← Chapters

နံပါတ် တစ် ချီအခြေတည်အဆင့်ကျင့်ကြံသူ

Vol. 15 Ch. 198

နံပါတ် တစ် ချီအခြေတည်အဆင့်ကျင့်ကြံသူ

Vol. 15 Ch. 198

အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများ မတည်ငြိမ်နိုင်တော့ပေ။ တစ်ယောက်ပြီးတစ်ယောက်၊ တစ်ခါမှမမြင်ဖူးသော အလင်းရောင်တို့ဖြင့် မျက်လုံးများ တောက်ပလင်းလက်လျက် စကားပြောလာကြသည်။

"အဲ့တာ.....အဲ့တာ သေချာပေါက် ဂန္တဝင်ကျမ်းစာသုံးခုထဲက တစ်ခုရဲ့ စွမ်းအားပဲ။ ရွှေရောင်အလင်း...... မြင့်မြတ်သောဝိညာဥ်ကျမ်းစာရဲ လက္ခဏာတစ်ရပ်"

"ဒီကလေးက မြင့်မြတ်သော ဝိညာဥ်ကျမ်းစာနဲ့ ကျင့်ကြံနေတာကိုး။ အဲ့ဒီ့ကျမ်းစာ တိမ်ကောပျောက်ကွယ်သွားခဲ့တာ နှစ်ပေါင်းများစွာကြာပြီ။ အစိတ်အပိုင်းတချို့ပဲ ကျန်ခဲ့တာ။ ဘယ်လိုလုပ် ဒီကလေး ကျမ်းစာတစ်အုပ်လုံး ရသွားတာလဲ"

"ကြည့်ရတာအရ သူ မြင့်မြတ်သောဝိညာဥ်ကျမ်းစာရဲ့ စဦးချီဖွဲ့စည်းမှုကျင့်စဥ်ကို ရခဲ့တာပဲ။ လွန်ခဲ့နှစ်ပေါင်းများစွာတုန်းက ကျိုးပြည်မှာ မှီခိုရာဂိုဏ်းချုပ်လို့ခေါ်တဲ့ လူတစ်ယောက် အဲ့တာကို သုံးခဲ့ဖူးတယ်။ သူရဲ့ကျင့်ကြံခြင်းအခြေခံက မတွေးတတ်လောက်အောင် နက်ရှိုင်းတယ် ....."

သူတို့၏မျက်လုံးများက မန်ဟိုအပေါ်မှာဖြစ်သော်လည်း တကယ်တမ်း သူတို့အာရုံစိုက်နေသည်က မြင့်မြတ်သောဝိညာဥ်ကျမ်းစာသာ။

သူတို့တစ်ယောက်ချင်းစီသည် မန်ဟို့ကို လက်ချောင်းကြားတွင် အသာလေး ဖိခြေပစ်နိုင်သည်။ သူ့မှာ နည်းနည်းလေးပင် တန်ပြန်တိုက်ခိုက်နိုင်မည် မဟုတ်ပေ။ မန်ဟို့ကို အရင်အမိဖမ်းနိုင်သည့် မည်သူမဆို မြင့်မြတ်သောဝိညာဥ်ကျမ်းစာကို ရရှိပေမည်။

ထိုကျမ်းစာမှာ မည်သည့်ဂိုဏ်းအတွက်မဆို  မယုံနိုင်လောက်အောင် အသုံးဝင်မည် ဖြစ်သည်။ ၄င်းကို ရယူနိုင်သည့် မည်သူမဆို တောင်ပိုင်းဒေသတစ်ခွင်လုံးကို အေးအေးလူလူ ဖယ်ရှားပစ်နိုင်သော နေရာသို့ ရောက်သွားပေမည်။

ထိုဂိုဏ်းသည် ပြိုင်ဘက်ကင်းဖြစ်လာပြီး ယှဥ်ပြိုင်စရာမလိုဘဲ တောင်ပိုင်းဒေသ၏ အရှင်ဘုရင် ဖြစ်လာမည်။

ဤအနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများ အဘယ့်ကြောင့် စိတ်မလှုပ်ရှားဘဲ နေနိုင်တော့မည်နည်း။ မန်ဟို စုန့်မျိုးနွယ်စု၏ သမက်ဖြစ်မလာခဲ့လျှင်တောင်မှ သူတို့အားလုံး မည်သို့ပင်ဖြစ်စေ သူ့ကို အမိဖမ်းမည်မှာ ယုံမှားဖွယ်မရှိပေ။

မည်သို့ဆိုစေ၊ မန်ဟိုသည် လောလောဆယ်တွင် စုန့်မျိုးနွယ်ဝင်မဟုတ်ဘဲ အများကြားက ယှဥ်ပြိုင်သူတစ်ဦးသာ ဖြစ်သည်။

ယခုအချိန်တွင် လှုပ်ရှားရန်က မသင့်တော်သော်လည်း မန်ဟို ထွက်လာသည်နှင့် တောင်ပိုင်းဒေသရှိ ဂိုဏ်းကြီးများနှင့် မျိုးနွယ်စုများအားလုံး သူ့ကိုလုယူချင်ကြမည်ဖြစ်သည်။ ထိုအဖြစ်အပျက်တွင် သူ့အသက်က အရေးပါမည် မဟုတ်တော့ပေ။ မြင့်မြတ်သော ဝိညာဥ်ကျမ်းစာကို ရရန်အတွက် မန်ဟို့အပေါ်တွင် စိတ်ဝိညာဥ်ရှာဖွေခြင်းအသုံးပြုကာ ၄င်းအား ဆွဲထုတ်ရန် ဝန်လေးနေမည့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူဟူ၍ မရှိပေ။

ထိုကဲ့သို့ စိတ်ဝိညာဥ်ရှာဖွေခြင်း၏ ရလဒ်က သူ၏ဝိညာဥ်ကို လွင့်စင်ပျောက်ကွယ်သွားစေလိမ့်မည်။

မြင့်မြတ်သော ဝိညာဥ်ကျမ်းစာပေါ်လာသည်နှင့်တစ်ပြိုင်နက် မန်ဟိုမှာ တောင်ပိုင်းဒေသရှိ ဤထိပ်သီးဂိုဏ်းများ၏ သားကောင် ချက်ချင်း ဖြစ်သွားတော့သည်။

၄င်းမှာ လူတိုင်း တွေးနေသည့် အရာဖြစ်ကြောင်း သိသာသည်။ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ၏ မျက်လုံးများ တဖျပ်ဖျပ်လက်နေသည်။ ဤသည်မှာ စုန့်မျိုးနွယ်စုဖြစ်သော်လည်း အနှေးနှင့်အမြန် တစ်ယောက်မဟုတ် တစ်ယောက်တော့ လှုပ်ရှားလိမ့်မည်။ သူတို့အားလုံး စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးကို လှမ်းကြည့်လိုက်ကြသည်။

မန်ဟိုက မြင့်မြတ်သော ဝိညာဥ်ကျမ်းစာ ပိုင်ဆိုင်ထားသည့် သူ၏လျှို့ဝှက်ချက်ကို ပွင့်ပွင့်လင်းလင်း ထုတ်ပြခဲ့လေပြီ။ ၄င်းက မည့်သည့်ဂိုဏ်း၊ မည်သည့်မျိုးနွယ်စုကိုမဆို လိုချင်တပ်မက်မှုများ ပြင်းပြသွားစေမည်ဖြစ်သည်။ သို့သော် နေရာအနေအထားအရ၊ စုန့်မျိုးနွယ်စုက လောလောဆယ်တွင် တစ်ပန်းသာနေ၏။

အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများသည် စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးကို လှမ်းကြည့်နေရင်း ကျောက်စိမ်းပြားများအား မသိမသာ ထုတ်ပြီး လက်ချောင်းများအကြား ချိုးခြေလိုက်သည်။ ဤသည်က သူတို့၏ဂိုဏ်းနှင့် မျိုးနွယ်စုများထံ ချက်ချင်း သတင်းများ ပေးပို့လိုက်လေသည်။

လူထူးဆန်းစုန့်မှာ ဖြစ်ပျက်နေသော မြင်ကွင်းကို တအံ့တသြ ငေးကြည့်နေသည်။ ကျန်စုန့်မျိုးနွယ်ဝင်အားလုံးလည်း တုန်လှုပ်နေကြပုံရသည်။ ခေါင်းဆောင်ကြီးစုန့်ထျန်းက ဝုန်းခနဲ ထရပ်လိုက်သည်။ သူ၏မျက်လုံးများမှာ လျှို့ဝှက်ဆန်းကြယ်စွာ လင်းလက်နေပြီး သူ့မှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေသည်။ သို့သော် စောစောက မျိုးနွယ်စုအတွင်း ဖြစ်ပျက်ခဲ့သောအရာနှင့်အတူ တာအိုစောင့်ရှောက်သူခေါင်းဆောင်ကြီးမှ ပေးပို့လိုက်သည့် သတိပေးချက်ကို သူပြန်မှတ်မိလိုက်၍ သူ၏မျက်လုံးများမှာ ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားတော့သည်။

"ဒီကောင်လေး မန်ဟိုကို......" သူက ပြောသည်။ "မထိနဲ့။ သူ့အတွက် ပြဿနာဖြစ်စေတဲ့ ဘယ်သူမဆို သေချင်နေတာနဲ့အတူတူပဲ" သူက အင်္ကျီလက်စကို ခါရမ်းလိုက်သည်။ "ဂုဏ်သရေရှိ အမျိုးသမီးများနဲ့ လူကြီးမင်းတို့။ ခင်ဗျားတို့ စုန့်မျိုးနွယ်စုမှာဆိုတာ သတိရပါ" သူ၏စကားလုံးများက မိုးထစ်ချုန်းသံကဲ့သို့ ပဲ့တင်ထပ်လာရာ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများကို မျက်နှာထား တင်းမာခက်ထန်သွားစေသည်။ သူတို့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာ၏။ သူတို့ စုန့်မျိုးနွယ်စုခေါင်းဆောင်ကြီးကို စိုက်ကြည့်နေကြစဥ် သူတို့၏မျက်လုံးများတွင် အကြောက်တရားများ စိုးမိုးလာသည်။

"ခင်ဗျားတို့မှ ဘာရည်ရွယ်ချက်ပဲ ရှိနေပါစေ၊ ဒါက စုန့်မျိုးနွယ်စုရဲ့ သမက်ရွေးချယ်ပွဲပဲ" သူက မျက်လုံးများ စူးရှတောက်ပနေရင်း ပြောသည်။ "အောင်မြင်တဲ့ ဘယ်သူမဆို စုန့်မျိုးနွယ်စုရဲ့ သမက်ဖြစ်လာမယ်။ အားလုံးထွက်လာတာနဲ့ ခင်ဗျားတို့ လောဘအတွက် အချိန်ရှိတယ်။ ဒါပေမယ့် မန်ဟိုသာ စုန့်မျိုးနွယ်စုရဲ့ သမက်ဖြစ်လာရင်တော့ အဲ့တာကို မိုးကောင်းကင်ရဲ့အလိုတော် အဖြစ် သတ်မှတ်ရမယ်"

"အကြီးအကဲစုန့်၊ ကျုပ်တို့ ခင်ဗျားရဲ့ စကားအတိုင်း လိုက်နာပါ့မယ်" ချင်းလော်ဂိုဏ်းမှ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူက ပြုံးပြီး ပြောသည်။

ကျန်အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအားလုံးလည်း မန်ဟို့ကို အာရုံမထားဟန်ဖြင့် တဖြေးဖြေး သဘောတူလာကြသည်။ သို့သော် သူတို့ရင်ထဲတွင်တော့ ဂိုဏ်းအဖွဲ့ဝင်များ ရောက်လာကြမည်အတွက် ပြင်ဆင်နေကြသည်။

ဟုတ်ပါသည်။ ခေါင်းဆောင်ကြီးစုန့်ထျန်း ထိုသည်ကို ကောင်းကောင်းသိသည်။ သူ့မှာ သက်ပြင်းချပြီး တိမ်ဝဲအတွင်းရှိ ရွှေရောင်ကမ္ဘာကို ဆက်ကြည့်နေရင်း ဘာမှမပြောတော့ပေ။

မန်ဟိုထံမှ ဖြာထွက်နေသော ရွှေရောင်အလင်းတွင် မှော်သင်္ကေတများ ထွက်ပေါ်လာသည်။ ဤသည်ကား မြင့်မြတ်သောဝိညာဥ်ကျမ်းစာမှတစ်ပါး အခြားမဟုတ်ပေ။

ကြည့်ရှုနေသူများ အနေဖြင့် မှော်သင်္ကေတများအား အသေးစိတ်မြင်နေရသည့်တိုင် မှတ်ဉာဏ်အတွင်း ထည့်သွင်း၍မရပေ။ သူတို့ မှတ်ထားသမျှအားလုံးမှာ ဝိုးတိုးဝါးတား ပျောက်ကွယ်သွားသည်သာ။

တောင်ပိုင်းဒေသတွင် ဂန္တဝင်ကျမ်းစာသုံးခုရှိသည်။ ၄င်းတို့အထဲမှ......မြင့်မြတ်သောဝိညာဥ်ကျမ်းစာကသာ ရွှေရောင်အလင်းထုတ်လွှတ်ခြင်းဖြစ်သည်။

၄င်းကို မည်သူ ဖန်တီးခဲ့သည်လဲ မသိရသည့်အပြင် ကျမ်းစာ၏မူလအစနှင့်ပ တ်သက်၍လည်း မှတ်တမ်းမှတ်ရာမရှိပေ။ သို့သော် ဒဏ္ဍာရီများစွာတော့ ရှိသည်။ တစ်ခု အဆိုပြုထားသည်က ၄င်းကို နဝမမြောက် တောင်နှင့်ပင်လယ်လမ်းစဥ်ကို လျှောက်လှမ်းခဲ့သည့် ထင်ပေါ်ကျော်ကြားသော တာအိုရှာဖွေခြင်းအဆင့် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်က ဖန်တီးခဲ့သည်ဟူ၍။

သို့သော် ထိုကိစ္စမျိုးမှာ အလွန် ခမ်းနားကြီးကျယ်လွန်းလေသည်။ သို့ဖြစ်၍ လူအတော်များများက ထိုကဲ့သို့ ဒဏ္ဍာရီတစ်ပုဒ်ကို မယုံကြည်ကြပေ။

မည်သို့ဆိုစေ၊ မြင့်မြတ်သောဝိညာဥ်ကျမ်းစာ၏ ကျင့်စဥ် (၇) ခုအား အဖိုးထိုက်ရတနာများအဖြစ် သတ်မှတ်နိုင်သည်။ အမှန်တကယ်ဆိုရလျှင် ဇီယွင်ဂိုဏ်း ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းဖြစ်လာသည့် အကြောင်းရင်းမှာ မြင့်မြတ်သောဝိညာဥ်ကျမ်းစာမှ ချီအခြေတည်ခြင်းကျင့်စဥ်၏ အစိတ်အပိုင်းတစ်ခု ရခဲ့သောကြောင့်ပင်။

ကျင့်စဥ်၏ တပိုင်းတစလေးကပင် ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းအဖြစ် မွေးဖွားပေးနိုင်သည်။ ဤတစ်ချက်နှင့်ပင် မြင့်မြတ်သောဝိညာဥ်ကျမ်းစာ၏ အကန့်အသတ်မဲ့မှုမှာ ထင်ရှားနေလေပြီ။

မြင့်မြတ်သောဝိညာဥ်ကျမ်းစာကို ကျင့်ကြံအားထုတ်ခြင်းသည် ခန္ဓာကိုယ်ကို နောက်ဆုံး၌ မှော်ကျမ်းစာများ ထုတ်ပေးနိုင်သည့် အဆင့်အထိ ရောက်စေနိုင်သည်။ ဤသည်က အထူးအဆင့်၊ အထူးလက္ခဏာပင်။

ထိုကဲ့သို့ အဆင့်တစ်ဆင့်ကို တာအိုမဏ္ဍိုင် ကိုးခု ဖန်တီးပြီးနောက်မှသာလျှင် ရောက်ရှိနိုင်သည်။ ထို့နောက် ၄င်းက မြင်သာလာမည်။ သို့သော် မန်ဟို့မှာ ပြီးပြည့်စုံသော အခြေတစ်ခု ရှိသည့်အတွက် သူသည် တာအိုမဏ္ဍိုင်းငါးခုဖြင့် ပြိုင်ဘက်ကင်းသောနေရာတစ်နေရာတွင် ဖြစ်သည်။ ယင်းက ယခု လက္ခဏာ ၄င်းကိုယ်၄င်း ပြသလိုက်သည့်အကြောင်းရင်းပင်။

အမှန်ပင်၊ ဤအဖြစ်အပျက်များမှာ မန်ဟို၏ မျှော်လင့်ခြင်းစွမ်းအားများထက် ကျော်လွန်သွားပြီး သူ့ကို လုံးဝ သတိလက်လွတ်ဖြစ်သွားစေသည်။ သူ့နှလုံးသားမှာ ချက်ချင်း သတိများဖြင့် ပြည့်နှက်သွားပြီး သူသည် ကံကောင်းခြင်းအဆောင်ကို ထုတ်ကာ အသက်သွင်းရန် ပြင်လိုက်သည်။

ကျမ်းစာ သူ့ခန္ဓာကိုယ်မှ လွင့်မျောထွက်လာပြီး ရွှေရောင်အလင်းက တစ်ကမ္ဘာလုံးကို လွှမ်းခြုံထားသည့်အတွက် ဂိုဏ်းအသီးသီးမှ ရွေးချယ်ခံများမှာ သူ့ကို တအံ့တသြ မော့ကြည့်နေကြတော့သည်။

ဖက်တီး ပင့်သက်ရှိုက်သွားပြီး တစ်ယောက်တည်း ရေရွတ်လိုက်သည်။ "အဲ့တာ မန်ဟိုပဲ။ သူက မှီခိုရာဂိုဏ်းမှာတုန်းကလဲ အံသြစရာကောင်းခဲ့တယ်။ ပြီးတော့ တောင်ပိုင်းဒေသကို ရောက်လာပြီး ချူယွီယန်ကို မြူဆွယ်တယ်။ အခု အစွမ်းတွေ ပိုလို့တောင် ပြနေသေးတယ်......"

ဝမ်ယိုချုင်က ရွှေရောင်အလင်းကို နှုတ်ဆိတ်စွာ ကြည့်နေသည်။ အထဲတွင်တော့ လေးစားခြင်းလှိုင်းလုံးများ သူ့နှလုံးသားကို ရိုက်ခတ်နေ၏။

ဝမ်တန်ဖေးမှာတော့ မိုးကြိုးအစင်းတစ်ရာ ပစ်ချခံလိုက်ရသည့်အလား ခံစားလိုက်ရသည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွား၏။ မလိုလားခြင်းတို့က သူ့ရင်ထဲ မြင့်တက်လာချင်သည့်တိုင် မန်ဟိုမှာ .......သူ အထင်သေးနိုင်သည့် လူတစ်ယောက်မဟုတ်တော့ကြောင်း ဝန်ခံရပေမည်။

တကယ်တမ်း ကြောက်စိတ်များ ဝမ်တန်ဖေး၏နှလုံးသားထဲတွင် ပေါက်ဖွားလာ၏။ သူတို့နှစ်ယောက် နောက်ဆုံးတွေ့ခဲ့သည့်အချိန်မှစ၍ ဆယ်နှစ်ပင် မကြာသေးပေ။ ဆယ်နှစ်ကြာလျှင် မန်ဟို သူ့ထက် မည်မျှသာနေမည်နည်း။ ဝမ်တန်ဖေးမှာ တစ်နေ့တွင် သူ ချီအခြေတည်အဆင့်တွင် ရှိနေဆဲဖြစ်ချိန် မန်ဟို အမြုတေဖြစ်တည်မှုအဆင့် ရောက်သွားခဲ့ပါက မည်သို့ဖြစ်ပျက်လိမ့်မည်ကို တွေးပင်မတွေးရဲပေ။ ထိုအချိန် သူတို့ပြန်ဆုံလျှင် ဘာဖြစ်မည်နည်း........။

ယခု ဖြစ်ပျက်နေသောအရာကြောင့် ယောက်ယက်ခတ်သွားမှူမှာ မန်ဟို သစ်ပင်အပေါ် တက်ခဲ့စဥ်က အံသြဖွယ်ကောင်းမှုထက် အဆများစွာ သာသည်။

သူ့ ခန္ဓာကိုယ်တွင် ကျယ်လောင်စွာ မြည်ဟည်းနေသော ပေါက်ကွဲသံများ ပြည့်နှက်နေသည့်အတွက် သူ့မှာ မောဟိုက်ပင်ပန်းစွာ အသက်ရှူနေမိတော့သည်။ ၄င်းတို့မှာ ရှောင်မျိုးနွယ်စုတွင် စတုတ္ထတာအိုမဏ္ဍိုင်ဖန်တီးခဲ့သည့်အချိန်က ကြုံ့တွေခဲ့ရသည့် ထစ်ချုန်းသံထက် များစွာ သာလွန်နေသည့်အတွက် မန်ဟို့ကို ရင်တဒိန်းဒိန်းခုနေစေပြီး သူ၏အသားများကို တဆတ်ဆတ်တုန်နေစေသည်။

သူ၏ ပဥ္စမတာအိုမဏ္ဍိုင် ပြီးမြောက်သွားပြီဖြစ်ကြောင်း သူအာရုံရလိုက်သည်။ အသက်ရှိုက်စာအနည်းငယ်ကြာသော် သူ၏ခေါင်းမှာ ရုတ်တရက် အလွန်ပြင်းထန်ကျယ်လောင်သော ထစ်ချုန်းသံကြီးဖြင့် ပဲ့တင်ထပ်သွားသည်။ နောက်ဆုံး၌ သူ၏ ပဥ္စမတာအိုမဏ္ဍိုင်ကား အပြည့်အဝဖြစ်တည်လာခဲ့လေပြီ။

ပဥ္စမ တာအိုမဏ္ဍိုင်။

ဤပဥ္စမတာအိုမဏ္ဍိုင်ဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံသည် နောက်ထပ်အမြင့်သို့ တဟုန်ထိုးတက်သွားသည်။ သူထံမှ မျက်စိကျိန်းစဖွယ် ရွှေရောင်အလင်း ဖြာထွက်လာပြီး မြင့်မြတ်သောဝိညာဥ်ကျမ်းစာ၏ မှော်သင်္ကေတများ သူ့ကို စက်ဝိုင်းသဏ္ဍာန် လှည့်ပတ်လာသည်။ ၄င်းတို့မှာ မန်ဟို့ထံသို့ ဝပ်တွားခယနေသယောင်ပင်။

သူ အသက်တစ်ချက်ရှူလိုက်တိုင်း မှော်သင်္ကေတများ တဖျပ်ဖျပ်လှုပ်သွားစေသည်။ သူ မျက်တောင်တစ်ချက်ခတ်လိုက်တိုင်း ရွှေရောင်အလင်းအား ပို၍စူးရှတောက်ပသွားစေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံသည် ပို၍မြင့်မားလာပြီး သူ၏အတိုက်အခိုက်စွမ်းရည် ထိုးတက်သွားသည်။ မန်ဟိုကား တစ်ခါမှမမြင်ဖူးသောအသွင်ဖြင့် ပြောင်းလဲနေချေသည်။

ရုတ်တရက် ပြစ်ဒဏ်မိုးကြိုးတိမ်တိုက်များ စုန့်မျိုးနွယ်စု၏ တောင်တန်းများတွင် ထွက်ပေါ်လာပြီး အချိန်တစ်ခုကြာအောင် ရစ်ဝဲနေပြီးနောက် လွင့်စင်ပျောက်ကွယ်လာသည်။

မန်ဟို၏ ဆံပင်ရှည်များသည် သူ့ပတ်လည်တွင် မျောလွင့်နေပြီး သူ၏ခန္ဓာကိုယ်မှာ ဖော်ပြ၍မတတ်နိုင်သော အင်အားကြီးတစ်ခုဖြင့် ပြည့်နှက်နေသည်။ ထစ်ချုန်းသံကြီး ဆက်လက်ပဲ့တင်ထပ်နေစဥ် သူ၏နှလုံး တဒိန်းဒိန်းခုန်လာသည်။ သူက ခံစားချက်များအားလုံးအား သူ့အပေါ် လွှမ်းမိုးခွင့်ပေးရင်း အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းလိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံ တဟုန်ထိုးတိုးတက်မှုသည် သူ၏တိုက်ခိုက်ရေးခွန်အားကို ယခင်ထက် ကျော်လွန်သွားစေ၏။

မန်ဟိုသည် ယခုအချိန်တွင် ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်ကို အလွယ်တကူ ဖယ်ရှားရှင်းလစ်ပစ်နိုင်ကြောင်း အခိုင်အမာယုံကြည်သွား၏။ ရွေးချယ်ခံဖြစ်စေ၊ တာအိုကလေးဖြစ်စေ၊ အားလုံးက သူ့အောက်တွင်သာ။ သူ့တွင် ပြီးပြည့်စုံသောအခြေနှင့် တာအိုမဏ္ဍိုင်ငါးခုရှိသည်။ သူကား ချီအခြေတည်အဆင့်အတွင်း ပြိုင်ဘက်ကင်းသွားလေပြီ။

သူ့အရှေ့တွင် အနာအဆာမဲ့အခြေမှတစ်ပါး အခြားအခြေများအားလုံး သူ၏ပြီးပြည့်စုံသောအခြေ၏ နင်းခြေခံရပေမည်။

သို့သော် တစ်ချိန်တည်းမှာပင် ပြင်းထန်သော အန္တရာယ်အာရုံကြီးတစ်ခုက သူ့ရင်ထဲတွင် စိုးမိုးလာသည်။ အပြင်ကလူတိုင်း သူ့ကို စောင့်ကြည့်နေကြကြောင်း သူသိလေသည်။ သူ့ပတ်လည်တွင် လွင့်မျောနေသော ကျမ်းစာသင်္ကေတများမှာ မြင့်မြတ်သောဝိညာဥ်ကျမ်းစာမှဖြစ်ကြောင်း သိသာနေသည်။

အန္တရာယ်ကို ခံစားနေရသည့်တိုင် ခိုင်မာပြတ်သါးသောစိတ်ဆန္ဒသည် မန်ဟို၏မျက်လုံးများထဲတွင် ပြည့်နှက်လျက်ရှိသည်။ သူက ကံကောင်းခြင်းအဆောင်ကို မလွှတ်တမ်းဆုပ်ကိုင်ရင်း ရှေ့ခုန်တက်လိုက်သည်။ ဤနေရာမှာ စိတ်ဝိညာဥ်စွမ်းအင် လုံးဝဥဿုံကင်းမဲ့ နေပြီဖြစ်၍ သူသည် ရွှေရောင်အလင်းဖြင့် ခြံရံလျက် သစ်ပင်ထိပ်ထံ တဟုန်ထိုးတက်သွားသည်။

"ဘယ်သူမှ ငါ့နောက် လိုက်မလာကြသေးဘူး။ သေချာပေါက် အချိန်သိပ်မကျန်တော့ဘူးပဲ...." မန်ဟိုမှာ စိတ်ပူနေသော်လည်း ယခုထိ ထွက်မသွားချင်သေးပေ။ သူ၏ပန်းတိုင်၊ ကုဗပုလဲက ထိုနေရာတွင် ယူဆောင်ရန် စောင့်နေသည်။ ထို့နောက်မှ ကံကောင်းခြင်းအဆောင်ဖြင့် သူထွက်ပြေးနိုင်လေသည်။

"အဆောင်က ငါ့ကို မြင့်မြတ်သော ရှေးဟောင်းနယ်မြေကနေ ထုတ်ပေးနိုင်ရင် ဒီနေရာလဲ ပြဿနာရှိမှာ မဟုတ်ဘူး" ကံကောင်းခြင်းအဆောင်မှာ ပြင်ဆင်ရန် အချိန်လိုအပ်သည့်အတွက် သူသည် ၄င်းအတွင်းသို့ စိတ်ဝိညာဥ်စွမ်းအင်စီးဝင်စေရင်း တစ်ချိန်တည်းမှာပင် တဟုန်ထိုးတက်နေသည်။ သူက ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်ငါးခု၏ အင်အားကို အသုံးပြုရင်း နောက်ဆုံးမီတာသုံးထောင်ကို ကျော်ဖြတ်ကာ ရှင်းလင်းနေသော သစ်ပင်ထိပ်ကို ရောက်သွားသည်။

ခဲရောင်ဝတ်ရုံနှင့် အဘိုးအိုက ထိုနေရာတွင်ရပ်နေမြဲပင်။ သူ့အရှေ့ရှိ လမ်းကိုးသွယ်မှာ ရွှေရောင်အလင်း၏ သက်ရောက်မှုကြောင့် ယခုတွင် ရွှေလမ်းများနှင့် တူနေလေသည်။

မန်ဟို ဤနေရာတွင် တတိယအကြိမ် ရပ်ခြင်းဖြစ်သည်။ သူ၏မျက်လုံးများ တောက်ပစွာ လင်းလက်နေသည်။ သူ၏နောက်ဆုံးရွေးချယ်မှုပြုလုပ်ရန် အချိန်ကျရောက်လာခဲ့လေပြီ။ ရွေးချယ်မှုက..... မန်ဟိုတစ်ယောက်တည်းသာ လုပ်နိုင်သောအရာပင်။

***

All Chapters