← Chapters

လူတိုင်းကို ဖိနှိပ်ခြင်း

Vol. 14 Ch. 195

လူတိုင်းကို ဖိနှိပ်ခြင်း

Vol. 14 Ch. 195

ယခု မန်ဟို ရသည့် အခွင့်အရေးမှာ ရုတ်တရက်ဆန်ပြီး မမျှော်လင့်ထားသောအရာ ဖြစ်သည်။ ဤကံကောင်းမှုကျေးဇူးကြောင့် သူ၏ကျင့်ကြံခြင်းအခြေခံမှာ မယုံနိုင်ဖွယ် အမြန်နှုန်းဖြင့် တိုးတက်နေသည်။ ထိုမျှသာမက သူ သစ်ပင်အနားရောက်လေလေ၊ စိတ်ဝိညာဥ်စွမ်းအင် ပိုမိုသိပ်သည်းလာလေလေ ဖြစ်သည်။

သူက သူ့အား အထူးအဆန်းသဖွယ် ကြည့်နေသော လူအားလုံးကို လျစ်လျူရှုရင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူသည် ဧရာမသစ်ပင်ကြီးနှင့် သူ တစ်ယောက်သာ စုပ်ယူနိုင်သော ၄င်း၏ ထူးခြားဆန်းကြယ် စိတ်ဝိညာဥ်စွမ်းအင်အပေါ်တွင်သာ လုံးဝ အာရုံစူးစိုက်ထား၏။

သစ်ပင်အောက်ရှိ စိတ်ဝိညာဥ်စွမ်းအင််မှာ တဝုန်းဝုန်း လှုပ်ရှားထကြွနေသည်။ သူ၏ခန္ဓာကိုယ်မှာ စိတ်ဝိညာဥ်စွမ်းအင်အားလုံးကို အရူးအမူး စုပ်ယူနေသည့် လည်ပတ်နေသော အနက်ရောင်တွင်းနက်ကြီးပမာပင်။

သူ၏ကျင့်ကြံခြင်းအခြေခံမှာ ဆက်လက်မြင့်တက်လာနေပြီး သူ၏ ပဉ္စမတာအိုမဏ္ဍိုင်ပုံရိပ်သည် ပို၍ထင်ရှားပြတ်သားလာ၏။ မကြာမီ ၄င်းသည် ပုံရိပ်ယောင်အဖြစ်သာ ရှိတော့မည် မဟုတ်ပေ။

ဆယ်ရာခိုင်နှုန်း။ နှစ်ဆယ်ရာခိုင်နှုန်း။ သုံးဆယ်ရာခိုင်နှုန်း .......

မန်ဟိုသည် တိုးတိုးလာနေသော စိတ်ဝိညာဥ်စွမ်းအင်ကို စုပ်ယူရင်း ပိုပို၍ စိတ်လှုပ်ရှားလာတော့သည်။ သူက ဧရာမသစ်ပင်ကြီး၏အခြေထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေ၏။

မြင့်မားလှသော သစ်ပင်ကြီးဘေးတွင် မန်ဟိုမှာ ပိုးကောင်လေးသဖွယ်ပင်။ တကယ်တမ်း နှိုင်းယှဥ်ဖို့ပင် မဖြစ်နိုင်။ သူတို့မှာ ပိုးစုန်းကြူးနှင့် လပြည့်ဝန်းပမာ ခြားနားလှသည်။

မန်ဟိုက သစ်ပင်ကြီးအတွင်း ပထမဆုံး ဝင်ရောက်သွားသူ ဖြစ်သည်။ အခြားကျင့်ကြံသူများ နီးကပ်လာကြသည်။ အသက်ဆယ်ရှိုက်စာအတွင်း ဝမ်တန်ဖေး နှင့် ဝမ်ယိုချိုသည်လည်း ဝင်ရောက်လာကြသည်။

ဟုတ်ပါသည်။ သူတို့မှာ ဤနေရာရှိ စိတ်ဝိညာဥ်စွမ်းအင်ကို မစုပ်ယူနိုင်သောကြောင့် အားပြန်မဖြည့်နိုင်ပေ။ သူတို့အတွက် ရှေ့ဆက်သွားရန် မည်မျှခက်ခဲကြောင်း ဖော်ပြရန်ပင် မလိုအပ်ချေ။ တစ်ဖက်တွင် မန်ဟိုမှာတော့ ရေထဲက ငါးသဖွယ်သာ။ တခဏအတွင်း သူသည် သူတို့ထံမှ မီတာသုံးရာအကွာသို့ ရောက်နေပြီဖြစ်သည်။

ဤသည်ကို ကြည့်ရှုပြီးနောက် စောင့်ကြည့်နေသူများ၏ မျက်လုံးများတွင် ထူးဆန်းသောအလင်းရောင်တစ်ခု တောက်ပသွားသည်။ အထူးသဖြင့် စုန့်မျိုးနွယ်ခေါင်းဆောင်ကြီး။ သူသည် တိမ်ဝဲက မန်ဟို့ကို ကြည့်ပြီး မျက်လုံးများ တဖျပ်ဖျပ်လက်နေချေသည်။

"သူ အဲဒီ့က စိတ်ဝိညာဥ်စွမ်းအင်ကို စုပ်ယူနိုင်တာပဲ......." သူက တွေးသည်။ "ဒါပေမယ့် အဲ့ဒီ့နေရာက လောကသစ်ပင်ရဲ့ ပန်းချီကားချပ်တစ်ခုလေးပဲလေ။ ပုံရိပ်ယောင်လို့တောင် ထည့်တွက်လို့မရဘူး။ ဒါပေမယ့် သိပ်မများပေမယ့်လို့ လောကသစ်ပင်ရဲ့စိတ်ဆန္ဒရယ်၊ သိပ်သည်း ထူထပ်တဲ့ စိတ်ဝိညာဥ်စွမ်းအင်တွေရယ် ပါဝင််တယ်....." သူ၏မျက်လုံးများ လင်းလက်သွားသော်လည်း တုံ့ဆိုင်းမှုအနည်းငယ် ပါရှိနေသည်။

လူထူးဆန်းစုန့်မှာ တုန်လှုပ်သွားနေသော်လည်း တစ်ဆက်တည်းမှာပင် ပျော်ရွှင်အူမြူးနေချေသည်။ အပြုံးကြီးတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာ၏။ သူက အခြားအနုသုခမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများ၏ ပြောင်းလဲနေသောအမူအရာများကို ကြည့်ပြီး ပို၍ပင် ပြုံးဖြီးသွားသည်။ သူက ဝိညာဥ်သစ်သီးများကို သိမ်းရန် အင်္ကျီလက်စခါလိုက်သည်။

"တာအိုရောင်ရင်း၊ ကျုပ် လောင်းကြေးတွေကို သိမ်းလိုက်တော့မယ်။ နောက်ထပ်လောင်းချင်သေးလား။ ဒီကလေးက စုန့်မျိုးနွယ်စုရဲ့ သမက်ဖြစ်လာမယ်လို့ ကျုပ်လောင်းတယ်။ ဘယ်လိုလဲ ။ လောင်းမလား၊ မလောင်းဘူးလား"

အခြားအနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများက သူ့ကို လျစ်လျူရှုပြီး တိမ်ဝဲထဲတွင် ဖြစ်ပျက်နေသည်ကိုသာ အာရုံစိုက်နေသည်။ သူတို့က မန်ဟို ဧရာမသစ်ပင်အပေါ် တက်သွားသည်ကို လေးလေးနက်နက် ကြည့်နေကြသည်။

လူထူးဆန်းစုန့်က ဆက်လက်လှုံ့ဆော်နေသော်လည်း အခြားသူများ စကားပြန်မပြောသည်ကို မြင်သောအခါ ဝိညာဥ်သစ်သီးများကို သိမ်းပြီး ရယ်လိုက်သည်။ လွန်ခဲ့သောနှစ်များက မန်ဟိုအပေါ် အခဲမကြေမှုများမှာ ယခု လုံးဝပျောက်ကွယ်သွားလေပြီ။

"ဒီကောင်လေးမန်ဟိုက သိပ်မဆိုးဘူးပဲ" လူထူးဆန်းစုန့်က တိမ်ဝဲကို ကြည့်ရင်း ပြောသည်။ "အီး၊ ဒီလိုသာ ဖြစ်မယ် သိခဲ့ရင် အဲ့ဒီနှစ်တွေက ဝူတင်းချိုးနဲ့ သူ့အပေါ် လောင်းခဲ့ရမှာ"

တိမ်ဝဲအတွင်းတွင် ဝမ်တန်ဖေး၏ မျက်လုံးများ နီရဲနေသည်။ သူသည် ယခုတွင် သစ်ပင်ပေါ်တက်နေလေပြီ။ ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်များက သူ့ကို တွန်းထုတ်နေပြီး သူ့မှာ မည်သို့ပင်ဖြစ်စေ မစုပ်ယူနိုင်ပေ။ လေက တိုးဝှေ့တိုက်ခတ်နေသော်လည်း သူသည် ဘာကိုမှ ဂရုမထားဘဲ ရှေ့ဆက်သွားနေသည်။ သစ်ပင်မှ တိုက်ထုတ်ခံရလျှင် အောက်ဆုံးမှ ပြန်စရမည်ဖြစ်ကြောင်း သူသိသည်။

ရှေ့ဆက်တိုးခြင်းက မယုံနိုင်လောက်အောင် ခက်ခဲသော်လည်း သူမော့ကြည့်ပြီး မန်ဟို တဟုန်ထိုးသွားနေသည်ကို မြင်သည့်အခါတိုင်း ၄င်းက သူ့အား တဝေါဝေါ တိုက်ခတ်နေသောလေနှင့် ပြင်းထန်သောဖိအားကို လျစ်လျူရှုထားစေသည်။

"ငါ ဘယ်လိုလုပ် သူ့ကို ရှုံးနိုင်မှာလဲ" သူက ဒေါသတကြီးပြောသည်။ "ငါက ဝမ်မျိုးနွယ်စု ရွေးချယ်ခံတစ်ယောက်။ သူက ငါ့အမွေနဲ့ ငါ့ ချစ်သူကို လုယူခဲ့တယ်။ ဒီနေ့ ငါ သူ့ကိုကံကို လုယက်သင့်တယ်။ မိုးကောင်းကင်ရေ၊ ခင်ဗျား ဘာကြောင့် ဝမ်တန်ဖေးအပေါ်ဆိုရင် အမြဲမမျှတနိုင်တာလဲ။ ငါ လက်မခံနိုင်ဘူး။ ငါ အရှုံးမပေးဘူး" သူက အံတင်းတင်းကြိတ်ရင်း တဟုန်ထိုး တက်သွားသည်။ လေပြင်းတို့က သူ့ကို ခပ်ကြမ်းကြမ်းရိုက်ခတ်သော်လည်း သူသည် ခေါင်းမာစွာ သစ်ပင်ကို ကုပ်တွယ်ထားသည်။ သူ့လက်မောင်းများ ပြတ်ထွက်တော့မတတ် ခံစားရလေသည်။

ဤမျှ ပြင်းထန်သော ဖိအားကို ထုတ်လွှတ်နေသည့် စုပ်ယူ၍မရသော စိတ်ဝိညာဥ်စွမ်းအင်မှာ တကယ်တမ်း မန်ဟို့ပတ်ဝန်းကျင်တွင် အားပျော့နေကြောင်း သတိထားမိလိုက်သဖြင့် ဝမ်တန်ဖေး အံ့အားသင့်သွားသည်။ သူ မန်ဟို့အနားကပ်သွားလေလေ၊ ရှေ့ဆက်သွားဖို့ လွယ်ကူလေလေ ဖြစ်သည်။

သူ့အနောက်တွင် ဝမ်ယိုချိုင်၊ ချင်းရွှယ်ဟန်၊ လွီစုန့်၊ ဖက်တီးနှင့်အတူ အခြားသူများလည်း သစ်ပင်ကြီးထံ ရောက်လာခဲ့ကြပြီး မရပ်မနား ရှေ့ဆက်သွားနေကြသည်။

သူတို့အားလုံး မန်ဟို၏ အမြန်နှုန်းတိုးတက်မှုကို သတိထားမိကြသည်။

မန်ဟိုသည် ဤနေရာရှိ စိတ်ဝိညာဥ်စွမ်းအင်မှာ သိပ်သည်းထူထပ်သော်လည်း အမှန်တွင် တစ်နေရာလုံးကို မတူညီသောနေရာ လေးနေရာအဖြစ် ပိုင်းခြားထားကြောင်း အာရုံရခဲ့ပြီးဖြစ်သည်။ သူ လက်ရှိ ရောက်နေသည့် နေရာ၏ စိတ်ဝိညာဥ်စွမ်းအင်မှာ လောလောဆယ်တွင် ကုန်ခမ်းလုနီးပါး စုပ်ယူခံနေရသည်။ ထိုအကြောင်းကြောင့် ဝမ်တန်ဖေးနှင့် အခြားသူများ ပို၍လျင်မြန်စွာ ရွေ့လျားနိုင်သွားကြသည်။

သို့သော် သူ့အောက်ရှိ စိတ်ဝိညာဥ်စွမ်းအင် လျော့နည်းနေသည့်တိုင် သူသည် အပေါ်ဆက်သွားနေမြဲပင်။ မကြာမီ ပို၍သိပ်သည်းသော စိတ်ဝိညာဥ်စွမ်းအင်ကို သူတွေ့လိုက်ရပြီး ချက်ချင်း အလျင်အမြန် စုပ်ယူတော့သည်။ သူ၏ ပဉ္စမတာအိုမဏ္ဍိုင်သည် လေးဆယ်ရာခိုင်နှုန်း ဖြစ်ပေါ်နေပြီ ဖြစ်သည်။

"ဒီနေရာက စိတ်ဝိညာဥ်စွမ်းအင်ကို အလွှာလိုက် ထားထားတာပဲ" သူက မျက်လုံး စူးရှတောက်ပနေရင်း တွေးသည်။ " အလွှာတစ်လွှာတိုင်း ငါ့ကိုယ်ထဲကို အကုန်စုပ်ယူပစ်နိုင်တယ်။ ဒါက မယုံနိုင်လောက်အောင် သိပ်သည်းပုံပေါ်ပေမယ့် တကယ်တော့ သိပ်အများကြီးတော့ မဟုတ်ဘူး။ ဒါပေမယ့် ငါအကုန်စုပ်ယူလိုက်ရင် ငါ့ ပဉ္စမတာအိုမဏ္ဍိုင်ကို အပြည့်အဝဖန်တီးနိုင်တယ်" သူက ရှေ့ဆက်တက်နေပြီး စိတ်ဝိညာဥ်စွမ်းအင်သည် သူ့ကိုယ်တွင်း ဆက်လက်ဝင်ရောက်နေသည်။ ၄င်း လျော့နည်းလာတိုင်း သူက နောက်အလွှာအသစ်ကို ဆက်တက်မည်ဖြစ်သည်။

သူ့အနောက်တွင် ဝမ်တန်ဖေးနှင့် အခြားသူများလည်း အရှိန်တင်ရင်း ဆက်လက်လိုက်ပါလာသည်။ စိတ်ဝိညာဥ်စွမ်းအင် ကုန်ခမ်းသွားသဖြင့် ဖိအားကား ပျောက်ကွယ်သွားလေပြီ။ သူတို့ ရင်ဆိုင်ရမည့် တစ်ခုတည်းသောအရာမှာ သဲသဲမဲမဲ တိုက်ခတ်နေသော လေပင်။ ယခုတွင် ခရီးဆက်ရ များစွာပို၍ လွယ်ကူသွားသောကြောင့် မန်ဟိုနှင့် သူတို့အကြား အကွာအဝေးမှာ တဖြေးဖြေး လျော့နည်းလာလေသည်။

ဧရာမသစ်ပင်ကြီးသည် လုံးပတ်အားဖြင့် မီတာဒါဇင်များစွာ ရှိ၍ အဝေးတစ်နေရာမှကြည့်လျှင် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ စောင့်ကြည့်နေသော တိမ်အလွှာမှ သိပ်ဝေးပုံမရပေ။ သူတို့က ဖြစ်ပျက်နေသည်ကို ကြည့်ရင်း တိတ်ဆိတ်စွာ ထိုင်နေကြသည်။ ဝမ်မျိုးနွယ်စုခေါင်းဆောင်ကြီးက အေးစက်စက် နှာမှုတ်လိုက်သည်။ "လူထူးဆန်းစုန့်၊ နောက်ထပ်လောင်းရအောင်၊ ဒီတစ်ကြိမ်တော့ လောင်းကြေးက ဝိညာဥ်သစ်သီးနှစ်လုံး"

လူထူးဆန်းစုန့်မှာ မျက်မှောက်ကြုတ်ရင်း ချီတုံချတုံ ဖြစ်နေသည်။

ချင်းလော်ဂိုဏ်း အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူက ခပ်ဖွဖွ ချောင်းဟန့်လိုက်သည်။ "ကျုပ်လဲ ပါမယ်" သူက ပြောသည်။

လီမျိုးနွယ်စုမှ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူက ထောက်ခံသည်။ "ဆိုတော့ နောက်လောင်းပွဲပေါ့" သူက အေးစက်စွာ ပြောသည်။ "လူထူးဆန်းစုန့်၊ ဘာလို့ ကျုပ်တို့အားလုံး မပါသေးလဲ။ တစ်ယောက်ကို ဝိညာဥ်သစ်သီးတစ်လုံး။ အနိုင်ရတဲ့သူ အကုန်ယူပေါ့" သူ၏စကားလုံးများက လူထူးဆန်းစုန့်ကို ပို၍ပင် တုံ့ ဆိုင်းသွားစေသည်။

အချိန်အတန်ကြာသော် သူက အံတင်းတင်းကြိတ်လိုက်၏။ သူသည် တကယ်တမ်း မန်ဟို၏ စွမ်းဆောင်နိုင်ရည်အပေါ် ယုံကြည်ချက်အခိုင်အမာရှိသောကြောင့် အင်္ကျီလက်ကို ခါလိုက်သည်။

"လောင်းတာပေါ့" သူက ပြောသည်။

တစ်ဆက်တည်းမှာပင် အနုသုခုမရုပ်ခန္ဓာအဆင့် ပညာရှင်များအားလုံး ဝိညာဥ်သစ်သီးများ ထုတ်လိုက်ကြသည်။ ဤမျှအများကြီးကို တစ်နေရာတည်းတွင် မြင်ရခြင်းက ကျင့်ကြံသူများကို စိတ်လှုပ်ရှားမှုများဖြင့် ရင်တလှပ်လှပ်ဖြစ်သွားစေသည်။ ဤလောင်းကြေးများမှာ စောစောကထက် အဆများစွာ မြင့်မားလေသည်။

ပညာရှင်များအားလုံး လောင်းကြေးထပ်နေကြချိန် မန်ဟိုသည် အမြင့်ဆုံးအရှိန်ဖြင့် တဟုန်ထိုးတက်နေသည်။ သူက ဧရာမသစ်ပင်ကြီး၏ အလွှာသုံးလွှာကို ကျော်ဖြတ်ခဲ့ပြီး ယခုတွင် သုံးဆယ်ရာခိုင်နှုန်းခန့် အမြင့်ရောက်နေပြီဖြစ်သည်။ သူတို့မှာ မကြာခင် သူ့ကို ကျော်သွားပေတော့မည်။

မန်ဟို၏ မျက်နှာမှာ တည်ငြိမ်လျက်ပင်။ ဤနေရာတွင် ကံကောင်းခြင်းက စိတ်ဝိညာဥ်စွမ်းအင်ဖြစ်သည်။ သူ့အတွက် မည်သူ ပထမနေရာရစေကာမူ အရေးမကြီးပေ။ ရုတ်တရက် ဝမ်တန်ဖေးက ဟိန်းဟောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် အမည်မသိ မှော်ပညာရပ်တစ်ခု သုံးရင်း အလင်းရောင်များဖြာထွက်လာပြီး သူက မယုံကြည်နိုင်ဖွယ်အမြန်နှုန်းဖြင့် တဟုန်ထိုးတက်သွားတော့သည်။ အသက်ရှိုက်စာအနည်းငယ်လေးအတွင်း သူသည် မီတာသုံးဆယ်ထက်ကျော်၍ ရောက်သွားသည်။ ဤအခြင်းအရာက သူ့ကို မန်ဟို့ထက် ဆယ်မီတာကျော်သွားစေသည်။

သို့သော် သူ ပျော်ပင်မပျော်နိုင်ခင်၊ ဧရာမအားကြီးက သူ၏ခန္ဓာကိုယ်ကို တုန်ရီသွားစေသည်။ ဖိအားက သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံရင်း သူ့ကို သွေးအန်လိုက်ရစေသည်။ ထိုစဥ်မှာပင် မန်ဟိုက ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဥ်စွမ်းအင်ကို ခန္ဓာကိုယ်အတွင်းသို့ စုပ်ယူရင်း သူ့ကို ကျော်သွားသည်။ ဖိအားမှာ စတင်နည်းပါးလာ၏။ ထို့ကြောင့်သာ မဟုတ်လျှင် ဝမ်တန်ဖေးမှာ မမြင်နိုင်သော ဧရာမလက်ကြီးဖြင့် စိစိညက်ညက် ဖိခြေခံလိုက်ရမည် ဖြစ်သည်။

မန်ဟိုသည် ဝမ်တန်ဖေးကို လျစ်လျူရှုရင်း တည်ငြိမ်အေးဆေးသော မျက်နှာထားဖြင့် ရှေ့ဆက်သွားနေသည်။ သူက စိတ်ဝိညာဥ်စွမ်းအင်ကို ဆက်လက်စုပ်ယူရင်း ဝမ်တန်ဖေး အန်ခဲ့သည့် သွေးများဖြင့် ဖုံးလွှမ်းနေသော နေရာကို ကျော်ဖြတ်သွားသည်။ သူက ၄င်းတို့အားလုံးကို စုပ်ယူရင်း နောက်တစ်လွှာသို့ ဆက်တက်သွားသည်။

သို့သော် ဝမ်တန်ဖေး၏ အဖြစ်အပျက်ကို မြင်ရခြင်းက အောက်ရှိ ကျင့်ကြံသူအားလုံးကို ရင်တုန်သွားစေသည်။ သူတို့က ထူးဆန်းသော အမူအရာများဖြင့် မန်ဟို့ကို စိုက်ကြည့်နေကြသည်။ ဖက်တီးမှာမူ အသက်ပြင်းပြင်းရှူပြီး မယုံနိုင်ဖြစ်နေဟန်တူသည်။

ဤအခိုက်အတန့်တွင် ကျင့်ကြံသူတစ်ယောက်မှ မန်ဟို့ကို မကျော်ရဲတော့ပေ........

မန်ဟိုက ဖြေးဖြေးချင်း ဆက်သွားနေရာ သူတို့မှာ ယခင်အတိုင်း နောက်မှ လိုက်နေရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိပေ။ သူတို့သည် ရှက်ရှက်ဖြင့်သာ မန်ဟို့နောက်လိုက်နေကြသည်။ သိသာစွာပင် အတော်များများ၌ အတွေးမျိုးမျိုးရှိကြသည်။ သူတို့သည် သစ်ပင်၏ထိပ်ရောက်သည်အထိ စောင့်ပြီး မှော်ပညာရပ်အမျိုးမျိုး ဖောက်ခွဲ၍ သူ့ကို ကျော်တက်ကြမည်ဖြစ်သည်။

***

All Chapters