← Chapters

မိုးသည်းသောည၏ တိုက်ပွဲ

Vol. 15 Ch. 200

မိုးသည်းသောည၏ တိုက်ပွဲ

Vol. 15 Ch. 200

ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မျိုးနွယ်စုနှစ်စု စုန့်မျိုးနွယ်စု၏ နေနှင့်လတောင်တန်းများ၏ အပြင်တွင် ပေါ်လာသည့်အခိုက်အတန့်၌ မန်ဟိုသည် တိမ်ဝဲကမ္ဘာအတွင်းတွင် အပေါ်သို့ တဟုန်ထိုးတက်နေလျက်ရှိသည်။ သူက မျက်လုံးအားလုံးက သူ့ကို မျက်ခြေမပြတ် ကြည့်နေကြစဥ် လက်ထဲရှိ ကံကောင်းခြင်းအဆောင်ကို ဖိရင်း ကျင့်ကြံခြင်းအခြေခံမှ စွမ်းအား ထည့်သွင်းနေသည်။

သူသည် ကံကောင်းခြင်းအဆောင်ကို စောစောထဲက ပြင်ဆင်ထားခဲ့၍ ၄င်းထဲသို့ စိတ်ဝိညာဥ်စွမ်းအင် ထည့်သွင်းလိုက်သည်နှင့်တစ်ပြိုင်နက် ဧရာမတွင်းနက်ကြီး သူ့၏အရှေ့နားက ကောင်းကင်တွင် ပေါ်လာ၏။ ရွေးချယ်ခံများနှင့် အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများအားလုံး ဤအဖြစ်အပျက်ကို မြင်လိုက်ကြသည်။

လည်ပတ်နေသော ဝဲဂယက်ကြီးမှာ ပါးစပ်ပေါက်ကြီးအသွင်ပြောင်းပြီး မန်ဟို့ကို ချက်ချင်း ဝါးမြိုလိုက်ဟန်တူသည်။ အောက်ရှိ ဂိုဏ်းအသီးသီးရွေးချယ်ခံများမှာ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေကြသည်။ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများမှာ မန်ဟို သူတို့၏မျက်စိအောက်တွင်ပင် ပျောက်ကွယ်သွားသည်ကိုသာ ကြည့်နေနိုင်တော့သည်။ ဤသို့ဖြစ်လိမ့်မည်ဟု သူတို့ အဘယ်ကြောင့် မခန့်မှန်းနိုင်ခဲ့သနည်း။

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများမှာ မန်ဟိုပျောက်ကွယ်သွားသည်ကို ကြည့်ရင်း မတည်ငြိမ်နိုင်တော့ပေ။ တစ်ချိန်တည်းဆိုသလို သူတို့သည် ထရပ်ပြီး တိမ်ဝဲထံ ပျံသန်းသွားကြသည်။ ခေါင်းဆောင်ကြီးစုန့်ထျန်းမှာ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူ့မှာ စောစောကအတိုင်း ပြောရမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ သို့သော် ဤသည်က စုန့်မျိုးနွယ်စု၏ပိုင်နက်ဖြစ်လျှင်တောင်မှ ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မျိုးနွယ်စုနှစ်စုကို တောင့်ခံရန် ခက်ခဲပေမည်။ မန်ဟို့အတွက် သူ့နည်းသူ့ဟန်ဖြင့် ထွက်ပြေးခြင်းက အမှန်တကယ် အကောင်းဆုံးပင်။

ယခုအချိန်တွင် စုန့်ထျန်းအနေဖြင့် အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံသူများ မန်ဟို့ကို လိုက်မဖမ်းအောင် တကယ်မဟန့်တားနိုင်ပေ။ သို့သော် အချိန်အနည်းငယ်ကြာသော် သူတို့၏မျက်နှာများအပေါ်၌ အရုပ်ဆိုးသောအမူအရာများ ပေါ်ပေါက်လာသည်။ မန်ဟိုက နေရာရွှေ့ပြောင်းရန် အစွမ်းထက်မှော်ပညာတစ်မျိုးမျိုး အသုံးပြုသွားကြောင်း သူတို့ ရှင်းရှင်းလင်းလင်း မြင်လိုက်ရလေသည်။

"သူ့လို မလောက်လေးစား ချီအခြေတည်အဆင့်ကျင့်ကြံသူလေးမှာ အဖိုးထိုက်တန်တဲ့ နေရာရွှေ့ပြောင်းခြင်းရတနာ ရှိနေပါလား။ ဒီမန်ဟို တခြားဘာလျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားဦးမလဲ"

"မြင့်မြတ်သောဝိညာဥ်ကျမ်းစာ၊ အဖိုးထိုက်တန်တဲ့ နေရာရွှေ့ပြောင်းခြင်းရတနာ။ ဇီယွင်ဂိုဏ်း သေချာပေါက် သူ့ကို အမိဖမ်းမယ်"

အနုသုခုမရုပ်ခန္ဓာအဆင့်ကျင့်ကြံသူများ ပြန်ရောက်လာကြပြီး ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မျိုးနွယ်စုနှစ်စု၏ ကိုယ်စားလှယ်များ ချဥ်းကပ်လာကြသည်။ မန်ဟို၏ ကံကောင်းခြင်းအဆောင်က သူ့ကို တည်နေရာရွှေ့ပြောင်းပေးလိုက်လေပြီ။ ထိုစဥ်......

ချင်းလော်ဂိုဏ်း၊ တောင်တစ်သောင်း၏ အလယ်တည့်တည့်တွင် တည်ရှိသော နံပါတ်တစ်တောင်၊ ဧရာအမွှေးအိုးကြီး၏အပေါ်ထက် လေထုတွင် မီခိုးငွေ့များ တွန့်လိမ်ကောက်ကွေး တလူလူတက်လျက်ရှိသည်။ ယခုလောလောဆယ်တွင် ကျင့်ကြံသူဒါဇင်များစွာ တဟုန်ထိုးတက်လာကြပြီး အငွေ့ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

အောက်ဘက်တွင် ခေါင်းဆောင်ကြီးဇီလော်နှင့် လှပသော သက်လတ်ပိုင်းအမျိုးသမီးသည် တင်းမာခက်ထန်စွာ ရပ်နေကြသည်။ သူတို့က အပေါ်ရှိ ကျင့်ကြံသူများ ပျောက်ကွယ်သွားကြသည်ကို စောင့်ကြည့်နေကြသည်။

ခေါင်းဆောင်ကြီးဇီလော်က မျက်မှောင်ကြုတ်ပြီး ပြောသည်။ "သူက အဲ့ဒီ့ ကံကောင်းခြင်းအဆောင်ကို သုံးပြီး သူ့ကို ခြေရာခံလို့မရအောင် လုပ်နေတာ။ ကျုပ်တို့ အမြုတေဖြစ်တည်မှုအဆင့်ဂိုဏ်းသားတွေကို လွှတ်ရင် ဒါမှမဟုတ် အမြုတေဖြစ်တည်မှုအဆင့်စွမ်းအားကို အသုံးပြုနိုင်တဲ့ မှော်ပစ္စည်းတွေနဲ့ဆိုရင် ကျုပ်တို့ နေရာရွှေ့ပြောင်းခြင်းလှိုင်းတွေကို အတိအကျဖော်ထုတ်လို့မရအောင် မဟူရာသုံးမြှောင့်အမွှေးအိုးနဲ့ နှောင့်ယှက်နိုင်တယ်။ နည်းနည်းလေးမှားတာနဲ့ ကျုပ်တို့ ကီလိုမီတာ ရာပေါင်းများစွာ လွဲသွားလိမ့်မယ်။ ဒါ့အပြင် မဟူရာသုံးမြှောင့်အမွှေးအိုးကို တစ်လတစ်ခါပဲ အသုံးပြုလို့ရတယ်"

"ကိစ္စမရှိဘူး" လှပသောအမျိုးသမီးက အေးတိအေးစက် ပြန်ဖြေသည်။ " ကျွန်မတို့ အမြုတေဖြစ်တည်မှုအဆင့်ဂိုဏ်းသားတွေကို သုံးလို့မရရင် မရမယ်၊ ဒါပေမယ့် ကျွန်မတို့ လွှတ်လိုက်တဲ့ ချီအခြေတည်အဆင့် ဂိုဏ်းသားတွေထဲမှာ ကျိုးကျဲပါတယ်။ သူ့ရဲ့ ကျင့်ကြံခြင်းအခြေခံနဲ့ တာအိုကလေးဂုဏ်ပုဒ်ကို ထည့်တွက်ရင် သူ မန်ဟို့ကို နှောင့်ယှက်နိုင်လိမ့်မယ်။ သူ့အတွက် မန်ဟို့ကို နည်းနည်းလေးပဲ ထိန်းထားဖို့လိုတာ။ တခြားသူတွေ မန္တန်ကို ပြင်ဆင်နိုင်ရင်တော့ ကျွန်မတို့ တခဏလေးအတွင်း အဲ့ဒီကို အရောက်သွားနိုင်ပြီ။ အဲ့ဒီအချိန်ကျရင် မန်ဟို တောင်ပံပေါက်လာတောင်မှ ထွက်ပြေးနိုင်မှာ မဟုတ်ဘူး"

"မမေ့နဲ့ဦး။ သူ ကံကောင်းခြင်းအဆောင်ကို ဘယ်နှစ်ခါသုံးနိုင်လဲ ကျုပ်တို့မသိသေးဘူးလေ။ အဆောင်က ပြည့်စုံရင် စုစုပေါင်း ခုနစ်ကြိမ် သုံးနိုင်လိမ့်မယ်" သူသည် မဟူရာသုံးမြှောင့်အမွှေးအိုးအပေါ်ရှိ မီးခိုးငွေ့အတွင်းသို့ နောက်ဆုံးလက်ကျန်ဂိုဏ်းသားများ ဝင်ရောက်ပျောက်ကွယ်သွားသည်ကို ကြည့်ရင်း အတွေးးနက်နေ၏။

"မပူပါနဲ့" လှပသောအမျိုးသမီးက ပြုံးရင်း ပြန်ဖြေသည်။ "မန်ဟိုက ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်လေးပဲ ရှိတာ။ ရှေးမှတ်တမ်းတွေက အချက်အတွေအရ ကျွန်မ တွက်ချက်မှုတချို့ လုပ်ထားတယ်။ သူ့ရဲ့ကျင့်ကြံခြင်းအခြေခံအရဆိုရင် သူ ကံကောင်းခြင်းအဆောင်ကို အသက်သွင်းဖို့ အမွှေးတိုင်နှစ်တိုင်ထွန်းစာ ကြာလိမ့်မယ်။ ကျိုးကျဲနှင့် တခြားသူတွေ သူ့ကို အဲ့ဒီအချိန်လောက် ထိန်းထားပြီး မန္တန်စီရင်နိုင်ရင်တော့ မန်ဟို ကံဆိုးမိုးမှောင်ကျပြီပဲ။ သူက ဘာမှမဟုတ်တဲ့ ချီအခြေတည်အဆင့်ကျင့်ကြံသူလေးတစ်ယောက်ပါ။ စိတ်မပူပါနဲ့ အစ်ကိုဇီလော်။ အဲ့ဒီအချိန်လောက်ဆိုရင် ကျွန်မတို့ မန်ဟို့အရှေ့ ရောက်သွားပါပြီ"

သူတို့ ဆက်လက်ဆွေးနွေးနေကြစဥ် တောင်ပိုင်းဒေသ၏ အမည်မရှိသော နေရာတစ်နေရာ၊ တောင်ပေါင်းရာချီဖြင့် ပြည့်နှက်နေသော တောင်တန်းတစ်တန်းအလယ်တွင် တိမ်မည်းများ ကောင်းကင်ကို ဖုံးလွှမ်းနေပြီး မိုးကြိုးများ ပစ်ချနေသည်။ ကောင်းကင်တွင် မိုးထစ်ချုန်းသံကြီး ပြည့်နှက်နေရာ ဤအထီးကျန်တောင်တန်းများရှိ တောရိုင်းသားရဲများမှာ မိုးကောင်းကင်ကြောင့် ကြောက်လန့်တုန်ရီနေကြသည်။

ပဲစေ့အရွယ် မိုးပေါက်ကြီးများ ကောင်းကင်မှ ဝုန်းဒိုင်းကြဲ ရွာချလာသည်။ လက်ရှိအချိန်မှာ နေဝင်ရီတရောဖြစ်သော်လည်း တိမ်မည်းများက နေကို ဝါးမြိုထားသည့်အတွက် အရာအားလုံးမှာ အမှောင်ဖုံးကာ ဝေဝါးနေတော့သည်။

လျှပ်စီးတန်းတစ်တန်းသည် ကောင်းကင်ကို ကွဲအက်သွားစေပြီးနောက် ရုတ်တရက် လှိုင်းဂယက်များက မိုးရေများကို ပိုင်းဖြတ်ရင်း ပျံ့နှံ့လာသည်။ လည်ပတ်နေသော ဧရာမတွင်းနက်ကြီးပေါ်လာပြီး မန်ဟို မျက်နှာဖြူဖပ်ဖြူလျော်နှင့် ယိုင်တိုင်တိုင်ထွက်လာသည်။ သူက ချက်ချင်း ဘေးပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။

တွင်းနက်ကြီး ပျောက်ကွယ်သွားပြီး မိုးပေါက်များ မန်ဟို့အပေါ် ကျလာသည်။ သူ့မှာ ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုနေရင်း ၄င်းကို သတိပြုမိဟန်မရပေ။ နောက်ဆုံး၌ သူ့မှာ စိတ်သက်သာရာရကာ အကဲခတ်လိုက်သည်။

သူ့လက်ထဲမှ အက်ကွဲသံထွက်ပေါ်လာသည်။ သူ ငုံ့ကြည့်လိုက်သောအခါ ကံကောင်းခြင်းအဆောင်၏ မျက်နှာပြင်ပေါ်တွင် နောက်ထပ်အက်ရာတစ်ခုကို မြင်လိုက်ရသည်။ သူ့အနေဖြင့် ၄င်းကွဲကြေမသွားခင် အကြိမ်အနည်းငယ်သာ ထပ်သုံးနိုင်တော့မည့်ပုံရသည်။

"ဒါက အသက်ကယ်ရတနာပဲ" သူက တွေးသည်။ "ငါ ဒါကို ဖြစ်သလို သုံးလို့ မဖြစ်ဘူး...." သူ့မှာ တခဏမျှ ချီတုံချတုံပြီးနောက် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။ မိုးစက်များ သူ့ထံမှ လွင့်စင်ထွက်ကုန်ပြီး သူ့အဝတ်များ စိုရွှဲမနေတော့ပေ။

"အခုအချိန် ဂိုဏ်းနဲ့မျိုးနွယ်စုတွေအားလုံး ငါ့ကို လိုက်ရှာနေတာ သေချာတယ်" သူက မျက်မှောင်ကြုတ်လိုက်သည်။ မြင့်မြတ်သောဝိညာဥ်ကျမ်းစာ၏ ရွှေရောင်အလင်းမှာ သူမျှော်လင့်ထားသည့်အရာ မဟုတ်ခဲ့ပေ။ ဟုတ်ပါသည်။ သူ့အတွက် ထွက်ပြေးရုံမှတစ်ပါး အခြားမရှိပေ။

"ကံကောင်းလို့ ငါ ကုဗပုလဲရခဲ့တယ်။ သုံးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းရဲ့ အဆိပ်ကို ဖယ်ရှားပေးနိုင်မလား မသိဘူး....." သူ၏မျက်လုံးများ စတင်တောက်ပလာပြီး သူသည် ကျင့်ကြံခြင်းဂူတစ်ခုထွင်းရန်အတွက် တိတ်ဆိတ်သောနေရာတစ်ရာကို တောင်တန်းများအတွင်း ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။ သူ ခြေတစ်လှမ်းလိုက်စဥ် ရုတ်တရက် သူ၏အမူအရာ ရိပ်ခနဲ ဖြစ်သွား၏။

စောစောက တွင်းနက်ကြီး ပေါ်လာခဲ့သည့် နေရာမှာ ပုံမှန်ပြန်ဖြစ်သွားပြီးဖြစ်သည်။ သို့သော် ရုတ်တရက် နောက်ထပ်အပေါက်တစ်ပေါက် ပွင့်လာနေသည်ကို သူမြင်လိုက်ရ၏။ အတွင်းပိုင်းမှာ ပိတ်ပိတ်ပိန်းမှောင်မည်းနေပြီး ပတ်ဝန်းကျင်ရှိ မိုးပေါက်များအား လွင့်ထွက်သွားစေသည့် စွမ်းအားတစ်ခု ထုတ်လွှတ်နေသည်။

မန်ဟို၏ မျက်လုံးများအတွင်း၌ အသတ်အဖြတ်စိတ်ဆန္ဒ ဖျတ်ခနဲ လက်သွားသည်။ ထွက်ပြေးရန် သူ ရွေးချယ်နိုင်သည်။ ဤဝဲကြီး ရုတ်တရက် ပေါ်လာခြင်းက တိုက်ဆိုင်ခြင်း မဖြစ်နိုင်သည် မဟုတ်ပါလော။ သူ၏နေရာရွှေ့ပြောင်းခြင်းလှိုင်းများကို ခြေရာခံခြင်းဖြင့် သူ့နောက် လိုက်လာသော လူတစ်ယောက်ဖြစ်မည်။

သို့သော် သူက မထွက်ပြေး။ ခိုင်မာပြတ်သားပြီး တုန်လှုပ်ချောက်ချားဖွယ် အေးစက်စက် အလင်းရောင်တစ်ခု သူ၏မျက်လုံးများထဲ ပေါ်ပေါက်လာသည်။ အသက်ဆယ်ရှိုက်စာအထိ သူ ထွက်ပြေး၍ရသော်လည်း နေရစ်ပြီး တိုက်ခိုက်ရန်သာ ဆုံးဖြတ်ထားသည်။

သူ့ခေါင်းထဲ အတွေးပေါ်လာသည်နှင့် သူက ရှေ့သို့ လျှောက်သွားသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဧရာမလေဓားသွားကြီးနှင့် မီးနဂါးကြီးတစ်ကောင် ထွက်ပေါ်လာပြီး တွင်းနက်ကြီးထံ တဟုန်ထိုး ဝင်ဆောင့်လိုက်သည်။

ဟိန်းဟောက်နေသော မီးနဂါးကြီး တွင်းနက်ကြီးကို ဝင်တိုက်လိုက်သည့်အတွက် ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွားသည်။ တွင်းနက်ကြီးမှာ စတင် လွင့်စင်ပျောက်ကွယ်လာ၏။ ထိုစဥ် ကျင့်ကြံသူဒါဇင်များစွာ၏ အရိပ်များ ထွက်ပေါ်လာသည်။ သူတို့က ထွက်လာတော့မည့်အလား စတင်စုစည်းလာ၏။

မန်ဟိုက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ လက်ကိုမြှောက်ပြီး သူ၏လက်ချောင်းတစ်ချောင်းကို ခပ်နာနာ ကိုက်ချလိုက်သည်။ သွေးလက်ချောင်းသိုင်းသည် အားနည်းနေသော တွင်းနက်ကြီးအပေါ် ချက်ချင်း ကျဆင်းသွား၏။

ဘုန်း

ဧရာမပေါက်ကွဲသံကြီးကား မိုးခြိမ်းသံတမျှကျယ်လောင်စွာ ထွက်ပေါ်လာသည်။ တွင်းနက်ကြီး တုန်ခါသွားပြီးနောက် အပိုင်းပိုင်း ပေါက်ကွဲထွက်သွား၏။ မည်သည့် ကြောက်မက်ဖွယ်အော်သံမှ ထွက်မလာပေ။ သို့သော် ထွက်လာတော့မည့် ကျင့်ကြံသူဒါဇင်များစွာအနက် တစ်ဝက်သာ အသက်ရှင်ကျန်ခဲ့၏။

အခြားတစ်ဝက်မှာ တွင်းနက်ကြီး၏ ပျက်စီးမှုနှင့်အတူ ဖယ်ရှားခံလိုက်ရလေပြီ။

သွေးမြေမကျသော သတ်ဖြတ်ခြင်း။ ၄င်းက မန်ဟို၏ တိကျပြတ်သားမှုကြောင့်သာ ဖြစ်နိုင်သည်။ သူသာ မလှုပ်ရှားရဲသဖြင့် တုံ့ဆိုင်းတုံ့ဆိုင်းထွက်ပြေးခဲ့ပါက ယခု ရန်သူတစ်ဒါဇင်ကျော်ကျော်သာ ရင်ဆိုင်နေရမည် မဟုတ်ဘဲ နှစ်ဆဖြစ်သွားလိမ့်မည်။

ပေါ်ပေါက်လာသည့် လူတစ်ဒါဇင်ကျော်ကား ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်၏စွမ်းအားများ ထုတ်ဖော်ပြသနေသည်။ သူတို့အလယ်က တစ်ယောက်မှာ ရှည်လျားသော အနက်ရောင်ဆံပင်နှင့် ယောက်ျားတစ်ယောက်ဖြစ်သည်။ သူသည် အရပ်မြင့်မြင့် ၊ ပိန်ပိန်သွယ်သွယ်၊ နှုတ်ခမ်းပါးပါးများနှင့် မျက်လုံးများထဲတွင် ထူးဆန်းသော အလင်းတစ်ခုဖြင့် ချောမောခန့်ညားလေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှာ ချီအခြေတည်ခြင်း မဟာရပ်ဝန်း၊ အတုအယောင်အမြုတေအဆင့် ဖြစ်သည်။

"ချင်းလော်ဂိုဏ်း" မန်ဟို၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ ဤကျင့်ကြံသူများ၏ ဝတ်ရုံကို သူ ချက်ချင်း မှတ်မိ၏။ သူ၏အသတ်အဖြတ်စိတ်ဆန္ဒကား ပို၍မြင့်တက်သွားတော့သည်။ ယခု ချင်းလော်ဂိုဏ်းဖြစ်ကြောင်း သူသိလိုက်ရာ အရာအားလုံး ကျိုးကြောင်းညီညတ်သွားလေပြီ။ သူက နောက်တစ်ခွန်းထပ်မပြောတော့။ ဤအခိုက်အတန့်မှစ၍ သူ တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ပြတ်ပြတ်သားသား တိုက်ခိုက်တော့မည် ဖြစ်သည်။

သူက သူ၏ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်ငါးခုကို လှည့်ပတ်ရင်း ရှေ့လှမ်းလိုက်သည်။ ၄င်းတို့က စွမ်းအားအနည်းငယ်ပင် မယိုစိမ့်ပေ။ သူက အနီးဆုံးချင်းလော်ဂိုဏ်းကျင့်ကြံသူထံ ချဥ်းကပ်သွားသဖြင့် သူ့ပတ်လည်က မိုးပေါက်များ တုန်ခါလာသည်။

ထိုလူက အေးစက်စက် နှာမှုတ်လိုက်သည်။ သူက လက်ကိုမြှောက်လိုက်ရာ လက်ကြီးတစ်ဖက်၏ ပုံရိပ်ယောင်ကြီး မန်ဟို့ထံ ပြေးဝင်သွားသည်။ အခြားကျင့်ကြံသူများလည်း ဘာတစ်ခွန်းမှဆိုမနေဘဲ မန်ဟို့ထံ တန်းခနဲ ထွက်သွားကြသည်။

အတုအယောင်အမြုတေအဆင့် ကျင့်ကြံသူသာ လှုပ်ရှားခြင်းမရှိပေ။ သူက သိုလှောင်အိတ်ကို ပုတ်ကာ လက်တစ်ဖက်အရွယ် အမွှေးအိုးတစ်လုံး ထုတ်လိုက်သည်။ သူက ၄င်းကို ပွတ်တိုက်နေသဖြင့် မီးဖွားများ ထွက်လာ၏။

မီးခိုးငွေ့တို့က အပေါ်သို့ တလူလူတက်သွားပြီး မှော်သင်္ကေတစက်ဝန်းများအသွင် စုစည်းသွားသည်။ ၄င်းမှာ နေရာရွှေ့ပြောင်းခြင်းဝင်ပေါက်နှင့် အလားတူသည်။

ဝင်ပေါက် ထွက်ပေါ်လာသည့် တစ်ချိန်တည်းမှာပင် မန်ဟိုက ပုံရိပ်ယောင်လက်ကို ဆင့်ခေါ်ခဲ့သော ချင်းလော်ဂိုဏ်းကျင့်ကြံသူထံ ချဥ်းကပ်သွားသည်။ ကျင့်ကြံသူက ကောက်ကျစ်စွာ ပြုံးလိုက်သည်။ သူ့အတွက်တော့ ဤတာဝန်တစ်ခုလုံးမှာ ပုစွန်ကျစ်စာခဲကို တောင်တစ်လုံးလုပ်နေသည့်အတိုင်းပင်။ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်တွင်ဖြစ်၍ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို အလွယ်တကူ သူရင်ဆိုင်နိုင်သည်။ သူ့ကို ရှင်းပစ်ရန်က ရိုးရိုးလေးသာ။

"ကျုပ် ရှဲ့  ဒီအတွက် အမှတ်ယူမယ်" သူက ရယ်ရင်း ပြောသည်။ သူသည် တဟုန်ထိုး ထွက်သွားပြီး သူထွက်သွားသည်နှင့် သူ့ပခုံးနှစ်ဖက်မှ တောက်ပနေသော ဆူးချွန်အမြောက်အမြား ရုတ်တရက် ထွက်လာသည်။ သူက သိသာစွာပင် ၄င်းတို့နှင့် မန်ဟို့ကို ဝင်တိုက်ရန် ကြံစည်ထားလေသည်။

မန်ဟို၏အမူအရာက ခါတိုင်းကဲ့သို့သာ။ သူက လက်ကိုမြှောက်ပြီး ပြေးဝင်လာနေသော ပုံရိပ်ယောင်လက်ကြီးထံ လက်ချောင်းဖိချလိုက်သည်။ ဝုန်းခနဲ ဟိန်းထွက်သွားပြီး လက်သည် ချက်ချင်းပင် အပိုင်းပိုင်းကွဲထွက်သွား၏။ ရှဲ့အမည်ရှိ ချင်းလော်ဂိုဏ်း ကျင့်ကြံသူမှာ မန်ဟို သူ့ထံချဥ်းကပ်လာသည်ကို တအံ့တသြ စိုက်ကြည့်နေသည်။

မန်ဟိုက ထိုလူ့ကို ကြည့်ပင်မကြည့်ပေ။ သူ ယခုထက်ထိ စုဆောင်းနေခဲ့သော ကျင့်ကြံခြင်းအခြေခံစွမ်းအားကား ရုတ်တရက် ပေါက်ကွဲထွက်သွား၏။

ဘုန်း

မန်ဟို့ထံမှ ဖိအားလှိုင်းကြီး ရိုက်ခတ်သွားပြီး ရုတ်တရက် သူသည် ကျင့်ကြံသူ၏အရှေ့တည့်တည့်ရောက်သွား၏။ သူက လက်ကို ဆန့်ထုတ်ပြီး ထိုလူ၏လည်ကို ဆုပ်ကိုင်ကာ သွေးအေးသောမျက်လုံးများဖြင့် ဖိညစ်လိုက်သည်။

ဂျွတ်ခနဲ အသံနှင့်အတူ ကျင့်ကြံသူမှာ မျက်လုံးကြီးပြူးထွက်လျက် သေဆုံးသွားသည်။

ဤသည်ကား မိုးသည်းသောညလယ်တွင် သတ်ဖြတ်ခြင်းပင်။

***

All Chapters