းလုံးကြီးများ တဝုန်းဝုန်း လှုပ်ရှားနေသော ပင်လယ်တွင် လေမုန်တိုင်း တိုက်ခတ်လျက်ရှိသည်။ ဤနေရာသို့ ဝင်ရောက်လာခဲ့သော ကျင့်ကြံသူများစွာသည် ဧရာမသစ်ပင်ကြီး၏ ပတ်ဝန်းကျင်တွင် ပျံဝဲနေကြ၏။
လေမုန်တိုင်းများကို ဖောက်ထွက်ပြီး သစ်ပင်ဆီသို့ အမှန်တကယ် ရောက်နိုင်သည့် မည်သူမဆို ပြိုင်ပွဲ၏ ပထမနေရာကို သိမ်းပိုက်နိုင်ပေမည်။
စုန့်မျိုးနွယ်စုအတွင်း နေရာတစ်နေရာ ရရှိခြင်းက လျှို့ဝှက်ဆန်းကြယ်သော မျိုးနွယ်စုနယ်ပယ်များအတွင်း ကျင့်ကြံအားထုတ်ခွင့်ရရှိစေမည်ဖြစ်သည်။ ရှိသမျှ ကျင့်ကြံသူအားလုံးနီးပါးသည် ထိုကဲ့သို့ အခွင့်အရေးတစ်ခုကို ဆာလောင်မွတ်သိပ်နေကြ၏။ ထိုအကြောင်းကြောင့်ပင် သူတို့ ဤနေရာသို့ ရောက်ရှိနေရခြင်းနှင့် တိုက်ခိုက်နေကြခြင်းဖြစ်သည်။
အခြားတစ်ဖက်တွင် မန်ဟိုသည် စုန့်မျိုးနွယ်ဝင်အဖြစ် ဝင်ရောက်ရန် အခွင့်အရေးအတွက် ဤနေရာသို့ ရောက်ရှိနေခြင်း မဟုတ်ပေ။ ဤနေရာသည် ကျင့်ကြံခြင်းအတွက် မယုံနိုင်လောက်အောင် သင့်တင့်လျောက်ပတ်သော်လည်း သူက အခြားသူများကို မှီခိုတတ်သည့် လူစားမျိုး မဟုတ်ပေ။ သူ့တွင် အရေးကြီးသော ရည်ရွယ်ချက် မရှိသရွေ့ သူသည် ကောင်းကင်နှင့်ပင်လယ်သဖွယ် တစ်ယောက်တည်း ခြေဦးတည့်ရာ လျှောက်သွားနေရသည်ကို သဘောကျသည်။
မိုးကောင်းကင်အောက်တွင် ခြေဦးတည့်ရာ လျှောက်သွား၊ သဘာဝရှုခင်းတွေကို ကြည့်ရှုခံစား၊ ကမ္ဘာကြီးနှင့် တိရစ္ဆာန်တို့၏ အလှတရားကို စောင့်ကြည့်လေ့လာ........ ယင်းက မန်ဟို့အတွက် ဘဝ၏အဓိပ္ပါယ်ပင်။ သူသည် တဖျပ်ဖျပ်လက်နေသော မျက်လုံးများဖြင့် အဝေးက ဧရာမသစ်ပင်ကြီးကို မော့ကြည့်သည်။ ၄င်း၏ ဟိုးထိပ်ဆုံးတွင်ကား ပုလဲတစ်လုံး။
အခြားသူများအတွက် ပုလဲက တန်ဖိုးမရှိဘဲ ၄င်းကိုယ်စားပြုသည့်အရာသာ အရေးပါသည်။ မန်ဟိုကတော့ ပုလဲကိုသာ ဂရုစိုက်သည်။ ပုလဲအတွက်မဟုတ်လျှင် မန်ဟို ဤနေရာသို့ဘယ ရောက်ပင် ရောက်လာမည်မဟုတ်ပေ။
"အဲ့ဒီ ပုလဲ ငါ့အဆိပ်ကို ဖြေပေးနိုင်မယ် မျှော်လင့်တယ်။ ဖြေပေးနိုင်ရင်တော့ ငါ ဇီယွင်ဂိုဏ်းကိုဝင်ဖို့ ဒုက္ခမများတော့ဘူး"
မန်ဟို၏မျက်လုံးများ ဖျတ်ခနဲ လက်သွားပြီး သူက ရင်တဒိန်းဒိန်ခုန်နေလျက် တဟုန်ထိုးထွက်သွားသည်။ ထို့နောက် သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး ပျံသန်းနေရာမှ ခဏရပ်လိုက်သည်။
"ဆိုတော့ ငါ ဒီနေရာက စိတ်ဝိညာဥ်စွမ်းအင်ကိုလဲ စုပ်ယူနိုင်တာပေါ့။ ဒါ့အပြင် အပြင်ကထက်တောင် ပိုသိပ်သည်းသေးတယ်။ စုန့်မျိုးနွယ်စုမှာ ဘာလျှို့ဝှက်ချက်ကြီး ရှိနေပါလိမ့်။ ဒီနေရာက စိတ်ဝိညာဥ်စွမ်းအင်တွေက ဘယ်လိုလုပ် သွေးအင်မိုတယ်အမွေအနှစ်နယ်မြေကလို ဖြစ်နေတာလဲ။ ငါ ဘာကြောင့် စုပ်ယူနိုင်တာလဲ" သူ၏မျက်လုံးများသည် အတွေးများဖြင့် ပြည့်နှက်သွားပြီး သူက နောက်တစ်ဖန် အမြင့်ဆုံးအရှိန်ဖြင့် တဟုန်ထိုး ထွက်သွားသည်။ တစ်ချိန်တည်းမှာပင် သူက သူ၏ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။ သူ၏ ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်လေးတိုင် လှုပ်ရှားလာပြီး သူ၏ခန္ဓာကိုယ်မှာ တွင်းနက်ကြီးတစ်တွင်းကဲ့သို့ ဖြစ်လာသည်။ ချက်ချင်းပင် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များ သူ့ထံပြေးဝင်လာကြသည်။
မန်ဟိုက ၄င်းတို့ကို အသည်းအသန် မစုပ်ယူဘဲ သတိရှိရှိဖြင့် နည်းနည်းချင်း စုပ်ယူလိုက်သည်။
အဝေးတွင် ဝမ်တန်ဖေးမှာ မျက်နှာထားတင်းမာခက်ထန်နေပြီး သူ့ရင်ထဲတွင် ခါးသီးမှုများဖြင့် ပြည့်နှက်ကာ ရူးချင်စိတ်ပင် ပေါက်နေလေသည်။ သူသည် ငယ်ငယ်ကတည်းက ရွေးချယ်ခံတစ်ယောက် ဖြစ်ခဲ့သည်။ မိုးကောင်းကင်မှ ကျရောက်လာခဲ့သည့် မိုးနဂါးပျံကြီး၏ သွေးကြောင့် သူ ကြီးပြင်းလာသည်နှင့် သူလမ်းက အဆင်သင့်ခင်းပြီးသား ဖြစ်ခဲ့သည်။ သူ့မှာ အမြဲတမ်း တစ်နည်းနည်းဖြင့် ကံကောင်းခဲ့သည့်အတိုင်းပင်။
သို့သော်......သူ့အစ်ကို၏ ကောင်းမှုကြောင့် သူသည် ဝမ်မျိုးနွယ်စု၏ တာအိုကလေး ဖြစ်မလာခဲ့ပေ။ အာရုံစိုက်မှုအားလုံးက တစတစ သူထံမှ ဝေးရာသို့ မျောလွင့်သွားသည်။ တကယ်တမ်း သူ၏ကလေးတစ်ဘဝလုံးတွင် သူ့မှာ သူ့အစ်ကို၏အရိပ်အောက်တွင်သာ နေထိုင်ခဲ့ရလေသည်။
သူ တန်ပြန်တိုက်ခိုက်ချင်သည်။ သူ့အစ်ကိုထက် သာချင်သည်။ သူက ဝမ်မျိုးနွယ်စု၏ တာအိုကလေးဖြစ်ရန် ထိုက်တန်ကြောင်း သက်သေပြချင်သည်။ ထိုအကြောင်းကြောင့် သူသည် မျိုးနွယ်စုမှ ထွက်ခွာပြီး အနာအဆာမဲ့အခြေ ရှာဖွေရန် ကျိုးပြည်သို့ ထွက်လာခဲ့၏။
ဝမ်မျိုးနွယ်စုတွင် နေလျှင် တိုးတက်ရန် ခက်ခဲမည်ဖြစ်ကြောင်း သူသိသည်။
သူသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်လျက် အနာအဆာမဲ့အခြေနှင့် မိုးနဂါးပျံကြီး၏ အမွေအနှစ်ကို ရှာဖွေရန် ကျိိုးပြည်သို့ ရောက်လာခဲ့သည်။ သူ၏အစီအစဥ််မှာ ကျိုးပြည်မှ ပြန်လာပြီးနောက် သူ၏အစ်ကိိုကို စိန်ခေါ်ရန်ပင်။
သို့သော် မန်ဟိုက အရာရာတိုင်းကို ဖျက်စီးပစ်ခဲ့သည်။ သူ့မှာ အလဲလဲအပြိုပြို ရှုံးနိမ့်ခဲ့ရသည်။ သို့သော် သူ အလျှော့မပေးနိုင်ပေ။ ဝမ်ချီဖန်း၏ အားပေးမှုနှင့် ချူယွီယန်၏ ထောက်ပံ့ပေးမှုကြောင့် သူသည် အဆိပ်လက်ချောင်းဖြင့် အရိပ်များအောက်မှ ရုန်းထွက်နိုင်ခဲ့သည်။
တကယ်တမ်းဆိုရလျှင် ချူယွီယန်၏ အကူအညီကြောင့်သာ ကျိုးပဲ့အခြေကို သူ အောင်မြင်ရရှိခဲ့ခြင်းဖြစ်သည်။ သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲတွင် သူ့အစ်ကို သေဆုံးသွားခဲ့သည်ကို မျက်စိဖြင့် တပ်အပ်မြင်ခဲ့ပြီးနောက်တွင် အနာဂတ်တံခါး ပွင့်သွားသည့်အလား ခံစားလိုက်ရသည်။ သူ၏ကံဆိုးမှုက နောက်ဆုံးတော့ သူ့ကို တဟုန်ထိုးတိုးတက်ခွင့် ပေးပေတော့မည်။
ထိုအချိန်က ဝမ်တန်ဖေး၏ဘဝတော့ နောက်ဆုံး မူလအတိုင်းပြန်ဖြစ်ပြီဟု သူ ယုံကြည်ခဲ့သည်။
သို့သော်......နောက်ဆက်တွဲ အဖြစ်အပျက်များက သူ့ကို လုံးဝ သတိလက်လွတ် ဖြစ်သွားစေသည်။ ဝမ်လီဟိုင်ကား အမှန်တကယ် မသေခဲ့ပေ။ သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲတွင် သေဆုံးသွားသည့် ဝမ်လီဟိုင်မှာ ဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီးတစ်ဦး ဖန်တီးထားသော တာအိုကိုယ်ပွားတစ်ကိုယ် ဖြစ်နေခဲ့သည်။
သူ ခံစားရသည်က ဤမျှဆိုလျှင် ဆိုးရွားသင့်သလောက် ဆိုးရွားနေပြီဖြစ်သည်။ သူ အံကြိတ်ပြီး သည်းခံနိုင်သေးသည်။ သို့သော် ဤနေရာ၊ စုန့်မျိုးနွယ်စုတွင် ချူယွီယန်နှင့်အတူရှိခဲ့သည်ဆိုသော ယောက်ျားက မန်ဟိုဖြစ်နေကြောင်း သိခဲ့ရလေသည်။
ထိုသည်က သူ့ကို ရူးမတတ်ဖြစ်သွားစေခဲ့သည်။ သူသည် မန်ဟို့ကို သတ်ရန် အားကုန်သုံးခဲ့သည်။ သို့သော် ထိုတိုက်ပွဲက ကုလားအုတ်ကျောရိုးကျိုးသွားစေသော ကောက်ရိုးမျှင်ပမာပင် ။ မန်ဟို့လက်တွင် အရှက်တကွဲရှုံးနိမ့်ခဲ့ရခြင်းက ဝမ်တန်ဖေးကို ခါးသီးသီး ရယ်မိလိုက်စေသည်။ ထိုအခိုက်အတန့်တွင် သူ၏အတွေး၊ စိတ် ၊ သူ၏အရာရာတိုင်းမှာ ရှုပ်ထွေးပြီး ပြောင်းလဲသွားတော့သည်။
၄င်းက သူ့ကို မိုက်မဲမှု ချောက်ကမ်းပါးသို့ တွန်းပို့ခဲ့သည်။
"ငါ ဝမ်မျိုးနွယ်စု မပါဘဲ လုပ်နိုင်တယ်" သူက မျက်လုံးများ သွေးကြောများဖြင့် ပြည့်နှက်နေလျက် ပြောသည်။ "ပြီးတော့ ချူယွီယန်ကိုလဲ ဖြတ်နိုင်တယ်။ ငါ၊ ဝမ်တန်ဖေး ငါ့လမ်းငါလျှောက်မယ်။ ငါ မန်ဟို့ဆီက အကုန်လုံး ယူမယ်။ ငါ အကုန်လုံး ပြန်လုပစ်မယ်" သူသည် ရုးမိုက်သော စိတ်အားထက်သန်မှုတို့ဖြင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေရင်း သစ်ပင်ကြီးထံ တဟုန်ထိုး ထွက်သွားသည်။
ဖက်တီးက လေလယ်တွင် ဝဲနေရင်း နှာခေါင်းရှုံ့လိုက်သည်။ ကျင်းဟန်ဂိုဏ်းသား ခုနစ်ယောက်၊ ရှစ်ယောက်က သူ့ကို စက်ဝန်းသဏ္ဍာန် ဝိုင်းပတ် ကာကွယ်ထားကြသည်။
"ဂိုဏ်းခေါင်းဆောင်က ငါ့ကို စုန့်မျိုးနွယ်စုထဲ လက်ထပ်ပြီး ဝင်ရောက်တာကို တားမြစ်ထားတယ်။ ဒါပေမယ့် ငါ ဘာပဲပြောပြော တစ်ချက်လောက် စမ်းကြည့်သင့်တယ် ထင်တယ်"
ဝန်းရံနေသော ကျင်းဟန်ဂိုဏ်းသားများမှာ ခါးသက်သက်သာ ပြုံးလိုက်နိုင်သည်။
"ခေါင်းဆောင်လေး၊ ဒီလိုမလုပ်သင့်ပါဘူး။ ခေါင်းဆောင်လေး ကိုယ့်အစွမ်းကိုယ် မထိန်းနိုင်လို့ စုန့်မျိုးနွယ်စုရဲ့ သမက်ဖြစ်သွားရင် ဘယ်နှယ့်လုပ်မလဲ။ ကျွန်တော်တို့ ဂိုဏ်းပြန်ရောက်ရင် ပေးခံရလိမ့်မယ်။ အပြစ်ဒဏ်က တော်တော်ဆိုးမှာ........"
"ဟုတ််တယ်၊ ခေါင်းဆောင်လေး။ ထပ်စဥ်းစားပါဦးနော်..... ထပ်စဥ်းစားပါဦး....."
ဖက်တီးက မယုံကြည်နိုင်သော မျက်နှာထားဖြင့် မျက်လုံးကြီးပြူးပြီး သူတို့ကို ကြည့်သည်။ "ဒါပေမယ့် ငါ ဒီရောက်နေပြီလေ" သူက ပြောသည်။ "ခေါင်းဆောင်လေး" ကျိုးဒရက ကပျာကယာ ဝင်ပြောသည်။ "ခေါင်းဆောင်လေးကို သဘောကျနေတဲ့ ဂိုဏ်းတူညီမလေးတွေ ရှိတာ မသိဘူးလား။ ပြီးတော့ ဂိုဏ်းခေါင်းဆောင်က ခေါင်းဆောင်လေးကို ပေးထားတဲ့ တရားဝင်မိန်းကလေးတွေ ရှိသေးတယ်လေ။ သူတို့အားလုံး ခေါင်းဆောင်လေးကို စောင့်နေကြတာ......" သူက ဖက်တီးကို အနားလည်ဆုံးဖြစ်သည့်အတွက် သူ့ပါးစပ်မှ ထိုစကားလုံးများ ထွက်သွားသည်နှင့် ဖက်တီးက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။
"အေးကွာ၊ ထားလိုက်တော့။ အပျင်းပြေ လျှောက်ကြည့်ရအောင်"
ကျင်းဟန်ဂိုဏ်းသားများ ဖက်တီး မယှဥ်ပြိုင်အောင် ဖျောင်းဖျနားချနေကြချိန် ဝမ်ယိုချိုင်သည် အတွေးနက်နေသောဟန်ဖြင့် လေတွင် ဝဲနေသည်။ ထူးဆန်းသောချီတစ်ခုက သူ့ကို လှည့်ပတ်နေသည်။ သူသည် ဆယ့်ခုနစ်နှစ်၊ ဆယ့်ရှစ်နှစ် ဝန်းကျင်သာ ရှိသည်ထင်ရသော်လည်း ပေါင်းသင်းရခက်သော အငွေ့အသက်တစ်ခု ထုတ်လွှတ်နေသည်။
သူက ဖက်တီးကိုကြည့်ပြီးနောက် မန်ဟို့ကို ကြည့်သည်။ မန်ဟို ပြန်ကြည့်သည့်အခါတိုင်း သူက အကြည့်လွှဲသွားတတ်သည်။
သူနှင့် ရှောင်းဟူကြား မည်သည့်အရာပင် ဖြစ်ခဲ့စေကာမူ၊ ၄င်းက သူတို့နှစ်ယောက်သာ နားလည်နိုင်သော လျှို့ဝှက်ချက်တစ်ခုပင် ကျန်ရှိနေမည်ဖြစ်သည်။
ဝမ်းနည်းကြေကွဲနေသော လေပြင်းတစ်ချက်က ပင်လယ်ကို လှိုင်းထန်သွားစေသည်။ ၄င်း၏အောက်ခြေတွင် ခေါက်တုံ့ခေါက်ပြန်ကူးခတ်သွားလာနေသော အနက်ရောင်အရိပ်များက ဤတစ်နေရာလုံးကို မယုံနိုင်လောက်အောင် ထိတ်လန့်အံ့သြဖွယ် ကောင်းနေစေသည်။ အော်မြည်နေသော လေကြားတွင် လူတိုင်း ရှေ့သို့ တဟုန်ထိုးထွက်သွားကြသည်။ သူတို့ ဧရာမသစ်ပင်ကြီးထံ ဦးတည်နေကြသဖြင့် လေများက သူတို့မျက်နှာများကို တိုးဝှေ့တိုက်ခတ်လျက်ရှိသည်။
***