← Chapters

မဟာအကြီးအကဲ၏ အဓိပ္ပါယ်

Vol. 16 Ch. 216

မဟာအကြီးအကဲ၏ အဓိပ္ပါယ်

Vol. 16 Ch. 216

အဘိုးကြီး မန်ဟို့ကို လှည့်ကြည့်လိုက်သည့် အခိုက်အတန့်၌ သူ၏မျက်လုံးများ စူးရှတောက်ပသောအလင်းရောင်တစ်ခုဖြင့် ပြည့်နေပြီး သူက ပြောသည်။ "မင်း ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဆီက ထောက်ခံစာနဲ့ အရှေ့ဆေးဝါးအဖွဲ့ကို ဝင်ရောက်ခဲ့တယ်။ မင်း ဒီကို လာရတဲ့ရည်ရွယ်ချက်က ဘာလဲ" လျှို့ဝှက်ဆန်းကြယ်သော ဖိအားတစ်ခု မန်ဟို၏ခန္ဓာကိုယ်အပေါ် သက်ရောက်လာသည်။

အဘိုးကြီးက စကားပြောရင်း ရှေ့တစ်လှမ်းတိုးသည်။

ခြေလှမ်းကျရောက်သွားသောအခါ ဤနေရာမှာ ကျန်ကမ္ဘာမှ အဆက်အသွယ် ဖြတ်တောက်ခံလိုက်ရသည့်အလား သရဲပုံရိပ်များ နေရာတိုင်း၌ တုန်ခါလာသည်။ ထိုမြင်ကွင်းကြီးက မည်သည့်နည်းနှင့်မှ မထွက်ပြေးနိုင်သော ခံစားချက်တစ်ခုကို ပေးနေ၏။

သူ၏ စကားလုံးများ ပဲ့တင်ထပ်နေချိန်မှာပင် သူက ထပ်ပြောသည်။ " ငါ တုန်းလိုင်ပြည်တစ်ပြည်လုံးမှာရှိတဲ့ ဖန်မျိုးရိုးနဲ့ ကျင့်ကြံသူတွေအားလုံး တစ်ယောက်မကျန် စစ်ဆေးခဲ့ပြီးပြီ။ မင်းနဲ့ ပတ်သက်တဲ့ မှတ်တမ်းတစ်ခုမှ မတွေ့ခဲ့ဘူး။ တုန်းလိုင်ပြည်က တိုင်းတစ်ပါးတစ်ယောက်အနေနဲ့ ငါ့ကိုပြောစမ်း..... မင်း ဘာလို့ ဒီရောက်လာတာလဲ" ၄င်းမှာ သေချာပေါက် စစ်ဆေးမေးမြန်းခြင်းသဖွယ် ခံစားရစေမည်ဖြစ်သည်။ ထုတ်ဖော်ပြသထားသော စွမ်းအားကြီးဖြင့် ပေါင်းစည်းပြီး မိုးကြိုးတိမ်တိုက်များကား မန်ဟိုရှိရာသို့ တလိပ်လိပ်ရွေ့လျားလာနေသည့်အလားပင်။

စိတ်ထဲတွင် မန်ဟိုသည် တည်ငြိမ်နေ၏။ သို့သော် သူ၏မျက်နှာမှာ သိသိသာသာ ဖြူဆုတ်နေပြီး တစ်ကိုယ်လုံးတုန်ရီလျက် ရပ်နေသည်။ သူက မေးကိုတော့ ခေါင်းမာမာ မော့ထားသည်။

"မင်းရဲ့ နာမည်အရင်းနဲ့ ဒီကိုလာရတဲ့ ရည်ရွယ်ချက်ကို ပြောစမ်း။ ဒါက မင်းရဲ့နောက်ဆုံးအခွင့်အရေးပဲ။ မင်း အသိစိတ်မဝင်သေးဘူးဆိုရင် ငါ့ကို ညှာတာမှုမရှိတဲ့မတွက် အပြစ်မတင်နဲ့" အဘိုးကြီးက နောက်တစ်လှမ်းလှမ်းလိုက်သည်။ ခြေလှမ်းကျလာသောအခါ မိုးထစ်ချုန်းသံကြီး ခြံဝင်းတွင် ပြည့်နှက်သွားသည်။ လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး ဖိအားလှိုင်းကြီး ရိုက်ခတ်လာသည်။ ဥယျာဥ်ထဲရှိ ဆေးပင်များမှာ အဆိပ်ဖြစ်အောင် ဓာတ်ကူခံနေသည့်အလား မည်းမှောင်ပြီး ကြောက်မက်ဖွယ်ကောင်းလာသည်။

မန်ဟို၏မျက်နှာမှာ ပို၍ဖြူဖျော့သွား၏။ သို့သော် အတွင်းတွင်တော့ တည်ငြိမ်အေးဆေးလျက်သာ။ ဤအဘိုးကြီး၏ ကျင့်ကြံခြင်းအခြေခံမှာ အမြုတေဖြစ်တည်မှုအဆင့်တွင် ဖြစ်ပြီး သူ၏စကားလုံးများက အေးစက်ပြီး ညှာတာမှုကင်းမဲ့ပုံပေါ်သည်။ သို့သော် တကယ်တမ်း ဖြဲခြောက်နေခြင်းသာဖြစ်သည်။ မန်ဟို၏ ကျင့်ကြံခြင်းလမ်းစဥ်နှင့် သူ၏အတွေ့အကြုံကို ထည့်တွက်လျှင် မည်သည့်အတွက်ကြောင့် မပြောနိုင်ဘဲ နေမည်နည်း။

သူသည် ဇီယွင်ဂိုဏ်းတွင် တစ်နှစ်နီးပါး နေခဲ့ပြီးလေပြီ။ ဤတစ်ချိန်လုံးအတွင်း ယနေ့မှ အဘိုးကြီး ရောက်လာခဲ့သည့်အချက်က ပြောနေလေသည်။ မန်ဟိုအတွက် အတန့်အသင့် သေချာသော ကောက်ချက်ချရန် တခဏသာ ကြာလိုက်သည်။

သိသာစွာပင် အဆင့်တက်စာမေးပွဲနေ့သည် နီးကပ်လာနေပြီး မန်ဟိုအနေဖြင့် ဝင်ရောက်ယှဥ်ပြိုင်ရန် အရည်အချင်းမပြည့်မှီသော်လည်း သူ၏ ပထမအဆင့် ပင်ကိုယ်စွမ်းရည်က ဂိုဏ်းတွင် အတော်လေးအာရုံစရာ ဖြစ်လာခဲ့သည်။ ယင်းက ဤဖြစ်ရပ်တစ်ခုလုံး၏ ရည်ရွယ်ချက်ပင်။ စွမ်းအားထုတ်ဖော်ပြသမှုက အခြေခံအားဖြင့် သတိပေးချက်တစ်ခုသာ။

ဤအတွေးများအားလုံး တခဏအတွင်း မန်ဟို၏ခေါင်းထဲ ဖြတ်ပြေးသွားသည်။ သူက ဂိုဏ်းကို ဝင်ရောက်ရန် ကြိုးတံတားအား မည်သို့ ဖြတ်ခဲ့ရသည်လဲ ပြန်တွေးပြီး သူ၏နှလုံးသားသည် ပို၍ပင် တည်ငြိမ်အေးဆေးလာ၏။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး မျက်နှာဖြူဖျော့အောင် ထိန်းထားရင်း လက်နှစ်ဖက်ယှက်ကာ အဘိုးကြီးအား လေးလေးနက်နက် အရိုအသေပေးလိုက်သည်။

သူ၏အမူအရာမှာ ခါးသီးနေပြီး သူက အသံတိုးတိုးဖြင့် ပြောသည်။ "ဆရာကြီး၊ ကျွန်တော့် နာမည်က တကယ် ဖန်မုပါ။ ကျွန်တော်က တုန်းလိုင်ပြည်က မဟုတ်ပါဘူး။ ဆေးဝါးတာအိုကို လိုချင်တပ်မက်နေခဲ့တာ ကြာပါပြီ။ ဒါကြောင့် ဇီယွင်းဂိုဏ်းကို အရမ်းဝင်ချင်ခဲ့တယ်။ ကျွန်တော့်မှာ တခြားရည်ရွယ်ချက်မရှိပါဘူး။ ကျွန်တော် ဆေးဝါးပညာရပ်ကို ရင်ထဲနေကို လေ့လာချင်တာပါ

"ကံဆိုးစွာနဲ့ ဇီယွင်းဂိုဏ်းက အပြင်လူလက်မခံဘူးဆိုတော့ ကျွန်တော် ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဆီကနေ ထောက်ခံစာ ရအောင် လုပ်ဖို့ တခြားနည်းလမ်းရှာခဲ့တယ်။ ကျွန်တော့်မှာ လိမ်ဖို့ကလွဲပြီး တခြားရွေးချယ်စရာမရှိလို့ပါ။ ဆရာကြီး၊ ဂျူနီယာ မှားတယ်လို့ ယုံရင် ဂိုဏ်းက ချမှတ်တဲ့ ဘယ်ပြစ်ဒဏ်ကိုမဆို ကျွန်တော် ခံယူပါ့မယ်" မန်ဟိုက ခေါင်းကိုင်း အရိုအသေပေးလိုက်ပြီး ပြန်မမတ်ဘဲ ထိုအတိုင်းနေနေသည်။

အရာအားလုံး တိတ်ဆိတ်လျက်ရှိသည်။ အဘိုးကြီးက မန်ဟို့ကို ကြည့်သည်။ သူသည် အချိန်အတော်ကြာကတည်းက မန်ဟို့ကို စူးစမ်းလေ့လာနေခဲ့ပြီး သူနှင့်ပတ်သက်၍ အချို့အရာများက မူမမှန်ကြောင်း သိသည်။ သို့သော် ဂိုဏ်းတွင်း ဆေးဝါးအတတ်သင် တစ်သိန်းရှိပြီး အနည်းစုမှာ မူမမှန်ကြစမြဲပင်။ သို့သော် သူတို့ အမှန်တရားတံတားကို ဖြတ်ကျော်ခဲ့သည့်အချက်က အရှေ့ဆေးဝါးအဖွဲ့အပေါ် မကောင်းသောရည်ရွယ်ချက်များ မရှိကြောင်း သက်သေပြနေသည်။ သူတို့တွင် ထိုကဲ့သို့ လျှို့ဝှက်ချက်တစ်စုံတရာရှိပါက တံတားကို ကျော်ဖြတ်နိုင်မည်မဟုတ်ပေ။

မန်ဟိုသာ ပထမအဆင့် ပင်ကိုယ်စွမ်းရည်ဖြင့် ဆေးဝါးအတတ်သင်တစ်ယောက်သာ မဟုတ်ပါက အဘိုးကြီးမှာ သူ့ကို နည်းနည်းလေးပင် အာရုံစိုက်မည်မဟုတ်သည့်အပြင် အကြောင်းကိစ္စများက ပုံမှန်အတိုင်းသာ သွားနေပေမည်။ သို့သော် မန်ဟို၏ ပင်ကိုယ်စွမ်းရည်မှာ ဤအဘိုးကြီးတင်မဟုတ်၊ အရှေ့ဆေးဝါးအဖွဲ့ထဲရှိ ဆေးပေါင်းဖိုဘုရင်များအားလုံးကို အာရုံစိုက်စေခဲ့သည်။ အဆင့်တက်စာမေးပွဲတွင် ပါဝင်ယှဥ်ပြိုင်ရန် မန်ဟို၏အရည်အချင်းများနှင့် စပ်လျဥ်းသော မေးခွန်းများ ထွက်ပေါ်လာသောအခါ သူက မန်ဟို့အတွက် နေရာတစ်နေရာရစေရန် အစဥ်အလာကို ဆန့်ကျင်ခဲ့သဖြင့်.........ဤဖြစ်ရပ်သို့ ဦးတည်သွားခဲ့ခြင်းပင်။

ဝမ်ဖန်မင်းသည် တခဏကြာသည်အထိ တိတ်ဆိတ်နေသည်။ ထို့နောက် သူက မန်ဟို့ကို ကြည့်ပြီး အေးစက်စွာ ပြောသည်။ "အရှေ့ဆေးဝါးအဖွဲ့ထဲ ဝင်ရောက်တာနဲ့ မင်း ဘဝတစ်လျှောက်လုံး ဘယ်တော့မှ ထွက်သွားလို့မရဘူး။ အဲ့ဒီလို လုပ်နိုင်လား"

မန်ဟိုက မတ်မတ်ရပ်လိုက်သည်။ သူက အဘိုးကြီးကို သန္နိဋ္ဌာန်ချထားသော မျက်နှာထားဖြင့် ကြည့်ပြီး ခိုင်မာပြတ်သားသောအသံဖြင့် ပြောသည်။ " ဆေးဝါးတာအိုကို သင်ခွင့်ရတာနဲ့တင် ဂိုဏ်းကျေးဇူးက ကြီးမားနေပါပြီ။ ဂိုဏ်းက မစွန့်ပစ်သရွေ့ ကျွန်တော် ဘယ်တော့မှ ထွက်မသွားဘူး"

အမှန်တွင် ဇီယွင်ဂိုဏ်း၌ တစ်နှစ်နီးပါး နေထိုင်ပြီး ဆေးဝါးပညာရပ်ကို လေ့လာပြီးနောက် မန်ဟို အမှန်တကယ် ဤသို့မြင်လာခဲ့ခြင်းပင်။ သူ ဤနေရာတွင် နေပြီး ဆေးဝါးပညာရပ်ကို လေ့လာနိုင်သရွေ့ ဂိုဏ်းမှ ထွက်သွားမည်မဟုတ်ပေ။

အဘိုးကြီးက မန်ဟို့ကို လေးလေးနက်နက် တစ်ချက်ကြည့်သည်။ "မင်း နောက်ခံကဘာလဲ ငါဂရုမစိုက်ဘူး။ မင်းက ဖန်မုလို့ပြောရင် ဖန်မုပဲ။ ဒါပေမယ့် မင်းဂိုဏ်းကို သစ္စာဖောက်ရင် ငါ မင်းရဲ့ဆေးဝါးတာအိုကို ဖယ်ရှားပစ်မယ်။ ငါမလုပ်နိုင်ရင် အရှေ့ဆေးဝါးအဖွဲ့မှာ လုပ်နိုင်တဲ့ တခြားဆေးဝါးပညာရှင်ရှိလိမ့်မယ်" သူက အင်္ကျီလက်စကို ခါလိုက်ကာ ဆွဲပြားတစ်ပြား မန်ဟို့ထံ ပြေးဝင်လာသည်။

၄င်းက လျှို့ဝှက်ဆန်းကြယ်စွာ တောက်ပပြီး အေးစက်မှုကို ထုတ်လွှတ်နေရင်း မန်ဟို့လက်ထဲ ဆင်းသက်လာသည်။

"တစ်လကြာရင် မင်း ဆေးဝါးကျွမ်းကျင် ပညာရှင်အဆင့်တက်ဖို့ စာမေးပွဲဖြေရမယ်။ တစ်ယောက်ပဲ ရွေးချယ်ခံရမှာ။ မင်း ရွေးခံရမလား၊ မရွေးခံရမလားဆိုတာတော့ ကံတရားပေါ်မူတည်တယ်" ထို့နောက် ဝမ်ဖန်မင်းသည် လှည့်၍ အဝေးသို့ ပျံထွက်သွားကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။

သူပြောခဲ့သည့်အတိုင်း မန်ဟို့နောက်ခံကို သူဂရုမစိုက်ပေ။ ဇီယွင်ဂိုဏ်းတွင် ယခင်က လျှို့ဝှက်ဆန်းကြယ်သောနောက်ခံ ရှိသည့် လူအများအပြားရှိသည်။ ဆေးပေါင်းဖိုဘုရင်များအကြားတွင်ပင် ယခင်က တခြားဂိုဏ်းဝင်များဖြစ်ခဲ့သူများသော်လည်းကောင်း၊ အပြင်ဘက်ကမ္ဘာတွင် ရန်သူများရှိသဖြင့် ပုန်းအောင်းရန် အရှေ့ဆေးဝါးအဖွဲ့ကို ဝင်ရောက်ခဲ့သူများသော်လည်းကောင်း ရှိသည်။

တကယ်တမ်း ဝမ်ဖန်မင်းကိုယ်တိုင်ပင် တုန်းလိုင်ပြည်မှ မဟုတ်ပေ။ အခြေအနေအမျိုးမျိုးကြောင့်သာ အရှေ့ဆေးဝါးအဖွဲ့ဝင်ဖြစ်လာခဲ့ခြင်းဖြစ်သည်။

ဤသည်မှာ ဇီယွင်ဂိုဏ်းတွင် သြဇာတိက္ကမမြင့်မားပြီး တစ်ကမ္ဘာလုံး၏ လေးစားခြင်းခံရသော မဟာအကြီးအကဲဆေးလုံးမိစ္ဆာ ဖန်တီးထားသည့် အရှေ့ဆေးဝါးအဖွဲ့အတွင်းရှိ အစဥ်အလာတစ်ခုဖြစ်သည်။

မဟာအကြီးအကဲဆေးလုံးမိစ္ဆာက အရှေ့ဆေးဝါးအဖွဲ့နှင့်စပ်လျဥ်း၍ အဆိုပါစကားလုံးများ ပြောကြားခဲ့သည်။ " လူတစ်ယောက်ဟာ ဆေးဝါးတာအိုရဲ့ ကြီးမြတ်သောလမ်းကြောင်းကို ဖြတ်လျှောက်တဲ့အခါ ရေရည်မျှော်တွေးရတယ်။ အရည်အချင်းပြည့်မှီတဲ့ ဘယ်ဆေးဝါးပညာရှင်မဆို အရှေ့ဆေးဝါးအဖွဲ့ရဲ့ ကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်တယ်။ တစ်ခုတည်းသောလိုအပ်ချက်က မကောင်းတဲ့စိတ်တွေ၊ တောရိုင်းဝံပုလွေတွေလို ကျိုးကြောင်းမဆင်ခြင်တဲ့ ရည်ရွယ်ချက်တွေမရှိဖို့ပဲ"

ဤအကြောင်းကြောင့် ဇီယွင်ဂိုဏ်းအရှေ့ဆေးဝါးအဖွဲ့၏ အစဥ်အလာများသည် အချိန်အတော်ကြာ တည်တန့်နေခဲ့ခြင်းဖြစ်သည်။ ကံဆိုးစွာပင် ၄င်းက ဂိုဏ်းသားများအား ဂိုဏ်းကိုစွန့်ခွာသွားသော အခြေအနေများသို့လည်း ဦးတည်စေခဲ့သည်။ သို့ရာတွင် အရှေ့ဆေးဝါးအဖွဲ့၏ ပညာရပ်များကား ဘယ်တော့မှ အပြင်သို့ မပေါက်ကြားခဲ့ပေ။ အပြင်လူအတော်များများမှ ဤလျှို့ဝှက်ဆန်းကြယ်မှုနှင့် ဂိုဏ်းကို စွန့်ခွာလာခဲ့သူများ ထို့နောက်ပိုင်း ဘာကြောင့် အလွန် လွမ်းမောတသဖြစ်ကြသည်လဲ သိချင်ကြလေသည်။

အမှန်တွင် ဂိုဏ်းကို စွန့်ခွာသွားသည့် ဂိုဏ်းသားများအားလုံး နောက်ဆုံး၌ ပြန်လည်ခေါ်ဆောင်ခံကြရသည်။ နှစ်ယောက်မှလွဲ၍။ ထိုနှစ်ယောက်သည် တောင်ပိုင်းဒေသကို အုတ်အော်သောင်းနင်းဖြစ်စေခဲ့ပြီး ဆေးလုံးမိစ္ဆာအပြင် ဆေးဝါးတာအို၏ မဟာအကြီးအကဲများ ဖြစ်လာခဲ့သည့် လူနှစ်ယောက် ဖြစ်သည်။

သူတို့နှစ်ယောက်လုံးမှာ တစ်ခါက မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ တပည့်များဖြစ်ကြသည်။ နောက်ဆုံးတွင် သူတို့သည် အကြံအသစ်များနှင့် တီထွင်မှုများ ဆန်းသစ်ခဲ့ကြသည်။ အပြင်လူများမည်သို့ တွေးစေကာမူ ဤနှစ်ယောက်က သူတို့၏ကျွမ်းကျင်မှုသည် သူ့တို့ဆရာကို ဘယ်တော့မှ မယှဥ်နိုင်ကြောင်း ယုံကြည်ကြသည်။

သူတို့ နာမည်ကြီးလာသည့် အကြောင်းရင်းနှင့် ဂိုဏ်းကို ဘယ်တော့မှ ပြန်မလာသည့်အကြောင်းရင်းမှာ ဤနေ့အထိ ဆက်လက်လက်ဆင့်ကမ်းလာခဲ့သော မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ စကားများကြောင့်ဖြစ်သည်။

"ဆေးဝါးတာအိုရဲ့ လမ်းစဥ်တစ်လျှောက်မှာ ပန်းပွင့်တစ်ရာပွင့်ရင် ဘယ့်သူ့မှာ မုဒန်ပန်းပွင့်ကိုပဲ ရှိခွင့် ပေးခွင့်ရှိလဲ။ မုဒန်မဟုတ်ဘဲ သစ်ခွကော မရှိနိုင်တော့ဘူးလား။ ဒါကြောင့် ပန်းဥယျာဥ်ဆိုပြီး ဖြစ်လာတာပဲ။ ဆေးပင်ဥယျာဥ်မှာ ဆေးပင်တစ်ပင်ထဲ ရှိနိုင်ရင် ဘယ်လိုလုပ် ဆေးဝါးတာအိုဆိုပြီး ဖြစ်လာနိုင်မလဲ

"ငါ့ရဲ့ ဆေးဝါးတာအိုကို အမွေဆက်ခံတဲ့သူတွေမှာ ကျိုးကြောင်းမဆင်ခြင်တဲ့ ရည်ရွယ်ချက်တွေ ရှိမယ်ဆိုရင် ငါ ဆေးဝါးတာအိုကို ပြန်သိမ်းယူမယ်။ ဒါပေမယ့် အဟောင်းတွေကို ဖယ်ရှားပြီး အသစ်တွေသယ်ဆောင်လာနိုင်သူ၊ သူမတူတဲ့လမ်းကို လျှောက်နိုင်သူ၊ အဲ့ပုဂ္ဂိုလ် သူ့ရဲ့ကိုယ်ပိုင် စိတ်ကူးကျောင်းတော်ကို တည်ဆောက်လိမ့်မယ်။ သူသာ မဟာအကြီးအကဲဆိုတဲ့ ဂုဏ်ပုဒ် ရဲ့ ဝန်ကို ထမ်းနိုင်ရင် ငါနဲ့ ဘာမှမဆိုင်တော့ဘူး။ အဲ့အချိန်ကျရင် ငါ့ဆီ ပြန်လာဖို့ ဆွေးနွေးစရာမလိုဘူး"

ဤအခြင်းအရာကြောင့် မဟာအကြီးအကဲဟုခေါ်သော ဆေးဝါးပညာရှင်သုံးဦး ရှိလာခဲ့သည်။ သို့သော် တကယ်တမ်း တောင်ပိုင်းဒေသရှိ ဆေးဝါးတာအိုတွင် စစ်မှန်သော မဟာအကြီးအကဲတစ်ဦးသာရှိသည်။

ဆေးလုံးမိစ္ဆာ

မန်ဟိုသည် ဝမ်ဖန်မင်း ထွက်သွားသည်ကို ကြည့်ပြီး မျက်လုံးများ လျှို့ဝှက်ဆန်းကြယ်သောအလင်းဖြင့် တောက်ပနေသည်။ အဆင့်တက်စာမေးပွဲအတွက် ဤမျှမြန်မြန်ဆန်ဆန် နေရာတစ်ရာ ရယူနိုင်လိမ့်မည်ဟု သူတစ်ခါမှ မတွေးမိပေ။ သူက လက်ထဲတွင် ကိုင်ထားသော ကျောက်စိမ်းပြားကို လေးလေးနက်နက် ငုံ့ကြည့်သည်။ သူ၏မျက်လုံးများ အရောင်လက်သွားပြီး ၄င်းထဲသို့ စိတ်ဝိညာဥ်အာရုံ ပို့လွှတ်လိုက်သည်။ သူ၏စိတ်ကား ရုတ်တရက် တုန်ခါသွား၏။

သူ့ခေါင်းထဲတွင် စာလုံးများ ရုတ်တရက် ပေါ်လာသည်။

ဆေးဝါးကျမ်းစဥ်

သူက ကျောက်စိမ်းပြားကို ကိုင်ထားရင်း ခြံဝင်းထဲ၌ တင်ပျဥ်ခွေထိုင်ချလိုက်သည်။ သူသည် မျက်လုံးများကို ပိတ်ပြီး သူ့ခေါင်းထဲတွင် ပေါ်လာသော ဆေးဝါးကျမ်းစဥ်ထဲသို့ စိတ်ရောကိုယ်ပါ နှစ်မြုပ်လိုက်သည်။ နောက်ဆုံး နောက်တစ်နေ့မနက် နေထွက်လာသည့်အခါမှ သူ၏မျက်လုံးများ ဖြေးညင်းစွာ ပွင့်လာသည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး အဝေးက တောင်ထိပ်များကို လှမ်းကြည့်သည်။ သူ၏မျက်လုံးများသည် ကြည်ညိုလေးစားမှုဖြင့် ပြည့်နှက်နေ၏။ သူသည် ထိုအတိုင်း အချိန်အတော်ကြာသည်အထိ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေသည်။

ဤ ဆေးဝါးကျမ်းစဥ်ဆိုသည့် အရာမှာ တကယ်တမ်း ကျမ်းစဥ်တစ်ခုမဟုတ်ပေ။ အမှန်မှာ ၄င်းသည် မဟာအကြီးအကဲဆေးလုံးမိစ္ဆာ ထင်ရှားကျော်ကြားလာသည့်အချိန်ကတည်းက နှစ်ထောင်များစွာအတွင်း အရှေ့ဆေးဝါးအဖွဲ့တွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များကို မှတ်တမ်းတင်ထားခြင်းဖြစ်သည်။

ဥပမာအားဖြင့် တောင်ပိုင်းဒေသ၏ အခြား မဟာအကြီးအကဲ ဆေးဝါးပညာရှင်များ၏ မူလအစနှင့်အတူ မဟာအကြီးအကဲဆေးလုံးမိစ္ဆာ၏ အမျိုးမျိူးသော အဆိုအမိန့်များ အစရှိသည့် ဇာတ်လမ်းများစွာ မှတ်တမ်းတင်ထားသည်။ ဆေးဝါးကျမ်းစဥ် တစ်ခုလုံး လေ့လာပြီးနောက် ဆေးဝါးတာအို၏ အထွတ်အထိပ်တွင် ရပ်နေသော ပုံရိပ်တစ်ခု သူ့ခေါင်းထဲတွင် ပေါ်လာသည်။

ယခုတွင် ဝမ်ဖန်မင်းအနေဖြင့် မည်သည့်အတွက်ကြောင့် သူ၏ဖုံးကွယ်ထားသော အတိတ်ပြဿနာကို မြန်မြန်ဆန်ဆန် မျက်ကွယ်ပြုခဲ့သည်လဲ သူ နားလည်လိုက်လေပြီ။

အချိန်များ တဖြေးဖြေး ကုန်ဆုံးသွားသည်။ မကြာမီ တစ်လ ပြည့်သွား၏။ အတွေ့အကြုံဆယ်နှစ်ရှိသည့် ဆေးဝါးအတတ်သင်များအတွက် စာမေးပွဲနှင့်ပတ်သက်သော သတင်းသည် အရှေ့ဆေးဝါးတစ်ဖွဲ့လုံး၌ တောမီးသဖွယ် ပြန့်နှံ့သွားသည်။ ၄င်းသည် လျင်မြန်စွာပင် ဆေးဝါးအတတ်သင်များအကြား၌ တစ်ခုတည်းသော ပြောစရာခေါင်းစဥ် ဖြစ်လာလေသည်။

ဆေးဝါးအတတ်သင် ရှစ်ဆယ်ရာခိုင်နှုန်းခန့်တွင် အတွေ့အကြုံဆယ်နှစ်ရှိ၏။ သို့သော် အကုန်လုံး အဆင့်တက်စာမေးပွဲတွင် ဝင်ရောက်မယှဥ်ပြိုင်နိုင်ပေ။ စာရင်းပေးရန်အတွက် နေရာသုံးသောင်းသာ ရှိလေသည်။

စာမေးပွဲ့နေရက်သို့ ရောက်လာသောအခါ အရှေ့ဆေးဝါးအဖွဲ့တစ်ဖွဲ့လုံး စိတ်လှုပ်ရှားမှူများဖြင့် ဆူညံပွက်လောရိုက်နေကြသည်။ ဆေးပေါင်းဖိုခေါင်းလောင်းများ မြည်ဟည်းလာပြီး လေထဲတွင် ဧရာမဆေးပေါင်းဖိုကြီး နောက်တစ်ဖန် ပြန်ပေါ်လာသည်။ အလင်းမျှင်တစ်သောင်းသည် စိတ်လှုပ်ရှားနေကြသော ရွေးချယ်ခံဆေးဝါးအတတ်သင်များထံ ရွေ့လျားလာသည်။ သူတို့ ဆေးပေါင်းဖိုကြီးထံ ဦးတည်သွားကြစဥ် မန်ဟိုလည်း သူတို့ကြားထဲ ပါဝင်သည်။

မျက်စိတစ်မှိတ်အတွင်း လူသုံးသောင်း ပျောက်ကွယ်သွားသည်။ သူတို့ ပြန်ပေါ်လာသောအခါ ကောင်းကင်နယ်မြေဆေးခင်းတွင် မဟုတ်တော့ပေ။ ထိုအစား သူတို့သည် ထုံးကျောက်ခင်းထားသော ပင်မရင်ပြင်ကြီးတစ်ခုတွင် ဖြစ်သည်။ ရင်ပြင်ကြီး၏ အလယ်တွင်ကား ဧရာမ စိမ်းပြာရောင်ဆေးပေါင်းဖိုကြီးတစ်လုံး။ ၄င်းထံမှ ဆေးရနံ့များ လေနှင့်အတူ သင်းပျံ့လာရာ ရင်ပြင်ကို ဆေးမြူ၊တိမ်တိုက်များဖြင့် ပြည့်နှက်နေစေသည်။

ဧရာမရင်ပြင်ကြီးထဲတွင် အလုပ်ခုံ သုံးသောင်း နေရာချထားသည်။ အလုပ်ခုံတစ်ခုံစီပေါ်တွင် အနက်ရောင်ကျောက်ပြားတစ်ပြား ရှိသည်။ ဆေးဝါးအတတ်သင်သုံးသောင်းရောက်လာကြစဥ် မည်သည့်ဆူဆူညံညံအသံမှ မရှိပေ။ သူတို့အားလုံးက လူရှစ်ယောက် တင်ပျဥ်ခွေလျက် ဝိုင်းထိုင်နေကြသော ဆေးပေါင်းဖိုကြီးရှိရာသို့ စိတ်လှုပ်တရှား လှမ်းကြည့်လိုက်ကြသည်။

သူတို့ထဲက တစ်ယောက်မှာ ဝမ်ဖန်မင်းပင်။

လူအုပ်ကြီးက မျက်လုံးများ တဖြေးဖြေးဖွင့်လာနေသော လူရှစ်ယောက်ကို ငုံ့ကြည့်လိုက်သည်။ သူတို့သည် လူတိုင်းကို ကြင်နာနွေးထွေးသော အမူအရာများဖြင့် လှမ်းကြည့်လိုက်ကြသည်။

"အရှေ့ဆေးဝါးအဖွဲ့ရဲ့ အဆင့်တက်စာမေးပွဲမှာ မင်းတို့အားလုံးထဲမှ တစ်ယောက်ပဲ ဆေးဝါးတာအိုကို ကျင့်ကြံဖို့ ရွေးချယ်ခံရမယ်။ စာမေးပွဲက နှစ်ဆင့်ရှိတယ်။ ပထမတစ်ဆင့်က ပြိုင်ပွဲဝင်ဆယ်ယောက်ပဲ နောက်တစ်ဆင့်တက်ခွင့်ရှိမယ့် ထုတ်ပယ်အဆင့်။ ဒုတိယအဆင့်က ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက် ထွက်ပေါ်လာမယ့် နောက်ဆုံးအဆင့်ပဲ

"ဆေးပင်တစ်သိန်း။ မျိုးကွဲတစ်သန်း။ မင်းတို့ တာဝန်က သူတို့ကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ စာရင်းထုတ်ပေးရမှာပဲ။ မင်းတို့ စဥ်းစားနိုင်သမျှ ချရေး။ မင်းတို့ရှေ့မှာ ဆေးအလုပ်ရုံသုံးသောင်း။ ကျေးဇူးပြုပြီး ကိုယ့်နေရာကို ယူပြီး စဖို့ပြင်ကြပါ"

***

All Chapters