← Chapters

ဇီယွင်ဂိုဏ်းကို ဝင်ရောက်ခြင်း

Vol. 15 Ch. 210

ဇီယွင်ဂိုဏ်းကို ဝင်ရောက်ခြင်း

Vol. 15 Ch. 210

မန်ဟိုက အဆောင်ထဲသို့ အေးအေးလူလူ ဝင်သွားသည်။ သူသည် အခြားလူလေးယောက်ကို မကြည့်သလို၊ သူတို့ကလည်း သူ့မကြည့်ပေ။ သူက ဘေးတွင် ထိုင်ချလိုက်သည်။

သိပ်မကြာခင် လူ သုံးယောက် ထပ်ရောက်လာသည်။ သူတို့ကို တေးသံများက ဝန်းရံနေသည့်တိုင် မည်သည့်ကချေသည်ကိုမှ မတွေ့ရပေ။ ၄င်းက အလွန်ထူးဆန်းသော လေထုကို ဖန်တီးနေသည်။ ရုတ်တရက် အားပါးတရယ်သံနှင့်အတူ နီကျင့်ကျင့်မျက်နှာရှိသော အဘိုးကြီးတစ်ယောက်ပေါ်လာပြီး သူတို့ထံ လျှောက်လာသည်။ သူက ထိပ်ဆုံးတွင် ထိုင်ချလိုက်သည်။

"ဂုဏ်သရေရှိ အမျိုးသမီးများနှင့် လူကြီးမင်းတို့၊ ဒီနေ့ တွေ့ဆုံပွဲ စတင်ရအောင်။ ကျုပ် စည်းကမ်းတွေပြောမနေတော့ဘူး။ ဒါက ခင်ဗျားတို့အားလုံး ဧည့်သည်အနေနဲ့ လျှို့ဝှက်တွေ့ဆုံပွဲ ပထမဆုံးအကြိမ် တက်ဖူးတာ မဟုတ်နိုင်ဘူး။ ကဲ တာအိုရောင်ရင်း တို့ စကြစို့" သူက အင်္ကျီလက်စကို ခါလိုက်ပြီး နဂါးကိုးးကောင်မီးဖိုတစ်လုံး တက်ရောက်သူအားလုံး၏အလယ်တွင် ပေါ်လာသည်။ မြူများ စတင်ပြန့်ကားလာပြီး မန်ဟိုက အဘိုးကြီးကို ကြည့်လိုက်သည်။

ဤလူမှာ သူ၏ ပထမဆုံးလျှို့ဝှက်တွေ့ဆုံပွဲတုန်းက မြင်ခဲ့ဖူးသည့် အဘိုးကြီးမဟုတ်ပေ။ သို့သော် မန်ဟို၏ကျင့်ကြံခြင်းအခြေခံမှာ ထိုစဥ်ကနှင့် မတူတော့ပေ။ သူ၏စိတ်ဝိညာဥ်အာရုံဖြင့် အဘိုးကြီးမှာ အစစ်ပင်မဟုတ်ကြောင်း သူ ပြောနိုင်သည်။

သူသည် တကယ်တမ်း ပုံရိပ်ယောင်တစ်ခုသာ။

"ဒီလျှို့ဝှက်တွေ့ဆုံပွဲတွေက တကယ် လျှို့ဝှက်ဆန်းကြယ်တာပဲ" မန်ဟိုက တွေးသည်။ "သူတို့ကို နောက်ကွယ်ကနေ စီမံခန့်ခွဲနေတဲ့ အင်အားကြီးတဲ့အဖွဲ့အစည်းတွေ ရှိကိုရှိလိမ့်မယ်။ ချင်းလော်ဂိုဏ်းပိုင်နက်ထဲက တွေ့ဆုံပွဲကလဲ ဒီအတိုင်းတစ်ထပ်တည်းပဲ" သူက ကျောက်စိမ်းပြားတစ်ပြားထုတ်ပြီး မီးဖိုထဲ ပစ်လိုက်သည်။

အခြားသူအားလုံးလည်း ထိုနည်းတူလုပ်လိုက်ကြပြီး မကြာခင် နဂါးမီးဖိုထဲမှ မြူခိုးများ လူတိုင်းကို လွှမ်းခြုံရင်း တစ်နေရာလုံး ပြည့်နှက်သွားသည်။

တောက်ပနေသောအလင်းရောင်များ ပေါ်လာပြီး မန်ဟို ၄င်းတို့ကို လျှောက်ကြည့်လိုက်သည်။ သူ၏မျက်လုံးများ တဖျပ်ဖျပ် လက်လာသည်။ ကမ်းလှမ်းမှုအများစုမှာ ဆေးဖော်စပ်နည်းများ၊ ဆေးပင်များ ဖြစ်သည်။

"ဒီနေ့ ဒီနေရာမှာ အရှေ့ဆေးဝါးအဖွဲ့ထဲက တစ်ယောက်တော့ အနည်းဆုံးပါရမယ်။ ပြီးတော့ ဆေးဝါးကျွမ်းကျင်ပညာရှင် တင်မဟုတ်ဘူး။ ဆေးပေါင်းဖိုဘုရင်ပဲ" ပြီးခဲ့သည့်ရက်အနည်းငယ်အတွင်း မန်ဟိုသည် အရှေ့ဆေးဝါးအဖွဲ့အကြောင်း လေ့လာခဲ့ပြီး ယခုတွင် အတော်များများသိနေပြီ ဖြစ်သည်။

ဥပမာ အရှေ့ဆေးဝါးအဖွဲ့၏ ဂိုဏ်းသားများသည် ဆေးဝါးအတတ်သင် အဖြစ်က စကြရသည်။ နောက်ဆုံး၌ ဆေးဝါးကျွမ်းကျင်ပညာရှင်၊ ထို့ မှတစ်ဆင့် ဆေးပေါင်းဖိုဘုရင်များ ဖြစ်လာနိုင်သည်။ ဆေးပေါင်းဖိုဘုရင်များထက် ပိုမြင့်သည်က တောင်ပိုင်းဒေသအတွင်း အလွန်အရေးပါအရာရောက်သည့် ပုဂ္ဂိုလ်များဖြစ်သော ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များပင်။

ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များသည် မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ ပညာသင်တပည့် ဖြစ်ကြသည့်အပြင် သူ့ထံမှ တိုက်ရိုက်သင်ကြားပို့ချခြင်းခံကြရသည်။ မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ တပည့်တစ်ယောက်ဖြစ်နိုင်သည့် တစ်ခုတည်းသောအခြားနည်းလမ်းမှာ နောက်ခံကောင်းရန်လိုအပ်ပြီး သို့မှသာ တစ်ချက်ခုန်ရုံနှင့် ကောင်းကင်ထိ ရောက်နိုင်မည်။

ဥပမာအားဖြင့် လွန်ခဲ့သောနှစ်များက တင်းရှင့်သည် ခရမ်းရောင်ချီအဖွဲ့၏ ဂိုဏ်းသားတစ်ဦးဖြစ်ခဲ့သည်။ သို့သော် သူ၏ ဆေးဖော်စပ်ခြင်းပါရမီက မဟာအကြီးအကဲဆေးလုံးမိစ္ဆာကို အထင်ကြီးစေခဲ့ရာ နောက်ဆုံး၌ တပည့်အဖြစ် ရွေးချယ်ခံခဲ့ရသည်။ စိတ်မကောင်းစရာကောင်းသည်က သူ သင်ယူလေ့လာခြင်းပင် မစနိုင်ခင် ကျိုးပြည်သို့ စေလွှတ်ခံရကာ မန်ဟို့လက်ချက်ကြောင့် ကြွေလွင့်သွားခဲ့လေသည်။

ထို့နောက် မဟာအကြီးအကဲဆေးလုံးမိစ္ဆာ တပည့်အဖြစ် လက်ခံခဲ့သည့် တစ်ယောက်တည်းသော တပည့်မှာ ချူယွီယန်ပင်။ သို့သော် သူမ၏ဆေးဖော်စပ်ခြင်းဆိုင်ရာ ကျွမ်းကျင်မှုမှာ တကယ်တမ်း ဆေးပေါင်းဖိုဘုရင်အဆင့်သာ ရှိသည်။ သူမက ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဆင့်မှ အတော်လေး အလှမ်းဝေးသေးလေသည်။

မန်ဟိုသည် မှိတ်တုတ်မှိတ်တုတ် တောက်ပနေသော အလင်းစက်များကို ကြည့်ပြီး လေးလေးနက်နက်တွေးလျက် ရပ်နေသည်။ တခဏကြာသော် သူက သူအလိုရှိသော သတင်းပါရှိသည့် အလင်းစက်ကို လှမ်းယူလိုက်သည်။ ၄င်းတွင် အသေးစိတ်အချက်အလက် အနည်းငယ် ထပ်မံဖြည့်စွက်ပြီး ပြန်ပစ်လွှတ်ကာ စောင့်နေလိုက်သည်။

သိပ်မကြာခင် အလင်းတန်းတစ်တန်း သူ့အရှေ့တွင် ပေါ်လာသည်။

"မင်းမှာ ဇီယွင်ဂိုဏ်းရဲ့ အရှေ့ဆေးဝါးအဖွဲ့ကို ဝင်ရောက်ပြီး ဆေးဝါးအတတ်သင် ဖြစ်ချင်တဲ့ မိတ်ဆွေတစ်ယောက် ရှိတယ်လား။ မင်းအဲ့ဒီအတွက်ဆိုရင် ထောက်ခံစာတစ်စောင်လိုမယ်။ ဘာနဲ့ လဲလှယ်ချင်လဲ"

မန်ဟို၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားသည်။ ဤသည်မှာ ခရမ်းလမြို့တော် လျှို့ဝှက်တွေ့ဆုံပွဲသို့ တက်ရောက်ရန် ရွေးချယ်ခဲ့သော သူ၏ ရည်ရွယ်ချက်ပင်။

ဇီယွင်ဂိုဏ်း၏ စည်းမျဥ်းများအရ ကြုံသလို ဂိုဏ်းထဲဝင်ရောက်၍ မရပေ။ သို့သော် ဂိုဏ်းကြီးလေလေ၊ လူဆိုးလူကောင်းများ ပို၍ရောနှောလေလေ မဟုတ်ပါလော။ ကိုယ်ကျိုးအတွက် ဂိုဏ်းစည်းမျဥ်းများကို ချိုးဖောက်သူများ ဒုနှင့်ဒေးပင်။ ကြည့်ရသရွေ့ လောလောလတ်လတ် ဆေးလေလံပွဲကြောင့် ဆေးပေါင်းဖိုဘုရင်တစ်ယောက် ဤတွေ့ဆုံပွဲကို တက်ရောက်ခြင်းဖြစ်လောက်သည်။

အကျိုးအမြတ်အတွက် ဆေးပင်များကို ရောင်းချနိုင်လျှင် မည်သည့်အတွက်ကြောင့် ဂိုဏ်းတွင် ဆေးဝါးအတတ်သင် တစ်ယောက်အတွက် နေရာတစ်နေရာ မရနိုင်မည်နည်း။ ဇီယွင်ဂိုဏ်းတွင် ဆေးဝါးအတတ်သင် တစ်သိန်းခန့် ရှိသည် မဟုတ်ပါလော။ တစ်ယောက်ဆိုသည်က အမှန်တကယ် မပြောပလောက်ပေ။

မန်ဟိုက ချက်ချင်း မတုံ့ပြန်ဘဲ အမွှေးတိုင်နှစ်တိုင်ထွန်းစာ အထိ စောင့်လိုက်သည်။ သူ၏တောင်းဆိုချက်ထံသို့ မည်သည့်တုံ့ပြန်ချက်မှ ဝင်မလာတော့မှ စောစောက သူ့ကို စာပို့ခဲ့သောလူနှင့် ဆွေးနွေးညှိနှိုင်းလိုက်သည်။ သူတို့ တစ်ယောက်နှင့်တစ်ယောက် တရားဝင်အတည်ပြုရန် အကဲခတ်ကြည့်ကြသည်။ မန်ဟိုက ဤကိစ္စမျိုးနှင့် ရင်းနှီးလေသည်။

သူတို့နှစ်ယောက် သဘောတူရန် သိပ်မကြာလိုက်ပေ။ မန်ဟိုသည် ဆေးဝါးအတတ်သင် အတွက် မှီခိုရာဂိုဏ်းချုပ်၏ကျင့်ကြံခြင်းဂူတွင် ရရှိခဲ့သော ဆေးပင်တချို့နှင့် လဲလှယ်လိုက်သည်။ အပေးအယူပြီးဆုံးသွားသောအခါ မန်ဟို့လက်ထဲတွင် ကျောက်စိမ်းပြားတစ်ပြား ရှိနေလေပြီ။

၄င်းသည် စိမ်းပုပ်ရောင်ဖြစ်ပြီး မျက်နှာပြင်ပေါ်တွင် ဆေးပေါင်းဖိုတစ်လုံး၏ ပုံသဏ္ဍာန် ထွင်းထားသည်။

မကြာခင် လျှို့ဝှက်တွေ့ဆုံပွဲ အဆုံးသတ်နှင့် နီးကပ်လာသည်။ မြူများ လွင့်စင်ပျောက်ကွယ်သွားပြီး တစ်ယောက်ပြီးတစ်ယောက် အလင်းတန်းများ အသွင်ဖြင့် အလျှိုလျှိုထွက်သွားကြသည်။ မန်ဟို ထွက်ပေါက်ကို ကျော်ဖြတ်လိုက်သောအခါ  ခရမ်းလမြို့တော်၏ အစွန်အဖျားတစ်နေရာတွင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူက ခေါင်းငုံပြီး ညအမှောင်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။

သုံးရက်ကြာသော် ဇီယွင်ဂိုဏ်း၏အောက်ခြေတွင် ၁၆နှစ်၊ ၁၇နှစ်ရွယ် စာပေသမားလေးအသွင်ဖြင့် မန်ဟိုပေါ်လာသည်။ သူက စိတ်လှုပ်ရှားနေသော မျက်နှာထားဖြင့် စိမ်းပုပ်ရောင်ကျောက်စိမ်းပြားကို သက်လတ်ပိုင်းအရွယ်လူတစ်ယောက်ထံ ကမ်းပေးလိုက်သည်။

ထိုလူသည် တာအိုဝတ်ရုံတစ်စုံ ဝတ်ဆင်ထားပြီး နှုတ်ခမ်းမွှေး ခပ်စစရှိသည်။ သူက စဦးချီဖွဲ့စည်းမှုအဆင့် ၈ ဖြစ်ဟန်တူသည်။ သူသည် မန်ဟို့ကို ကြည့်ပြီးနောက် ကျောက်စိမ်းပြားကို လှမ်းကြည့်သည်။

"မင်းမှာ ဒီထောက်ခံကျောက်စိမ်းပြား ရှိတဲ့အတွင် ဇီယွင်ဂိုဏ်းကို ဝင်ရောက်နိုင်တယ်။ ဒါပေမယ့် ဆေးဝါးအတတ်သင်တိုင်း အမှန်တရားလမ်းကို ဖြတ်လျှောက်ရမယ်။ မင်းအပါအဝင် ဒီနေ့ ဂိုဏ်းကို ဝင်ချင်လို့ ဒီရောက်နေတဲ့လူသုံးယောက်ရှိတယ်။ မင်းတို့တစ်ယောက်ယောက်မှာ မကောင်းတဲ့ရည်ရွယ်ချက်တွေရှိရင် အမှန်တရားတံတားပေါ်မှာ မင်းတို့ သေရလိမ့်မယ်" သူက  အင်္ကျီလက်စကို ခါပြီး လမ်းလျှောက်ထွက်သွားသည်။

မန်ဟိုက ဆေးပေါင်းဖိုသဏ္ဍာန် တောင်ခြေတစ်လျှောက် သူ၏အနောက်မှ လိုက်ပါသွားသည်။ အပေါ်တွင် ဆရာကြီးဇီတုန်၏ ခံ့ညားထည်ဝါသော ရုပ်တုကြီးရှိသည်။ မန်ဟိုနှင့် သက်လတ်ပိုင်းလူတို့ နှစ်ယောက် အချိန်အနည်းငယ်လျှောက်ပြီးသော် တောင်တစ်ဝက်နီးပါး တက်ပြီးသွားလေပြီ။ အရှေ့တွင် လှုပ်ရမ်းနေသော ကြိုးတံတား ရှိသည်။ တိမ်တိုက်များက အထက်အောက် လွင့်မျောနေရာ ဆရာကြီးဇီတုန်၏ရုပ်တုအား မြင်ရသည်ဆိုရုံလေးသာ မြင်ရသည်။ ဧရာမရုပ်တုကြီး၏ အနောက်တွင် မြူတိမ်များ ဝန်းရံရစ်သိုင်းလျက်ရှိသော တောင်ထိပ်တစ်ခုရှိ၏။

တံတား၏အောက်တွင်ကား ချောက်နက်ကြီးပင်။ ချောက်ထဲကျသွားပါက ကျင့်ကြံခြင်းအခြေခံ အသုံးမပြုနိုင်သူများအတွက် သေချာပေါက် သေရလိမ့်မည်။

ကြိုးတံတားမှ မလှမ်းမကမ်းတွင် ခံစားချက်မဲ့သော မျက်နှာထားဖြင့် အသက်သုံးဆယ်အရွယ်ခန့် ကျင့်ကြံသူတစ်ယောက်ရှိသည်။ သူ့အနောက်တွင် လူငယ်နှစ်ယောက်။ တစ်ယောက်က ယောက်ျားလေး၊ တစ်ယောက်က မိန်းကလေးဖြစ်သည်။ သူတို့က ကြိုးတံတားကို စိတ်လှုပ်ရှားစွာ ကြည့်နေကြပြီး ဦးရေပြားများ ထုံကျင်လာသည်အထိ ကြောက်လန့်နေကြကြောင်း သိသာသည်။

မန်ဟို့ကို ဦးဆောင်ခေါ်လာသည့် ထောင်ထောင်မောင်းမောင်းကျင့်ကြံသူက သူတို့ကို ကြည့်ပြီး သမ်းလိုက်သည်။

"မင်းတို့ သုံးယောက် တံတားကို ဖြတ်ရမယ်" သူက ပြောသည်။ "မင်းတို့ ရင်ထဲမှာ မကောင်းတဲ့စိတ်တွေ မရှိရင် တခြားတစ်ဖက်ကို အန္တရာယ်ကင်းကင်းရောက်သွားလိမ့်မယ်။ အဲ့ဒီနောက် ဇီယွင်ဂိုဏ်းရဲ့ ဆေးဝါးအတတ်သင် ဖြစ်လာမယ်။ ဒါပေမယ့် မကောင်းတဲ့စိတ်တွေ ရှိနေရင်တော့ သေရလိမ့်မယ်။ နှစ်တွေတစ်လျှောက်လုံး တစ်ဖက်ခြမ်းမရောက်ခင် လူငယ်တွေ အများကြီး သေဆုံးခဲ့ပြီးပြီ" ထိုလူက စကားပြောပြီးသောအခါ မန်ဟိုနှင့် အခြားသူများအား အဖက်မလုပ်တော့ပေ။

ခံစားချက်မဲ့သောမျက်နှာနှင့် ကျင့်ကြံသူက မျက်လုံးများ ပိတ်လိုက်သည်။

မန်ဟိုက တံတားကို လှမ်းကြည့်ပြီး တစ်ချက်လေးပင် တွန့်ဆုတ်မနေဘဲ ရှေ့လျှောက်သွားသည်။ သူ့အနောက်တွင် လူငယ်က အံကြိတ်ပြီး လိုက်လာသည်။

မန်ဟို တံတားပေါ် ခြေချလိုက်သည်နှင့် ၄င်းမှာ ရှေ့နောက် လှုပ်ရမ်းလာသည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းရင်း ဆေးပေါင်းဖိုတောင် မှ လျှောက်ထွက်သွားသည်။ လမ်းတစ်ဝက်ခန့်၌ လေပြင်းတစ်ချက် ဖြတ်တိုက်သွားရာ တံတားမှာ ပို၍ပင် ခါလာသည်။ တစ်ချက်တည်းမှာပင် သက်ပြင်းချသံသဲ့သဲ့ ကြားလိုက်ရသည်။ ၄င်းက မန်ဟို့နားထဲ ထိုးဖောက်ဝင်ရောက်ပြီး သူ၏စိတ်အစဥ်ကို ချာချာလည်သွားစေသည်။

အာရုံပျက်ပြားစေသောအတွေးများ ရုတ်တရက် သူ့ခေါင်းထဲတွင် ပြည့်နှက်လာသည်။ ၄င်းတို့တွင် ဇီယွင်ဂိုဏ်းကို သူဝင်ရောက်ချင်သည့် အကြောင်းပြချက်မျိုးစုံ ပါရှိသည်။ ၄င်းတို့မှာ သူ့အတွေးများကို မည်သူမဆို ဖတ်နိုင်သည့်အလား ပိုပို၍ပြင်းထန်လာသည်။

သို့သော် ဤအခိုက်အတန့်တွင် အသားဂျယ်လီ၏ အသွင်ပြောင်းခြင်းစွမ်းရည်ကို အားဖြည့်ပေးထားသော ချီသည် ရုတ်တရက် ထွက်ပေါ်လာသည်။ ၄င်းက အဖျက်အတွေးများကို ချက်ချင်း ဖိနှိပ်လိုက်သည်။ ရုတ်တရက် ဆရာကြီးဇီတုန် ရုပ်တုကြီး မမြင်နိုင်သောအကြည့်တစ်ချက်က သူ့ကို ကြည့်ရှုစစ်ဆေးနေသည့်အလား မန်ဟို ခံစားလိုက်ရသည်။

သူ ရင်တဒိန်းဒိန်းခုန်သွား၏။ အဖျက်အတွေးများ ဖိနှိပ်ခံလိုက်ရစဥ် သူက ဇီယွင်ဂိုဏ်းကို ဝင်ရောက်လိုစိတ်နှင့်အတူ ဆေးဖော်စပ်ခြင်းကို လေ့လာလိုစိတ်များအားး ဆက်လက်တွေးနေရန် ကြိုးစားလိုက်သည်။

မမြင်နိုင်သောအကြည့်ကြီးသည် အသက်ဆက်ရှိုက်ကြာသည်အထိ မန်ဟို့ကို လွှမ်းခြုံနေသည်။ ထို့နောက် ၄င်းက သူ့အနောက်ရှိ လူငယ်နှစ်ယောက်အပေါ် ရွေ့လျားသွားသည်။

မန်ဟိုက မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ရှေ့ဆက်သွားသည်။ သူ့အနောက်မှ အော်သံထွက်လာ၏။ မိန်းမပျိုလေးက ဘာမှမဖြစ်ဘဲ လူငယ်မှာ ရုတ်တရက် ကြိုးတံတားမှ အောက်သို့ ထိုးကျသွားတော့သည်။

ရုတ်တရက် ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်စွမ်းအား လူငယ်ထံမှ ထွက်ပေါ်လာသည်။ သို့သော် သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံ ပျောက်ကွယ်သွားသဖြင့် ကြောက်လန့်မှုများ သူ၏မျက်လုံးများထဲတွင် ပြည့်နှက်သွားတော့သည်။ သူ့မှာ သေမျိုးတစ်ယောက်သဖွယ် ချောက်နက်ထဲ ပြုတ်ကျသွားတော့သည်။

မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ့မှာ အံတင်းတင်းကြိတ်၍ စိတ်ပိုင်းဖြတ်ပြီး ကြောက်ကြောက်လန့်လန့် ဆက်သွား၏။ အကြည့်ကြီးက သူ့ကို ကိုးကြိမ်တိတိ လွှမ်းခြုံသွားသည်။ အကြိမ်တိုင်း သူ့ကို ပို၍ကြာကြာ စိုက်ကြည့်နေတတ်သည်။ နောက်ဆုံးတွင် ဆရာကြီးဇီတုန်၏ ရုပ်တုထံ သူရောက်သွားသည်။ သူက ဇီယွင်ဂိုဏ်း၏ ပင်မဂိတ်ဖြစ်သော တောင်ပေါ်သို့ ခြေချလိုက်သည်။ သူအောင်မြင်ခဲ့လေပြီ။

သူ့အရှေ့တွင် အနက်ရောင်ဝတ်ရုံရှည်နှင့် အဘိုးကြီးတစ်ယောက်ရှိသည်။ ဆေးနံ့များက သူ့ထံမှ လေနှင့်အတူ ပျံ့လွင့်လာသည်။

သူက မန်ဟို့ကို အေးတိအေးစက် တခဏကြည့်ပြီးနောက် ခေါင်းညိတ်လိုက်သည်။ ယေဘုယျအားဖြင့် လျှို့ဝှက်ချက်များရှိသူများသည် အမှန်တရား တံတားကို မကျော်ဖြတ်နိုင်ပေ။ ကြိုးတံတားက ထူးခြားပုံမပေါ်သော်လည်း ၄င်းမှာ အရှေ့ဆေးဝါးအဖွဲ့ ဂိုဏ်းသားများအား စမ်းသပ်ရန် နှစ်ပေါင်းများစွာ အသုံးပြုခဲ့သောနည်းလမ်း တစ်ခုဖြစ်သည်။ သူတို့ စမ်းသပ်ချက်ကို အောင်မြင်လျှင် ဂိုဏ်းသို့ ဝင်ရောက်နိုင်သည်။

"နာမည်"

"ဖန်မု" မန်ဟိုက စိတ်လှုပ်ရှားစွာ လက်ယှက်ရင်း ပြောသည်။

"ငါက အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဆေးပင်ဒေသ အစောင့် ရှုချိန်ပဲ" အဘိုးကြီးက အေးတိအေးစက် ပြောသည်။ " ငါက ဆေးဝါးအတတ်သင်အသစ်တွေကိုလဲ ကြီးကြပ်ပေးတယ်။ မင်း ဇီယွင်ဂိုဏ်းရဲ့ အရှေ့ဆေးအဖွဲ့ကို ဝင်ရောက်နိုင်တာ တော်တော်ကံကောင်းတယ်။ ဆေးဝါးအတတ်သင်တွေက အရှေ့ဆေးဝါးအဖွဲ့ရဲ့ အခြေခံပဲ။ ဆေးပေါင်းဖိုဘုရင်တိုင်းက ဆေးဝါးကျွမ်းကျင် ပညာရှင်အဆင့်ကနေ ရာထူးဆက်သွားကြတာ။ ဟုတ်တာပေါ့ အားလုံး ဆေးဝါးအတတ်သင် အဖြစ်နဲ့ စခဲ့ကြတာချည်းပဲ။ နောင်ကျရင် မင်းဟာ ရိုသေလေးစားခံရမယ့် ဆေးပေါင်းဖိုဘုရင် ဖြစ်လာလိမ့်မယ်။ အဲ့တာက မင်းရဲ့ကံတရား၊ မင်းးရဲ့ ပင်ကိုယ်စွမ်းရည် ပေါ် မူတည်တယ်"

မိန်းမပျိုလေးမှာ နောက်ဆုံး တံတားမှ ချဥ်းကပ်လာသည်။ သူမက မျက်နှာဖြူဆုပ်လျက် တုန်ရီနေရင်း မန်ဟို့ဘေးတွင် ရပ်လိုက်သည်။

"သွားရအောင်။ ဒီနေရာရောက်ပြီဆိုတော့ မင်းတို့ ဒီဂိုဏ်းကို အိမ်လို့ ခေါ်နိုင်ပြီ" အဘိုးကြီးက ကြင်နာစွာ ပြုံးပြီးနောက် အင်္ကျီလက်စခါလိုက်သည်။ လေညင်းတစ်ချက်က မန်ဟိုနှင့် မိန်းမပျိုလေးကို သယ်ဆောင်ပြီး အဘိုးကြီးက သူတို့နှင့်အတူ နောက်တစ်နေရာသို့ ပျံသန်းသွားသည်။

မြေလိမ်မြွေကောက် လမ်းများက ပတ်ဝန်းကျင်ရှိ တောင်များတွင် ကွေ့ကောက်ဝိုင်းပတ်လျက်ရှိသည်။ လှည့်ပတ်ကြည့်နေစဥ် အဆုံးမဲ့ တောင်စဥ်တောင်တန်းများနှင့် ခမ်းနားထည်ဝါသော အဆောက်အဦးများပြည့်နေသည့် တောင်ကြားချိုင့်ဝှမ်းများကိုသာ မန်ဟို မြင်နေရသည်။ ရှုခင်းတစ်ခုလုံးကား ကောင်းကင်ဘုံသဖွယ်ပင်။

"ဒီနေရာက....." မန်ဟို တွေးလိုက်သည်။ "ဖန်မု အချိန်အကြာကြီး နေမယ့် ဂိုဏ်းပဲ....." သူက မျက်လုံးများ လင်းလက်တောက်ပနေလျက် ရှုခင်းအားလုံးကို ကြည့်နေသည်။

ထိုစဥ် ရုတ်တရက် ထူးဆန်းသောအမူအရာတစ်ခု သူ၏မျက်နှာကို ဖုံးလွှမ်းသွားသည်။ သူ ယခုလေးတင် တောင်ကြားတစ်ခုရှိ အဆောက်အဦးများကြား၌ ဗလာကျင်းနေသော ကွက်လပ်ကို သတိထားမိခဲ့လေသည်။ ထိုနေရာရှိ တောင်ဘေးနံရံတွင် စိုက်ဝင်နေသည်ကား သံလှံတစ်ချောင်း။

ဤသံလှံကား အတော်လေး ရင်းနှီးလှ၏.......

***

All Chapters