← Chapters

ခရမ်းကြမ္မာကောင်းကင်နယ်မြေ

Vol. 16 Ch. 213

ခရမ်းကြမ္မာကောင်းကင်နယ်မြေ

Vol. 16 Ch. 213

နှစ်လဆိုသော အတိုင်းအတာသည် လျှပ်တပြက် ကုန်ဆုံးသွား၏။ ယခု မန်ဟိုသည် ဇီယွင်ဂိုဏ်း၌ လုံးဝအသားကျနေလေပြီ။ အခြားသူများ အရေးပါသောပုဂ္ဂိုလ်တစ်ဦးမှ မျှော်လင့်ထားသကဲ့သို့ အံ့ဖွယ်မကောင်းသော်လည်း ပထမအဆင့် ပင်ကိုယ်စွမ်းရည်ကြောင့် အထူးအခွင့်အရေးတချို့ သူ ခံစားနိုင်ခဲ့သည်။

ထိုနှစ်လအတွင်း ဆံဖြူအဘိုးကြီး၏ အရိပ်အယောင်ပင် မတွေ့ရပေ။ အခြားတစ်ဖက်တွင် ပိုင်ယွင်လိုင်ကတော့ ချောင်းပေါက်မတတ် အလည်လာတတ်သည်။ သူ့အကူအညီဖြင့် မန်ဟို ဇီယွင်ဂိုဏ်းအကြောင်း ပို၍မြန်မြန်ဆန်ဆန် နားလည်လာခြင်းဖြစ်သည်။

ဆေးဖော်စပ်နည်းများနှင့် စပ်လျဥ်းသော ပို့ချမှုများ နေ့တိုင်းရှိပြီး မန်ဟိုက အမြဲတမ်းလိုလို တက်ရောက်လေသည်။ အခြားလူရာပေါင်းများစွာလည်း တက်ရောက်ကြသဖြင့် မန်ဟို တစ်ယောက်တည်း ထိုးထိုးထောင်ထောင် ဖြစ်မနေပေ။

ဂိုဏ်း၏ စီနီယာအဖွဲ့ဝင်အမျိုးမျိုးက ရက်အနည်းငယ်ကြာတိုင်း အလှည့်ကျ သင်ကြားပို့ချပေးတတ်သည်။ လူတိုင်းလူတိုင်း၏ ကိစ္စအရပ်ရပ်အပေါ် သဘောပေါက်နားလည်မှုများမှာ မဆိုစလောက် ကွာခြားပုံရသည်။ ၄င်းတို့အားလုံးကို နားထောင်ခြင်းဖြင့် မန်ဟိုသည် ဓာတ်ကူနည်းများအား အချိန်တိုအတွင်း ထဲထဲဝင်ဝင် သိမြင်နားလည်လာ၏။

ထို့အပြင် ဆေးပင်စိုက်ပျိုးခြင်းနှင့်ပတ်သက်လျှင် မှီခိုရာဂိုဏ်း ဝိညာဥ်ကျောက်တုံးများ ဖြန့်ဝေပုံအတိုင်း ဆေးပင်များဖြန့်ဝေပေးသည့် သီးသန့်နေရာတစ်ခုရှိသည်။ မှန်ပါသည်။ ရည်ရွယ်ချက်က ဆေးဝါးအတတ်သင်များ လေ့ကျင့်စိုက်ပျိုးကြည့်ရန် အတွက်ပင်။

စီနီယာဂိုဏ်းဝင်များ၏ အမျိုးမျိုးသော ပို့ချချက်များက တစ်နေရာလုံးကို အလွန်ဆိတ်ငြိမ်အေးချမ်းသောလေထု ပေးလျက်ရှိသည်။ တိုက်ခိုက် သတ်ဖြတ်ခြင်းများလည်းမရှိ။ မန်ဟိုမှာ မှီခိုရာဂိုဏ်းနှင့် အတိုင်းထက်အလွန် ကွာခြားကြောင်း မတွေးမိဘဲ မနေပေ။ သူ့အတွက် ဤနေရာသည် ဂိုဏ်းတစ်ဂိုဏ်းဆိုသည်ထက် အဆင့်မြင့်သင်ကြားရေးကျောင်းတော်နှင့် ပိုတူသည်။

လစဥ်လတိုင်း ဆေးကျမ်းစာများနှင့် ပတ်သက်သည့် အထူးဟောပြောပွဲတစ်ပွဲ ရှိတတ်သည်။ တာဝန်ခံ အကြီးအကဲများမှာ ဝါရင့် ဆေးဝါးကျွမ်းကျင်ပညာရှင်များ ဖြစ်သည်။ တစ်ဦးတစ်ယောက်ချင်းစီသည် ဆေးဝါးအတတ်သင်အဆင့်မှ တက်သွားခဲ့ကြခြင်းပင်။ ဆေးဖော်စပ်ခြင်းနှင့်ပတ်သက်လျှင် သူတို့၏ကျွမ်းကျင်မှုကား နည်းနည်းလေးမှ တိမ်ကောခြင်းမရှိ။ သူတို့၏ ဆေးဝါးပညာရပ်ဆိုင်ရာ ပို့ချမှုများက ဆေးပင်များနှင့်သာ အမြဲသက်ဆိုင်နေခြင်းမဟုတ်ပေ။ တစ်ခါတရံ ဖော်စပ်နည်းများကိုလည်း ပြောတတ်သည်။ ထိုကဲ့သို့ ဟောပြောပွဲအနည်းငယ် နားထောင်ရုံဖြင့် မန်ဟို အများအပြား သင်ယူလေ့လာရလေသည်။

ဆေးပင်များအား လေ့လာခြင်းနှင့် စိုက်ပျိုးခြင်းအပြင် ဆေးဝါးအတတ်သင်များသည် လစဥ် သတ်မှတ်ထားသောပမာဏကို ဓာတ်ကူပေးရသည်။ လတိုင်း၊ ဓာတ်ကူထားသည့် ဆေးပင်များကို ဂိုဏ်းထံ လွှဲပြောင်းပေးပို့ရန် လိုအပ်သည်။

ဤသည်မှာ အရှေ့ဆေးဝါးအဖွဲ့ရှိ ဆေးဝါးအတတ်သင်တစ်ယောက်၏ ဘဝပင်။ ဤဘဝကား ဘယ်တော့မှ အဆုံးမသတ်နိုင်သော သံသရာစက်ဝန်းကြီးဖြစ်သည်။

လောလောဆယ်တွင် မန်ဟိုသည် ဆေးဝါးအတတ်သင်များကြားတွင် ထိုင်ပြီး အလွယ်တကူ အမှတ်မှားနိုင်သော ဆေးပင်များ၏ မတူညီမှုများအား ခွဲခြားပုံခွဲခြားနည်းများနှင့်ပတ်သက်၍ ဆွေးနွေးပို့ချနေပုံရသည့် သက်လတ်ပိုင်းလူကြီး၏စကားကို နားထောင်နေသည်။ " ဆေးဝါးအတတ်သင်တွေဟာ စိုက်ပျိုးခြင်း၊ ဓာတ်ကူခြင်းနဲ့ ဆေးပင်အမျိုးမျိုးရွေးချယ်ခြင်းနဲ့ တခြားဆက်နွှယ်တဲ့အလုပ်တွေ လုပ်ရတယ်။ အချုပ်ပြောရရင် မင်းတို့ရဲ့ အလုပ်က ငါတို့ဂိုဏ်း တည်ဆောက်ထားတဲ့ မဟာဖွဲ့စည်းပုံစနစ်ကြီးကို ဆောင်ရွက်ပေးတာပဲ။ တကယ်တမ်း ဆေးဝါးပညာရှင်တစ်ထောင်နီးပါးကို ကူညီပေးတာက ဂိုဏ်းအတွက် တိုက်ရိုက်အမှုထမ်းပေးတာပဲ"

မန်ဟို သက်ပြင်းချလိုက်သည်။ " ဇီယွင်ဂိုဏ်းကို ဝင်ရောက်ခဲ့တာ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပဲ ထင်တယ်။ တောင်ပိုင်းဒေသတစ်ခွင်လုံးမှာမှ ဒီနေရာမှာပဲ စစ်မှန်တဲ့ ဆေးဝါးပညာရပ်ကို လေ့လာနိုင်တာ။ ပြီးတော့ ဇီယွင်ဂိုဏ်းကပဲ ဆေးဝါးတာအိုရဲ့ စစ်မှန်တဲ့ မဟာအကြီးအကဲတွေကို ပျိုးထောင်ပေးနိုင်တယ်။ ဇီယွင်ဂိုဏ်းရဲ့ ဆေးဝါးတာအိုက ဆေးဝါးအဖွဲ့ရဲ့ကျော်ကြားမှုကို တခြားအဖွဲ့တွေထက် တကယ်သာစေတယ်။ တောင်ပိုင်းဒေသက ဂိုဏ်းတွေ၊ မျိုးနွယ်စုတွေအားလုံး ဒါကို သတိထားမိကြတယ်" မန်ဟိုသည် မျှော်လင့်ချက်များဖြင့် မျက်လုံးများ တောက်ပနေရင်း အတွေးအနက်တွေးကာ ထိုင်နေသည်။

"ငါ မဟာအကြီးအကဲဆေးလုံးမိစ္ဆာနဲ့ အဆက်အသွယ်ရပြီး ငါ့အဆိပ်ဖယ်ရှားဖို့ သူ့ကို ကူညီစေချင်ရင် ဒီက ဂိုဏ်းသားဖြစ်မှ ရမယ်" မန်ဟို၏မျက်လုံးများသည် ရည်မှန်းချက်များဖြင့် တလက်လက်တောက်ပနေ၏။

ဇီယွင်ဂိုဏ်းသို့ ဝင်ရောက်ရသည့် သူ၏ပန်းတိုင်အစစ်အမှန်မှာ မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ တပည့်တစ်ယောက်ဖြစ်လာပြီး တောင်ပိုင်းဒေသတစ်ခွင်လုံးတွင် အစွမ်းထက်ဆုံး ဆေးဝါးတာအိုကိုသင်ယူရန်ဖြစ်သည်။ ထို့နောက် သူ့ကိုယ်ပိုင် ဆေးဝါးပညာရပ်များကို ဖန်တီးမည်။ ထို့နောက် ဆေးလုံးတစ်လုံး လိုအပ်ပါက သူ့ကိုယ်တိုင် ဖန်တီးနိုင်ပြီး ဆင်းရဲဒုက္ခခံစရာလည်း မလိုတော့ပေ။

သူ အတွေးထဲနစ်မြောနေစဥ် ရုတ်တရက် ခေါင်းလောင်းသံများ လေတွင်ပြည့်နှက်လာ၏။ အသံသည် အရှေ့ဆေးဝါးအဖွဲ့၏ ချိုင့်ဝှမ်းများတစ်လျှောက်လုံး ပျံ့နှံ့လာသဖြင့် လူတိုင်းကို ချက်ချင်း ခေါင်းထောင်လိုက်စေသည်။ သင်ခန်းစာ ပို့ချနေသော ဆေးဝါးကျွမ်းကျင်ပညာရှင်များပင်လျှင် ရုတ်တရက် ရပ်ပြီး မော့ကြည့်လိုက်ကြသည်။

"ဆေးပေါင်းဖိုခေါင်းလောင်းတွေ၊ ခရမ်းကြမ္မာကောင်းကင်နယ်မြေနေ့ ရောက်ရှိလာပြီ"

"နောက်ဆုံးတစ်ခေါက်က မနှစ်ကပဲ။ တစ်နှစ်လုံးကုန်သွားပြီဆိုတာ ကျုပ်ဖြင့် မယုံနိုင်ဘူး။ နောက်ဆုံးတော့ ကောင်းကင်နယ်မြေဆီ ကျုပ်တို့ ပြန်သွားနိုင်ပြီ"

စိတ်လှုပ်ရှားနေသော အသံများ ပဲ့တင်ထပ်နေစဥ် ခေါင်းလောင်းသံက ဆက်လက်မြည်ဟည်းနေသည်။ မန်ဟို၏ မျက်လုံးများ ဖျတ်ခနဲ လက်သွားပြီး သူက ရုတ်တရက် အရိပ်သဏ္ဍာန်တစ်ခုပေါ်လာသော လေထဲသို့ မော့ကြည့်လိုက်သည်။

၄င်းသည် အချင်းအားဖြင့် မီတာတစ်သောင်းရှိပြီး အတိုင်းထက်အလွန် ခံ့ညားထည်ဝါလျက် လေထဲတွင် မျောနေသော ဧရာမခရမ်းရောင်ဆေးပေါင်းဖိုကြီးတစ်လုံး ဖြစ်သည်။ အနီးနားရှိ ချိုင့်ဝှမ်းများထဲမှ အလင်းတန်းဒါဇင်ပေါင်းများစွာ ထိုးတက်လာကြပြီး စောင့်ကြပ်ရန်အလား ၄င်းကို ဝိုင်းပတ်၍  တင်ပျဥ်ခွေထိုင်နေကြသည်။

တစ်ချိန်တည်းမှာပင် နေရာတစ်ခုလုံး ချိတ်ပိတ်ခံနေရသည့်အလား မန္တန်အလင်းများ လေထဲတွင် ယှက်သန်းလာသည်။ စူးရှသောအလင်းရောင်သည် ဧရာမဆေးပေါင်းဖိုကြီးးနှင့် ၄င်းအနားတွင် လွင့်မျောနေသော ကျင့်ကြံသူများအပေါ် တောက်ပသော အလင်းရောင်များ ဖြန့်ကျက်ပေးရင်း ပတ်ဝန်းကျင်တစ်ခုလုံး ပြည့်နှက်လာသည်။

ရှေးဆန်သောအသံကြီးတစ်သံကား မည်သည့်နေရာကမသိ ဟိန်းထွက်လာ၏။ "ဆေးဝါးအတတ်သင်တို့၊ ကောင်းကင်နယ်မြေထဲ ဝင်၊ အရွယ်ရောက်ပြီးသား အရွက်ကိုးရွက်ခူးလာခဲ့ကြ" ဧရာမဆေးပေါင်းဖိုကြီး စတင်တောက်ပလာပြီး ရုတ်တရက် အလင်းမျှင်တစ်သိန်း လူးလွန့်ထွက်လာပြီး ထိုးဆင်းလာကြသည်။ မန်ဟို၏ ဆေးဝါးအတတ်သင်သက်သေခံဆွဲပြား တောက်ပလာပြီး အခြားဆေးဝါးအတတ်သင်အားလုံးလည်း ထိုသူနည်းတူပင်။

တောက်ပနေသောအလင်းမျှင်များနှင့် ဆွဲပြားများသည် ဆက်သွယ်မှုတစ်ခုခုရှိနေပုံရသည်။ တောက်ပနေသော အလင်းမျှင်တစ်မျှင် မန်ဟိုထံ ချဥ်းကပ်လာပြီး ဆွဲပြားနှင့်ပေါင်းစည်းသွားသည်။ စွမ်းအားတစ်ခုက မန်ဟို့ကို ဆုပ်ကိုင်ပြီး လေထဲ ဆွဲတင်လိုက်ပုံရသည်။

ဘေးပတ်ဝန်းကျင် ချိုင်ဝှမ်းတစ်ရာမှ  ဆေးဝါးအတတ်သင် တစ်သိန်းလုံး တောက်ပနေသော အလင်းမျှင်များ၏ သယ်ဆောင်ခြင်းခံရကာ လေပေါ်မြောက်တက်လာကြသည်။ သူတို့သည် ရောင်စုံအလင်းတန်းများအသွင်ပြောင်းကာ ဧရာမဆေးပေါင်းဖိုကြီးထံသို့ တဟုန်ထိုးထွက်သွားကြသည်။

ဧရာမဆေးပေါင်းဖိုကြီးက ကျင်းနက်ကြီးသဖွယ် သူတို့အားလုံးကို ချက်ချင်းဝါးမြိုလိုက်သည်။

မန်ဟို့ အမြင်အာရုံ တခဏ ဝေဝါသွားသည်။ ပြန်လည်ရှင်းလင်းပြတ်သားလာပြီး အရှေ့ရှိအရာကို မြင်သောအခါ သူ ပင့်သက်ရှိုက်သွားရသည်။ မြင်ကွင်းကြီးမှာ ဖော်ပြရခက်သည်။ မန်ဟို့မျက်နှာအမူအရာမှာ အံသြတုန်လှုပ်ခြင်းတို့ ထင်ဟပ်နေသည်။

သူ့အရှေ့တွင် ဆေးခင်းများ မျက်စိတစ်ဆုံး ဆန့်တန်းလျက်ရှိသည်။ ဤနေရာမှာ အခြားတစ်ကမ္ဘာပင်။ ကောင်းကင်တွင် တိမ်တိုက်ဟူ၍ မရှိ၊ သို့သော် နေကိုးစင်းကို မြင်နိုင်သည်။ နေတစ်စင်းစီ၏ဘေးတွင် လတစ်စင်းရှိသည်။ ဤနေရာ၌ နေကိုးစင်း၊ လကိုးစင်းရှိနေသည်။

ဤမယုံနိုင်ဖွယ်ကောင်းကင်ကြီးမှာ အောက်တွင် ဆေးပင်များ စိုက်ပျိုးရန်အတွက် ပြီးပြည့်စုံသောနေရာဖြစ်သည်။ တစ်ကမ္ဘာလုံးမှာ ချိတ်ပိတ်ခြင်းခံထားရဟန်တူသည်။ မန်ဟို အတွင်းထဲတွင် ပေါ်လာသည်နှင့်တစ်ပြိုင်နက် ဆေးရနံ့များ သူ့ကို လွှမ်းခြုံသွားသည်။ ၄င်းက အတော်လေး ယစ်မူးစေလေသည်။

ဆေးဝါးအတတ်သင်တစ်သိန်းအနက် အများစုမှာ ဤနေရာသို့ ရောက်ဖူးပြီးဖြစ်သည်။ သူတို့အားလုံးက စိတ်လှုပ်ရှားနေသော်လည်း မန်ဟို့ကဲ့သို့ အံ့သြတုန်လှုပ်နေသူ မရှိသလောက်ပင်။

မန်ဟို့အတွင် ပို၍ပင် အံသြစရာကောင်းသည်က အဆုံးမဲ့ဆေးခင်းများအတွင်းရှိ မီတာသုံးရာအမြင့် သစ်ပင်ကြီး ထောင်ပေါင်းများစွာပင်။ ၄င်းတို့သည် ရံဖန်ရံခါ အပင်မျိုးစေ့များ ချရင်း ဆေးခင်းများကို ဖြတ်၍ လမ်းလျှောက်နေကြသည်။

အထက်ကောင်းကင်တွင် ရှေးဆန်သောချီများ ထုတ်လွှတ်နေသည့် စစ်ရထားရာပေါင်းများစွာရှိသည်။ စစ်ရထားများသည် ကြီးမားပြီး တစ်ခုပေါ်တစ်ခုထပ်နေရာ ကမ္ဘာထဲရှိ တချို့သောနေရာများကို အရိပ်ကျနေသည့် တိမ်တိုက်ကြီးများနှင့် တူနေသည်။

အဝေးတွင် မီတာသုံးထောင်ခန့်ရှိပုံရသော နောက်ထပ် သစ်ပင် အမျိုးအစားတစ်မျိုးကို မြင်လိုက်ရသည်။ ၄င်း၏ပင်စည်မှာ ခရမ်းရောင်ဖြစ်ပြီး ၄င်းထိပ်တွင် သစ်ရွက်များအုံ့ဆိုင်းမနေဘဲ ဧရာမမျက်လုံးကြီးတစ်လုံးရှိသည်။ မျက်လုံးကြီးသည် မီတာပေါင်းများစွာ ကျယ်ပြီး ဘေးပတ်ဝန်းကျင်ကို သတိထားကြည့်နေသည်။ မန်ဟို သေသေချာချာ လှည့်ပတ်ကြည့်လိုက်ရာတွင် ဆေးခင်းများအလယ်၌ ဤတစ်ပင်နှင့်ဆင်တူသော အခြားသစ်ပင်များအား မြင်လိုက်ရသည်။

မည်သည့်အချိန်ထဲက မသိသော်လည်း ပိုင်ယွင်လိုင်ကား သူ့အနားတွင် ရောက်နေခဲ့သည်။ သူက ခံစားချက်အပြည့်နှင့် သက်ပြင်းချပြီး ပြောသည်။ " ခရမ်းကြမ္မာကောင်းကင်နယ်မြေဆိုတာ ဇီယွင်ဂိုဏ်း၊ အရှေ့ဆေးဝါးအဖွဲ့ရဲ့  မြင့်မြတ်နယ်မြေတစ်ခုပဲ။ ဒဏ္ဍာရီတွေအရ ဒီနေရာက တစ်ခါတုန်းက အင်မိုတယ်တွေရဲ့ ကောင်းကင်နယ်မြေ ဖြစ်ခဲ့ဖူးတယ်တဲ့။ ဒါပေမယ့် ဆရာကြီးဇီတုန်က ဒီအဆုံးမဲ့ ဆေးပင်ဥယျာဥ် ဖန်တီးဖို့ အဲ့နယ်မြေကို ဒီရွှေ့လာခဲ့တာ။ အပြင်ဘက်ကမ္ဘာမှာ မျိုးတုံးသွားပြီဖြစ်တဲ့ ဆေးပင်တချို့ ဒီမှာ ပေါက်နေသေးတယ်။ အချိန်အနည်းငယ်ကြာတိုင်း ငါတို့ ဆေးဝါးအတတ်သင်တွေဟာ ဆေးပင်တွေ ရိတ်သိမ်းဖို့ ဒီနေရာကို နေရာရွှေ့ပြောင်းခံရတယ်။ ဒါက ငါတို့အတွက် အမျိုးအစားခွဲတာ လေ့ကျင့်ဖို့ အခွင့်ကောင်းပဲ။ မင်း ဒီလောက် မျိုးကွဲတွေအများကြီးမြင်နိုင်တာ တောင်ပိုင်းဒေသတစ်ခုလုံးမှာမှ ဒီနေရာတစ်ခုပဲ ရှိတယ်။ သူတို့က တကယ် အဆုံးမရှိသလောက်ပဲ"

ရုတ်တရက် ရှေးဆန်သောအသံကြီးနှင့်အတူ ထစ်ချုန်းသံ တစ်သံ လေတွင် ပြည့်နှက်သွားသည်။ ဆေးဝါးအတတ်သင်များ၏ စကားသံများအားလုံး တိခနဲ ပျောက််ကွယ်သွားသည်။

"အရွယ်ရောက်ပြီး ဆေးပင်ကိုးပင် ခူးဖို့ မင်းတို့ တစ်လ အချိန်ရမယ်။ မင်းတို့မှတ်မိတဲ့ အပင်တွေပဲ ခူးနိုင်တဲ့အပြင် အဲ့ဒီအပင်တွေရဲ့ အလေ့အကျင့်၊ ထူးခြားတဲ့ လက္ခဏာတွေနဲ့ ထဲထဲဝင်ဝင် အကျွမ်းတဝင်ရှိရမယ်။ တစ်လအတွင်း မင်းတို့ ခူးထားတဲ့အပင်နဲ့အတူ ရှာဖွေတွေ့ရှိချက်တွေ အသေးစိတ်ဖော်ပြထားတဲ့ ကျောက်စိမ်းပြားတစ်ပြား ပေးရမယ်။ ဒါက မင်းတို့ ဆေးဝါးကျွမ်းကျင်ပညာရှင်အဆင့်တိုးခံရဖို့အတွက် စံသတ်မှတ်ချက်တွေထဲကတစ်ခု ဖြစ်လာမယ်။ အခု စလို့ရပြီ" အသံကြီးစကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ဆေးဝါးအတတ်သင်တစ်သိန်းသည် အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် အလျှိုလျှိုထွက်သွားကြ၏။

ပိုင်ယွင်လိုင်က မန်ဟို့နောက်မလိုက်ဘဲ တခြားနေရာထံ ထွက်သွားသည်။ မန်ဟို၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပလင်းလက်လာ၏။ သူသည် မကြာသေးမီက ဆေးပင်ပုရပိုက်များကို ဖတ်ရှုရင်း အချိန်ကုန်ဆုံးခဲ့သည်။ ဆေးပင်တစ်သိန်းကို အကြိမ်ကြိမ် ဖတ်ခဲ့ပြီးဖြစ်၍ အကုန်လုံး မမှတ်မိသည့်တိုင် အတော်များများသိသေးသည်။ ယခု သူ မည်မျှသိသည်လဲ စမ်းသပ်နိုင်တော့ပေမည်။ သူ၏ ခန္ဓာကိုယ် ရိပ်ခနဲ လှုပ်ရှားသွားပြီး အဝေးသို့ ထွက်သွားတော့သည်။

ဆေးဝါးအတတ်သင်များ အဘက်ဘက်သို့ ထွက်သွားကြစဥ် သူတို့၏အထက် ကောင်းကင်ရှိ လည်ပတ်နေသော လတစ်စင်းထဲတွင် ပုံရိပ်ရှစ်ခု ပေါ်လာသည်။

"အဲ့ကလေးကို မြင်လား။ အဲတာ ဖန်မု၊ ကျုပ် ပြီးခဲ့တဲ့နှစ်လက စစ်ဆေးပြီး ပထမအဆင့် ပင်ကိုယ်စွမ်းရည်ရှိတာ တွေ့ခဲ့ရတဲ့ တစ်ယောက်"

"ပထမအဆင့် ပင်ကိုယ်စွမ်းရည်က တော်တော်လေးရှားတယ်။ ခင်ဗျား ယူလာတဲ့ ဆေးပင်ကို ကျုပ်တို့ စစ်ဆေးကြည့်တော့ သေချာပေါက် အတုမဟုတ်ဘူး။ သူ့ရဲ့ ပင်ကိုယ်စွမ်းရည်ကြောင့် သူ့စိတ်ဝိညာဥ်စွမ်းအင်က ဆေးပင်စိုက်ပျိုးဖို့ လုံးဝသင့်တော်တယ်"

"သူက အခုမှ ပေါက်စလေး ရှိသေးတာ။ ဆေးပင် ဘယ်လောက်များများ ခူးနိုင်မလဲ ကြည့်ကြတာပေါ့။ ဆေးပင်အမျိုးအစားခွဲတာ ပါရမီပါရင်တော့ ကျုပ်တို့ သူ့ကို နောက်တစ်ဆင့် အဆင့်တက်စာမေးပွဲထဲ ထည့်ရမယ်"

လထဲရှိ ပုံရိပ်များ ဆွေးနွေးနေကြစဥ် မန်ဟိုသည် အခြားဆေးဝါးအတတ်သင်များနှင့် ဝေးရာ ဆေးခင်းများထဲသို့ လျှောက်သွားသည်။ သူက ခြေတစ်လှမ်းလှမ်းတိုင်း အပင်ပေါက်များကို မနင်းမိစေရန် သတိထားနေသည်။ သူက ခေါင်းငုံရင်း ဟိုဟိုသည်သည် ကြည့်နေသည်။

"ဒါက.... ဝိညာဥ်ပြိုကွဲမြက်။ ငါ အသေးစိတ်မှတ်မိပါတယ်။ ဒါပေမယ့် ဘာကြောင့် ညာဖက်မှာ အရွက်တွေများနေတာလဲ...... ။ အာ ဟုတ်သားပဲ ဒါ မျိုးစပ်တစ်ခုကိုး။ ညာဖက်က တကယ်တမ်း ပင်မအပင်ပေါက်တစ်ခုပါလား....... ဒါက မိုးကြိုးအလှသစ်ရွက်၊ သူ့ပုံသဏ္ဍာန်က မိန်းမတစ်ယောက် အသွင်ရှိပြီး ညှို့အားပြင်းပြင်းနဲ့ ယိမ်းနွဲ့နေတတ်တယ်..... ဆေးဖက်ဆိုင်ရာအရသုံးမယ်ဆို ချီအခြေတည်ခြင်းစဦးပိုင်းအဆင့် အတွက် သင့်တော်တဲ့ဆေးလုံး ဖော်လို့ရတယ်"

မန်ဟိုသည် ပေလွှာများထဲတွင် ဖတ်ရှုထားသော အချက်အလက်အားလုံးကို ပြန်တွေးပြီး ဆေးပင်အမျိုးမျိူးကို အမျိုးအစားခွဲရင်း တဖြေးဖြေး လမ်းလျှောက်သွားသည်။ သူ ကြိုးစားလေလေ၊ ပို၍ လွယ်ကူလာလေလေ ဖြစ်သည်။ ဝမ်းသာကြည်နူးသော ခံစားချက်တစ်ခု သူ့ရင်ထဲတွင် တစတစပြည့်နှက်လာသည်။

ဤခံစားချက်မှု ကျင့်ကြံခြင်းအခြေခံ အဆင့်တက်စဥ်က ခံစားချက်နှင့်မတူပေ။ သို့သော် မှတ်ရခက်သော ပညာရပ်တစ်ခုကို ကျွမ်းကျင်နိုင်ခြင်းက သူ့ကို အလွန်ယုံကြည်ချက်ရှိသွားစေသည်။

ဤသည်မှာ ပင်ကိုယ်စွမ်းရည် တိုးတက်မှုတစ်ခုပင်။

မန်ဟိုပြောနိုင်သည်အရ သူ၏ မတူကွဲပြားသော ဆေးပင်အားလုံးကို အမျိုးအစားခွဲနိုင်စွမ်းမှာ သဘာဝစွမ်းရည်တစ်မျိုးဖြစ်လေသည်.....

မန်ဟိုသည် ဝေးသထက်ဝေးဝေးသို့ ဆက်လျှောက်သွားသည်။ သူသည် ခူးရန် သင့်တော်သော ဆေးပင်တွေ့တိုင်း ချက်ချင်းခူးပြီး တစ်ချိန်တည်းမှာပင် သူ့ကိုပေးထားသော ကျောက်စိမ်းပြားပေါ်၌ အသေးစိတ် ဖော်ပြချက်တစ်ခုနှင့် အခြားအချက်အလက်များ မှတ်တမ်းတတ်သည်။

သူက မကြာသေးမီက လေ့လာခဲ့သောအရာများအား ဆက်လက်ခိုင်မာနေစေသည်။ သူကား ရေထဲကငါးတစ်ကောင်ပမာ၊ သူ့ အရှေ့ရှိ ဆေးပင်များမှလွဲ၍ အရာအားလုံးကို မေ့ပျောက်သွားလေပြီ။ သူ၏ ဆေးဝါးပညာရပ်မှာ ဤကောင်းကင်နယ်မြေတွင် တဟုန်ထိုး အဆင့်တက်နေတော့သည်။

ထိုစဥ် အပြင် တောင်ပိုင်းဒေသ၌ မန်ဟိုဆိုသော နာမည်သည် ဂိုဏ်းကြီးများနှင့် မျိုးနွယ်စုများအား အသည်းအသန် မြေလှန်ရှာဖွေစေခဲ့သည်။ ယခုရက်ပိုင်းအတွင်း လူတိုင်း သူ့ကို ရှာနေကြလေပြီ။ မကြာမီ မန်ဟို၏နာမည်သည် ကျင့်ကြံသူများအကြား၌ ပိုပို၍အသိများလာတော့သည်။

မှန်ပါသည်။ ဇီယွင်ဂိုဏ်းလည်း ရှာဖွေနေသော ဂိုဏ်းများအထဲ ပါဝင်သည်။ သို့သော် မည်သူမှ မန်ဟို၏ အရိပ်အယောင်ကိုပင် မတွေ့ကြပေ။ သူ့မှာ လုံးဝပျောက်ကွယ်သွားသည့်အလားပင်။

***

All Chapters