← Chapters

နောက်ဆုံးတော့ ငါတို့ ပြန်တွေ့ကြပြီပဲ.......

Vol. 16 Ch. 214

နောက်ဆုံးတော့ ငါတို့ ပြန်တွေ့ကြပြီပဲ.......

Vol. 16 Ch. 214

အပြင်ဘက်ကမ္ဘာတွင် အုတ်အော်သောင်းနင်း ဖြစ်စေခဲ့သော မန်ဟိုဆိုသည့်လူမှာ လောလောဆယ်တွင် ဇီယွင်းဂိုဏ်း၏ ကောင်းကင်နယ်မြေရှိ ဆေးပင်များကို ဂရုတစိုက် ကြည့်ရှုရင်း သူ၏လေ့လာမှုများအား အတည်ပြုနေသည့် မလည်မဝယ် စာသင်သားလေးတစ်ယောက် ဖြစ်နေလိမ့်မည်ဟု ဘယ်သူမှ မတွေးနိုင်ပေ။

အချိန်များ ကုန်ဆုံးလာသည်နှင့်အမျှ မန်ဟိုမှာ သူ ဆေးပင်မည်မျှခူးခဲ့ပြီးသည်လဲ မသိတော့ပေ။ သူ အပင်တစ်ပင်ကို မှတ်မိသရွေ့ ၄င်းသည် သူ၏ပမာဏထံ ထည့်သွင်းခံရပြီး သူက ၄င်းကို သိုလှောင်အိတ်ထဲ ထည့်လိုက်သည်။

တစ်နေရာတွင် မန်ဟိုသည် သူ့ကိုယ်သူ ဧရာမသစ်ပင်ကြီးတစ်ပင်ထံမှ မီတာသုံးရာအကွာတွင်ဖြစ်ကြောင်း တွေ့လိုက်ရသည်။ သူက ၄င်း၏ အစေ့စိုက်ပုံ၊ အပင်ပေါက်များအား နေရာရွှေ့ပုံနှင့် အပင်များအား ဂရုစိုက်ပုံတို့ကို အချိန်တချို့ကြာသည်အထိ ကြည့်ရှုလေ့လာလိုက်သည်။

ထို့နောက် သူက မျက်လုံးတစ်ဖက်သစ်ပင်ကြီးအောက်တွင်ရပ်ပြီး ဟိုဟိုသည်သည်ကြည့်နေသော ဧရာမမျက်လုံးကြီးကို စူးစမ်းလိုက်သည်။ သူက ၄င်းအပေါ်ပင်တက်ကာ ပင်စည်ပေါ်တွင် ပေါက်နေသော အနီရောင်မြက်တချို့ကို နုတ်လိုက်သည်။

နောက်ဆုံးတွင်တော့ သူသည် စခဲ့သည့်နေရာနှင့် အလွန့်အလွန်ဝေးကွာနေလေပြီ။ ဆေးခင်းများမှာ အဆုံးမရှိသည့်ပုံရသည်။ မန်ဟို၏တွက်ချက်မှုအရ ဤဝေးလံခေါင်ဖျားသောနေရာများမှာ ပို၍ပင် အံဖွယ်ကောင်းသောဆေးပင်များနှင့် သေချာပေါက် ပြည့်နှက်နေမည်ဖြစ်သည်။ မျိုးတုံးနေပြီဖြစ်သော ဒဏ္ဍာရီလာအမျိုးအစားတချို့ပင် ရှိလောက်သည်။

သို့သော် အရာအားလုံးမှာ ကြီးမားနေလွန်းနေသည်။ သူ့ပတ်လည်တွင် အဆုံးမဲ့ဆေးခင်းများ ဆန့်တန်းလျက်ရှိသည်။ သူ ရှေ့ဆက်သွားနေစဥ် တကယ်တမ်း ဆေးပင်တစ်ရာအနက် တစ်ပင်ခန့်သာ မှတ်မိကြောင်း စတင်သဘောပေါက်လာသည်။

"ဆေးဝါးတာအိုက အဆုံးမရှိဘူး" သူက သက်ပြင်းချရင်း တွေးသည်။ "ကျင့်ကြံခြင်းလို ခက်ခဲပြီး အဆုံးမရှိတဲ့လမ်းတစ်ခု။ ကောင်းကင်နဲ့မြေကြီးရဲ့ အင်အားကြီးမားတဲ့ ရှူ့ထောင့်တစ်ခု။ အစက ဆေးပင်တစ်သိန်းရဲ့တစ်ဝက်လောက်ပဲ ကျက်မှတ်တာ လုံလောက်တယ်လို့ ထင်ခဲ့တယ်။ဒါပေမယ့် အခုတော့ ဆေးပင်တစ်သိန်းဆိုတာ အစပဲ ရှိသေးပါလား" ခေါင်းမာမှုက သူ၏မျက်လုံးများထဲ လင်းလက်နေသည်။ ဤကျင့်ကြံခြင်းအမျိုးအစားမှာ သူ၏တာအိုမဏ္ဍိုင်နှင့် ဘာမှမသက်ဆိုင်ပေ။ သူ၏စိတ်လှုပ်ရှားများမှာ အမှန်တကယ် ပို၍ပင် ပြင်းထန်လာ၏။

"ငါက နဂိုထဲ စာပေသမားတစ်ယောက်ပဲ" သူက ကိုယ့်ကိုယ်ကို အားပေးရင်း ပြောသည်။ "ငါ့ရည်မှန်းချက်တွေက စာပေနဲ့ပတ်သက်ရင် ဘယ်တော့မှ မဖြစ်ထွန်းခဲ့ပေမယ့် တခြားဆေးဝါးအတတ်သင်တွေအားလုံးထက် သေချာပေါက် တစ်ပန်းသာတယ်" သူသည် အာရုံစူးစိုက်၍ သူမြင်သမျှအကုန် မှတ်မိရန် အကောင်းဆုံးလုပ်ဆောင်ပြီးနောက် ရှေးမှတ်တမ်းများတွင် ပြန်လေ့လာတတ်သည်။

ဤနည်းဖြင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသည်။ မကြာခင် ခေါင်းလောင်းသံများ ကောင်းကင်နယ်မြေတွင် ပြည့်နှက်လာသည်။ တစ်လဆိုသောအချိန်မှာ လျင်လျင်မြန်မြန် ကုန်ဆုံးသွားခဲ့သည်။ အချိန်ပြည့်သွားသဖြင့် မန်ဟို့မှာ မတင်းတိမ်နိုင်ဖြစ်နေသည်။ သူ့မှာ ယခုမှ စခဲ့ရုံ ရှိသေးသလို ခံစားနေရသည်။ သို့သော် အလင်းမျှင်များပေါ်ပေါက်လာသည့်အတွက် သူ့မှာ သက်ပြင်းသာ ချလိုက်တော့သည်။ အလင်းမျှင်တစ်မျှင် သူ့ကို သယ်ဆောင်မသွားခင် သူသည် ကောင်းကင်နယ်မြေကို နောက်ဆုံးတစ်ချက် ကြည့်လိုက်သည်။

သူတို့ ချိုင့်ဝှမ်းအသီးသီးတွင် ပြန်ပေါ်လာသောအခါ ဆေးဝါးအတတ်သင် တစ်သိန်း၏ မျက်နှာများအပေါ်တွင် အမူအရာအမျိုးမျိုးရှိသည်။ မန်ဟိုတစ်ယောက်သာလျှင် ကောင်းကင်နယ်မြေတွင် တိုးတက်ခဲ့ခြင်းမဟုတ်၊ ဆေးဝါးအတတ်သင်များအားလုံး တိုးတက်ခဲ့ကြလေသည်။

မကြာမီ သူတို့ ခူးခဲ့သော ဆေးပင်များနှင့်အတူ အသေးစိတ်အချက်အလက်များ ပါဝင်သော ကျောက်စိမ်းပြားများအား လူအများ လာရောက် စုဆောင်းကြသည်။ မန်ဟိုက ရရှိခဲ့သည်များအား တိတ်တဆိတ် မပွားထားရန် ရွေးချယ်လိုက်သည်။ သူသည် ဇီယွင်ဂိုဏ်းက ဖန်မုအဖြစ် စိတ်ရောကိုယ်ပါ မြှုပ်နှံထားသည့်အတွက် ဖယ်ရှားခံရမည့်ကိစ္စသေးသေးလေးပင် လုပ်မည် မဟုတ်ပေ။ သူက ဆေးပင်အားလုံး ကမ်းပေးပြီးနောက် သူ့အိမ်ရှိရာ ချိုင့်ဝှမ်းထံ တရွေ့ရွေ့ပြန်လျှောက်လာသည်။

သူသည် ခြံဝင်းထဲ ရောက်သည်နှင့်တစ်ပြိုင်နက် ချက်ချင်း ပေလွှာတချို့ထုတ်ပြီး စတင်လေ့လာတော့သည်။ သူမျက်စိသျှမ်းခဲ့သည့် နေရာများတွေ့လျှင် သူ၏မျက်နှာမှာ စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားပြီး သူက စွဲနေအောင် ခေါင်းထဲရိုက်ထည့်တတ်သည်။

နှစ်လထပ်မံကုန်ဆုံးသွားသည်။ မန်ဟို ဇီယွင်ဂိုဏ်းသို့ ရောက်နေခဲ့သည်မှာ နှစ်ဝက်ရှိလေပြီ။ အပြင်လောက၌ မန်ဟို့ကို ရှာဖွေနေခြင်းများ ငြိမ်ကျသွားပြီဖြစ်သည်။ ဂိုဏ်းကြီးများနှင့် မျိုးနွယ်စုများမှာ တောင်ပိုင်းဒေသတစ်ခွင် တစ်နေရာမကျန် ရှာဖွေခဲ့ကြသည့်တိုင် မန်ဟို့ အရိပ်အယောင်ကိုပင် မတွေခဲ့ကြပေ။ ထင်မြင်ချက်အမျိုးမျိုး ထွင်ပေါ်လာသော်လည်း မည်သည့်အရာကိုမှ ခိုင်ခိုင်လုံလုံ မဆုံးဖြတ်နိုင်ပေ။

မန်ဟိုသည် တစ်ခုမကျန် နှံ့နှံ့စပ်စပ်သိလွန်းသည်ဆိုသော ဂုဏ်သတင်းနှင့်ကောင်းကောင်း ထိုက်တန်သည့် ပိုင်ယွင်လိုင်ထံမှ အကြောင်းစုံကြားခဲ့ပြီးဖြစ်သည်။ ပိုင်ယွင်လိုင်မှာ ဇီယွင်ဂိုဏ်းနှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းများနှင့်သာ ရင်းနှီးခြင်းမဟုတ်၊ အပြင်လောက၏အဖြစ်အပျက်များကိုလည်း အမြဲနားစွင့်လျက်ရှိသည်။

တစ်မနက်တွင် မန်ဟို အိမ်ထဲမှ လျှောက်ထွက်လာပြီး ခြံဝင်းထဲတွင် ထိုင်လိုက်သည်။ သူက အထဲတွင် ကြီးထွားနေသော ဆေးပင်လေးတစ်ပင်ရှိသည့် ညာလက်ကို မြှောက်လိုက်သည်။ သူ၏ဆေးဥယျာဥ်မှာ ငွားငွားစွင့်စွင့် ပွင့်လန်းနေသော အပင် တော်တော်များများဖြင့် ပြည့်နှက်သွားသည်။ ဆေးရနံ့တစ်ခု ထွက်ပေါ်လာ၏။ ထိုစဥ် မန်ဟို၏အမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး သူက မော့ကြည့်လိုက်သည်။

ပိုင်ယွင်လိုင်မှာ ကွေ့ကောက်စီးဆင်းနေသောစမ်းချောင်းလေးအတိုင်း အပြေးအလွှားလာနေ၏။ သူက ရောက်ပင်မရောက်ခင် အော်ခေါ်သည်။ "ညီလေးဖန်၊ တကယ့်အခွင့်အရေးကြီးရှိတယ်။ မင်းအစ်ကိုကြီး မင်းအတွက် အခွင့်အရေးကြီးတစ်ခုရလာတယ်"

မန်ဟိုက ပြုံးလိုက်သည်။ သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ လက်ထဲရှိဆေးပင် ပျောက်ကွယ်သွားသည်။ တစ်ချိန်တည်းမှာပင် ခြံတံခါးသည် ပိုင်ယွင်လိုင် အလောတကြီးဝင်လာဖို့အတွက် အချိန်ကိုက် ပွင့်သွားသည်။

"ဘာအခွင့်အရေးလဲ" မန်ဟိုက ပြုံးရင်း မေးသည်။ ပိုင်ယွင်လိုင်၏ ကျင့်ကြံခြင်းအခြေခံမှာ စဦးချီဖွဲ့စည်းမှု အဆင့် ၇ သို့မဟုတ် ၈ သာရှိသော်လည်း ဂိုဏ်းတွင် မရှိမဖြစ်အရေးပါသူတစ်ယောက်အဖြစ် သတ်မှတ်ခံထားရလေသည်။ သူက မန်ဟို့ဆီ မကြာခဏ အလည်လာတတ်ပြီး သူတို့နှစ်ယောက် အချိန်အတော်များများ အတူတူကုန်ဆုံးကြသည်။

" ဆေးဝါးပညာရှင် လီတောက်ကို ခရမ်းရောင်ချီအဖွဲ့က အတွင်းစည်းဂိုဏ်းသားတစ်ယောက်က ဆေးလုံးနည်းနည်းပါးပါး ဖော်စပ်ပေးဖို့ တောင်းဆိုခဲ့တယ်" ပိုင်ယွင်လိုင်က ကရောသောပါးပြောသည်။ " ဆေးဝါးပညာရှင်လီက ငါ့ကို ဆေးဝါးအတတ်သင်အကူနှစ်ယောက် စီစဥ်စေချင်ခဲ့တယ်။ အဟုတ်ပဲ ငါသွားမှာပေါ့။ ဒုတိယနေရာအတွက်တော့ မင်းက ငါ ပထမဆုံး စဥ်းစားမိတဲ့လူပဲ

"မြန်မြန် မင်း ပစ္စည်းတွေ ယူပြီး ငါနဲ့လိုက်ခဲ့။ ဒါက မင်းရဲ့ ဆေးဝါးပညာအသိအမြင်ကို ပိုကျယ်ပြန့်စေမယ့် အခွင့်အရေးကြီးတစ်ခုကွ။ ဆေးဝါးအတတ်သင်တွေအများကြီး သွားချင်ကြလိမ့်မယ်။ ဒါပေမယ့် ဆေးဝါးပညာရှင်လီရဲ့စရိုက်က နည်းနည်းထူးဆန်းတယ်။ ဘာမှပြောဘဲ ငါ့ နောက်သာ လိုက်ခဲ့"

မန်ဟို၏ မျက်လုံးများ တောက်ပလင်းလင်သွားသည်။ ခရမ်းရောင်ချီအဖွဲ့မှ အတွေးစည်းဂိုဏ်းသားများသည် သူတို့အတွက် ဆေးလုံးများ ဖော်စပ်ပေးရန် ဆေးဝါးကျွမ်းကျင် ပညာရှင်များကို မကြာခဏ တောင်းဆိုတတ်ကြောင်း သိမကြာသေးခင်က သူ သိခဲ့ရသည်။ အခြေအနေအများစုတွင် ခရမ်းရောင်ချီအဖွဲ့ ဂိုဏ်းသားသည် လိုအပ်သော ဆေးပင်များအပြင် ဝိညာဥ်ကျောက်တုံးတချို့ကိုပါ အတူတကွ စုဆောင်းပေးတတ်၏။ ဤသည်က ဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကျေနပ်စေလျှင် အလုပ်စနိုင်လေသည်။

ဆေးဝါးကျွမ်းကျင် ပညာရှင်များအထက်က ဆေးပေါင်းဖိုဘုရင်များမှာမူ ဆေးဝါးတာအိုကို နောကျေနေပြီး ချီအခြေတည်အဆင့်ရောက်ရှိပြီး ဖြစ်သည်။ ဇီယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် အယောက်တစ်ရာသာရှိပြီး တစ်ယောက်ချင်းစီသည် အလွန်အရေးပါသောနေရာတစ်နေရာစီ သိမ်းပိုက်ထားကြသည်။ ရှင်းရှင်း ပြောရလျှင် အတွင်းစည်းဂိုဏ်းသားများအနေဖြင့် သူတို့ကိုတောင်းဆိုရန် အရည်အချင်းမပြည့်မှီပေ။ သီးသန့်ဂိုဏ်းသားများနှင့် ဂိုဏ်းအကြီးအကဲများသာ ဆေးပေါင်းဖိုဘုရင်များအား ဆေးလုံးဖော်စပ်ပေးရန် တောင်းဆိုနိုင်သည်။

ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များမှာမူ မဟာအကြီးအကဲအဆင့်နီးပါး သတ်မှတ်နိုင်သည်။ တစ်ယောက်စီတိုင်း၏ ဂိုဏ်း၏ အဖိုးထိုက်ရတနာတစ်ပါးဖြစ်ပြီး အားလုံးက မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ တပည့်များ ဖြစ်ကြသည်။ ဂိုဏ်းတွင် အတိုင်းထက်အလွန် လွှမ်းမိုးမှုရှိသူများသာ သူတို့ထံမှ ဆေးဖော်စပ်ပေးရန် တောင်းဆိုနိုင်သည်။

ပိုင်ယွင်လိုင်ပြောခဲ့သည့် ဆေးဝါးပညာရှင်လီမှာ ဆေးပေါင်းဖိုဘုရင်မဟုတ်သော်လည်း ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ထောင်ထဲက တစ်ယောက်ဖြစ်သည်။ ကိစ္စရေးရာအဖြာဖြာအား မည်သို့စီမံခန့်ခွဲပုံနှင့် ဂိုဏ်းတွင် ဆေးဝါးကျွမ်းကျင်ပညာရှင် မည်မျှနည်းပါးကြောင်း စဥ်းစားကြည့်လျှင် ခရမ်းရောင်ချီအဖွဲ့ဂိုဏ်းသားများအတွက် ဆေးလုံးများ ဖော်စပ်သည့်အချိန် လက်ထောက်အဖြစ် ဆောင်ရွက်ရန် ဆေးဝါးအတတ်သင်များရှာဖွေသည်က ပုံမှန်ဖြစ်သည်။

မန်ဟိုက မဆိုင်းမတွ ထရပ်လိုက်သည်။ ဤသည်မှာ အမှန်တကယ် ရှားပါးသော အခွင့်အရေးတစ်ခုပင်။ သူသည် လွန်ခဲ့သောနှစ်ဝက်ကျော်ကျော်မှ ဂိုဏ်းကို ဝင်ရောက်ခဲ့သည်ဖြစ်၍ ပထမဆုံးအကြိမ် ဤအခွင့်အရေးမျိုးကို ကြုံတွေ့ဖူးခြင်းဖြစ်သည်။ သူက ပိုင်ယွင်လိုင်ထံ လက်ယှက်ပြီး ကျေးဇူးတင်ကြောင်း ပြသကာ နှစ်ယောက်သား ထွက်လာခဲ့ကြသည်။ မကြာမီ အရှေ့ဆေးဝါးအဖွဲ့ကို ခရမ်းရောင်ချီအဖွဲ့နှင့် ဆက်သွယ်ပေးထားသော ချိုင့်ဝှမ်းသို့ရောက်သွားကြသည်။ ထိုနေရာတွင် အသက်သုံးဆယ်အရွယ်ခန့်ရှိဟန်တူသော အပြာရောင်ဝတ်ရုံနှင့်လူက အတော်လေးစိတ်မရှည်ဖြစ်နေပုံဖြင့် စောင့်နေသည်။ ၄င်းက ဆေးဝါးပညာရှင်လီက လွဲ၍ တခြားမဟုတ်ပေ။

သူ့ဘေးတွင် ချီအခြေတည်ခြင်း စဦးပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက် ရှိသည်။ သူက အလွန်အမင်း ယဥ်ကျေးနေသော အမူအရာနှင့် ပြုံးရင်း ဆေးဝါးပညာရှင်လီကို စကားပြောနေသည်။

မန်ဟိုနှင့် ပိုင်ယွင်လိုင် ချဥ်းကပ်လာစဥ် မန်ဟို၏မျက်လုံးများ တောက်ပလင်းလက်သွားသည်။ ဆေးဝါးပညာရှင်လီဘေးက ကျင့်ကြံသူကား လွီစုန့်ပင်။

သူတို့ထံ လျှောက်သွားစဥ် မန်ဟို၏အမူအရာမှာ တည်ငြိမ်လျက်ရှိသည်။ "ဆိုတော့" သူက တွေးသည်။ "ဆေးဖော်စေချင်တဲ့ တစ်ယောက်က သူဖြစ်နေတာကိုး"

ဆေးဝါးပညာရှင်လီက မျက်မှောင်ကြုတ်ပြီး သူတို့နှစ်ယောက်ကို ကြည့်သည်။ "နောက်ဆုံးတော့ ရောက်လာသေးသားပဲ"

ပိုင်ယွင်လိုင်က ကပျာကယာရှေ့တိုးသွားပြီး ကပ်ဖားလိုက်သည်။ဆေးဝါးပညာရှင်လီ၏အမူအရာ အတန်ငယ်ပျော့ပျောင်းသွားပြီး သူက အင်္ကျီလက်စကို ခါလိုက်သည်။ သူတို့အားလုံး အလွန်ယဥ်ကျေးနေသော လွီစုန့်၏ ခေါ်ဆောင်ရာနောက်လိုက်သွားကြသည်။ ခရမ်းရောင်ချီအဖွဲ့အတွင်းရှိ ချိုင့်ဝှမ်းများကို ဖြတ်သွားနေစဥ် မန်ဟိုသည် ပတ်ဝန်းကျင်ကို တည်ငြိမ်စွာ လေ့လာစူးစမ်းနေသည်။ ဇီယွင်ဂိုဏ်း၏ ဂိုဏ်းသားအတော်များများအား သူမြင်လိုက်ရသည်။

ဆေးဝါးတာအိုကို မကျင့်ကြံသော ဂိုဏ်းသားများလည်းရှိသည်။ မန်ဟိုနှင့် အခြားသူများကို မြင်သော် လေးစားကြည်ညိုသောအပြုံးများ သူတို့၏မျက်နှာတွင် ပြည့်နှက်သွားပြီး သူတို့က လက်ယှက်အရိုအသေပေးလိုက်ကြသည်။

မကြာမီ လွီစုန့်သည် တောင်များအနက် တစ်လုံး၏လမ်းတစ်ဝက်တည်ရှိသော သူ၏ကျင့်ကြံခြင်းဂူထံ ဦးဆောင်ခေါ်သွားသည်။ ရှုခင်းမှာ အတော်လေးလှပြီး အတွင်းပိုင်းမှာ အဆင်တန်ဆာအမြောက်အများနှင့် အတော်လေးကျယ်ဝန်းသည်။ အထဲရောက်သည်နှင့် လွီစုန့်က လက်ယှက်ပြီး ဆေးဝါးပညာရှင်လီကို ဦးညွှတ်အရိုအသေးပေးသည်။

"အစ်ကိုလီ အကူအညီအတွက် ကျေးဇူးအများကြီးတင်ပါတယ် " သူက ပြောသည်။  "ဒီဆေးပင်တွေက အသုံးဝင်လိမ့်မှာပါ" ထို့နောက် သူက သိုလှောင်အိတ်တစ်အိတ် ထုတ်ကာ ဆေးဝါးပညာရှင်လီကို ပေးသည်။

"ခင်ဗျားက သိပ်သဘောကောင်းတာပဲ" ဆေးဝါးပညာရှင်လီက ခေါင်းညိတ်ရင်း ဆိုသည်။ သူက ခပ်ရေးရေး ပြုံးလိုက်သည်။ "ကံဆိုးစွာနဲ့ ဒါက ကျုပ် တခြားသူတစ်ယောက်အတွက် ပထမဆုံးဆေးဖော်ဖူးတာပဲ။ ခင်ဗျားအတွက် အသင့်တော်ဆုံးရွေးချယ်မှု မဟုတ်မှာစိုးရိမ်မိတယ်။ ဒါပေမယ့် ခင်ဗျားက အကူအညီတောင်းတော့လဲ ကျုပ် တကယ် မငြင်းနိုင်ပါဘူး" သူက စိတ်ဝိညာဥ်အာရုံဖြင့် ၄င်းကို ခပ်မြန်မြန် စစ်ဆေးပြီးနောက် ပိုင်ယွင်လိုင်ထံ ပစ်ပေးသည်။

လွီစုန့်မှာ အနည်းငယ်ရှက်နေပုံရသည်။ စိတ်ထဲတွင် သူက ဆေးဝါးပညာရှင်များကို သူတို့၏ ကလိမ်ကကျစ်ခိုးတတ်သော အကျင့်အတွက် ကျိန်ဆဲနေလေသည်။ သူတို့မှာ စောင့်ကြည့်ခံရနိုင်သည့် နေရာတွင် ဖော်စပ်ရန် မဖိတ်ကြားခံရပါက အမြဲတမ်း ဖော်စပ်ပြီးဆေးလုံးတချို့ ခိုးထားတတ်သည်။ သူတို့ အောင်မြင်၍ တချို့ပြန်ပေးလျှင် တော်သေးသည်။ သို့သော် မအောင်မြင်ဘူးဟု ပြောလျှင် ဘယ်နည်းနှင့်မှ ယုံမရပေ။ ဤကိစ္စမျိုးမှာ ဂိုဏ်းတွင် မကြာခဏဖြစ်ပွားလေ့ရှိသည်။

"ငါ ဆေးမဖော်နိုင်တာကြောင့်မဟုတ်ရင်" လွီစုန့်က သူ့ကိုယ်သူ ပြောသည်။" ပြီးတော့ ဂိုဏ်းက ဝေမပေးတာကြောင့်မဟုတ်ရင် ဒီဆေးဝါးပညာရှင်တွေနဲ့ ပတ်သက်စရာမလိုဘူးး......." သူ့မျက်နှာကတော့ ပြုံးနေလျက်ရှိသည်။ သူက ထပ်မံဦးညွှတ်ပြီးနောက် မန်ဟိုနှင့်ပိုင်ယွင်လိုင်ကို တစ်ချက်ကြည့်သည်။ သူတို့က ချီအခြေတည်အဆင့်မဟုတ်သော်လည်း တစ်နေ့တွင် ဆေးဝါး ကျွမ်းကျင်ပညာရှင်များအဖြစ် အဆင့်တိုးမြှင့်ခံရမည့် ဆေးဝါးအတတ်သင်များဖြစ်ကြောင်း သူသိသည်။

မန်ဟို့မျက်နှာကား တည်နေသော်လည်း စိတ်ထဲတွင်တော့ ရယ်နေသည်။ သူသာ မျက်နှာအစစ်ပြလိုက်ပါက လွီစုန့် သေချာပေါက် ရူးသွားလိမ့်မည်။ ယခုတော့ လွီစုန့်မှာ ယဥ်ယဥ်ကျေးကျေးပြုံးရင်း ရပ်နေသည်။

လွီစုန့် တွေးနေသည်ကို ကောင်းကောင်းသိသဖြင့် ဆေးဝါးပညာရှင်လီက ရယ်သည်။ သူက ချောင်းဟန့်ပြီးနောက် ဆေးပေါင်းဖိုတစ်လုံးထုတ်လိုက်သည်။ တစ်ချိန်တည်းမှာပင် ကြက်သွေးရောင် ဝိညာဥ်ကျောက်တုံးများ ပျံထွက်လာပြီး ၄င်းတို့ဘာသာ မြေကြီးထဲ မြုပ်ဝင်သွားသည်။ ဆေးပေါင်းဖိုက ၄င်းတို့အထက် လေတွင် ဝဲနေသည်။ ဆေးဝါးပညာရှင်လီ၏ မျက်နှာကား ချက်ချင်း တည်ကြည်လေးနက်သွား၏။

"ကျုပ် ဆေးဖော်စပ်နည်းကို ကြည့်ခဲ့ပြီးပြီ။ ကျုပ်ရဲ့ ဆေးဝါးတာအိုကျွမ်းကျင်မှုနဲ့ဆိုရင် သံစဥ်ဆေးလုံးခြောက်လုံး အောင်အောင်မြင်မြင် ဖော်စပ်နိုင်ခြေ လေးဆယ်ရာခိုင်နှုန်းပဲ ရှိတယ်။ ကျုပ် တစ်ခုခုဖုံးကွယ်ထားမှာ သံသယရှိတယ်ဆိုရင် သေသေချာချာ စောင့်ကြည့်" ထို့နောက် သူ၏ဘယ်လက်က ဆေးပေါင်းဖိုအပေါ် ဖိချလိုက်သည်။ တခဏကြာသော် ၄င်းသည် အနီရောင်သမ်းလာပြီး အပူလှိုင်းများ စတင်ထုတ်လွှတ်လာသည်။

"သတ္တဇကာမြက်အရွက် ခြောက်ရွက် ယူပြီး အကြောထုတ်လိုက်။ ကျိုးလို့မရဘူး။ ဂီတပန်းပွင့်ချပ် ခုနစ်ချပ် ၊ ဝတ်ဆံပါတာ လိုတယ်။ လိုအပ်ရင် ဓာတ်ကူပေးလိုက်။ ခုနစ်နှစ်၊ ခုနစ်လ၊ ခုနစ်ရက် သက်တမ်းရင့်တဲ့ အနီရောင် ဇီးရွက် ။ ဆယ်ရက်ထက်ကျော်လို့မရဘူး" ဆေးဝါးပညာရှင်လီ၏ စကားများမှာ မြန်သထက် မြန်လာ၏။ သူက အသက်တစ်ရှိုက်အတွင်း မတူညီသော ဆေးပင်ဆယ်ပင် ပြောလိုက်သည်။

ပိုင်ယွင်လိုင်က ဆေးပင်မျိုးစုံပြည့်နေသော သိုလှောင်အိတ်ကို ထုတ်ပြီး လိုအပ်သောအပင်များ ချက်ချင်းထုတ်လိုက်သည်။ သူ ဂီတပန်းပွင့်ကို ပြင်ဆင်ပြီးသောအခါ မန်ဟိုက ဘယ်လက်ဖြင့် အနီရောင်ဇီးရွက်ကို ဓာတ်ကူပြီး ညာလက်ဖြင့် သတ္တဇကာမြက်မှ အကြောများ ထုတ်ပြီးသွားလေပြီ။ သူက ဆေးဝါးပညာရှင်လီကို ကမ်းပေးလိုက်သည်။

ဆေးဝါးပညာရှင်လီက မန်ဟို့ကို တခဏ မော့ကြည့်ပြီးနောက် မဆိုစလောက် ခေါင်းညိတ်ပြီး စတင်ဆေးဖော်တော့သည်။ သူက ရံဖန်ရံခါ အလိုရှိသော ဆေးပင်နာမည်ကို ပြောတတ်သည်။ ပိုင်ယွင်လိုင်က တခဏ နှုတ်ဆိတ်စွာ ရပ်နေသည်။ ဖန်မုက ဆေးဝါးပညာရှင်လီ၏ လက်ထောက်ဖြစ်ပြီး သူက ဖန်မု၏လက်ထောက်ဖြစ်လာခဲ့ကြောင်း သဘောပေါက်လိုက်သဖြင့် သူ့မှာ ခပ်ယဲ့ယဲ့ပြုံးလိုက်သည်။

ဆေးဝါးပညာရှင်လီ လိုသည့်အရာတိုင်း၊ မန်ဟိုက ချက်ချင်းလုပ်ဆောင်ပေးသည်။ သူက မြန်ရုံတင်မက၊ အမှားတစ်ခုပင် မလုပ်ပေ။ ထိုမျှသာမက ဓာတ်ကူခြင်းနှင့် ပတ်သက်လျှင် သူက တွေးစရာပင် မလိုသည့်အလား တိကျမှန်ကန်စွာ ပြီးမြောက်သည်။

ဆေးဝါးပညာရှင်လီမှာ မန်ဟိုကို့ ကြည့်ရင်း တဖြေးဖြေး အံသြလာသည်။ သူ့မှာ မန်ဟို့ကို အထင်မသေးတော့ဘဲ တန်းတူရည်တူအဖြစ် သတ်မှတ်လိုက်သည့်ပုံရသည်။

လွီစုန့်ပင်လျှင် ဆေးဝါးပညာရှင်လီ ပြောလိုက်သည်နှင့် မန်ဟိုက ချက်ချင်းဆိုသလို လုပ်ဆောင်ပြီးဖြစ်ကြောင်း သတိထားမိသည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ "ဒီလက်ထောက်ဆေးဝါးပညာရှင်က လူတောင်မဟုတ်ဘူး....."

ဤအခိုက်အတန့်တွင် ရုတ်တရက် အပြင်ဘက်မှ အမျိုးသမီးတစ်ယောက်၏အသံ ကျင့်ကြံခြင်းဂူထဲ ပဲ့တင်ထပ်လာသည်။

"လွီစုန့် ငါ နင့်ကို ပြောထားတဲ့ကိစ္စ ဘာသတင်းထူးသေးလဲ"

မန်ဟို ထိုအသံကြားလိုက်သည်နှင့် သူ လက်ရှိ ဓာတ်ကူပေးနေသည့် အပင် ရုတ်တရက် တုန်ခါသွားသည်။

***

All Chapters