← Chapters

ကုဗပုလဲဖြင့် အဆိပ်ထုတ်ခြင်း

Vol. 15 Ch. 205

ကုဗပုလဲဖြင့် အဆိပ်ထုတ်ခြင်း

Vol. 15 Ch. 205

မိုးပေါက်များ တဖွဲဖွဲ ဆက်လက်ရွာကျနေသော်လည်း မိုးကုပ်စက်ဝိုင်းမှာ မည်းမှောင်မနေတော့ပေ။ တိမ်စိုင်များကို ဖြတ်၍ လရောင်တို့ကို မြင်နိုင်ပြီး အဝေးတွင် ခေါင်းပြူနေသော နေမင်းသူရိန်သည် တစတစ မြင်သာလာ၏။ ညသည် တဖြေးဖြေး ပျောက်ကွယ်လာပြီး နေ့တာသို့ ချဥ်းကပ်လာချေပြီ။

နေက လကို အစားထိုးပြီး မိုးတဖွဲဖွဲရွာနေစဥ် မန်ဟိုက ရှေ့ဆက်သွားနေသည်။ သူ၏အမူအရာမှာ စောစောက ဘာမှမဖြစ်ခဲ့သည့်အလား တည်ငြိမ်လျက်ရှိသည်။ ဤမိုးသည်းသောနေ့က သူ့ကို ကျိုးပြည်ရှိ ဆီးနှင်းများကြောင်း ပြန်တွေးနေမိစေသည်။

တောင်ပိုင်းဒေသအတွင်း မည်သည့်နေရာကို ရောက်နေကြောင်း သူ ရေရေရာရာ မသိပေ။ မျက်စိတစ်ဆုံး သွယ်တန်းနေသော တောင်တန်းတစ်တန်းကိုသာ သူ မြင်နေရသည်။ ရွာကျနေသော မိုးပေါက်များနှင့် အေးစက်သောလေကသာ သူ၏အဖော်ဖြစ်သည်။

ကျိုးကျဲနှင့် တိုက်ပွဲက သူ၏တာအိုမဏ္ဍိုင်ငါးခု၏ အတိုက်အခိုက်စွမ်းရည်ကို အတည်ပြုပေးခဲ့သည်။ သူ့အနေဖြင့် ချီအခြေတည်အဆင့်၏ အစွမ်းထက်ဆုံး၊ တာအိုကလေးများကို သေချာပေါက် ဖိနှိပ်နိုင်သည်။

"ကံဆိုးစွာနဲ့ ငါ့မှာ ကျင့်စဥ်ပညာရပ်တွေအရ အားနည်းနေသေးတယ်" သူက တွေးသည်။ မှော်ပစ္စည်းတွေလဲ အတူတူပဲ။ မဟုတ်ရင် ငါ သူ့ကို အပြတ်အသတ် နင်းခြေပစ်နိုင်တယ်" သူသည် အတွေးထဲ နစ်မြောလျက် မိုးရေထဲ တရွေ့ရွေ့လျှောက်သွားသည်။ ကျင့်ကြံခြင်းကမ္ဘာမှာ စာပေသမားတစ်ယောက်၏ ဘဝနှင့် အလွန့်အလွန် ကွာခြားသည်။ သူသည် သူ၏အားနည်းချက်များအား မည်သို့ခွဲခြားဖော်ထုတ်ရမည်ကို တဖြေးဖြေး သဘောပေါက်လာသည်။ ရှေ့ဆက်တိုက်ပွဲများတွင် အားနည်းချက်များကြောင့် သူ့အသက်ကိုတော့ အဆုံးမခံနိုင်ပေ။

"မှော်ပညာရပ်တွေနဲ့ ပတ်သက်ရင် ငါတတ်နိုင်တာ များများစားစား မရှိဘူး။ ဇီယွင်ဂိုဏ်းကို ဝင်ရင် အကူအညီတော်တော်ဖြစ်မယ်။ ငါ တစ်နည်းနည်းနဲ့ နည်းလမ်းရှာနိုင်ရင်ပေါ့လေ။ ဒါပေမယ့်...... မှော်ပစ္စည်းတွေကတော့......" မန်ဟို မျက်မှောင်ကြုတ်နေသည်။

သူ၏မှော်ပစ္စည်းအားလုံးမှာ တိုက်ပွဲမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်သည်။ သို့သော် သူ၏ကျင်ကြံခြင်းအခြေခံ ပိုမိုအစွမ်းထက်လာသည်နှင့်အမျှ သူ၏မှော်ပစ္စည်းများမှာ ထိရောက်မှုနည်းလာသည်။ သစ်သားဓားများ၊ လျှပ်စီးတိမ်တိုက်နှင့် အနက်ရောင်ပိုက်ကွန်လေးတို့အားလုံး သူနှင့်အတူ အဆင့်တက်လာသော်လည်း ယပ်တောင်၊ လေး နှင့် အခြားပစ္စည်းများမှာ တဖြေးဖြေး အသုံးမဝင်တော့ပေ။

"ဒါပေမယ့် ငါ ဒီပြဿနာမှာ လုံးဝမဖြေရှင်းနိုင်တာ မဟုတ်ဘူး။ မှော်ပစ္စည်းတွေ ထုလုပ်ဖို့အတွက် အသုံးပြုနိုင်တဲ့ နည်းးလမ်းနှစ်ခုရှိတယ်။ အနက်ရောင်နယ်မြေတွေဆီသွားပြီး အေးခဲနှင်းပိုးကောင် ရှာလို့ရတယ်။ အဲ့အကောင်ကို ဇာကာမိုးကြိုးပိုးစာသစ်ရွက်ကျွေးလိုက်ရင် ဖျက်စီးမရတဲ့ ပိုးမျှင်တွေ ထုတ်ပေးနိုင်တဲ့ မျက်လုံးမဲ့ပိုးကောင်အဖြစ် အသွင်ပြောင်းသွားလိမ့်မယ်

"ငါ့မှာ အချိန်ရတနာ ပြုလုပ်ဖို့ အသုံးပြုနိုင်တဲ့ ဟန်ပေ့ ဘိုးဘေးကြီးဆီက ကျောက်စိမ်းစာရွက် ရှိတယ်။ အဲ့နှစ်ခု ထဲက တစ်ခုမဟုတ်တစ်ခုနဲ့ ငါ့လက်ရှိပြဿနာကို ဖြေရှင်းနိုင််တယ်။ ကံဆိုးတာက...... နှစ်ခုလုံး မယုံနိုင်လောက်အောင် ခက်ပြီး မြန်မြန်ဆန်ဆန် မအောင်မြင်နိုင်တာပဲ။ အင်း တံခွန်သုံးခုနဲ့အလံ ရှိပေမယ့် ငါ့လက်ရှိကျင့်ကြံခြင်းအခြေခံနဲ့ဆို ထိလို့တောင်မရဘူး....." သူသည် မရပ်မနားရွာနေသော မိုးပေါက်များကို ဝေ့ကြည့်ရင်း ခေါင်းခါလိုက်သည်။ မိုးကား ပို၍ သည်းလာပုံရသည်။ မန်ဟို၏ခန္ဓာကိုယ် ရိပ်ခနဲ လှုပ်ရှားသွားပြီး အနီးနားရှိတောင်တန်းထံ တဟုန်ထိုးထွက်သွားသည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားပျံတစ်လက် ဝီးခနဲ ထွက်သွားပြီး တောင်ဘေးနံရံတွင် ကျင့်ကြံခြင်းဂူတစ်လုံး ထွင်းလိုက်သည်။

သူက အင်္ကျီစတစ်ချက်ခါရင်း နိုက်တင်းဂေးငှက်သဖွယ် ကျင့်ကြံခြင်းဂူထံ လှစ်ခနဲပျံသန်းကာ တရားထိုင်ရန် တင်ပျဥ်ခွေထိုင်လိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံစွမ်းအားသည် တလိပ်လိပ်ထွက်လာပြီး သူ့ထံမှ ပျံ့နှံ့လာသော အပူက ယခုလေးတင် ထွင်းထားသော ဂူ ထဲရှိ အစိုဓာတ်အားလုံးကို ချက်ချင်း အငွေ့ပျံသွားစေသည်။

သူက လျှပ်စီးအလံကို ထွေးထုတ်သည်။ ၄င်းသည် ပြန့်ကားလာပြီး ဝင်ပေါက်အပါအဝင် ဂူတစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ထို့နောက် သူက မျက်လုံးများ ပိတ်ပြီး ကျင့်ကြံခြင်းအခြေခံကို လှည့်ပတ်လိုက်သည်။ အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာသော် သူက မျက်လုံးများ ဖွင့်ပြီး သိုလှောင်အိတ်ကို ပုတ်လိုက်သည်။ သူ လက်ကို မြှောက်လိုက်သောအခါ ကုဗပုလဲပါလာသည်။

ပထမဆုံး တစ်ချက်ကြည့်လျှင် ၄င်းသည် စတုရန်းပုံ ရှိသော်လည်း အနီးကပ် သေချာကြည့်ပါက ထိုသို့မဟုတ်ပြန်။ ၄င်းမှာ အတော်လေး ထူးခြား၏။ မန်ဟိုက ပုလဲကို ကြည့်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် ရွှန်းလဲ့တောက်ပနေ၏။

သူက ကြေးမုံကို ထုတ်ပြီး ပုံတူပွားလိုက်သည်။ ကံဆိုးစွာပင် သူ့မှာ ဝိညာဥ်ကျောက်တုံး များများစားစား မကျန်တော့ပေ။ တခဏ ချီတုံချတုံဖြစ်နေပြီးနောက် နောက်ထပ်မပွားတော့ရန် ဆုံးဖြတ်လိုက်သည်။

"ဒီပုလဲက ရှင်သန်ခြင်းနှင်းပန်းရဲ့အဆိပ်ကို ဖယ်ပေးနိုင်ပါစေ" သူက တဖျပ်ဖျပ်လက်နေသော မျက်လုံးများဖြင့် ပုလဲကို ကြည့်ရင်း ပြောသည်။ ပုလဲ မည်သို့ အလုပ်လုပ်ကြောင်း အတိအကျမသိသည့်တိုင် သူသည် ယခင်နှင့်မတူတော့ပေ။ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့် ကျင့်ကြံသူနည်းတူ အစွမ်းထက်သူတစ်ယောက် ဖြစ်နေလေပြီ။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သူ၏စိတ်ဝိညာဥ်အာရုံကို ပုလဲထဲ စေလွှတ်လိုက်သည်။

တခဏကြာသော် သူ မျက်မှောင်ကြုတ်သွားပြီး လျှာထိပ်ကိုကိုက်ကာ ပုလဲပေါ်သို့ သွေးတချို့ ထွေးထုတ်လိုက်သည်။ မျက်စိစ်မှိတ်အတွင်း ပုလဲက သွေးကို စုပ်ယူပြီးနောက် ရုတ်တရက် အရည်ပျော်လာသည်။

နူးညံ့စင်ကြယ်သော မွှေးရနံ့နှင့်အတူ အဖြူရောင်အလင်းမျှင်များ လွင့်မျောတက်လာသည်။ မန်ဟို၏မျက်လုံးများ တောက်ပလာ၏။ အချိန်အတန်ကြာပြီးနောက် သူ လက်ကို ဝှေ့ယမ်းလိုက်သည်တွင် ကျင့်ကြံခြင်းဂူတစ်ခုလုံး တုန်ခါသွားသည်။ အက်ကြောင်းတစ်ကြောင်း မြေကြီးတွင် ကွဲထွက်လာပြီး ရုတ်တရက် နွယ်တစ်ပင် ထိုးထွက်လာသည်။

မန်ဟို ညွှန်ကြားရာအတိုင်း နွယ်သည် အဖြူရောင်မျှင်များထံ ဆန့်တန်းသွားပြီးနောက် ၄င်းတို့ကို စတင်စုပ်ယူသည်။ အဖြူရောင်မျှင်များက ချက်ချင်း နွယ်ထံပြေးဝင်ကာ ၄င်း၏ခန္ဓာကိုယ်ထဲ ဝင်ရောက်သွားသည်။ မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ်လက်နေရင်း စောင့်ကြည့်နေသည်။

အသက်ဆယ်ရှိုက်ကြာသော် နွယ်၏အရောင် ပြောင်းလာသည်။ မကြာမီ ၄င်းသည် အနီရင့်ရောင်မဟုတ်တော့ဘဲ ဆွတ်ဆွတ်ဖြူသွား၏။ သန့်ရှင်းစင်ကြယ်ခြင်းအငွေ့အသက်တစ်ခု ၄င်းထံမှ ထုတ်လွှတ်လာသည်။

အချိန်များ ထပ်မံကုန်ဆုံးသွားသည်။ မန်ဟိုက နှေးကွေးစွာ ပျော်ကျနေသော ပုလဲနှင့် ၄င်းထံမှ လွင့်လူတက်လာသည့် အဖြူရောင်အမျှင်များကို လေးလေးနက်နက် ကြည့်နေသည်။ သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် ပြည့်နှက်နေပြီး သူက အသက်ပြင်းပြင်းရှူလာသည်။ အမျှင်များ သူထံ ပျံသန်းလာပြီး ပါးစပ်နှင့် နှာခေါင်းမှ တစ်ဆင့် သူ၏ကိုယ်ထဲ ဝင်ရောက်နေသည်။

သူက မျက်လုံးများ ပိတ်လိုက်ပြီး အသက်ဆယ်ရှိုက်ကြာသော် သူ၏ခန္ဓာကိုယ် စတင်တုန်ရီလာသည်။ သူ့မျက်နှာပေါ်တွင် သွေးကြောများ ထောင်လာပြီး သူ၏မျက်လုံးများ ဖျတ်ခနဲ ပွင့်သွားသည်။ သူ၏ သူငယ်အိမ်များအတွင်းတွင် ရယ်လိုက်ငိုလိုက်ဖြစ်နေသော မိစ္ဆာမျက်နှာများအား မြင်နိုင်သည်။ မျက်နှာများ၏ အပေါ်တွင် အဖြူရောင်အမျှင်များ တစ်လွှာပြီးတစ်လွှာ ရုတ်တရက် ပေါ်လာသည်။

အဖြူရောင်အမျှင်များမှာ မန်ဟို့ကိုယ်အတွင်းရှိ ရှင်သန်ခြင်းနှင်းပန်းကို သန့်စင်ရန် ကြိုးစားနေကြဟန်တူသည်။

အချိန်များ လျှပ်တပြက် ကုန်ဆုံးသွားသည်။ မကြာမီ တစ်နာရီကြာခဲ့လေပြီ။ ချွေးများမှာ မန်ဟို့တစ်ကိုယ်လုံး စိုရွှဲနေသည်။ သူ၏မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူ၏မျက်လုံးများကတော့ ခေါင်းမာမှုများ စိုးမိုးနေသည်။ သူက အသက်တစ်ချက် ရှူသွင်းလိုက်ရာ ပို၍များပြားသော အဖြူရောင်အမျှင်များ ပါးစပ်နှင့် နှာခေါင်းမှတစ်ဆင့် သူ၏ခန္ဓာကိုယ်အတွင်း ဝင်ရောက်လာသည်။ ၄င်းတို့ ဝင်ရောက်လာစဥ် သူ၏သူငယ်အိမ်များထဲရှိ မိစ္ဆာမျက်နှာများ လိမ်ဖယ်ရှုံ့တွလာသည်။

ခပ်သဲ့သဲ့ အော်သံများ မန်ဟို၏ ခေါင်းထဲတွင် ပဲ့တင်ထပ်လာပြီး သူ၏ခန္ဓာကိုယ်မှာ အပိုင်းပိုင်း စုတ်ဖြဲခံရတော့မည့်အလား ခံစားလိုက်ရသည်။ သူ့ကိုယ်ထဲတွင် ရှင်ခြင်းသေခြင်းတိုက်ပွဲ ဆင်နွှဲနေပုံရသည်။ သရဲပုံရိပ်များ ပေါ်ပေါက်လာပြီး အနက်ရောင်ချီတစ်ခု မန်ဟို့ခေါင်းထိပ်မှ ထွက်လာသည်။ ချီသည် တွန့်လိမ်ပြီး ....  သုံးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းတစ်ပွင့်အဖြစ် စုစည်းသွားသည်။

ကုဗပုလဲမှာ ၄င်းချီ၏ စွမ်းအားအလုံးစုံကို ထုတ်တော့မည့်အလား မည်းမှောင်လာပုံရသည်။ ၄င်းသည် ယခုတွင် မူလအရွယ်အစား၏ တစ်ဝက်သာ ရှိတော့၏။ မကြာမီ ၄င်း၏ အာနိသင်အားလုံး ကုန်သွားပြီး အဖြူရောင်အမျှင်များ ပျောက်ကွယ်တော့ပေမည်။

မန်ဟို၏မျက်လုံးများ တောက်ပနေသည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ ပုလဲကို လှမ်းကိုင်လိုက်သည်။ ဤတစ်ကြိမ်တွင် သူသည် အမျှင်များအား မရှူသွင်းတော့ဘဲ ပုလဲတစ်ခုလုံး မြိုချလိုက်သည်။

အပြင်ဘက်ရှိ မိုးခြိမ်းသံနှင့်အတူ ထစ်ချုန်းသံကြီးတစ်သံ သူ၏ကိုယ်တွင် ပြည့်နှက်သွား၏။ သူ့ခေါင်းပေါ်ရှိ ရှင်သန်ခြင်းနှင်းပန်းသည် လေပြင်းတစ်ချက်ဖြင့် တိုက်ခတ်ခံနေရသည့်အလား ညှိုးနွမ်းခြောက်ကပ်လာသည်။ နောက်ဆုံး၌ ပျောက်ကွယ်တော့မည့် လက္ခဏာများ ပြလာလေပြီ။

ခပ်စူးစူးအော်သံများ သူ့ခေါင်းတွင် ပြည့်နှက်သွားသဖြင့် သူ၏မျက်နှာ ရှုံ့မဲ့သွားသည်။ သို့သော် သူက တွန့်ဆုတ်မနေဘဲ ဒုတိယကုဗပုလဲကို ကိုင်ပြီး အံတင်းတင်းကြိတ်ကာ နောက်တစ်ခုပွားလိုက်သည်။

ဒုတိယတစ်ခုပွားပြီးနောက် သူ့မှာ ဝိညာဥ်ကျောက်တုံးများ ကုန်သွားလေပြီ။ သူက ခေါင်းမာစွာဖြင့် ကုဗပုလဲနှစ်လုံးလုံး မြှောက်ကာ သူ့ပါးစပ်ထဲ ထည့်လိုက်သည်။

ကုဗပုလဲများ ပါးစပ်ထဲ ဝင်ရောက်သွားသည်နှင့်တစ်ပြိုင်နက် တုန်လှုပ်ချောက်ချားဖွယ် ထစ်ချုန်းသံကြီး မန်ဟို့တွင် ပြည့်နှက်သွားသည်။ ထစ်ချုန်းသံကြီးက ပတ်ဝန်းကျင်ရှိ တောင်များတစ်လျှောက် ပျံ့နှံ့သွားသည်အထိ အလွန်မယုံနိုင်ဖွယ်ကောင်းလှသည်။ အဖြူရောင်အမျှင်တန်းများ မန်ဟို၏ မွှေးညှင်းပေါက်များမှ ထွက်လာပြီး သူ့ခန္ဓာကိုယ်ကို ဝန်းရံလှည့်ပတ်နေသည်။

သူ့ခေါင်းပေါ်ရှိ သုံးရောင်ခြယ်ရှင်သန်းခြင်းနှင်းပန်း ရုတ်တရက် တုန်ရီသွားသည်။ ၄င်းမှာ အချိန်မရွေး ပျောက်ကွယ်တော့မည့်အလား မှေးမှိန်လာနေသည်။ မန်ဟို အဖြူရောင်မြူများ ခြံရံလျက် မလှုပ်မယှက် ရပ်နေစဥ် သူ၏မျက်လုံးနှစ်ဖက်အတွင်းရှိ မိစ္ဆာမျက်နှာများက သရဲပုံရိပ်များအား အဆက်မပြတ် ထုတ်လွှတ်နေပြီး တဖြေးဖြေး စတင်ပျောက်ကွယ်လာသည်။ ပုလဲမှာ အဆိပ်ကို အမှန်တကယ် ဖယ်ရှား နေသည့်ပုံရသည်။

တစ်နာရီခန့်ကြာသော် မန်ဟို့ ခေါင်းထိပ်ရှိ ရှင်သန်ခြင်းနှင်းပန်း၏ ပုံရိပ် လုံးဝပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။ သူ၏မျက်လုံးထဲတွင် မိစ္ဆာမျက်နှာများ၏ အရိပ်ယောင်တစ်ခုမှ မရှိတော့ပေ။ သို့သော်.........

ရုတ်တရက် ရှင်သန်ခြင်းနှင်းပန်းကို ဖယ်ရှားနေသော မြူသည် အပြင်သို့ ပြန့်ထွက်သွားသည်။ ထို့နောက် အဖြူရောင်အမျှင်များ တဖွေးဖွေး လှုပ်လာပြီး မန်ဟို့ခေါင်းထက်တွင် စုစည်းလာသည်။ ၄င်းတို့၏ အလယ်တွင် အနီရောင်အတန်း ပေါ်လာသည်။ ထို့နောက် တောက်ပနေသော အဝါရောင်အတန်း၊ ကောင်းကင်သဖွယ် ပြာလဲ့နေသော အတန်းတစ်တန်း။

အရောင်လေးရောင်သည် တလိပ်လိပ် ရိုက်ခတ်လှုပ်ရှားနေသော မြူထုအတွင်း အတူတကွပေါင်းစပ်ကာ...... လေးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းတစ်ပွင့် ဖြစ်ပေါ်လာသည်။

ကြည့်ရသရွေ့ ရှင်သန်ခြင်းနှင်းပန်းမှာ ဖျက်စီး၍မရပုံပင်။ ၄င်း သေဆုံးသွားလျှင် အသက်ပြန်သွင်းခံလိုက်ရသည့်အလား ပြန်လည်ပေါ်ပေါက်လာပေမည်။

မန်ဟို လေးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းကို ကြည့်နေစဥ် သူ၏မျက်နှာပေါ်တွင် အရုပ်ဆိုးသော အမူအရာတစ်ခု ပေါ်လာသည်။ သူ၏မျက်လုံးများမှာ စိတ်ပျက်မှူများဖြင့် ပြည့်နှက်သွားသော်လည်း ရုတ်တရက် စတင်တောက်ပလာသည်။

အနီးကပ်ကြည့်ရှူလျှင် မိစ္ဆာတစ်ကောင်၏မျက်နှာ ထင်ဟပ်နေသော လေးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းမှာ သုံးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းထက် အားနည်းသော ချီကို ပိုင်ဆိုင်ထားပုံရသည်။ တကယ်တမ်း ၄င်းက တုန်ရီနေချေသည်။

"အဲ့တာ လေးရောင်မြောက် အရောင်မဟုတ်ဘူး" မန်ဟိုက မျက်လုံးများ ကျဥ်းမြောင်းလျက် တွေးလိုက်သည်။ သွေးအင်မိုတယ်အမွေအနှစ်ပြိုင်ပွဲတွင် သူ မြင်တွေ့ခဲ့ရသော လေးရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းအကြောင်း ပြန်တွေးပြီးနောက် သူ၏ရှင်သန်ခြင်းနှင်းပန်းက ကွဲပြားနေကြောင်း သဘောပေါက်လိုက်သည်။

"ဒါက တကယ် လေးရောင်ဖြစ်လာရင် ငါ့အသိစိတ် ပျောက်သွားပြီး ရှင်သန်ခြင်းနှင်းပန်းအဖြစ် ပြောင်းခံရမှာ။ ဒါပေမယ့် ထူးထူးဆန်းဆန်း လုံးဝ မခံစားရဘူး။ ဒါ့အပြင် ဒီလေးခုမြောက် ပွင့်ချပ်ရဲ့ အရောင်က........ "

ရုတ်တရက် တုန်ရီနေသော ရှင်သန်ခြင်းနှင်းပန်းသည် အကြောဆွဲသကဲ့သို့ ဆန့်ငင်ဆန့်ငင် ဖြစ်သွားသည်။ ၄င်း၏အဖြူရောင် ပွင့်ချပ်များ တစစီကြွေကျလာပြီးနောင် တောက်ပနေသော အဖြူရောင်အလင်းအသွင် ပြောင်းသွားသည်။.အလင်းက အပြာရောင်ပွင့်ချပ်များထံ ပြေးဝင်သွားပြီး ရှင်သန်ခြင်းနှင်းပန်းမှာ အသက်ရှိုက်စာအနည်းငယ်ကြာသည်အထိ ပြင်းပြင်းထန်ထန် တုန်ခါနေသည်။ မန်ဟိုက မျက်လုံးများ ဝင်းလက်တောက်ပနေလျက် ဆက်လက်စောင့်ကြည့်နေသည်။

သူစောင့်ကြည့်နေစဥ် အပြာရောင်ပွင့်ချပ်များ နွမ်းခြောက်လာပြီးနောက် ပျောက်ကွယ်သွားသည်။ ယခုတွင် ရှင်သန်ခြင်းနှင်းပန်းမှာ အရောင်နှစ်ရောင်သာ ရှိတော့၏။ အနီးကပ်ကြည့်လျှင် အပြာရောင်ပွင့်ချပ်များမှာ ယတိပြတ် ပျောက်ကွယ်မသွားဘဲ ခပ်ရေးရေး မြင်နေရသေးသည်။ ကြည့်ရသရွေ့ ၄င်းတို့မှာ တဖြေးဖြေး ပြန်ပေါ်လာတော့မည့် ပုံရသည်။

နှစ်ရောင်ခြယ်ရှင်သန်ခြင်းနှင်းပန်းမှာ ပို၍ အားနည်းသည့်ပုံပေါ်သော်လည်း တစ်ချိန်တည်းမှာပင် သန့်စင်ချီကို ထုတ်လွှတ်နေသည်။ ကုဗပုလဲကို စုပ်ယူပြီးနောက် ရှင်သန်ခြင်းနှင်းပန်းမှာ အရောင်တစ်ရောင်ဆုံးရှုံးသွားခဲ့ပုံရသည်။ ယင်းက လွဲ၍ ကုဗပုလဲ၏ အဆိပ်ဖြေစွမ်းအားမှာ ရှင်သန်ခြင်းနှင်းပန်းအပေါ် နည်းနည်းလေးမှ သက်ရောက်မှုမရှိပုံရသည်။

နှစ်ရောင်ခြယ် ရှင်သန်ခြင်းနှင်းပန်း ရိပ်ခဲနဲ လှုပ်ရှားသွားသည်။ ၄င်း သူ၏ခေါင်းထိပ်မှတစ်ဆင့် သူ၏ခန္ဓာကိုယ်ထဲ တဖြေးဖြေး ပြန်ဝင်သွားစဥ် မန်ဟို ဘာမှမလုပ်နိုင်ပေ။ သို့သော် ၄င်း၏ချီက များစွာအားနည်းသွားလေပြီ။ မန်ဟိုက မတ်တပ်ရပ်လိုက်သည်။ တခဏတုံ့ဆိုင်းနေပြီးနောက် သူ၏မျက်လုံးများသည် စိတ်ပိုင်းဖြတ်လိုက်မှုဖြင့် ပြည့်နှက်သွားသည်။

"ကုဗပုလဲက တော်တော်လေး ထိရောက်မှုရှိတယ်။ ဒါပေမယ့် ငါ အဆိပ်ဖြေချင်ရင် ဇီယွင်ဂိုဏ်းကို ဝင်ရောက်ဖို့က လွဲပြီး တခြားရွေးချယ်စရာမရှိဘူး။ အဲ့ဒီမှာ အပြီးပိုင်ဖယ်ရှားနိုင်မယ့် နည်းလမ်း ရှာနိုင်တယ်။ ဒီကောင်က တကယ့်ကို လည်ချောင်းထဲ ငါးရိုးဆူးနေတဲ့အတိုင်းပဲ"

***

All Chapters