← Chapters

ပန်းကို သုတ်သင်ဖို့  လမ်းစဥ်နဲ့ပတ်သက်ပြီး မိုးကောင်းကင်ကို မမေးမြန်းနဲ့

Vol. 15 Ch. 208

ပန်းကို သုတ်သင်ဖို့  လမ်းစဥ်နဲ့ပတ်သက်ပြီး မိုးကောင်းကင်ကို မမေးမြန်းနဲ့

Vol. 15 Ch. 208

ခရမ်းရောင်ဝတ်ရုံနှင့်လူ၏ ရင်ထဲတွင် စိတ်ပျက်ခြင်းနှင့် ခါးသီးမှုတို့ ပြည့်ကြပ်သွားတော့သည်။ သူ့မှာ တိုက်ခိုက်လိုစိတ်များ ပျောက်ဆုံးသွားလေပြီ။ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်အနေဖြင့် သူ့မှာ ချီအခြေတည်ခြင်း မဟာစက်ဝန်းရှိသူတစ်ယောက်နှင့် တိုက်ခိုက်ဖို့ ကြိုးစားရန် သတ္တိမရှိပေ။

မန်ဟို သူ့ဆီသို့ တည်ငြိမ်အေးဆေးစွာ လျှောက်လာစဥ် သူက နောက်သို့ခြေလှမ်းအနည်းငယ်ဆုတ်လိုက်သည်။ သူသည် တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ လက်ယှက်အရိုအသေပေးလိုက်သည်။

"ဂါဝရပြုပါတယ် ဆရာကြီး" သူက ပြောသည်။ ထို့နောက် အခြားသူများထံ လှည့်၍ "ဟေး မင်းတို့ကောင်တွေ အကြီးအကဲကို ဘာလို့ လေးစားမှုမရှိတာလဲ" ဟွာအစ်ကိုနှစ်က ဗလုံးဗထွေးပြောရင်း ကတုန်ကယင်နှင့် အပြေးအလွှားလာကာ မန်ဟို့ကို လေးလေးနက်နက် အရိုအသေပေးသည်။

သူ၏နှလုံးမှာ အကြောက်တရားများဖြင့် တဒိန်းဒိန်း ခုန်နေသည်။ အားနည်းသော သိုးပေါက်လေးတစ်ကောင်ဟု ထင်ထားခဲ့သည်က သူ့ကို အကြိမ်ရာပေါင်းများစွာ သတ်နိုင်သည့် မကောင်းဆိုးဝါးမိစ္ဆာတစ်ကောင်အဖြစ် ပြောင်းသွားလိမ့်မည်ဟု သူ မည်သို့တွေးနိုင်ခဲ့မည်နည်း။

အစ်ကိုသုံးနှင့်လေး ၊ အဝါရောင်ဝတ်ရုံနှင့်လူ တို့အားလုံး ကမန်းကတန်း ခရမ်းရောင်ဝတ်ရုံနှင့်လူထံ ပြေးလာကြသည်။ ညီအစ်ကိုငါးယောက်လုံး မန်ဟို့ကို ထပ်ကာထပ်ကာ အရိုအသေပေးလိုက်ကြသည်။

အားလုံးအထဲ အခါးသီးဆုံးနှင့် နောင်တအရဆုံးသူမှာတော့ မှန်ပါသည်၊ အဝါရောင်ဝတ်ရုံနှင့်လူပင်.....

သူက ခရမ်းရောင်ဝတ်ရုံနှင့်လူကို လှမ်းကြည့်လိုက်ရာ သူ့ကို မုန်းတီးစက်ဆုပ်စွာ စိန်းစိန်းဝါးဝါးစိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။ အဝါရောင်ဝတ်ရုံနှင့်လူ၏မျက်လုံးများ ပြာသွားပြီး သူ့မှာ ကြောက်လွန်း၍ မူးမေ့လဲတော့မတတ် ဖြစ်သွားသည်။

မန်ဟိုက ချောင်းဖွဖွဟန့်ရင်း သလင်းကျောက်ပလ္လင်ပေါ်တွင် ထိုင်ချလိုက်သည်။ ယခုတော့ ငါးယောက်လုံးမှာ သူစောစောက ရပ်နေခဲ့သော နေရာတွင် ရပ်နေကြရလေပြီ။

ပန်းချီဆရာအဘိုးကြီးက ကြောက်လန့်မှင်သက်ကာ ကြည့်နေသည်။

ခရမ်းရောင်ဝတ်ရုံနှင့်လူမှာ ရင်ထဲတွင် စိုးရိမ်သောကများဖြင့် ပြည့်နေပြီး ခေါင်းကြိမ်းနေတော့သည်။ "ဆရာကြီး..... " သူက ပြောသည်။ သူ့မှာ စောစောက အဖြစ်အပျက်ကို ယခုမှ သေချာစဥ်းစားမိဟန်တူသည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။

မန်ဟိုက သူ့ကို ကြည့်ပြီး ပြောသည်။ " ခင်ဗျား ကျင့်ကြံခြင်းအခြေခံနဲ့ ပြဿနာနည်းနည်းရှိနေတာ ကျုပ် တွေ့ရတယ်။ ခင်ဗျား တာအိုမဏ္ဍိုင်တစ်ခုထဲနဲ့ နှစ်ပေါင်းများစွာ ရှေ့မတက်နိုင်ဖြစ်နေတာပဲ။ ဒီလိုဆိုဘယ်လိုလဲ။ ကျုပ်မှာ အာနိသင်အရမ်းကောင်းတဲ့ ဆေးလုံးတစ်လုံးရှိတယ်" သူက လက်ကို မြှောက်လိုက်ရာ ၄င်း၏အလယ်တွင် ဆေးလုံးတစ်လုံးရှိနေသည်။

၄င်းမှာ ချီအခြေတည်အဆင့်အတွက် သာမန်ဆေးလုံးသာဖြစ်သော်လည်း တော်တော်လေး ထိရောက်မှု ရှိလေသည်.........

"ဝိညာဥ်ကျောက်တုံး ဘယ်လောက် ပေးမလဲ" မန်ဟိုက အေးတိအေးစက် ပြောသည်။

"အာ....." ခရမ်းရောင်ဝတ်ရုံနှင့်လူက အံကြိတ်ပြီးနောက် သိုလှောင်အိတ်ကို ထုတ်ကာ မန်ဟို့ကို ကမ်းပေးသည်။ မန်ဟိုက မဆိုစလောက် မျက်မှောင်ကြုတ်သွားရာ တုန်ရီနေသော ခရမ်းရောင်ဝတ်ရုံနှင့်လူမှာ နောက်လှည့်ပြီး လေးယောက်ကို စိုက်ကြည့်လိုက်သည်။ အကုန်လုံးကား ကြောက်ဒူးတုန်နေကြလေသည်။ တစ်ယောက်ပြီးတစ်ယောက် သူတို့၏ ပိုင်ဆိုင်မှုအားလုံး ထုတ်လိုက်ကြသည်။ အဆုံးသတ်တွင် ခရမ်းရောင်ဝတ်ရုံနှင့်လူသည် ပစ္စည်းအားလုံးနှင့် သူတို့၏ကျင့်ကြံခြင်းဂူတွင် နှစ်ပေါင်းများစွာ စုဆောင်းခဲ့သော ကြွယ်ဝမှုများအပြင် ဂူကိုပါ သိမ်းကာ မန်ဟို့အား ပေးသည်။ ၄င်းတို့အားလုံးမှာ ဆေးလုံးတစ်လုံးနှင့် လဲလှယ်ရန်အတွက်သာ။

မန်ဟိုက မပြောင်းလဲသော အမူအရာဖြင့် အဖိုးတန်ပစ္စည်းအမျိုးမျိုးအား သိမ်းလိုက်သည်။ ထို့နောက် သူက ဆူပုပ်ပုပ်ကြည့်နေသော အဝါရောင်ဝတ်ရုံနှင့်လူကို ကြည့်ပြီးနောက် ဟွာအစ်ကိုနှစ်ကို ကြည့်သည်။

"ခင်ဗျား ဒီနေရာမှာ နေရာရွှေ့ပြောင်းရေးဝင်ပေါက်ရှိတယ်လို့ ပြောခဲ့သလားလို့"

"ဟုတ် ဟုတ် ရှိတယ်" ဟွာအစ်ကိုနှစ်က ပြန်ဖြေသည်။ သူက တစ်ခုမှ မထိမ်ချန်ဘဲ ကပျာကယာ အလုံးစုံပြောပြသည်။ "တကယ်တော့ ကျွန်တော်တို့ ဝင်ပေါက်ကို ဒီနေရာသယ်လာတာ မဟုတ်ဘူး။ မမျှော်လင့်ဘဲ ရှာတွေ့ခဲ့တဲ့ ကျင့်ကြံခြင်းဂူရဲ့ သဘာဝအလျောက် လုပ်ဆောင်ချက်တစ်ခုပါ။ အလုပ်လုပ်ပေမယ့် တစ်နေရာထဲကိုပဲ နေရာရွှေ့ပြောင်းပေးနိုင်တယ်" သူ့နှလုံးသား စိုးရိမ်ကြောင့်ကြံမှုများနှင့်အတူ အဝါရောင်ဝတ်ရုံနှင့်လူအပေါ် မုန်းတီးမှုများဖြင့် ပြည့်နေတော့သည်။ "ခွေးကောင် ညီငါး" သူက တွေးသည်။ "ဘယ်လိုလုပ် ဒီလူကို ခေါ်လာရတာတုန်း။ သူက ခေါင်းဆောင်ကြီးတစ်ယောက်ယောက်ပဲ"

မန်ဟိုက ခေါင်းညိတ်သည်။ သူ၏ စိတ်ဝိညာဥ်အာရုံအသုံးပြု၍ နေရာရွှေ့ပြောင်းရေးဝင်ပေါက်၏ တည်နေရာကို အတည်ပြုခဲ့ပြီးလေပြီ။ သူက ညီအစ်ကိုငါးယောက်ကို ပြန်ကြည့်ပြီး ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။ ငါးယောက်လုံး ခုခံနိုင်ခြင်း မရှိဘဲ ချက်ချင်း ဖယ်ရှားခံလိုက်ရသည်။ မန်ဟို့ စကြဝဠာအိတ်အတွင်းရှိ သွေးရောင်မျက်နှာဖုံး၏ကမ္ဘာထဲ ဝင်ရောက်သွားသဖြင့် သူတို့မြင်မြင်သမျှ ဝေဝါးသွားသည်။

အရာအားလုံးကား သွေးရောင်အတိပင်။ အသားဂျယ်လီမှာ  စိတ်ဆင်းရဲစွာဖြင့် ငူငူကြီးထိုင်နေသော လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို ဆုံးမနေသည့်ခုလတ်ဖြစ်သည်။ လီမျိုးနွယ်စုခေါင်းဆောင်ကြီးမှာ အသက်မရှိတော့သည့်အလား လက်မှိုင်ခြေမှိုင်ကျနေသည်။

အသားဂျယ်လီက ဟွာမျိုးနွယ်ငါးယောက်နှင့်အတူ မန်ဟို ပေါ်လာသည်ကို ချက်ချင်း သတိထားမိလိုက်သည်။ ၄င်း၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်သွားပြီး လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို ဘေးပို့လိုက်သည်။

"လူယုတ်မာတွေ" သူက ပျံလာရင်း အော်သည်။  " လူယုတ်မာအနံ့ရတယ်။ အကုန်လုံး လူယုတ်မာတွေ၊ အကုန်လုံး အကျင့်ပျက်နေတယ်" ၄င်းက ကြောင်တိကြောင်တောင်နှင့် ကြောက်လန့်နေကြသော ဟွာမျိုးနွယ်ငါးယောက်ကို ပတ်၍ ဝဲပျံနေသည်။ အသားဂျယ်လီမှာ ပိုပို၍ စိတ်လှုပ်ရှားလာလေပြီ။

မန်ဟိုက ချောင်းဟန့်ပြီး ပြောသည်။ "ဆရာကြီး၊ ဒါ လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက် ကျွန်တော် ခေါ်လာမယ်လို့ ဆရာကြီးကို ကတိပေးခဲ့တဲ့ လူယုတ်မာတွေပါ။ သူတို့ကို အကျင့်ပျက်လမ်းစဥ်ကနေ ပြန်ခေါ်ဆောင်ပေးဖို့အတွက် ဆရာကြီးရဲ့ ဆုံးမသွန်သင်မှု လိုအပ်ပါတယ်ခင်ဗျာ"

"တော်တယ်၊ တော်တယ်" အသားဂျယ်လီက ခေါင်းတစ်ချက်ညိတ်ပြီး ပြောသည်။ "မင်း စကားတည်ရင် ငါလဲ တည်ရမှာပေါ့။ အရင်ဆုံး ရေ ပါရစေဦး" ၄င်းက ခရမ်းရောင်ဝတ်ရုံနှင့် လူထွားကြီးပခုံးပေါ်တွင် နားပြီး တောင်ပံ တဖျပ်ဖျပ်ခတ်လိုက်သည်။

"တစ်.... နှစ်.... သုံး...." အသားဂျယ်လီသည် ခရမ်းရောင်ဝတ်ရုံနှင့်လူမှစ၍ အစ်ကိုနှစ် နှင့် အစ်ကိုသုံးဆီ ရေသွားသည်။ ၄င်း၏မျက်လုံးများ အစ်ကိုလေးအပေါ် ကျရောက်သောအခါ ရုတ်တရက် တအံ့တသြ စိုက်ကြည့်လိုက်သည်။ "တစ်....နှစ်" ၄င်းက တောင်ပံတဖျပ်ဖျပ် ခတ်ရင်း အဝါရောင်ဝတ်ရုံနှင့်လူထံ ရောက်လာသည်။ ရုတ်တရက် အရှက်ခွဲခံလိုက်ရ၍ ဒေါသထွက်သွားသော အမူအရာ ၄င်း၏မျက်နှာပေါ်တွင် ပေါ်လာသည်။ ၄င်းက မန်ဟိုထံ လှည့်ပြီး စိန်းစိန်းဝါးဝါးကြည့်သည်။ "လူလိမ်"

မန်ဟို ပါးစပ်အဟောင်းသား ဖြစ်သွားတော့သည်။

"ကြည့်" အသားဂျယ်လီက ဒေါကြီးမောကြီး ငေါက်သည်။ "တစ် နှစ် သုံး တစ် နှစ်။ မင်း ငါ့ဆီ နှစ်ယောက်ပဲ ခေါ်လာတယ်။ ငါ သုံးယောက်လို့ပြောခဲ့တာလေ။ ငါ သုံးယောက်လိုချင်တယ်" ၄င်းကား အလိမ်ခံရသည်ဟု သေချာပေါက် ယုံကြည်နေတော့သည်။

မန်ဟိုမှာတော့ မျက်လုံးပြူးကြီးဖြင့် ကြည့်နေသည်။ ရုတ်တရက် အရာအားလုံး ရှင်းသွား၏။ ဤသောက်အသားဂျယ်လီက တကယ့်ကို တစ်၊ နှစ်၊ သုံးသာ ရေတွက်တတ်သည်တဲ့လား။

မန်ဟို တုံ့ဆိုင်းမနေဘဲ အစ်ကိုလေးနှင့် အဝါရောင်ဝတ်ရုံနှင့်လူ လက်မြန်ခြေမြန် ဖယ်ရှားလိုက်သည်။ ချက်ချင်းပင် သူတို့ ပျောက်ကွယ်သွား၏။

"မှားသွားလို့ပါ ဆရာကြီး" မန်ဟိုက ကပျာကယာပြောသည်။ " ပြန်ရေကြည့်ပါဦးလား"

အသားဂျယ်လီက သေသေချာချာ ပြန်ရေသည်။ "တစ် နှစ် သုံး....ဟားဟား ။ သုံးယောက်ပဲ။ လူယုတ်မာသုံးယောက်။ တော်တယ် တော်တယ်" ၄င်းက နောက်တစ်ဖန် စိတ်လှုပ်ရှားလာပြန်သဖြင့် တောင်ပံတဖျပ်ဖျပ်ခတ်ကာ ဝဲပျံလိုက်သည်။ ရုတ်တရက် လျှပ်စီးကဲ့သို့ အလင်းရောင်တစ်ခု မန်ဟို့ထံ ပြေးဝင်လာသည်။..

မန်ဟိုက မရှောင်ပေ။ လျှပ်စီးအလင်းရောင် သူ့ကို ဝင်တိုက်ပြီး သူ၏စိတ်ဝိညာဥ်အာရုံဖြင့် ပေါင်းစည်းသွားသည်။

"ဒါက ငါ့ရဲ့ မိုးကြိုးစိတ်ဆန္ဒပဲ " ခရမ်းရောင်ဝတ်ရုံနှင့်လူ၏ ပခုံးအပေါ် နားနေပြီဖြစ်သော အသားဂျယ်လီက ပြောသည်။ "မင်း အဲ့တာကို သုံးပြီး ပုံစံတစ်ကြိမ်ပြောင်းနိုင်တယ်။ လူယုတ်မာတွေ ထပ်ခေါ်လာပေးဖို့ မမေ့နဲ့" ၄င်းက ခရမ်းရောင်ဝတ်ရုံနှင့်လူကို ရင်းနှီးဖော်ရွေသောမျက်နှာပေးနှင့် ကြည့်သည်။ "ဟေး ၊ ဟယ်လို၊ ငါ့နာမည်က အန္တိမဒုက္ခတဲ့။ မင်းနာမည်ကကော"

ခရမ်းရောင်ဝတ်ရုံနှင့် လူထွားကြီးမှာ တအံ့တသြစိုက်ကြည့်နေသည်။ သူ ပြန်ဖြေမည်ကို စောင့်မနေတော့ဘဲ မန်ဟိုက သွေးမျက်နှာဖုံးမှာ သုတ်သီးသုတ်ပျာထွက်သွားလိုက်သည်။ ထိုလူပြန်ပြောပြီးနောက် ဘာဆက်ဖြစ်လိမ့်မည်ကို သူ့မှာ တွေးသာကြည့်နိုင်တော့သည်။ ဒုက္ခပင်လယ်ကြီး သူ့ကို စောင့်နေလေပြီ.....

ကျင့်ကြံခြင်းဂူထဲတွင် မန်ဟိုသည် အတွေးနက်နေသောမျက်နှာထားဖြင့် ထိုင်နေသည်။

"အသားဂျယ်လီက တစ်ကနေ သုံးအထိပဲ ရေနိုင်တာကိုး.....ဟန်ကျတာပဲ" တခဏကြာသော် သူက ထိုင်းမှိုင်းနေသောမျက်နှာဖြင့် ထိုင်နေသော ပန်းချီဆရာအဘိုးကြီးကို ကြည့်သည်။

"ဆရာကြီး" သူက နူးညံ့ကြင်နာစွာ ပြောသည်။ "ဘယ်ရွာကလဲ။ ကျုပ် အိမ်ပြန်လိုက်ပို့ပေးမယ်လေ"

အဘိုးကြီးမှာ တုန်လှုပ်နေပုံရသည်။ သူက တခဏချီတုံချတုံဖြစ်နေပြီးနောက် တုန်ရီနေသောအသံဖြင့် ပြောသည်။ "ဟို..... ကျုပ် ပန်းချီက အခုထိမပြီးသေးဘူး။ ခင်ဗျားကို ဆွဲပေးရမလား" သူ၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တောက်ပနေ၏။

မန်ဟိုမှာ တခဏမျှ အံသြသွားသည်။ ထို့နောက် သူက မျက်လုံးများ ကျဥ်းမြောင်း၍ အဘိုးကြီးကို သေသေချာချာကြည့်လိုက်သည်။ သူ မည်သို့ကြည့်ကြည့်၊ အိဘိုးကြီးမှာ သေမျိုးလူသားတစ်ယောက်သာ။ အချိန်အနည်းငယ်ကြာသော် မန်ဟို ခေါင်းညိတ်လိုက်သည်။ "ကျေးဇူး အများကြီးတင်ပါတယ် ဆရာကြီး" သူက သလင်းကျောက်ပလ္လင်ပေါ်တွင် ဆက်ထိုင်နေရင်း ပြောသည်။

အဘိုးကြီးက အသက်ပြင်းပြင်း တစ်ချက်ရှူသွင်းပြီးနောက် တုန်ရီနေသောလက်ဖြင့် စုတ်တံကို မြှောက်လိုက်သည်။ သူက မန်ဟို့ကို ကြည့်ရင်း စတင်ရေးဆွဲတော့သည်။

အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသည်။ မန်ဟို စိတ်ရှည်လက်ရှည်စောင့်နေသည့်အတောအတွင်း လေးနာရီကြာသွားလေပြီ။  အဘိုးကြီးက စိတ်အားထက်ထက်သန်သန် ဆွဲနေ၍ မန်ဟိုက မလှုပ်မယှက် ထိုင်နေသည်။

အချိန်အနည်းငယ်ကြာသော် အဘိုးကြီးက စုတ်တံချလိုက်သည်။ သူက အားရကျေနပ်နေသော မျက်လုံးများဖြင့် အရှေ့ရှိ ပန်းချီကို ကြည့်သည်။

မန်ဟို ပြုံးလိုက်သည်။ သူက ထရပ်ပြီး အဘိုးကြီး၏ဘေးသို့ လျှောက်လာသည်။ ပတ္တူစပေါ်တွင် သူမြင်ရသည်မှာ တောင်တန်းများခြံရံလျက်ရှိသော ထိုင်ခုံတစ်လုံး၌ မတ်မတ်ထိုင်နေသည့် လူငယ်တစ်ယောက်ဖြစ်သည်။ ပန်းချီက သိပ်မပြောင်မြောက်သော်လည်း တစ်ခုခုက လွဲနေသယောင်ပင်။ ၄င်းက မန်ဟိုနှင့် သုံးဆယ်ရာခိုင်နှုန်းသာ တူသည်။

"သိပ်ကောင်းတယ်" မန်ဟိုက ခေါင်းညိတ်ကာ ပြုံးရင်း ပြောသည်။ "ဒီက အမှတ်အသားနှစ်ခုက ဘာလဲဗျ" သူက ရှည်လျားပြီး ခပ်ထူထူအမှတ်အသားနှစ်ခုကို မြင်နေရသည့် နေရာကို လက်ညှိုးထိုးလိုက်သည်။ ၄င်းတို့ မည်သည့်အဓိပ္ပါယ်ရသည်ကို မန်ဟိုမသိပေ။

"ငါတို့ အားလုံးအပေါ်က ဘာလဲ" အဘိုးကြီးက ပြုံးရင်း မေးသည်။

မန်ဟိုက သူ့ကို တအံ့တသြကြည့်သည်။ ထို့နောက် သူကပြုံးလိုက်ပြီး ခပ်တိုးတိုး ပြန်ဖြေသည်။ "ကောင်းကင်"

"တစ်ချက်လောက် ပြန်စဥ်းစားပါဦး" အဘိုးကြီးက မန်ဟို့ကို ကြည့်ရင်း မေးသည်။ သူ့အပြုံးတွင် ဖုံးကွယ်ထားသော အဓိပ္ပါယ်တစ်ခု ပါဝင်နေပုံရသည်။ သူသည် စောစောကနှင့် လုံးဝကွဲပြားသွားဟန်တူသည်။ မန်ဟိုက တခဏ တွေးပြီးနောက် ခေါင်းမော့လိုက်သည်။ သူ၏အမြင်အာရုံက ကျင့်ကြံခြင်းဂူကို ဖြတ်၍ အပြင်ဘက်ကောင်းကင်ထံ ရောက်သွားပြီး သူ၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားသည်။

အချိန်အနည်းငယ်ကြာသော် မန်ဟိုက ခေါင်းပြန်ငုံ့လိုက်သည်။ ထိုအခိုက်တွင် သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ အဘိုးကြီးကား ......  မည်သည့်နေရာတွင်မှ မရှိတော့။

ရှေးဆန်သော အသံကြီးတစ်သံ ရုတ်တရက် ကျင့်ကြံခြင်းဂူတွင် ပြည့်နှက်လာသဖြင့် မန်ဟို၏ ခန္ဓာကိုယ်အား တုန်ရီသွားစေသည်။ သူ၏စိတ်ဝိညာဥ်အာရုံမှာ ရုတ်တရက် အစိတ်စိတ်အမြွှာမြွှာ ကွဲထွက်သွားသည်။ " လောကသစ်ပင်ရဲ့ နှစ်တစ်ထောင်သက်တမ်း စိတ်ဆန္ဒကြောင့် ငါ့ရဲ့ အကြွင်းအကျန်ကိုယ်ဟာ ဒီနေ့ ဒီနေရာရောက်နေတာပဲ။ ငါ မင်းအတွက် ဒီနေ့ ပန်းချီဆွဲပေးဖို့ ရောက်လာတာ ကံတရားပဲ။ ငါ ရှင်သန်ခြင်းနှင်းပန်းရဲ့ ပုံသဏ္ဍာန်အစစ်အမှန်ကို ချိတ်ပိတ်ပြီး၊ သူ့ရဲ့ သဘာဝစွမ်းရည်ကို သန့်စင်ပြီးတော့ မင်းရဲ့ စိတ်ဝိညာဥ်နဲ့ ပေါင်းစည်းပေးခဲ့တယ်။ ချိတ်ပိတ်ခံထားရတဲ့အချိန်မှာ သူ မင်းကို အန္တရာယ်မပေးနိုင်ဘူး။ ဒါ့အပြင် မင်းအနေနဲ့ ရှင်သန်ခြင်းနှင်းပန်းရဲ့ အပင်နဲ့အသီးအရွက် သဘာဝစွမ်းရည်ကို ဆင့်ခေါ်နိုင်လိမ့်မယ်။ လုံလောက်တဲ့ အချိန် ကုန်ဆုံးသွားတဲ့အခါ ပန်းကို ချိတ်ပိတ်ထားတဲ့ ငါ့ရဲ့ အကြွင်းအကျန်စိတ်ဆန္ဒကို မင်း ဖယ်ရှားနိုင်တယ်။ နှစ်ပေါင်းအသင်္ချေကြာခဲ့တဲ့ တစ်လျှောက်လုံး ငါ့အတွက် မင်းက တကယ် မေ့နိုင်မှာမဟုတ်တဲ့ တစ်ယောက်တည်းသောလူပဲ။ ငါ့ မှတ်ဉာဏ်ထဲမှာ ရှိနေတဲ့ လူတစ်ယောက်ဟာ အဲ့ဒီကျီမျိုးရိုး ကံကြွေးပျက်ကိန်းရဲ့ သုတ်သင်ခြင်း မခံရဘူး"

အချိန်အကြာကြီးကြာပြီးနောက်မှ မန်ဟို အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ပန်းချီကို နောက်တစ်ခေါက် ပြန်ကြည့်လိုက်သည်တွင် သူ၏မျက်လုံးများ တောက်ပလင်းလက်သွားသည်။

ပန်းချီပေါ်ရှိ ပုံသဏ္ဍာန်ကား မန်ဟိုမဟုတ်၊ ....... ရှင်သန်ခြင်းနှင်းပန်းတစ်ပွင့်ပင်။

၄င်းသည် ရိုင်းစိုင်းကြမ်းတမ်းပြီး ရူးသွပ်စွာဖြင့် မလိုလားသည့်ဟန်ပင် ရှိနေသည်။ ၄င်းမှာ ပန်းချီအတွင်း ပိတ်လှောင်ခံထားရပုံပေါ်သည်။ ပုံသဏ္ဍာန်မှာ မယုံနိုင်လောက်အောင် အသက်ဝင်လျက်ရှိ၏။

ပန်းချီပေါ်တွင် စကားလုံးတချို့လည်း ရေးသားထားသည်။

ရှင်သန်ခြင်းနှင်းပန်း ခုနစ်ရောင်ခြယ်နဲ့ ပွင့်လန်းတဲ့နေ့၊ ပန်းဟာ နှစ်တစ်ထောင်အတွင်း အင်မိုတယ်တစ်ပါးဖြစ်လာလိမ့်မယ်။ ကံကြွေးက အင်မိုတယ်တောင်မှာ ဖုံးကွယ်ခံထားရတယ်။ ပန်းကို သုတ်သင်ဖို့  လမ်းစဥ်နဲ့ပတ်သက်ပြီး မိုးကောင်းကင်ကို မမေးမြန်းနဲ့။

မိတ်ဆွေငယ်လေးအတွက် တောင်ကောင်းကင်ဂြိုဟ်၊ တောင်ပိုင်းဒေသမှာ ရေးဆွဲခဲ့ခြင်း။

ရွှေတုန်းလျှို

***

All Chapters