← Chapters

မိစ္ဆာချုပ်နှောင်သူအဖွဲ့

Vol. 15 Ch. 204

မိစ္ဆာချုပ်နှောင်သူအဖွဲ့

Vol. 15 Ch. 204

မိစ္ဆာချုပ်နှောင်ခြင်း၊ အဋ္ဌမမန္တန်။

ဤသည်မှာ မန်ဟို အမှန်တကယ် ကျွမ်းကျင်တတ်မြောက်ထားသည့် မိစ္ဆာချုပ်နှောင်ဂိုဏ်း၏ တစ်ခုတည်းသော မှော်ပညာရပ်ဖြစ်သည်။ ၄င်းက မှော်ပညာရပ်မဟုတ်ဘဲ နတ်ဘုရားစွမ်းရည်တစ်ခုဟုပင် ပြောနိုင်လောက်သည်။

မိစ္ဆာချုပ်နှောင်သူမျိုးဆက်တိုင်းသည် မန္တန်အသစ်တစ်ခုစီ ဖန်တီးရပြီး ဤတစ်ခုက ရှစ်ဆက်မြောက် မိစ္ဆာချုပ်နှောင်သူ ဖန်တီးခဲ့သည့်အရာပင်။ ကိုးဆက်မြောက် မိစ္ဆာချုပ်နှောင်သူအနေဖြင့် မန်ဟိုလည်း အရာရာတိုင်းကို ရင်ဆိုင်ရန် ပြင်ဆင်ထားခဲ့သင့်သည်။ သို့သော် မှီခိုရာဂိုဏ်းချုပ်က အကုန်လုံး ဖျက်စီးပစ်ခဲ့လေသည်။ ကံကောင်းခြင်းနှင့်အတူ တိုက်ဆိုင်မှုအမြောက်အမြားမရှိခဲ့ပါက မန်ဟို အဋ္ဌမမိစ္ဆာချုပ်နှောင်မန္တန်ကို ဘယ်တော့မှ သိရှိခဲ့မည် မဟုတ်ပေ။

သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ညာလက်ကို နှိမ့်ချလိုက်သည်။ မြင်ကွင်းထဲ ရှိရှိသမျှ အရာအားလုံး၏ သရဲပုံရိပ်များ ပေါ်လာသည်။ မန်ဟို၏ ခန္ဓာကိုယ် စတင်တုန်ရီလာပြီး ကမ္ဘာကြီး တသိမ့်သိမ့်တုန်လာသည်။ အရာအားလုံးသည် ကျိုးကျဲ အပေါ် ပုံကျလာရာ မရေမတွက်နိုင်သော သရဲပုံရိပ်များအား သူ့ပတ်ပတ်လည်တွင် ပေါ်ပေါက်လာစေသည်။

ဤအရာအားလုံးကို ဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း တကယ်တမ်း ခဏအတွင်း ဖြစ်ပျက်သွားခြင်းပင်။ သရဲပုံရိပ်များ လွင့်ပျယ် ပျောက်ကွယ်လာသသည်နှင့်အမျှ မချိတင်ကဲအော်သံများ ကျိုးကျဲထံမှ ပဲ့တင်ထပ်၍ ထွက်လာသည်။ အသံများက သူ့အသံမဟုတ်၊ သူ၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားခဲ့သည့် ဝိညာဥ်များမှ ဖြစ်သည်။

ကျိုးကျဲ တစ်ကိုယ်လုံးဆတ်ဆတ်တုန်သွားပြီး သူ၏မျက်လုံးများမှာ ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွားသည်။ သူ၏ခန္ဓာကိုယ်မှ အနက်ရောင်ချီစီးကြောင်းများ လွင့်မျော ထွက်လာသည်။ ၄င်းတို့သည် အတိုင်းထက်အလွန် သိပ်သည်းထူထပ်ပြီး ချီများ အတွင်းတွင် ကြောက်ရွံ့ထိတ်လန့်မှု၊ ရူးသွပ်မှုတို့ဖြင့် လိမ်ဖယ်ရှုံ့တွနေသော တစ္ဆေကိုးကောင်ကို မြင်နိုင်သည်။

ဘယ်သူမှ ဤပုံသဏ္ဍာန်များကို မမြင်ရသလို...... သွေးပျက်ချောက်ချားဖွယ် အော်သံများကိုလည်း...... မကြားနိုင်။

မန်ဟို တစ်ယောက်တည်းသာ ၄င်းတို့အားလုံးကို မြင်ရ၊ ကြားရသည်။ သူသည် ကိုးဆက်မြောက် မိစ္ဆာချုပ်နှောင်သူဖြစ်ပြီး သူ၏စွမ်းအင်ကို အပြည့်အဝနားမလည်သေးသည့်တိုင် သူ၏သွေးစက်က ကိုးဆက်မြောက်ဖြစ်သည့် သူ၏သရုပ်မှန်ကို အတည်ပြုပြီးသွားလေပြီ။ ယင်းကား ငြင်းပယ်၍မရသော အမှန်တရားပင်။

ထို့ကြောင့် သူ ဤအရာများကို မြင်နိုင်သည်။

တစ္ဆေဝိညာဥ်များသည် မချိတင်ကဲ စူးစူးဝါးဝါးအော်ပြီးနောက် စကားပြောလာကြသည်။

"မိစ္ဆာချုပ်နှောင်သူအဖွဲ့၊ မင်းက ကိုးဆက်မြောက်ပဲ....."

"ငါတို့ တာအိုကို သဘောပေါက်နားလည်ခဲ့တဲ့နေ့ ၊ မင်းတို့ မိစ္ဆာချုပ်နှောင်သူတွေ ငါတို့ကို တားဆီးပိတ်ပင်ခဲ့တယ်။ ငါ့ကို သန့်စင်ပြီးတော့ မိစ္ဆာတွေ မလာအောင် ဟန့်တားခဲ့တယ်"

"ဘယ်သူက မိစ္ဆာချုပ်နှောင်သူအဖွဲ့ကို ဂရုစိုက်လို့လဲ။ သူတို့တွေက နောက်ဆုံးကျရင် ငါတို့လို ကောင်းကင်နဲ့မြေကြီးမှာ လွင့်မျောနေတဲ့ ဝိညာဥ်တွေ ဖြစ်လာမှာပဲ"

သူတို့၏စကားလုံးများ ပဲ့တင်ထပ်နေစဥ် သူတို့၏ခန္ဓာကိုယ်များ စတင်တုန်ရီလာပြီး အော်ဟစ်သံများ ပိုမိုကျယ်လောင်လာသည်။ သူတို့ပတ်လည်ရှိ အနက်ရောင်ချီများ လွင့်စင်ပျောက်ကွယ်လာပြီး သူတို့သည် မြေကြီးထဲ စတင်စုပ်ယူခံလာရ၏။ သူတို့၏ ပုံသဏ္ဍာန်များ ဝိုးတိုးဝါးတားဖြစ်လာပြီးနောက် စတင် ပျောက်ကွယ်လာတော့သည်။

မန်ဟိုက အလေးအနက်တွေးတောနေရင်း ကြည့်နေသည်။ မိစ္ဆာချုပ်နှောင်သူများအကြောင်း သူ များများစားစား မသိပေ။ သူ့မှာ လမ်းခရီးတစ်လျှောက် ဖြေးဖြေးချင်း လေ့လာနေရခြင်း ဖြစ်သည်။ လေလွင့်ဝိညာဥ်များကို ကြည့်လိုက်စဥ် သူ၏မျက်လုံးထဲ၌ အေးစက်သော အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်သည်။

လေလွင့်ဝိညာဥ်များ ပျောက်ကွယ်သွားပြီး သူတို့၏ သေခါနီးအော်သံများက မန်ဟို့၏နားထဲ ဝင်ရောက်လာသည်။

" မိစ္ဆာချုပ်နှောင်သူအဖွဲ့ကို ပြိုကွဲပါစေ။ သခင်ကျီဟာ မိုးကောင်းကင်ကို အစားထိုးပြီး အင်မိုတယ်ချုပ်နှောင်ခြင်းစင်မြင့်ကို သွန်းလုပ်ခဲ့တယ်။ ငါတို့က အင်မိုတယ်ဖြစ်လာဖို့ ရုန်းကန်ခဲ့ရပြီး သေဆုံးခဲ့ရတယ်။ ဘာကြောင့်လဲ။ မင်းတို့ အဖွဲ့က ငါတို့ကို တာအိုမရအောင် ဟန့်တားခဲ့ကြတာလေ။ အကြောင်းကိစ္စတွေ ပြောင်းလဲမယ့် အထိပဲစောင့်။ ကောင်းကင်နဲ့မြေကြီးမှာရှိတဲ့ မရေမတွက်နိုင်တဲ့ လေလွင့်ဝိညာဥ်တွေအားလုံး မင်းကို ဝါးမြိုပစ်မယ်"

အသံများ ဆက်လက်ပဲ့တင်ထပ်နေစဥ် ကျိုးကျဲ၏ ဖြူဖျော့နေသော မျက်နှာမှာ အသိပြန်ဝင်လာပုံရသည်။ သူ၏မျက်လုံးများမှာတော့ ဇဝေဇဝါဖြစ်နေမှုများ ပြည့်နှက်နေဆဲပင်။

မန်ဟိုက သူ့ကို တခဏကြာသည်အထိ အလေးအနက်ကြည့်နေပြီးနောက် အင်္ကျီလက်စခါရင်း ချာခနဲ လှည့်ကာ မိုးရေထဲသို့ လမ်းလျှောက်ထွက်သွားတော့သည်။

ကျိုးကျဲသည် ပျောက်ကွယ်သွားသော မန်ဟို၏ ပုံရိပ်ကို ကြည့်နေသည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် လက်ယှက်ကာ လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

"နောက်တစ်ကြိမ် ကျုပ်တို့ တိုက်ခိုက်ရင်" သူက အလွန်တိုးညှင်းသော အသံဖြင့် ပြောသည်။ "ကျုပ် နိုင်ရင်တောင်မှ ခင်ဗျားကို မသတ်ဘူး။ ကျုပ် ခင်ဗျားရဲ့ကြင်နာမှုကို ပြန်ပေးဆပ်ပြီး ကျုပ် ကျင့်ကြံခြင်းရဲ့ ခိုင်မာပြတ်သားမှုကို သက်သေပြမယ်" ထို့နောက် သူသည် အားအင်ချည့်နဲ့စွာ လှည့်လိုက်ပြီး အလင်းတန်းအသွင်ဖြင့် ပျောက်ကွယ်သွားတော့သည်။

ထိုစဥ် ချင်းလော်ဂိုဏ်း၏ တောင်တစ်သောင်းရှိ ထုံးကျောက်ဂူတစ်လုံး အတွင်းထဲတွင်......... လေလွင့်ဝိညာဥ်များ သေဆုံးသွားသည့် အခိုက်အတန့်၌ ဒေါသတကြီး ဟိန်းဟောက်သံများ ကြားလိုက်ရသည်။ ၄င်းတို့သည် ကောင်းကင်အထိ ပဲ့တင်ထပ်သွားသော်လည်း ချင်းလော်ဂိုဏ်းသားတစ်ယောက်မှ မကြားနိုင်ပေ။

"မိစ္ဆာချုပ်နှောင်သူအဖွဲ့။ သူက မိစ္ဆာချုပ်နှောင်သူအဖွဲ့ကပဲ"

"သောက်ချီးတဲဲ့မှ မိစ္ဆာချုပ်နှောင်သူတွေ။ မျိုးဆက်တိုင်း၊ မျိုးဆက်တိုင်းပဲ။ သခင်ကျီ သူတို့ကို ကြောက်လို့ ကိုးဆက်မြောက်မိစ္ဆာချုပ်နှောင်သူ သေပါစေလို့ ကျိန်စာတိုက်ခဲ့တာ။ ဒါက ကိုးဆက်မြောက်ပဲ......"

"သေ သေ သေစမ်း........မိစ္ဆာချုပ်နှောင်သူအဖွဲ့ သေရမယ်။ မျိုးဆက်တိုင်း"

"အင်မိုတယ်ချုပ်နှောင်ခြင်းစင်မြင့်မှာ မိစ္ဆာချုပ်နှောင်သူတစ်ယောက်ရဲ့ ဝိညာဥ်ပဲ မရှိတာ။ သူ့ကိုရှာ။ သူ့ဝိညာဥ်ကို ဖမ်း၊ အင်မိုတယ်ကိုယ်ရအောင် သူ့သွေးကိုသောက်"

ဟိန်းဟောက်သံ မြည်ဟည်းလာသဖြင့် တောင်တစ်သောင်းလုံး ရုတ်တရုတ် တသိမ့်သိမ့် တုန်သွားသည်။ တောင်၏ စိတ်ဝိညာဥ်များ လှုံ့ဆော်ခံလိုက်ရသည့်အလား တောင်တန်းများ တုန်ခါလာပြီး မြေငလျင်တို့ လှုပ်ခတ်လာသည်။ အနက်ရောင်ချီစီးကြောင်းများ လွင့်မျောတက်လာရာ ကောင်းကင်အား မည်းမှောင်လာစေသည်။

သို့သော် အနက်ရောင်ချီစီးကြောင်းများ ထိုးထွက်တော့မည့် အခိုက်အတန့်မှာပင် ကောင်းကင်မှ တောင်ပိုင်းဒေသ၏ ပြန်လည်မွေးဖွားခြင်းဂူအနားသို့ ပြုတ်ကျလာခဲ့သော အလောင်း ရုတ်တရက် တုန်ရီသွားသည်။ ၄င်း တုန်ရီသွားစဥ် သက်ရှိလူသားတစ်ယောက်မှ မမြင်နိုင်သော ချီတစ်ခု ၄င်းထံမှ ထွက်လာသည်။ ထိုချီသည် ချက်ချင်းပင် ကြောက်ခမန်းလိလိအားကြီးဖြင့် တောင်ပိုင်းဒေသတစ်ခွင်လုံး ပြည့်နှက်သွားစေရင်း ပျံ့နှံ့လာသည်။

ဤကြောက်ခမန်းလိလိအားကြီးက တောင်တစ်သောင်းအောက်ရှိ လေလွင့်ဝိညာဥ်များကို တုန်ရီသွားစေသည်။ အရာအားလုံး တိတ်ဆိတ်လာသည်။

"မင်းက ဘယ်သူလဲ" သုဿန်တစပြင်ပမာ တိတ်ဆိတ်နေစဥ် အစွမ်းထက်ချီတစ်ခုသည် တောင်တစ်သောင်း၏အောက် အနက်ရှိုင်းဆုံးထဲမှ ပေါက်ကွဲထွက်လာသည်။ ၄င်းကား အလောင်းကို တုန်ရီသွားစေသည်အထိ အစွမ်းထက်ဟန်တူသည်။ အခြားလေလွင့်ဝိညာဥ်များ ဤချီကို မြင်သောအခါ သူတို့၏ ရှင်ဘုရင်တစ်ပါးအလား ဝပ်တွား အရိုအသေ ပေးလိုက်ကြသည်။

လှိုင်းလုံးကြီးသဖွယ် တအိအိလှုပ်ရှားနေသော ချီသည် ချင်းလော်ဂိုဏ်း၏အထက် ကောင်းကင်တွင် ပြည့်နှက်သွားပြီး အဘက်ဘက်တွင် ကီလိုမီတာသန်းပေါင်းများစွာအထိ မြေပြင်ကို အုပ်မိုးနေသည်။ အရာအားလုံး ပိတ်ပိတ်ပိန်း မှောင်မည်းလာသည်။ အထူးဆန်းဆုံးအရာက..... ဘယ်သူမှ ဤအခြင်းအရာကို မမြင်နိုင်ခြင်းပင်။ လူတိုင်းအတွက် ကောင်းကင်သည် ပင်လယ်ပြာကြီးသဖွယ် ပြာလဲ့နေလျက်သာ။

တုံ့ပြန်လိုက်သံကြီးက လေးနက်ပြီး ရှေးဆန်သည်။ " ငါ ကံတရားကို ရှာဖွေနေတာ" ၄င်းက ပြောသည်။ အသံကြီးသည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ရှေးကျမှုဖြင့် ပြည့်နှက်နေရင်း ချင်းလော်ဂိုဏ်း၏ တောင်တစ်သောင်းတစ်လျှောက် ပဲ့တင်ထပ်သွားသည်။ ၄င်းကား....အတော်လေး ပင်ပန်းနေပုံရသည်။

ပင်ပန်းနေမှုအတွင်း....... သတိပြုနိုင်ခဲသော အသတ်အဖြတ်အရှိန်အဝါ ပါဝင်နေသည်။

ဤပုဂ္ဂိုလ်မှာ ဘဝတစ်လျှောက်လုံး တိုက်ပွဲများ ဆင်နွှဲခဲ့ပြီး ဖော်ပင်မဖော်ပြနိုင်လောက်အောင် အကြိမ်ပေါင်းများစွာ သတ်ဖြတ်ခဲ့ပုံရသည်။ အသံတွင် တုန်လှုပ်ဖွယ်ရာ စိတ်ဆန္ဒ တစ်ခု ပါဝင်နေသည်။

"မင်း ဘာလိုချင်တာလဲ" ချင်းလော်ဂိုဏ်းအထက်က ရှင်ဘုရင်သဖွယ်ချီက ပြောသည်။

"ကံတရားတွေဟာ လာလိုက်၊ သွားလိုက်ပဲ။ တာအိုက အမြဲတည်ရှိတယ်။ ဒီကလေးမှာ ကံပါတယ်။ မင်း နှောင့်ယှက်ရင် ငါ ပြန်လည်မွေးဖွားဖို့ကို စွန့်လွှတ်မယ်။ ငါ့အစီအစဥ်တွေပြောင်းပြီး မင်းတို့အားလုံးကို သုတ်သင်ပစ်မယ်"

ဘုရင်သဖွယ်ချီက ဘာမှမပြောပေ။ အချိန်အနည်းငယ်ကြာသော် ၄င်းသည် တစတစ ပျောက်ကွယ်သွား၏။ ထိုစဥ် မောက်မာသောအသံကြီးတစ်သံ ထွက်ပေါ်လာသည်။

"မင်း အစီအစဥ်ပြောင်းစရာမလိုဘူး။ ငါတို့ မင်းဆီလာမယ်။ ချင်းလော်ဂိုဏ်းက ရွေးချယ်ခံသုံးဆယ် ရွေးချယ်လိုက်။ ပြီးရင် သူတို့ကို ငါတို့ရဲ့ အနက်ရောင်မရဏဂူကို လွှတ်။ ငါတို့ သေမျိုးကမ္ဘာကို ပြန်လာခဲ့မယ်"

ထိုအချိန်....... ပြန်လည်မွေးဖွားခြင်းဂူ ၏ ဟိုးအနက်ဆုံးတွင် အလောင်းတစ်လောင်း။ ၄င်းက လူတစ်ယောက်၏ အလောင်းမဟုတ်၊ ငါးတစ်ကောင်၏အလောင်းပင်။ ၄င်းမှာ လက်တစ်ဖက်အရွယ်ရှိသော ငါးအသေးလေးတစ်ကောင်သာ။

ငါး၏မျက်လုံးများ ရှိခဲ့ဖူးသောနေရာမှာ ရုတ်တရက် မရဏမီးလျှံတစ်ခုဖြင့် စတင်လောင်ကျွမ်းလာခဲ့လေပြီ။

ထို့နောက် နဂါးငွေ့တန်းပင်လယ်အောက် အနက်ရှိုင်းဆုံးထဲတွင် ကြိုးရှည်တစ်ချောင်းသည် ဧရာမကျောက်ဆောင်ကြီးအလယ်၌ တည်ရှိနေသော သစ်သားခေါင်းတလားထံ ပင်လယ်ကြမ်းပြင်တစ်လျှောက် သွယ်တန်းလျက်ရှိသည်။ အခေါင်းထဲရှိ တစ်ယောက်ယောက်က လက်သည်းများဖြင့် အဖုံးကို ကုတ်ခြစ်နေသည့်အလား ကုတ်ခြစ်သံတစ်သံ ကြားလိုက်ရသည်။

အက်ကွဲကွဲအသံကြီး ထွက်ပေါ်လာ၏။ "မိစ္ဆာချုပ်နှောင်သူအဖွဲ့....." အသံကြီးသည် လွမ်းဆွေးတမ်းတမှုများဖြင့် ပြည့်နှက်နေ၏။ စကားလုံးများက တဖြေးဖြေး အပေါ်သို့ လွင့်မျောတက်သွားပြီး နဂါးငွေ့တန်းပင်လယ်ရေမျက်နှာပြင်ပေါ်တွင် မုန်တိုင်းထန်သွားစေသည်။

***

All Chapters