သဘာဝစွမ်းရည်ပေါ်ပေါက်လာခြင်း
Vol. 16 Ch. 212
ပိုင်ယွင်လိုင့်စကားကို ကြားသောအခါ ချန်လင်းအမည်ရှိ မိန်းကလေးမှာ စိတ်လှုပ်ရှားသွားပုံရသည်။ သူမသည် စိုးရိမ်စွာဖြင့် ကျောက်စိမ်းပြားကို လေးလေးနက်နက် စစ်ဆေးကြည့်လိုက်သည်။ သူမ၏ပင်ကိုယ်စွမ်းရည်မှာ သာမန်ဖြစ်ဟန်တူသည်။ သူမသည် အသက်ရှိုက်စာကြာသည်အထိ ၄င်းကို ကြည့်နေပြီးနောက် ခရမ်းရောင်ဖျော့ဖျော့ တောက်ပလာနေသော လက်ကို ဆန့်ထုတ်လိုက်သည်..... ..
ပိုင်ယွင်လိုင်၏ မျက်လုံးများ လင်းလက်သွားသည်။
"မဆိုးဘူး ဂိုဏ်းတူညီမလေးချန်။ ဟုတ်ပြီ ဆေးပင်မျိုးစေ့တစ်စေ့ ထုတ်လိုက်"
ချန်လင်းသည် သိုလှောင်အိတ်ကို အလျင်အမြန်ပွင့်ပြီး အစေ့တစ်စေ့ထုတ်လိုက်သည်။ သူမက ၄င်းကို လက်ဝါးပေါ်တွင် တင်ပြီးနောက် အလွန်လေးနက်သောမျက်နှာထားဖြင့် ၄င်းကို စတင်ဓာတ်ကူပေးလိုက်သည်။ သူမလက်ထဲရှိ ခရမ်းရောင်ချီသည် ထပ်မံအားမကောင်းနိုင်တော့သည်တိုင်အောင် ပိုမိုသိပ်သည်းလာသည်။ အစေ့မှာ လူးလွန့်လာပြီးနောက် အရွက်သုံးရွက်ထွက်လာသည်။
ဘေးပတ်ဝန်းကျင်ရှိ အတော်များများ ဤအခြင်းအရာကို သတိထားမိသွားကြ၍ ချန်လင်းကို ကြည့်လိုက်ကြသည်။ သူမမျက်နှာလေး နီရဲလာပြီး သူမမှာ သိသိသာသာ စိတ်လှုပ်ရှားနေချေသည်။ သူမက ပိုင်ယွင်လိုင်ကို မျှော်လင့်ကြီးစွာဖြင့် ကြည့်သည်။
"ပထမဆုံးတစ်ကြိမ်နဲ့တင် အရွက်သုံးထွက်အောင်လုပ်နိုင်တယ်ဆိုတော့ မင်း တော်တော်လေး ပါရမီရှိတာပဲ။ ဂိုဏ်တူညီမလေးချန်၊ ငါရဲ့တွက်ချက်မှုတွေအရဆိုရင် မင်း နောင်တစ်ချိန်ကျရင် ဆေးဝါးကျွမ်းကျင် ပညာရှင်တစ်ယောက်ဖြစ်လာဖို့ ဆယ်ရာခိုင်နှုန်းအခွင့်အရေးရှိတယ်" သူက အတန်ငယ် မနာလိုဖြစ်နေဟန်ဖြင့် သက်ပြင်းချလိုက်သည်။ အရွက်သုံးရွက်ထွက်အောင် လုပ်နိုင်သူမှာ ဆေးဝါးအတတ်သင်တစ်သိန်းအကြား တွေ့ရခဲ၏။ ပိုင်ယွင်လိုင်က သူမ၏ ဓာတ်ကူခြင်းရလဒ်များကို အလျင်အမြန် မှတ်သားလိုက်သည်။
ထို့နောက်.........
ဆေးဖော်စပ်ခြင်းပညာရပ်များအကြောင်း သင်ကြားပို့ချနေသော လူ၏ တည်ငြိမ်အေးဆေးသော အသံ ပျံ့လွင့်လာသည်။ " မင်း ဒေသ (၂ ) ချိုင့်ဝှမ်း (၁၃) ကို ဝင်ရောက်ရမယ်" သူသည် သူမကို စည်းကပ်တင်းကြပ်မည့်ပုံပေါ်သော မျက်နှာဖြင့် ကြည့်နေသည်။
ပိုင်ယွင်လိုင်က အသံတိုးတိုးဖြင့် ရှင်းပြသည်။ " အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဆေးဝါးအတတ်သင်တစ်သိန်းကို ဒေသ (၁) ကနေ (၄) အထိ ခွဲထားတယ်။ ပြောရရင် ထူးချွန်တဲ့ ပင်ကိုယ်စွမ်းရည်နဲ့ လူတွေပဲ ဒေသ (၂) ကို ဝင်ရောက်နိုင်တာ။ ဂိုဏ်းတူညီမလေးချန်ရေ ဟိုက ဆရာဦးလေးကျိုးဆီ သွားပေတော့။ ကံတရားက ဒီနေ့ မင်းဘက်မှာ ရှိနေတာပဲ" ချန်လင်းက ချက်ချင်းပင် စိတ်လှုပ်တရှား ပြေးသွားသည်။
"ကဲ ညီလေးဖန် မင်း အလှည့်ပဲ" ပိုင်ယွင်ဟိုင်က သက်ပြင်းတစ်ချက်ချရင်း ပြောသည်။ သူက မန်ဟို့ကို ကြည့်လိုက်သည်။
မန်ဟိုက တခဏ အတွေးနက်နေရင်း ရပ်နေသည်။ ကျောက်စိမ်းပြားတွင် ဖော်ပြထားသည့် နည်းလမ်းမှာ ရိုးရှင်းသော်လည်း လက်တွေ့အကောင်အထည်ဖော်ခြင်းက ထူးဆန်းကြောင်း သိသာသည်။ အထူးသဖြင့် ၄င်းက ဆေးပင်များ၏ ဆေးသက်တမ်းကို ဓာတ်ကူပေးနိုင်သည်ဖြစ်ရာ သဘာဝအားတစ်ရပ်အဖြစ် သတ်မှတ်နိုင်သည်။
"ရိုးရှင်းတဲ့ ဆေးပင်တွေကိုပဲ ဒီနည်းလမ်းသုံးပြီး ဓာတ်ကူပေးလို့ရတယ်ထင်တယ်" မန်ဟိုက တွေးသည်။ "အခြေခံအားဖြင့် ဆေးပင်တွေကို အာဟာရဖြစ်စေဖို့ စိတ်ဝိညာဥ်စွမ်းအင်အသုံးပြုတာပဲ။ ဒါပေမယ့် ဒီကျင့်စဥ်က သာမန်ထက်ထူးကဲတယ်။ ဇီယွင်ဂိုဏ်းအနေနဲ့ အခိုးမခံရအောင် ဘယ်လိုများ ဟန့်တားထားလဲမသိဘူး...... " သူက သိုလှောင်အိတ်ထဲမှ ဆေးပင်တစ်ပင်ထုတ်ပြီး လက်ဝါးအပေါ် တင်လိုက်သည်။ သူသည် ၄င်းကို ခဏကြည့်ပြီးနောက် ကျောက်စိမ်းပြားတွေ ဖော်ပြထားသောကျင့်စဥ်ကို အသုံးပြု၍ ၄င်းကို စတင်ဓာတ်ကူပေးတော့သည်။
သူ့တွင် အမြုတေပင်လယ်နှစ်စင်းရှိပြီး ပထမဆုံးတစ်စင်းမှာ ပြီးပြည့်စုံသောတာအိုမဏ္ဍိုင်ငါးခုပါဝင်သည်။ ဇီယွင်ဂိုဏ်းကို မရောက်ခင်က သူသည် ဒုတိယအမြုတေပင်လယ် နောက်တစ်ခါ ဖန်တီးရန် မြင့်မြတ်သောဝိညာဥ်ကျမ်းစာကို အသုံးပြုခဲ့သည်။
ယခုလောလောဆယ်တွင် အပြင်လူများအတွက် မြင်နိုင်သည့် တစ်ခုတည်းသော ကျင့်ကြံခြင်းအခြေခံမှာ ဒုတိယအမြုတေပင်လယ်၏ချီသာ ဖြစ်သည်။ ၄င်း၏စွမ်းအားက သူ့လက်ပေါ်တွင် ခရမ်းရောင်အလင်း ကွန့်မြူးလာစေသည်။ ချက်ချင်းပင် အလင်းသည် ချန်လင်း ဖန်တီးခဲ့သည်ထက်ပို၍ သိပ်သည်းပြီး တောက်ပကြောင်း ထင်ရှား၏။
မန်ဟိုလက်ထဲရှိ အစေ့ လူးလွန့်လာပြီး အရွက်ထွက်လာသည်။ တစ်ရွက်၊ နှစ်ရွက်၊ သုံးရွက်..... မျက်စိတစ်မှိတ်အတွင်း ခုနစ်ရွက် ထွက်လာခဲ့လေပြီ။
မန်ဟို့လက်ထဲရှိ ခရမ်းရောင်အလင်းသည် မျက်စိကျိန်းစဖွယ် စူးရှတောက်ပနေသည်။ ပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်များအားလုံး တအံ့တသြ လှမ်းကြည့်လိုက်ကြ၏။ မျက်လုံးများအားလုံး မန်ဟို့အပေါ် ကျရောက်လာသည်။
စူးရှတောက်ပနေသော အလင်းတန်းများကား စိတ်ကူးမရနိုင်၊ မယုံကြည်နိုင်ဖွယ်ပင်။ ဆေးဝါးပညာရပ်များအကြောင်း ပို့ချနေသောလူက မန်ဟို့ကို မျက်လုံးပြူးကြီးများဖြင့် လှမ်းကြည့်သည်။ သူ့ဘေးတွင် ချန်လင်းမှာ အံသြမှင်သက်နေ၏။
ပိုင်ယွင်လိုင်မှာတော့ ပါးစပ်အဟောင်းသားနှင့် မျက်လုံးများကို ခပ်ကြမ်းကြမ်းပွတ်ပြီး တအံ့တသြကြည့်နေသည်။
အကုန်လုံး ခရမ်းရောင်အလင်းနှင့် မန်ဟို့လက်ထဲက ဆေးပင်မျိုးစေ့ကို ကြည်နေကြသဖြင့် အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်နေသည်။ မန်ဟိုက နည်းလမ်းကို ဆက်လက်အသုံးပြုနေလေသည်။ သူ့ကိုယ်တိုင်မှာ ဘဘာဝတရားအဖြစ် ပြောင်းသွားပြီး ဤအစေ့က သူ၏တစ်စိတ်တပိုင်းဖြစ်လာသကဲ့သို့ ထူးဆန်းသောအခြေအနေတစ်ခုထဲ သူ ကျရောက်သွားသည်။
၄င်းမှာ အံ့သြဖွယ်ရာခံစားချက်ကြီးဖြစ်ပြီး မန်ဟို ၄င်းအထဲသို့ သူ့ကိုယ်သူ နှစ်မြုပ်နေစဥ် အစေ့သည် ရုတ်တရက် ရှစ်ရွက်မြောက် ထွက်လာသည်။ ထို့နောက် ကိုးရွက်မြောက်...... အစေ့ကား ဆက်လက်ကြီးထွားလာနေသဖြင့် အက်ကွဲသံတစ်သံ ကြားလိုက်ရသည်။ မြစိမ်းရောင်သစ်ရွက်များသည် မန်ဟို့ လက်မောင်းကို ရစ်ပတ်ရင်း ကြီးထွားလာသည်။
ပိုင်ယွင်ဟိုင်၏အနောက်တွင် ငိုက်မျဥ်းနေသော ပါးရေများတွန့်များနှင့် ဆံဖြူအဘိုးကြီးက မျက်လုံးများ ဖွင့်လိုက်သည်။ သူ မန်ဟို့ကို ကြည့်လိုက်စဥ် ၄င်းတို့သည် ရှေးဆန်သောအလင်းရောင်တစ်ခုဖြင့် တောက်ပသွား၏။ တစ်ချိန်တည်းမှာပင် စိတ်လှုပ်ရှားမှုများလည်း ပြည့်နှက်နေသည်။
မန်ဟိုကား အရွက်အသစ်များ ထွက်လာအောင် လုပ်ခဲ့ခြင်းသာမဟုတ်၊ အပင်တစ်ပင်လုံး ကြီးထွားစေခဲ့လေပြီ။ စောစောက အက်ကွဲသံများက သူ့ကို ယခုရောက်ရှိသည့် ထူးဆန်းသောအခြေအနေမှာ ဆွဲထုတ်လိုက်သဖြင့် မန်ဟို၏စိတ်အစဥ်မှာ ချာချာလည်သွားတော့သည်။ သူ၏မျက်လုံးများ ရိပ်ခနဲ ဖြစ်သွားပြီး သူက မျက်မှောင်ကြုတ်လိုက်သည်။ ဤသို့စွမ်းရည်မျိုး ထုတ်ပြဖို့ သူ မရည်ရွယ်ခဲ့ပေ။ တကယ်တမ်း သူ စောစောက နစ်မျောနေခဲ့သည့် ထူးဆန်းသောအခြေအနေက တစ်နည်းနည်းဖြင့် ဤလုပ်ဆောင်ချက်များကို ဦးတည်သွားစေခဲ့ခြင်းပင်။
သူသည် မျက်နှာဖြူဆုပ်လျက် ခဏ တွေဝေနေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံ ကုန်ခမ်းသွားပြီး စိတ်ဝိညာဥ်စွမ်းအား လျော့နည်းခြင်းနှင့်အတူ ဆေးပင်လည်း တဖြေးဖြေး ညှိုးနွမ်းလာသည်။ မကြာခင် ၄င်း သေဆုံးသွားပြီး မန်ဟို့လက်မောင်းမှ ကွာကျသွားသည်။
မန်ဟိုက မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း တွေဝေမှုများ ပြည့်နေသော မျက်ဝန်းများဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။
အရာအားလုံးမှာ သုဿန်တစပြင်ပမာ တိတ်ဆိတ်နေသည်။ ပိုင်ယွင်လိုင်မှာ မည်သည်တို့ဖြစ်ပျက်နေသည်လဲ နားမလည်နိုင်သည့်ပုံရသည်။ သူသည် ဇီယွင်ဂိုဏ်းတွင် နှစ်နှင့်ချီ နေထိုင်ခဲ့သော်လည်း ပထမဆုံးအကြိမ် ဓာတ်ကူခြင်းလေ့ကျင့်စဥ် ဤမျှလက်ဖျားခါလောက်အောင် စွမ်းဆောင်နိုင်သည့် လူတစ်ယောက်ကို တစ်ခါမှ မတွေ့ခဲ့ဖူးပေ။
ဘေးပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်အားလုံး အံ့သြမှင်သက်နေကြသည်။ သူတို့ ယခုလေးတင် မျက်စိနှင့်တပ်အပ်မြင်ခဲ့ရသည့်အရာမှာ စိတ်ကူးနိုင်စွမ်းထက်ကျော်လွန်နေသည်။ သက်လတ်ပိုင်းလူမှာ စိတ်အားထက်သန်မှုများ တဟုန်းဟုန်းတောက်နေသော မျက်လုံးများဖြင့် မန်ဟို့ကို ကြည့်ကာ ရင်ခုန်သံများ မြန်လာတော့သည်။
"ဟို....." မန်ဟိုမှာ တွန့်ဆုတ်နေရင်း ပြောသည်။ သူ့မှာ ဘာပြောသင့်သည်လဲ မသိသဖြင့် ရင်တထိတ်ထိတ်ဖြစ်နေသည်။ ဤအခိုက်တွင် ပိုင်ယွင်လိုင့်နောက်ရှိ အဘိုးကြီးက ထရပ်ပြီး လမ်းလျှောက်လာကာ မန်ဟို့ဘေးတွင် ရပ်လိုက်သည်။ သူက မန်ဟို့လက်ကောက်ဝတ်ကို လှမ်းဆွဲသည်။ သူ၏စိတ်ဝိညာဥ်စွမ်းအား ပေါ်ထွက်လာပြီး မန်ဟို့ကိုယ်ထဲ စီးဝင်ကာ သူ့ကို စမ်းသပ်စစ်ဆေးနေသည်။
စွမ်းအားမှာ မန်ဟို့ကို အလုံးစုံစစ်ဆေးရန် မစွမ်းဆောင်နိုင်ပေ။ မသင်္ကာစရာ တချို့ရှိသည့်တိုင် စဦးချီဖွဲ့စည်းမှုအဆင့် ၆ ၏စွမ်းအား ပါရှိသော မန်ဟို၏ ဒုတိယအမြုတေပင်လယ်ကိုသာ သူ မြင်နိုင်လေသည်။
အသားဂျယ်လီ၏ ကြောက်ခမန်းလိလိ စွမ်းအားဖြင့် အလုံးစုံ ပြောင်းလဲခြင်းခံထားရသော အမြုတေပင်လယ်၏ အရောင်အစစ်အမှန်ကိုလည်း သူမမြင်နိုင်ပေ။ ထိုလူအတွက်တော့ အရာအားလုံးမှာ ပုံမှန်သာ ဖြစ်သည်။
နောက်ဆုံး၌ သူက လက်ကို ပြန်လွှတ်ချလိုက်ပြီး ညှိုးနွမ်းသွားသော ဆေးပင်ကို ကောက်ကာ သေသေချာချာ ကြည့်နေသည်။ တခဏကြာသော် သူ့အကြည့်က မန်ဟို့ဆီပြန်ရောာက်လာသည်။ ယခုတွင် သူ၏မျက်လုံးများသည် ချီးကျူးသောအရိပ်အယောင်များဖြင့် ပြည့်နှက်နေ၏။
"ပထမအဆင့် ပင်ကိုယ်စွမ်းရည်။ မင်း ဒေသ (၁) ချိုင့်ဝှမ်း (၁) ကို ဝင်ရောက်ရမယ်" အဘိုးကြီးက အားရပါးရပြုံးရင်း မန်ဟို့ပခုံးကို ဆုပ်ကိုင်လိုက်သည်။ ထို့နောက် သူသည် ညှိုးနွမ်းနေသောဆေးပင်ကို သူနှင့်အတူယူကာ မိုးပေါ်ပျံတက််သွားသည်။
သူပျံထွက်သွားသည်နှင့် ချိုင့်ဝှမ်းတစ်ခုလုံး ဆူညံပွက်လောရိုက်သွားတော့သည်။
"ပထမအဆင့် ပင်ကိုယ်စွမ်းရည်။ သူ့ရဲ့ ဓာတ်ကူပေးနိုင်စွမ်းက ဒီလောက် လက်ဖျားစရာကောင်းတာ အံသြစရာမရှိဘူး"
"ဒီလိုပင်ကိုယ်စွမ်းရည်နဲ့ဆိုရင် ငါတို့ မမြင်ရတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်တဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်လာဖို့ ကံတရားက သတ်မှတ်ပေးပြီးသားပဲ......."
"ဝိုး ပထမအဆင့် ပင်ကိုယ်စွမ်းရည်ရှိတဲ့ လူတွေအကြောင်းကြားဖူးပေမယ့် ဒီလိုလူကိုယ်တိုင် တစ်ခါမှမမြင်ဖူးဘူး။ သူက တစ်ပင်လုံးကြီးထွားလာအောင် ဓာတ်ကူပေးခဲ့တယ်တဲ့လား"
စကားသံများ ပွက်ပွက်ညံနေစဥ် ပိုင်ယွင်လိုင်က စိတ်လှုပ်ရှားမှုများ တောက်ပနေသောမျက်လုံးများဖြင့် မန်ဟို့အနား ကပ်လာသည်။ "ဂိုဏ်းတူညီလေးမန်ရေ" သူက ပြောသည်။ " အခုကစပြီး ကိုယ့်ကိုယ်ကို စောင့်ရှောက်တော့။ မင်းမှာ ပထမအဆင့်ပင်ကိုစွမ်းရည် ရှိတာနော်"
"မှားများ မှားနေမလား" မန်ဟို ချီတုံချတုံဖြစ်နေဆဲပင်။
"လုံးဝမမှားနိုင်ဘူး။ အကြီးအကဲဝမ် ကိုယ်တိုင် မင်းကို စစ်ဆေးခဲ့တာလေ။ သူက ဘယ်လိုလုပ် အမှားလုပ်နိုင်မှာတုန်း။ တခြားအကြီးအကဲတွေကို ပြဖို့ ဆေးပင်ကို ယူသွားတာ ထင်တယ်။ ဟားဟားဟား။ ညီလေးဖန်ရေ၊ မင်းတော့ နာမည်ကြီးတော့မယ်။ လာ လာ။ ငါ မင်းကို ဒေသ (၁) ချိုင့်ဝှမ်း (၁)ဆီ ခေါ်သွားပေးမယ်။ အဲ့နေရာက တကယ့်နိဗ္ဗာန်ပဲ။ ငါ ဖြတ်သွားတိုင်း ကြည့်နိုင်ပေမယ့် ဘယ်တော့မှ အထဲဝင်လို့မရခဲ့ဘူး" သူက ဆူညံသံများနှင့် တောက်ပနေသောအကြည့်များကို နောက်ချန်ခဲ့ရင်း မန်ဟို့ကို ဆွဲခေါ်သွားသည်။ သူတို့ ထွက်သွားသည့်နောက်မှာပင် ဆူညံသံများက ဆက်လက်ပွက်လောရိုက်နေသေးသည်။
အချိန်များကုန်ဆုံးသွားပြီး မကြာခင် လဝက်ကြာခဲ့လေပြီ။ မန်ဟိုသည် ယခုတွင် ဇီယွင်ဂိုဏ်း၏ အရှေ့ဆေးဝါးအဖွဲ့နှင့် အတော်လေးအကျွမ်းတဝင် ရှိလာသည်။ ဒေသ (၁) ချိုင့်ဝှမ်း (၁)မှာ သိပ်မကြီးသော်လည်း အခြားချိုင့်ဝှမ်းများထက် သိသိသာသာ လူဦးရေနည်းပါးလေသည်။
ရှုခင်းကား အလွန်နှစ်သက်ကြည်နူးဖွယ်ကောင်းလှသည်။ တောင်စဥ်တောင်တန်းများမှာ စိမ်းလန်းစိုပြေနေပြီး တောင်ကျစမ်းချောင်းသေးသေးလေးတစ်ခုက အပေါ်မှာ စီးကျနေသည်။ စမ်းချောင်း၏ မြောက်ဘက်နားလေးတွင် တည်ရှိသော အိမ်ထဲမှ ၄င်းအတွင်း ကူးခတ်သွားလာနေသော ငါးများကို မန်ဟို မြင်နေရသည်။ မန်ဟို့အိမ်လေးသည် အပြင်တွင်ခြံဝင်းတစ်ခုနှင့် သေးငယ်သောအိမ်လေး ဖြစ်သည်။
ခြံဝင်းအတွင်းတွင် ဆေးပင်များ စိုက်ပျိုးနိုင်သော ဥယျာဥ်လေးတစ်ခုရှိသည်။ လောလောဆယ်တွင် မန်ဟိုသည် ဝါးပေလွှာ တစ်ခုကို ကိုင်ထားလျက် ခြံဝင်းထဲ၌ တင်ပျဥ်ခွေထိုင်နေသည်။ ပေလွှာ မှာ ဆေးပင်မျိုးစုံအား ဖော်ပြထားသော ရုပ်ပုံများ၊ လက်ရေးစာများဖြင့် ပြည့်နေသည်။
မန်ဟိုသည် တစ်မနက်လုံးထိုင်ပြီး နေ့လည်ရောက်သည်အထိ ပေလွှာကို ဖတ်နေသည်။ နောက်ဆုံး၌ သူခေါင်းမော့လိုက်သည်။ လေထဲ ပြည့်နှက်လျက်ရှိသော ဆေးရနံ့များကို ရှူရှိုက်ပြီး ရေကျသံတို့ကို နားထောင်လိုက်သည်။ ပါးလျပ်လျပ်မြူထုတစ်ခုက ပတ်ဝန်းကျင်ကို လွှမ်းခြုံနေရာ ချိုင့်ဝှမ်းအား အမှန်တကယ် ကောင်းကင်ဘုံနှင့်တူနေစေသည်။ အတော်လေးချဲ့ကားရာ ရောက်လောက်ပါသော်လည်း ဤနေရာမှာ ကျင့်ကြံသူများအတွက် အသင့်တော်ဆုံးနေရာဖြစ်သည်ကိုတော့ ငြင်းဆန်၍မရပေ။
ဤသည်က တစ်ဂိုဏ်းရှိ ဆေးဝါးအတတ်သင်များအတွက် နံပါတ် ၁ ချိုင့်ဝှမ်းမဟုတ်ပါလော။ သူအပါအဝင် တစ်ဂိုဏ်းလုံးတွင် ဤနေရာ၌ နေထိုင်ရန် လိုအပ်သော ပင်ကိုယ်စွမ်းရည်ရှိသူ အယောက်ငါးဆယ်မကျော်ကြောင်း တွေ့ရှိခဲ့လေသည်။
တိတ်ဆိတ်အေးချမ်းသော နေရာတစ်နေရာဖြစ်၍ မန်ဟို့အတွက် အိမ်ရောက်နေသည့်အတိုင်းပင်။ ဖတ်စရာစာအုပ်များက ကျောက်စိမ်းပြားများမဟုတ်ဘဲ ပေလွှာများဖြစ်နေသည့်အတွက် မန်ဟို အတိုင်းမသိ ဝမ်းသာမိသည်။ ၄င်းက ယွင်ကျဲစီရင်မှာတုန်းက သူ၏ စာပေသမားဘဝကို ပြန်အမှတ်ရစေလေသည်။
"ဆေးပင်တစ်သိန်း၊ အားလုံးကွဲပြားပြီး မတူညီတဲ့အမျိုးအစားတွေအဖြစ် ခွဲထားတယ်။ အလွတ်ကျက်ဖို့လိုရုံတင်မကဘူး၊ သူတို့ရဲ့ အလေ့အကျင့်တွေနဲ့ ထူးခြားတဲ့လက္ခဏာတွေ၊ ဘယ်လိုစိုက်ရမယ်၊ ဘယ်လိုခူးရမယ်၊ ဘယ်လိုထိန်းသိမ်းရမယ်ဆိုတာကိုပါ မှတ်မိရဦးမယ်။ ဘယ်ဆေးပင်တွေကို အတူတူရောလို့မရဘူး၊ ဘယ်နေရာမှာ ဘယ်လိုစိုက်ရမယ်၊ သူတို့ကို အသုံးပြုတဲ့အချိန် သင့်တော်တဲ့အချိုးအစားတွေ မှတ်ဖို့လိုတယ်
"ဒါ့အပြင် အပင်တစ်ပင်လုံးတင်မဟုတ်ဘူး။ အပင်မျိုးစုံရဲ့ အရွက်၊ ပင်စည်နဲ့ သစ်စေးအားလုံးက မတူပြန်ဘူး။ အပင်တွေကို ခွဲခြားစိတ်ဖြာလိုက်ရင် ပြောင်းလဲမှုတွေက မရေမတွက်နိုင်အောင်ပဲ။ အပင်တစ်သိန်းလို့သာ ပြောတာ၊ တကယ်တမ်း အကုန်ပေါင်းလိုက်ရင် တစ်သန်းထက်တောင် ကျော်သေးတယ်" မန်ဟိုက နှာခေါင်းကို ပွတ်လိုက်သည်။ ပြီးခဲ့သည့်လဝက်လုံး နေစဥ့်နေ့တိုင်း ဆေးပင်များအကြောင်း သူ လေ့လာခဲ့လေသည်။
ဇီယွင်ဂိုဏ်း၏ ဆေးဝါးအတတ်သင်တစ်ယောက်အနေဖြင့် ထိုကဲ့သို့ အချက်အလက်အစုံအလင် မှတ်မိနေရမည် ဖြစ်သည်။ဟုတ်ပါသည်။ အချက်အလက်များ များပြားလွန်းသည့်အတွက် စိတ်အပေါ်သို့ မှော်ပညာဖြင့် ခတ်နှိပ်၍မရပေ။ တစ်ခုတည်းသောနည်းလမ်းက ထပ်တလဲလဲ ကျက်မှတ်ရန်သာ။
သူ ကျက်မှတ်လေလေ၊ ပိုပို၍ ပြင်ဆင်ထားမည်ဖြစ်သည်။ လာမည်ဘေးများ ဖျက်လိုငြား ၊ ကြိုတင် သတိထား ဟူသည့် အဆိုရှိလေသည်။ ၄င်းက အမှန်တရားဖြစ်သည်။ ထို့အပြင် မန်ဟို့အတွက် ၄င်းက စိတ်ပျက်စရာမကောင်းပေ။ သူက စာပေသမားအဖြစ် မွေးဖွားလာခဲ့သည်မဟုတ်ပါလော။ ဤနယ်ပယ်မျိုးက သူနှင့် တော်တော်လေး သင့်တော်လေသည်။
သတ်ဖြတ်ခြင်းမရှိ၊ ဘေးအန္တရာယ်မရှိ၊ အပြင်လောက၏ လေဒဏ် ၊ မိုးဒဏ်တို့ဖြင့် ရင်ဆိုင်စရာမလို။ မန်ဟိုသည် အတိတ်အကြောင်း မတွေးရန် ကြိုးစားပြီး ဖန်မုဇာတ်ကောင်ကိုသာ အပြည့်အဝ နစ်မြှုပ်ထားသည်။ ယခု ဇီယွင်ဂိုဏ်းတွင် ဖြစ်ရာ ဆိတ်ငြိမ်အေးချမ်းမှုကို သူ ခံစားချင်သည်။ သူ ဆေးဝါးအတတ်သင်များ သိသင့်သိထိုက်သည့် အချက်အလက်အားလုံးကို လေ့လာဆန်းစစ်နေစဥ် သူ၏စိတ်အစဥ်သည် ပုံရိပ်များစွာဖြင့် လည်ပတ်လာသည်။ ဤအသိမျိုးက သဘာဝစွမ်းရည်ဖြစ်ကြောင်း သူ သိလိုက်လေပြီ။
***