တာအိုကလေး တိုက်ခိုက်လေပြီ
Vol. 15 Ch. 201
ဤသည်ကို သွေးမြေမကျသော သတ်ဖြတ်ခြင်းအဖြစ်လည်း သတ်မှတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် မည်သည့်သွေးစက်ကိုမဆို တဖွဲဖွဲရွာကျနေသော မိုးပေါက်များက ရှင်းလင်းဖယ်ရှားလိုက်၍ပင်။ ယင်းက မန်ဟို့ကို မိုးရေများအကြားထဲ တိုက်ခိုက်ရန် ပျော်သည်ထက် ပိုသွားစေသည်။ သူက မိုးစက်များအား သူနှင့်ဝေးရာသို့ တွန်းထုတ်ရန် ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားကို ဖြုန်းတီးမနေတော့ပေ။
သူက လက်ကို ဖြေးညှင်းစွာ မြှောက်ပြီးနောက် လှည့်လိုက်သည်။ မိုးရေတို့က သူ့မေးစေ့နှင့် ဆံပင်တို့မှ စီးကျလာပြီး သူ၏အဝတ်အစားများကို စိုရွှဲသွားစေသည်။ ညအမှောင်ထုတွင် လျှပ်စီးများ ပြိုးပြိုးပြက်ပြက် လင်းလက်နေပြီး မန်ဟိုက ရုတ်တရက် မိစ္ဆာအရှိန်အဝါတစ်ခုကို ထုတ်လွှတ်လာဟန်တူသည်။
ဝိုင်းထားကြသော ချင်းလော်ဂိုဏ်းသားများ တုန်လှုပ်သွားကြလေပြီ။ သူတို့မှာ မန်ဟို့ကို အထင်မသေးရဲတော့ဘဲ အာရုံစူးစိုက်၍ကြည့်နေကြသည်။
ချင်းလော်ဂိုဏ်း တာအိုကလေး ကျိုးကျဲက မန်ဟို့ကို မျက်လုံးများ ကျဥ်းမြောင်းလျက် ကြည့်လိုက်သည်။ သို့သော် သူက မတိုက်ခိုက်ဘဲ အမွှေးအိုးကို ဆက်ကိုင်ထားသည်။ ၄င်းထံမှ အခိုးအငွေ့များ တွန့်လိမ်ကောက်ကွေး တလူလူတက်လာပြီး လေလယ်တွင် လျင်မြန်စွာ စုဆုံသွားသည်။ "ဒီလူ့ကို ဘယ်လိုနေနေ သတ်ပစ်" သူ၏ အေးစက်သောအသံသည် မိုးသည်းနေသော ညအမှောင်ထုတွင် ပျံ့လွင့်လာသည်။
မန်ဟို့ကို ဝိုင်းထားသည့် ကျင့်ကြံသူဆယ်ယောက်ကျော်ရှိသည်။ တာအိုကလေး၏စကားကြားသောအခါ သူတို့က ချက်ချင်း တိုက်ခိုက်ရန် ပြင်လိုက်ကြသည်။ မှော်ပညာရပ်များ၊ ရတနာလက်နက်အမျိုးမျိုး မန်ဟို့အပေါ် ရုတ်ခြည်း ကျဆင်းလာကြသည်။ ပေါက်ကွဲသံများ လေတွင် ပဲ့တင်ထပ်သွား၏။ ဤသည်မှာ မန်ဟို ရင်ဆိုင်ခဲ့ဖူးသမျှထဲ အပြင်းထန်ဆုံးတိုက်ပွဲ ဖြစ်မည်။ ဤကျင့်ကြံသူတစ်ယောက်ချင်းစီမှာ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်ဖြစ်ကြသည်မဟုတ်ပါလော။
ဂိုဏ်းငယ်များအနေဖြင့် ဤအဆင့်ရှိ ကျင့်ကြံသူများကို မြေတောင်မြှောက်ပေးနိုင်မည် မဟုတ်ပေ။ အလယ်အလတ် ဂိုဏ်းတစ်ဂိုဏ်းအတွက်ပင်လျှင် လူပေါင်းများစွာ ရှိလျှင်တောင်မှ ဤမျှများပြားသော ကျင့်ကြံသူများကို ဘယ်တော့မှ တစ်ပြိုင်တည်း စေလွှတ်နိုင်မည် မဟုတ်ပေ။ဤအရွယ်အဖွဲ့တစ်ဖွဲ့မှ တစ်ယောက် အမြုတေဖြစ်တည်မှုအဆင့်ရောက်လျှင်ပင် သူသည် ဂိုဏ်းအတွက် အလွန်အရေးပါမည်ဖြစ်သည်။
ချင်းလော်ဂိုဏ်းကဲ့သို့ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းသာ ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့် ကျင့်ကြံသူများကို စေလွှတ်နိုင်သည်အထိ များပြားသော ရင်းမြစ်များကို တတ်နိုင်မည်ဖြစ်သည်။
မန်ဟို၏ မျက်လုံးများ ဖျတ်ခနဲ လက်သွားသည်။ သူသာ ပဥ္စမ တာအိုမဏ္ဍိုင်ကို မဖန်တီးနိုင်ခဲဲ့လျှင် ဤတိုက်ပွဲမှာ အတိုင်းထက်အလွန် ခက်ခဲမည်ဖြစ်ပြီး သေစေနိုင်လောက်သည်။ သို့သော် ယခုတွင် သူသည် ပဥ္စမတာအိုမဏ္ဍိုင်ဖြင့် ချီအခြေတည်အဆင့်တွင် ပြိုင်ဘက်ကင်းသော အတိုက်အခိုက်စွမ်းအားကို ပိုင်ဆိုင်ထားသည်။ တကယ်တမ်း မန်ဟိုက တောင်ပိုင်းဒေသတွင် အမြုတေဖြစ်တည်မှုအဆင့်အောက်ရှိ အစွမ်းထက်ဆုံးလူဖြစ်သည်ဟု ပြောနိုင်သည်။
ချင်းလော်ဂိုဏ်းများ ချဥ်းကပ်လာစဥ် သူက အေးစက်စက်ရယ်လိုက်သည်။ သူ၏ဘယ်လက်က လေတွင် ဖမ်းဆုပ်သည့်လှုပ်ရှားမှု လုပ်လိုက်ရာ ချက်ချင်းပင် မီးနဂါးကြီးသည် မိုးနဂါးပျံကြီးအသွင် ပုံပေါ်လာ၏။ သို့သော် ၄င်းက အပြည့်အဝရုပ်လုံးပေါ်မလါပေ။ မန်ဟိုက ၄င်း၏အပူအနည်းငယ်ကို ငှားယူပြီး ပတ်ဝန်းကျင်ရှိ မိုးရေများကို သိပ်သည်းသော မြူထုအသွင် ပြောင်းနေခြင်းဖြစ်သည်။
မြူများ ဖွေးဖွေးလှုပ်လာစဥ် မန်ဟိုက သိုလှောင်အိတ်ကို ပုတ်လိုက်သဖြင့် သစ်သားဓားနှစ်လက် ပျံထွက်လာသည်။ ၄င်းတို့က သူ့ကို ပတ်၍ တခဏဝဲနေပြီးနောက် ပြေးထွက်သွားသည်။
မြူများသည် ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းရင်းး တလိပ်လိပ်ထလာသဖြင့် မည်သည့်အရာကိုမှ မမြင်ရတော့ပေ။ အပူက မိုးရေများကို ဆက်လက်အငွေ့ပျံနေစေသည်။ မိုးခြိမ်းသံများ တဂျိန်းဂျိန်း မြည်ဟည်းနေပြီး လျှပ်စီးများ တဝင်းဝင်းလက်နေသည်။ မြူထုအတွင်းမှ ကြောက်မက်ဖွယ်အော်သံများ တစ်သံပြီးတစ်သံထွက်ပေါ်လာသည်။
မန််ဟို၏အရိပ်သည် သေခြင်းတရားကိုအတူ သယ်ဆောင်ရင်း တရိပ်ရိပ် လှုပ်ရှားနေသည်။ သစ်သားဓားနှစ်လက်က ချင်းလော်ဂိုဏ်းသားတစ်ယောက်၏ခေါင်းကို ဖြတ်တောက်ရင်း သူ့အရှေ့တွင် ရွေ့လျားသွားသည်။ ဂိုဏ်းသား၏မျက်လုံးများမှာ မသေဆုံးခင် အခိုက်အတန့်၌ အံသြတုန်လှုပ်ခြင်းတို့ဖြင့် ပြည့်နှက်သွားသည်။
သတ်ဖြတ်သံများ မျောလွင့်လာသည်။ မန်ဟိုကား တစ္ဆေတစ်ကောင်အလားပင်။ နောက်ထပ်ကျင့်ကြံသူတစ်ယောက်ကို သတ်လိုက်သဖြင့် သူ၏ညာလက်မှ ကျိုးအက်သံများ ထွက်ပေါ်လာသည်။ သူက လာနေသောလှံကို ဟန့်တားရန် အလောင်းကို အရှေ့သို့ ပစ်ပေါက်လိုက်သည်။ ဘန်းခနဲ အလောင်းမှာ အစိတ်စိတ်အမြွှာမြွာထွက်သွား၏။ မန်ဟိုက ရှေ့သို့ ခြေလှမ်းကြဲကြဲလျှောက်သွားသည်။
သူက ညာလက်ကို ဝှေ့ယမ်းရင်း လေဓားသွားကို ဆင့်ခေါ်လိုက်သည်။ ၄င်းက ပြေးထွက်သွားပြီး နောက်ခန္ဓာကိုယ်ကို တစစီ ပိုင်းဖြတ်ပစ်လိုက်သည်။ အလောင်း၏အစိတ်အပိုင်းများ မြူထဲမှ လွင့်ထွက်လာပြီး မြေပြင်ပေါ်ကျသည်။
ဤအခြင်းအရာကို မြင်သောအခါ ကျိုးကျဲ မျက်မှောင်ကြုတ်သွား၏။ သို့သော် သူက အမွှေးအိုးကို ဆက်လက်ကိုင်ထားမြဲပင်။ ၄င်းထံမှ အပေါ်တက်နေသော မီးခိုးငွေ့များမှာ ခြောက်ဆယ်ရာခိုင်နှုန်း စုစည်းနေဟန်တူသည်။
ရုတ်တရက် မြူထဲမှ နောက်ထပ် မချိတင်ကဲအော်သံတစ်သံ ထွက်ပေါ်လာသည်။ ချင်းလော်ဂိုဏ်းတစ်ယောက်မှာ ကိုယ်တစ်ပိုင်းပြတ်လျက် ယိုင်တီးယိုင်တိုင် ထွက်လာသည်။ သူ အောင်အောင်မြင်မြင် လွတ်မြောက်တော့မည့်ဆဲဆဲ မန်ဟို့၏လက်ကြီး ဆန့်ထွက်လာပြီး သူ့ကို ခေါင်းထိပ်မှ ဆုပ်ကိုင်လိုက်သည်။ သူက ဖိချလိုက်သည့်အတွက် ကျင့်ကြံသူမှာ စူးစူးဝါးဝါးအော်တော့သည်။ မန်ဟို၏မျက်နှာ မြူအတွင်းမှ တခဏထွက်လာပြီး သူက ကျိုးကျဲကို လှမ်းကြည့်သည်။
ကျိုးကျဲကလည်း ပြန်ကြည့်ပြီး သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားစဥ် မန်ဟိုက ပြုံးလိုက်သည်။ ထို့နောက် မြူထဲ ပြန်လည်ဝင်ရောက် ပျောက်ကွယ်သွား၏။ သူက လက်ကိုလွှတ်လိုက်သဖြင့် ချင်းလော်ဂိုဏ်းသားမှာ မျက်လုံးများပြူးထွက်လျက် မြေပြင်ပေါ် ပြုတ်ကျသေဆုံးသွားသည်။
ဤမြင်ကွင်းကြောင့် ကျိုးကျဲ တုန်ရီသွားပြီး အရုပ်ဆိုးသောအမူအရာတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ မြူအတွင်းမှ အော်သံများမှာ တဖြေးဖြေး ဝေးဝေးသွားပုံရသည်။ ပေါက်ကွဲသံများ အားနည်းလာ၏။ ရုတ်တရက် လူရိပ်တစ်ခု မြူထဲမှ ထွက်လာသည်။
"အစ်ကိုကြီးကျိုး၊ ကျုပ်ကို ကယ်ပါ" ချင်းလော်ဂိုဏ်းသားတစ်ယောက် အော်လိုက်သည်။ သူ၏ညာလက်မှာ ဖြတ်တောက်ခံထားရပြီး ကြောက်စရာကောင်းသောအမူအရာတစ်ခုက သူ့မျက်နှာကို ဖုံးလွှမ်းနေသည်။ သူ့မှာ အားကုန်ထုတ်၍ အပြင်ထွက်လာသည့်တိုင် စကားလုံးများ သူ့ပါးစပ်မှ ထွက်သွားရုံရှိသေးသည်၊ တစ်မီတာအရှည်တစ္ဆေလက်ကြီး မြူထဲမှ ဆန့်ထွက်လာ၏။ ၄င်းက မယုံကြည်နိုင်ဖွယ် အမြန်နှုန်းဖြင့် ရွေ့လျားလာရာ ထွက်ပြေးနေသောကျင့်ကြံသူကို မျက်စိတစ်မှိတ်အတွင်း မှီသွားသည်။
၄င်းက သူ့ကို ဝင်ဆောင့်လိုက်ပြီး နားကွဲလုမတတ် ပေါက်ကွဲမှုကြီး လေတွင် ပြည့်နှက်သွားသည်။ ကျင့်ကြံသူ၏ခန္ဓာကိုယ် တဆတ်ဆတ်တုန်ခါလာပြီး သူက တစ်စုံတစ်ခု ပြောရန် ပါးစပ်ဟလိုက်သည်။ သူဘာမှမပြောနိုင်ခင် သူ၏ခန္ဓာကိုယ်ကား ပေါက်ကွဲထွက်သွားတော့သည်။
ဤအချိန်တွင် မန်ဟိုကို လွှမ်းခြုံထားသော မြူများ လွင့်စင်ပျောက်ကွယ်လာ၏။ မန်ဟိုက လမ်းလျှောက်ထွက်လာသည်။ သူ၏အဝတ်အစားနှင့် ဆံပင်ရှည်တို့အရ အားနည်းသောစာပေသမားနှင့်တူသည်။ သို့သော် သူ့မျက်လုံးများထဲရှိ အေးစက်မှုကတော့ ကျိုးကျဲကို တုန်ခါသွားစေသည်။
ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူ ဆယ်ယောက်ကျော်....... မန်ဟိုတစ်ယောက်သာ မြူထဲမှ အသက်ရှင်လျက် ထွက်လာသည်။
"လူကြီးမင်းရဲ့ နည်းလမ်းတွေက နည်းနည်းရက်စက်လွန်းတယ်" ကျိုးကျဲက လက်ကို တဖြေးဖြေးပြန်ချရင်း ပြောသည်။ အချိန်မရှိတော့သဖြင့် သူ့အတွက် အမွှေးအိုးနှင့် အလုပ်ဆက်လုပ်၍မရတော့ကြောင်း သူသိသည်။ ချင်းလော်ဂိုဏ်းမှာ မန်ဟို၏ကျင့်ကြံခြင်းအခြေခံကို အကဲဖြတ်မှားခဲ့လေပြီ။
တကယ်တမ်း ခေါင်းဆောင်ကြီးဇီလော်သည် မန်ဟို၏ကျင့်ကြံခြင်းအခြေခံနှင့် စပ်လျဥ်းသောသတင်းကို လက်ရှိ စုန့်မျိုးနွယ်စုတွင်ရောက်ရှိသော ဂိုဏ်းအကြီးအကဲထံမှ လက်ခံရရှိခဲ့ပြီးဖြစ်သည်။ သူ၏စွမ်းအားက ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်ထက် ကျော်လွန်ပြီး ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်နှင့် တူကြောင်း သူသိသည်။
သို့သော် မန်ဟို၏အတိုက်အခိုက်စွမ်းအားမှာ ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်နှင့် နှိုင်းယှဥ်၍မရကြောင်း ကျိုးကျဲ ယခု ကောင်းကောင်း သိသွားလေပြီ။ အမှန်အတိုင်းဆိုရလျှင် ၄င်းသည် ထိုစွမ်းအားထက် သာလွန်သော ကြောက်မက်ဖွယ် ဖိအားကို ထုတ်လွှတ်နိုင်၏။
ယခု အနီးကပ်ကြည့်ရှုလေ့လာပြီးနောက် သူ့ပြိုင်ဘက်၏ စိတ်ဝိညာဥ်စွမ်းအားမှာ အခြားသူများနှင့် လုံးဝကွဲပြားကြောင်း ကျိုးကျဲ အာရုံရလိုက်သည်။ ၄င်းက စိတ်ဝိညာဥ်စွမ်းအင်နှင့်တူသော်လည်း တစ်နည်းနည်းဖြင့် မန်ဟို့အပေါ်သာ အထူးခတ်နှိပ်ထားပုံရသည်။
တိတိကျကျပြောရလျှင် မန်ဟို တိုက်ခိုက်ခြင်းအတွက် အသုံးပြုသော မှော်ပညာရပ်များ၏ စိတ်ဝိညာဥ်စွမ်းအားသည် နောက်ဆုံး၌ ကောင်းကင်နှင့်မြေကြီးအတွင်း ပြန်လည်လွင့်စင် ပျောက်ကွယ်သွားသင့်သည်။ သို့သော် မန်ဟို့တိုက်ကွက်များမှ ကျန်ရစ်သော စွမ်းအားက ပျောက်ကွယ်မသွားပေ။ ထိုအစား ကောင်းကင်နှင့်မြေကြီး၏ ငြင်းပယ်ခြင်းခံရကာ ရေပေါ်တင်နေသော ဆီသဖွယ်သာ လွင့်မျောနေသည်။
ဤငြင်းပယ်ခံရသောစွမ်းအား၏ ပေါက်ကွဲမှုအဟုန်ကြောင့် မန်ဟို အလွန်အစွမ်းထက်နေခြင်း ဖြစ်တန်ရာသည်။ ကျိုးကျဲသည် ဤကဲ့သို့ အလျင်အမြန် ကောက်ချက်ချနိုင်သွားသော်လည်း ပြဿနာအတွက် မည်သည့်အဖြေကိုမှ ရှာမတွေ့ပေ။ အကြောက်တရားများ သူ့နှလုံးသားထဲတွင် စိုးမိုးလာ၏။
ဤပေါက်ကွဲမှုကြောင့် မန်ဟိုသည် ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်သာ ဖြစ်သော်လည်း နှောင်းပိုင်းအဆင့်ကျင့်ကြံသူများကို သတ်ဖြတ်ရခြင်းက သူ့အတွက် ထမင်းစားရေသောက်သဖွယ် အလွန်လွယ်ကူလှသည်။ ယင်းကား....သိသာထင်ရှား၏။
မန်ဟို၏ စိတ်ဝိညာဥ်စွမ်းအားက ကွဲပြားသည်။ ၄င်းက သူတစ်ယောက်တည်းအတွက်သာဖြစ်သည်။ အခြားသူများ၏စိတ်ဝိညာဥ်စွမ်းအင်မှာ ကောင်းကင်နှင့်မြေကြီးဖြင့် သက်ဆိုင်သည်။ အသက်ရှူလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းဖြင့် ကျင့်ကြံသူများ ၄င်းကို ငှားယူနိုင်သည်။ ကျင့်ကြံအဆင့်အမျိုးမျိုးပေါ် အခြေခံ၍ ငှားယူနိုင်သည့်အချိန်ပမာဏ မတူညီပေ။ သို့သော် မည်သို့ပင်ဖြစ်စေ၊ စိတ်ဝိညာဥ်စွမ်းအင်အလုံးစုံသည် သေဆုံးလျှင်ချင်း ကောင်းကင်နှင့်မြေကြီးထံ နောက်တစ်ဖန်ပြန်ရောက်သွားမည်ဖြစ်သည်။
၄င်းက သံသရာစက်ဝန်းတစ်ခုပင်။ သစ်ပင်ထိပ်က ခဲရောင်ဝတ်ရုံနှင့်အဘိုးအိုရှေ့က လမ်းကိုးသွယ်နည်းတူ ကောင်းကင်နှင့်မြေကြီး၏ စည်းမျဥ်းတစ်ခုဖြစ်သည်။
"ကျုပ် တကယ်တော့ မရက်စက်ပါဘူး" မန်ဟိုက မထူးခြားဟန်ဖြင့် ပြောသည်။ "ခင်ဗျားတို့လူတွေပဲ ရက်စက်တာ။ တကယ်တော့ ကျုပ်က တော်တော်လေး နှလုံးသားနူးညံ့ပါတယ်။ ဒါပေမယ့် ခင်ဗျား ဒီမှာရှိနေတာက ပြဿနာနည်းနည်းရှိနေတယ်" သူက လက်ကိုဝှေ့ယမ်းလိုက်ရာ သူ့အနောက်ရှိ မြူထုကြီး လုံးဝပျောက်ကွယ်သွားသည်။ မိုးပေါက်များက သူတို့နှစ်ယောက်ကို ခွဲခြား၍မရလောက်အောင် ပိုင်းခြားရင်း သူတို့အပေါ် ကျဆင်းနေသည်။ သို့သော် သူတို့၏အကြည့်များ ဆုံနေပြီး သူတို့၏မျက်နှာများ ပို၍ရက်စက်ကြမ်းကြုတ်လာသည်။
"ကျုပ်က ချင်းလော်ဂိုဏ်းရဲ့ တာအိုကလေး ကျိုးကျဲ" ကျိုးကျဲက ရုတ်တရက် လက်ကို မြှောက်လိုက်သည်။ ၄င်းထဲတွင် တစ်ပေအရှည် အပြာရောင်အမွှေးတိုင် ပေါ်ပေါက်လာ၏။ အမွှေးတိုင်မှာ မီးညှိခံလိုက်ရပြီး ၄င်း၏အဆုံးမှ အငွေ့များထွက်လာကာ လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပနေသည့် ဓားတစ်လက်အသွင်ပြောင်းသွားသည်။ ဤသည်မှာ သိသာစွာပင် သာမန်အမွှေးတိုင်မဟုတ်ပေ။
"ကျုပ်က ကျိုးပြည်က မန်ဟို" မန်ဟိုက အေးစက်စွာ ပြောသည်။ သူ၏ညာလက်သည် ဂါယာမန္တယားဆိုင်ရာမုဒြာဟန် ဖျတ်ခနဲ လှုပ်ရှားသွားပြီး သစ်သားဓားနှစ်လက် ထွက်ပေါ်လာကာ သူ့ကို ဖြေးညှင်းစွာ လှည့်ပတ်နေသည်။ ၄င်းတို့သည် တောက်ပနေသော ဓားအရှိန်အဝါများကို ထုတ်လွှတ်ပြီး သွေးဆာနေသည့်အလား တဝီဝီမြည်နေသည်။
ဤသည်မှာ မန်ဟို တာအိုကလေးတစ်ယောက်နှင့် ပထမဆုံးအကြိမ် ရင်ဆိုင်တိုက်ခိုက်ရခြင်းမဟုတ်ပေ။ သူသည်ပထမဆုံးကြိမ် လီတောက်ရီနှင့် တိုက်ခိုက်ခဲ့တုန်းက သူ့ကို လက်တစ်ယောက်ပြတ်လျက် မတတ်သာဘဲ ထွက်ပြေးသွားစေခဲ့သည်။ ထို့နောက် လီရှိချီနှင့် ဆုံခဲ့ပြီး သူ့ကို ခွန်အားခင်းကျင်းပြသရာ၌ အနိုင်ရခဲ့သည်။ ယခု ကျိုးကျဲ။
"ငါ လီတောက်ရီကို တိုက်ခိုက်ခဲ့တုန်းက တာအိုမဏ္ဍိုင်သုံးခုရှိတယ်" မန်ဟိုက တွေးသည်။ "လီရှိချီနဲ့ ရင်ဆိုင်ရတုန်းက လေးခု။ အခု ငါ့မှာ ငါးခုရှိပြီဆိုတော့ ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်ငါးခုရဲ့ စွမ်းအားက ချီအခြေတည်အဆင့်မှာ ပြိုင်ဘက်ကင်းတယ်ဆိုတာ သက်သေပြရမယ်" တက်ကြွနေသောအလင်းရောင်တစ်ခု သူ၏ မျက်လုံးများထဲ၌ ပေါ်လာသည်။ သစ်သားဓားနှစ်လက်မှာ မန်ဟို၏တိုက်ခိုက်လိုစိတ်ကို အာရုံခံနိုင်ပုံရသည်။ ၄င်းတို့၏ တဝီဝီမြည်သံသည် ပို၍ကျယ်လောင်လာပြီး ဓားအရှိန်အဝါများ ပို၍ပင် တောက်ပလင်းလက်လာသည်။
"ခင်ဗျားက ကျုပ် ဟိုးအရင်နှစ်တွေထဲ ခရီးသွားနေခဲ့တုန်း တွေ့ခဲ့တဲ့ အမျိုးသမီးတစ်ယောက်အတိုင်းပဲ။ ကျုပ် သူ့နောက်လိိုက်ခဲ့ပေမယ့် ဘာမှမရခဲ့ဘူး။ ဒါပေမယ့် သူက မန်မျိုးရိုးမဟုတ်ဘူး" ကျိုးကျဲက ခေါင်းခါလိုက်သည်။ တကယ်တော့ မန်ဟိုသည် သူ၏ လေးစားခြင်းခံထိုက်သည့် လူတစ်ယောက်ဖြစ်ကြောင်း သူ ယုံကြည်သည်။ အမှန်တကယ်ဆိုရလျှင် သူသည် တောင်ပိုင်းဒေသ၏ ချီအခြေတည်အဆင့်ကျင့်ကြံသူများအကြားမှ လူဆယ်ယောက်ခန့်ကိုသာ လေးစားခဲ့ဖူးသည်။ တစ်ဦးတစ်ယောက်စီတိုင်းမှာ တာအိုကလေးများးပင်။
သို့သော် ယနေ့တွင် မန်ဟို၏တည်ရှိမှုကို သူ သတိထားမိလိုက်လေပြီ။ မန်ဟိုသည် လက်ရှိမျိုးဆက် တာအိုကလေးများနှင့် ပခုံးချင်းယှဥ်ရပ်နိုင်သော လူတစ်ယောက်ဖြစ်၏။
စကားလုံးများ ပါးစပ်မှ ထွက်သွားချိန်မှာပင် ကျိုးကျဲ၏ခန္ဓာကိုယ်မှ ချီအခြေတည်ခြင်း မဟာစက်ဝန်း၏စွမ်းအားများ ပေါက်ကွဲထွက်လာသည်။ ၄င်းက လှိုင်းဂယက်များ ပြန့်ထွက်သွားစေရာ သူ့ဆံပင်များ လွင့်ပျံသွားသည်။ သူ့ပတ်လည်က မိုးရေပေါက်များမှာ သူ့ကို မထိဝံ့သည်အလား ပြေးထွက်ကုန်သည်။ သူ မန်ဟို့ထံ ခြေလှမ်းကြဲကြဲဖြင့် လျှောက်လာစဥ် ရက်စက်သော အကြည့်သည် သူ၏မျက်လုံးများအတွင်း၌ ပြည့်နှက်နေ၏။
မန်ဟို၏မျက်လုံးများ တဖျပ်ဖျပ်လက်လာပြီး သူလည်း ရှေ့သို့လျှောက်လာသည်။ သူ၏စိတ်ဝိညာဥ်အာရုံကား ထွက်ပေါ်လာ၏။
မိုးရေများအကြား၌ ချီအခြေတည်အဆင့် အထွတ်အထိပ် နှစ်ယောက်၏ တိုက်ပွဲ စတင်လေပြီ။
***