← Chapters

ခေါင်းမော့လိုက်

Vol. 16 Ch. 215

ခေါင်းမော့လိုက်

Vol. 16 Ch. 215

မန်ဟို တခဏသာ ရပ်လိုက်သည်။ အခြားမည်သူမှ သတိထားမိမည် မဟုတ်ပေ။ သူ၏အမူအရာမှာ အနည်းအကျဥ်းပင် ပြောင်းလဲခြင်းမရှိ။ ဆေးပင်ကို ဓာတ်ကူပေးပြီးသောအခါ သူက ဆေးဝါးပညာရှင်လီကို ကမ်းပေးလိုက်သည်။

သူက ကျင့်ကြံခြင်းဂူထဲ ဝင်ရောက်လာသော အမျိုးသမီးကို လှမ်းမကြည့်ပေ။

သူမသည် အဖြူရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး ပြိုင်ဘက်ကင်းအောင် လှသည်။ သူမကို ကြည့်လိုက်သည်နှင့် ပုရိသတိုင်း ငေးကြည့်ပြီး အရူးအမူး ချစ်မိသွားမည်ဖြစ်သည်။

သူမအသားအရေလေးမှာ အသက်ရှူလိုက်လျှင်ပင် ထိခိုက်နိုင်သည့်အလား နူးညံ့လွန်းသည်။ သူမသည် ဖြူဖွေးကြည့်လဲ့သော အသားအရေလေးဖြင့် ပိန်ပိန်သွယ်သွယ်ဖြစ်ပြီး တင့်တယ်လှပသောဆံနွယ်လေးများက ခြုံထည်ပမာ သူမကို လွှမ်းခြုံလျက်ရှိသည်။ သူမက နတ်သက်ကြွေလာသကဲ့သို့ အရောင်အဝါတစ်ခုကို ထုတ်လွှတ်နေပြီး သူမ ဝင်ရောက်လာစဥ် သင်းပျံ့မွှေးကြိုင်သော ရနံ့လေးတစ်ခု ကျင့်ကြံခြင်းဂူတွင် ပြည့်နှက်သွားသည်။ ဆေးဝါးပညာရှင်လီပင် ဆေးပေါင်းဖိုကို လျစ်လျစ်လျူရှုပြီး သူမဝင်လာသည်ကိုကြည့်ကာ အသက်ပြင်းပြင်းရှူနေလေသည်။

ချူယွီယန်

သူမမျက်ခုံးလေးတစ်ဖက် မသိမသာ ပင့်သက်သွားပြီး သူမမျက်နှာလေးမှာ လှပမြဲ လှပနေသော်လည်း သဘောမကျသည့်အရိပ်အယောင်လေး စွက်ဖက်နေသည်။ မည်သည့်မျက်နှာလွှားဇာမှ သူမကို သက်ပြင်းဖွဖွချလိုက်စေမိသော ခါးသီးမှုကို မဖုံးကွယ်နိုင်သလို၊ မည်သည့်လေမှလည်း ၄င်းကို လွင့်ပြယ် မသွားစေနိုင်ပေ။ သူမတစ်ယောက်တည်းသာ ထိုစိတ်ဖိစီးမှုဒဏ်နှင့် မကြာသေးမီက သည်းခံနေခဲ့ရသော ခိုးကြောင်ခိုးဝှက်အကြည့်များကို နားလည်နိုင်သည်။

လွန်ခဲ့သည် နှစ်ဝက်က စုန့်မျိုးနွယ်စုရှိ အဖြစ်အပျက်များပြီးနောက် မန်ဟို၏ နာမည်သည် တောင်ပိုင်းဒေသတစ်ခွင်လုံး ချက်ချင်း ဟိုးလေးတကျော်ကျော် ဖြစ်လာခဲ့သည်။ ဟုတ်ပါသည်၊ သူမနာမည်လည်းပါသည်။ ဝမ်တန်ဖေး စုန်မျိုးနွယ်စု၏ သမက်ရွေးချယ်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ခဲ့သည့် ဖြစ်ရပ်နှင့် အကြောင်းကိစ္စတစ်ရပ်လုံးသည် မုန်တိုင်းကြီးအသွင်ပြောင်းကာ သူမကို ထိခိုက်စေခဲ့သည်။ ချူယွီယန်နှင့် ဝမ်တန်ဖေးကြားက စေ့စပ်သဘောတူညီမှုမှာ ချက်ချင်း ဟာသကြီးဖြစ်လာခဲ့သည်။

၄င်းတို့အာလုံး၏ အကြောင်းရင်းကား မန်ဟိုပင်။

ချူယွီယန် ဝမ်တန်ဖေးကို မမုန်းပေ။ ဝမ်တန်ဖေး သူမကို မယုံကြည်၍ စုန့်မျိုးနွယ်စုသမက်ရွေးချယ်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်ရန် ရွေးချယ်ခဲ့ခြင်းကို သူမ နားလည်ပေးနိုင်သည်။ သူမ လူရွေးမှားခဲ့မိသည်။ ကံကောင်းထောက်မစွာ သူတို့မှာ စေ့စပ်ထားရုံသာဖြစ်၍ တရားဝင်ဇနီးမောင်နှံ မဖြစ်လာခဲ့သေးပေ။ မည်သို့ဆိုစေ ချူယွီယန် သက်ပြင်းမချမိဘဲ မနေ။ အဆုံးသတ်တွင် အကြောင်းကိစ္စများ မည်သို့ဖြစ်စေကာမူ၊ ဝမ်တန်ဖေးက မည်သည့်လူစားမျိုးဖြစ်ကြောင်း သူမ မြင်ခဲ့ရလေပြီ။

အဆုံးသတ်ရလဒ်ကို သူမလက်ခံနိုင်သည်။  ဝမ်တန်ဖေးအနေဖြင့် သူမကို ရှင်းပြရန်လည်း မလို။ စုန့်မျိုးနွယ်က အဖြစ်အပျက်များပြီးနောက် သူမသည် စေ့စပ်ကြောင်းလမ်းမှု သဘောတူညီချက်ကို ဝမ်မျိုးနွယ်စုဆီ ချက်ချင်း ပြန်ပို့ကာ ကလေးကလားစေ့စပ်မှုအား အဆုံးသတ်လိုက်သည်။

သူမ အမှန်တကယ် မုန်းသည့်လူက မန်ဟိုပင်။ ၄င်းမှာ သူမ အရိုးထဲထိ စိမ့်ဝင်နေသော အမုန်းဖြစ်သည်။ သို့သော် တစ်ချိန်တည်းမှာပင် သူမသည် မီးတောင်ထဲက အဖြစ်အပျက်များနှင့်ပတ်သက်၍ အိပ်မက်များ ဆက်တိုက် မက်နေသည်။ ၄င်းမှာ သူမအတွက် မရပ်မနားအနှောင့်အယှက်ပေးနေသော ညင်းပန်းမှုဒဏ်ကြီးအဖြစ် ပြောင်းသွားခဲ့သည်။

"ဂါဝရပြုပါတယ် အစ်မချူ" လွီစုန့်က ကပျာကယာပြောသည်။ ဆေးဝါးပညာရှင်လီလည်း လက်ယှက်ပြီး သူမကို နှုတ်ဆက်သည်။ ပိုင်ယွင်လိုင်မှာ အသက်ရှုရန်ပင် မေ့နေပြီး ဦးညွှတ်အရိုအသေပေးလိုက်သည်။ မန်ဟိုလည်း အရိုအသေပေးလိုက်သည့်တိုင် သူ့ရင်ထဲ၌ အတော်လေးနောင်တရနေမိသည်။

သူ မည့်သည့်အတွက်ကြောင့် အပြစ်ရှိသလို မခံစားရဘဲ နေမည်နည်း။ တကယ်တမ်း လွီစုန့်နှင့် ချင်းရွှယ်ဟန် ကိစ္စနှင့်ပတ်သက်၍လည်း ထိုနည်းတူပင်။ သို့သော် ဇီယွင်ဂိုဏ်းရှိ လူအားလုံးထဲမှာမှ သူ ပက်ပင်းမတိုးချင်ဆုံးက ချူယွီယန်ပင်။

မန်ဟိုမှာ သူမအပေါ် နည်းနည်းလွန်ခဲ့မိကြောင်း ရင်ထဲတွင် ခံစားနေရသည်။ သို့သော် ထိုစဥ်က အခြေအနေအရ သူ့တွင် ရွေးချယ်စရာ မရှိခဲ့ပေ။ ထို့အပြင် ချူယွီယန် သူ့ကို လိုက်ဖမ်းပြီး သတ်ရန် မကြိုးစားခဲ့လျှင် ဘာတစ်ခုမှ ဖြစ်ခဲ့မည်မဟုတ်ပေ။

မည်သို့ဆိုစေ၊ မန်ဟို စိတ်မကောင်းဖြစ်မိနေဆဲပင်။

"ကျုပ် ဒါပြီးတာနဲ့ ခင်ဗျားကို လာရှာမလို့ပဲ" လွီစုန့်က ပြောသည်။ "ဟိုခွေးကောင် မန်ဟိုနဲ့ ပတ်သက်ပြီး ကျုပ် စစ်ဆေးမှုတွေ အများကြီးလုပ်ခဲ့တယ်။ ဒါပေမယ့် သူက ပျောက်ချင်းမလှ ပျောက်သွားတာ" မန်ဟို့နာမည်ကို ပြောစဥ် သူ့မှာ အံမကြိတ်မိဘဲ မနေပေ။ "သူနဲ့ပတ်သက်ပြီး ဘာသဲလွန်စမှ မရှိဘူး။ တကယ်တမ်း သူနဲ့ မိတ်ဆွေဖြစ်တဲ့လူတွေကို ဂိုဏ်းတချို့ စောင့်ကြည့်နေခဲ့ပေမယ့် ဒီတစ်နှစ်လုံး သူ ပေါ်မလာခဲ့ဘူး။ အဲ့ဒီ  စက်ဆုပ်စရာကောင်းတဲ့ သောက်အကောင်စုတ် တောင်ပိုင်းဒေသက ထွက်သွားတာဖြစ်မယ် တွေးနေကြတယ်။ အဲ့ခွေးကောင် အသေချင်းဆိုးနဲ့ သေရမှာ"

ချူယွီယန် မျက်မှောင်ကြုတ်သွားသည်။ ပြီးခဲ့သည့် နှစ်ဝက်အတောအတွင်း သူမသည် မန်ဟို့ကို ရှာရန် လူများ အဆက်မပြတ်စေလွှတ်ခဲ့သည်။ သူမ မလျှော့မတမ်း ရှာဖွေခဲ့သည့်တိုင် သူက အစအနေပင်မကျန် ပျောက်သွားပုံရသည်။

"သူ ဘယ်လိုလုပ် တောင်ပိုင်းဒေသက ထွက်သွားနိုင်မှာလဲ" ချူယွီယန် တွေးသည်။ "သူ့ရဲ့ အရင်ဂိုဏ်းဝင်တွေအားလုံးက ဒီမှာ။ သူ ကံဆိုးမိုးမှောင်ကျလောက်တဲ့ ကပ်ဘေးကြီးကို မဆွခဲ့ဘဲနဲ့ ဘာကြောင့် ထွက်သွားလိမ့်မှာလဲ။ တကယ်တမ်း စုန့်မျိုးနွယ်စုမှာ ဖြစ်ခဲ့တာက သူ့အတွက် ကံကောင်းမှုတစ်ခုပဲကို။ ဂိုဏ်းတစ်ဂိုဏ်းကို ဝင်၊ မြင့်မြတ်သောဝိညာဥ်ကျမ်းစာကို ပေးပြီးတော့ အန္တရာယ်များတဲ့ အခြေအနေကို ဘေးကင်းတဲ့နေရာတစ်ခုအဖြစ် ပြောင်းနိုင်တယ်။ မန်ဟိုက ကြောက်စရာကောင်းလောက်အောင် ဉာဏ်များတယ်၊ သူ့ အဲ့တာကို သဘောမပေါက်ဘဲတော့ မနေဘူးမလား

"ငါ့တွက်ချက်မှုအရ သူ သေချာပေါက် တောင်ပိုင်းဒေသမှာပဲ ရှိနေတယ်။ သူပုန်းနေတဲ့နေရာသာ ငါတို့ မသိတာ။ တွေ့လို့ကတော့...." သူမ အံကြိတ်လိုက်သည်။ ထို့နောက် လှည့်ပြီး ထွက်သွားတော့မည့်အချိန် သူမ အကြည့်က မန်ဟို့အပေါ် ကျရောက်သွားသည်။ သူမက သူ့ကို စိုက်ကြည့်နေပြီးနောက် ရုတ်တရက် ပြောသည်။ သူမအသံမှာ နွေးထွေးမနေတော့ဘဲ အေးစက်မှုများဖြင့် ပြည့်နှက်နေသည်။ "ခေါင်းမော့လိုက်"

မန်ဟို အံ့သြသွား၏။ "ငါ ရုပ်ပြောင်းထားတာတောင် " သူက တွေးသည်။ "အာရုံစိုက်မိသေးတယ်လား" သူက အံသြနေသည့်တိုင် ကြောင်တောင်တောင်လေး မော့ကြည့်လိုက်သည်။

ချူယွီယန် မျက်မှောင်ကြုတ်သွားသည်။ မည်သည့်အတွက်ကြောင့် မသိသော်လည်း ဤလူငယ်ကို မြင်လိုက်သည်နှင့် သူမရင်ထဲတွင် မဖော်ပြနိုင်သောဒေါသများ ပြည့်သွားလေသည်။ သို့သော် သူ့ကိုလည်း တစ်ခါမှ မမြင်ဖူးပေ။

သူမ တွေးနေစဥ် သူမ၏မျက်လုံးလေးများ တဖျပ်ဖျပ်လက်နေသည်။ "တစ်ခုခု လွဲနေတယ်။ လူတစ်ယောက်ကို အကြောင်းမရှိဘဲ ငါ ဘာလို့ အမြင်ကပ်နေမိတာလဲ" သူမက မန်ဟို့ကို ကြာကြာ စိုက်ကြည့်နေသော်လည်း အကြောင်းမထူးပေ။

မန်ဟိုက စိတ်ထဲတွင် ညည်းလိုက်သည်။ "ဒီမိန်းကလေး ဘယ်လိုလုပ် ဒီလောက်လျင်နိုင်တာလဲ" သူက တွေးသည်။ သူ၏ပုံပန်းသွင်ပြင် ပြောင်းထားပြီး အခြားသူများ ရှိနေသည့်တိုင် သူမမှာ တစ်စုံတခု အာရုံရပြီးသူ့ကို အာရုံစိုက်မိသေးသည်။ သူ့မှာ ရုတ်တရက် ရင်ခုန်သံမြန်လာသည်။ ရုတ်တရက် သူက သူမ ရင်ဘတ်အကြည့်ဆီ အကြည့်ပို့ပြီးနောက် တမင် တံတွေးမြိုချလိုက်သည်။

အတော်လေး ညစ်ညမ်းသောအမူအရာတစ်ခု သူ့မျက်နှာပေါ်တွင် ဖြတ်ပြေးသွားပြီး သူက တမင် ရှက်သွားပုံဖမ်းလိုက်သည်။ ယခုတွင် သူ့မှာ တဏှာစိတ်ထကြွနေပုံမပေါ်သော်လည်း မိန်းမလှလေးတစ်ယောက်ကို ပထမဆုံးမြင်ဖူးသည့် ဆယ်ကျော်သက်လေးနှင့် တူနေလေသည်။ ဤကဲ့သို့ အခြေအနေတစ်ခုတွင် အနေခက်နေသည့်ပုံဖမ်းခြင်းက ပုံမှန်တုံ့ပြန်ချက်တစ်ခု ဖြစ်ပေမည်။

သူ၏အမူအရာက ချူယွီယန်ကို ပို၍ မျက်မှောင်ကြုတ်သွားစေသည်။ မနှစ်မြို့သော အမူအရာတစ်ခု သူမမျက်နှာပေါ်တွင် ပေါ်လာပြီး သူမက ရင်ထဲတွင် ပြည့်ကြပ်နေသည့် ဒေါသများကို လျစ်လျူရှုရင်း စကားတစ်ခွန်းမဆိုဘဲ ကျင့်ကြံခြင်းဂူမှ လှည့်ထွက်သွားတော့သည်။

ချူယွီယန်ထွက်သွားပြီးနောက် ကျင့်ကြံခြင်းဂူထဲရှိ လူတိုင်း စိတ်သက်သာရာရကာ သက်ပြင်းချလိုက်သည်။ လွီစုန့်က ပင်မတံခါးကို အလျင်အမြန် ပိတ်လိုက်ပြီး ဆေးဝါးပညာရှင်လီက ခေါင်းခါလိုက်သည်။ သူ ဘာတွေးနေသည်လဲ ပြောရခက်သော်လည်း သက်ပြင်းထပ်ချပြီးနောက် ဆေးဆက်ဖော်သည်။

"အစ်မချူက အခုတလော အများကြီးပြောင်းလဲသွားတာ" ပိုင်ယွင်လိုင်က တိုးတိုးပြောသည်။ " သူ အရင်တုန်းက ဒီလိုမဟုတ်ဘူး။ အခုတော့ သွေးအေးပြီး ကြောက်စရာကြီး။ ကျောတောင်ချမ်းတယ်"

"အဲ့တာအာလုံး မန်ဟို့အမှားကြောင့်" လွီစုန့်က အံတင်းတင်းကြိတ်ရင်း ပြောသည်။ " အဲ့ဒီ  စက်ဆုပ်စရာကောင်းတဲ့ သောက်အကောင်စုတ် အသေဆိုးနဲ့ကို သေရမှာ။ ငါ  သူနဲ့တွေ့ရင် သူ့ကို အပိုင်းပိုင်းစုတ်ဖြဲပစ်မယ်။ ငါ့သွားနဲ့ သူ့အရိုးက အသားတွေကို ကိုက်ဖြဲပြီး သူ့အရိုးကို တစစီဝါးစားပစ်မယ်" သူ့အမုန်း၏ နက်ရှိုင်းမှုကား သိသာပေါ်လွင်လေသည်။ သူက စကားပြောပြီးနောက် မန်ဟို့ကို ထူးဆန်းသောမျက်လုံးများဖြင့် ကြည့်ပြီးနောက် ရုတ်တရက် ဖော်ဖော်ရွေရွေ ပြုံးကာ ခေါင်းညိတ်ပြသည်။

မန်ဟိုက သာမန်ဆေးဝါးအတတ်သင် မဟုတ်သဖြင့် နောက်တစ်ချိန်တွင် ဆေးဝါးကျွမ်းကျင် ပညာရှင်တစ်ယောက် ဖြစ်လာရန် ရာခိုင်နှုန်းများကြောင်း သူ သတိထားမိခဲ့သည်။ သူ သူ့နှင့် မိတ်ဆွေ မြန်မြန်ဖြစ်လေလေ၊ ပိုကောင်းလေလေ မဟုတ်ပါလော။

မန်ဟိုက ချောင်းဟန့်လိုက်သည်။ သူက စိတ်ထဲမထားတတ်ပေ။ သို့သော် စောစောက လွီစုန့်မှာ မုန်းတီးစက်ဆုပ်စွာ အံကြိတ်ဆဲဆိုနေပြီးနောက် နောက်အသက်တစ်ရှိုက်တွင် ရင်းရင်းနှီးနှီး ပြုံးပြနေလေသည်။ ဤအရာများနှင့် အသားကျရမည်ဖြစ်ကြောင်း မန်ဟို ခံစားလိုက်ရသည်။

ဆေးလုံးများ ဖော်စပ်ရန် တစ်နေကုန်ကြာသွားသည်။ ဆေးပေါင်းဖိုမှ ဆေးရ နံ့များ သင်းပျံ့လာပြီး လွီစုန့် လိုအပ်သောဆေးလုံးများ ထွက်လာသည့်အချိန်တွင် အပြင်၌ လသာနေလေပြီ။

ကတိုက်ကရိုက် ဆေးဖော်စပ်ခဲ့ရသည့်အတွက်ကြောင့် ဆေးခုနစ်လုံး၊ ရှစ်လုံး ထုတ်ပေးသင့်သည့် ဆေးပင်များမှာ နှစ်လုံးသာ ထုတ်ပေးနိုင်ခဲ့သည်။ ၄င်းမှာ ဆေးဝါးပညာရှင်လီ၏နည်းလမ်း နှင့် တစ်ခုခုပတ်သက်နေမည် ဖြစ်ကြောင်း မန်ဟို အလွယ်တကူပြောနိုင်သည်။

ဤသည်မှာ သူ့အနေဖြင့် ဆေးဖော်စပ်ရာတွင် ပထမဆုံးပါဝင်ဖူးခြင်းဖြစ်သည်။ သူသည် ဆေးဝါးပညာရှင်လီ၏ ဖော်စပ်ခြင်းနည်းလမ်းများကို ကြည့်ရှုနေပြီး အတော်လေးလေ့လာသင်ယူခဲ့ရသည်။ မကြာခင် အပြင်တွင် မှောင်လာတော့မည် ထင်ရသည်။ လွီစုန့်က သူတို့ကို ကျင့်ကြံခြင်းဂူမှ အရှေ့ဆေးဝါးအဖွဲ့အထိ တစ်လျှောက်လုံး ပျော်ပျော်ရွှင်ရွှင် လိုက်ပါပို့ဆောင်ပြီးနောက် လက်ယှက်နှုတ်ဆက်ကာ ထွက်ခွာသွားသည်။

နောက်ရက်များတွင် မန်ဟိုသည် ဆေးပင်များနှင့်ပတ်သက်သည်များအား ဆက်လက်လေ့လာသည်။ သို့သော် ဆေးဝါးပညာရှင်လီက အတော်လေးအထင်ကြီးခဲ့သောကြောင့် သူ့တွင် နေ့စဥ်တာဝန်အသစ်တစ်ခု ရှိလာသည်။ ဆေးဝါးပညာရှင်လီ ဆေးဖော်စပ်သည့်အခါတိုင်း ၊ သူ၏ကျင့်ကြံခြင်းဂူတွင်ဖြစ်စေ၊ အခြားတစ်ယောက်ထံတွင်ဖြစ်စေ၊ အမြဲတမ်း မန်ဟို့ကို လက်ထောက်အဖြစ် ခေါ်တတ်သည်။ မန်ဟို သူ့ဘေးတွင်ရှိလျှင် ဆေးဖော်ရပိုအဆင်ပြေကြောင်း လီတောက် တွေ့ရလေသည်။

ထို့အပြင် လီတောက်သည် ဆေးဝါးပညာရပ်နှင့်ပတ်သက်၍ မန်ဟို့ကို အကြံဉာဏ်များ ပေးတတ်သည်။ မကြာမီ မန်ဟိုမှာ ဆေးဝါးပညာရပ်နှင့် မစိမ်းတော့ဘဲ ပိုပို၍ သက်တောင့်သက်သာရှိလာသည်။ သူသည် မြင်မြင်သမျှ သင်ယူလေ့လာပြီး ဖြေးဖြေးမှန်မှန် တိုးတက်လာသည်။

အခြားသူများနှင့် ပတ်သက်ရခြင်းက ရှုပ်ထွေးသောကိစ္စတစ်ခု မဟုတ်ပေ။ ဥပမာဆိုရလျှင် မန်ဟို၏ ပိုင်ယွင်လိုင်နှင့် ဆေးဝါးပညာရှင်လီတို့နှစ်ယောက်လုံးနှင့် ဆက်ဆံရေးမှာ အလွန်ရိုးရှင်းသည်။ ၄င်းတို့အားလုံးက သူတို့တစ်ယောက်ကို တစ်ယောက် မည်သို့ကူညီနိုင်သည့်အပေါ် အခြေခံသည်။

မန်ဟို၏ ဆေးဝါးအတတ်သင်တစ်ယောက်အဖြစ် ကျွမ်းကျင်မှုကြောင့်သာမဟုတ်လျှင် လီတောက်အနေဖြင့် သူ့ကို အထင်ကြီးမည်မဟုတ်သလို၊ လက်ထောက်လုပ်ပေးရန် အမြဲအခေါ်လွှတ်နေမည် မဟုတ်ပေ။

ဤအတိုင်း သုံးလကြာသွားသည်။ မန်ဟိုသည် ဇီယွင်ဂိုဏ်းရှိ ဘဝနှင့် အံခွင်ဝင်ကျဖြစ်နေလေပြီ။ သူ ထိုနေရာတွင် ရှိနေခဲ့သည့် အချိန်အတွင်း လူပေါင်းများစွာနှင့် တွေ့ဆုံခဲ့ကာ လူအတော်များများ သူ့နာမည် သိလာခဲ့ကြသည်။

သူအပြင်ထွက်သည့်အခါတိုင်း ရင်းနှီးသောလူများနှင့် ထွေရာလေးပါး စစနောက်နောက် စကားပြောတတ်သည်။ အရာအားလုံးသည် အလွန်သဟဇာတဖြစ်နေပြီး တည်ငြိမ်အေးချမ်းနေ၏။ လူတိုင်း သူ့ကို လက်ယှက်အရိုအသေပေးကြသည်။ ဤအလားအလာကောင်းသော ဆေးဝါးအတတ်သင် ဖန်မုက လွန်ခဲ့သောလအနည်းငယ်က တောင်ပိုင်းဒေသတွင် မုန်တိုင်းထန်စေခဲ့သော မန်ဟိုဖြစ်ကြောင်း ဝိညာဥ်ပင်လျှင် မသိပေ။

တစ်ရက်တွင် မန်ဟိုသည် လီတောက်၏ ကျင့်ကြံခြင်းဂူထဲ၌ ဆေးဖော်စပ်ရာတွင် ကူညီပေးနေသည်။ ဆေးဖော်စပ်ခြင်းပြီးဆုံးပြီးနောက် လီတောက်က မန်ဟို့ကို သူ၏ကျင့်ကြံခြင်းအပေါက်ဝထိ လိုက်ပါပို့ဆောင်ပြီးနောက် ရုတ်တရက် ပြောသည်။

"ဖန်မု၊ မင်းက ငါ့အတွက်တော့ ဆေးဝါးအတတ်သင်နဲ့မတူဘူးဆိုတာ သိစေချင်တယ်။ ဆေးပင်တွေနဲ့ပတ်သက်တဲ့ မင်းရဲ့ကျွမ်းကျင်မှုက ငါ့သိရသလောက်တော့ ဆေးဝါးကျွမ်းကျင်ပညာရှင်အဆင့်မှာပဲ"

မန်ဟိုက လမ်းလျှောက်နေသည်ကို ရပ်ပြီး လီတောက်ကိုကြည့်သည်။ သူက လက်ယှက်ပြီး ဦးညွှတ်လိုက်သည်။ ၄င်းက ရိုးသားစစ်မှန်သော ဦးညွှတ်ခြင်းပင်။ လီတောက်သည် ချီအခြေတည်ခြင်းစဦးပိုင်းအဆင့် ဖြစ်သော်လည်း သူတို့နှစ်ယောက်အတူ အချိန်ကုန်ဆုံးခဲ့သည့် အတောအတွင်း မာနကြီးမောက်မာခြင်းမရှိဘဲ တကယ်တမ်း အလွန်ဖော်ရွေပြီး ကြင်ပင်ကြင်နာတတ်ကြောင်း မန်ဟို တွေ့ခဲ့ရသည်။

မန်ဟို၏ ဆေးဖော်စပ်ခြင်းပညာရပ်အပေါ် နားလည်မှုမှာ သူတို့၏ဆက်ဆံရေးကြောင့် သိသိသာသာ တိုးတက်လာခဲ့လေသည်။

"တစ်လနေရင်" လီတောက်က အားတက်သရော ဆက်ပြောသည်။ "အဆင့်တက်စာမေးပွဲရှိမယ်။ ငါ စုံစမ်းကြည့်တော့ ဆေးဝါးအတတ်သင်တစ်ယောက်ပဲ အဆင့်တိုးပေးဖို့ ရွေးချယ်ခံရမှာတဲ့။ မင်းသာ ဆေးဝါးကျွမ်းကျင်ပညာရှင်အဆင့်တက်သွားလို့ကတော့ ဇီယွင်ဂိုဏ်းရဲ့ ဆေးဝါးတာအိုကို လေ့လာနိုင်ပြီ။ ဆေးဝါးပညာရှင်ဖြစ်ရင် မင်းအတွက် ကိုယ်ပိုင်ကျင့်ကြံခြင်းဂူနဲ့ ကိုယ်ပိုင်ဆေးပေါင်းဖိုမီး ရလိမ့်မယ်။ မင်း ဆေးပင်တွေကို လေ့လာစရာမလိုတော့ဘဲ ဆေးဖော်စပ်ခြင်းအကြောင်း သင်ယူနိုင်မှာ

"ခံပြင်းစရာကောင်းတာက" သူက စိတ်ရင်းမှန်အတိုင်း ပြောသည်။ "ဆေးဝါးအတတ်သင်အဖြစ် ဆယ်နှစ်အမှုထမ်းပြီးတဲ့လူတွေပဲ ဒီတစ်ခေါက် စာမေးပွဲမှာ ပါဝင်နိုင်တယ်။ ဒါပေမယ့် မင်း စိတ်ဝင်စားရင် မင်းအတွက်နေရာတစ်ရာလောက် လျှောက်ပေးနိုင်မလား ငါကြည့်ပေးမယ်။ မင်းလဲ စဥ်းစားကွာ။ ဒီအခွင့်အရေးမျိုး ဆုပ်ကိုင်နိုင်ရင် မင်း အချိန်ဆယ်နှစ်သက်သာမှာ"

မန်ဟိုမှာ ရင်တဒိန်းဒိန်းခုန်လာပြီး လီတောက်ကို နောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်။ "ကျေးဇူးအများကြီးတင်ပါတယ် အစ်ကိုကြီးလီ"

သူတို့နှစ်ယောက် စကားနည်းနည်းပါးပါး ထပ်ပြောပြီးနောက် မန်ဟို နှုတ်ဆက်ပြီး ထွက်လာခဲ့သည်။ သူက တောင်ပေါ်လမ်းများတစ်လျှောက် လမ်းလျှောက်နေရင်း လကို မော့ကြည့်လိုက်ပြီး သူ၏မျက်လုံးများ စူးရှတောက်ပစွာ လင်းလက်လာ၏။

"ငါ ဆေးဝါးအတတ်သင်ဘဝနဲ့တော့ ဆယ်နှစ်အကုန်မခံနိုင်ဘူး" သူက တွေးသည်။ " ဒီအခွင့်အရေးကို ဆုပ်ကိုင်ဖို့ နည်းလမ်းရှာရမယ်။ ဂိုဏ်းမှာ ငါအရင်က လုပ်ခဲ့တာကတွေက နည်းနည်းပါးပါး အာရုံစိုက်တော့ ဖြစ်စေခဲ့မှာပဲ....." မန်ဟိုသည် ဤအကြောင်းများကို တွေးရင်း ဒေသ (၁) ချိုင့်ဝှမ်း (၁) ထဲ ဝင်ရောက်လာသည်။ သူ ခြံဝင်းထဲ လမ်းလျှောက်ဝင်လိုက်စဥ် သူ၏အမူအရာက မပြောင်းလဲသော်လည်း ရင်ဒိန်းခနဲ ခုန်သွားသည်။ ခြံဝင်းတံခါးကို တွန်းဖွင့်ပြီးနောက်တွင် ခြံဝင်းထဲ၌ ဆံဖြူအဘိုးကြီးတစ်ယောက် ရပ်နေသည်ကို မြင်လိုက်ရသည်။ သူက အံ့အားသင့်သွားဟန် ချက်ချင်း ဖမ်းလိုက်သည်။

ဤသည်မှာ အရှေ့ဆေးဝါးအဖွဲ့ကို သူဝင်ရောက်ခဲ့သည့်နှစ်က သူ့၏ပင်ကိုယ်စွမ်းရည်ကို စမ်းသပ်ခဲ့သည့် အဘိုးကြီးပင်။ သူက ဝမ်ဖန်မင်းဆိုသော ဆေးပေါင်းဖိုဘုရင်တစ်ဦး ဖြစ်သည်။ သူက မန်ဟို၏ ဆေးဥယျာဥ်ကိုကြည့်ရင်း ရပ်နေသည်။ မန်ဟို ခြံဝင်းထဲဝင်ရောက်လာသည်နှင့် သူက လှည့်ပြီး မန်ဟို၏မျက်လုံးများကို ကြည့်သည်။

***

All Chapters