← Chapters

ထိပ်တိုက်တွေ့ခြင်း

Vol. 15 Ch. 202

ထိပ်တိုက်တွေ့ခြင်း

Vol. 15 Ch. 202

ခေါင်းထက်က တိမ်စိုင်တိမ်လိပ်များ တစ်ခုကိုတစ်ခု ဝင်တိုက်သွားကြပြီး မိုးထစ်ချုန်းသံကြီးက ကမ္ဘာမြေကို တသိမ့်သိမံတုန်သွားစေ၏။ မန်ဟို နှင့် ကျိုးကျဲ တစ်ယောက်ထံ တစ်ယောက် လျှောက်လာကြသည်။ သူတို့က အကြည့်မလွှဲဘဲ စူးစူးစိုက်စိုက်ကြည့်နေကြပြီး သူတို့ စိတ်ဝိညာဥ်အာရုံ၏စွမ်းအားများ တဟုန်ထိုး ရှေ့ထွက်လာသည်။

စိတ်ဝိညာဥ်အာရုံတိုက်ပွဲကား အသွင်သဏ္ဍာန်ကင်းမဲ့ပြီး မမြင်ရပေ။ သို့သော် အသတ်အဖြတ်စွမ်းအားတိုက်ပွဲမှာတော့ မှော်ပစ္စည်းများထက် အဆများစွာ ကျော်လွန်၏။

တစ်ယောက်ကို တစ်ယောက် အပြန်အလှန် မမှိတ်မသုန်ကြည့်နေရင်း မန်ဟိုနှင့် ကျိုးကျဲတို့နှစ်ယောက်လုံး တုန်ရီလာသည်။ ကျိုးကျဲမှာ မရေမတွက်နိုင်သောတောင်များဖြင့် ဖိချခံနေသည့်အလား ခံစားလိုက်ရသည်။ သွေးများ သူ့နှုတ်ခမ်းထောင့်မှ စီးကျလာ၏။ သူက အံကြိတ်ပြီး ရက်စက်ကြမ်းကြုတ်သောအသွင်တစ်ခု သူ၏မျက်နှာကို ဖုံးလွှမ်းသွားသည်။

မန်ဟိုလည်း သက်ရောက်ခံရဟန်တူသည်။ သို့သော် နှုတ်ခမ်းများသာ တင်းတင်းစေ့ထားပြီး သွေးတို့စီးကျလာခြင်း မရှိပေ။ သူက အေးစက်စက်နှာမှုတ်ပြီးနောက် ရှေ့ဆက်လျှောက်လာသည်။ ခြေလှမ်းကျသွားသည်နှင့် နှစ်ယောက်လုံး နောက်တစ်ဖန် တုန်ရီလာပြန်သည်။

ကျိုးကျဲ၏ မျက်နှာမှာ အတန်ငယ်ဖြူဖပ်ဖြူလျော်ဖြစ်နေ၏။ စိတ်ဝိညာဥ်အာရုံအရ သူ မနိုင်ကြောင်း ပြောနိုင်သည်။ သူက တုံ့ဆိုင်းမနေဘဲ ဘယ်လက်ဖြင့် ဂါယာမန္တယားဆိုင်ရာမုဒြာဟန်ဖော်ရင်း နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ သူ့ညာလက်ထဲရှိ အမွှေးတိုင်မှ ချက်ချင်းပင် တွန့်လိမ်ကောက်ကွေးသော မီးခိုးငွေ့များထွက်လာပြီး ဓားကွေးတစ်ခုအသွင်ပြောင်းကာ မန်ဟို့ထံ ပြေးဝင်လာသည်။

ဓားသွား လေကိုခွင်း၍ ပျံသန်းသွားစဥ် ၄င်းကိုဖွဲ့စည်းထားသော အငွေ့များ ရုတ်တရက် ပြန့်ထွက်သွားသည်။ မကြာမီ ပုံရိပ်တစ်ခု၏ကောက်ကြောင်း မြင်သာလာ၏။ ၄င်းအသွင်မှာ လူတစ်ယောက်က ဓားကွေးကို ကိုင်ထားရင်း မန်ဟိုထံ တည့်တည့်ခုတ်ပိုင်းချလိုက်ပုံနှင့်တူသည်။

မန်ဟို၏မျက်လုံးများ ရိပ်ခနဲ ဖြစ်သွားသည်။ သူ၏ဘယ်လက်သည် ဂါယာမန္တယားဆိုင်ရာမုဒြာဟန် လှုပ်ရှားသွားပြီး စိတ်အားထက်သန်နေဟန်တူသော သစ်သားဓားနှစ်လက်သည် တဝီဝီမြည်ရင်း အလင်းတန်းနှစ်တန်း အသွင်ပြောင်းကာ ဓားကွေးထံ တဟုန်ထိုးပြေးဝင်သွားသည်။

၄င်းတို့က တခဏအတွင်း ရောက်သွား၏။ ရှောင်တိမ်းခြင်းမရှိ၊ လည်ထွက်ခြင်းမရှိ။ တိုက်ကွက်နှစ်ကွက်ကား မဟာရန်သူကြီးများအလား။ ၄င်းတို့ တစ်ခုကိုတစ်ခု အတိုင်းထက်အလွန် အရှိန်အဟုန်ပြင်းစွာ ဝင်တိုက်လိုက်ကြသဖြင့် တစ်ခုတော့ ဖျက်စီးခံရမည်မှာ ထင်ရှားသည်။

ဝုန်းခနဲ ပေါက်ကွဲသံ ပဲ့တင်ထပ်သွားပြီး မန်ဟိုက လက်နှစ်ဖက်လုံး ဝှေ့ယမ်းလိုက်သည်။ ကြည့်ရသည်မှာ သစ်သားဓားများကို သူ့နှင့် ချိတ်ဆက်ပေးထားသော မမြင်နိုင်သော ကြိုးများရှိနေသည့်အလားပင်။ ၄င်းတို့သည် ပတ်ဝန်းကျင်တွင် လှိုင်းဂယက်များ ရိုက်ခတ်သွားစေသည့် အစွမ်းထက် ဓားအရှိန်အဝါတစ်ခုအား ချက်ချင်း ထုတ်လွှတ်လာသည်။ အရာအားလုံး စတင်တုန်ခါလာ၏။ မည်သူက အနားကပ်ရဲလောက်မည်နည်း။

ပေါက်ကွဲသံကြီး မြည်ဟည်းသွား၍ ထူးဆန်းသောအကြည့်တစ်ခု ကျိုးကျဲ၏မျက်လုံးများထဲတွင် ပေါ်လာသည်။ သူက ဘယ်လက်ကို မြှောက်ပြီး ဆန့်ထုတ်လိုက်သည်။ သစ်သားဓားနှစ်လက်က တဝီဝီမြည်သံများ ထုတ်လွှတ်လာ၏။ ရုတ်တရက် ကောင်းကင်နှင့်မြေကြီး၏ စိတ်ဝိညာဥ်စွမ်းအင်အားလုံး ၄င်းတို့ထံ ပြေးဝင်သွားပုံရသည်။ ၄င်းတို့ကို ဝန်းရံထားသည့် ဓားအရှိန်အဝါများသည် မီတာသုံးဆယ် ပြန့်ကားလာပြီး ဓားများက ဓားနဂါးပျံနှစ်ကောင်အသွင်အပြောင်းရင်း မန်ဟို့ကို လှည့်ပတ်ဝဲပျံနေဟန်တူသည်။

ချဥ်းကပ်လာနေသော အငွေ့တစ္ဆေများ တစ်ကောင်ပြီးတစ်ကောင် မန်ဟို့အနားမကပ်နိုင်ဘဲ လွင့်စင်ပြိုကွဲကုန်သဖြင့် ထစ်ချုန်းသံကြီး ပဲ့တင်ထပ်လာသည်။

"ဒီတော့ ခင်ဗျားက ခံစစ်ကို ကြိုက်တယ်ပေါ့" ကျိုးကျဲက အေးစက်စွာ ပြောသည်။ "ကျုပ် ကူညီပေးပါ့မယ်" သူ၏ဘယ်လက်သည် ဂါယာမန္တယားဆိုင်ရာ မုဒြာဟန် လှုပ်ရှားသွားပြီးနောက် အမွှေးတိုင်ကို ဖိချလိုက်စဥ်  သူ၏မျက်လုံးများထဲ၌ အေးစက်သောအလင်းရောင်တစ်ခု တောက်ပလာသည်။ ၄င်းက ပို၍ပြင်းပြင်း လောင်ကျွမ်းလာပြီး အငွေ့တထောင်းထောင်း ထလာသည်။ အငွေ့များက တစ်လွှာပေါ်တစ်လွှာထပ်၍ ဗဟိုတူစက်ဝိုင်းများအဖြစ် ပြန့်ထွက်လာသည်။

မီးခိုးကွင်းအသစ်တစ်ခုစီတိုင်း ယခင်တစ်ခုထက် ပို၍ကြီးလာသည်။ မကြာမီ မန်ဟို့ထံသို့ မီးခိုးကွင်းတစ်ရာကျော် ဦးတည်လာခဲ့လေပြီ။

မိးခိုးကွင်းများက သူ့ကို ဝါးမြိုတော့မည့်ပုံပေါ်သည့်တိုင် မန်ဟို၏ အမူအရာကား နည်းနည်းလေးပင် ပြောင်းလဲခြင်းမရှိ။ သူက ပါးစပ်ကို ဟလိုက်ရာ လျှပ်စီးတိမ်တိုက်ထွက်ပေါ်လာသည်။ ယခင်က လျှပ်စီးတိမ်တိုက်သည် ပြစ်ဒဏ်မိုးကြိုးအပြင် လေးထောင့်ဒယ်အိုးထဲရှိ မိုးကြိုးစိတ်ဆန္ဒတချို့ကိုလည်း စုပ်ယူခဲ့သည်။ ယခုလောလောဆယ်တွင် ၄င်းမှာ ထူးခြားဆန်းကြယ်သောအသွင်ပြောင်းခြင်း ဖြစ်ပေါ်နေဟန်တူသည်။ ၄င်း ပြန့်ကားလာစဥ် ကောင်းကင်တွင် ဂျိန်းခနဲ မိုးထစ်ခြုန်းသွား၏။

လျှပ်စီးတိမ်တိုက်သည် တိမ်တိုက်များအား စုဆုံနေစေပုံရရာ အချိန်မရွေး မိုးကြိုးပစ်ချတော့မည့်အလား ထင်ရသည်။ မန်ဟို့ လျှပ်စီးတိမ်တိုက်၏ အပြင်ပတ်ဝန်းကျင်မှာ မကြာမီ လျှပ်စီးပင်လယ်တစ်စင်း ဖြစ်လာတော့မည့်ပုံပေါ်သည်။

တိမ်တိုက်ပြန့်ကားလာပြီးနောက် မိိုးကြိုးသည် ကောင်းကင်တွင် ထစ်ချုန်းအော်မြည်ရင်း ပစ်ချလိုက်၏။ မီးခိုးကွင်းများမှာ မိုးကြိုးထိမှန်သွားသည်နှင့်တစ်ပြိုင်နက် အစိတ်စိတ်အမြွှာမြွာ ကွဲထွက်သွားတော့သည်။

ကျိုးကျဲ၏ မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ သူ ဤကဲ့သို့ဗျူဟာတစ်ခုကို တစ်ခါမှ မမျှော်လင့်ထားခဲ့ပေ။ မန်ဟိုက လျှပ်စီးတိမ်တိုက်ဖြင့် ဝန်းရံလျက် ရှေ့လျှောက်လာသည်။

သူ့ပတ်လည်ရှိ တိမ်တိုက်သည် တလိပ်လိပ်လှုပ်ရှားနေပြီး မိုးခြိမ်းသံများ လေထုတွင် ပြည့်နှက်နေသည်။ မိုးကြိုးများ၏ လှုံ့ဆော်မှုကြောင့် သစ်သားဓားနှစ်လက်မှာ ပြင်းပြသော အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ပေါက်ကွဲထွက်လာသည်။ မန်ဟို၏ဆံပင်ရှည်ရှည်များသည် သူ့ခေါင်းတစ်ဝိုက်တွင် တလွင့်လွင့်ဖြစ်နေပြီး မိုးပေါက်တို့က သူ့အပေါ်ရွာကျနေသည်။ သူ့ကို မြင်လိုက်သည့် မည်သူမဆို ကြောက်မက်ဖွယ် မိစ္ဆာဆန်သော ခံစားချက်တစ်ခုဖြင့် ရင်တုန်သွားရပေလိမ့်မည်။

ရုတ်တရက် မန်ဟို့ထံမှ လွှမ်းမိုးနေသောအရှိန်အဝါတစ်ခု စတင်ထွက်ပေါ်လာ၏။ ဤသည်မှာ ထိုကဲ့သို့အရှိန်အဝါမျိုး သူ့အပေါ်တွင် ပထမဆုံးပေါ်ပေါက်လာခြင်းပင်။

"တကယ်တော့" မန်ဟိုက အေးအေးလူလူပြောသည်။ "ကျုပ် အကြိုက်ဆုံးက တိုက်ခိုက်ရတာပဲ" သူက ကျော်လွှားရန်ကြီးမားလွန်းသော စွမ်းအားကြီးဖြင့် ပြည့်နှက်လျက် ရှေ့သို့ လျှောက်လာသည်။ သူသည် ကမ္ဘာကြီးကို သိမ်းပိုက်ရန် အသင့်ဖြစ်နေသော ရှေးဟောင်းသားရဲရိုင်းကြီးတစ်ကောင််နှင့်တူလေသည်။

ကျိုးကျဲမှာ နောက်ဆုတ်လိုစိတ်ကို ဖိနှိပ်လိုက်သဖြင့် မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ မန်ဟိုသည် စောစောက သူ့ကိုယ်သူ ခုခံနေခဲ့သော အချိန်ကနှင့် လုံးဝခြားနားသွားလေပြီ။ သူကား...... ယခုလေးတင် ဓားအိမ်ထဲမှ ဆွဲထုတ်ခံလိုက်ရသော ဓားနှယ် သွေးအေးရက်စက်မှုတို့ဖြင့် ပြည့်နှက်နေပုံပေါ်သည်။

ပညာနည်းနည်းပါးပါးပြရန် အချိန်ကျရောက်လာလေပြီ။

တစ်လှမ်း၊ နှစ်လှမ်း၊ သုံးလှမ်း.......မန်ဟို ခြေတစ်လှမ်းလှမ်းလိုက်တိုင်း မိုးခြိမ်းသံများ ပို၍ပင်ကျယ်လောင်လာသည်။ လျှပ်စီးများ ကောင်းကင်တွင် တဝင်းဝင်းလျက်ရှိသည်။ ပြန့်ကားလာနေသော စိတ်ဝိညာဥ်အာရုံဖြင့် အားဖြည့်ပေးထားသည့် မန်ဟို့ကျင့်ကြံခြင်းအခြေခံ၏ ပြီးပြည့်စုံသောစွမ်းအား ပေါ်ထွက်လာသည်။ ကျိုးကျဲ တုန်လှုပ်သွားပြီး မန်ဟိုကို အဟုန်ထပ်စုဆောင်းခွင့်ပေး၍ မဖြစ်ကြောင်း သိလိုက်သည်။ ထိုသို့ဖြစ်လာခဲ့ပါက သူ့အတွက် ရပ်တန့်ရန် အလွန်ခက်ခဲသွားလိမ့်မည်။

မန်ဟို၏ တတိယခြေလှမ်း ကျရောက်သွားချိန်မှာပင် ကျိုးကျဲ၏မျက်လုံးများ၌ ခိုင်မာပြတ်သားသောစိတ်ဆန္ဒ ပြည့်နှက်သွားသည်။ သူက ညာလက်ကို ဖြေလျှော့လိုက်ရာ ယခုတွင် ပေတစ်ဝက်ကျော်ရုံသာ ရှိတော့သော အမွှေးတိုင်မှာ ရုတ်တရက် အပေါ်ပျံတက်သွား၏။

ကျိုးကျဲ၏ မျက်လုံးများ၌ သွေးကြောများထောင်လာပြီး သူ၏ လက်နှစ်ဖက်လုံး လက်ကွက်များလှုပ်ရှားသွားသည်။ သူက လက်နှစ်ဖက်ကို သူ့အရှေ့တွင် ဝှေ့ယမ်းလိုက်သည်။

"အစိမ်းရောင်မီးခိုး ၊ အရှေ့လမ်းကို သုတ်သင်ခြင်း" သူက ဤစကားလုံးများကို  လက်နှစ်ဖက်ဆန့်ထုတ်သည့်အချိန်နှင့် တစ်ဆက်တည်း ပြောလိုက်သည်။ အမွှေးတိုင်သည် အရှည်တော်တော်များများ လောင်ကျွမ်းသွားပြီး မန်ဟိုထံ တန်းတန်းမတ်မတ်ပျံသန်းသွားသော အငွေ့တန်းကြီးတစ်တန်း ဖန်တီးလိုက်သည်။

"ပေါက်ကွဲလိုက်စမ်း" ကျိုးကျဲက အော်သည်။ အငွေ့တန်းကြီးမှာ အပြင်သို့ ပေါက်ကွဲထွက်သွား၏။ ပတ်ဝန်းကျင်ရှိ အရာအားလုံး ပြင်းပြင်းထန်ထန် တုန်ခါသွားပြီး ပေါက်ကွဲသံကား မိုးခြိမ်းသံကို လွှမ်းမိုးသွားသည်။ မီးခိုးငွေ့များက လျှပ်စီးများကိုပင် ဖုံးလွှမ်းကာ သေစေနိုင်သော ချေမှုန်းခြင်းစွမ်းအားကြီးနှင့်အတူ အစိမ်းရောင်လှိုင်းများအဖြစ် ရိုက်ခတ်လာသည်။

မန်ဟို၏ခန္ဓာကိုယ် တုန်ရီသွား၏။ သူ့ကိုဝန်းရံထားသည့် လျှပ်စီးတိမ်တိုက် တုန်ခါသွားပြီးနောက် တိုက်ကွက်၏ပြင်းအားအောက်တွင် ပေါက်ကွဲထွက်သွားသည်။ သစ်သားဓားနှစ်လက်က လာနေသောတိုက်ကွက်ကို တန်ပြန်တိုက်ခိုက်လိုက်ပြီး မန်ဟိုက နောက်သို့ ခြေလေးငါးလှမ်းစာ ပျံထွက်လိုက်သည်။ သူ့နှုတ်ခမ်းထောင့်မှ သွေးများစီးကျလာ၏။

"ထိပ်သီးဂိုဏ်းကြီးတွေရဲ့ တာအိုကလေးတွေက တော်တော်လေး လာတဲ့ကောင်တွေပါလား...." မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး သူ၏မျက်လုံးများ ဖျတ်ခနဲလက်သွားသည်။ ကျိုးကျဲမှာ မျက်နှာအတော်လေးဖြူဖျော့လျက် ရပ်နေသည်။ သို့သော် သူ၏မျက်လုံးများက ဝင်းလက်တောက်ပနေပြီး သူက လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ နောက်ထပ်လက်ကွက်တစ်ကွက် ဖော်လိုက်သည်။

အမွှေးတိုင် အတော်များများ လောင်ကျွမ်းသွားလေပြီ။ ယခုတွင် ၄င်းမှာ နှစ်လက်မခန့်သာ ရှိတော့သည်။ မီးခိုးများ ထွက်လာချိန်မှာပင် မန်ဟိုက ညာလက်ကိုမြှောက်ပြီး ရှေ့သို့ငါးချက် ရိုက်လိုက်သည်။

တိမ်နက်ရိုက်ချက်ငါးချက်။

ငါးချက်မှာ အလွန်လျင်မြန်သော အမြန်နှုန်းဖြင့် တွန်းထုတ်ခံလိုက်သည့်အတွက် မျက်စိတစ်မှိတ်အတွင်း ပြည့်သွားသည်။ ချေမှုန်းခြင်းမီးခိုးတိမ်တိုက် ပြန့်ကားလာစဥ် မန်ဟို့အရှေ့၌ ဧရာမလက်ကြီးတစ်ဖက်ပေါ်လာသည်။ ၄င်းက မီးခိုးထုထံ တန်းတန်းမတ်မတ် ပြေးဝင်သွား၏။

ကမ္ဘာမြေကြီးအား တသိမ့်သိမ့်တုန်ခါသွားစေသော ပေါက်ကွဲမှုကြီး ပဲ့တင်ထပ်လာသည်။ ပတ်ဝန်းကျင်ရှိ မိုးပေါက်များအားလုံး မရေမတွက်နိုင်သော ရေစက်များအဖြစ် ပြိုကွဲသွားသည်။ မန်ဟို၏မျက်လုံးများ ကျဥ်းမြောင်းသွားပြီး သူက ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူ၏ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်ငါးခု လည်ပတ်လာပြီး ရိုက်ချက်ငါးချက်တိုက်ကွက်ကို တရစပ် ထုတ်လွှတ်လိုက်သည်။

လက်ကြီးတစ်ဖက်၊ နှစ်ဖက်။ မျက်စိတစ်မှိတ်အတွင်း မန်ဟို့အရှေ့တွင် လက်ဆယ်ဖက်ထက်မနည်း ထွက်ပေါ်လာသည်။ ၄င်းမှာ တုန်လှုပ်ချောက်ချားဖွယ် မြင်ကွင်းကြီးတစ်ခုပင်။ လက်အားလုံးကား ရွှေရောင်အလင်းများဖြာထွက်လျက် လေကိုခွင်း၍ ကျိုးကျဲထံ ပြေးဝင်သွားသည်။

ကျိုးကျဲ၏မျက်လုံးများ သွေးချင်းနီလုနီးပါးပင်။ သူ၏လက်များသည် လက်ကွက်များဖြင့် အဆက်မပြတ် လှုပ်ရှားသွား၏။ အမွှေးတိုင်မှာ ယခုတွင် လုံးဝလောင်ကျွမ်းသွားလေပြီ။ ၄င်းမှထွက်လာသော မီးခိုးငွေ့များက မန်ဟို၏လာနေသောလက်များထံ ပြေးဝင်သွားသည်။ ၄င်းတို့ တစ်ခုကိုတစ်ခု ဝင်တိုက်လိုက်သောအခါ ပေါက်ကွဲမှုကြီး လေတွင် ပြည့်နှက်သွားသည်။

လေပြင်းတစ်ချက် အပြင်သို့ရိုက်ခတ်သွားပြီး လှိုင်းဂယက်များ ထလာသည်။ သစ်ပင်များ ရှေ့နောက်ယိမ်းထိုးကုန်ပြိီး မိုးရေများ အငွေ့ပျံသွားသည်။ မန်ဟို့ပါးစပ်မှ သွေးများ ပန်းထွက်သွားသည့်တိုင် သူ၏အမူအရာကား ပို၍ကြမ်းကြုတ်လာသည်။

ကျိုးကျဲသည် သူ့ကိုယ်သူ မထိန်းနိုင်ဘဲ နောက်သို့ ခုနစ်လှမ်း၊ ရှစ်လှမ်း ယိုင်ထွက်သွားကာ ပါးစပ်အပြည့်သွေးအန်လိုက်ရသည်။ သူ၏မျက်နှာ ဖြူဆုပ်နေသည့်တိုင် သူ၏မျက်လုံးများ တောက်ပလင်းလက်သွားသည်။

သူတို့တစ်ယောက်မှ စကားမပြောဘဲ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်လိုက်ကြသည်။ ဤတိုက်ပွဲ၏အဆုံးသတ်ကား.....အဝေးကြီးတွင်ဖြစ်ကြောင်း သူတို့နှစ်ယောက်လုံး သိကြ၏။

ကျိုးကျဲသည် မှော်ပစ္စည်းတစ်ခုသာ အသုံးပြုရသေးပြီး သူ့ဂိုဏ်း၏မှော်ပညာရပ်များကိုသော်လည်းကောင်း၊ အသေတိုက်ကွက်များကိုသော်လည်းကောင်း ထုတ်ပင်မထုတ်ရသေးပေ။ မန်ဟိုလည်း ထိုနည်းတူပင်။

သူတို့နှစ်ယောက် အသက်သုံးရှိုက်ကြာသည်အထိ ကြည့်နေစဥ် ကျိုးကျဲက ကောင်းကင်ထံ ခေါင်းမော့ပြီး ရယ်သည်။ "မဟာတိမ်နက်လက်ဝါး။ ဘယ်လောက်ရင်းနှီးလိုက်တဲ့ မှော်ပညာရပ်လဲ။ ညီနောင်မန်၊ ခင်ဗျား ဒီပညာရပ်ကို သိတယ်ဆိုမှတော့ ဒီနေ့က နည်းလမ်းနည်းနည်းပါးပါးဖလှယ်ဖို့ အခွင်းအကောင်းတစ်ခုပဲထင်တယ်။ ချင်းလော်ဂိုဏ်းရဲ့ မဟာတိမ်နက်လက်ဝါးက ဘာကြောင့် တိမ်နက်ဆိုတဲ့နာမည်နဲ့အသိများလဲ ခင်ဗျားကို ပြပါရစေ" သူက ညာလက်ကို မြှောက်လိုက်ရာ သူ၏အသက်ရှူသံကား ရုတ်တရက် ထူးဆန်းပြီး ပြင်းထန်လာသည်။ သူ့လက်မြောက်သွားသည်နှင့် ပုံရိပ်ယောင်များ ထွက်ပေါ်လာသည်။

ပုံရိပ်တစ်ခုစီတိုင်းမှာ လက်အသွင်သဏ္ဍာန်ရှိ၏။ စုစုပေါင်း နှစ်ဆယ့်ခြောက်ရှိသည်။ ကျိုးကျဲ၏မျက်လုံးများ ကျဥ်းမြောင်းလာပြီး သူက မန်ဟို့ထံ လက်ဆန့်ထုတ်လိုက်သည်။

"ဒါက စစ်မှန်တဲ့ မဟာတိမ်နက်လက်ဝါးပဲ" ကျိုးကျဲ၏ အသံ ဟိန်းထွက်လာစဥ် သူက ရှေ့သို့ တွန်းထုတ်လိုက်ရာ ဧရာမလက်ကြီးတစ်ဖက် ပေါ်လာသည်။ ၄င်းက အနက်ရောင်အလင်း ထွက်ပေါ်လာပြီး မြူငွေ့များဖြင့် ဖွဲ့စည်းထားဟန်တူသည်။ ဤအနက်ရောင်မြူထုမှာ တိမ်နက်များမှလွဲ၍ တခြားမဟုတ်ပေ။

တိမ်နက်လက်ဝါးက လေကိုခွင်း၍ တဂျိန်းဂျိန်းအော်မြည်ရင်း မန်ဟို့ထံ ပြေးဝင်သွားသည်။ နက်နဲမှုနှင့် စွမ်းအားအရ ဤတိုက်ကွက်သည် မန်ဟို သင်ယူခဲ့သည့် မပြည့်စုံသောပုံစံထက် အဆများစွာ သာလွန်သည်။

မန်ဟို၏မျက်လုံးများ လက်သွားသော်လည်း သူက ဘာမှမပြောပေ။ ဤသည်မှာ သူ၏စရိုက်ပင်။ မှော်တိုက်ပွဲ ရင်ဆိုင်တိုက်ခိုက်ရသောအခါ သူသည် စကားပြောခဲ၏။ သူပြောချင်သမျှအားလုံး တိုက်ကွက်များတွင် ပါဝင်သည်။ နှုတ်ဆိတ်နေခြင်းဖြင့် ထိုတိုက်ကွက်များ၏ရက်စက်မှုကို သူ မြှင့်တင်နိုင်သည်။

သူက ညာလက်ကို မြှောက်ပြီး လက်မဖြင့် လက်ခလယ်ကိုလှီးလိုက်သည်။ သွေးများစီးကျလာပြီး မန်ဟို့မျက်လုံးထဲရှိ အရာအားလုံး အနီရောင်ပြောင်းသွားသည်။

***

All Chapters