ဒါ တော်တော်လေးကောင်းတဲ့ ကျင့်ကြံခြင်းဂူပဲ
Vol. 15 Ch. 207
ထွားကြိုင်းပြီး ရက်စက်ပုံရသော လူနှစ်ယောက်က မန်ဟို့ကို တခဏကြည့်နေပြီးနောက် ပြုံးလိုက်သည်။ သူတို့အပြုံးမှာ မည်သည့်နေရာက ကြည့်ကြည့်၊ ကြောက်စရာကောင်းနေသည်။ သူတို့သည် အားကိုးရာမဲ့ သိုးပေါက်လေးကို ငုံ့ကြည့်နေကြသည့်အလားပင်။
ယပ်တောင်နှင့်လူမှာ အဖွဲ့ထဲ အကောက်ကျစ်ဆုံးဖြစ်ပုံရသည်။ သူ၏အပြုံးက အစစ်မှန်ဆုံးဖြစ်ဟန်တူပြီး သူသည် လက်ယှက်ကာ မန်ဟို့ကို အရိုအသေပေးသည်။
"ကျုပ်၊ ဟွာ စောစောက ငှက်တေးသီသံလေးတွေ ကြားနေရလို့ ဧည့်သည်တစ်ယောက်များ ရောက်လာမလားဆိုပြီး သိချင်နေခဲ့တာ။ တာအိုရောင်ရင်း၊ ခင်ဗျားကို တစ်ချက်ကြည့်လိုက်ရုံနဲ့ သူရဲကောင်းတစ်ယောက်ရဲ့ အရှိန်အဝါက ကျုပ်ကို လွှမ်းခြုံသွားပါပြီ။ အခု ညီ ငါး ရဲ့စကားကိုကြားတဲ့နောက်မှာတော့ ခင်ဗျားဟာ စွန့်စားဖို့အတွက် ဂိုဏ်းအပြင်ကို ပထမဆုံးအကြိမ် ထွက်လာတဲ့ နဂါးတစ််ကောင်ဆိုတာ ကျုပ်ပြောနိုင်တယ်။ တာအိုရောင်ရင်း၊ ခင်ဗျားက ကျုပ် အလေးစားဆုံး လူစားမျိုးပါ။ ကျေးဇူးပြုပြီး ကျုပ်တို့ ကျင့်ကြံခြင်းဂူထဲ ဝင်ပြီး ခဏတဖြုတ်နားပါဦးလား"
"ဟို....." မန်ဟိုက ထိုကဲ့သို့မြှောက်ပင့်စကားများအား မည့်သို့ တုံ့ပြန်ရမည်လဲ မသိသည့်ဟန်ဖြင့် ပြောသည်။ သူက လက်ယှက်ရင်း ထိုလူ့ကို ဦးညွှတ်အရိုအသေပေးလိုက်သော်လည်း ကျင့်ကြံခြင်းဂူထဲ ဝင်ရောက်ရန် တုံ့ဆိုင်းနေပုံရသည်။ သူ့မှာ စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ဤလူ၏ မြှောက်လုံးများမှာ သိသာစွာပင် မုသားများပြည့်နေ၏။ တခြားနေရာသာ ဆိုလျှင် မန်ဟို ပြန်ပြောစရာ စကားကောင်းကောင်း တွေးနိုင်လေသည်။
"ညီလေး" အဝါရောင်ဝတ်ရုံနှင့်လူက မျက်လုံးများ တဖျပ်ဖျပ်လက်နေရင်း ပြောသည်။ "ငါတို့ ပင်မတံခါးဆီရောက်နေပြီပဲ။ လာ လာ ငါ့နောက်ကဝင်လာခဲ့။ အခု မင်းဒီရောက်နေပြီဆိုတော့ ဒါက မင်းအိမ်ပဲ" သူက မန်ဟို၏ အင်္ကျီလက်စကို ဆွဲပြီး ကျင့်ကြံခြင်းဂူထဲ ခေါ်သွားသည်။
အဝါရောင်ဝတ်ရုံနှင့်လူ သူ့ကို ဖော်ဖော်ရွေရွေ အထဲခေါ်သွားစဥ် အခြားလူများက တုံ့ဆိုင်းနေသော မန်ဟို့ကို ဝိုင်းလိုက်ကြသည်။ သူတို့နောက်တွင် ထုံးကျောက်တံခါး တဖြေးဖြေး ပိတ်သွားသည်။ ချက်ချင်းပင် အလင်းပုလဲများ၏ အလင်းရောင်များ မန်ဟို့မျက်လုံးရှေ့တွင် လင်းထိန်လာသည်။
ကျင့်ကြံခြင်းဂူမှာ အတော်လေးကျယ်ဝန်းပြီး ခမ်းနားကြီးကျယ်စွာ တန်ဆာဆင်ထားသည်။ ၄င်းသည် ဆေးဖော်ခန်းတစ်ခန်းနှင့် ဆေးပင်ခြံဝင်းတစ်ခုအပါအဝင် အမျိုးမျိုးသောအခန်းများဖြင့် ပြည့်နှက်နေသည်။
အဝါရောင်ဝတ်ရုံနှင့် လူက ပွင့်ပွင့်လင်းလင်း ရယ်ပြီး မိတ်ဆက်ပေးသည်။ "ညီလေး၊ ဒါက အစ်ကိုနှစ် ၊ ဒါက အစ်ကိုသုံး။ ဟိုက အစ်ကိုလေး၊ ငါကတော့ အစ်ကိုငါးပေါ့" သူက မိတ်ဆက်နေစဥ် နံပါတ်၂ နေရာရှိ ကောက်ကျစ်သောအသွင်နှင့် လူကို အဓိပ္ပါယ်ပါပါ တစ်ချက် ကြည့်သည်။
"တွေ့ရတာဝမ်းသာပါတယ် တာအိုရောင်ရင်းတို့" မန်ဟိုက သူတို့ကို လက်ယှက်ရင်း ရှိုးတိုးရှန့်တန့်ပြောသည်။ သူက ကျေနပ်နေသောမျက်လုံးများဖြင့် ဘေးဘီဝဲယာကို ကြည့်လိုက်သည်။ သူ၏အကြည့် အလင်းပုလဲများအပေါ် ကျရောက်သောအခါ မျက်လုံးများ တောက်ပလင်းလက်သွားသည်။
"တာအိုရောင်ရင်းမန်၊ ကျုပ်တို့ ကျင့်ကြံခြင်းဂူကို ဘယ်လိုထင်လဲ ၊ မဆိုးဘူးမလား ဟမ်" အစ်ကိုနှစ်က သူ့ကိုယ်သူ ယပ်တောင် တဖျပ်ဖျပ်ခတ်ရင်း ပြောသည်။ သူ၏အမူအရာမှာ အခြားသူများ မြင်မည်မဟုတ်ဟု သူ့ဘာသာသူ ယူဆထားသော အထင်သေးသည့်အသွင်ဖြင့် ရောနှောနေသည်။ သူက ကစားပွဲတစ်မျိုးမျိုး ကစားနေကြောင်း ထင်ရှားလေသည်။ သူက မန်ဟို့ကို စိုက်ကြည့်သည်။
"တော်တော်လေးကောင်းတယ်" မန်ဟိုက ပြောသည်။ "တော်တော်လေးကောင်းတယ်။ သီးသန့်အခန်းတွေအများကြီးနဲ့ သိပ်ပြည့်စုံတာပဲ။ တကယ်ဗျာ ဘယ်ကကြည့်ကြည့် သာမန်မဟုတ်ဘူး" သူ၏ချီးကျူးစကားများက အလွန်ရိုးသားသံပေါက်သည်။ " ဒီအလင်းပုလဲတွေက အထူးသဖြင့် မယုံနိုင်အောင်ပဲ။ ဒီမှာ စိတ်ဝိညာဥ်စွမ်းအင်တွေ တော်တော်လေး ပေါများပုံပဲ။ ခင်ဗျားတို့မှာ ဝိညာဥ်စမ်းချောင်းလဲ ရှိတယ်လို့တော့ မပြောနဲ့နော်" သူက အလွန်အံ့အားသင့်နေသောလေသံဖြင့် မေးသည်။
"သေချာပေါက် ဝိညာဥ်စမ်းချောင်းရှိတာပေါ့" ဟွာအစ်ကိုနှစ်က ရယ်ရင်း ပြောသည်။ "ဒါကြောင့်ပဲ ကျုပ်တို့ ငါးယောက် ဒီနေရာမှာ ကျင့်ကြံခြင်းဂူ ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာ" သူ၏မျက်လုံးထဲရှိ အထင်သေးမှုကား ပို၍သိသာလာသည်။ သူ့စိတ်ထဲတွင် မန်ဟိုသည် ကျားဂူထဲ ပိတ်မိနေသော သားကောင်သာ။
ဟွာအစ်ကို သုံးနှင့်လေးတို့ နှစ်ယောက်လုံး ကြောက်မက်ဖွယ်ကောင်းသော အပြုံးကြီးများဖြင့် မန်ဟို့ကို ကြည့်နေကြသည်။ သူတို့က သိသာထင်ရှားစွာပင် မန်ဟို့ကို မြေခွေးဂူထဲက သိုးတစ်ကောင်သဖွယ်သာ မြင်လေသည်။
ဟွာအစ်ကိုငါးကမူ မန်ဟို့ခါးရှိ သိုလှောင်အိတ်ကို အကြည့်မခွာ။ သူ၏အပြုံးသည် ပို၍ တောက်ပလာသည်။ ယနေ့မှာ သူ့အတွက် မုတ်ဆိတ်ပျားဆွဲသည့်နေ့ဖြစ်ကြောင်း တွေးနေသည်။
မန်ဟိုလည်း ပြုံးနေသည်။ သူက အတန်ငယ်ရှက်နေပုံပေါ်သော်လည်း သူ့အပြုံးကစစ်မှန်ပြီး အတော်လေးပျော်နေသည်။ ဤငါးယောက်အဖွဲ့အပြင် ကျင့်ကြံခြင်းဂူမှာ သူ့အတွက် ရေငတ်တုန်းရေတွင်းထဲကျသည့်အလားပင်။ သူတို့က သူ့ကို ဆက်လက် လိုက်ပြသည်။
"အစ်ကိုတစ် ဟိုတလောက သူ့ပုံတူဆွဲပေးဖို့ ပန်းချီဆရာတစ်ယောက် ခေါ်လာခဲ့တယ်" ဟွာအစ်ကိုနှစ်က ပြောသည်။ " သူ့အတွက် ထွက်လာဖို့ တကယ် အဆင်မပြေဘူး။ တာအိုရောင်ရင်းမန်၊ ကျုပ်တို့ သူ့ကို ဘာလို့ သွားမတွေ့ကြသေးလဲ" သူက မန်ဟို့ကို ငြင်းခွင့်မပေးဘဲ အလင်းပုလဲများပြည့်နေသော ကွင်းပြင်တစ်ခုရှိသည့် ကျင့်ကြံခြင်းဂူ၏အလယ်ထံ ဆွဲခေါ်သွားသည်။ အဆုံးတွင် ဧရာမပလ္လင်ကြီးတစ်ခုရှိသည်။
ပလ္လင်ကို သလင်းကျောက်များဖြင့် တည်ဆောက်ထားပြီး ၄င်းအပေါ်တွင် အသက်ငါးဆယ်ခန့်ရှိဟန်တူသော လူထွားကြီးတစ်ယောက် ထိုင်နေသည်။ သူက ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး အလွန်တည်ကြည်ခန့်ညားသော မျက်နှာထားရှိသည်။ သူ့မှာ ကြိုးစားလျှင်တောင်မှ သူ၏ရက်စက်ကြမ်းကြုတ်မှုကို ဖုံးကွယ်ရန် မဖြစ်နိုင်ပေ။ သူက ပြင်းထန်သော အသတ်အဖြတ်အရှိန်အဝါကို ထုတ်လွှတ်နေသည်။
သူ၏ကျင့်ကြံခြင်းအခြေခံသည် စဦးချီဖွဲ့စည်းမှုမဟုတ်ဘဲ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်ဖြစ်သည်။
လူထွားကြီး၏ အရှေ့တွင် ရှည်လျားသောဆံပင်ဖြူများဖြင့် ပိန်ချုံးချည့်နဲ့နေသော ခါးကိုင်းကိုင်းအဘိုးကြီး တစ်ယောက် ရပ်နေသည်။ သူ့တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေ၍ သူ့လက်ထဲရှိ စုတ်တံမှာ တုန်ခါနေသည်။ သူ့အရှေ့က ပတ္တူစတွင် လူထွားကြီး၏ ပုံကြမ်းကို မြင်နိုင်သည်။
ထိုလူ၏ မျက်လုံးများက ချဥ်းကပ်လာသော အဖွဲ့ကို ဖျတ်ခနဲ လှမ်းကြည့်သည်။ သူက မန်ဟို့ကို လျစ်လျူရှုပြီး အဝါရောင်ဝတ်ရုံနှင့်လူကိုသာ အာရုံစိုက်ထားသည်။ သူက အေးစက်စက်နှာတစ်ချက် မှုတ်လိုက်၏။
"မင်းမှာ အရေးတကြီးလုပ်စရာမရှိရင် ထွက်မသွားနဲ့" သူက ပြောသည်။ "ငါ ခုတလော စိုးရိမ်စိတ်များနေတယ်။ ခံစားချက်လဲ သိပ်မကောင်းဘူး။ အခု မင်းပြန်လာပြီဆိုတော့ ထိုင်။ ဒီပန်းချီဆရာကို မင်းတို့အားလုံးအတွက် ပုံတူဆွဲခိုင်းမယ်"
အဝါရောင်ဝတ်ရုံနှင့်လူသည် မျက်လုံးများ လေးစားမှုများဖြင့် ပြည့်နှက်လျက် ခေါင်းညိတ်သဘောတူလိုက်သည်။ သူက ရှေ့လျှောက်လာပြီး ခရမ်းရောင်ဝတ်ရုံနှင့်လူဘေးတွင် ထိုင်ချလိုက်သည်။ ဟွာအစ်ကိုနှစ်နှင့် အခြားသူများက လေးလေးစားစား လက်ယှက် အရိုအသေပေးလိုက်ကြသည်။ သူတို့အားလုံး မန်ဟို့ကို လျစ်လျူရှုရင်း အရှေ့လျှောက်သွားကာ ထိုင်ချလိုက်သည်။
ဘယ်သူမှ ဘာမှမပြောပေ။ မကြာခင် မန်ဟိုမှာ အနေရခက်နေသောမျက်နှာဖြင့် တစ်ယောက်တည်းရပ်ကျန်ခဲ့သည်။
ခရမ်းရောင်ဝတ်ရုံနှင့် လူထွားကြီးက ပန်းချီဆရာကို ကြည့်ပြီး ပြောသည်။ "ခင်ဗျား ကျုပ်တို့အတွက် ပုံတူကောင်းကောင်းဆွဲပေး၊ ကြားလား။ ဆွဲပေးရင် ကျုပ်ပြဿနာမရှာဘူး" ထိုလူ၏ အေးစက်သော စကားလုံးများက ခါးကိုင်းကိုင်းနှင့် ဆံဖြူအဘိုးကြီးကို တုန်ရီပြီး ခေါင်းညိတ်လိုက်စေသည်။
"ညီနှစ်၊ ငါ အခုတလော တကယ် တစ်မျိုးကြီး ခံစားနေရတယ်။ နေရာရွှေ့ပြောင်းရေးဝင်ပေါက်ကို စစ်ဖို့ မမေ့နဲ့။ ပြဿနာတစ်ခုခုဖြစ်ရင် ငါတို့ ချက်ချင်း ဒီက ထွက်သွားနိုင်တယ်။ ညီ သုံးနဲ့ ညီ လေး မင်းတို့နှစ်ယောက် ကောင်းကောင်းနားထောင်။ အပြင်မထွက်ကြနဲ့" ခရမ်းရောင်ဝတ်ရုံနှင့်လူ၏ စကားလုံးတစ်လုံးချင်းစီက အခြားသူများကို ခေါင်းညိတ်သဘောတူလိုက်စေသည်။ တစ်ယောက်မှ မန်ဟို့ကို အာရုံစိုက်ခြင်းမရှိပေ။ သူ့မှာ အနေခက်စွာ ရပ်နေသည်။ သူ့အမြင်အရ အနည်းဆုံးတော့ ဤလူ သူ့ကို နှုတ်ဆက်သင့်ပါသည်။ နောက်ဆုံး သူက ချောင်းဟန့်လိုက်သည်။ သူတို့က ချောင်းဟန့်သံကို လျစ်လျူရှုပြီး စကားဆက်ပြောနေကြသည်။ ခရမ်းရောင်ဝတ်ရုံနှင့်လူက သူ့ကို ကြည့်ပင်မကြည့်ပေ။ အဝါရောင်ဝတ်ရုံနှင့်လူ အပါအဝင် အခြားသူများလည်း သူ့ကို အဖက်လုပ်ခြင်းမရှိ။
မန်ဟို သက်ပြင်းချပြီးနောက် ခပ်ကျယ်ကျယ်ချောင်းဟန့်ကာ စကားဝိုင်းအား နှောင့်ယှက်လိုက်သည်။ နောက်ဆုံး၌ လူငါးယောက်၏မျက်လုံးများ သူ့အပေါ် ကျရောက်လာသည်။
"ဒါ ဘယ်သူလဲ" ခရမ်းရောင်ဝတ်ရုံနှင့်လူက မျက်မှောင်ကြုတ်လျက် အေးစက်စက်လေသံဖြင့် ပြောသည်။
"အဲ့တာက ညီငါး အပြင်ထွက်တုန်းက ကောက်လာတဲ့ ကလေးတစ်ယောက်ပါ" ဟွာအစ်ကိုနှစ်က ယပ်တောင်တဖျပ်ဖျပ်ခတ်ရင်း ပြောသည်။ သူက ရယ်သည်။ "ဒါ သူ ဂိုဏ်းကနေ ပထမဆုံးထွက်လာတာတဲ့"
"ဒီကလေးက တကယ့် အရူးပါဗျာ" အဝါရောင်ဝတ်ရုံနှင့်လူက ရယ်ရင်းပြောသည်။ "သူ့သိုလှောင်အိတ်က အံသြစရာကောင်းလို့ ကျွန်တော် သူနဲ့ စကားပြောခဲ့တယ်။ ကျွန်တော် လျှောက်ပြောတာကို သူ ယုံလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ အဲ့တာနဲ့ ဒီကို ခေါ်လာခဲ့တာ"
ဤသည်ကို ကြားသော် ခရမ်းရောင်ဝတ်ရုံနှင့်လူက မန်ဟို့ကို လှမ်းကြည့်ပြီး အေးတိအေးစက်ပြောသည်။ "မင်းရဲ့ သိုလှောင်အိတ်ပေး" သူ၏ပုံစံက မောက်မာထောင်လွှားနေသည်။ မန်ဟိုက စဦးချီဖွဲ့စည်းမှုအဆင့်ဖြစ်ကြောင်း မြင်သောအခါ သူ့အတွက် အရေးစိုက်စရာမလိုကြောင်း ခံစားလိုက်ရသည်။
မန်ဟိုက ပြုံးပြီး ဘေးဘီဝဲယာကို လှည့်ပတ်ကြည့်သည်။ သူ့အကြည့်အရ သူ့အိမ်သူ ကြည့်နေသည့်အလားပင်။ "ဒါက တော်တော်လေးကောင်းတဲ့ ကျင့်ကြံခြင်းဂူပဲ။ ဘာလို့ ကျုပ် မပေးသေးတုံး။ အိုး ခင်ဗျားရဲ့ ပလ္လင်ကလဲ တော်တော်ကောင်းတာပဲ။ ဘယ်လောက်ခမ်းနားလိုက်သလဲ။ ကျုပ် အဲ့တာကိုလည်း ယူမယ်"
ခရမ်းရောင်ဝတ်ရုံနှင့်လူ မန်ဟို့ကို ပါးစပ်အဟောင်းသားနှင့် ကြည့်သည်။ ဟွာအစ်ကိုသုံံး၊ အစ်ကိုလေး နှင့် အဝါရောင်ဝတ်ရုံနှင့်လူအားလုံး ပမာမခန့် ရယ်လိုက်ကြသည်။ ၄င်း ကျင့်ကြံခြင်းဂူတွင် ပဲ့တင်ထပ်နေစဥ် ဟွာအစ်ကိုနှစ် ၏ မျက်လုံးများ ကျဥ်းမြောင်းသွားပြီး အာရုံစူးစိုက်မှုများဖြင့် ပြည့်နေသည်။
"တကယ်တော့ ကျင့်ကြံခြင်းဂူနဲ့အတူ ခင်ဗျားတို့ကိုပါ တစ်ခါတည်းခေါ်သွားမှာ" မန်ဟိုက ပြောသည်။ သူက မခိုးမခန့်ရယ်ရင်း ရှေ့သို့လျှောက်ရန် ပြင်လိုက်သည်။ သူ ခြေတစ်လှမ်းပင် မချနိုင်ခင် ဟွာအစ်ကိုသုံးနှင့်လေးက ခုန်တက်လိုက်သည်။ သူတို့သည် ရက်စက်ကြမ်းကြုတ်သောအမူအရာများဖြင့် အရပ်မြင့်မြင့် ထွားထွားကြိုင်းကြိုင်း ဖြစ်သည်။ သူတို့က အထင်သေးစွာ ရယ်ရင်း မန်ဟို့ထံ ပြေးဝင်လာကြသည်။
"ကောင်စုတ်လေး အကြီးတွေရဲ့ ကျင့်ကြံခြင်းဂူထဲမှာ ဒီလို အရည်မရ အဖတ်မရ ပြောရဲတယ်ပေါ့လေ။ မကြောက်ဘူးလား" သူတို့က မန်ဟို့ထံမှ သိပ်မဝေးသည့်အတွက် တခဏအတွင်း သူ့အနားရောက်လာသည်။ သူတို့ မှော်ပညာရပ်များ အသုံးပြုတော့မည့်အချိန် မန်ဟိုက ချောင်းဟန့်လိုက်ပြန်သည်။
သူက ထိုနှစ်ယောက်ကို အဖက်မလုပ်ဘဲ ရှေ့တစ်လှမ်းတိုးသည်။ သူတို့ သူ့ထံ ပြေးဝင်လိုက်သောအခါ မရွေ့နိုင်သောအားကြီးကို ဝင်တိုက်မိလိုက်သည့်အလား ခံစားလိုက်ရသည်။ သူတို့ ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး ခန္ဓာကိုယ်များ နောက်သို့လွင့်ထွက်ကာ နံရံနှင့် ဝင့်ဆောင့်သွားကြသည်။ သူတို့မှာ သွေးများ ထပ်အန်လိုက်ကြပြီး မန်ဟို့ကို တအံ့တသြကြည့်လိုက်ကြသည်။ သူတို့၏ ကျင့်ကြံခြင်းအခြေခံများမှာ ရုတ်တရက် ဖိနှိပ်ခံလိုက်ရာ သေမျိုးလူသားများထက် အနည်းငယ်သာသည်ဆိုရုံသာ ရှိတော့သည်။
အဖြစ်အပျက်အားလုံးမှာ အလွန်လျင်မြန်လွန်းသည်။ အခြားသူများ တုံ့ပင်မတုံ့ပြန်နိုင်ခင် မန်ဟိုက သလင်းကျောက်ပလ္လင်ကို ရောက်လာခဲ့လေပြီ။
"မင်း သေချင်နေတာလား" အဝါရောင်ဝတ်ရုံနှင့်လူက အော်ပြီး ပြေးဝင်လာသည်။ သူ့ဘေးတွင် ဟွာအစ်ကိုနှစ်၏ မျက်လုံးများ ဖျတ်ခနဲ လက်သွားပြီး သူက လက်ကို ဝှေ့ယမ်းလိုက်သည်။ မီးငှက်တစ်ကောင် မှော်ဆန်ဆန်ပေါ်လာပြီး မန်ဟို့ထံ တဟုန်ထိုးဦးတည်လာ၏။ သို့သော် ဟွာအစ်ကိုနှစ်ကိုယ်တိုင်ကမူ နောက်ဆုတ်သွားသည်။
ဤအရာအားလုံးဖော်ပြရန် အချိန်အနည်းငယ်ကြာလိုက်သော်လည်း တကယ်တမ်း တခဏအတွင်း ဖြစ်ပျက်သွားလေသည်။ မန်ဟိုကား လက်မြှောက်စရာပင် မလို။ သူက လာနေသော အဝါရောင်ဝတ်ရုံနှင့်လူကို ဂရုမစိုက်ဟန်ဖြင့် ကြည့်သည်။ ထိုလူ၏စိတ်မှာ ရုတ်တရက် ချာချာလည်သွားပြီး မယုံကြည်နိုင်ဖွယ်စွမ်းအားကြီးတစ်ခု သူ့နှလုံးသားတွင် လှုပ်ရှားလာသဖြင့် တဆစ်ဆစ်ထိုးနေသော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ၏ အမြင်အာရုံ ဝေဝါးလာပြီး သူ့မှာ မျှော်လင့်ချက်မဲ့ကာ တုန်ရီလာတော့သည်။ မယုံကြည်နိုင်ဖွယ် ဖိအားကြီးက သူ့ကို လွှမ်းခြုံးသွားပြီး သူ့မှာ ၄င်းကို ခုခံရန် အစွမ်းအစမဲ့နေသည်။
သွေးများ သူ့ပါးစပ်မှ ပန်းထွက်သွားပြီး နောက်သို့လွင့်ထွက်ကာ နံရံနှင့် ဝင့်ဆောင့်သွားသည်။ ကြောက်ရွံမှုနှင့် အံ့အားသင့်နေခြင်းတို့ သူ၏မျက်လုံးတွင် ပြည့်နှက်နေသည်။ သူ၏ခန္ဓာကိုယ်ကား တဆတ်ဆတ်တုန်ရီနေလေပြီ။ သူတွေးနိုင်သည့် တစ်ခုတည်းသောအရာမှာ သူတို့ စတွေ့ခဲ့စဥ်က သူ့ကို အားကိုးရာမဲ့တိရစ္ဆာန်လေးတစ်ကောင်နှင့်တူနေစေသည့် မန်ဟို့မျက်နှာပေါ်က ရှက်ကိုးရှက်ကန်းအမူအရာပင်။
"မင်း...မင်းက.... ဘယ်သူလဲ..." သူ့ ရင်ထဲတွင် ဖော်ပြ၍ပင်မရသော အကြောက်တရားများဖြင့် ပြည့်နှက်နေလေပြီ။ သူ အိမ်ကို ခေါ်လာသည့်အရာက အားကိုးရာမဲ့ သိုးပေါက်လေးမဟုတ်ဘဲ၊ ရက်စက်သောသားရဲရိုင်းကြီး ဖြစ်နေလိမ့်မည်ဟု သူ မည်သို့ တွေးနိုင်ခဲ့မည်နည်း။
ဟွာအစ်ကိုနှစ်၏ မီးငှက်မှာမူ မန်ဟို့အနားပင် မကပ်နိုင်ခင် တုန်ရီသွားပြီးနောက် လွင့်စင်ပျောက်ကွယ်သွားသည်။ မန်ဟို့အတွက် ဤကဲ့သို့ မီးငှက်ပညာရပ်တစ်ခုမှာ ကလေးကစားစရာသဖွယ်သာ။
တခဏအတွင်း ဟွာမျိုးနွယ်စု အင်မိုတယ် လေးယောက်ကား အံ့သြမှင်သက်နေတော့သည်။ ခရမ်းရောင်ဝတ်ရုံနှင့်လူထွားကြီးမှာ မျက်နှာသွေးဆုပ်နေလျက် သလင်းကျောက်ပလ္လင်ပေါ်တွင် ထိုင်နေဆဲ ရှိသေးသည်။ သူက မန်ဟိုချဥ်းကပ်လာနေသည်ကို ကြည့်ပြီး မျက်နှာကြီးရှုံ့မဲ့နေသည်။ သူသည် ဒေါသတကြီး ဟိန်းဟောက်ကာ ခုန်လိုက်သည်။ သူ ထိုသို့လုပ်လိုက်သည့်အခိုက်အတန့်မှာပင် မန်ဟို၏အကြည့်က သူ့အပေါ်ကျရောက်သွားသည်။
ထိုအကြည့် ခရမ်းရောင်ဝတ်ရုံနှင့်လူ၏ မျက်လုံးနှစ်လုံးထဲ ဝင်ရောက်သွားသောအခါ ၄င်းက သူ့ကို တစ်ကမ္ဘာလုံး တုန်ခါသွားစေသော မိုးခြိမ်းသံကြီးသဖွယ် ထိမှန်သွားသည်။ သေရေးရှင်ရေး အန္တရာယ်အာရုံကြီးတစ်ခု သူ့ကို စိုးမိုးသွားသည်။ ဤအကြည့်က ကမ္ဘာကြီးကို ထိုးဖောက်ပြီး သူ့အား ချက်ချင်း သုတ်သင်တော့မည့်အလားပင်။
"ချီအခြေတည်ခြင်း မဟာစက်ဝန်း..... " လူထွားကြီးမှာ ခပ်ယဲ့ယဲ့ပြောရင်း ပင့်သက်ရှိုက်သွားသည်။ မယုံကြည်နိုင်မှုများ သူ၏မျက်လုံးများတွင် ပြည့်နှက်သွား၏။
***