ငါ သန်မာရမယ်။ ငါဘာသာငါ ရပ်တည်မယ်။
Vol. 15 Ch. 203
သွေးအင်မိုတယ်အမွေအနှစ်။
မျက်နှာမဲ့၊ စကားတစ်ခွန်း၊ စစ်ပွဲမီးတောက် ပေါင်းစည်း
ကွဲကွာနေတဲ့တိမ်တိုက်တွေ၊ သွေးမိုး၊ ကောင်းကင်အပြည့်ပင်လယ်တွေ
နတ်ဘုရားတွေဖမ်းဆီး။ စစ်သားတွေချီတက်၊ မီးတောက်တွေ မျှော်စင်တွေကို ဝါးမြို
ဝိညာဥ်နဲ့သွေးဆက်အားလုံးကို အသတ်အဖြတ်စွမ်းအား ၉ ရပ်အဖြစ် ပုံသွင်း
ဤစကားလုံးများတွင် မှော်စွမ်းအားများ ပါဝင်သည်။ စွမ်းအား ထုတ်လွှတ်ရန်အတွက် သင့်တော်သော ကျင့်ကြံခြင်းအခြေခံ၊ အတိအကျပြောရသော် အမြုတေဖြစ်တည်မှုအဆင့် လိုအပ်သည်။ ၄င်းကို အသုံးပြုနိုင်ခြင်းမရှိကြောင်း မန်ဟို ကောင်းကောင်းသိသည်။
သို့သော် သွေးလက်ချောင်း၊ သွေးလက်ဝါးနှင့် သွေးမရဏကမ္ဘာတို့တွင် ကျင့်ကြံခြင်းအခြေခံလိုအပ်ချက်မရှိပေ။ လုံလောက်သော စိတ်ဝိညာဥ်စွမ်းအင်ဖြင့် ၄င်းတို့ကို ထုတ်လွှတ်နိုင်သည်။ အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်အပြင် ယင်းတို့က သူ၏အသေတိုက်ကွက်များပင်။
ဤနေ့ရောက်အောင် လျှောက်ခဲ့ရသော လမ်းကြောင်းပေါ်တွင် မန်ဟိုသည် သွေးလက်ချောင်းသိုင်းအား အကြိမ်ကြိမ် အသုံးပြုခဲ့သည်။ ၄င်းသည် မည်သူ့ကိုမဆိုတုန်လှုပ်သွားစေရန်အထိ ပြိုင်ဘက်ကင်းလောက်အောင် အစွမ်းထက်သည်။ မန်ဟို့အရှေ့က ကမ္ဘာသည် သွေးလက်ချောင်း၏လက္ခဏာတစ်ရပ်ဖြစ်သော အနီရောင်သမ်းသွားဟန်တူသည်။ မန်ဟိုသည် ဤသွေးနီရောင်ကမ္ဘာနှင့် အချိန်အတော်ကြာကတည်းက အသားကျခဲ့ပြီးဖြစ်သည်။ သူက ကျိုးကျဲနှင့် ချင်းလော်ဂိုဏ်း၏ မှော်ပညာရပ်၊ မဟာတိမ်နက်လက်ဝါးမှ ဖြစ်ပေါ်လာသော ဧရာမလက်ကြီးကို ကြည့်လိုက်သည်။ ၄င်းက လေကိုခွင်း၍ သူ့ထံ ပျံသန်းလာသည်။
လက်ကြီးသည် အနက်ရောင်မြူခိုးများမှ ဖြစ်ပေါ်လာဟန်တူသည့်တိုင် ထူးဆန်းသောချီတစ်ခုနှင့်လည်း ထွေးယှက်နေသည်။ လက်ကြီးက အနားရောက်လာသည်နှင့်အမျှ ကြီးသထက်ကြီးလာပုံရလေသည်။ မကြာမီ ၄င်းသည် သူ၏မြင်ကွင်းတစ်ခုလုံး ပြည့်နှက်သွားပြီး ကမ္ဘာကြီးအား ပိတ်ကွယ်တော့မည် ဖြစ်ကြောင်း မန်ဟိုခန့်မှန်းနိုင်သည်။
၄င်းက သူ့ကို ထျန်ကျီးအရှင် မှီခိုရာဂိုဏ်းအပေါ်၌ ပျံဝဲနေပြီး လက်ဝါးရိုက်ချက်ကြီး မြေကြီးအတွင်းသို့ ပို့လွှတ်လိုက်သည့်အချိန်ကို ပြန်တွေးမိသွားစေသည်။ ထိုအချိန်တုန်းက သူ့မှာ လှုပ်ပင်မလှုပ်နိုင်အောင် အားနည်းခဲ့သည်။ လက်ဝါးကြီးက မှီခိုရာဂိုဏ်းကို ဖျက်စီးပြီး မြေကြီးထဲ၌ ဧရာမလက်ဝါးအရာကြီး ချန်ခဲ့သည်။
သို့သော်် ကောင်းကင်တွင် ကောင်းကင်နှင့်မြေကြီးကို ပိုင်းဖြတ်ပစ်နိုင်သော ဓားတစ်လက်သဖွယ် အနီရောင်အလင်း ပေါ်ပေါက်လာခဲ့သည်။ ၄င်းက လက်ကြီးကို နှစ်ပိုင်းပိုင်း၍ မန်ဟို့ကို ကယ်တင်လိုက်သည်။ သူ့စိတ်ထဲတွင် ဧရာမလက်ကြီး သူ့အပေါ် ကျဆင်းလာခဲ့သည်ကို မန်ဟို မြင်ယောင်နေမိသည်။
ဟုတ်ပါသည်။ ကျိုးကျဲကတော့ ထျန်ကျီးအရှင်၏ခြေဖျားပင် မမှီပေ။ သို့ထိတိုင် ယနေ့မြင်ကွင်းမှာ အတိတ်ကိုပြန်ပြောင်းသတိရဖွယ်ကောင်းလေသည်......
မန်ဟိုက ရုတ်တရက် ပြုံးလိုက်သည်။ သူက လာနေသော လက်ဝါးထံ လက်ကိုမြှောက်လိုက်၏။ လက်ဝါးတိုက်ကွက်ကြီးသည် နီးသထက်နီး၊ ကြီးသထက်ကြီးလာသဖြင့် လေပြင်းများက မန်ဟို၏ အဝတ်အစားများနှင့် ဆံပင်များအား တလွင့်လွင့် ဖြစ်နေစေသည်။
မန်ဟိုက ညာလက်မကို မြှောက်ပြီး လာနေသော မဟာတိမ်နက်လက်ဝါးကြီးထံ ပိုင်းချလိုက်သည်။
ဤပိုင်းဖြတ်ချက်က မဟူရာအမှောင်ထု၏အလယ်တွင် လျှပ်စီး ဖြတ်ခနဲလက်သွားသကဲ့သို့ပင်။ ဤပိုင်းဖြတ်ချက်က မိစ္ဆာအရှင် ထျန်ကျီးအရှင်၏လက်ဝါးတိုက်ကွက်ကို ဖြတ်တောက်ရန် အသုံးပြုခဲ့သောတစ်ခုကဲ့သို့ပင်။ ဤပိုင်းဖြတ်ချက်က ..... ကျိုးပြည်၊ မှီခိုရာဂိုဏ်းတွင် ဧရာမလက်ဝါးကြီးအောက်၌ မန်ဟိုရရှိခဲ့သော ဉာဏ်အသိ၏ သက်သေပင်။
ငါ သန်မာရမယ်။ ငါဘာသာငါ ရပ်တည်မယ်။
ဂျိန်းခနဲ ပေါက်ကွဲသံကြီး လေတွင် ပြည့်နှက်သွားသည်။ မန်ဟိုက ကြွက်သားတစ်ချက်ပင်မလှုပ်ဘဲ ရပ်နေလျက်ပင်။ လာနေသောဧရာမလက်ဝါးကြီး သူ့ထံမှ ခုနစ်လက်မခန့်သာ ကွာဝေးတော့ချိန် အက်ရာကြီးတစ်ခုသည် လက်ခလယ်ထိပ်မှ လက်ဝါးတစ်လျှောက် တွန့်လိမ်ကောက်ကွေးဆင်းသွားရင်း ပေါ်ပေါက်လာသည်။ ထို့နောက် ၄င်းသည် ကျယ်သထက်ကျယ်ရင်း ကွဲအက်လာ၏။ လက်ကြီး သူ့ကို ဖြတ်ကျော်သွားစဥ် မန်ဟိုသည် ထိခိုက်မှုမရှိဘဲ အေးဆေးတည်ငြိမ်စွာ ရပ်ကျန်ခဲ့သည်။ လေပြင်းတို့က သူ့ဆံပင်များကို ခပ်ကြမ်းကြမ်း တိုးဝှေ့တိုက်ခတ်သွားသည်။ သို့သော် တလွင့်လွင့်လှုပ်ရှားနေသော ဆံပင်များအကြားတွင် သူ၏မျက်လုံးများသည် တောက်ပလင်းလက်နေ၏။ ၄င်းတို့ကား ညအမှောင်ထုထဲက နေအလင်းရောင်အလားပင်။ ၄င်းကို မြင်လိုက်သည့် မည်သူမဆို ..... မျက်စိကျိန်းသွားရမည်ဖြစ်သည်။
"ဆက်တိုက်ချင်သေးလား" မန်ဟိုက အင်္ကျီလက်စကို ခါရင်း တည်ငြိမ်စွာ မေးသည်။
ကျိုးကျဲသည် မန်ဟို့ကို ကြည့်ရင်း တိတ်ဆိတ်စွာ ရပ်နေသည်။ ခါးသီးမှုတို့က သူ့နှလုံးသားတွင် ပေါက်ဖွားလာသော်လည်း တခဏကြာသော် သူမျက်လုံးများ၌ တိုက်ခိုက်လိုသော စိတ်ဆန္ဒသည် နောက်တစ်ဖန် လင်းလက်လာ၏။
"ဆက်တိုက်ချင်သေးတာပေါ့" သူက တည်ငြိမ်စွာ ပြန်ဖြေသည်။ "ကျုပ် တာအိုကလေးဖြစ်လာတဲ့အချိန်ကစပြီး အခုထက်ထိ တစ်ခါမှ မရှုံးခဲ့ဖူးဘူး" သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး လက်ကို အမွှေးအိုးထံ ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် အမွှေးအိုးမှာ စတင်တုန်ခါလာ၏။ အက်ရာများ ၄င်း၏မျက်နှာပြင်ပေါ်တွင် ထွက်ပေါ်လာပြီး တဖောက်ဖောက်မြည်သံနှင့်အတူ အစိတ်စိတ်အမြွှာမြွှာကွဲကြေသွားတော့သည်။ "အခု ဘယ်သူမှ ကျုပ်တို့တိုက်ပွဲကို ဝင်မနှောင့်ယှက်နိုင်တော့ဘူး" သူ၏စကားလုံးများသည် ရိုးရှင်းပြီး သူ၏လှုပ်ရှားမှုများမှာလည်း ထိုနည်းတူပင်။ သို့သော် ရိုးရှင်းမှုက မယုံကြည်နိုင်ဖွယ်စွမ်းအား၊ စစ်မှန်သော ပညာရှင်တစ်ယောက်၏ စွမ်းအားကို ဖော်ပြနေသည်။ ၄င်းမှာ စွမ်းအားအပိုင်းအစလေးတစ်ခုသာ ဖြစ်သည့်တိုင် ထိုနည်းနည်းလေးကပင် မန်ဟို၏မျက်လုံးများကို ကျဥ်းမြောင်းသွားစေသည်။
"သူက နောက်ဆုတ်ဖို့လမ်းကို ဖြတ်တောက်လိုက်တယ်" မန်ဟိုက တွေးသည်။ "ဘယ်နေရာကိုမှ ထွက်မပြေးနိုင်တဲ့အတွက် သူ့ကိုယ်သူပဲ အားကိုးရမယ်၊ ထုတ်နိုင်သမျှ စွမ်းအားအကုန် မတတ်သာဘဲ သုံးရမယ်။ ဒီကျိုးကျဲက တကယ် ထူးချွန်ပြောင်မြောက်တဲ့လူတစ်ယောက်ပဲ" သူက ခေါင်းညိတ်လိုက်သည်။
ကျိုးကျဲက လက်မြှောက်ပြီးနောက် သိုလှောင်အိတ်အပေါ် ဖိချလိုက်သည်။ အတွင်းမှ တလက်လက်တောက်ပနေသော အလင်းမျှင်များ ထွက်လာသည်။ ရုတ်တရက် စူးရှတောက်ပသောအလင်းရောင် ထွက်ပေါ်လာသဖြင့် သူ့ကိုဝန်းရံထားသည့် အမှောင်ထုမှာ ပျောက်ကွယ်လာသည်။ စူးရှတောက်ပသော အလင်းရောင်က ယခု ကျိုးကျဲအရှေ့တွင် ပျံဝဲနေသောအရာမှ ထွက်လာခြင်းပင်။ ထိုအရာကား...... တောက်ပနေသော ဓားငါးလက်။
ဓားငါးလက်က အရောင်အမျိုးမျိုးဖြင့် တလက်လက်တောက်ပနေလေသည်။
ကျိုးကျဲက သူ၏လက်ချောင်းကို ဆန့်ထုတ်လိုက်သည်။ ဓားငါးလက် လှုပ်ရှားလာပြီး သူ၏လက်ချောင်းတစ်ချောင်းစီအောက်တွင် ပျံဝဲနေ၏။
"လမိခင်ကမ္ဘာမြေ၊ ကောင်းကင်အက်ကွဲဓားအစီအရင်" ကျိုးကျဲ၏လက်က မြေကြီးထံ ဖိချလိုက်သည်။ ထိုသိုလုပ်လိုက်သည်နှင့် တောက်ပနေသော ဓားများလည်း ထိုးဆင်းသွားပြီးနောက် ပျောက်ကွယ်သွားသည်။
ဓားများ ပျောက်ကွယ်သွားသည့်အခိုက်အတန့်၌ မန်ဟို၏သူငယ်အိမ်များ ကျုံ့သွားပြီး သူက ဖျတ်ခနဲ နောက်သို့ ခြောက်လှမ်း ဆုတ်လိုက်သည်။
ချက်ချင်းဆိုသလို ဓားငါးလက်က ရုတ်တရက် ထွက်ပေါ်လာသည်။ ၄င်းတို့က နောက်ဆုတ်နေဆဲဖြစ်သော မန်ဟို့ထံ တန်းတန်းမတ်မတ် ထိုးတက်သွားသည်။
၄င်းတို့ လေကိုခွင်း၍ အော်မြည်လာစဥ် ၄င်းတို့ထုတ်လွှတ်နေသော အလင်းရောင်မှာ စူးရှတောက်ပနေ၏။ ၄င်းတို့သည် ဓားအရှိန်အဝါများ ကောင်းကင်ထိအောင် ထိုးတက်နေရင်း အလင်းတန်းများအား မန်ဟို့အပေါ် ချက်ချင်းကျရောက်သွားစေသည်။ ဓားချီက မန်ဟို့တစ်ယောက်တည်းကိုသာ ပစ်မှတ်ထားနေပုံရသည်။ သေခြင်းတရားသည် မန့်ဟို့အား အဘက်ဘက်မှ ဝန်းရံနေသည်။
"စိတ်ဝင်စားစရာပဲ" မန်ဟိုက မျက်လုံးများကျဥ်းမြောင်းရင်း ပြောသည်။ သူက ညာလက်မကို မြှောက်ပြီး ဓားငါးလက်ထံ ဝှေ့ယမ်းလိုက်သည်။
ပေါက်ကွဲသံတစ်သံ လေတွင် ပြည့်နှက်သွားပြီး ရုတ်တရက် အရပ်လေးမျက်နှာလုံးတွင် မီတာသုံးဆယ်ရှိသော သွေးရောင်အကာအကွယ်တစ်ခုက မန်ဟို့ကို ဝန်းရံလိုက်သည်။
ကျိုးကျဲမှာ သွေးတချို့အန်ပြီးနောက် လက်နှစ်ဖက်ဖြင့် လက်ကွက်ဖော်လိုက်သည်။ ဓားငါးလက်သည် တုန်လှုပ်ချောက်ချားဖွယ် အသံတစ်သံ ထုတ်လွှတ်လာ၏။ အလင်းတစ်ချက် ဖြတ်ခနဲလက်သွားပြီး ဓားငါးလက်ကား နှစ်ဆယ့်ငါးလက်ပြောင်းသွားလေပြီ။
ဓားများက မန်ဟို့ထံ တစ်ဖန်ပြေးဝင်လာ၏။ ၄င်းတို့၏ပြင်းအားက မန်ဟို့ကို သေရေးရှင်ရေးအန္တရာယ်အာရုံတစ်ခုဖြင့် ပြည့်နှက်သွားစေသည်။
သိို့သော် သူ၏အမူအရာမှာ ယခင်အတိုင်းသာ။ ဓားနှစ်ဆယ့်ငါးလက် သူ့ထံ ပြေးဝင်လာသည်တွင် သူက အင်္ကျီလက်စကို ခါလိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအား တလိပ်လိပ်ထွက်သွားသည်။ သူက လက်ခလယ်ကို လက်မဖြင့်လှီးရင်း သွေးများစီးကျစေလိုက်သည်။ သွေးလက်ချောင်းနှစ်ချောင်း၏စွမ်းအားဖြင့် သူက လေထဲသို့ မြှောက်လိုက်သည်။
ဘုန်း
ပြင်းထန်သောပေါက်ကွဲမှုကြီးက လူတစ်ယောက်၏အမြင်အာရုံကို ဝေဝါးသွားစေရန် လုံလောက်သည်။ ပတ်ဝန်းကျင်ရှိ အရာအားလုံး လိမ်ဖယ်ရှုံ့တွလာဟန်တူသည်။ ဓားနှစ်ဆယ့်ငါးလက်ကား ဟန့်တားခံလိုက်ရလေပြီ။ ကျိုးကျဲ ဟိန်းဟောက်လိုက်၏။ သူက ရင်ဘတ်ကို ဖိပြီး သူ့မျက်နှာပေါ်တွင် သွေးကြောများထောင်လာသည်။ ယခုတွင် ဓား ၁၂၅ လက် ကောင်းကင်တွင် ပြည့်နှက်သွား၏။ ၄င်းတို့က အဘက်ဘက်မှ မန်ဟို့ထံ ထိုးဆင်းလာသည်။
၄င်းတို့သည် တောက်ပနေသော သွေးရောင်အလင်းကို ဝင်ဆောင့်လိုက်သဖြင့် ၄င်းမှာ ပုံပျက်သွားပြီးနောက် ကျုံ့လာသည်။ မျက်စိတစ်မှိတ်အတွင်း ၄င်းသည် ဆယ်မီတာမျှ ကျုံ့သွား၏။ ဓားတစ်ဝက်နီးပါး ၄င်းကို ဖောက်ထွက်သွားပြီး မန်ဟို့ထံ ဦးတည်လာသည်။
မန်ဟိုက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီး တတိယနှင့် စတုတ္ထလက်ချောင်းကို လှီးလိုက်သည်။ ယခုတွင် လက်လေးချောင်းလုံး သွေးအင်မိုတယ်အမွေအနှစ်၏ စွမ်းအားဖြင့် ပြည့်နှက်နေလေပြီ။ မန်ဟို ငါးချောင်းမြောက် လက်ချောင်းကို လှီးလိုက်သည့်အခါတွင် သွေးအလင်းရောင် ဖြာထွက်လာတော့သည်။
လက်ငါးချောင်းက သွေးသံရဲရဲလက်ဝါးရာကြီးကို ဖန်တီးရင်း သွေးများဖုံးလွှမ်းနေသည်။ ဤသည်မှာ အမွေအနှစ်ပညာရပ်သုံးခုထဲက ဒုတိယတစ်ခု၊ သွေးလက်ချောင်းထက်သာလွန်သော စွမ်းအားများပါဝင်နေသည့်....... သွေးလက်ဝါးပင်။
သွေးလက်ဝါးသည် တုန်လှုပ်ချောက်ချားဖွယ် ထစ်ချုန်းသံကြီးဖြင့် ကောင်းကင်ကို ဖုံးလွှမ်းရင်း ပေါ်ပေါက်လာ၏။ ဧရာမသွေးလက်ဝါးကြီးက မန်ဟို့လက်အပေါ်တွင် မှော်ဆန်ဆန်စုစည်းလာသည်။ သူက လက်ကိုဝှေ့ယမ်းလိုက်သည်တွက် သွေးနီရဲရဲအလင်းရောင်ဖြာထွက်လာကာ ဓားအစီအရင်အား ဖယ်ရှားပြီး တောက်ပနေသောဓားအလက်တစ်ရာကျော်ကို တုန်ခါလျက် နောက်ကန်ထွက်သွားစေသည်။ မန်ဟိုက လက်ကို နောက်တစ်ဖန် ဝှေ့ယမ်းရင်း ရှေ့တစ်လှမ်းလှမ်းလိုက်ပြန်သည်။
မန်ဟို့ပတ်ပတ်လည် မီတာသုံးရာမှာ ရုတ်တရက် ဧရာမသွေးလက်ဝါးပုံရိပ်ကြီးဖြင့် ပြည့်နှက်သွားသည့်အတွက် ထစ်ချုန်းသံကြီး ကြားလိုက်ရသည်။ မန်ဟိုက ၄င်း၏အလယ်တည့်တည့်တွင် ရပ်နေသည်။ ဧရာမလက်ဝါးကြီးက လေထဲ ထိုးတက်သွားပြီးနောက် လက်သီးဆုပ်လိုက်သည်။
ကျိုးကျဲမျက်နှာ ရှုံ့မဲ့သွား၏။ သူက သွေးများထပ်မံအန်လိုက်ရပြီး လက်ကွက်များအလျင်အမြန်ဖော်ကာ သူ၏တောက်ပနေသောဓားများအား ပြန်စုစည်းရန် ကြိုးစားလိုက်သည်။ ထိုအစား သူ၏မျက်နှာသာ သွေးဆုပ်သွား၏။
ဓားတစ်ရာကျော်မှာ ဧရာမလက်သီးကြီး၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသယောင်ထင်ရသည်။ ၄င်းတို့မှာ လွတ်မြောက်လိုသည့်အလား ရုန်းကန်နေကြသော်လည်း မတတ်နိုင်ပေ။
ဓားသုံးဆယ်မှာ ပြင်းပြင်းထန်ထန်တုန်ခါနေသည့်အတွက် နောက်ဆုံးငိုကြွေးမြည်တမ်းကာ အစိတ်စိတ်အမြွှာမြွှာ ပျက်စီးသွားတော့သည်။
မန်ဟိုက အေးစက်စက်နှာမှုတ်လိုက်သည်။ ဓားပျံအလက်သုံးဆယ်ကျော်ပြီးနောက် နောက်ထပ်သုံးဆယ် ပျက်စီးသွားသဖြင့် ထစ်ချုန်းသံကြီး လေတွင်ပြည့်နှက်သွား၏။ ထို့နောက် နောက်ထပ်သုံးဆယ်......
အသက်ရှိုက်စာအနည်းငယ်လေးအတွင်း ဧရာမလက်သီးကြီးကြောင့် ဓားပျံအားလုံး တစစီကွဲထွက်သွားလေပြီ။ သွေးလက်ကြီးကား တဖြေးဖြေး ပျောက်ကွယ်လာ၏။ ထိုစဥ် အက်ရာများပြည့်နေသော ဓားငါးလက် မန်ဟို့အရှေ့တွင် ပေါ်လာသည်။
"ကျုပ်မှာ နောက်ဆုံးပညာရပ်တစ်ခုရှိတယ်" ကျိုးကျဲက အံကြိတ်ထားသည့်ကြားမှ ပြောသည်။ မန်ဟိိုက လက်ကိုဝှေ့ယမ်းပြီး သိုလှောင်အိတ်ထဲသို့ တောက်ပနေသော ဓားငါးလက်ကို ပို့လွှတ်လိုက်သဖြင့် သူ၏မျက်လုံးများ နီရဲသွား၏။
"ချင်းလော်၊ အင်မိုတယ်ဖိနှိပ်ခြင်း" ကျိုးကျဲက ဟိန်းဟောက်ကြုံးဝါးပြီး ဘယ်လက်ဖြင့် နဖူးပေါ် ဖိချလိုက်၏။ တစ်ချိန်တည်းမှာပင် သူက ညာလက်ကိုဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ကျောက်စိမ်းပြားဒါဇင်များစွာ ပျံထွက်လာ၏။ တစ်ခုချင်းစီတိုင်း အစိတ်စိတ်အမွမွ ကွဲကြေကုန်သဖြင့် အက်ကွဲသံများ လေတွင် ပြည့်နှက်သွားသည်။ ချိုအီမွေးပျံ့သော ရနံ့တစ်ခု သင်းပျံ့လာသည်။ သို့သော် ၄င်းမှာ အူအသည်းနှလုံးများ အန်ထုတ်လိုက်စေချင်သော အော်ဂလီဆန်ဖွယ်အနံ့ဆိုးကြီးအသွင် အလျင်အမြန်ပြောင်းသွားသည်။
ရုတ်တရက် ကျိုးကျဲနှင့် သက်ဆိုင်ပုံရသော ချီတစ်ခု ပတ်ဝန်းကျင်တစ်ခုလုံး ပြည့်နှက်သွားသည်။
မန်ဟို၏မျက်လုံးများ ဖျတ်ခနဲလက်သွား၏။ ရုတ်တရက် မိစ္ဆာချုပ်နှောင်ကျောက်စိမ်းမှ ရှေးဆန်သောအသံကြီး သူ၏စိတ်ထဲ ပဲ့တင်ထပ်လာသည်။
"သူတို့ကိုယ်သူတို့ အင်မိုတယ် (仙) လို့ခေါ်တဲ့ မကောင်းဆိုးဝါးဝိညာဥ်တစ်အုပ်။ ဒါပေမယ့် လူတစ်ယောက် ( 人) နဲ့ တောင်တစ်လုံး (山) ကို ဘာကြောင့် ကြောက်နေမှာလဲ။ သူတို့နဲ့ ကြုံရရင် ချက်ချင်း ချုပ်နှောင်ပစ်ပါ"
(မှတ်ချက် ။ ။ အင်မိုတယ် 仙 စာလုံးက မြင်တွေ့ရတဲ့အတိုင်း 人 နဲ့ 山 ပေါင်းထားတာပါ။ ဒါကြောင့် လူတစ်ယောက်နဲ့တောင်လို့ပြောလိုက်တာက ဟာသလုပ်တဲ့ သဘောဖြစ်ပါတယ်)
မန်ဟိုသည် သူ့စိတ်ထဲတွင် အသံရုတ်တရက် ထွက်ပေါ်လာတတ်မှုကို အသားကျနေပြီဖြစ်သည်။ သူက ကျိုးကျဲကို လှမ်းကြည့်ပြီး သူ့ထံမှ ဆတိုး၍ ထွက်လာနေသော အစွမ်းထက်ချီကို အာရုံရလိုက်သည်။ ကျိုးကျဲ၏မျက်နှာကား ချောမောခန့်ညားခြင်းမရှိတော့ဘဲ အခြားသူများ၏ မရေမတွက်နိုင်သော မျက်နှာများ သူ့မျက်နှာထက်တွင် တရိပ်ရိပ်ဖြစ်လျက်ရှိသည်။
မချိတင်ကဲခံစားနေရမှုက ကျိုးကျဲ၏မျက်နှာကို ဖုံးလွှမ်းနေပြီး သူ့မှာ ထပ်မတောင်ခံ့နိုင်တော့သည့်ပုံရသည်။ တဖြေးဖြေး အသက်မှာ ကုန်ခမ်းစပြုလာပြီး သူ၏မျက်နှာ မည်းမှောင်လာသည်။ ဤပညာရပ်ကား ချီအခြေတည်အဆင့်ရှိ လူတစ်ယောက်ကို အသာထား တာအိုကလေးတစ်ယောက်ပင်လျှင် အသုံးမပြုနိုင်သော ကျင့်စဥ်တစ်ခုဖြစ်နေချေသည်။
"မိစ္ဆာချုပ်နှောင်ခြင်း၊ အဋ္ဌမမန္တန် " မန်ဟိုက လက်ကို တဖြေးဖြေး မြှောက်လိုက်သည်။ အပြင်လူများ သတိမထားမိမည်မဟုတ်သော်လည်း လောလောဆယ် ကျိုးကျဲကိုယ်ထဲ ဝင်ရောက်နေသော ထူးခြားဆန်းကြယ်သည့်ဝိညာဥ်များအတွက် မြင်သာသော ချီတစ်ခု သူ့ထံမှ ထွက်လာသည်။
ကျိုးကျဲမျက်နှာပေါ်ရှိ မျက်နှာတစ်ခုချင်းစီတွင် ကြောက်လန့်သောအရိပ်အယောင်များ ထင်ဟပ်လာတော့သည်။
***