ဓားစံအိမ်အစေခံ လုကော
Vol. 4 Ch. 46
ဟန်မူယဲ့ ပြုံးလျှက် ခေါင်းညိတ်သည်။ သူက နောက်ထပ် ဘာမှ မပြောတော့ဘဲ အောက်ထပ်ကို ဆင်းလာခဲ့သည်။ လုကောလည်း ကျောက်တုံးကြီးအား သယ်ကာ ဟန်မူယဲ့ နောက်မှ လိုက်ပါလာခဲ့၏။
စားသောက်ဆိုင်ဒုတိယထပ်တွင် အပြင်စည်းဂိုဏ်းသားများက ဟန်မူယဲ့၏နောက်ကျောကို ရှုပ်ထွေးသော ခံစားချက်များဖြင့် ကြည့်နေကြသည်။
ဤဓားစံအိမ်မှ ဓားထိန်းသည် ယခင် သူတို့ မမြင်ဖူးသော လူထူးလူဆန်းဖြစ်သည်။
ကျန်းဟန်တို့ပြသသော လေးစားမှုများအရ သူသည် သာမန်မဟုတ်ကြောင်း ထင်ရှားသည်။
ကျန်းဟန်တို့က သေတ္တာအား ဖွင့်လိုက်လျှင် အတွင်း၌ ဝိညာဉ်ကျောက်တုံးများအား တွေ့သည်။
“အားလုံး လာယူကြ… စီနီယာအစ်ကိုက မင်းတို့ဝိညာဉ်ကျောက်တုံးတွေ မလိုဘူး”
ကျန်းဟန်က သူ့လူများကို အသံတိုးတိုးဖြင့် ပြောသည်။
အားလုံးကလည်း အချင်းချင်းကြည့်ကာ သူတို့၏ကိုယ်ပိုင်ဝိညာဉ်ကျောက်တုံးများအား ပြန်ယူကြသည်။
ထိုအဖြစ်က အနီးအနားမှ လူများအားလုံးကို အံ့အားသင့်စေသည်။
သူတို့မှာ အပြင်စည်းဂိုဏ်းသားများဖြစ်၏။ ထို့ကြောင့် ဝိညာဉ်ကျောက်တုံး ၁ တုံးသည်ပင် အလွန်တရာ တန်ဖိုးကြီးပေသည်။
“စီနီယာအစ်ကိုဟန်က ငါတို့ဝိညာဉ်ကျောက်တုံးတွေ မလိုမှတော့ သူ့ကို တစ်ခုခုတော့ လုပ်ပေးသင့်တယ်”
ကျန်းဟန်က အဆိုပြုသည်။
“သူ ဘာလိုလဲဆိုတာ မေးကြည့်ပြီးတော့ ငါတို့ တတ်နိုင်တာလုပ်ပေးကြမယ်”
အားလုံးက ခေါင်းညိတ်ကြသည်။
ဤသည်က ကျေးဇူးသိခြင်းလည်းဖြစ်သည်။
စီးပွားရေးဟူသည် အလွယ်တကူ ပြုလုပ်နိုင်သော်လည်း ကျေးဇူးတရားမှာကား ပြန်ဆပ်ရန် ခက်၏။
ဟန်မူယဲ့နှင့် လုကောတို့ လမ်းကလေးအတိုင်း လျှောက်လာကြသည်။ လုကောက ဟန်မူယဲ့နှင့် အတူ လျှောက်နေရင်း ရုတ်တရက်ပြောသည်။
“အစ်ကိုဟန်… ကျုပ်ကို ဓားစံအိမ်ထဲကို ခေါ်ပါလား”
‘ဓားစံအိမ်သို့ ခေါ်ရမည်လား’
ဟန်မူယဲ့ မျက်မှောင်ကြုတ်သည်။
“အစ်ကိုလု ဓားထိန်း ဖြစ်ချင်လို့လား”
ဤအလုပ်က သိပ်မသင့်တော်ပါ။
အန္တရာယ်အလွန်များသည်။
ဓားစံအိမ် မည်မျှ အန္တရာယ်များသည်ကို ဟန်မူယဲ့ အနားလည်ဆုံး ဖြစ်သည်။
လုကောသည် စိတ်ကူးအယဉ်လွန်ကာ လက်တွေ့ကျကျ မတွေးတောနိုင်တော့သည်များလား။
“မဟုတ်ဘူး… အစ်ကိုဟန် နားလည်မှုလွဲနေပြီ”
“ဓားစံအိမ်ဟာ အစေခံတွေ လက်ခံခဲ့ဖူးတယ်။ သူတို့က လက်ဖက်ရည်ပြင်တယ်။ အမှိုက်လှဲတယ်။ သန့်ရှင်းရေးလုပ်တယ်။ ပြီးတော့ ဓားထိန်းတွေကို ကူပေးတယ်”
“နောက်ပိုင်း ဓားထိန်းတွေက ပိုပြီး ရှားပါးလာတော့ အစေခံတွေလည်း လက်မခံဖြစ်တော့ဘူးပေါ့”
လုကောက အသံကို နှိမ့်ကာ ပြောသည်။
“အခုကတော့ ဓားစံအိမ်ဟာ လူတိုင်း ရှောင်ကျဉ်ရတဲ့နေရာတစ်ခု ဖြစ်သွားတာပဲ”
ထို့ကြောင့် သူသည် ဓားထိန်း မဖြစ်လိုပဲ အစေခံတစ်ဦးသာ ဖြစ်လိုသည်။
ဟန်မူယဲ့ ဦးနှောက်ကို အလုပ်ပေးလိုက်သည်။
သူသည် ကိစ္စတချို့အတွက် အမှန်တကယ် လူလိုနေသည်။
“ကောင်းပြီ။ ကျုပ် ပြန်သွားရင် မေးကြည့်လိုက်မယ်။ ဖြစ်နိုင်ရင် ကျုပ် အစ်ကိုကော,ကို ဓားစံအိမ်သို့ ခေါ်ပေးမယ်”
သူ၏စကားကိုကြားလျှင် လုကော ဝမ်းသာသွားသည်။ ထို့နောက် သူက ဟန်မူယဲ့အား ဦးညွှတ်ကာ တောင်ကုန်းဂိတ်တံခါးထံသို့ ကျောက်တုံးအား သယ်ဆောင်ထွက်ခွာသွားသည်။
ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် လုကောက နောက်လှည့်ကာ မချိပြုံးပြုံးကာ ပြောသည်။
“အစ်ကိုဟန်… နည်းနည်း မြန်မြန်လုပ်ပါ။ ခုတလော ကျုပ်တို့ဓားဂိုဏ်းက အနီးအနားက ဂိုဏ်းတွေကို ဖိတ်ပြီး စုဝေးပွဲလုပ်ဖို့ရှိတယ်။ ကျုပ်တို့ အစေခံတွေ ပင်ပန်းလွန်းလို့ သေတော့မယ်”
‘အိမ်နီးချင်းဂိုဏ်းများ စုဝေးပွဲလား’
ဟန်မူယဲ့ လမ်းလျှောက်လာရင်း ချင်ယွမ်ဟယ်၏ဓားမှ မြင်ကွင်းများအား ပြန်အမှတ်ရသည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏လက်အောက်ခံဂိုဏ်းတချို့သည် ကျင့်ရှန်းဂိုဏ်း၏သွေးထိုးလှုံ့ဆော်မှုကြောင့် သစ္စာဖောက်သွားကြသည်။
‘ထိုဂိုဏ်းများ လာကြမည်လား’
‘ပြဿနာရှာရန်လား’
လမ်းလျှောက်နေရင်း သူက ခေါင်းယမ်းလိုက်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၏ထိပ်သီးဂိုဏ်းကိုးဂိုဏ်းထဲတွင် ပါဝင်သည်။ သူတို့တွင် ကမ္ဘာမြေအဆင့် တန်ခိုးရှင်အများအပြား ရှိသလို ကောင်းကင်တစ်ဝက်အဆင့် သုံးဦးလည်း ပိုင်ဆိုင်၏။
ထို့အပြင် အံ့ဖွယ်ကိုးပါးဓားကို ကိုင်ဆောင်သော ဓားစံအိမ်အကြီးအကဲလည်း ရှိသေးသည်။
ဤသို့သော အင်အားဖြင့်ဆိုပါက ထိုအင်အားစုများကို မဆိုထားနှင့်၊ ကျင့်ရှန်းဂိုဏ်းမှ အင်အားအစုံအလင်ဖြင့် ရောက်လာလျှင်ပင် အသာစီးရနိုင်မည် မဟုတ်ပေ။
အကယ်၍ ကျင့်ရှန်းဂိုဏ်းသည်သာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းအား စိန်ခေါ်ရန် လုံလောက်သော အင်အားရှိပါက နောက်ကွယ်မှ ပြဿနာများ မီးမွှေးနေမည် မဟုတ်ပေ။
ဂိုဏ်းစုံညီစုဝေးပွဲတွင် အင်အားစုတချို့ ပြဿနာများ ရှာနိုင်ပေသည်။ သို့သော်လည်း ထိုအင်အားစုများက အံ့ဖွယ်ကိုးပါးဓားဂိုဏ်း၏အခြေခံအုတ်မြစ်ကို လှုပ်ယမ်းနိုင်စွမ်း မရှိပါ။ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေ၌ နှစ်ပေါင်းများစွာ ခိုင်မာစွာ ရပ်တည်လာခဲ့ခြင်းမှာ အကြောင်းမဲ့ မဟုတ်ချေ။
ထိုသို့တွေးမိလျှင် ဟန်မူယဲ့ ပြုံးလိုက်သည်။
တစ်လကို ဝိညာဉ်ကျောက်တုံး ၁၀ တုံး အလကားရနေသော ဓားထိန်းတစ်ယောက်က ဂိုဏ်းများနှင့် အကြီးအကဲများကိစ္စကို စိတ်ပူပန်နေသည်။
သူက မိမိ၏ကိုယ်ပိုင်စီးပွားရေးကိစ္စများကို ပိုမိုစိတ်ပူသင့်သည် မဟုတ်ပါလား။
သူ ဓားစံအိမ်သို့ ပြန်ရောက်သောအါ ဟွမ်လောင်လျှိုသည် တစ်စုံတစ်ခုကို တွေးတောနေဟန်ရသည်။ ဟွမ်လောင်လျှိုက ဟန်မူယဲ့အားလှမ်းကြည့်သောအခါ သူ၏လက်ထဲမှ သေတ္တာကလေးမှာ အမှန်တကယ် မရှိတော့သည်ကို တွေ့ရ၏။
ဟန်မူယဲ့ ပြုံးလိုက်ကာ ဟွမ်လောင်လျှိုအား အစေခံကိစ္စအား မေးမြန်းသည်။
“အရင်တုန်းက တကယ်ပဲ ဓားစံအိမ်မှာ အစေခံတွေ ရှိခဲ့ဖူးတယ်”
ဟွမ်လောင်လျှိုက ခေါင်းညိတ်ကာ ပြောသည်။
“ငါတို့ ဓားစံအိမ် ထွန်းပြောင်ချိန်က ဓားထိန်း ၈ ယောက်နဲ့ အစေခံ အယောက် ၂၀ အထိ ရှိခဲ့တယ်”
“ဒီလိုဆိုရင် ကျုပ်တို့ဓားစံအိမ်က အစေခံခေါ်လို့ ရတာပေါ့”
ဟန်မူယဲ့က မေးလိုက်သည်။
သူက အစေခံများ ခေါ်ယူနိုင်ပါက လုကောအား ဓားစံအိမ်သို့ ခေါ်မည် ဖြစ်သည်။
“လူသစ်ခေါ်ဖို့…”
ဟွမ်လောင်လျှိုက အသံတိုးတိုးဖြင့် ပြောသည်။
“ငါတို့ဓားစံအိမ်က ကုန်ကျစရိတ်ကို ပေးရမှာ”
ဓားစံအိမ်မှ အစေခံများ၏ကုန်ကျစရိတ်အား ဓားစံအိမ်မှ ပေးဆောင်ရန် လိုသည်။
ဓားစံအိမ်က အစေခံများ ထပ်မံ မခေါ်တော့သည်မှာ မထူးဆန်းတော့ချေ။
ဟန်မူယဲ့ မရောက်လာခင်က ဟွမ်လောင်လျှိုသည် ဓားစံအိမ်၏တစ်ဦးတည်းသော ဓားထိန်းဖြစ်သည်။ ဟွမ်လောင်လျှိုက သူ၏လစာထဲမှ မည်သို့ ခွဲဝေကာ အစေခံများကို ငှားယမ်းနိုင်မည်နည်း။
၎င်းမှာ အနောက်ဘက်မှ နေထွက်သည်နှင့် ထူးမခြားနားပါ။
“ဒါဆို ကျုပ်တို့ တစ်ယောက် နှစ်ယောက်လောက် အရင် ခေါ်ကြည့်မယ်လေ”
ဟန်မူယဲ့က ဟွမ်လောင်လျှိုအား ပြုံးလျှက်ပြောသည်။
“ပြီးတော့ ကုန်ကျစားရိတ်ကို ကျုပ်ပေးမယ်”
ဟွမ်လောင်လျှိုက ဟန်မူယဲ့အား မျက်တောင်ပင့်လျှက် ကြည့်သည်။
“ညီလေးဟန်… မင်းက ဓားထိန်းစီးပွားရေးကို မကြာမကြာ လုပ်လို့ရတယ်မလား”
ဟွမ်လောင်လျှိုကား ဉာဏ်ကောင်းသည်။
ဟန်မူယဲ့သည် ဆေးလုံးဖော်စပ်နိုင်သော်လည်း အာခီမီနှင့်ပတ်သက်သော စီးပွားရေးကိစ္စရပ်များအား ကိုယ်တိုင်မလုပ်နိုင်ပေ။
တခြာတစ်ဖက်တွင် မည်သည့်ဂိုဏ်းသားမဆို ဓားလက်ခံရန် ရောက်လာပါက ဟွမ်လောင်လျှို ဝေစု ရပေမည်။
ထိုနေ့က ဟန်မူယဲ့သည် ဟွမ်လောင်လျှို တစ်နှစ်ခန့် ရှာဖွေရသော ဝိညာဉ်ကျောက်တုံး ပမာဏအား တစ်ရက်တည်းဖြင့် ရခဲ့သည်။
ဟန်မူယဲ့က အချိန်အကြာပြီး စီစဉ်တွေးတောပြီးမှ မေးမြန်းခြင်း ဖြစ်ရပေမည်။
တစ်စုံတစ်ယောက်က ကျင့်ကြံလိုပါက ဝိညာဉ်ကျောက်တုံး သေချာပေါက် လိုအပ်ပေသည်။
“အစ်ကို… စိတ်မပူနဲ့… ကျုပ်က ဓားစံအိမ်မှာ ဓားထိန်းဖြစ်နေသရွေ့ ဓားစံအိမ်ရဲ့စည်းမျဉ်းတွေကို ကာကွယ်သွားမယ်”
“ဓားကို ဆန်းစစ်တာပဲဖြစ်ဖြစ်၊ လူကို ဆန်းစစ်တာပဲဖြစ်ဖြစ် အားလုံးဟာ ကျင့်ကြံခြင်းပဲ”
ဟန်မူယဲ့က အဆုံးအစမရှိ ပြောသည်။
မည်သို့ဆိုစေ သူက အရှုံးမရှိနိုင်။
တခြားလူများအတွက် ဓားရွေးချယ်ပေးခြင်းသည် သူ့အား အကျိုးအမြတ်ဖြစ်ထွန်းရုံသာမက အသိအကျွမ်းများလည်း ရစေသည်။ ၎င်းသည် ခဲတစ်လုံးတည်းဖြင့် ငှက်နှစ်ကောင်ပစ်ခြင်းပင်။
“ဒါဆို အစေခံကိစ္စ မင်းပြောသလို လုပ်ကြတာပေါ့”
ဟွမ်လောင်လျှိုက အလျင်အမြန် သဘောတူသည်။
“ကျုပ်တို့က အကြီးအကဲကို တင်ပြဖို့ မလိုဘူးလား”
“ဒါက သိပ်မကြီးကျယ်တဲ့ကိစ္စပဲ။ အကြီးအကဲကို တင်ပြရဦးမှာလား”
ဟွမ်လောင်လျှိုက သူ့ရင်ဘတ်ကို ပုတ်ပြကာ ပြောသည်။
“ငါက ဓားစံအိမ်မှာ ဓားထိန်းဖြစ်တာ ၇ နှစ်ရှိပြီ။ နောက် ၃နှစ်ဆို ဂိုဏ်းရဲ့ စီမံခန့်ခွဲရေးမှူးဖြစ်ပြီ”
…
ဟန်မူယဲ့ အချိန်မဖြုန်းတော့ဘဲ လုကောအား ဓားစံအိမ်သို့ ဆင့်ခေါ်လိုက်သည်။
လုကော၏အလုပ်ကား ဓားစံအိမ်၏တံခါးကို နံနက်တိုင်း ဖွင့်ကာ အမိုက်သရိုက်များ လှည်းကျင်းခြင်း ဖြစ်သည်။ ထို့နောက် ညနေရောက်ပါက စံအိမ်တံခါးကို ပိတ်ရမည်။
နေ့ဘက်တွင် သူသည် တံခါးကို စောင့်ကြပ်ကာ ထွေရာလေးပါးကိစ္စရပ်များအား ကူညီလုပ်ဆောင်ပေးရမည်။
ဟန်မူယဲ့ကလည်း ရက်ရောစွာဖြင့် တစ်လကို ဝိညာဉ်ကျောက်တုံး ၃ တုံးပေး၏။
၎င်းမှာ သာမန်အပြင်စည်းဂိုဏ်းသားတစ်ဦး၏တစ်လစာနှင့် ညီမျှသည်။ လုကောမှာ ဝမ်းသာလွန်းသဖြင့် ပါးစပ်ပင် စိမရပါ။
ထို့အပြင် လုကော၏အမြင်တွင် ဓားစံအိမ်မှ အလုပ်များမှာ လွယ်ကူလွန်းသည်။
နောက်တစ်နေ့ နံနက်တွင် လုကောသည် ဓားစံအိမ်တံခါးဝသို့ အစောကြီး ရောက်လာသည်။ သူက တံခါးကို ဖွင့်ကာ အမိုက်သရိုက်များ လှည်းကျင်းသည်။ ထို့နောက် တံခါးဝတွင်ရပ်ကာ နေပူစာလှုံလျှက် စောင့်ကြပ်၏။
အတန်ကြာလျှင် အတွင်းစည်းဂိုဏ်းသားတစ်စု အဝေးမှ လျှောက်လာသည်ကို မြင်ရ၏။
“စီနီယာအစ်ကိုတို့… ဓားလက်ခံဖို့ လာကြတာမလား။ လာကြပါ… လာကြပါ…”
လုကောက ဦးညွှတ်ကာ သူတို့အား ပြုံးလျှက် နှုတ်ဆက်သည်။
သူကား အစေခံဖြစ်ခြင်းကို အသားကျနေပြီ ဖြစ်သည်။
“စီနီယာအစ်ကိုဟန်ရှိလား။ ကျုပ်တို့က ဒီနေ့ ဓားလက်ခံဖို့ လာကြတာ”
ဦးဆောင်လာသူကား ယမန်နေ့က ရောက်လာခဲ့ကြသော ကျောက်ယိုကျစ်တို့ အုပ်စုဖြစ်သည်။ သူက လုကောအား လက်နှစ်ဖက်ဆုပ်ပြကာ တီးတိုးမေးသည်။
အတွင်းစည်းဂိုဏ်းသားများကလည်း လက်နှစ်ဖက်ဆုပ်ပြကြသည်။ လုကောမှာ ထိုသို့ လေးစားသမှုပြုသောအမူအရာဖြင့် ဆက်ဆံခံရခြင်း မရှိဖူးပါ။
သူက အလျင်အမြန် လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။
“စီနီယာအစ်ကိုဟန်ရှိပါတယ်”
သူက ဟန်မူယဲ့အား မနေ့ကတည်းက စီနီယာအစ်ကိုဟု ခေါ်ဆိုနေခဲ့သည်။ သူက အစ်ကိုဟု ခေါ်ဆိုလျှင် ဟန်မူယဲ့၏အဆင့်အတန်း နိမ့်ကျသွားစေမည်ကို စိုးရိမ်နေ၏။
ကျောက်ယိုကျစ်နှင့် တခြားလူများ ဝမ်းသာသွားကြသည်။ သူတို့ ခေါင်းညိတ်ကာ ဓားစံအိမ်အတွင်းသို့ ဝင်သွားကြသည်။
ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ကျောက်ယိုကျစ်က တစ်စုံတစ်ခုကို သတိရဟန်ဖြင့် လုကောအား ဝိညာဉ်ကျောက်တုံး ၁တုံး ကမ်းပေးသည်။
“ကျေးဇူးပဲ ဂျူနီယာညီလေး”
ကျောက်ယိုကျစ်တို့ ဓားစံအိမ်တွင်းသို့ ဝင်သွားသည့်တိုင် လုကောမှာ ဝိညာဉ်ကျောက်တုံးအား ကိုင်လျှက် ငေးကြည့်နေသည်။
“ဂျူနီယာညီလေး… ဂျူနီယာညီလေး…”
“ဓားစံအိမ်အစေခံအလုပ်က အရမ်းကောင်းတာပဲ ဟီးဟီး”
ဓားစံအိမ်ကိုကြည့်ကာ လုကော၏မျက်လုံးများ တစ်လက်လက် ထနေသည်။
“စီနီယာအစ်ကို… ကျုပ်တို့ ဒီနေ့ ဓားလက်ခံဖို့ ရောက်လာပါတယ်”
ဓားစံအိမ်ထဲတွင် ကျောက်ယိုကျစ်နှင့် သူ့လူများက ဟန်မူယဲ့အား ဦးညွှတ်ကာ ပြောကြသည်။
သူတို့နောက်မှ အသစ်ပါလာသော အတွင်းစည်းဂိုဏ်းသား ၂ဦးကလည်း ရှေ့ကို တက်လာကာ စားပွဲပေါ်တွင် အကျိုးဆောင်မှတ် ၂မှတ် တင်လိုက်သည်။
ဟွမ်လောင်လျှိုက ပြုံးလျှက်ပင် အကျိုးဆောင်မှတ်များအား ယူလိုက်သည်။ ထို့နောက် သူက ပြောသည်။
“ကျုပ်တို့က တစ်ဂိုဏ်းတည်းသားပဲ။ ဒါက အလဟသ မဖြစ်ဘူးလား”
“ညီလေးဟန်… မင်းရဲ့ဂျူနီယာညီလေးတွေကို ဓားကောင်းကောင်းလေးတွေ ရွေးပေးလိုက်ပါဦး”