← Chapters

ဓားလာပေးသူ ကျိယွမ်

Vol. 4 Ch. 47

ဓားလာပေးသူ ကျိယွမ်

Vol. 4 Ch. 47

ဓားရွေးချယ်မည်ဆိုပါက လူကို အရင်ကြည့်ရပေမည်။

ကျောက်ယိုကျစ် ဓားလေ့ကျင့်သည်ကို ဟန်မူယဲ့ ကြည့်လျှက် တွေးတောနေသည်။

ကျောက်ယိုကျစ်၏ဓားသိုင်းသည် လွတ်လပ်၏။ သူသည် အင်အားကုန်သုံးလျှက် ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်သည်။

ဓားသိုင်းသည်ကား ကမ္ဘာမြေမျိုးဆက်၊ နံပါတ် ၂ အံ့ဖွယ်ဓားသိုင်းအမျိုးအစား တောင်ဖြိုဓားသိုင်း ဖြစ်သည်။

ဓားသိုင်းကို တစ်ကြိမ် ကစားပြပြီးနောက်တွင် ကျောက်ယိုကျစ်သည် စိုးရိမ်စွာဖြင့် ရပ်နေသည်။

သူသည် ဂိုဏ်းအကြီးအကဲတစ်ဦး၏အကဲဖြတ်မှုကို ခံယူနေရခြင်းနှင့် မခြားသော ခံစားချက်အား ခံစားနေရသည်။

“ဂျူနီယာညီလေးကျောက်…”

ဟန်မူယဲ့က အနည်းငယ် အထက်စီးမှ ဆက်ဆံသင့်သည်ဟု ခံစားမိသည်။ ကျောက်ယိုကျစ်အား ဂျူနီယာဟု ခေါ်ခြင်းက ပို၍ အထက်စီးဆန်သည်။

“စီနီယာအစ်ကိုဟန်.. ကျေးဇူးပြုပြီး ပြောပါ”

ကျောက်ယိုကျစ်က အသက်ပြင်းပြင်းရှူကာ ပြောသည်။

တခြားသော ဂိုဏ်းသားများကလည်း နားစွင့်ထားကြသည်။

အသစ်ပါလာသူနှစ်ဦးကား ဟန်မူယဲ့ကို ပို၍ပင် စိတ်ဝင်စားစွာ ကြည့်နေကြသည်။

အကျိုးဆောင်မှတ်တစ်ခုက မည်သို့သော လမ်းညွှန်မှုကို ရရှိပါမည်နည်း။

“ဂျူနီယာညီလေးကျောက်… မင်းဟာ ဘယ်သန်မလား”

ဟန်မူယဲ့က တည်ငြိမ်စွာ မေးသည်။

‘ဘယ်သန်…’

ကျောက်ယိုကျစ်နှင့် အတွင်းစည်းဂိုဏ်းသားတချို့တို့မှာ အံ့အားသင့်သွားပြီးမှ ခေါင်းယမ်းကြသည်။

“စီနီယာအစ်ကိုကျောက်ဟာ ဘယ်သန်မဟုတ်ဘူး”

အတွင်းစည်းဂိုဏ်းသားတစ်ဦးက တီးတိုးပြောသည်။

စီနီယာအစ်ကိုဟန်သည် အပြင်စည်းဂိုဏ်းသားများကို ညွှန်ကြားပြသရာတွင် အဆင်ပြေသော်လည်း အတွင်းစည်းဂိုဏ်းသားများကို လမ်းညွှန်ရန် အဆင့်မမှီသည်များလား။

ဟွမ်လောင်လျှို၏ပါးစပ်က တွန့်သွားသည်။ သူက ဟန်မူယဲ့အား လှမ်းကြည့်၏။

မဖြစ်နိုင်…။ စီးပွားရေးက အခုမှ စတင်ခြင်း ဖြစ်သည်။ သူတို့က ကောင်း‌ကောင်းပင် မစရသေးပါဘဲ ပျက်တော့မည်လား။

ကျောက်ယိုကျစ်က လက်နှစ်ဖက်ဆုပ်ကာ ပြောသည်။

“စီနီယာအစ်ကိုဟန်… ကျုပ်က ဓားကို လက်နှစ်ဖက်နဲ့ကိုင်ပေမဲ့… ဘယ်သန်တော့မဟုတ်…”

ထို့နောက် သူ စကားစကို ဖြတ်လိုက်သည်။

သူ၏အမူအရာက တမုဟုချင်း ပြောင်းလဲသွား၏။

အတွင်းစည်းဂိုဏ်းသားများအားလုံး သူ့ကို ကြည့်နေကြသည်။ ကျောက်ယိုကျစ် ဘာဖြစ်သွားသနည်း။

“ကျုပ် မှတ်မိပြီ။ ကျုပ် ငယ်ငယ်တုန်းက ပိုပြီး သက်တောင့်သက်သာဖြစ်တဲ့ ဘယ်လက်ရှိခဲ့တယ်။ နောက်ပိုင်း အသက် ၈ နှစ်လောက်ရောက်တော့ ကျုပ်မိဘတွေက အတင်းပြောင်းလဲခိုင်းခဲ့တယ်”

ကျောက်ယိုကျစ်က ဟန်မူယဲ့အား အလွန်လေးစားဟန်ဖြင့် ကြည့်သည်။

“တကယ်လို့ စီနီယာအစ်ကိုဟန်သာ ထုတ်မပြောရင် ကျုပ် တစ်ချိန်တုန်းက ဘယ်သန်ဆိုတာ မေ့သွားပြီပဲ”

သူက ထိုသို့ပြောလျှင် ဓားစံအိမ်တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဟန်မူယဲ့အား သံသယဝင်ခဲ့ကြသော အတွင်းစည်းဂိုဏ်းသားတချို့ ရွက်ရွံ့သွားကြသည်။

ဟွမ်လောင်လျှို၏ပါးစပ်က ဟနေသည်။ သူ၏ကျိုးနေသော သွားပေါ်အောင် အသာအယာ ရယ်မောလိုက်၏။

ကောင်လေးဟန်ကား ထူးခြားလှသည်။ သူက လူတစ်ယောက် အလေ့အထပြောင်းခြင်းကိုပင် ပြောနိုင်၏။

အသစ်ပါလာသော အတွင်းစည်းဂိုဏ်းသားနှစ်ဦးမှာလည်း စိတ်လှုပ်ရှားနေကြဟန်ရသည်။

ဟန်မူယဲ့က ခုံကို တစ်ဒေါက်ဒေါက် ခေါက်လိုက်သည်။ ထို့နောက် သူက တွေးတောလိုက်ကာ ကျောက်ယိုကျစ်အား ကြည့်သည်။

“ဂျူနီယာညီလေးကျောက်… မင်း ဓားသိုင်းပြောင်းကျင့်ဖို့ စိတ်ကူးဖူးလား”

‘ဓားသိုင်းကို ပြောင်းလဲရမည်လား’

ကျောက်ယိုကျစ် မည်သို့ ပြောရမည် မသိပေ။

သူ၏ဓားသိုင်းက မည်သည့်ပြဿနာရှိနေသနည်း။

‘ပြဿနာတစ်ခုခုရှိနေလို့များလား’

“မင်းရဲ့ဓားသိုင်းက မဆိုးဘူး။ အခြေခံလည်း ခိုင်တယ်”

“ဒါပေမဲ့ ဒီဓားသိုင်းမှာ အသေးစိတ်အချက်တချို့ကို ပြင်ဖို့လိုတယ်”

ကံကောင်းသည်ကား ဟန်မူယဲ့က သူ့ကို သိပ်ကြာကြာ စိတ်ရှုပ်အောင် မလုပ်တော့ဘဲ ထပ်ပြောသည်။

“ဒါပေမဲ့ မင်းဟာ ကမ္ဘာမြေမျိုးဆက်ဓားသိုင်းကို မကျင့်ဘဲ ဘယ်လက်နဲ့ တခြားဓားသိုင်းတစ်မျိုးကို ကျင့်ရင် အံ့အားသင့်စရာတစ်ခုခုဖြစ်လာမယ်လို့ ထင်တယ်”

‘ဘယ်လက်ဖြင့် ဓားကိုင်ရမည်လား’

စီနီယာအစ်ကိုဟန်ပြောသည်ကား အကယ်၍ သူသည်သာ ဘယ်လက်ဖြင့် ဓားသိုင်းကျင့်ပါက ပို၍ သန်မာနိုင်သည်။

ကျောက်ယိုကျစ်ကား အတန်ကြာ တိတ်ဆိတ်နေသည်။ ထို့နောက် သူက ခေါင်းယမ်းကာ ပြောသည်။

“စီနီယာအစ်ကို… ဓားသမားတွေဟာ ဖြောင့်မတ်သင့်တယ်လို့ ကျုပ် ယူဆတယ်။ ကျုပ်က ဒီလိုဓားသိုင်းကိုပဲ သဘောကျတယ်”

ဟန်မူယဲ့ ခေါင်းညိတ်သည်။

ဤကျောက်ယိုကျစ်ကား လူကောင်းတစ်ယောက် ဖြစ်သည်။

“စင်နံပါတ် ၁၅၊ ဓားနံပါတ် ၉၅၂၃၊ ရွှေခြင်္သေ့ဓား…”

“ဓားဟာ ၃ ပေ ၈ လက်မ ရှည်ပြီးတော့ ၁၅ ကီလိုဂရမ် လေးတယ်”

စာအုပ်ကို ဖွင့်ကာ ဟန်မူယဲ့က ဓားကို စာရင်းမှတ်လိုက်သည်။

ကျောက်ယိုကျစ်လှမ်းသွားကာ ဓားကို ရှာလိုက်၏။ သူက ဓားကိုမြင်လျှင် စိတ်လှုပ်ရှားသွားသည်။

ဓားသည် လေးလံကာ မာကြောဟန်ရ၏။ ဤသည်က သူတွေးထားသော ဓားပုံစံလည်း ဖြစ်သည်။

ဟန်မူယဲ့က ကျောက်ယိုကျစ်၏ပျော့ကွက်၊ဟာကွက်များနှင့်ပတ်သက်၍ လမ်းညွှန်မှုတချို့ ပြုလုပ်သည်။ အဆုံးသတ်၌ သူက ပြောသည်။

“တကယ်လို့ မင်း ဓားကို လဲမယ်ဆိုရင် ပြန်လာခဲ့ပါ”

‘ဓားကို လဲမည်လား’

ရွှေခြင်္သေ့ဓားကို ကိုင်ကာ ကျောက်ယိုကျစ် ပြုံးသည်။

သူက ဤဓားကို မည်သည့်အခါမှ ပြောင်းမည် မဟုတ်ပါ။

တစ်နာရီအတွင်း၌ ကျောက်ယိုကျစ်နှင့် သူ့လူများအား ဟန်မူယဲ့က ဓားများ ရွေးချယ်ပေးခဲ့သည်။

“ကောင်းပြီ… မင်းတို့ သွားကြတော့။  ဓားစံအိမ်က ကြာကြာနေသင့်တဲ့နေရာ မဟုတ်ဘူး”

ဟန်မူယဲ့ လက်ဝှေ့ယမ်းကာ သူ၏ခုံ၌ မှီလိုက်သည်။

ကျောက်ယိုကျစ်နှင့် တခြားလူများကလည်း အချင်းချင်းကြည့်ကာ ဦးညွှတ်ကြသည်။

“စီနီယာအစ်ကိုဟန်… ကျုပ်တို့ တာဝန်က ပြန်လာခဲ့အခါ ခင်ဗျားနဲ့ အစ်ကိုဟွမ်လောင်လျှိုကို သေရည်လိုက်တိုက်ပါ့မယ်”

ကျောက်ယိုကျစ်က ထိုသို့ပြောကာ ထွက်သွားသည်။

တခြားလူများကလည်း သူ့နောက်မှ လိုက်ပါသွားကြသည်။

“စီနီယာအစ်ကိုတို့… ဘေးကင်းတဲ့ခရီး ဖြစ်ပါစေ”

လုကော၏စိတ်ရင်းစကားမှာ တံခါးထံမှ ပျံ့လွင့်လာခဲ့သည်။

ဓားစံအိမ်ထဲတွင် ဟန်မူယဲ့ ထရပ်ကာ အဝတ်စဖြင့် ဓားများကို သန့်ရှင်းရေးသွားလုပ်သည်။

ဓားချီများ စုဆောင်းရန် အချိန်ကျရောက်လာပေပြီ။

ဤတစ်ကြိမ် သူသည် ဓားချီ ၂၅၀၀ ခန့် စုဆောင်းကာ နောက်ထပ် ဓားများထံသို့ ပို့ဆောင်ပေးခဲ့သည်။

ဟန်မူယဲ့သည် ဓားချီများ စုဆောင်းခြင်းနှင့် ဓားသိုင်းများ လေ့လာဆင်ခြင်ခြင်းများအား နှစ်သက်သည်။

အဝေးတွင် ထိုင်နေသော ဟွမ်လောင်လျှိုသည် စိတ်တက်ကြွနေခဲ့သည်။

နေ့လည်ပိုင်းတွင် ဂိုဏ်းသားသုံးယောက် ထပ်မံ၍ ဓားလက်ခံရန် ရောက်လာကြ၏။ သူတို့မှာ အတွင်းစည်းဂိုဏ်းတပည့်တစ်ဦးနှင့် အပြင်စည်းဂိုဏ်းသား ၂ဦးတို့ ဖြစ်သည်။

ဟန်မူယဲ့၏ဂုဏ်သတင်းကို သူတို့ မသိကြသေးဟန်ရသည်။ သူတို့မှာ ရိုကျိုးသော်လည်း ဟွမ်လောင်လျှိုက အရိပ်ပြသည့်တိုင် အကောင်ထင်ဟန်မရသော သကောင့်သားများမှာ ဝိညာဉ်ကျောက်တုံး ၁တုံးမျှ ထုတ်ပေးခြင်းမရှိခဲ့ကြပေ။

နောက် ၂ရက်အတွင်း ဟန်မူယဲ့လည်း ဓားများကို ဆက်လက် သန့်ရှင်းရေး လုပ်နေခဲ့သည်။ သူသည် ဓားချီများ စုဆောင်းကာ တခြားဓားများထံသို့ ပို့ဆောင်သည်။ ထို့နောက် ဓားသိုင်းအနည်းငယ် သင်ယူရရှိသည်။

သို့သော် ဟွမ်လောင်လျှိုကား ထိုနေရာတွင် ထိုင်နေရင်း အလွန်ပျင်းနေဟန်ရသည်။

နောက် ၂ ရက်အတွင်း ဓားစံအိမ်သို့ ခွေးတစ်ကောင် ကြောင်တစ်မြီးမှ ရောက်မလာပါ။

တံခါးဝတွင် လုကောမှာ အိပ်ငိုက်နေသည်။

“ဟေး… ငါတို့ဓားစံအိမ်က မြည်းတွေအတွက်လား”

“မင်း အိပ်ချင်ရင် အိမ်ပြန်…”

ဟွမ်လောင်လျှိုက လုကောအား ဒေါသထွက်ဟန်ဖြင့် ဆိုသည်။ ထို့နောက် သူ အပြင်ကို ထွက်သွား၏။

“အစ်ကို… ဘယ်ကို သွားမလို့လဲ”

လုကောက စိတ်ရှုပ်ဟန်ဖြင့် နောက်မှ အော်လိုက်သည်။

ဝိညာဉ်ကျောက်တုံး ၈ တုံး ဝင်ငွေကြောင့် ဓားစံအိမ်၏ဂိတ်စောင့်တာဝန်အား လုကော အလွန် သဘောကျနေပြီး ဖြစ်သည်။

ဂိတ်စောင့်…။ ဤကား သူက မိမိကိုယ်ကို ပေးထားသော နာမည် ဖြစ်သည်။

“ငါတော့ပျင်းနေပြီ။ အပြင်ကို လမ်းသွားလျှောက်ဦးမယ်”

ဟွမ်လောင်လျှိုက ပြောကာ ထွက်သွားသည်။

“ကျွန်တော် စားသောက်ဆောင်က ခင်ဗျားအတွက် စားစရာတွေ ယူလာခဲ့ပေးမယ်”

လုကောက အော်လိုက်သည်။

“ငါ ဝက်သားကင် စားချင်တယ်။ နူးအိအောင် ကင်ထားတာ”

ဟွမ်လောင်လျှိုက သွားနေရာမှ ခဏရပ်ကာ ထပ်ပြောသည်။

သူတို့၏စကားများကိုကြားကာ ဓားများကို သန့်ရှင်းရေးလုပ်နေသော ဟန်မူယဲ့ ပြုံးလျှက် ခေါင်းယမ်းသည်။

ဟွမ်လောင်လျှိုနှင့် သူ့ဓားထိန်းအကျိုးစီးပွားမှာ တရားဝင် မဖွင့်လှစ်ရသေးခင် ပျက်စီးသွားပြီ ဖြစ်သည်။

၂ ရက်အတွင်း ဓားစံအိမ်သို့ မည်သူမှ ရောက်မလာခဲ့ပါ။ ထိုအဖြစ်က ဟွမ်လောင်လျှိုအား စိတ်ညစ်စေသည်။

“အစ်ကိုလု… စုကျန်းဆေးဆိုင်ကို သွားပြီးတော့ ကျုပ်အတွက် ဒီဆေးအမယ်တွေ သွားယူပေး”

ဟန်မူယဲ့ တံခါးထံသို့ လှမ်းသွားကာ လုကောကို စာရွက်တစ်ရွက်ပေးသည်။

၎င်းမှာ တိမ်မြူချီဆေးလုံးအား ဖော်စပ်ရန် လိုအပ်သော ဆေးအမယ်များဖြစ်သည်။

သည်ရက်ပိုင်း သူ၏တိမ်မြူချီဆေးလုံးများမှာ ကုန်သွားပြီဖြစ်သည်။ သူက အသစ်ထပ်မံ၍ ဖော်စပ်လိုသည်။

ဓားချီများကို ပျိုးထောင်သန့်စင်ရန် ကြီးမားသော သဘာဝစွမ်းအားအရင်းအမြစ်များ လိုအပ်သည်။

လုကောက စာရွက်ကို ယူကာ ပြောသည်။

“အစ်ကိုဟန်… ကျုပ် သေချာပေါက် ဒီကိစ္စကို အဆင်ပြေအောင် လုပ်ပေးမယ်”

လုကော ဆေးပင်များ သွားယူနေစဉ် ဟန်မူယဲ့လည်း ခုံတွင် ထိုင်ကာ မျက်လုံးများကို မှိတ်လျှက် သူ တတ်မြောက်သွားသော ဓားသိုင်းအသစ်များအား ပြန်လည်သုံ့သနေသည်။

ဓားသိုင်းများသည် ရံဖန်ရံဖန် လေ့ကျင့်ခြင်းဖြင့်သာ ဆက်လက်တိုးတက်နိုင်သည်။

“တစ်ယောက်ယောက်ရှိလား”

“ကျုပ် ဓားပြန်လာပေးတာ”

ရုတ်တရက် ဓားစံအိမ်အဝင်ဝမှ အသံတစ်သံကို ကြားရသည်။

‘ဓား ပြန်လာပေးတာလား’

‘ဘယ်သူ သေသွားတာလဲ’

ဟန်မူယဲ့လှမ်းကြည့်လျှင် တံခါးဝမှ လမ်းလျှောက်ဝင်လာသော အတွင်းစည်းဂိုဏ်းသားဝတ်စုံဖြင့် လူငယ်တစ်ဦးအား မြင်ရသည်။

“ဓားစံအိမ်စည်းကမ်းအရ ဓားလက်ခံတာမဟုတ်ရင် ဓားစံအိမ်ထဲကို ဝင်ခွင့်မရှိဘူး”

“မင်း စည်းကမ်းကို မသိဘူးလား။ ဒါမှမဟုတ် မင်းက အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက မဟုတ်ဘူးလား”

ဟန်မူယဲ့ ထရပ်ကာ တည်ငြိမ်စွာ ပြောသည်။

အဖြူရောင်ဝတ်လူငယ် ဆတ်ခနဲ တုန်သွားသည်။ သူက ဖြေးညင်းစွာ နောက်ဆုတ်ကာ တံခါးဝထံသို့ သွားရပ်၏။ သူ၏လက်ထဲတွင် ဓားတစ်လက်ကို ကိုင်ထားသည်။

“အတွင်းစည်းဂိုဏ်းသား စီနီယာအစ်ကိုစုယန် သေဆုံးသွားတယ်။ ကျုပ် သူ့ဓားကို ပြန်လာပို့တာပါ”

စုယန်…

ထိုဓား…

အစိမ်းရောင်ဝတ်မိန်းကလေး၏နှလုံးသားကို တန်းတန်းမတ်မတ် စိုက်ဝင်သွားသော ဓားတစ်လက်…

အပြင်စည်းဂိုဏ်းသားကျိယွမ်၏ရုပ်သွင်… ထို့နောက် သူ ကမ်းပါးပေါ်မှ ပြုတ်ကျသွားသော မြင်ကွင်း…

ကျိယွမ်…

လူငယ်အား အသေအချာကြည့်လျှင် ဟန်မူယဲ့ စိတ်လှုပ်ရှားသွားသည်။

ဓားကို ကိုင်ထားသောလူငယ်သည် ကျိယွမ်နှင့် ၈၀ ရာနှုန်း တူညီသည်။

All Chapters