စီနီယာအစ်ကိုလို့ ခေါ်ဖို့ ထိုက်တန်ရဲ့လား
Vol. 4 Ch. 44
ဟွမ်လောင်လျှို နားမလည်ပါ။
ထို့နောက် သူက ခေါင်းငုံ့ကာ စကားတချို့ ရေရွက်လိုက်သည်။ သူ၏အမူအရာမှာလည်း ရွှင်လန်းနေသည်။
“ဟဟ… ညီလေး… ဒါဆို ဒီဝိညာဉ်ကျောက်တုံးတွေက ငါတို့ သမီးတွေအတွက် မင်္ဂလာလက်ဖွဲ့လို့ သတ်မှတ်နိုင်တယ်မလား”
သူက ဝိညာဉ်ကျောက်တုံးများအား သစ်သားသေတ္တာကလေးထဲသို့ ထည့်လိုက်သည်။
ဤသည်က လက်တွေ့ကျပေသည်။
သူ၏စကားများကိုကြားလျှင် ဟန်မူယဲ့ ထရပ်ကာ သေတ္တာကလေးအား လှမ်းယူလိုက်သည်။
“အာ… မင်း…”
ဟွမ်လောင်လျှိုက ပြီးမှ သတိရဟန်ဖြင့် ပြောသည်။
“နားလည်ပြီ… သုံးချိုး ခုနစ်ချိုး…”
ဟန်မူယဲ့က ခေါင်းယမ်းကာ အသံတိုးတိုးဖြင့် ပြောသည်။
“အတွင်းစည်းဂိုဏ်းသားတွေရဲ့ ဝိညာဉ်ကျောက်တုံးတွေ ယူတာက ဘာမှ မဖြစ်ဘူး။ ဒါပေမဲ့ အပြင်စည်းဂိုဏ်းသားတွေဟာ ဝိညာဉ်ကျောက်တုံးတွေ စုဆောင်းရတာ မလွယ်ဘူး။ ပြီးတော့ သူတို့က အပြင်ကို တာဝန်နဲ့သွားကြရမှာ။ သူတို့အသုံးစာရိတ်အတွက် ဝိညာဉ်ကျောက်တုံးတွေ လိုမှာပဲ။ ဒါကြောင့် သူတို့ ဝိညာဉ်ကျောက်တုံးတွေကို မယူနဲ့…”
ထို့နောက် ဟန်မူယဲ့က သေတ္တာကလေးအား အိတ်ထဲကို ထည့်ကာ အပြင်ကို ထွက်သွားသည်။
“မင်း ဘယ်ကို သွားတာလဲ”
ဟွမ်လောင်လျှို နောက်မှ အော်ဟစ်လိုက်သည်။
“ဝိညာဉ်ကျောက်တုံးတွေ သွားပြန်ပို့မလို့”
ဟန်မူယဲ့က ပြောသည်။
“ပြန်ပို့မလို့လား… ဒါဆို ငါ့သမီးတွေ မွေးထားတာ အလကားဖြစ်သွားပြီပေါ့”
ဟွမ်လောင်လျှိုက ရေရွက်သည်။ ထို့နောက် သူက အကျိုးဆောင်မှတ် ၆ခုအား ထုတ်ယူကာ ပြုံးသည်။
“ဒီနေ့တွေက အကယ်ကို စိတ်ချမ်းသာစရာပဲ”
ကျန်းဟန်နှင့် တခြားလူများက သူတို့နေထိုင်သောနေရာအား ပြောထားခဲ့ကြသည်။
ဟန်မူယဲ့ သူတို့ကို သွားရှာသောအခါ မတွေ့ခဲ့ချေ။
ကျန်းဟန်တို့အား သိသော တခြားဂိုဏ်းသားတချို့က သူတို့မှာ သေရည်သွားသောက်ကြသည်ဟု ပြောသည်။
ထိုနေရာတွင် အပြင်စည်းဂိုဏ်းသား ၁၀၀၀ ခန့်နေထိုင်ကြကာ အစေခံတပည့်များလည်း ရှိသည်။ လူပေါင်း ၁၀၀၀၀ တို့ရှိသော ထိုနေရာသည် ရွာငယ်လေးတစ်ရွာနှင့်တူ၏။
စားသောက်ဆိုင်များနှင့် စျေးဆိုင်များမှာ ဂိုဏ်းသူဂိုဏ်းသားများ လိုအပ်သည်များ ဝယ်ယူရန် ဂိုဏ်းမှ ဖွင့်လှစ်ပေးထားခြင်းဖြစ်သည်။
၎င်းသည် သူတို့၏အခြေခံလိုအပ်ချက်အား ဖြည့်ဆည်းပေးခြင်းနှင့်လည်း တူပေသည်။
ဟန်မူယဲ့သည် ပေတစ်ထောင်ခန့်အဝေးတွင်ရှိသော လမ်းငယ်လေးတစ်ခုထဲသို့ ရောက်လာသည်။ သူ့နောက်မှ အသံတစ်သံကို ကြားရ၏။
“အစ်ကိုဟန်…”
ဟန်မူယဲ့ နောက်လှည့်ကြည့်လျှင် ကျောက်တုံးကြီးတစ်လုံးအား ချွဲသံရွဲရွဲဖြင့် သယ်လာသော လုကောအား မြင်သည်။
“အစ်ကိုဟန်… ခင်ဗျား အပြင်စည်းဂိုဏ်းကို လာတာ…”
အဖြူရောင်ဝတ်စုံဖြင့် ဟန်မူယဲ့အား ကြည့်ကာ လုကောဘေးမှ လူများက အထင်ကြီးအားကျကြသည်။
လုကောတွင် အတွင်းစည်းဂိုဏ်း၌ စီနီယာအစ်ကိုတစ်ယောက်ရှိသည်ကို သူတို့ ယခင်ကတည်းက ကြားဖူးကြသည်။
ဟန်မူယဲ့ အနီးအနားကို ကြည့်လျှင် ကျန်းဟန်နှင့် သူ့လူများအား စားသောက်ဆိုင် ဒုတိယထပ်တွင် ရှိနေသည်ကို မြင်၏။
သူက ရှေ့ကို တက်သွားကာ လုကော သယ်ထားသော ကျောက်တုံးကြီးအား လက်တစ်ဖက်ဖြင့် လှမ်းမပေးလိုက်သည်။
သံမဏိနွားသိုးကျင့်စဉ်ကို ကျင့်ပြီးနောက်တွင် ဟန်မူယဲ့အတွက် ကီလိုဂရမ် ၁၅၀ ခန့် ကျောက်တုံးမှာ ကလေးကစားစရာ ဖြစ်သည်။
ထိုအပြုအမူက အနီးအနားမှ လူများအားလုံးကို တအံ့တဩဖြစ်စေသည်။
သူကား အတွင်းစည်းဂိုဏ်းသားဖြစ်သည်ဆိုသည့်အတိုင်း မည်မျှ သန်မာလိုက်သနည်း။
လုကောက လက်များကို ပွတ်ကာ ရှက်ရွံ့ဟန်ဖြင့် ပြုံးသည်။
“သွားရအောင်… ကျုပ် ခင်ဗျားကို သေရည်တိုက်မယ်”
ဟန်မူယဲ့က ကျောက်တုံးကြီးအား သယ်ကာ စားသောက်ဆိုင်ထံသို့ လှမ်းသွားလိုက်သည်။
‘သေရည်သောက်ရန်လား’
လုကောကလည်း ပြုံးလိုက်ကာ သူ့နောက်မှ လိုက်ပါသွားသည်။
လုကောနှင့်အတူ ကျောက်တုံးကြီးများ သယ်နေသော အစေခံတပည့်များမှာ အားကျစွာ ကြည့်ကြသည်။
သေရည်သောက်ခြင်းကား သိပ်အရေးမကြီးပါ။ အရေးကြီးသည်က မည်သူနှင့် သောက်သည်ဆိုခြင်းပင်။
“စီနီယာအစ်ကိုဟန်…”
ကျန်းဟန်နှင့် တခြားလူများက ဟန်မူယဲ့အား လှမ်းမြင်ကာ ဝမ်းသာအားရ လှမ်းခေါ်ကြသည်။
သူတို့က အောက်ထပ်ကို အလျင်အမြန် ဆင်းလာကာ ဟန်မူယဲ့အား အပေါ်ထပ်သို့ ခေါ်လာကြ၏။
စွန်းတယုံသည် ဟန်မူယဲ့၏လက်မှ ကျောက်တုံးကြီးအား သယ်ပေးသည်။
အပေါ်ထပ်တွင် သူတို့က ဟန်မူယဲ့အား စားပွဲခုံ၏ခေါင်းရင်းနေရာတွင် ထိုင်ရန် ပြောကြသည်။
အစေခံဝတ်စုံဖြင့် လုကောသည်ပင် သူတို့နှင် တစ်စားပွဲတည်း ထိုင်ရသည်။
တခြားအပြင်စည်းဂိုဏ်းသားများက ဟန်မူယဲ့၏အတွင်းစည်းဂိုဏ်းဝတ်စုံကိုမြင်လျှင် မြန်ဆန်စွာ ဘေးဖယ်ပေးကြ၏။
ဤနေရာမှာ အပြင်စည်းဂိုဏ်းသားများ စုစည်းရာနေရာဖြစ်သည်။ အတွင်းစည်းဂိုဏ်းသားများအား သုံးရက် ငါးရက်ကြာသည့်တိုင် တွေ့ရတတ်သည် မဟုတ်ပေ။
စားပွဲပေါ်တွင် သေရည်နှင့် စားသောက်ဖွယ်ရာများ တည်ခင်းထားသည်။ အားလုံးက ဟန်မူယဲ့အား လေးစားစွာ သေရည်အတူ သောက်ရန် ဖိတ်ကြားကြ၏။
ဟန်မူယဲ့ကလည်း ပြုံးကာ သေရည်ခွက်ကို မြှောက်သည်။
သေရည်သုံးခွက်မြောက် သောက်ပြီးလျှင် ဟန်မူယဲ့က ခွက်ကို ချကာ အားလုံးကို ကြည့်သည်။
“ချင်သုံးပါးဓားဂိုဏ်းမှာ ပညာရှင်တွေ ရှိတယ်။ မင်းတို့ အဲဒီကို ရောက်ရင် ချင်းမူမြို့က မော့မိသားစုဆီကိုသွား။ အဲဒီက အံ့ဖွယ်ဓားအကြီးအကဲကို အကူအညီတောင်းပြီး ချင်သုံးပါးဓားဂိုဏ်းကို ဖိနှိပ်ခိုင်းလိုက်”
“သူက ကမ္ဘာမြေအဆင့်စွမ်းအားရှိတယ်။ မင်းတို့ကို သူ ကာကွယ်ပေးနိုင်လိမ့်မယ်”
ဟန်မူယဲ့ တည်ငြိမ်စွာ ပြောသည်။
‘ကမ္ဘာမြေအဆင့်…’
ကျန်းဟန်နှင့် တခြားလူများအားလုံး အံ့အားသင့်သွားကြသည်။
နားထောင်နေသော အပြင်စည်းဂိုဏ်းသားများအားလုံးမှာလည်း တောင့်တင်းသွားကြ၏။
သူတို့မှာ အပြင်စည်းဂိုဏ်းသားများဖြစ်ကာ ချီစုစည်းခြင်းအဆင့်သို့ပင် မရောက်သေးပါ။
သူတို့က ကမ္ဘာမြေအဆင့်များနှင် စကားပြောရန် အဆင့်မှီသလော။
“အဟမ်း… စီနီယာအစ်ကို… ကျုပ်တို့…”
ကျန်းဟန်က စကားအချို့ပြောရန် ပြင်သည်။
အကယ်၍ သူတို့က ကမ္ဘာမြေအဆင့်ကို အကူအညီတောင်းသည့်တိုင် ထိုပညာရှင်က သူတို့အား တစ်ချက်မျှ ကြည့်ပါမည်လား။
“စိတ်မပူနဲ့… အံ့ဖွယ်ဓားအကြီးအကဲက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းနဲ့ နက်ရှိုင်းတဲ့ပတ်သက်မှုရှိတယ်”
“သူ့ဆီက အကူအညီသွားတောင်း… ပြီးတော့ ငါက မင်းတို့ကို လွှတ်လိုက်တာလို့ပြော”
ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။
မော့ယွမ်သည် ချင်းမူမြို့တွင် အံ့ဖွယ်ဓားအကြီးအကဲနာမည်နှင့် တံခါးပိတ်ကျင့်ကြံနေကာ ထိုနေရာမှာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏ပိုင်နက်တစ်ခုလည်း ဖြစ်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအတွက် ကိစ္စအနည်းငယ် ကူညီခြင်းမှာ သူ၏အနာဂတ်ကျင့်ကြံခြင်းအတွက်လည်း များစွာ အကူအညီဖြစ်ပေသည်။
မော့ယွမ်၏အတွေ့အကြုံဖြင့်ဆိုပါက အံ့ဖွယ်ကိုးပါးဂိုဏ်းမှ သူ့အား မဖိတ်ကြားသည့်တိုင် ချင်သုံးပါးဓားဂိုဏ်းကို ရှင်းလင်းရန် ကူညီမည်သာဖြစ်သည်။
ဟန်မူယဲ့က ကျန်းဟန်တို့အား မော့ယွမ်ကို သွားရောက်ဖိတ်ကြားစေခြင်းမှာ လေးစားသမှုကို ပြသရာ ရောက်ပေသည်။
ထို့အပြင် မော့ယွမ်သည် အပြင်စည်းဂိုဏ်းတွင် နှစ် ၂၀၀ နေထိုင်ခဲ့ရာ သူသည် အပြင်စည်းဂိုဏ်းသားများနှင့် အဆက်အသွယ်ကောင်းများ ရှိသည်။
“ကျေးဇူးပါ စီနီယာအစ်ကိုဟန်”
ကျန်းဟန်တို့က ဦးညွှတ်ကာ ဝမ်းသာအားရ ပြောကြသည်။
ဤသည်က ဝမ်းသာဖွယ်ရာကိစ္စဖြစ်သည်။
သူတို့က ဂိုဏ်းတစ်ဂိုဏ်းအား တိုက်ခိုက်ပါက အဆုံးအရှုံး မရှိနိုင်ဟု မည်သူမှ မပြောရဲပေ။
ထို့အပြင် အပြင်စည်းဂိုဏ်းသားများ၏အသက်မှာ တန်ဖိုးမဲ့သည်။
ကမ္ဘာမြေအဆင့်ကသာ သူတို့အား ကူညီမည်ဆိုပါက အခြေအနေက ကွဲပြားခြားနားသွားနိုင်သည်။
ကျန်းဟန်တို့က ဝမ်းသာနေသည်ကိုမြင်ကာ တခြားအပြင်စည်းဂိုဏ်းသားများက ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်ကြသည်။
မည်သူက ကမ္ဘာမြေအဆင့်တန်ခိုးရှင်တစ်ဦး၏အကာအကွယ်ကို မလိုချင်ဘဲ နေမည်နည်း။
“အာ… ဒါက စီနီယာအစ်ကိုဟန်ပဲ”
ရုတ်တရက် ဟန်မူယဲ့နောက်မှ အသံချိုချိုလေးတစ်သံကို ကြားရသည်။
ဟန်မူယဲ့က နောက်ကို လှည့်ကြည့်ကာ ပြုံးလျှက်ပြန်ပြောသည်။
“ချင်းအာပဲ…”
ဟန်မူယဲ့အား နှုတ်ဆက်လိုက်သူမှာ တစ်ခါက ဟန်မူယဲ့အား သရုပ်ပြခန်းဆောင်သို့ လိုက်ပို့ခဲ့ဖူးသော ချောင်းချင်းအာ ဖြစ်သည်။
ချောင်းချင်းအာ၏တစ်စားပွဲတည်း ထိုင်သူများမှာလည်း ထိုနေ့က အတူပါလာသူများ ဖြစ်ကြသည်။
“ကျွန်မက စီနီယာအစ်ကိုဟန်ကို မတွေ့တာ အတော်လေးကြာပြီ။ ရှင့်ကိုတောင် လိုက်ရှာတော့မလို့ပဲ”
ချောင်းချင်းအာက ပြုံးလျှက် သေရည်ခွက်ကိုမြှောက်ကာ ပြောသည်။
“ဘယ်လောက်တိုက်ဆိုင်လိုက်သလဲ။ စီနီယာအစ်ကို,ကို တစ်ခွက်ဂုဏ်ပြုရအောင်”
ဟန်မူယဲ့ သေရည်ခွက်ကို မြှောက်ကာ ချောင်းချင်းအာနှင့် သေရည်အတူသောက်ရန် ဟန်ပြင်လိုက်စဉ် တစ်ဘက်စားပွဲတွင် ထိုင်နေသော တခြားလူငယ်တစ်ဦးက တင်းမာသော လေသံဖြင့် ပြောသည်။
“ခင်ဗျားက ဓားထိန်းတစ်ယောက်ပဲ။ ခင်ဗျားက စီနီယာအစ်ကို အခေါ်ခံဖို့ ထိုက်တန်လို့လား”
ဓားစံအိမ်၏ဓားထန်း…
သူ၏အသံက အနည်းငယ် ကျယ်ရာ ဒုတိယတစ်ထပ်လုံး ကြားကြရသည်။
“ဓားထိန်း… အဲဒါက လူဆယ်ယောက်မှာ ကိုးယောက် သေတဲ့ ဓားစံအိမ်က ဓားထိန်းပဲမလား”
“မှန်တယ်… ဓားထိန်းတွေက ကျင့်ကြံနိုင်စွမ်းမရှိတဲ့အပြင် ဓားစံအိမ်မှာ ဆယ်နှစ်တာ အသက်ရှင်ခွင့်ရမှာ စီမံခန့်ခွဲရေးမှူးရာထူးကို ရတာ”
“ကျွတ်… ဒီလူက ခုနက စကားကြီးစကားကျယ်တွေ ပြောနေတတော့ အထင်ကြီးမိလိုက်သေး။ သူက ကမ္ဘာမြေအဆင့်နဲ့တောင် သိတယ်ဆိုပဲ။ ဒါဆို သူက ဓားထိန်းတစ်ယောက်ပေါ့”
အားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားသည်။
အပြင်စည်းဂိုဏ်းသားများ၏လေးစားသောအမူအရာမှာလည်း အထင်သေးသော အကြည့်များဖြင့် အစားထိုးသွားသည်။
သူက အဖြူရောင်ဝတ်စုံကို ဝတ်ထားသည်နှင့် အတွင်းစည်းဂိုဏ်းသားဟု အမှန်တကယ် ထင်သွားသည်လား။
ကျန်းဟန်နှင့် တခြားလူများ၏အမူအရာများ ပြောင်းလဲသွားသည်။
“သူက ဓားထိန်းဖြစ်တော့ ဘာအရေးလဲ”
စွန်းတယုံက ထရပ်ကာ ချောင်းချင်းအာ၏စားပွဲမှ လူများအား ဒေါသတကြီး ပြောသည်။
“အပြင်လူတွေက စီနီယာအစ်ကိုဟန်ရဲ့စွမ်းရည်ကို ဘယ်လိုနားလည်မှာလဲ”
“မှန်တယ်… စီနီယာအစ်ကိုက သာမန်ဓားထိန်းမဟုတ်ဘူး”
တခြားလူများကလည်း ဝင်ရောက်ပြောဆိုကြသည်။ သူတို့က ဟန်မူယဲ့၏စွမ်းရည်ကို ကိုယ်တွေ့ ကြုံဖူးသူများဖြစ်ကြသည်။
ချောင်းချင်းအာက နောက်လှည့်ကာ တင်းမာစွာ ပြောသည်။
“ဟွားဖျင်…. နင် ဘာကိုဆိုလိုတာလဲ”
လူငယ်က ဟန်မူယဲ့နှင့် ကျန်းဟန်တို့အား လှောင်ပြောင်သော အမူအရာဖြင့် ကြည့်ကာ ပြောသည်။
“အရူးတချို့က သာမန်ဓားထိန်းတစ်ယောက်ရဲ့ အလိမ်အညာတွေ မိနေမှာစိုးလို့ပေါ့”
“ကျုပ် ဟွားဖျင်ကလည်း မကြာခင် အဲဒီဝတ်စုံကို ဝတ်ရတော့မှာ”
ဘန်း…
စွန်းတယုံက စားပွဲကို လက်ဝါးဖြင့် ရိုက်ကာ ဟွားဖျင်အား လက်ညိုးထိုးသည်။
“မင်းက ဘယ်သူ့ကို အရူးလို့ခေါ်တာလဲ”
ဟန်မူယဲ့၏အမူအရာ မပြောင်းလဲပါ။ သူက ရယ်မောလျှက် ပြောသည်။
“သူက မင်းကို အရူးလို့ခေါ်တာ”
‘သူက ငါ့ကို အရူးလို့ခေါ်တာလား’
လူငယ်ဘေးတွင် ထိုင်နေသော ချောင်းချင်းအာသည်ပင် ဟက်ဟက်ပက်ပက် ရယ်မောသည်။
“ဟုတ်တယ် သူက ငါတို့ကို အရူးလို့ ခေါ်တာ”
ဟန်မူယဲ့ထံမှ ဓားလက်ခံခဲ့ကြသော ဂိုဏ်းတပည့်များကလည်း ရယ်မော၍ ပြောကြသည်။
ဟွားဖျင်၏မျက်နှာက တင်းမာသွားကာ လက်သီးဆုပ်လျှက် ထရပ်သည်။
သူက ခါးမှ ဓားလက်ကိုင်ကို လက်ဖြင့် ထိလိုက်သည်။
ရုတ်တရက် ဟွားဖျင်ဘေးတွင် ထိုင်နေသော လူငယ်တစ်ဦဂက သူ့လက်ကို လှမ်းတားကာ အသံတိုးတိုးဖြင့် ပြောသည်။
“ဟွားဖျင်… အတင့်မရဲနဲ့… ဟိုမှာထိုင်နေတာ စီနီယာအစ်ကို ပိုင်ကျန်းဟန်ပဲ။ သူက အပြင်စည်းဂိုဏ်းရဲ့ ထိပ်ဆုံးစာရင်းဝင်…”
‘ကျန်းဟန်…’
အပြင်စည်းဂိုဏ်း၏နံပါတ် ၁၀၀။
ဟွားဖျင်၏မျက်လုံးများ အရောင်လက်သွားသည်။ သူက ဓားကို ထုတ်လိုက်ကာ ဓားဖြင့် ရှေ့ကို ညွှန်လျှက် ပြောသည်။
“ကျန်းဟန်… ဒီနေ့ မင်းရဲ့ အပြင်စည်းဂိုဏ်းထိပ်ဆုံးနံပါတ် ၁၀၀ နေရာကို ငါ ယူမယ်”