ဆယ်လမ်းမြောက်
Vol. 15 Ch. 199
လက်ရှိအချိန်တွင် တိမ်တိုက်ထဲရှိ အနုသုခမရုပ်ခန္ဓာအဆင့် ပညာရှင်များအားလုံး စူးရှတောက်ပနေသော မျက်လုံးများဖြင့် စောင့်ကြည့်နေကြသည်။ သူတို့ စုန့်မျိုးနွယ်စုတွင်သာ မဟုတ်ပါက အချိန်အတော်ကြာ ကတည်းက လှုပ်ရှားခဲ့ပြီးဖြစ်မည်။ သူတို့မှာ ကြောက်လန့်နေသော်လည်း ပြင်ဆင်မှုများ လုပ်ဆောင်ပြီးလေပြီ။ သူတို့အမြင်တွင်တော့ မန်ဟိုမှာ ကရားထဲက လိပ်ကလေးသဖွယ်သာ။ အတောင်ပေါက်လာလျှင်တောင်မှ သူ ထွက်ပြေးလွတ်မြောက်နိုင်မည် မဟုတ်ပေ။
သူတို့ စိုးရိမ်ရမည့် တစ်ခုတည်းသောအရာက စုန့်မျိုးနွယ်စုပင်။ မြင့်မြတ်သော ဝိညာဥ်ကျမ်းစာမှ စဦးချီဖွဲ့စည်းမှုကျင့်စဥ်၏ အရေးပါမှုသည် ဖော်ပြရန် ခက်ခဲ၏။ အမှန်တကယ်ဆိုရလျှင် ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မျိုးနွယ်စုသုံးစုသည် မြင့်မြတ်သောဝိညာဥ်ကျမ်းစာကို မှီခိုရာဂိုဏ်းတွင် ရှိနေခွင့်ပေးပြီး အဘယ်ကြောင့် သွားမယူခဲ့ကြသည်ကို အတော်များများ နားမလည်နိုင်ကြပေ.......
သူတို့သည် တဖျပ်ဖျပ်လက်နေသော မျက်လုံးများဖြင့် စောင့်ကြည့်နေကြသည်။ သူတို့်မှာ မန်ဟို ထွက်လာပြီး သူတို့ဂိုဏ်းမှ တပ်ကူများရောက်လာမည်ကို စောင့်နေကြခြင်းသာ ဖြစ်သည်။
သို့သော်...... ချင်းလော်ဂိုဏ်းမှ အနုသုခုမရုပ်ခန္ဓာအဆင့်ပညာရှင်၏ မျက်လုံးများမှာ အခြားသူများ သတိမထားမိသော အရာတစ်ခုဖြင့် လင်းလက်နေသည်။ သူ ချိုးခြေလိုက်သည့် ကျောက်စိမ်းပြားတွင် အခြားသူများနှင့် မတူညီသော အသေးစိတ်အချက်အလက်များ ပါဝင်သည်။ သူသည် မြင့်မြတ်သောဝိညာဥ်ကျမ်းစာနှင့် ပတ်သက်သည့် အချက်အလက်ကို သာမက မန်ဟိုကို ရှာတွေ့ခဲ့ပြီဆိုသော သတင်းလည်းပါရှိသည်။
ချင်းလော်ဂိုဏ်း၏ ခေါင်းဆောင်များသည် အန္တိမဒုက္ခအား လုယူသွားခဲ့သူကို ရှာဖွေရန် အမိန့်များ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။ အပြင်သို့ သတင်းပြန့်၍ မဖြစ်သောကြောင့် သူတို့၏ရှာဖွေမှုမှာ တိတ်ဆိတ်သာ ဆောင်ရွက်နိုင်လေသည်။ သို့ဖြစ်၍ မြင့််မြတ်သောဝိညာဥ်ကျမ်းစာ ထွက်ပေါ်လာခြင်းက ချင်းလော်ဂိုဏ်းအတွက် ကောင်းမွန်သောအရာမဟုတ်ပေ။
"အခု ဂိုဏ်းအားလုံး သူ့ကို အာရုံစိုက်နေကြပြီ" ချင်းလော်ဂိုဏ်း အနုသုခမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများ မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် တွေးသည်။ "သူ့ရဲ့ လျှို့ဝှက်ချက်တွေ မပေါ်ခင် ငါ သူ့ကို အရင်မိဖို့လိုတယ်" သွေးအေးသောအပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ "မြင့်မြတ်သော ရှေးဟောင်းနယ်မြေတွေမှာ ဒီကောင့်ကို မဖမ်းနိုင်ဘူး။ သူ့မှာ ရှေးနဂါးငွေ့တန်းကံကြမ္မာဂိုဏ်းက ကံကောင်းခြင်းအဆောင်ရှိတယ်။ ကမ္ဘာပေါ်က ဘယ်နေရာကိုမဆို သူသွားနိုင်တယ်" အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအကြားတွင် သူတစ်ယောက်သာ လောကသစ်ပင်၏ ဤပုံရိပ်ယောင်အပိုင်းအစက မန်ဟို့ကို အတွင်းတွင် ပိတ်မိအောင် မလုပ်နိုင်ကြောင်း သိသူဖြစ်သည်။ သို့သော် သူ စိတ်မပူ။ မန်ဟို့တွင် ကံကောင်းခြင်းအဆောင်ရှိကြောင်း တွေ့လိုက်ရသည်နှင့်တစ်ပြိုင်နက် ချင်းလော်ဂိုဏ်းမှာ အရေးပေါ်အစီအစဥ် တစ်ပုံတခေါင်း ပြင်ဆင်ထားခဲ့ပြီးဖြစ်သည်။
တိမ်ဝဲ၏အောက်၊ တောက်ပနေသော ရွှေရောင်ကမ္ဘာတွင် မန်ဟို အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ သူက သစ်ပင်ထိပ်မှ မီတာရာဂဏန်းမျှ အကွာတွင်သာ ရပ်နေသော အဘိုးအိုကို စိုက်ကြည့်လိုက်သည်။
သူတို့နှစ်ယောက်ကို ရွှေရောင်အလင်းဖြင့် တောက်ပနေသော လမ်းကိုးသွယ်က ခြားထားသည်။ လမ်းသုံးလမ်းမှာ တကယ်တမ်း အခြားလမ်းများထက် အတန်ငယ်ပို၍ တောက်ပနေသယောင်ရှိသည်။
"ငါ ဘယ်လို ရွေးချယ်ရမလဲ......" မန်ဟိုက လေးလေးနက်နက်စဥ်းစားရင်း တခဏရပ်နေသည်။ ထို့နောက် အေးစက်သော အလင်းရောင်တစ်ခု သူ၏မျက််လုံးများအတွင်း တောက်ပလာသည်။ သူသည် ရွေးချယ်မှု နှစ်ကြိမ် ပြုလုပ်ခဲ့ပြီး နှစ်ကြိမ်လုံး မအောင်မြင်ခဲ့ပေ။ ဤသည်မှာ သူ၏ တတိယအခွင့်အရေးပင်။ သူ ထပ်မအောင်မြင်လျှင် လေးကြိမ်မြောက်အခွင့်အရေး ဘယ်တော့မှ ရတော့မည်မဟုတ်ကြောင်း သူသိသည်။
တကယ်တမ်း မန်ဟို မည်သည့်လမ်းက အမှန်ဖြစ်ကြောင်း ခန့်မှန်းခဲ့ပြီးဖြစ်သည်။ ၄င်းက သူ ယခင် လျှောက်ခဲ့သော လမ်းပင်။ လူတစ်ယောက်သည် အမှန်တကယ် ကျင့်ကြံအားထုတ်ချင်ပါက ဇွဲလုံ့လရှိရမည်ဖြစ်ပြီး အလွယ်တကူ စိတ်ပြောင်းလဲ၍ မရပေ။ ဤသည်မှာ သူ့အရှေ့ရှိ လမ်းကိုးသွယ်ကို လျှောက်ခြင်းအတွက် သော့ချက်ပင်။
"ဒါပေမယ့် ရွေးချယ်မှုက......ငါ့စိတ်ဆန္ဒကနေ ပေါက်ဖွားလာတဲ့ ရွေးချယ်မှုမဟုတ်ဘူး" မန်ဟို၏မျက်လုံးများသည် အေးစက်မှုဖြင့် တောက်ပသွား၏။ သူက ရှေ့ဆက် လှမ်းလိုက်သဖြင့် အပေါ်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအားလုံး စောင့်ကြည့်နေကြသည်။ တစ်ကမ္ဘာလုံးမှာ စူးရှတောက်ပနေသော ရွှေရောင်အလင်းဖြင့် ပြည့်နှက်နေသည့်တိုင် သူတို့၏အမြင်အာရုံက ၄င်းကို ထိုးဖောက်နိုင်လေသည်။
မန်ဟို ရှေ့တက်သွားသည့် အခိုက်အတန့်၌ သူ၏ ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်ငါးခုသည် အခြားချီအခြေတည်အဆင့်ထက် သာလွန်သော စွမ်းအားကြီးဖြင့် ပေါက်ကွဲထွက်လာသည်။ ရွှေရောင်အလင်းသည် ပို၍ပိတ်ပိန်းလာပြီး သူ၏အမြန်နှုန်း တိုးတက်သွားသည်။
သို့သော်.... သူကား မည်သည့် သစ်ရွက်ခင်းလမ်းကိုမှ မရွေးချယ်ဘဲ လေပေါ်ပျံတက်ကာ....... ခဲရောင်ဝတ်ရုံနှင့် အဘိုးအိုထံ တန်းတန်းမတ်မတ် ပျံသန်းသွား၏။ ဤအရာအားလုံး ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း အမှန်တွင် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းပင်။ မန်ဟိုသည် အဘိုးအို၏အရှေ့ရှိ လမ်းကိုးသွယ်ကို အပေါ်မှ ကျော်ဖြတ်သွား၏။ သူက လက်ကိုမြှောက်လိုက်ရာ သူ၏ကျင့်ကြံခြင်းအခြေခံ တလိပ်လိပ်ထွက်ပေါ်လာသည်။ ချက်ချင်းပင် မီတာခြောက်ရာအရှည် မီးနဂါးကြီး ပေါ်လာပြီးနောက် အဘိုးအိုကို ဝင်တိုက်သွားသည်။
မန်ဟိုက လက်ကို နိမ့်ချလိုက်ရာတွင် အဘိုးအိုလက်ထဲရှိ ကုဗပုလဲ သူ့လက်ထဲ ပျံသန်းလာ၏။ အဘိုးအိုက သူ့တားရန် ဘာတစ်ခုမှ မလုပ်ပေ။ မီးနဂါးကြီး သူ့ကို လွှမ်းခြုံပြီး ပုလဲလုယူခံလိုက်ရစဥ် လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်တစ်ခု သူ၏မျက်လုံးများထဲတွင် ပေါ်လာပြီး ခပ်ရေးရေးအပြုံးတစ်ခု သူ့နှုတ်ခမ်းထောင့်တွင် ဖြစ်ထွန်းသွားသည်။
အဘိုးအို၏ ရှေးဆန်သောအသံကြီး ဟိန်းထွက်လာသည်။ "မင်း သေချာပေါက် လမ်းမှန်ကို သဘောပေါက်ခဲ့သားပဲ။ ဘာကြောင့် ဒီရွေးချယ်မှုကို ပြုလုပ်ခဲ့တာလဲ" အသံကြီး ပဲ့ထပ်လာစဥ် ကမ္ဘာတစ်ခုလုံး ပြည့်နှက်နေသော ရွှေရောင်အလင်းမှာ ရုတ်တရက် ဖိနှိပ်ခံလိုက်ရ၏။ ဂိုဏ်းကြီးများနှင့် မျိုးနွယ်စုအသီးသီးမှ ရွေးချယ်ခံများအားလုံး သစ်ပင်ထိပ်က အဖြစ်အပျက်ကို ပြတ်ပြတ်သားသား မြင်လိုက်ကြရလေသည်။
ထိုမြင်ကွင်းကြီးက သူတို့ကို အံ့သြခြင်းများဖြင့် ပြည့်နှက်သွားစေသည်။ ခဲရောင်ဝတ်ရုံနှင့်အဘိုးအို မီးတောက်များဖြင့် လွှမ်းခြုံခံနေရသည် ကြည့်ရင်း မယုံကြည်နိုင်သောအမူအရာများ သူတို့၏မျက်နှာပေါ်တွင် ပေါ်ပေါက်လာ၏။ မန်ဟိုက လေလယ်တွင် ဝဲနေသည်။ သူက သစ်ပင်ထိပ်ရှိ မည်သည့်လမ်းကိုမှ မရွေးချယ်ဘဲ အဘိုးအိုကို တိုက်ခိုက်ခဲ့သည့် အချက်ကို သူတို့အတွက် သတိမမူမိရန် မဖြစ်နိုင်ပေ။
"သူက တိုက်ခိုက်ရဲတယ်လား"
"ဒီ.....ဒီ.....ဒီမန်ဟို ဘယ်လမ်းကိုမှ မရွေးဘဲ တိုက်ခိုက်လိုက်တယ်လား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ"
"အဲ့အဘိုးကြီးက မတွေးတတ်အောက် နက်နဲသိမ်မွေ့လွန်းတယ်.....တစ်ချက်ကြည့်တာနဲ့ သာမန်မဟုတ်ဘူးဆိုတာ ပြောနိုင်တယ်။ ဒီနေရာက သိပ်ထူးဆန်းလိုက်တာ။ မန်ဟို တိုက်ခိုက်ရဲတာ ကျုပ်ဖြင့် မယုံနိုင်ဘူး။ သေစမ်း.... ကျုပ် ဒါကို ဘယ်လိုလုပ်မတွေးမိတာလဲ"
သစ်ပင်ထိပ်၏အောက်ရှိ ရွေးချယ်ခံများ အံသြတုန်လှုပ်နေကြချိန်မှာပင် အပေါ်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ မန်ဟို့ကို မမှိတ်မသုန်ကြည့်ရင်း ချက်ချင်း ထရပ်လိုက်ကြသည်။
အထူးသဖြင့် ခေါင်းဆောင်ကြီးစုန့်ထျန်းပင်။ သူ့မှာ ပင့်သက်ရှိုက်သွားပြီး မယုံကြည်နိုင်သောအလင်းရောင်တစ်ခု သူ၏မျက်လုံးများမှ ထွက်ပေါ်လာသည်။ လေးနက်သောအမူအရာက သူ၏မျက်နှာကို ဖုံးလွှမ်းသွား၏။
သူသာ မဟုတ်။ လူထူးဆန်းစုန့်၊ ဟန်ပေ့၊ လီရှိချီ၊ လီတောက်ရီနှင့် စုန့်မျိုးနွယ်စု တာအိုကလေး စုန့်ယွင်ရှုတို့အားလုံးလည်း မယုံကြည်နိုင်စွာ စိုက်ကြည့်နေကြသည်။
စုန့်ယွင်ရှုမှာ ရင်တဒိန်းဒိန်းခုန်ရင်း မန်ဟို့ကို စူးစိုက်ကြည့်နေသည်။ သူ ဤစမ်းသပ်ချက်ကို ယှဥ်ပြိုင်ခဲ့စဥ်က တူညီသောလမ်းသာ ရွေးချယ်ခြင်းဖြင့် ဒုတိယအကြိမ်ကို အောင်မြင်ခဲ့သည်။ သို့သော် ခဲရောင်ဝတ်ရုံအဘိုးအိုကို တိုက်ခိုက်ဖို့ သူ တစ်ခါမှ မစဥ်းစားခဲ့ဖူးပေ။
"သူ ဘယ်လိုလုပ် လုပ်နိုင်တာလဲ" စုန့်ယွင်ရှုက ခပ်သြသြအသံဖြင့် ပြောသည်။ "အဲ့တာ သစ်ပင်ရဲ့စိတ်ဝိညာဥ်လေ....."
ဤအခိုက်အတန့်တွင် မီးတောက်များအတွင်းမှ ပဲ့တင်ထပ်လာသော အဘိုးအို၏မေးခွန်းကို လူတိုင်း ကြားလိုက်ရသည်။ ၄င်းက စောင့်ကြည့်နေသူများအားလုံး၏ ခေါင်းထဲတွင် ပေါ်ပေါက်လာနေသော မေးခွန်းနှင့် တစ်ထပ်တည်းပင်။
မည်သည့်အတွက်ကြောင့် ထိုလမ်းကို သူ ရွေးချယ်ခဲ့သနည်း။
"လုပ်ရိုးလုပ်စဥ်အတိုင်းသွားတာဟာ အနှစ်သာရကင်းမဲ့တယ်" မန်ဟိုက ပြောသည်။ " မိုးကောင်းကင်ရဲ့အလိုအတိုင်း လိုက်နာတာ ကောင်းတယ်။ အဆုံးမရှိတဲ့ ဇွဲဆန္ဒကလဲ ကောင်းတယ်။ ဒါပေမယ့် ကျုပ် တစ်ခုကိုမှ မရွေးချယ်နိုင်ဘူး" သူသည် ဤစကားပြောပြီး လေပေါ်တက်သွားသည်။
သူသည် ဤနေရာ၏စည်းမျဥ်းများကို မလိုက်နာဘဲ သူ့လမ်းသူ လျှောက်မည် ဖြစ်သည်။ သူက ကောင်းကင်နှင့်မြေကြီး တားမြစ်ထားသည့် ပြီးပြည့်စုံသောအခြေနှင့် တူပြီး ပြစ်ဒဏ်မိုးကြိုးမှ ဖယ်ရှားသုတ်သင်မည့် ပစ်မှတ်ဖြစ်သည်။ သို့သော် သူကတော့ ရှေ့ဆက်သွားမည်သာ။ ထိုအခြင်းအရာက သူ သူ့ကိုယ်တိုင်နှင့် အခြားသူများအား ခွဲခြားထားပုံပင် ဖြစ်သည်။ သူ၏လမ်းစဥ်မှာ စည်းမျဥ်းအား တသွေမတိမ်း လိုက်နာခြင်းမဟုတ်ပေ။ သို့ဖြစ်၍ ဤနေရာတွင် ဘာကြောင့် စည်းမျဥ်းများအား လိုက်နာရမည်နည်း။ ဘာကြောင့် ကိုးလမ်းထဲမှ အမှန်ကို ရွေးရမည်နည်း။
သူသည် ချိုးဖောက်ပြီး သတ်ဖြတ်ခြင်းဖြင့် ပုလဲကိုယူရန် ရွေးချယ်ခဲ့သည်။ ယခင်လမ်းအတိုင်း လျှောက်လျှင် မဆုတ်မနစ်သော ဇွဲဖြင့် သူအောင်မြင်မည်ကို သိသည်။ သို့သော် ထိုဇွဲလုံ့လဟု ခေါ်သည့်အရာက တကယ်တမ်း စည်းမျဥ်းများအား လိုက်နာသည့် နည်းလမ်းသာ ဖြစ်သည်။ စစ်မှန်သော ဇွဲလုံ့လ မဟုတ်ပေ။
မီးတောက်များအတွင်းမှ အဘိုးကြီး၏ရယ်သံ ဟိန်းထွက်လာသည်။ သူ၏ရှေးဆန်းသောအပြုံးသည် မျှော်လင့်ချက်နှင့်တကွ ပျော်ရွှင်ခြင်းတို့ဖြင့် ပြည့်နှက်နေသည်။ သူက မီးတောက်များ သူ့ကို ဝါးမြိုခွင့်ပြုရင်း မန်ဟို့ကို လေးလေးနက်နက် တစ်ချက်ကြည့်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ် ပျောက်ကွယ်သွားလေသည်။
အဘိုးအိုပျောက်ကွယ်ပြီး မန်ဟို လေထဲတက်သွားစဥ် သစ်ပင်အောက်ရှိ ရွေးချယ်ခံများမှာ ဆွံ့အစွာ မော့ကြည့်နေကြသည်။ သူတို့က နှလုံးသားများ ထိန်းမနိုင်သိမ်းမရလောက်အောင် တလှပ်လှပ်ခုန်နေရင်း မန်ဟို့ကို တအံ့တသြကြည့်နေကြသည်။ မန်ဟို၏ ရွေးချယ်မှုက ရိုးရှင်းသော်လည်း လူအတော်တော်များများမှာ ထိုမျှ မရိုးရှင်းနိုင်ကြပေ။
သူတို့သည် စည်းမျဥ်းများကို လိုက်နာရင်း ပုံစံခွက်အတိုင်းသာ ရှင်သန်နေထိုင်ခဲ့ကြသည်။ စည်းမျဥ်းများကို ဖောက်ထွက်ချင်သည့် စိတ်ဆန္ဒတစ်ပိုင်းတစရှိသော်လည်း မည်သို့လုပ်ရမည်လဲ သူတို့ ဘယ်တော့မှ တွေးနိုင်မည်မဟုတ်ပေ။
သို့သော် မန်ဟိုက ကွဲပြားသည်။
ဝမ်တန်ဖေး၏မျက်နှာ ဖြူဆုတ်နေပြီး ဝမ်ယိုချိုင် ဆွံ့အနေသည်။ ဖက်တီး၏မျက်နှာမှာ ပို၍ပင်နက်ရှိုင်းသော လေးစားမှုတို့ဖြင့် တဖြေးဖြေးပြည့်နှက်လာသည်။ ယခု မန်ဟို ပြောခဲ့သောစကားလုံးများက သူတို့၏နှလုံးသားအားလုံးထဲသို့ ထာဝရအရာ ထင်ကျန်ခဲ့လေပြီ။
အပေါ်ထက် တိမ်တိုက်များရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ သူ၏စကားလုံးများကို ကြားသောအခါ ပင့်သက်ရှိုက်သွားကြသည်။ သူတို့ မန်ဟို့ကို ကြည့်နေစဥ် တူညီသောအတွေးသည် တစ်ယောက်ချင်းစီတိုင်း၌ ပြည့်နှက်နေ၏။
"ဒီကလေး အသက်ဆက်ရှင်ရင် တောင်ပိုင်းဒေသမှာ သေချာပေါက် မြင့်မားတဲ့ အဆင့်အတန်းတစ်ခု သိမ်းပိုက်လိမ့်မယ်"
ထိုကဲ့သို့ စရိုက်၊ ထိုကဲ့သို့ စိတ်သဘောထား၊ ထိုကဲ့သို့ ပရိယာယ်များ.....အားလုံးက အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူအပေါင်းကို တူညီသော သုံးသပ်ချက်သို့ ဦးတည်သွားစေသည်။ မန်ဟို့တွင် မြင့်မြတ်သောဝိညာဥ်ကျမ်းစာရှိသော်လည်း ယခုတွင်တော့ သူတို့ သူ့ကို ဖမ်းပြီး ၄င်းကို နုတ်ယူရန် စိတ်ဝိညာဥ်ရှာဖွေခြင်း မပြုလုပ်ချင်တော့ပေ။ ယင်းက သူ့ကို သေစေလိမ့်မည်။
သူတို့ မန်ဟို့ကို ဂိုဏ်းထဲဝင်အောင် သိမ်းသွင်းနိုင်လျှင် သူ့ကို ဂိုဏ်း၏ စစ်မှန်သော အစွမ်းထက်ပညာရှင်တစ်ဦးအဖြစ် မြေတောင်မြှောက်ပေးနိုင်သည်။
လီတောက်ရီ၏မျက်လုံးများသည် စူးရှသော အလင်းရောင်တစ်ခုဖြင့် တောက်ပနေ၏။ ပြင်းပြသော တိုက်ခိုက်လိုစိတ်မှာ သူ့အတွင်းတွင် လှုပ်လှုပ်ရွရွဖြစ်လာသည်။ လီရှိချီ၏ မျက်လုံးများလည်း ရွှန်းလဲ့တောက်ပနေသည်။ သူမလည်း တိမ်ဝဲအောက်ရှိ မန်ဟို့ကို ငုံ့ကြည့်ရင်း ရုတ်တရက် ပြန်လည်တိုက်ခိုက်လိုစိတ်တို့ ပြင်းပြလာသည်။
ဟန်ပေ့က မန်ဟို့ကို လေးလေးနက်နက် စိုက်ကြည့်နေ၏။ သူမမျက်လုံးများအတွင်းတွင် ချီးကျူးလေးစားမှုများ ဖြတ်ပြေးသွားသည်။ သူမသာ မန်ဟို့နေရာတွင် ဆိုပါက ယခင်လမ်းကို ရွေးချယ်ခဲ့မည်ဖြစ်ကြောင်း မတွေးမိဘဲ မနေနိုင်ပေ။ သူမ ဘယ်တော့မှ မန်ဟိုကဲ့သို့ ဖြေရှင်းခဲ့မည်မဟုတ်။ ပြန်ပြောင်းစဥ်းစားကြည့်သော် ၄င်းမှာ လွယ်ကူသောဆုံးဖြတ်ချက်တစ်ခုဟု ထင်ရသော်လည်း တကယ့်လက်တွေ့တွင် ဘယ်သူမှ စဥ်းစားမိမည့်အရာ မဟုတ်ပေ။
စုန့်ယွင်ရှုမှာ အတွေးထဲ နစ်မြောလျက် ထိုင်နေသည်။ သူ့ဘေးတွင် စုန့်ကျားသည် မန်ဟို့ကို စိုက်ကြည့်နေ၏။ ဖြစ်ပျက်နေသမျှအရာအားလုံးမှာ သူမစိတ်ထဲတွင် နက်နက်ရှိုင်းရှိင်း စွဲကျန်ရစ်နေလေပြီ။
"လုပ်ရိုးလုပ်စဥ်အတိုင်းသွားတာဟာ အနှစ်သာရကင်းမဲ့တယ်" ခေါင်းဆောင်ကြီးစုန့်ထျန်းက ပြောသည်။ "သိပ်ကောင်းတဲ့စကားပဲ" သူ၏အသံ ပဲ့တင်ထပ်သွားပြီး သူက ထရပ်သည်။
ပတ်ဝန်းကျင်ရှိ အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ ရင်တဒိန်းဒိန်းခုန်လာကြသည်။ အခြေအနေကား သူတို့အတွက် သိပ်မဟန်ပေ။
"ဒီကလေးက ကုဗပုလဲကို ယူနိုင်သွားပြီ။ သူဘယ်သူဖြစ်ဖြစ်၊ အတိတ်တုန်းက ဘယ်သူနဲ့ပဲ ရန်ငြိုးရှိခဲ့ရှိခဲ့၊ စုန့်မျိုးနွယ်စုရဲ့ ဒီသမီးဟာ အခု သူ့အပိုင်ပဲ။ ဒီနေရာက ဘယ်သူ သူ့ကို ထိရဲသလဲ" သူ၏စကားလုံးများက လူတိုင်းကို အတွေးနက်စွာဖြင့် ထိုင်နေစေသည်။ သို့သော် ဘယ်သူမှ ခေါင်းဆောင်ကြီးစုန့်ထျန်း၏ စကားလုံးများ၏ အဓိပ္ပါယ်ကို သတိထားမိပုံမပေါ်ပေ။ သူ၏စကားက ထူးဆန်းသည်။ သူက မျိုးနွယ်ထဲ လက်ထပ်ဝင်ရောက်ခြင်းနှင့်ပတ်သက်၍ တစ်ခုမှ မဖော်ပြသွားပေ။
ဤအခိုက်အတန့်တွင် မန္တန်အမြောက်အမြား၏ တောက်ပသောအလင်းရောင်သည် စုန့်မျိုးနွယ်စု၏ နေနှင့်လ တောင်တန်းများ၏ အပြင်ဘက်တွင် ပြည့်နှက်လာသည်။ ပုံရိပ်တစ်ခုပြီးတစ်ခု ပေါ်လာသဖြင့် အားကောင်းသော ချီများ ရုတ်တရက် ဖြစ်တည်လာသည်။
ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မျိုးနွယ်စုနှစ်စုကား ကျူးကျော်ဝင်ရောက်ရန် ရောက်လာကြလေပြီ။
***