← Chapters

ကောင်လေးဟန်… မင်း ကံကြမ္မာကို ယုံကြည်လား

Vol. 4 Ch. 48

ကောင်လေးဟန်… မင်း ကံကြမ္မာကို ယုံကြည်လား

Vol. 4 Ch. 48

လူငယ်ကား ကျိယွမ် ဖြစ်သည်။

အပြင်စည်းဂိုဏ်း၏နံပါတ် ၈ … တစ်နှစ်ခန့် ဂိုဏ်းမှ ပျောက်ကွယ်နေသူ…

အံ့ဖွယ်ကိုးပါးဂိုဏ်း၏အပြင်တွင် ပုန်းကွယ်နေမည့်အစား သူသည် ဓားစံအိမ်သို့ ရောက်လာခဲ့သည်။

ထို့အပြင် သူသည် အတွင်းစည်းဂိုဏ်းသားဝတ်စုံကိုလည်း ဝတ်ထားသည်။

သက်ပြင်းတစ်ချက် ရှိုက်လိုက်ကာ ဟန်မူယဲ့က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် ဓားကို ယူလိုက်သည်။

ဓားကား ထိလိုက်သည်နှင့် အေးစက်မှုကို ခံစားရကာ ၎င်းတွင် သတ်ဖြတ်လိုသော အငွေ့အသက်လည်း ရှိနေသည်။

ဓားသည် လတ်တလောတွင် လူသတ်ရန် အသုံးပြုထား၏။

ဓားလက်ကိုင်ကို ဟန်မူယဲ့က တင်းတင်းဆုပ်လိုက်သည်။

ကလင်…

ဓားကို ထုတ်လိုက်လျှင် အေးစက်သော အငွေ့အသက်များ ပျံ့လွင့်သွား၏။

“ကျုပ်က အတွင်းစည်းဂိုဏ်းတပည့်တစ်ယောက်ရဲ့ဓားကို လက်ခံခဲ့တယ်။ ဓားဟာ ပျက်စီးခြင်း မရှိဘူး”

သူက ဓားကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်သည်။ ထို့နောက် သစ်သားစင်ထံသို့ လျှောက်လာ၏။

ဟူး…

သူ၏အာရုံထဲတွင် ပုံရိပ်များ အဆက်မပြတ် ဖြစ်ပေါ်လာသည်။ ပြင်းထန်သော အငွေ့အသက်တစ်ခုသည် သူ၏စိတ်နယ်ပယ်ထဲကို တိုးဝင်လာကာ ဟန်မူယဲ့၏မျက်နှာအား ပြာနှမ်းသွားစေသည်။

မြင်ကွင်းထဲတွင် ကျိယွမ်၏လက်ထဲမှဓားသည် အဆက်မပြတ် လှုပ်ရှားသွားကာ သွေးများ စွန်းထင်းသွား၏။

အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှ တပည့်များ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်။

အသတ်ခံရသူများမှာ ဝူထန့်နှင့် မီးဓာတ်မျိုးဆက်မှ တပည့်များ ဖြစ်ကြသည်။

သတ်လိုက်သူကား အမှန်တကယ် ကျိယွမ် ဖြစ်သည်။

သူ၏ချီပင်လယ်တွင် အနီရင့်ရောင်ဓားဆန္ဒသည် အပြင်ကို ထွက်လာကာ တံခါးဝတွင် ရပ်နေသော ကျိယွမ်အား သတ်ဖြတ်လိုဟန်ဖြင့် လှုပ်ရှားလာသည်။

သို့သော်လည်း ဟန်မူယဲ့ ဖိနှိပ်လိုက်သည်။

သူသည် ဓားကို စင်တွင် တည်ငြိမ်စွာ ထားလိုက်ကာ စားပွဲသို့ ပြန်လျှက် မှင်တံကို ကောက်ကိုင်လိုက်သည်။

“ဓားစံအိမ်ဆီကို ဓားပြန်ပို့တဲ့လူရဲ့နာမည်… ပြီးတော့ ကျင့်ကြံတဲ့မျိုးဆက်…”

သူ၏စကားက တံခါဝတွင် ရပ်နေသော ကျိယွမ်အား အံ့အားသင့်သွားစေသည်။

“ဓားပြန်ပို့တာမှာ ဒီလို လုပ်ထုံးလုပ်နည်းလည်း ရှိသေးတာလား။ ကျုပ် ဘာလို့ မသိရတာလဲ”

ဟန်မူယဲ့ မှင်တံကို ကိုင်ထားရင်းက သူ့အား မော့ကြည့်သည်။

“မင်း အရင်ကလည်း ဓားပြန်ပို့ဖူးတာလား”

ကျိယွမ် တောင့်တင်းသွားကာ ခေါင်းယမ်းသည်။

“မပို့ဖူးဘူး”

ထို့နောက် သူက အသံတိုးတိုးဖြင့် ပြောသည်။

“ကျုပ်နာမည် ကျူးကွမ်းရှန့်… ကျုပ်က သစ်သားမျိုးဆက်အကြီးအကဲ ချင်လင်းရဲ့လက်အောက်မှာ ကျင့်ကြံတယ်”

ဟန်မူယဲ့ မှတ်သားလိုက်ကာ ခေါင်းညိတ်သည်။

“ပြီးသွားပြီ”

ကျူးကွမ်းရှန့် နောက်လှည့် ထွက်ခွာသွားသည်။

“ကျူးကွမ်းရှန့်… ချင်လင်း…”

ဟန်မူယဲ့ မှင်တံကို ချလိုက်သည်။

သူ၏စိတ်နယ်ပယ်ထဲတွင် အားကောင်းသော အငွေ့အသက်သည် ပျံ့နှံ့လာခဲ့ကာ ဟန်မူယဲ့အား ထိန်းချုပ်ရန် ကြိုးစား၏။

ဟူး…

ဟန်မူယဲ့၏ချီပင်လယ်မှ ဓားဆန္ဒတစ်ခု လှုပ်ယမ်းသွားသည်။

သူ၏စိတ်နယ်ပယ်မှ ထိုအငွေ့အသက်မှာ ချက်ချင်း အပိုင်းပိုင်းအစစ ဖြစ်ကာ ပျက်စီးပျောက်ကွယ်သွား၏။

“ဆိုတော့ ဓားမှာ ဓားထိန်းတစ်ယောက်ရဲ့မှတ်ဉာဏ်ကို ဖျက်ဆီးနိုင်တဲ့ အငွေ့အသက်တစ်ခု ရှိနေတာကြောင့် ဒီဓားဟာ ဓားစံအိမ်ကို ဘယ်လိုရောက်လာတာလဲ တစ်ယောက်မှ မမှတ်မိတာပဲ”

“ပြီးတော့ ဒီဓားကို ထုတ်ကြည့်မိတဲ့ ဓားထိန်းဟာလည်း အဲဒီအငွေ့အသက်ကြောင့် သေသွားရတာပဲ”

ဟန်မူယဲ့၏မျက်နှာက တင်းမာသွားသည်။

အသတ်ခံရသူမှာ ဓားစံအိမ်၏ဓားထိန်းဖြစ်သည်။

သူက လက်စားချေလို၏။

‘စုယန် မည်သို့ သေဆုံးသွားသနည်း’

သူက အကြီးအကဲအား တင်ပြသင့်သလား။

သူက ထိုသို့လုပ်နိုင်သည်။ သို့သော် ကောင်းသော အကြံအစည်မဟုတ်ပါ။

သူသိသော အချက်အလက်များ မည်သည့်နေရာက လာသည်ကို ဟန်မူယဲ့ ရှင်းပြနိုင်စွမ်း မရှိချေ။

သူက ကျူးကွမ်းရှန့်ကို တိုက်ရိုက် သတ်ဖြတ်သင့်သလား။

ထိုအကြံကလည်း သိပ်မကောင်းချေ။

တစ်ခါတစ်ရံ သတ်ဖြတ်ခြင်းသည် ပြဿနာကို မပြေလေသွားစေပါ။

ဓားကို ပြန်ပို့သည့် ကျူးကွမ်းရှန့်တွင် မည်သည့်ရည်ရွယ်ချက် ရှိသနည်း။

အဖြေမှာ ဓားစံအိမ်တွင် ရှိနိုင်လောက်၏။

ဟန်မူယဲ့က စင်ပေါ်မှ ဓားများကို ကြည့်သည်။

ဟန်မူယဲ့၏မျက်လုံးကို တုန့်ပြန်သည့်အလား ဓားများသည် အနည်းငယ် တုန်ခါသွားကြ၏။

…

ဓားစံအိမ်တံခါးဘေးတွင် သစ်သားစားပွဲငယ်တစ်ခုဖြင့် အစားအသောက်များ တည်ခင်းထားသည်။ စားပွဲဘေးပတ်လည်၌ ဟန်မူယဲ့၊ ဟွမ်လောင်လျှိုနှင့် လုကောတို့ ထိုင်နေကြသည်။

လုကောမှာ ဓားစံအိမ်မှ ဓားချီများအား မခံနိုင်ရာ သူတို့က ဓားစံအိမ်အပြင်ဘက်တွင်သာ အတူတူစားသောက်နိုင်ကြ၏။

ဟန်မူယဲ့မှာ တစ်စုံတစ်ခုကို အတွေးနက်နေကာ မည်သည့်စကားမှ မဆိုချေ။

ဟွမ်လောင်လျှိုမှာ အပြင်သို့ လမ်းလျှောက်သွားပြီး ပြန်ရောက်ကတည်းက စိတ်များ ပျံ့လွင့်နေဟန်ရသည်။

ထို့ကြောင့် အခြေအနေက အနည်းငယ် တိတ်ဆိတ်ငြိမ်သက်နေ၏။

“အစ်ကို… ဒီနေ့ အသားကို အရမ်းနူးညံ့တာကိုပဲ ကျုပ်ရွေးယူခဲ့တယ်”

လုကောက အသားတုံးများကို ညွှန်ပြကာ ပြောသည်။

“ငါ ဟွမ်ကျန်းရှုံးက အသားတစ်တုံးတောင် မဝါးနိုင်လို့လား။ ငါက အထူးတလေ ရွေးဖို့ လိုသေးလို့လား”

ဟွမ်လောင်လျှိုက စားပွဲအား တူဖြင့် အသာထုလိုက်ကာ ထရပ်လျှက် သူ၏အခန်းသို့ ပြန်သွားသည်။

လုကောမှာ ပါးစပ်ကြီးဟလျှက် ဟန်မူယဲ့အား ကြည့်သည်။

ဟန်မူယဲ့ ခေါင်းယမ်းကာ ပြောသည်။

“သူ့ကို လျစ်လျူရှုထားလိုက်”

နေ့လည်ပိုင်းတွင် ဟန်မူယဲ့ သူ့အခန်းထဲသို့ ဝင်ကာ တိမ်မြူချီဆေးလုံးတချို့ကို ဖော်စပ်သည်။

ဓားချီဖြင့် ဖော်စပ်ခဲ့သော ဆေးလုံးများအားလုံးမှာ အမြင့်ဆုံးအရည်အသွေးများ ဖြစ်ကြသည်။

ထို့အပြင် သူက ဆေးတစ်ဖုံတွင် ဆေးလုံး ၅လုံး ရရှိသည်။

သူ၏ကျင့်ကြံဆင့်က ချီစုဆောင်းခြင်းသို့ ရောက်ရှိခြင်းကြောင့်ပေလော၊ သို့မဟုတ် သူ၏ခန္ဓာကိုယ်ကျင့်ကြံခြင်းက တိုးတက်လာခြင်းကြောင့်လော မပြောတတ်၊ ဟန်မူယဲ့သည် တစ်နေ့ခင်းလုံး ဆေးလုံးဖော်စပ်နေသော်လည်း ပင်ပန်းခြင်း မရှိချေ။

နေဝင်လျှင် လုကောသည် စံအိမ်တံခါးကို ပိတ်လိုက်သည်။ ဟန်မူယဲ့ အခန်းထဲမှ ထွက်လာသောအခါ သေရည်နံ့များ တစ်ထောင်းထောင်းထနေသော ဟွမ်လောင်လျှိုအား မြင်သည်။

ဟွမ်လောင်လျှိုသည် ပုံမှန်အားဖြင့် အိပ်ရာမဝင်မှီတွင်သာ သောက်တတ်သည်။ နေ့ပိုင်းတွင် မူးနေသော သူ့အား ဟန်မူယဲ့ မမြင်ဖူးချေ။

“အစ်ကို… ဒီနေ့ ဘာဖြစ်နေတာလဲ”

ဟွမ်လောင်လျှိုကား ကောင်းမွန်သော စိတ်နေစိတ်ထားရှိသည်။ သူက အနည်းငယ် ကပ်စေးနဲသော်လည်း ဟန်မူယဲ့အပေါ် အလွန်ကောင်းသည်။

ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ရီဝေသော မျက်လုံးများဖြင့် ကြည့်သည်။ ထို့နောက် သူက ခေါင်းယမ်းသည်။

“ကောင်လေး… မင်းလို မိန်းမလှလေးတွေနဲ့ ခဏခဏ ချစ်ပန်းပွင့်နေတတ်တဲ့ကောင်မျိုးက ငါ့နှလုံးသားထဲက ခါးသီးမှုတွေကို နားလည်မှာလားကွာ”

‘ခဏခဏချစ်ပန်းပွင့်…’

သူက ထိုသို့လူလား…။

ဟန်မူယဲ့ ငြင်းပယ်လိုသော်လည်း သူက မူဝမ်နှင့် ပိုင်စုကျန်းတို့အပြင် ချောင်းချင်းအာတို့အား ပြန်တွေးမိသည်။

သူက ဟွမ်လောင်လျှိုထက် အမှန်တကယ် မိန်းကလေးများကြား ကျော်ကြားသည်များလား။

ဟန်မူယဲ့ ခြောင်းဟန့်ကာ ပြောသည်။

“အဟမ်း… အစ်ကို… တောင်အောက်မှာ သုံးညခံ ဝိညာဉ်ကျောက်တုံးရှိတယ်ဆို…”

ကြည့်ရသည်မှာ ဟွမ်လောင်လျှိုတစ်ယောက် တောင့်မခံနိုင်တော့ဟန်တူသည်။

“ညီလေးဟန်… ငါက အဲဒီလိုလူလား”

ဟွမ်လောင်လျှိုက ဒေါသတကြီး ပြောသည်။

“မဟုတ်ဘူး… မဟုတ်ဘူး…”

ဟန်မူယဲ့ အလျင်အမြန် ပြုံးလျှက်ပြောသည်။

ဟွမ်လောင်လျှိုက ခေါင်းယမ်းကာ သေရည်အိုးကို မော့လိုက်သည်။ သို့သော် သေရည်များ မရှိတော့ပါ။

သူက သက်ပြင်းချကာ တီးတိုးပြောသည်။

“ကောင်လေးဟန်… မင်း ကံကြမ္မာကို ယုံကြည်လား”

‘ကံကြမ္မာ…’

‘မည်သည့်ကံကြမ္မာကို ယုံရမည်နည်း’

ဟန်မူယဲ့က ခေါင်းယမ်းလိုသော်လည်း အတွေးတစ်ချက် ဝင်လာကာ အလျင်အမြန် ခေါင်းညိတ်လိုက်သည်။

“ကျုပ် ယုံတယ်”

ကောင်းမွန်သော နားထောင်သူတစ်ဦးသည် ပြည့်စုံသော ပူးပေါင်းပါဝင်မှု လိုအပ်သည်။

သိသာစွာပင် ဟွမ်လောင်လျှိုသည် သူ့ငယ်ပေါင်းကြီးဖော်နှင့် ပြန်တွေ့သည့်အလား လက်ဆန့်တန်းကာ ဟန်မူယဲ့အား ဖက်လိုက်သည်။

“ငါလည်း ယုံတယ်ကွ”

“ဒီနေ့ ငါ သူမကို တွေ့တယ်”

“သူမ…”

ဟန်မူယဲ့ မျက်တောင်ပင့်လိုက်သည်။ သူကား မူလကကဲ့သို့ မအိပ်ချင်တော့ပေ။

ရင်ဖွင့်ရန် တစ်စုံတစ်ယောက် တွေ့သည်နှင့် ဟွမ်လောင်လျှိုကား ကရားရေလွှတ် ပြောတော့သည်။

သူ၏မွေးရပ်မြေမြို့သည် အံ့ဖွယ်ကိုးပါးဂိုဏ်းနှင့် ကီလိုမီတာ တစ်ထောင်ခန့်အကွာ၌ ရှိသည်။

လွန်ခဲ့သော ဆယ်နှစ်က လူငယ်တစ်စု ကျင့်ကြံခြင်းဂိုဏ်းများသို့ ဝင်ရန် ခရီးနှင်လာကြသည်။

သူတို့ထဲတွင် ယောက်ကျားလေးများနှင့် မိန်းကလေးများ ပါဝင်သည်။

ပုံပြင်က ရိုးရှင်းသည်။

ဟွမ်လောင်လျှိုသည် မိန်းကလေးတစ်ဦးအား မြင်မြင်ချင်း ကြိုက်မိသွား၏။

သို့သော်လည်း သူက ခံစားချက်များအား မျိုသိပ်ထားသည်။

သူတို့မှာ ဂိုဏ်းတချို့ကို သွားရောက်ခဲ့ကာ တချို့မှာ ဂိုဏ်းများသို့ ဝင်ခွင့်ရပြီး တချို့မှာ မွေးရပ်မြေမြို့သို့ ပြန်ကြရသည်။

မိန်းကလေးသည် ဂိုဏ်းတစ်ဂိုဏ်းသို့ ဝင်ခွင့်ရသည်။ ဟွမ်လောင်လျှိုကား မွေးရပ်မြေမြို့သို့ ပြန်ခဲ့သည်။

“ဒါဆို အစ်ကို… ခင်ဗျားက ကောင်းကင်ဘုံအဆင့်ကို ရောက်ချင်တယ်ဆိုတာ… အာ… မရီးကြောင့်လား”

ဟန်မူယဲ့က အသံတိုးတိုးဖြင့် မေးသည်။

ဟန်မူယဲ့က မရီးဟု ညွန်းဆိုလျှင် ဟွမ်လောင်လျှို၏မျက်နှာ နီမြန်းသွားသည်။

“အဲဒီတုန်းက ငါ ကောင်းကင်ဘုံအဆင့်ရောက်တာကို သူမ မြင်စေချင်ကြောင်း တကယ်လည်း ပြောခဲ့တယ်”

ဟွမ်လောင်လျှိုက ရေရွက်သည်။

ထို့နောက် သူက စိတ်လှုပ်ရှားစွာ ပြောသည်။

“ကောင်လေးဟန်… ငါ ညီမလေးဖျင်ကို ဒီနေ့ တွေ့ခဲ့တယ်”

“ဒါပေမဲ့ သူမက ငါ့ကို မမှတ်မိတော့ဘူး”

ဟွမ်လောင်လျှို စိတ်ဓာတ်ကျစွာဖြင့် ခုံတွင် မှီလိုက်သည်။

‘မြင်ခဲ့သည်လား’

သူသည် လွန်ခဲ့သော ဆယ်နှစ်ခန့်က တခြားဂိုဏ်းတစ်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သော လူတစ်ဦးအား အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် မြင်ခဲ့သည်လား။

ဟန်မူယဲ့က မေးသည်။

“သူတို့က ဂိုဏ်းစုံညီစုဝေးပွဲကို လာကြတာမလား။ မရီးက ဘယ်ဂိုဏ်းကလဲ”

“သန့်စင်ရေကျောင်းတော်… ညီမလေးဖျင်ဟာ သန့်စင်ရေကျောင်းတော်ရဲ့အတွင်းစည်းဂိုဏ်းသားပဲ”

“ဟူး… သူမက အခု အတွင်းစည်းဂိုဏ်းသားဖြစ်နေပြီ။ ငါကတော့ လူမသိတဲ့ ဓားထိန်းတစ်ယောက်ပဲ”

ဟွမ်လောင်လျှို စိတ်ဓာတ်ကျစွာ ပြောသည်။

သန့်စင်ရေကျောင်းတော်…

ဟန်မူယဲ့သည် ထိုနာမည်အား ချင်ယွမ်ဟယ်၏မှတ်ဉာဏ်ထဲတွင် တွေ့ခဲ့သည်။

ထိုဂိုဏ်းသည် ကျင့်ရှန်းဂိုဏ်းနှင့် ပူးပေါင်းလိုက်ပြီး ဖြစ်သည်။

ဟန်မူယဲ့၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွား၏။

All Chapters