← Chapters

ဓားကို ဆန်းစစ်ခြင်း

Vol. 4 Ch. 43

ဓားကို ဆန်းစစ်ခြင်း

Vol. 4 Ch. 43

ချင်သုံးပါးဓားဂိုဏ်းကိစ္စမှာ ပေါ်ပေါက်သွားပြီးဖြစ်ဟန်ရသည်။

ဟန်မူယဲ့ ခေါင်းညိတ်သည်။

ချင်းမူမြို့၌ သူသည် ချင်သုံးပါးဓားဂိုဏ်းမှ လူအတော်များများကို သတ်ဖြတ်ခဲ့ကာ သူတို့အထဲတွင် ကျင့်ရှန်းဂိုဏ်းဝင်များပင် ပါဝင်ခဲ့သည်။

နောက်ပိုင်း တိုက်ခိုက်ရေးဓားခန်းဆောင်သည်သာ ထိုနေရာသို့ သွားရောက်စစ်ဆေးပါက ထိုကိစ္စကိုလည်း သိသွားပေလိမ့်မည်။

“ဒီတာဝန်က အတော်လေးအန္တရာယ်ရှိတာပဲ။ မင်းတို့က သေချာပေါက် သင့်တော်တဲ့ဓားတွေကို လိုတာပေါ့”

ဟန်မူယဲ့က အပြင်စည်းဂိုဏ်းသားများအား ကြည့်ကာ တစ်ယောက်ကို လက်ညိုးထိုး၍ ပြောသည်။

“မင်းလေ့ကျင့်တဲ့ဓားသိုင်းကို ကစားပြ။ ငါ မင်း ဘယ်ဓားနဲ့သင့်တော်မလဲ ကြည့်မယ်”

ဟန်မူယဲ့ လက်ညိုးထိုးခံရသော ဂိုဏ်းသားမှာ တခဏမျှ မှင်တက်သွားပြီးမှ အံ့အားသင့်စွာဖြင့် ဦးညွှတ်သည်။

“ကျုပ်နာမည် စွန်းတယုံပါ။ စီနီယာအစ်ကို,ကို နှုတ်ခွန်းဆက်ပါတယ်”

ထို့နောက် သူ၏သံဓားကို ထုတ်ကာ စတင်လှုပ်ရှားကစား၏။

တခြားဂိုဏ်းသားများက အလျင်အမြန် နောက်ဆုတ်ကာ သူ့အတွက် နေရာဖယ်ပေးကြ၏။

၎င်းသည် သူက ဟန်မူယဲ့ရှေ့၌ ဓားသိုင်းကစားပြသောကြောင့်ပေလော၊ သို့မဟုတ် အတွင်းစည်းဂိုဏ်းသားများ စောင့်ကြည့်နေခြင်းကြောင့်လော၊ စွန်းတယုံသည် အလေးအနက်ထားကစားပြသော်လည်း သူ၏ဓားသိုင်းမှာ အမှန်တကယ် သိပ်မကောင်းပါ။

သူက ဓားသိုင်းကစားပြပြီးသည်တွင် အနည်းငယ် အရှက်ရဟန်ဖြင့် ထိုနေရာတွင် ရပ်နေသည်။

ကျောက်ယိုကျစ်ဘေးတွင် အတွင်းစည်းဂိုဏ်းသားတစ်ဦးက တင်းမာစွာ ပြောသည်။

“သူ့မှာ လုံလောက်တဲ့ အမြန်နဲ့ခွန်အားမရှိဘူး။ သူ့အကြည့်နဲ့ အပြောင်းအလဲကလည်း ထပ်တူမကျဘူး။ ဒီလို အဆင့်နဲ့မင်းတို့က ဂိုဏ်းတာဝန်ကို ယူရဲတယ်ပေါ့”

စွန်းတယုံ၏မျက်နှာနီမြန်းသွားကာ ခေါင်းငုံ့လိုက်သည်။

ထိုအကဲဖြတ်မှုက မှန်ကန်ပေသည်။

ဟန်မူယဲ့ သဘောတူ၏။

သို့သော်လည်း သူသည် ဓားလက်ခံရန် လာခြင်းဖြစ်သည်။ ဟန်မူယဲ့က သူ့အား မည်သို့ အပြစ်တင်ရမည်နည်း။

ဟွမ်လောင်လျှိုက ဝိညာဉ်ကျောက်တုံးများအား လက်ခံပြီးမှတော့ ဟန်မူယဲ့က သေချာပေါက် နည်းလမ်း စဉ်းစားရပေမည်။

စားပွဲရှည်တွင်ထိုင်ရင်း ဟန်မူယဲ့ ခုံကို တစ်ဒေါက်ဒေါက် ခေါက်သည်။

ဓားစံအိမ်ပထမထပ်တွင် ခုံခေါက်သံ စည်းချက်များကိုသာကြားနေရသည်။

ဟန်မူယဲ့၏ခေါင်းထဲတွင် ပုံရိပ်များ အဆက်မပြတ် ပြောင်းလဲနေသည်။ စွန်းတယုံ၏ဓားသိုင်းမှာ အဆက်မပြတ် ဖြစ်ပေါ်လာကာ သူ့လှုပ်ရှားမှုများမှာလည်း ချောမွေ့သေသပ်လာ၏။

ဟန်မူယဲ့သည် အံ့ဖွယ်သဘာဝဓားသိုင်း၊ ဒယီးဒယိုင်သစ်စိမ်းဓားသိုင်းအား တတ်မြောက်သွားသည်။

ဓားသိုင်းကို နားလည်သွားပြီးနောက်တွင် ဟန်မူယဲ့၏အာရုံထဲမှ ပုံရိပ်များ အဆက်မပြတ် ပြောင်းလဲသွားသည်။ ၎င်းသည် စွန်းတယုံ၏ဖြေးလေးသော သိုင်းကွက်များနှင့် လားလားမှ မဆိုင်တော့ချေ။

သိုင်းကွက်တိုင်းမှာ မြန်ဆန်ကာ တိကျသည်။

ဓားသိုင်းကား သိပ်မဆိုးပါ။ ၎င်းသည် ဟာကွက်တချို့အား ပြုပြင်ရန်သာ လိုအပ်၏။

ထိုနေရာတွင်ရပ်နေသော စွန်းတယုံသည် မသက်မသာခံစားရဟန်ဖြင့် ခေါင်းမော့ကြည့်သည်။

“ဘယ်ဘက်ခြမ်း၊ သစ်သားစင် နံပါတ် ၃၁၊ တတိယအဆင့်၊ ပဥ္စမမြောက်ဓား”

ဟန်မူယဲ့ ရုတ်တရက် ပြောသည်။

စွန်းတယုံ အလျင်အမြန် လှမ်းသွားကာ ဓားကို ရှာဖွေလျှက် ပွေ့ဖက်ထားလိုက်သည်။

ယခုတွင် သူ့မျှော်လင့်ချက်များအားလုံးမှာ ဟန်မူယဲ့၏ညွှန်ကြားမှုများအပေါ်တွင် ရှိနေဟန်ရသည်။

ဟန်မူယဲ့ ရွေးချယ်ပေးသောဓားက သူနှင့်အသင့်တော်ဆုံးဟူသော သူ့ယုံကြည်ချက်လည်း ဖြစ်သည်။

သူ၏အမူအရာကိုမြင်လျှင် အတွင်းစည်းဂိုဏ်းသားများ မျက်မှောင်ကြုတ်လိုက်ကြသည်။

ဓားသမားတစ်ဦးက ခိုင်မာသောစိတ်နှလုံးမရှိဘဲ မည်သို့ အောင်မြင်မည်နည်း။

“ဒီဓားနာမည်က လော့သစ်ရွက်ဓားလို့ ခေါ်တယ်။ ဒါက သုံးပေ ၁လက်မ ရှည်တယ်။ အသွားဟာ ၁.၄လက်မ ကျယ်တယ်။ ပြီးတော့ ဓားသွားအလယ်မှာ လက်မဝက်နက်တဲ့ သွေးစီးကြောင်းရှိတယ်”

“ဓားဟာ ၁၃ ကီလိုဂရမ်လေးပြီးတော့ လက်ကိုင်ဟာ လော့သစ်သားနဲ့ လုပ်ထားတာ ဖြစ်တယ်”

“ဒီဓားဟာ သစ်သားဓာတ်ဓားသိုင်းကျင့်ကြံသူတွေအတွက် အရမ်းသင့်တော်တယ်။ ဒါက အရမ်းမလေးဘူး။ ပြီးတော့ အမြန်နှုန်းကို မမှီခိုဘူး။ သူက တည်ငြိမ်မှုကို အလေးထားတယ်”

စွန်းတယုံက ဓားနှင့် ပြန်ရောက်လာလျှင် ဟန်မူယဲ့က ရှင်းပြသည်။

သူ၏စကားတစ်ခွန်းတိုင်းတွင် အားလုံး၏အမူအရာများ လေးနက်လာကြသည်။

သည်ဓားထိန်းက အမှန်တကယ် ဓားစံအိမ်မှ ဓားများ၏အလေးချိန်နှင့် အလျားအနံတို့အားလုံးကို မှတ်မိနေသည်လား။

သူက ဓားတစ်လက်၏အားနည်းချက် အားသာချက်များကိုလည်း ပြောနိုင်သည်။

စွန်းတယုံမှာ ပို၍ပင် သူ၏ဓားကို တင်းတင်းပွေ့ဖက်ထားသည်။

“ဓားဟာ မင်းသုံးတဲ့ဓားသိုင်းရဲ့ စွမ်းအား ၁၀၀ ရာနှုန်းကို ထုတ်လွှတ်နိုင်တယ်။ မင်းက သိုင်းကွက်တွေကို ၃၀ ရာနှုန်း ပိုမြန်အောင် လေ့ကျင့်သင့်တယ်။ မင်း တိုက်ခိုက်တဲ့အခါ ရှေ့တည့်တည့်ကိုသာကြည့်”

“ပြီးတော့ မင်းရဲ့လက်မောင်းက သိပ်မသန်မာသေးဘူး။ အရင်ဆုံး ဓားလက်ကိုင်နဲ့မင်းရဲ့လက်ကို အတူပူးပြီးတော့ အဝတ်စတစ်ခုနဲ့ချည်လိုက်”

ဟန်မူယဲ့က ဆက်၍ ပြောသည်။

ဟွမ်လောင်လျှိုကား ဟန်မူယဲ့ကို ကြည့်ကာ ပါးစပ်ဟနေသည်။

စွန်းတယုံသည် ဟန်မူယဲ့၏စကားများကို သံသယမဖြစ်တော့ဘဲ  သူပြောသည့်အတိုင်း အလျင်အမြန် လုပ်လိုက်သည်။

ကျောက်ယိုကျစ်နှင့် တခြားလူများကလည်း ဓားရွေးချယ်ခြင်းကို ရပ်တန့်ကာ စွန်းတယုံက လက်ကို ဓားလက်ကိုင်ဖြင့် တွဲချည်နေသည်ကို ကြည့်နေကြ၏။

ဟန်မူယဲ့၏စကားက အတွင်းစည်းဂိုဏ်းသားများအား စိတ်ဝင်စားစေသည်။

သူတို့က စွန်းတယုံ၏ဓားသိုင်းမှ ဟာကွက်များကို ပြောနိုင်သော်လည်း အမှန်တကယ် ညွှန်ကြားချက်များ မပေးနိုင်ပါ။

ဟန်မူယဲ့၏စကားများကိုကြားလျှင် စွန်းတယုံမှာ နေမင်းအလင်းကို တွေ့သည့်အလား ခံစားနေရသည်။

ကလင်…

စွန်းတယုံက ဓားကို ထုတ်လိုက်ကာ အပေါ်ကို မကြည့်ဘဲ ဓားဖြင့် ထိုးလိုက်သည်။

ဓားသည် ယခင်ထက် ပိုမိုမြန်ဆန်၏။

သူ၏ဓားချက်များမှာလည်း ယခင်နှင့် လုံးဝ ကွဲပြားသွားချေပြီ။

အေးစက်သော အငွေ့အသက်များ လေထုထဲ ပျံ့လွင့်လာ၏။

ဝှစ်…

ဓားချက်သည် အေးစက်သောအလင်းကို သယ်ဆောင်လာရာ ကျန်းဟန်နှင့် တခြားလူများမှာ နောက်ဆုတ်လိုက်ကြရသည်။

စွန်းတယုံကလည်း ဓားချက်များထဲမှ ပြောင်းလဲမှုကို ခံစားရသည်။ သူသည် ဓားချက်တိုင်းကို အာရုံစိုက်ထားကာ  အထူးသဖြင့် ခွန်အားနှင့် အလျင်နှုန်းကို ဂရုစိုက်ထားသည်။

ဓားကွက် ၁၂ ကွက်ပြီးမြောက်သွားသောအခါ ဓားစံအိမ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

စွန်းတယုံက ဓားကို ကိုင်ကာ ဟန်မူယဲ့အား လေးနက်စွာ ဦးညွှတ်သည်။ ထို့နောက် ခြေလှမ်းအနည်းငယ်ဆုတ်ကာ ကျန်းဟန်နှင့် တခြားလူများအား ကြည့်လျှက် ဝမ်းသာစွာ ပြုံးသည်။

သူသည် မိမိကိုယ်ကို ပြန်လည်မွေးဖွားလာသလို ခံစားနေရ၏။

ထူးဆန်းသော အရောင်အဝါတစ်မျိုး ကပ်ငြိနေဟန်ရသော စွန်းတယုံကိုကြည့်ကာ ကျောက်ယိုကျစ် တုန်ယင်သွားသည်။

သူ၏ဆရာပြောသည်ကို သူ အမှတ်ရသည်။

“ဓားသမားဖြစ်တဲ့ ငါတို့ဟာ လက်ထဲက ဓားကို ယုံကြည်ရမယ်”

“ဓားဟာ လက်ထဲမှာရှိရင် နှလုံးသားထဲမှာ ရှိတာနဲ့အတူတူပဲ”

“အဲဒီအချိန်ဟာ ဓားသမားတစ်ယောက်ရဲ့ ခရီးလမ်းအစဖြစ်တယ်”

ထိုအခိုက်တွင် စွန်းတယုံသည် လက်ထဲတွင်သာ ဓားရှိသည် မဟုတ်ဘဲ နှလုံးသားထဲတွင်လည်း ဓားရှိသည်။

“နှလုံးသားထဲက ဓား… လက်ထဲက ဓား…”

ကျောက်ယိုကျစ်သည် မိမိကိုယ်ကို ရေရွက်ရင်း မျက်လုံးများ လင်းလက်လာခဲ့သည်။

“စီနီယာအစ်ကို… ကျုပ်နာမည် တောက်ရှစ်ဝူပါ… ကျုပ်က အံ့ဖွယ်မူလဓားသိုင်းဖြစ်တဲ့ ကွေးကောက်ပစ်မှတ်ဓားသိုင်းကို ကျင့်ပါတယ်”

“စီနီယာအစ်ကို… ကျွန်တော်က မိုးမခဓားသိုင်းကို ကျင့်ပါတယ်”

“စီနီယာအစ်ကို…”

တခြားသော အပြင်စည်းဂိုဏ်းသားများကလည်း တစ်ယောက်ပြီးတစ်ယောက် ရှေ့ကို တက်လာကာ ဟန်မူယဲ့အား ဦးညွှတ်ပြောကြသည်။

ဟန်မူယဲ့ကလည်း လက်ဝှေ့ယမ်းကာ ပြောသည်။

“စိတ်မပူနဲ့… တစ်ယောက်ပြီးမှ တစ်ယောက်ပေါ့”

…

တစ်နာရီခန့်ကြာပြီးနောက်တွင် ကျန်းဟန်က သူ့အဖော်များအား ခေါ်ကာ ဓားစံအိမ်မှ ဝမ်းသာစွာ ထွက်သွားသည်။

ထိုအ်ခိုက်တွင် ဓားစံအိမ် ပထမထပ်၌ ဟန်မူယဲ့နှင့် ဟွမ်လောင်လျှိုတို့အပြင် ကျောက်ယိုကျစ်တို့အတွင်းစည်းဂိုဏ်းသားတစ်ဖွဲ့သာ ကျန်ရစ်သည်။

သူတို့က အချင်းချင်း ကြည့်လိုက်ကြ၏။

ခုနက ဟန်မူယဲ့သည် စွန်းတယုံတို့အဖွဲ့အား ဓားများ ရွေးချယ်ပေးကာ သိုင်းပညာရပ်များ၌လည်း လမ်းညွှန်မှုများ ပြုလုပ်ပေးခဲ့သည်။ သူတို့က ဖြစ်စဉ်တစ်ခုလုံးကို မြင်ခဲ့ကာ အကြီးအကျယ် ထိတ်လန့်ကြရ၏။

အပြင်စည်းဂိုဏ်းသားတစ်ယောက်စီတိုင်းသည် ဟန်မူယဲ့၏လမ်းညွှန်မှုကို ရရှိပြီးနောက်တွင် သူတို့၏တိုက်ခိုက်ရေးစွမ်းအားများ နှစ်ဆ တိုးသွားကသည်။

ဂိုဏ်း၏ သမာရင့် အခြေခံအုတ်မြစ်အဆင့်များသည်ပင် ထိုသို့စွမ်းရည်မရှိပါ။

ကမ္ဘာမြေအဆင့်များသည်သာ ထိုသို့ အမြင်နှင့် ဗဟုသုတများ ရှိနိုင်သည်။

ကျောက်ယိုကျစ် အသက်ပြင်းပြင်းရှူလိုက်ကာ ရှေ့ကို တက်လျှက် ဟန်မူယဲ့အား ဦးညွှတ်လိုက်သည်။

“စီနီယာအစ်ကို… ကျုပ် မှားသွားပါတယ်”

ထို့နောက် သူက လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

“စီနီယာအစ်ကို… ကျုပ်ကိုလည်း ဓားရွေးပေးနိုင်မလား”

ရှေ့ကို တက်ကာ သူက စားပွဲရှည်တွင် အကျိုးဆောင်မှတ်တစ်ခု ချထားလိုက်သည်။

အကျိုးဆောင်မှတ်တစ်ခုသည် ဝိညာဉ်ကျောက်တုံး ၁၀၀ တန်ဖိုးရှိ၏။

ဟွမ်လောင်လျှိုသည် ထိုအကျိုးဆောင်မှတ်ထံမှ မျက်လုံးများ မခွာနိုင်တော့ပါ။

တခြားလူများကလည်း အလျင်အမြန် စားပွဲပေါ်တွင် အကျိုးဆောင်မှတ်တစ်ခုစီ တင်လိုက်ကြသည်။

သင့်တော်သောဓားတစ်လက်နှင့် ဓားပညာရပ်တို့ဖြင့်စာပါက အကျိုးဆောင်မှတ်မှာ ထိုအမျှ အရေးမကြီးတော့ပါ။

အကျိုးဆောင်မှတ် ၆ခုသည် ဝိညာဉ်ကျောက်တုံး ၆၀၀ တန်ဖိုးရှိသည်။

ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ကြည့်သည်။

သည်အကောင် ပိုက်ဆံရှာသည်မှာ အဘယ့်ကြောင့် ထိုမျှ လွယ်ကူနေရသနည်း။

သူ့ရှေ့မှ အကျိုးဆောင်မှတ်များကိုကြည့်ကာ ဟန်မူယဲ့ ခေါင်းယမ်းသည်။

ကျောက်ယိုကျစ်နှင့် တခြားလူများ၏အမူအရာက သိပ်မကောင်းပါ။

အကျိုးဆောင်မှတ်များထံသို့ လက်လှမ်းလိုက်သော ဟွမ်လောင်လျှိုမှာလည်း တောင့်တင်းသွားသည်။

“ညီလေးဟန်… ငါတို့က တစ်ဂိုဏ်းတည်းသားချင်းတွေပဲလေ။ မင်း ကူညီနိုင်ရင် ကူလိုက်ပါလား”

ဟွမ်လောင်လျှိုက ခြောင်းဟန့်ကာ အသံတိုးတိုးဖြင့် ပြောသည်။

သူက ဝိညာဉ်ကျောက်တုံး ၆၀၀ နှင့် မလွဲလိုပါ။

ကျောက်ယိုကျစ်နှင့် တခြားလူများက ဟွမ်လောင်လျှိုအား ကျေးဇူးတင်စွာ ကြည့်ကြသည်။

ဟန်မူယဲ့ ရယ်မောလိုက်ကာ ခေါင်းယမ်းသည်။

“မင်းတို့ ထွက်သွားကြပါ”

ကျောက်ယိုကျစ်နှင့် တခြားလူများက စကားထပ်မပြောခင်ပင် ဟန်မူယဲ့က ဆက်ပြောသည်။

“မင်းတို့ ဓားစံအိမ်မှာ နေတာ အတော်လေးကြာနေပြီ။ ဓားလက်ခံမယ်ဆိုရင် မနက်ဖြန်မှ လာခဲ့ကြတော့”

မနက်ဖြန်…

ဟန်မူယဲ့က သူတို့အား ငြင်းပယ်ခြင်းမဟုတ်ချေ။ သူတို့သည် ဓားစံအိမ်မှာ နေသည်မှာ အတော်လေးကြာနေပြီဖြစ်ရာ ဓားချီများက သူတို့၏ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ပေသည်။

ကျောက်ယိုကျစ်နှင့် တခြားလူများက အလျင်အမြန် ဦးညွှတ်ကာ ပြောသည်။

“သတိပေးတဲ့အတွက် ကျေးဇူးပါ စီနီယာအစ်ကို။ ကျုပ်တို့ မနက်ဖြန် ပြန်လာခဲ့ပါ့မယ်”

ယနေ့တွင် ဓားလက်မခံရ၍ ဘာမှ မဖြစ်သွားပါ။ သူတို့က သင့်တော်သော ဓားနှင့် စီနီယာအစ်ကိုဟန်၏လမ်းညွှန်မှုတို့ကို ရရှိနိုင်ပါက ထိုက်တန်ပေသည်။

ကျောက်ယိုကျစ်နှင့် တခြားလူများ ထွက်သွားကြသည်။ ဟွမ်လောင်လျှိုက အကျိုးဆောင်မှတ် ၆ ခုအား သိမ်းဆည်းလိုက်ကာ ဟန်မူယဲ့အား အသေအချာကြည့်သည်။

“ညီလေးဟန်… မင်းက ဓားတွေအကြောင်း ဘာလို့ ဒီလောက်သိနေတာလဲ။ ပြီးတော့ ဓားသိုင်းတွေကို ဘယ်လို သိတာလဲ”

သူ၏မေးခွန်းကိုကြားလျှင် ဟန်မူယဲ့ နောက်ကို မှီလိုက်ကာ မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

“အစ်ကို… ဓားစံအိမ်မှာ ကျုပ်တို့က ဓားတွေကို စောင့်ကြည့်တယ်။ ပြီးတော့ လူတွေနဲ့ ဓားပညာရပ်တွေကို ကြည့်ရတယ်”

“ဒါကပဲ ဓားထိန်းတစ်ယောက်ရဲ့ စစ်မှန်တဲ့အလုပ်ပဲ”

ထို့နောက် သူသည် ဓားစင်များထံသို့ လှမ်းသွားလိုက်သည်။

“ကျုပ်တို့က ဓားတွေကို ကိုယ်တိုင် သန့်ရှင်းရေးလုပ်တယ်။ သူတို့က ကျုပ်တို့ ကလေးတွေလိုပဲ”

“သူတို့ကို မသင့်တော်တဲ့လူတွေဆီ တကယ် ပေးအပ်လိုက်နိုင်သလား”

သူ၏စကားများကို တုန့်ပြန်သည့်အလား ဓားစံအိမ်တစ်ခုလုံး တုန်ခါသွားသည်။

All Chapters