← Chapters

မြင့်မြတ်သော ဝိညာဥ်ကျမ်းစာ

Vol. 14 Ch. 197

မြင့်မြတ်သော ဝိညာဥ်ကျမ်းစာ

Vol. 14 Ch. 197

မန်ဟို သစ်ပင်ပေါ်တက်လိုက်သည့် အခိုက်အတန့်တွင် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးနှင့် လူထူးဆန်းစုန့်တို့နှစ်ယောက်လုံး မန်ဟို့ကို စိုက်ကြည့်နေကြသည်။ တကယ်တမ်းပြောရလျှင် တိမ်လွှာပေါ်ရှိ စုန့်မျိုးနွယ်ဝင် တစ်ယောက်မကျန် အကုန်လုံး သူ့ကို ကြည့်နေကြခြင်းပင်။

ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မျိုးနွယ်စုသုံးစုမှ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများအားလုံးလည်း သူ့ကို အာရုံစိုက်နေကြသည်။

ဤမျှအာရုံစိုက်ခံရအောင် လုပ်နိုင်ခြင်းက မန်ဟို ယခု တောင်ပိုင်းဒေသတွင် မည်မျှကျော်ကြားနေပြီဖြစ်ကြောင်း သက်သေပြနေသည်။

စုန့်ယွင်ရှု၊ ဟန်ပေ့၊ လီရှိချီ၊ လီတောက်ရီအပါအဝင် စုန်မျိုးနွယ်ဝင်များ..... အကုန်လုံး၏ အာရုံက မန်ဟို့အပေါ်မှ မခွာပေ။

ဂိုဏ်းအသီးသီးနှင့် မျိုးနွယ်စုအမျိုးမျိုးမှ ရွေးချယ်ခံများမှာ မည်မျှမချင့်မရဲဖြစ်စေကောမူ၊ သူတို့ခေါင်းထဲတွင် မည်သည့်အတွေးများ ဖြတ်ပြေးနေစေကာမူ မန်ဟို့ကို မော့ကြည့်နေကြသည်။ ဝမ်တန်ဖေး၊ ဖက်တီး၊ ဝမ်ယိုချိုင်၊ ချင်းရွှယ်ဟန်၊ လွီစုန့်........

ဤကမ္ဘာ၏ အထွတ်အထိပ်၊ သစ်ပင်ထိပ်၌ မန်ဟိုသည် ကောင်းကင်တစ်ပြင်လုံး၏ အလယ်ဗဟိုတွင် တစ်ယောက်တည်း ရပ်နေသည်။

သူ သစ်ပင်အပေါ် ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် ပတ်ဝန်းကျင်ရှိ အကန့်အသတ်မဲ့ စိတ်ဝိညာဥ်စွမ်းအင်များ သူ့ထံ တဟုန်ထိုးပြေးဝင်လာသည်ကို ခံစားလိုက်ရသည်။ ၄င်းက သေချာပေါက် သူ၏ပဉ်ဧမတာအိုမဏ္ဍိုင်ကို ဖန်တီးဖို့ လုံလောက်လေသည်။ သစ်ပင်ထိပ်မှ ဟိုးအောက်ဆုံးရှိ ဧရာမပင်လယ်ကြီးသည် သေးငယ်လာပုံရ၏။ ယခုတွင် ၄င်းမှာ မှန်တစ်ချပ်နှင့် တူနေချေသည်။

မှန်၏အနားများ အလွန်တွင်ကား ဗလာနတ္ထိ...... ဤကမ္ဘာကား အကန့်အသတ်ရှိ၏။ အမှန်တွင် ဗလာနတ္ထိဖြစ်နေခြင်း၏ အလယ်ကျကျတွင် လက်ရေးစာဖြစ်ဟန်တူသည့်အရာ ခပ်ယဲ့ယဲ့ လွင့်မျောနေသည်။

၄င်းတွင် စာလုံးသုံးလုံး လက်မှတ်ထိုးထားသည်။ ရွှေတုန်းလျှို။

"ရွှေတုန်းလျှို.....  ဒီတစ်ကမ္ဘာလုံးက..... ပန်းချီကားချပ်တစ်ခု ဖြစ်နေမလား" စာလုံးများကို စိုက်ကြည့်လိုက်စဥ် မန်ဟို၏မျက်လုံးများ ရိပ်ခနဲ ဖြစ်သွားသည်။ ထို့နောက် သူက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး စိတ်ဝိညာဥ်စွမ်းအင်ကို သူ့ကိုယ်ထဲ စီးဝင်စေလိုက်သည်။ သူ၏ ပဉ္စမတာအိုမဏ္ဍိုင် ကိုးဆယ်ရာခိုင်နှုန်း ပြီးမြောက်ချိန်တွင် လူတစ်ယောက် ရုတ်တရက် သူ့အရှေ့၌ ပေါ်လာသည်။

၄င်းက တန်ခိုးရှင်တစ်ယောက်၏ အပြုအမူရှိသော အဘိုးကြီးတစ်ယောက်ဖြစ်သည်။ သူက ရှည်လျားသော ခဲရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ အသက် ဘယ်လောက်ရှိကြောင်း အတိအကျပြောရန် မဖြစ်နိုင်ပေ။  သူ ခေတ်ပေါင်းများစွာ မည်မျှနေထိုင်ခဲ့ပြီးသည်လဲ ပြောရန် မဖြစ်နိုင်သော်လည်း သိသာစွာပင် ရှေးဆန်သည်။

ထိုလူ၏ ကျင့်ကြံခြင်းအခြေခံမှ မည်သည့်လှိုင်းဂယက်မှ ထုတ်လွှတ်နေခြင်းမရှိကြောင်း မန်ဟို အာရုံရလိုက်သည်။ သူ့မှာ ကျင့်ကြံသူမဟုတ်ဘဲ လူသားတစ်ယောက်အလားပင်။ သို့ထိတိုင် သူ မည်မျှရှေးဆန်သည်ကို ထည့်တွက်ပါက သေမျိုးလူသား ဖြစ်နိုင်မည်လော။

အဘိုးအိုက တည်ငြိမ်အေးချမ်းပြီး ဖော်ပြ၍ပင်မရသော က်ကန်နွသေိက်ခါတို့ လွှမ်းမိုးနေသည့် မျက်နှာဖြင့် မန်ဟို့ကို ကြည့်သည်။ မိုးကောင်းကင်ပင်လျှင် သူ့အရှေ့တွင် ထွက်ပြေးသွားမည့်ပုံပေါ်သည်။

အဘိုးအိုက အေးစက်သော အသံဖြင့် ပြောသည်။ "ကောင်းကင်က ကောင်းကင်မဟုတ်ဘူး။ မြေကြီးက မြေကြီးမဟုတ်ဘူး။ ကြယ်တွေဟာ ထာဝရဖြစ်ပြီး တာအိုက အမြဲရှိနေမယ်" သူ၏စကားလုံးများက သူ့ခန္ဓာကိုယ်တစ်ဝိုက် ညင်သာစွာ လွင့်နေသော ဆံပင်များနည်းတူ နူးညံ့ညင်သာစွာ မျောလွင့်လာသည်။ "ဒီနေရာက ကောင်းကင်နဲ့ မသက်ဆိုင်သလို၊ မြေကြီးနဲ့လဲ မသက်ဆိုင်ဘူး။ လောကသစ်ပင်ရဲ့ ဒီပန်းချီကားချပ်မှာ အဆုံးမရှိ စီးဆင်းနေတဲ့ မှတ်ဉာဏ်တွေ ပါဝင်တယ်။ သူတို့ကို သောက်သုံးပြီးရင် မင်းအရှေ့က မဟာတာအိုဟာ မင်းကို ထိပ်ဆုံးအထိ ခေါ်ဆောင်ပေးလိမ့်မယ်။ ငါ့ဆီ ချဥ်းကပ်လာဖို့ လမ်းတစ်လမ်း ရွေးချယ်ပါ" ရုတ်တရက် ကွေ့ကောက်နေသော လမ်းကိုးသွယ်သည် သစ်ပင်ထိပ်ရှိ ရစ်ပတ်လိမ်ယှက်နေသော သစ်ရွက်များအကြား ထွက်ပေါ်လာ၏။ ၄င်းတို့အားလုံးက အရှေ့ မီတာအနည်းငယ်အကွာတွင်သာ ရပ်နေသော အဘိုးကြီးထံ ဦးတည်နေကြသည်။

လမ်းတစ်လမ်းစီက တစ်ခုတည်းသော ပန်းတိုင် ၊ အဘိုးအိုထံ ဦးတည်နေသည်။

အဘိုးအိုက သူ့လက်ကို မြှောက်လိုက်သည်။ သူ့၏လက်ချောင်းများအကြား၌ လက်မအရွယ် ပုလဲတစ်လုံး။ "ငါ့ဆီ ချဥ်းကပ်ဖို့ လမ်းတစ်လမ်းရွေးချယ်ပြီး ပုလဲကို ယူပါ။ မှားရင် မင်း အစကပြန်စရမယ် "

ပုလဲမှာ ဖြူဖွေးနေပြီး ၄င်းအထဲတွင် ကမ္ဘာတစ်ခု တည်ရှိနေဟန်တူသည်။ မန်ဟိုက ၄င်းကို ကြည့်နေရင်း ၄င်းမှာ လုံးဝန်းခြင်း မရှိကြောင်း သတိထားမိလိုက်သည်။ အကြောင်းတချို့ကြောင့် ၄င်းမှာ ကုဗတုံးအသွင် ရှိနေပုံပေါ်သည်။ ၄င်းကား တော်တော်လေး ထူးခြားဆန်းကြယ်လှ၏။

ရုတ်တရက် သူ့ကိုယ်ထဲရှိ သုံးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်း မဆိုစလောက် ဖိနှိပ်ခံလိုက်ရသည်ကို မန်ဟို အာရုံရလိုက်သည်။

"လမ်းကိုးသွယ်။ ပြီးတော့ ငါက တစ်လမ်း ရွေးရမယ်...." သူက မျက်မှောင်ကြုတ်လိုက်သည်။ ဤအချိန်တွင် ဝမ်တန်ဖေးနှင့် အခြားသူများ ချဥ်းကပ်လာနေကြသည်။ သို့သော် သူတို့ သစ်ပင်၏ထိပ်တွင် ခြေမချနိုင်ပေ။ မမြင်နိုင်သော အားကြီးတစ်ခု သစ်ပင်ထိပ်တွင် တစ်ယောက်ထက်ပို၍ မရှိအောင် ကာကွယ်ထားပုံရသည်။

မန်ဟိုက လမ်းကိုးသွယ်ကို လှမ်းကြည့်ရင်း တခဏ စဥ်းစားနေသည်။ သူ မည်သည့်လမ်းကို ရွေးချယ်ရမည်လဲ မသိပေ။ သူက အရှေ့ရှိ အဘိုးအိုကို ကြည့်ပြီးနောက် မျက်လုံးများ တောက်ပလင်းလက်သွားသည်။ ထိုလူက ပုလဲကို လက်သုံးချောင်းဖြင့် ကိုင်ထားလေသည်။ မန်ဟိုသည် တခဏ ထပ်စဥ်းစားပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းကာ တတိယလမ်းပေါ် လျှောက်သွားသည်။

သူ့ခြေထောက် လမ်းပေါ်ကျရောက်သွားသည်နှင့် ကမ္ဘာမှာ ဇောက်ထိုးမိုးမျှော်ဖြစ်သွားပုံရသည်။ ထစ်ချုန်းသံကြီးတစ်သံ သူ့နားထဲ ပြည့်နှက်သွားပြီး အရာအားလုံး တခဏ ဝေဝါးသွားသည်။ ပြန်လည်ထင်ရှားပြတ်သားလာသောအခါ သူသည် ယခုတွင် သစ်ပင်၏အောက်ခြေတွင် ဖြစ်ကြောင်း တွေ့လိုက်ရသည်။

သူသည် အောက်သို့ပြုတ်ကျနေရင်း ပင်လယ် မျက်နှာပြင်မှ မီတာအနည်းငယ်သာ ကွာဝေးတော့သည်။ သူ၏စိတ်အစဥ်မှာ ချာချာလည်နေပြီး သူက အားတင်း၍ သူ့ကိုယ်သူ ရပ်လိုက်သည်။ အပေါ်မော့ကြည့်လိုက်သောအခါ သစ်ပင်ထိပ်တက်သွားသော ဝမ်တန်ဖေးကို မြင်လိုက်ရသည်။

"ငါ အမှားရွေးမိတော့ အစကပြန်စရမယ်....." သူက မျက်မှောင်ကြုတ်သွားသည်။ လမ်းရွေးချယ်ခြင်းမှာ ကြုံရာခန့်မှန်းရခြင်းနှင့် မခြားပေ။ တစ်လမ်းပြီးတစ်လမ်း မသွားကြည့်ဘဲ မည်ကဲ့သို့ ရွေးချယ်နိုင်မည်နည်း။

မန်ဟိုက တစ်ယောက်တည်း ရေရွတ်နေသည်။ ထို့နောက် ဝမ်တန်ဖေး သစ်ပင်ထိပ်မှ ကြယ်ပျံသဖွယ် ပြုတ်ကျသွားသည်ကို မြင်လိုက်သဖြင့် သူ၏မျက်လုံးများ ဖြတ်ခနဲ လက်သွားသည်။ သူလည်း မအောင်မြင်ခဲ့၍ သစ်ပင်၏အောက် ပင်လယ်မျက်နှာပြင်မှ ပြန်စရပေမည်။

မန်ဟိုက ခုန်ပြီး အမြင့်ဆုံးအရှိန်ဖြင့် သစ်ပင်ထိပ်သို့ ထိုးတက်သွားသည်။ အမွှေးတိုင်တစ်ဝက်ထွန်းစာအတွင်း သူသည် ထိပ်မှ မီတာသုံးထောင်သာ ကွာဝေးတော့၏။ ထိုအချိန်အတောအတွင်း ကျင့်ကြံသူဆယ်ယောက်ကျော် ပင်လယ်ထံ ပြုတ်ကျနေသည်ကို သူမြင်လိုက်ရသည်။

ထိုစဥ် တိမ်လွှာထက်၌ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများသည် မျက်ခုံးများတွန့်ချိုးလျက် စောင့်ကြည့်နေကြသည်။ အဖြစ်အပျက်အလုံးစုံကို မြင်သော် သူတို့၏ စကားသံများ ထွက်လာတော့သည်။

"လမ်းကိုးသွယ်။ ဘယ်လမ်းကို ရွေးရမလဲ ဘယ်လိုလုပ်သိမှာတုန်း.......ဂရုတစိုက် လေ့လာမှ ရမှာ။ အဖြေက ဘယ်ကံတံရားအပေါ်မှ မမူတည်ဘူး။ အဲ့ဒီအဘိုးအိုဆီမှာပဲ"

"သူက ဘာကျင့်ကြံခြင်းအခြေခံလှိုင်းတစ်ခုမှ ထုတ်လွှတ်မနေပေမယ့် နက်နဲသိမ်မွေ့တဲ့ အငွေ့အသက်တစ်ခုကိုတော့ ထုတ်လွှတ်နေတယ်။ ကြည့်ရတာ ပဟေဠိရဲ့  အဖြေက သူပြောလိုက်တဲ့ စကားထဲမှာ ဝှက်ထားတာဖြစ်လောက််တယ်......."

"ဒီစမ်းသပ်ချက်မှာ ဂရုတစိုက်စောင့်ကြည့်ဖို့ လိုတာ အံသြစရာမရှိဘူး။ အဖြေဆိုပြီး ရေရေရာရာမရှိပုံပဲ။ စုန့်မျိုးနွယ်စုတာအိုကလေးအတွက် နှစ်ကြိမ်ထဲနဲ့ အောင်မြင်ခဲ့တာ တကယ်လေးစားထိုက်ပါပေတယ်"

ဟန်ပေ့က သစ်ပင်အပေါ်တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို ကြည့်နေသည်။ သူမမျက်ဝန်းလေးများသည် စိတ်ဝင်စားမှုဖြင့် ရွှန်းလဲ့နေ၏။ သူမက တခဏစဥ်းစားပြီးနောက် ပြောသည်။ "ဘယ်ဘယ်ကနေဆို လေးလမ်းမြောက်"

လီတောက်ရီ၏ မျက်လုံးများ ဖျတ်ခနဲလက်သွားသည်။ စုန့်မျိုးနွယ်စု တာအိုကလေး နှစ်ကြိမ်နှင့် စမ်းသပ်မှုကို အောင်မြင်ခဲ့ကြောင်း ကြားရသောအခါ သူ့ရင်တွင် ယှဥ်ပြိုင်လိုစိတ် ထွက်ပေါ်လာကြောင်း သူခံစားလိုက်ရသည်။ သူက ဖြေးညှင်းစွာ ပြောသည်။ " ညာဘက်ကနေ လေးလမ်းမြောက်။ အဲ့ဒီလမ်းက ထူးခြားပုံမပေါ်ပေမယ့် သစ်ရွက်တွေကတော့ တော်တော်လေး ထူထပ်တယ်။ ဒါ့အပြင် အဘိုးအိုက လေးလုံးမြောက် စကားလုံးပြောလိုက်တိုင်း မဆိုစလောက် ရပ်ရပ်သွားပုံပဲ"

လီရှိချီ၏ မျက်လုံးများလည်း ဖျတ်ခနဲ လပ်သွားသည့်တိုင် သူမက ဘာမှမပြောပေ။ သူမသည် လမ်းကိုးသွယ်ကို စိုက်ကြည့်ရင်း အတွေးထဲ နစ်မြောနေ၏။

စုန့်ယွင်ရှု၏ အမူအရာမှာ တည်ငြိမ်နေသော်လည်း ရင်ထဲတွင်တော့ သူ့မှာ သက်ပြင်းချလိုက်သည်။ သူသည် နှစ်ကြိမ်နှင့် အောင်မြင်ခဲ့သော်လည်း ၄င်းတို့အားလုံးက ကံကောင်း၍သာ ဖြစ်သည်။ သူ မည်သို့အောင်မြင်ခဲ့သည်လဲ တကယ်မသိပေ။

ခေါင်းဆောင်ကြီး စုန့်ထျန်းက ရယ်လိုက်သော်လည်း ဘာမှမပြောပေ။ သူက စကားသံများကို နားထောင်ရင်း ခေါင်းကို ခါရမ်းကာ သစ်ပင်ထိပ်ကို အာရုံစိုက်လိုက်သည်။ မန်ဟိုက နောက်တစ်ဖန် နီးကပ်နေလေပြီ။

မန်ဟိုသည် မီတာသုံးထောင်ကို လျင်မြန်စွာ ဖြတ်ကျော်သွားသည်။ သစ်ပင်ထိပ်တွင် ကျန်ခဲ့သူများမှာ ဖက်တီးနှင့် ကျင်းဟန်ဂိုဏ်းမှ လူများဖြစ်သည်။ မန်ဟို့ကို မြင်သော် ဖက်တီးက ကပျာကယာ လမ်းဖယ်ပေးသည်။

မန်ဟိုက ခေါင်းညိတ်ပြလိုက်၏။ အပေါ်ရှိ နောက်တစ်ယောက် ကျရှုံးသွားပြီးနောက် မန်ဟို၏ ခန္ဓာကိုယ်သည် ရိပ်ခနဲ လှုပ်ရှားသွားပြီး သစ်ပင်ထိပ်တွင် ဒုတိယအကြိမ် ပြန်ပေါ်လာသည်။

သူက သစ်ပင်ထိပ်တွင် ရပ်နေပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူက အဘိုးအိိုကို ကြည့်ပြီး သူ၏စကားများကို ပြန်စဥ်းစားကာ လမ်းများကို နောက်တစ်ခေါက်ကြည့်သည်။ ထို့နောက် သူသည် လေးလမ်းမြောက်အပေါ်သို့ ခြေချလိုက်၏။

သူ၏ ရွေးချယ်မှုကား ဟန်ပေ့ပြောသည်နှင့် တစ်ထပ်တည်းပင်။

သို့သော် သူ ၄င်းအပေါ် ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် အရာအားလုံး ဇော်ထိုးမိုးမျှော်ဖြစ်သွားပြီး သူ့မှာ သစ်ပင်အောက်က ပင်လယ်ထံ ပြုတ်ကျသွားပြန်သည်။

"ငါ တကယ် ဒီနေရာကို မကြိုက်တော့ဘူး" သူက တွေးသည်။ သူ၏မျက်လုံးများသည် မချင့်မရဲဖြစ်နေခြင်းနှင့်အတူ ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် ပြည့်နှက်နေသည်။

တစ်ခါ မအောင်မြင်ခဲ့သော ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မျိုးနွယ်စုသုံးစုမှ ကျင့်ကြံသူများအားလုံး ယခု ဒုတိယအကြိမ် ကြိုးစားနေကြလေပြီ။ သို့သော် တစ်ယောက်ပြီးတစ်ယောက် ကျရှုံးကာ မန်ဟို့နည်းတူ အောက်ပြုတ်ကျနေကြသည်။

မန်ဟိုက တတိယအကြိမ် အပေါ်တက်သွားသည်။

ဤအချိန်တွင် လူတိုင်းမှာ ထူးဆန်းသော အမူအရာများဖြင့် စောင့်ကြည့်နေကြသည်။ သူတို့အားလုံး မည်သည့်အရာကို မျက်စိသျှမ်းခဲ့မိသည်လဲ စဥ်းစားရင်း အတွေးနက်နေကြဟန်တူသည်။ မည်သည့်လမ်းက အမှန်နည်း။

အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများအကြား စကားသံများ ပိုမိုထွက်ပေါ်လာသည်။

"ဒီနေရာက သိပ်ဆန်းကြယ်တာပဲ။ ဒီကလေးတွေအားလုံး နှစ်ကြိမ် ကြိုးစားခဲ့ပြီးတော့ အကုန်လုံး လမ်းကိုးသွယ်ထဲက တစ်လမ်းစီကို စမ်းကြည့်ပြီးပြီ"

"သိသိသာသာပဲ လမ်းအမှန်က ပြောင်းလဲနေတာကိုး။ ပုံသေ မသတ်မှတ်ထားဘူး။ ဒီနေရာမှာ ကံတရားက တော်တော်လေးအရေးပါမယ် ထင်တယ်"

ဟန်ပေ့သည် မျက်မှောင်ကြုတ်ရင်း ဆက်ကြည့်နေ၏။ သူမမှာ ယခုတွင် မည်သည့်လမ်းက အမှန်ဖြစ်ကြောင်း တွေးနေလေပြီ။

"စိတ်ပူစရာမလိုပါဘူး၊ မိတ်ဆွေတို့" ခေါင်းဆောင်ကြီးစုန့်ထျန်းက ပြောသည်။ သူက ရယ်သည်။ "လမ်းမှန်ကို ရှာဖို့ဆိုရင် တစ်ယောက်ချင်းစီတိုင်း သေသေချာချာ စောင့်ကြည့်လေ့လာဖို့လိုတယ်။ ဒါက သူတို့ရဲ့ တာအိုနှလုံးသားအပေါ်မှာ မူတည်လိမ့်မယ်"

တိမ်ဝဲအောက်က သစ်ပင်ကြီး၏ထိပ်တွင် မန်ဟိုသည် အပေါ်သို့ ပြန်တက်နေသည်။ သူသည် လောလောဆယ်တွင် သစ်ပင်ထိပ်မှ မီတာကိုးထောင်သာ ကွာဝေးတော့ပြီး ရုတ်တရက် သူ၏တာအိုမဏ္ဍိုင်မှာ ပြီးမြောက်ရန် ဆံခြည်တစ်မျှင်သာ လိုတော့သော နေရာရောက်သွား၏။ စုန့်မျိုးနွယ်စုတွင် ဖြစ်ခဲ့ဖူးသော ဖြစ်ရပ်ကား နောက်တစ်ဖန် စတင်ဖြစ်ပေါ်လာလေပြီ။

သူ၏ခန္ဓာကိုယ်မှာ ချက်ချင်း ခြောက်ကပ်သွားသည်။ ကံကောင်းထောက်မစွာ ဤနေရာတွင် စိတ်ဝိညာဥ်စွမ်းအင် အမြောက်အမြားရှိနေချေသည်။ တာအိုမဏ္ဍိုင်၏ ပြင်းထန်သော စုပ်ယူအားသည် စိတ်ဝိညာဥ်စွမ်းအင်များအား မည်မျှပင်ဝေးနေစေကာမူ အကုန်စုပ်ယူလာ၏။ ၄င်းတို့အားလုံးက မန်ဟို့ထံ အသည်းအသန်ပြေးဝင်နေကြသည်။

ကျင့်ကြံခြင်းအခြေခံ တိုးတက်လာနေသဖြင့် သူ၏မျက်နှာ နီမြန်းသွားသည်။ သူသည် အပေါ်သို့ တဟုန်ထိုးတက်နေပြီး မကြာမီ ထိပ်မှ မီတာသုံးထောင်သာ ကွာဝေးတော့သည်။ သူ၏စိတ်ကား ချာချာလည်လာ၏။

ဝုန်းခနဲ ပေါက်ကွဲသံ ကြားလိုက်ရပြီး ရုတ်တရက် ရွှေရောင်အလင်းတစ်ခု သူ့ကိုယ်အတွင်း စတင်ဖြစ်တည်လာသဖြင့် မန်ဟို၏မျက်နှာ ရိပ်ခနဲဖြစ်သွားသည်။ သူ၏ကျင့်ကြံခြင်းအခြေခံ စတင်လည်ပတ်လာသည့်အတွက် အလင်းသည် အပြင်သို့ ဖြာထွက်တောက်ပလာသည်။ ၄င်းကား လောကသစ်ပင်ကို လွှမ်းမိုးလိုသည့်အလားပင်။

ရွှေရောင်အလင်း၏အလယ်တွင် မှော်သင်္ကေတစီးကြောင်းများ ထွက်ပေါ်လာသည်။ ၄င်းတို့က မပီသသော်လည်း ထွက်လာသည်နှင့်တစ်ပြိုင်နက် တစ်ကမ္ဘာလုံးကို ရွှေရောင်အလင်းဖြင့် ပြည့်နှက်သွားစေသည်။

အပေါ်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတို့၏ မျက်နှာများပေါ်တွင် မယုံနိုင်သောအရိပ်အယောင်များ ထင်ဟပ်သွားသည်။ တစ်ယောက်ပြီးတစ်ယောက် ထရပ်လိုက်ကြသည်။ "အဲ့တာက......"

"မြင့်မြတ်သော ဝိညာဥ်ကျမ်းစာ" အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူတစ်ယောက်က အသက်ပင်မရှူဘဲ ပြောသည်။

***

All Chapters