← Chapters

အကြည့်အားလုံး အောက်ဝယ်

Vol. 14 Ch. 196

အကြည့်အားလုံး အောက်ဝယ်

Vol. 14 Ch. 196

မန်ဟို လူအများ ကြံစည်နေသည်ကို သိသည်။ သူသည် အမူအရာပြောင်းလဲခြင်းမရှိဘဲ အခြားသူများကို လျစ်လျူရှုထားသည်။ သူက တတ်နိုင်သမျှ စိတ်ဝိညာဥ်စွမ်းအင် များများ စုပ်ယူရန် အလွှာတစ်လွှာရောက်တိုင်း ရပ်ပြီးနောက် ဆက်တက်သွားသည်။

သူ့အနောက် မီတာအနည်းငယ်အကွာတွင် အခြားကျင့်ကြံသူအားလုံး ရှိသည်။ သူတို့မှာ ရှေ့ဆက်မသွားခင် မန်ဟို ရွေ့လျားမည်ကို စောင့်ရင်း သူ့ကို ကူရာမဲ့စွာ စိုက်ကြည့်နေကြသည်။

ဤကမ္ဘာတွင် မျက်လုံးတစ်စုံစီတိုင်း မန်ဟို့ကို စောင့်ကြည့်နေကြသည်။ သူက အားလုံး၏ အာရုံစိုက်ရာပင်။

စုန့်မျိုးနွယ်စု၏ သမက်ရှာပြိုင်ပွဲက မန်ဟို၏ အနင်းခံကျောက်တုံး အဖြစ် ပြောင်းသွားခဲ့လေပြီ။ မန်ဟို အနိုင်ရသူဖြစ်စေ၊ မဖြစ်စေ၊ သူက စုန့်ကျားကို လေးလေးနက်နက် အထင်ကြီးစေခဲ့ပြီးပြီဖြစ်သည်။ ၄င်းနှင့် စားသောက်ပွဲမတိုင်ခင်က အဖြစ်အပျက်များနှင့် ပေါင်းစပ်သွားသောအခါ သူမမှာ အခြားသူများကို လျစ်လျူရှုပြီး မန်ဟို့ကို မမှိတ်မသုန် အာရုံစိုက်နေမိတော့သည်။

၄င်းက ကံစီမံရာဖြစ်လောက်သည်။ ယနေ့ပြီးလျှင်တော့ ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစုသည် မန်ဟိုကလည်း ရွေးချယ်ခံဖြစ်သည်ကို သိသွားကြလိမ့်မည်။

၄င်းက ကံစီမံရာဖြစ်လောက်သည်။ ယနေ့ပြီးလျှင် ကျိုးပြည်၏ စာပေသမားလေးမန်ဟို၏ ဇာတ်လမ်းများ တောင်ပိုင်းဒေသတစ်ခွင်လုံး ပျံ့နှံ့သွားလိမ့်မည်။ ယခုလက်ရှိ ရွေးချယ်ခံအဆင့်များတွင် နောက်တစ်ယောက် ထပ်တိုးလာခဲ့လေပြီ။

ထပ်ပြီး ကံစီမံထားသည်က မထင်မရှား မန်ဟိုကို လူအများအာရုံစိုက်ရာ ဖြစ်သွားစေလိမ့်မည်။ တစတစများပြားသော ကျင့်ကြံသူများ သူ့အကြောင်း..... အထူးသဖြင့် သူနှင့် ချူယွီယန်ကိစ္စကို ကြားကြလိမ့်မည်။ ကောလဟလများ တောမီးသဖွယ် တောင်ပိုင်းဒေသတစ်ခုလုံး ပျံနှံ့သွားမည်။

မန်ဟိုက မရေမတွက်နိုင်သော ကျင့်ကြံသူအမျိုးသားများ မနာလိုရာ ဖြစ်လာမည်။ ဟုတ်ပါသည်။ သူသည် ကျင့်ကြံသူအမျိုးသမီး အမြောက်အမြား၏ အာရုံစိုက်ခြင်း ခံရမည်။ သူသည် ယခုတွင် တောင်ပိုင်းဒေသရှိ အလှဆုံးအမျိုးသမီးလေးယောက်ထဲက တစ်ယောက်နှင့် ပတ်သက်နေသည့်ဆိုသော ကောလဟလ၏ အဓိကပုဂ္ဂိုလ်ဖြစ်သည်။ ယခု လူတိုင်း သူ့ကို အာရုံစိုက်နေကြလေပြီ။

တစ်ချိန်တည်းမှာပင် ကျိုးပြည်မှာတုန်းက မန်ဟို၏ ဇီယွင်ဂိုဏ်းနှင့် အပေးအယူများအကြောင်း မကြားရသေးသည့် မည်သူမဆို ယခု သေချာပေါက် သိသွားကြမည်။ မန်ဟို၏ နာမည်မှာ ပို၍သာ ထင်ရှားကျော်ကြားလာလိမ့်မည်။

တကယ်တမ်း၊ လူအများ ချင်းလော်ဂိုဏ်းနှင့် မန်ဟို့ကြားက ရန်ကြွေး သို့မဟုတ် သူ သွေးအင်မိုတယ်အမွေအနှစ်အား မည်ကဲ့သို့ ယူသွားခဲ့ပုံကိုသာ သိသွားကြလျှင်တော့ သူသည် ချက်ချင်းပင် တောင်ပိုင်းဒေသတွင် အကျော်ကြားဆုံးကျင့်ကြံသူ ဖြစ်လာလိမ့်မည်။ သူကား ယခုတွင် ရွေးချယ်ခံများကို သုတ်သင်ပြီး တာအိုကလေးများကို ဖိနှိပ်နိုင်သည် မဟုတ်ပါလော။

သို့သော် ယနေ့မှာ လာတော့မည့်အရာ၏ ရှေ့ပြေးလက္ခဏာသာ ဖြစ်သေးသည်။ ဤသည်မှာ မန်ဟို တောင်ပိုင်းဒေသကို ထိုးဖောက်ဝင်ရောက်ခြင်းပင်။

အချိန်များ ကုန်ဆုံးသွားသည်။ မန်ဟိုသည် ယခင်အတိုင်း တည်ငြိမ်သော မျက်နှာထားဖြင့် ဖြည်းဖြည်းချင်း ရှေ့ဆက်သွားနေသည်။ သူ့အနောက်တွင် ကျင့်ကြံသူများမှာ စိတ်မရှည်ဖြစ်လာကြသည်။ ဇီယွင်ဂိုဏ်းမှ လူငယ်တစ်ယောက်သည် မန်ဟို စိတ်ဝိညာဥ်စွမ်းအင်အား အေးအေးဆေးဆေး စုပ်ယူနေသည်ကို ကြည့်ပြီး မျက်မှောင်ကြုတ်သွား၏။ ဤအခြေအနေ ဆက်လက်သည်းမခံနိုင်တော့သဖြင့် သူက တဟုန်ထိုးရှေ့တက်သွားသည်။

သူက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အဆောင်စက္ကူရှစ်ရွက် သူ့ကို ဝန်းရံလည်ပတ်လာသည်။ အကာအကွယ်မန္တန်ကဲ့သို့ တောက်ပသောအလင်းရောင်တစ်ခု ပေါ်ပေါက်လာ၏။ သူသည် ဟိန်းဟောက်ဟစ်ကြွေးပြီး မန်ဟို့ကို ကျော်ကာ နောက်တစ်လွှာထံ ထိုးတက်သွားသည်။

ဇီယွင်ဂိုဏ်း အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူက အေးတိအေးစက်ပြောသည်။ "ဒါက ဇီယွင်ဂိုဏ်းရဲ့ ရွေးချယ်ခံ၊ လျူဂုပဲ။ သူ့ရဲ့ကျင့်ကြံခြင်းအခြေခံက သာမန်ထက်ထူးခြားတယ်။ သူ့ရဲ့ အဆောင်စက္ကူရှစ်ရွက်ရတနာက ဘယ်အားကိုမဆို ရှစ်ဆယ်ရာခိုင်နှုန်း လျော့ချပေးနိုင်တယ်" သူ့ပါးစပ်မှ ထိုစကားလုံးများ ထွက်သွားချိန်မှာပင် သူ၏မျက်နှာကြီးကား ရုတ်တရက် အရုပ်ဆိုးလာတော့သည်။

လျူဂု မန်ဟို့ကို ကျော်ပြီး နောက်နယ်ပယ်ကို ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်မှာ စတင်တုန်ခါလာ၏။ သူ၏မျက်နှာ တင်းမာသွားပြီး သူ့ပါးစပ်မှ သွေးများပန်းထွက်လာသည်။ သူ၏ခန္ဓာကိုယ်မှာ တိုက်ခိုက်ခံလိုက်ရသည့်အလား တုန်ရီသွားသည်။ သူ ဟိန်းဟောက်ပြီး တောင့်ခံရန် ကြိုးစားနေသည်ကို လူတိုင်းစောင့်ကြည့်နေကြသည်။ မန်ဟိုက ချောင်းဟန့်လိုက်သည်။ သူက အပေါ်မော့ကြည့်ပြီး ခဏရပ်စောင့်နေလေသည်။

အသက်ရှိုက်စာအနည်းငယ်ကြာသော် ဇီယွင်ဂိုဏ်းသား သွေးများ ထပ်အန်သည်။ သူ၏ အဆောင်စက္ကူရှစ်ရွက်မှာ တစ်ရွက်ပြီးတစ်ရွက် ပျက်စီးကုန်သည်။ သူ့မှာ မချိတင်ကဲအော်ဟစ်ရင်း အောက်ရှိ ပင်လယ်အတွင်း ကျသွားတော့သည်။ အချိန်အနည်းငယ်ကြာသော် သူက မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ထွက်လာပြီး နောက်တစ်ဖန် တက်ပြန်သည်။ သူ့အတွက် အောက်ရှိအဖွဲ့ထံ ပြန်ရောက်ရန် သိပ်မကြာလိုက်ပေ။ သူက မန်ဟို့ကို ကြောက်ရွံ့လေးစားစွာ မော့ကြည့်သည်။

လူတိုင်းက နောက်တစ်ဖန် ချောင်းဟန့်ပြီး လမ်းတစ်လျှောက်လုံး စိတ်ဝိညာဥ်စွမ်းအင်များ စုပ်ယူရင်း ထိုးတက်သွားသော မန်ဟို့ကို လေးလေးနက်နက် ကြည့်နေကြသည်။

ဘယ်သူမှ သူ့ကို မကျော်ရဲကြသဖြင့် ကူရာမဲ့စွာသာ နောက်မှ လိုက်နေနိုင်သည်။ မကြာခင် မန်ဟိုသည် ဧရာမသစ်ပင်ကြီး၏ထိပ်မှ မီတာသုံးထောင်ခန့်သာ ကွာဝေးတော့သည်။

ဝမ်တန်ဖေး၏ မျက်လုံးများ ဖျတ်ခနဲ လက်သွားပြီး ဝမ်ယိုချိုင်က ဘာမှမပြောသော်လည်း မျက်လုံးများ လင်းလက်တောက်ပနေသည်။ မျှော်လင့်နေသောအရိပ်အယောင်တစ်ခု ဖက်တီး၏မျက်နှာပေါ်တွင် ပေါ်လာသည်။ သူ့တွင် မန်ဟို့ကို ကျော်ရန် စိတ်ကူးမရှိသော်လည်း မန်ဟို ထိပ်ရောက်လျှင် ဘာဖြစ်မည်ကို ကြည့်ချင်နေလေသည်။

ကျင့်ကြံသူများသာ မျက်လုံးများ လင်းလက်သွားခြင်းမဟုတ်။ တိမ်လွှာထက်တွင် ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစုမှ ပညာရှင်များနှင့် စုန့်မျိုးနွယ်ဝင်များအားလုံး မန်ဟို့ကို အာရုံစိုက်နေကြသည်။ စုန့်မျိုးနွယ်စုတွင် သူ ဝင်ရောက်ယှဥ်ပြိုင်ခြင်းအား မမျှော်လင့်ထားခဲ့သော်လည်း အရေးကြီးသောအခိုက်အတန့် နီးကပ်နေလေပြီ။ လူတိုင်းသည် စိတ်အားထက်ထက်သန်သန်ဖြင့် စောင့်ကြည့်နေကြသည်။

စုန့်ထျန်းက အပြုံးတစ်ခုဖြင့် ဆိုသည်။ "သစ်ပင်ရဲ့ထိပ်မှာ နောက်ဆုံးစမ်းသပ်ချက်တစ်ခုရှိတယ်။ ဂိုဏ်းကြီးငါးဂိုဏ်းနဲ့ မျိုးနွယ်စုသုံးစုထဲက သူရဲကောင်းတွေထဲမှာမှ.....ဘယ်သူက နောက်ဆုံးစမ်းသပ်ချက်ကို အောင်မြင်မလဲ ပြောရခက်တယ်"

အနုသုခမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူတစ်ဦးက ရယ်ပြီး ပြောသည်။ "ခင်ဗျားတို့ စုန့်မျိုးနွယ်စုရဲ့ သမက်ရှာပွဲဓလေ့မှာ ခက်ခဲတဲ့စမ်းသပ်ချက်တစ်ခု ပါတယ်ကြာခဲ့ဖူးတယ်။ ဒီစမ်းသပ်ချက်က ဘယ်လိုမျိုးလဲ အရမ်းသိချင်မိပါတယ်။ အကြီးအကဲစုန့်၊ ခင်ဗျား နည်းနည်းပါးပါးလောက် ရှင်းပြပေးနိုင်မလား"

"ဟုတ်တယ်" ကျင်းဟန်ဂိုဏ်း၏ အနုသုခမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူက ပြောသည်။ "ကျုပ်လဲ ဒီလိုမျိုး ကြားထားတယ်။ အကြီးအကဲစုန့်၊ ကျုပ်ကို နည်းနည်းလောက် ပြောပြပေးနိုင်မလား။ ကျုပ်တို့အားလုံး အရမ်းသိချင်လို့ပါ"

လူတိုင်းမှာ နောက်ဆုံးစမ်းသပ်ချက်အကြောင်း ကြားရန် အလွန်စိတ်ဝင်စားနေကြသည်။

စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီး စုန့်ထျန်းက ကျယ်လောင်စွာ ရယ်လိုက်သည်။ ထို့နောက် သူက လက်ယာဘက်တွင် ထိုင်နေသော သက်လတ်ပိုင်းလူကိို ကြည့်သည်။ "မုချုံ၊ မင်း သမီးအတွက် ငါတို့ ယောက်ျားရှာပေးတာဆိုတော့ နောက်ဆုံးစမ်းသပ်ချက်အကြောင်း ဘာလို့ မရှင်းပြသေးလဲ" .

သက်လတ်ပိုင်းအမျိုးသားမှာ ရုပ်ရည်ချောမောပြီး နှစ်လိုဖွယ်ကောင်း၏။ ခေါင်းဆောင်ကြီး၏ စကားကြားသောအခါ သူက လေးလေးစားစား လက်ယှက်လိုက်ပြီးနောက် လျှပ်စီးသဖွယ် တဖျပ်ဖျပ်လက်နေသောမျက်လုံးများဖြင့် အဖွဲ့ကို ကြည့်သည်။ ထို့နောက် သူက စုန့်ကျားကို ကြည့်လိုက်ပြီး ချစ်ခင်ကြင်နာမှုများ သူ့မျက်နှာကို ဖုံးလွှမ်းသွားသည်။

စုန့်မုချုံက အေးစက်စက်အသံဖြင့် ပြောသည်။ "ကျုပ်တို့ သမက်ရှာပွဲ၏ နောက်ဆုံးစမ်းသပ်ချက်က အရင်မျိုးဆက်တုန်းက စမ်းသပ်ချက်တွေနဲ့စာရင် နည်းနည်းကွဲပြားတယ်။ ဒါက ကျင့်ကြံသူတစ်ယောက်ရဲ့ တာအိုနှလုံးသားကို စမ်းသပ်မှုတစ်ခုပဲ"

အနုသုခမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ မျက်မှောင်ကြုတ်သွားသည်။

ယီးကျန့်ဂိုဏ်းမှ အကြီးအကဲဖန်းက မျက်မှောင်ကြုတ်ပြီး သေရည်တစ်ကျိုက်မော့လိုက်သည်။ " တာအိုနှလုံးသားကိစ္စတွေက ဒီချီအခြေတည်အဆင့်ပေါက်စလေးတွေကို အသာထား။ ကျုပ်တို့အတွက်တောင် မသဲကွဲဘူး"

"ဒါကြောင့် ဒီစမ်းသပ်ချက် ထူးခြားတာပေါ့" စုန့်မုချုံက ပြန်ဖြေသည်။ "အကြီးအကဲဖန်း ပြောတာမှန်ပါတယ်။ တာအိုနှလုံးသားတွေဟာ လျှို့ဝှက်ဆန်းကြယ်ပြီး မတွေးတတ်လောက်အောင် နက်နဲလွန်းပါတယ်။ တကယ်တော့ တာအိုနှလုံးသားရဲ့ အရေးအကြီးဆုံး ကဏ္ဍတွေထဲက တစ်ခုကို ပင်ကိုယ်စရိုက်နဲ့ အပြုအမူက ဆုံးဖြတ်ပေးတယ်လို့ စုန်မျိုးနွယ်စုအနေနဲ့ ယုံကြည်ပါတယ်။ အဲ့ဒီနှစ်ခုရယ်၊ လူတစ်ယောက်ရဲ့ ခေါင်းမာမှုရယ် ပူးပေါင်းထားခြင်းက..... တာအိုနှလုံးသားပါပဲ။ ဒါကြောင့် ဒီနေ့စမ်းသပ်ချက်က ပြည့်စုံခြင်းမရှိပေမယ့် ကျုပ်တို့ကို ဘာဖြစ်လိမ့်မယ်ဆိုတဲ့ အရိပ်အမြွက်တော့ ပေးမှာပါ။ အမှန်တိုင်းပြောရရင် တာအိုနှလုံးသားတွေနဲ့ သက်ဆိုင်တာကြောင့် ဒီစမ်းသပ်ချက်က ရွေးချယ်မှုတစ်ခုပဲ" ဤမျှပြောပြီးဖြစ်၍ စုန့်မုချုံသည် ပါးစပ်ပိတ်ပြီး ဆက်လက်မှတ်ချက်မပြုတော့ပေ။

လူတိုင်းမှာ အတွေးနက်သွားကြသည်။ စုန့်ကျားကတော့ မန်ဟို နောက်ဆုံးစမ်းသပ်ချက်တွင် မည်သည့်ဆုံးဖြတ်ချက်ချလိမ့်မည်ကို အလွန်သိချင်စိတ်ပြင်းပြနေလျက် တိမ်ဝဲအတွင်း ဆက်လက်စောင့်ကြည့်နေသည်။

စုန့်ယွင်ရှူ၏ တိမ်ဝဲကို ကြည့်ရှုနေသော မျက်လုံးများ ရိပ်ခနဲ လှုပ်ရှားသွားသည်။ သူသည် စုန့်မျိုးနွယ်စု၏တာအိုကလေးဖြစ်သည့်တိုင် မန်ဟို့ကို ကြည့်နေရင်း သူ့နှလုံးသားထဲတွင် လေးလံနေသောခံစားချက်တစ်ခု ဖြစ်တည်လာသည်။ သို့သော် သူက ခံစားချက်များကို ဖုံးကွယ်ခြင်းနှင့် အသားကျနေလေပြီ။ သူ၏အမူအရာမှာ တည်ငြိမ်သော်လည်း မန်ဟို မည်သည့် ဆုံးဖြတ်ချက်ချလိမ့်မည်ကို အလွန်သိချင်နေ၏။

"စုန့်မျိုးနွယ်စုရဲ့ တာအိုကလေးအနေနဲ့ ငါ့ကိုယ်ငါ အရင်စမ်းသပ်နိုင်ခံတယ်။ ငါ့ရွေးချယ်မှု....." စုန့်ယွင်ရှု အတွေးထဲနစ်မြောနေသည်။ သူသည် ဒုတိယအကြိမ်မှသာ အောင်မြင်ခဲ့၏။ ဤသို့အောင်မြင်ခြင်းကြောင့် ခေါင်းဆောင်ကြီးစုန့်ထျန်း၏ ချီးကျူးမှုကို သူ ရရှိခဲ့သည်။

ခေါင်းဆောင်ကြီးစုန့်ထျန်းက ပြုံးရင်း ပြောသည်။ "မုချုံပြောတာ အရမ်းရှုပ်ထွေးသွားစေပုံပဲ။ နောက်ဆုံးစမ်းသပ်ချက်က ရွေးချယ်မှုတစ်ခုဖြစ်ပြီး သဘောထားစစ်ဆေးမှုလဲ ဟုတ်တယ်။ ကျုပ်တို့ စုန့်မျိုးနွယ်စုရဲ့ တာအိုကလေး ဒုတိယအကြိမ်မှာ အောင်မြင်ခဲ့တာ ကျုပ် ပြောသင့်တယ်ထင်တယ်" သူက စုန့်ယွင်ရှူကို ချီးကျူးသောအကြည့်ဖြင့် ကြည့်သည်။

ဤသည်က လူတိုင်းကို ပို၍ပင် သိချင်စိတ်ပြင်းပြသွားစေသည်။ သူတို့အားလုံးက ပြန်ငုံ့ကြည့်ပြီး မန်ဟို ဖောက်ထွက်မည်ကို စောင့်နေကြသည်။ သူတို့သည် သူ့အနောက်က ရှေ့တက်ရန် အခွင့်အရေးစောင့်နေကြသော ကျင့်ကြံသူများကိုလည်း ကြည့်လိုက်ကြသည်။

မန်ဟိုက ပိုပို၍ လျင်မြန်စွာ ရွေ့လျားလာနေသည်။ သူ၏ပဥ္ဧမတာအိုမဏ္ဍိုင်သည် ယခုတွင် ရှစ်ဆယ်ရာခိုင်နှုန်း ပြီးမြောက်နေပြီဖြစ်ရာ ယခင်ထက်ပင်ပို၍ စိတ်ဝိညာဥ်စွမ်းအင်များ လိုအပ်နေသည်။  သူ၏နောက်ဆုံး တာအိုမဏ္ဍိုင်ဖြစ်ပေါ်ခြင်းနှင့်အတူ လိုက်ပါခဲ့သော ကြောက်မက်ဖွယ်ဖြစ်ရပ်ကို ပြန်တွေးရင်း နောက်ပြန်မလှည့်နိုင်သည့် နေရာမရောက်ခင် ဤနေရာတွင် စိတ်ဝိညာဥ်စွမ်းအင် လုံလုံလောက်လောက် ရှိကြောင်း သေချာစေရမည်ဖြစ်သည်။

မဟုတ်လျှင် အရေးကြီးသောအခိုက်အတန့် ရောက်လာပါက သူ့မှာ ရွေးချယ်စရာမရှိဘဲ အခြားကျင့်ကြံသူများကို ဝါးမြိုရပေမည်။ ယင်းက မန်ဟိို မလျှောက်ချင်သော လမ်းကြောင်းတစ်ခုပင်။

သူသည် စိတ်ဝိညာဥ်စွမ်းအင်ကို သတိရှိရှိနှင့် လျင်လျင်မြန်မြန် စုပ်ယူနေသည်။ သူက စိတ်ဝိညာဥ်စွမ်းအင်အချို့ချန်ခဲ့ရင်း နောက်တစ်လွှာသို့ ဆက်တက်သွားသည်။ သူက သစ်ပင်၏ထိပ်ကို လျင်မြန်စွာ ချဥ်းကပ်နေသည်။ သူ ချန်ခဲ့သည့် စိတ်ဝိညာဥ်စွမ်းအင်ကြောင့် သူ့နောက်ရှိ ကျင့်ကြံသူများမှာ ဖိအားကို ရုတ်တရက် ကြုံတွေ့လိုက်ရ၍ အရှိန်လျှော့ရန်မှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။

သူတို့မှာ စိတ်ပျက်လက်ပျက်နှင့် မသွားချင်သွားချင် သွားနေကြသည်။ သို့သော် ယခုတွင် သူတို့နှင့် မန်ဟိုကြားက အကွာအဝေးမှာ ပိုပို၍ ကွာခြားလာလေပြီ။ ဝမ်တန်ဖေး၏မျက်လုံးများ ရဲရဲတောက်နေတော့သည်။ သူက အရူးသဖွယ် နောက်မှလိုက်နေ၏။

မန်ဟိုသည် ယခုတွင် သစ်ပင်၏ထိပ်မှ မီတာ ၁၅၀၀ သာ ကွာဝေးတော့သည်။

မီတာ ၁၀၀၀။ မီတာ ၅၀၀။ မီတာ ၂၅၀..... ၁၅၀ ။ ၅၀..... မန်ဟိုက နောက်ဆုံးအကွာအဝေးကို ခုန်တက်ပြီး သစ်ပင်၏ထိပ်တွင် ရပ်လိုက်သည်။

ဤအခိုက်အတန့်တွင် အကြည့်အားလုံး သူ့အပေါ် ကျရောက်သွားလေပြီ။

***

All Chapters