← Chapters

စက်ဆုပ်စရာကောင်းတဲ့နာမည်

Vol. 15 Ch. 211

စက်ဆုပ်စရာကောင်းတဲ့နာမည်

Vol. 15 Ch. 211

မကြာခင် အဘိုးကြီးက မန်ဟိုနှင့် မိန်းမပျိုလေးကို သူတို့သွားရမည့်နေရာသို့ ခေါ်လာသည်။ ၄င်းသည် အလွန်ကြီးမားသော တောင်ကြားချိုင့်ဝှမ်းကြီးတစ်ခုဖြစ်ပြီး အဆောက်အအုံပေါင်းစုံဖြင့် ပြည့်နှက်နေသည်။ မလှမ်းမကမ်းတွင် ဆေးပင်များစိုက်ပျိုးရန် သတ်မှတ်ထားသော နေရာများရှိသည်။

ချိုင့်ဝှမ်းထဲတွင် လူငယ်တော်တော်များရှိပြီး အားလုံးက ခပ်တိုတို အဝါဖျော့ဖျော့ဝတ်ရုံများကို ဝတ်ဆင်ထား၏။ တချို့က ဆေးပင်များ ခူးဆွတ်နေကြပြီး တချို့က ကျောက်စိမ်းပြားများကို လေ့လာလျက် အတွေးထဲ နစ်မြောနေကြသည်။ အချို့မှာ  ညနေခင်း နေရောင်ခြည် အောက်တွင် ထိုင်ရင်း လက်ထဲရှိ ဆေးပင်များကို စိုက်ကြည့်နေကြသည်။ ဆေးပင်များမှာ ထူးခြားဆန်းကြယ်စွာ ရှေ့နောက် ယိမ်းထိုးနေကြလေသည်။

ဆင်းသက်ပြီးနောက် အဘိုးကြီးက အင်္ကျီလက်စကို ခါကာ အော်လိုက်သည်။ "ပိုင်ယွင်လိုင်" အနီးပတ်ဝန်းကျင်ရှိ လူငယ်များအားလုံး မော့ကြည့်လိုက်ကြသည်။ အဘိုးကြီးကို မြင်သော် လေးစားမှုများ သူတို့၏မျက်နှာပေါ်တွင် ပြည့်နှက်သွားပြီး လက်ယှက် အရိုအသေပေးလိုက်ကြသည်။

ပုံမှန်ခန္ဓာကိုယ်အချိုးအစားနှင့် လူငယ်တစ်ယောက် အဆောက်အဦးတစ်ခုမှ ပြေးထွက်လာသည်။ သူက အသက်သုံးဆယ်ခန့် ရှိပုံရသည်။

"ဆရာရှု၊ ကျွန်တော်ရောက်ပါပြီ" သူက ဖားရားနေသောလေသံဖြင့် ပြောသည်။ " ဘာအမိန့်ပေးချင်ပါသလဲ။ ဘာမဆို ဖြစ်စေရမယ်"

အဘိုးကြီးက သူ့ကို မျက်စောင်းထိုးသည်။ "ဒါ အခုလေးတင် ဇီယွင်ဂိုဏ်းထဲ ဝင်လာတဲ့ ဆေးဝါးအတတ်သင်အသစ်နှစ်ယောက်ပဲ။ သူတို့အတွက် လိုအပ်တာတွေ ရှင်းပြပြီး ဆွဲပြားယူရအောင် ခေါ်သွားပေးလိုက်" ထို့နောက် အဘိုးကြီးက မန်ဟိုနှင့် မိန်းမပျိုလေးကို လှည့်ကြည့်သည်။ သူက ခေါင်းညိတ် အားပေးပြီးနောက် အလင်းတန်းတစ်တန်းအသွင်ပြောင်းကာ အဝေးထွက်သွားတော့သည်။

ယခုတွင် အဘိုးကြီးထွက်သွားပြီဖြစ်ရာ ပတ်ဝန်းကျင်ရှိ လူငယ်များက မန်ဟိုနှင့် အခြားသူများကို လျစ်လျုရှုပြီး သူတို့အလုပ်သူတို့ ဆက်လုပ်နေကြသည်။ သူတို့၏အမူအရာများက တည်ငြိမ်အေးဆေးလျက်ရှိသည်။

မန်ဟို့အနေဖြင့် ဤကဲ့သို့ ဂိုဏ်းမျိုးတွင် နေသားတကျ ဖြစ်ရတော့ပေမည်။ မှီခိုဂိုဏ်းက ဘဝမှာ အလွန်ကွဲပြားခြားနားခဲ့သည်။ ယခု ဤသည်မှာ သူ ဝင်ရောက်ခဲ့ပြီဖြစ်သည့် ဒုတိယဂိုဏ်းပင်။ သူက စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။

သူ့ဘေးရှိ မိန်းမပျိုလေးက လက်ယှက်ပြီး ပိုင်ယွင်လိုင်ကို အရိုအသေပေးကာ ပြောသည်။ "ဂါဝရပြုပါတယ် အစ်ကိုကြီးပိုင်"

"ဟေး ဒီမှာ အကြီးတွေ ဘာညာမရှိဘူး။ ဂါဝရပြုဖို့ မလိုပါဘူးကွာ" ပိုင်ယွင်လိုင်က မန်ဟို့ကို တစ်လှည့် ၊ မိန်းမပျိုလေးကို တစ်လှည့်ကြည့်ရင်း အားပါးတရ ရယ်ကာ ပြောသည်။ "မင်း နှစ်ယောက် တကယ့်ကို အချိန်ကိုက်ရောက်လာကြတာပဲ။ ဂိုဏ်းက ဆေးဝါးအတတ်သင် အများစုက ဆေးလေလံပွဲကိစ္စနဲ့ အရမ်း အလုပ်များနေကြတာ။ လူ သိပ်မကျန်ခဲ့ဘူး။ ကဲ ဘာမှ စိတ်မပူနဲ့။ ဒီက ပိုင်ကိုကိုကြီးနဲ့ ဆိုရင် မင်းတို့ မြန်မြန် နေသားကျသွားလိမ့်မယ်။ လာ လာ ။ လျှောက်ပတ်ကြည့်ရအောင်။ ငါ မင်းတို့ကို ဒီနေရာနဲ့ မိတ်ဆက်ပေးမယ်" သူတို့နာမည်များကို မေးမြန်းပြီးနောက် ပိုင်ယွင်လိုင်က ရှေ့မှဦးဆောင်၍ ခေါ်သွားသည်။

"မင်းတို့ ဇီယွင်ဂိုဏ်းရဲ့ အရှေ့ဆေးဝါးအဖွဲ့အကြောင်း အသေးစိတ်သိချင်ရင် အင်း အဲ့တာက တကယ့်ပြောစရာကြီးပဲ။ ဒီလိုမျိုးနဲ့ တူတဲ့ တောင်ကြားချိုင့်ဝှမ်း တစ်ရာထက်မနည်းဘူး။ တစ်ခုစီက ဆေးဝါးအတတ်သင် တစ်ထောင်နီးပါးရဲ့အိမ်ပဲ။ ငါတို့ အချိန်အများစုက ဆေးပင်စိုက်တာရယ်၊ ဆေးနာမည်အမျိုးမျိုး အလွတ်ကျက်ရတာရယ်၊ တခါတလေ ဆေးပင်တွေ ခူးရတာရယ်နဲ့ပဲ ကုန်နေတာ။ တောင်ပိုင်းဒေသတစ်ခုလုံးမှာ ဘယ်သူတွေ အပင်ပန်းဆုံးလဲ မင်းတို့သိလား။ ငါတို့ ဇီယွင်ဂိုဏ်း ဆေးဝါးအတတ်သင်တွေပဲ

"ဆေးဝါးအတတ်သင် တစ်သိန်းထဲက တစ်ယောက်ချင်းစီတိုင်းမှာ အလုပ်ကိုယ်စီရှိတယ်။ တကယ်တမ်းပြောရရင် ငါတို့ကလေ ကိစ္စမျိုးစုံ လုပ်ရတာ။ ဆေးပင်တစ်သိန်းကျော်ရဲ့ နာမည်တွေကိုလဲ မှတ်ရ၊ ဆေးပင်လဲစိုက်ရတာတင်မကဘူး၊ ကျင့်ကြံအားထုတ်ရပြန်သေးတယ်။ ငါတို့ အဲ့လိုမလုပ်ရင် အပင်တွေကို ကြီးထွားအောင် ဓာတ်ကူပေးနိုင်မှာ မဟုတ်တော့ဘူး။ မင်းတို့နှစ်ယောက်အတွက်တော့ အင်း နောက်ကျအကုန်သိလာမှာပါ

"ငါတို့ ဆေးဝါးအတတ်သင်တွေက တကယ်တော့ အလုပ်သမားတွေပဲကွာ။ မင်းတို့ ဂျုံအိတ်ကနေ ထိုးထွက်နေတဲ့ ဆူးချွန်လို အားလုံးကြားထဲမှာ ထင်ရှားနေမှ ဆေးဝါးကျွမ်းကျင်ပညာရှင်ဖြစ်လာပြီး စစ်မှန်တဲ့ ဆေးဝါးပညာရပ်ကို လေ့လာနိုင်မယ်။ ပြီးရင် အတွင်းစည်းဂိုဏ်းသားတွေက မင်းတို့ကို ဆေးဖော်ပေးဖို့ လာရှာကြမယ်။ ဂိုဏ်းစည်းမျဥ်းတွေအရ ငါတို့ သူတို့အတွက် ဆေးဖော်ပေးတဲ့အချိန်မှာ တန်ရာတန်ကြေးပေးရတယ်။ အဲ့လို့ဖြစ်ရင်တော့ အမြဲ မင်္ဂလာရှိတဲ့ နေ့တစ်နေ့ ဖြစ်နေမှာပဲ

"ဆေးဝါးအတတ်သင် တစ်သိန်းရှိနေတာ ဆိုးလွန်းတယ်။ ဘယ်နှယောက် ဆေးဝါးကျွမ်းကျင်ပညာရှင်ဖြစ်လာနိုင်မယ် ထင်လဲ။ တစ်ဂိုဏ်းလုံးမှာ တစ်ထောင်ပဲရှိတာကွ။ သိပ်ခက်ခဲလွန်းတယ်"

ပိုင်ယွင်လိုင်သည် သူတို့နှစ်ယောက်ကို ချိုင့်ဝှမ်းအမျိုးမျိူးဖြတ်၍ ခေါ်ဆောင်သွားရင်း အလွန်လျင်မြန်စွာ ပြောပြနေသည်။

"ဒီမှာ တွေ့လား။ ဒါ ဆေးဝါးကျွမ်းကျင်ပညာရှင်တွေပဲ သွားနိုင်တဲ့ နေရာတွေထဲက တစ်ခု။ ငါတို့ ဝင်ခွင့်မရှိဘူး......" သူတို့ ဆက်သွားကြသည်။ "ဒီနေရာက ခရမ်းရောင်ချီအဖွဲ့နဲ့သက်ဆိုင်တယ်။ အဲ့အဖွဲ့က အတွင်းစည်းဂိုဏ်းမဟုတ်ဘူး၊အပြင်စည်းဂိုဏ်းပဲ" ပိုင်ယွင်လိုင်သည် သူတို့နှစ်ယောက်ကို ဂိုဏ်းအရှေ့နားရှိ ချိုင့်ဝှမ်းတစ်ခုထံ ခေါ်သွားသည်။ ဤနေရာမှာ ခရမ်းရောင်ချီအဖွဲ့၏ ကျင့်ကြံသူအတော်များများ စုဝေးနေကြလေသည်။ ပိုင်ယွင်လိုင်ကို မြင်သောအခါ ယဥ်ကျေးပျူငှာသောအမူအရာများ သူ့တို့မျက်နှာထက်တွင် ပေါ်လာသည်။ ကြည့်ရသရွေ့ သူကား ဂိုဏ်းတွင် အတော်လေးလွှမ်းမိုးမှုရှိသော လူတစ်ယောက် ဖြစ်ပုံရသည်။

မန်ဟိုက ချောင်းဟန့်ပြီးနောက် ပိုင်ယွင်လိုင်ကို နည်းနည်းပါးပါး ကပ်ဖားလိုက်သည်။ သူ့မှာ ချက်ချင်းပင် ဘဝင်ခိုက်သွားပုံရပြီး ပြောသည်။ "မင်းတို့ သိလား၊ ငါ ဂိုဏ်းအကြောင်း အကုန်နီးပါး ပြောပြီးသွားပြီ။ ငါ မလုပ်ပေးနိုင်တာ သိပ်မရှိဘူး။ ဂိုဏ်းတူညီလေးဖန် ၊ နောင်ပြဿနာတစ်ခုခုရှိရင် ငါ့ကိုသာ လာရှာလှည့်။ အကုန်ဖြေရှင်းပေးမယ်"

ရုတ်တရက် ပိုင်ယွင်ဟိုင်က သွားနေရာမှ ရပ်သည်။ သူက တောင်ဘေးနံရံတွင် သံလှံတစ်ချောင်းစိုက်ဝင်နေသော ချိုင့်ဝှမ်း၏အလယ်ကို လက်ညိုးထိုးပြသည်။ လှံသည် ကွေးနေပြီး ရာသီဥတုဒဏ်ကြောင့် သံချေးတက်နေချေပြီ။

ပိုင်ယွင်လိုင်က ဘေးဘီဝဲယာကို အကဲခတ်ပြီးနောက် အသံနှိမ့်ကာ ပြောသည်။ "မင်းတို့ အဲ့လှံကို မြင်လား။ သူ့မှာ ဇာတ်လမ်းတစ်ပုဒ်ရှိတယ်"

ထူးဆန်းသောအမူအရာတစ်ခု မန်ဟို့မျက်နှာပေါ်တွင် ပေါ်လာသည်။ စောစောက သူတို့ ပျံသန်းလာခဲ့တုန်းက ဤချိုင့်ဝှမ်းကို သူသတိထားမိခဲ့သည်။ သူက ခပ်ဖွဖွချောင်းဟန့်ပြီး အလွန်စိတ်ဝင်စားနေသည့်ပုံ ဖမ်းလိုက်သည်။

"အဲ့လှံကို ဘယ်သူ အဲ့မှာထားခဲ့လဲ မင်းတို့သိလား။ စီနီယာမျိုးဆက်က ဝူတင်းချိုးပဲ။ သူတို့ပြောကြတာတော့ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက မုန်တိုင်းထန်နေတဲ့ ညတစ်ညမှာ အကြီးအကဲဝူတစ်ယောက် လှံကိုကိုင်ရင်း ဒေါသတကြီး ဂိုဏ်းကို ပြန်ရောက်လာခဲ့တယ်တဲ့။ သူက အားကုန်သုံးပြီး ပစ်လိုက်တာ၊ ဒီနေရာကို စိုက်သွားတာပဲ

"အဲ့နှစ်က ကောလဟလတွေအရဆိုရင် သူက အပြင်စည်းဂိုဏ်းသားအားလုံးကို ဒီလှံကြောင့်ရခဲ့တဲ့ အရှက်ကို မှတ်မိနေစေချင်တာတဲ့။ သူကပြောတယ် 'မင်းတို့အရူးကောင်တွေ အမြဲတမ်း သေသင့်တဲ့အထိ ဖျင်းလွန်းတယ်။ မင်းတို့ ဒီလိုဖျင်းနေမယ်ဆိုရင် တစ်နေ့ တကယ်သေရလိမ့်မယ်' " ပိုင်ယွင်လိုင်မှာ အလွန်တိုးတိုးကလေး ပြောနေသည့်တိုင် ရှင်းလင်းပြတ်သားလေသည်။ မိန်းမပျိုလေးမှာတော့ မျက်လုံးလေးအဝိုင်းသားနှင့် နားထောင်နေသည်။

မန်ဟို့မှာ အလိုအလျောက် ချောင်းဟန့်လိုက်မိပြန်သည်။

"အဲ့လှံဘယ်က လာတာလဲ" မိန်းမပျိုလေးက မေးသည်။

"ဘယ်ကလာတာလဲ။ ဟီး ဟီး။ မင်း ယုံလောက်မှာမဟုတ်ဘူး။ အစဥ်အလာအရ လွန်ခဲ့တဲ့ဆယ်နှစ်တုန်းက အပြင်စည်းဂိုဏ်းအဖွဲ့တစ်ဖွဲ့က အပြင်စည်းအဆင့်တက်ပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ကြတယ်။ အဲ့ပြိုင်ပွဲကို အရမ်းအန္တရာယ်များတဲ့နေရာမှာကျင်းပတဲ့အချိန် လူယုတ်မာတစ်ယောက်နဲ့ တွေ့ခဲ့တယ်။ အဲ့လူက အစွမ်းထက်ဆုံးဂိုဏ်သားနှစ်ယောက်ဆီ သံလှံကို ရောင်းခဲ့တယ်

"ပေးလိုက်ရတဲ့ တန်ဖိုးက သူ့တို့ကို မွဲပြာကျသွားစေတာပဲ။ သူတို့က ပညာသင်ဖက် ညီအစ်ကိုတွေဆီကနေတောင် ဝိညာဥ်ကျောက်တုံးတွေ ချေးခဲ့ရတယ်။ တကယ်တော့ အဖိုးထိုက်ရတနာတစ်ပါးလို့ ထင်ပြီး ဝယ်ခဲ့တာပေါ့လေ။ အီး ပြီးခဲ့တဲ့ နှစ်အနည်းလောက်ကမှ ဝိညာဥ်ကျောက်တုံးအကြွေးတွေကြေသွားကြတာ။ ဘယ်လိုပဲဖြစ်ဖြစ်၊ ဘာဖြစ်ခဲ့လဲဆိုတာကြားရော လုံးဝအရှက်ခွဲခံရတယ်လို့ ခံစားလိုက်ရပေါ့။ ပြီးတော့ သူက အဖွဲ့ခေါင်းဆောင်လေ။ မင်းတို့နှစ်ယောက် ဘယ်လိုထင်လဲ ။ အဲ့လူက ယုတ်မာလား"

မိန်းမပျိုလေးမှာ မျက်လုံးလေးများ ဝိုင်းစက်ပြူးကျယ်လျက် ပါးစပ်အဟောင်းသားဖြင့် နားထောင်နေခဲ့လေသည်။ သူမက မည်သည့်ရှုထောင့်ကြည့်ကြည့် သာမန်သာဖြစ်သောလှံကို မော့ကြည့်သည်။ အစွမ်းထက်ဆုံးဂိုဏ်းသားနှစ်ယောက်က မည်သည့်အတွက်ကြောင့် ထိုမျှအကုန်ခံခဲ့သည်ကို သူမ နားမလည်နိုင်ပေ။

မန်ဟို့မှာတော့ အပြစ်ရှိသလိုခံစားနေရသည်။ ထို့နောက် ပိုင်ယွင်လိုင် သူ့ကိုကြည့်နေကြောင်း သတိထားမိလိုက်သဖြင့် ခေါင်းညိတ်ပြီး တည်ကြည်လေးနက်စွာပြောသည်။ "အဲ့ဒီလူက တကယ့်ကို ပြိုင်ဘက်ကင်းအောင် ယုတ်မာလွန်းပါတယ်။ လူတစ်ယောက်ကို မိုးမီးလောင်သွားစေဖို့ လုံလောက်တယ်" အမှန်တွင် စုန့်မျိုးနွယ်စု၌ ချင်းရွှယ်ဟန်နှင့် လွီစုန့်တို့ဖြင့် ပြန်တွေ့ခဲ့စဥ်က ထိုနှစ်က အဖြစ်အပျက်သည် ဤနေ့ရောက်သည့်တိုင်အောင် သူတို့နှစ်ယောက်အပေါ် နက်နက်ရှိုင်းရှိုင်း ထိခိုက်မှုရှိခဲ့ကြောင်း သူ ခန့်မှန်းခဲ့ပြီးဖြစ်သည်။

တကယ်တမ်း ဇီယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးကို  သက်ရောက်နေလိမ့်မည်ဟု သူတစ်ခါမှ မခန်းမိခဲ့ဖူးပေ။ ရုတ်တရက် သူ့မှာ ချင်းလော်ရွှယ်နှင့်လွီစုန့်ကို အတော်လေးအားနာမိသွားသည်။ စုန့်မျိုးနွယ်စုမှာတုန်းက သူတို့ မည်သည့်အတွက်ကြောင့် ဒေါသတကြီးအံကြိတ်နေကြသည်ကို သူနားလည်လိုက်လေပြီ။

ပိုင်ယွင်လိုင်က သက်ပြင်းချပြီး ခါးရမ်းလိုက်သည်။ "အဲ့လှံတံက ဇီယွင်ဂိုဏ်း အပြင်စည်းဂိုဏ်းသား အားလုံးအတွက် သတိပေးချက်တစ်ခုလိုပဲ။ သူတို့ ဒီကိစ္စကိုဘယ်တော့မှ မေ့မှာမဟုတ်ဘူး....."

"အဲ့ဒီလှံကို သူတို့ဆီ ရောင်းခဲ့တဲ့သူက ဘယ်သူလဲ" မိန်းမပျိုလေးက သိချင်စိတ်များပြင်းပြလျက် မေးသည်။

"သူ့နာမည်က မန်ဟို" ပိုင်ယွင်လိုင်က ခပ်တိုးတိုးပြောသည်။ "သူ့အကြောင်းကြားဖူးလား။ တောင်ပိုင်းဒေသက လူတိုင်း သူ့အကြောင်းပြောနေကြတာ။ စုန့်မျိုးနွယ်စု သမက်ရှာပွဲမှာ သူက သူ့ကိုယ်သူ မြင့်မြတ်သော ဝိညာဥ်ကျမ်းစာရဲ့ ဆက်ခံသူအဖြစ် ဖော်ပြခဲ့တယ်။ သူက ချူယွီယန်နဲ့ နာမည်ထွက်နေတဲ့ လူဆိုလဲ ဟုတ်တယ်"

"မန်ဟို" မိန်းမပျိုလေးက အံသြတကြီး ဆိုသည်။

"ရှူးတိုးတိုး" ပိုင်ယွင်လိုင်က ကပျာကယာပြောသည်။ "အဲ့နာမည်ကို ဇီယွင်ဂိုဏ်းမှာ တားမြစ်ထားတယ်။ ဘယ်သူမှ ကျယ်ကျယ်မပြောရဲဘူး....."

မန်ဟိုမှာတော့ ပို၍ပင် အပြစ်ရှိသလို ခံစားနေရရင်း ဘေးတွင်ရပ်နေသည်။ သူက တဟမ်းဟမ်း ချောင်းဟန့်နေလေသည်။ ရုတ်တရက်ကြီး သူ့မှာ ဇီယွင်ဂိုဏ်းကို ဝင်ရောက်ခဲ့ခြင်းက အကောင်းဆုံးဆုံးဖြတ်ချက် မဟုတ်ဟု ခံစားလိုက်ရ၏။

ဤအချိန် အဝေးမှ ချဥ်းကပ်လာနေသော အလင်းတန်းတစ်တန်းကို မြင်လိုက်သဖြင့် သူ၏မျက်နှာအမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ ၄င်းက ပိုင်ယွင်လိုင်ကို စိန်းစိန်းဝါးဝါး စိုက်ကြည့်နေသော တင်းမာခက်ထန်သောမျက်နှာထားနှင့် လူငယ်တစ်ယောက်အသွင်ပြောင်းသွားသည်။ ဤလူကား...... ချင်းရွှယ်ဟန်။

"ပိုင်ယွင်လိုင်၊ မင်း ဒီမှာ ဘာရပ်လုပ်နေတာလဲ။ ဘာလို့ ရှေ့ဆက်မသွားသေးတာလဲ"

ပိုင်ယွင်လိုင်မှာ ရုတ်တရက် တုန်သွားပြီး မျက်နှာချိုသွေးလိုက်သည်။

"အစ်ကိုကြီးချင်း၊ ကျုပ် ဒီ ဆေးဝါးအတတ်သင် အသစ်နှစ်ယောက်ကို ဟိုနားဒီနား လိုက်ပြနေတာပါ။ အခုလေးတင် သွားတော့မလို့၊ အခုလေးတင် သွားတော့မလို့" သူက မန်ဟိုနှင့် မိန်းမပျိုလေးကို ဆွဲပြီး ခပ်သုတ်သုတ်ထွက်လာသည်။

"မြင်လား။ အဲ့တာ ဟိုနှစ်က လှံဝယ်ခဲ့တဲ့ နှစ်ယောက်ထဲက တစ်ယောက်ပဲ။ နောင်ကျရင် သူ့အရှေ့မှာ ဘယ်လိုနေနေ မန်ဟိုဆိုတဲ့ နာမည် မပြောမိစေနဲ့။ ပြောလို့ကတော့ သူ ဆွေ့ဆွေ့ခုန်သွားလိမ့်မယ်" သူက အားတက်တရော အကြံဆက်ပေးနေသည်။ "ဒါ့အပြင် မင်းတို့ လေ့ကျင့်ရေးအတွက် ဂိုဏ်းကနေ ထွက်ရရင် မန်ဟိုနဲ့ မတွေ့မိစေဖို့ သတိထား။ သူ့ရဲ့ယုတ်မာကောက်ကျစ်မှုက အကန့်အသတ်မရှိဘူး"

မျက်လုံးလေးပြူးနေသော မိန်းမပျိုလေး၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ဖုံးလွှမ်းသွားသည်။ သို့သော် သူမက ရင်ထဲအထိ မှတ်သားရင်း ခေါင်းမြန်မြန်ညိတ်လိုက်သည်။ မန်ဟို့မှာတော့ စိတ်ထဲတွင် ခါးခါးသီးသီးရယ်နေသည်။ စုန့်မျိုးနွယ်စုတွင် သူတို့ သူ့နာမည်ကြားခဲ့တုန်းက အလွန်သတိရှိသွားပုံပေါ်ခဲ့သည်ကို သူ ယခု သိလိုက်လေပြီ။ ထိုစဥ်က သူ့မှာ သူတို့ကို သတိပင်မထားမိခဲ့ပေ။

"မှတ်ထား" ပိုင်ယွင်လိုင်က ထပ်ပြောသည်။ "မန်ဟိုဆိုတဲ့နာမည်ကို ငါတို့ဂိုဏ်းမှာ မပြောဖို့ တားမြစ်ထားတယ်။ အဲ့တာ မမေ့နဲ့။ ဟုတ်ပြီ အခု မင်းတို့ရဲ့ သက်သေခံပြားတွေ သွားယူပြီး နေထိုင်စရာတွေ စီစဥ်ဖို့လိုတယ်" ယခုတွင် မိန်းမပျိုလေးမှာ မန်ဟို့ကို ကြောက်စရာ ကျားကြီးတစ်ကောင် အဖြစ် မြင်နေလေပြီ။ ပိုင်ယွင်လိုင် သူတို့ကို ဦးဆောင်ခေါ်သွားစဥ် မန်ဟိုမှာတော့ ခါးသီးစွာသာ ရယ်လိုက်နိုင်သည်။

မကြာမီ အတော်လေး ကြီးမားပြီး လူသူထူထပ်သော ချိုင့်ဝှမ်းတစ်ခုသို့ သူတို့ရောက်သွားကြသည်။

"မင်းတို့ ဇီယွင်ဂိုဏ်းကို ဝင်လာတယ်ဆိုမှတော့ သေချာပေါက် ဒေသခံကျင့်ကြံသူမျိုးနွယ်စုပဲ ဖြစ်ရမယ်။ မင်းတို့ သိတဲ့အတိုင်း ငါတို့ ကျင့်ကြံခြင်းအခြေခံတွေက အကန့်အသတ်ရှိတယ်။ ဆေးဝါးအတတ်သင် တွေအနေနဲ့ ဆေးဝါးပညာရပ်ရဲ့ ပထမဆုံးနည်းလမ်းကို မင်းတို့ ကျွမ်းကျင်တတ်မြောက်အောင် လုပ်ရမယ်"

"ဒီနည်းလမ်းက ခရမ်းတိမ်ဝိညာဥ်လို့ခေါ်တယ်။ အဲ့ဒီနည်းလမ်းနဲ့ဆိုရင် အပင်တစ်ပင်ကို မင်းတို့ရဲ့စိတ်ဝိညာဥ်စွမ်းအင်နဲ့ ပျိုးထောင်ပြီး ဆေးပင်သက်တမ်းပေါ် အခြေခံတဲ့ သူ့ရဲ့အာနိသင်ထိရောက်မှုကို ဓာတ်ကူပေးနိုင်တယ်။ မင်းတို့ ပါရမီနဲ့ ကျင့်ကြံခြင်းအခြေခံ သဘာဝပေါ်မူတည်ပြီး ဓာတ်ကူခြင်းက မတူညီတဲ့ ရလဒ်တွေ ထုတ်ပေးလိမ့်မယ်"

ဤနေရာတွင် လူရာပေါင်းများစွာ ရှိသည်။ အများစုက လက်ထဲရှိ ဆေးပင်များကို ဖင်တစ်ပြန်ခေါင်းတစ်ပြန် ကြည့်ရင်း တင်ပျဥ်ခွေထိုင်နေကြသည်။ အရှေ့ဆုံးတွင် ဆေးဖော်နည်းများနှင့်ပတ်သက်၍ သင်ခန်းစာပို့ချနေသော သက်လတ်ပိုင်းလူတစ်ယောက်ရှိသည်။ သူက ကြီးထွားလာနေသော ဆေးပင်တစ်ပင်ရှိသည့် လက်ကို မြှောက်ထားသည်။ မျက်စိတစ်မှိတ်အတွင်း ၄င်းက နှစ်လ အရွယ်ရောက်လာသည်။

မန်ဟိုက သက်လတ်ပိုင်းလူ၏ လက်ထဲရှိ ဆေးပင်ကို အာရုံစိုက်ကြည့်နေ၏။ သူ၏မျက်လုံးများ ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် တောက်ပသွားသည်။ ပိုင်ယွင်လိုင်က မျက်လုံးများပိတ်လျက် ထိုင်နေသော အဘိုးအိုတစ်ယောက်ရှိရာ ချိုင့်ဝှမ်း၏အလယ်သို့ သူတို့ကို ခေါ်သွားသည်။ အဘိုးအိုမှာ အိပ်မောကျနေပုံရသည်။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို ပြောရန် မဖြစ်နိုင်ပေ။ ပိုင်ယွင်လိုင်က ထွေထွေထူးထူးစဥ်းစားမနေဘဲ လျှောက်သွားပြီး အဘိုးအိုဘေးမှ ဆွဲပြားနှစ်ပြားနှင့် သိုလှောင်အိတ် တစ်လုံး ယူလိုက်သည်။ သူက ခရမ်းရောင်ကျောက်စိမ်းပြားနှစ်ပြားထုတ်ပြီးနောက် မန်ဟိုနှင့်မိန်းမပျိုလေးကို ကမ်းပေးသည်။

"တစ်ချက် စမ်းကြည့်" သူတို့နှစ်ယောက် ကျောက်စိမ်းပြားကို ကြည့်နေစဥ် သူက ပြောသည်။ "နည်းလမ်းက တော်တော်ရိုးရှင်းတယ်။ မင်းတို့ မြန်မြန်ဆန်ဆန် တတ်မြောက်လိမ့်မယ်။ ပြီးရင်တော့ ပထမဆုံးအကြိမ် ဓာတ်ကူကြည့်နိုင်ပြီ။ ဒါပေမယ့် အဲ့တာ သိပ်အရေးကြီးတယ်။ မင်းတို့ရဲ့ ဆေးဖော်စပ်ခြင်းပညာရပ်နဲ့ပတ်သက်တဲ့ ပါရမီကို ဖော်ထုတ်ပေးတဲ့အတွက် ငါတို့ ရလဒ်တွေကို မှတ်တမ်းတင်ရမှာ"

***

All Chapters