အပင်ကျွမ်းကျင်အသိအတွက် ရုန်းကန်ခြင်း
Vol. 16 Ch. 217
ဆေးဝါးအတတ်သင် သုံးသောင်းလုံး တည်ကြည်လေးနက်သွားးကြသည်။ အတော်များများမှာ တစ်ခေါင်းလုံး ဆွတ်ဆွတ်ဖြူနေကြလေပြီ။ မန်ဟိုကလွဲ၍ ဘယ်သူမှ အသက်သုံးဆယ်အောက် ဖြစ်ပုံမရချေ။
သူတို့အားလုံးမှာ အနည်းဆုံး ဆယ်နှစ်အတိုင်းအတာအထိ အတတ်သင်များဖြစ်ခဲ့ကြ၍ ဆေးပင်များနှင့်ပတ်သက်လျှင် နက််ရှိုင်းသော အသိအမြင်များ ရှိကြသည်။ လေ့ကျင့်မှုက အသိအမြင်များအား အရိုးထဲထိစွဲနေစေရာ သူတို့သာ ဂိုဏ်းမှ ထွက်သွားခဲ့ပါက ဆေးပင်ဆိုင်ရာ မဟာအကြီးအကဲအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။
ယခုအချိန်တွင် သူတို့သည် အလုပ်ရုံများထံ တည်ကြည်လေးနက်စွာ စီတန်းလျှောက်သွားနေကြသည်။ မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းရင်း အလုပ်ရုံများကို ဝေ့ကြည့်ကာ တစ်ရုံရွေးပြီး ထိုင်ချလိုက်သည်။
ဤသည်မှာ သူ့အနေဖြင့် ဆေးဝါးအတတ်သင်အဆင့်မှ အဆင့်တက်ရန်အတွက် စာမေးပွဲကို ပထမဆုံး ပါဝင်ယှဥ်ပြိုင်ဖူးခြင်းဖြစ်သည်။ သို့သော် ခံစားချက်မှာ သူ့အတွက် မထူးဆန်းပေ။ တကယ်တမ်း.... အရာအားလုံးမှာ အတော်လေး ရင်းနှီးနေ၏။
သူ့ပတ်ပတ်လည်ရှိ မြင်ကွင်းသည် ကျိုးပြည်တွင် စာပေသမားဖြစ်ခဲ့စဥ်တုန်းက ဝင်ဖြေခဲ့သော စာမေးပွဲများနှင့်တူသည်။ သူသည် ပမာဏအဆင့် တော်ဝင်စာမေးပွဲများတွင် အကြိမ်ကြမ် ဝင်ရောက်ဖြေဆိုခဲ့ပြီး ဘယ်တော့မှ ထိပ်ဆုံးအမှတ်များ မရခဲ့သော်လည်း ဖြစ်စဥ်နှင့် အလွန်ရင်းနှီးနေသေးလေသည်။
မန်ဟိုက ခပ်တိုးတိုးရယ်လိုက်သည်။ "ဒီနှစ်ခုကြားမှာ တူညီတာတွေ အများကြီးရှိတယ်။ ဒီဆေးဝါးကျွမ်းကျင်ပညာရှင် အဆင့်တက်စာမေးပွဲက ဆေးပင်တွေအပေါ် သိရှိနားလည်မှုကို စစ်ဆေးတာပဲ။ အပင်များများ သတိရလေလေ၊ အသေးစိတ်ပိုမှတ်မိလေလေ ဖြစ်ပြီးတော့ ပို၍တိတိကျကျ လုပ်ရလေလေပဲ။ ဒါက နောက်ဆုံးအမှတ် ဘယ်လောက်ပြီးပြည့်စုံနေလဲ ဆုံးဖြတ်ပေးလိမ့်မယ်။ တော်ဝင်စာမေးပွဲတွေနဲ့ သိပ်ကြီး မကွာဘူး" သူသည် တော်ဝင်စာမေးပွဲခန်းမထဲ ပြန်ရောက်သွားသည့်အလား ခံစားလိုက်ရသည်။ ဤတစ်ကြိမ်မှာတော့ စာပေပညာရှင်အဆင့်အတွက် မဟုတ်ဘဲ ဆေးဝါးတာအိုတွင် အဆင့်တက်ရန် ရည်ရွယ်နေသည်က ခြွင်းချက်ပင်။
သူက နောက်တစ်ခေါက် အသက်ပြင်းပြင်းရှူသွင်းပြီး သူတို့အရှေ့က ကျောက်စိမ်းပြားများကို ငုံ့ကြည့်နေသော ဆေးဝါးအတတ်သင်အားလုံးအား ဝေ့ကြည့်လိုက်သည်။ ရုတ်တရက် ဆေးပင်အမျိုးမျိုးအား တွေ့မြင်နိုင်သည့် တောက်ပနေသော မှော်မျက်နှာပြင်များ သူတို့အရှေ့တွင် ပေါ်လာသည်။
ဆေးဝါးအတတ်သင်အားလုံး၏ တာဝန်မှာ မှတ်မိသည့် ဆေးပင်များကို ခွဲခြားရွေးထုတ်ပြီးနောက် ၄င်းတို့၏ အလေ့အကျင့်နှင့် ထူးခြားသော လက္ခဏာများ၊ စိုက်ပျိုးရေးဆိုင်ရာ လိုအပ်ချက်များ၊ ခူးဆွတ်နည်းများ အစရှိသဖြင့် အသေးစိတ် မှတ်တမ်းတင်ရန် ဖြစ်သည်။
ဖြေဆိုသူများအားလုံး စတင်နေကြပြီကို မြင်သောအခါ မန်ဟိုလည်း သူ၏ကျောက်စိမ်းပြားကို ထိလိုက်ရာ ချက်ချင်းပင် မှော်မျက်နှာပြင်တစ်ခု ပေါ်လာသည်။ သူက ပေါ်လာသော ဆေးပင်ကို အလေးအနက် စိုက်ကြည့်ပြီးနောက် အပင်၏နာမည်၊ ထူးခြားသော လက္ခဏာများနှင့် အခြားအသေးစိတ်အကြောင်းအရာများးကို စတင်မှတ်တမ်းတင်သည်။
အချိန်များ ကုန်ဆုံးသွား၏။ ရင်ပြင်တစ်ခုလုံး တိတ်ဆိတ်အေးချမ်းလျက်ရှိသည်။ ဆေးပေါင်းဖိုကြီးနားတွင် တင်ပျဥ်ခွေထိုင်နေသော အဘိုးကြီးရှစ်ယောက်မှာ စာမေးပွဲကြီးကြပ်သူများ ဖြစ်ဟန်တူသည်။ သူတို့က ရင်ပြင်ကို ကြည့်ရှုနေကြသည်။ တစ်ဦးတစ်ယောက် အနှောင့်အယှက်ဖြစ်စေလျှင် ကြီးလေးပြစ်ဒဏ်ချမှတ်ခံရမည်မှာ သိသာထင်ရှားသည်။
မကြာခင် မန်ဟိုသည် မေးခွန်းများကို ဖြေရင်း စိတ်ရောကိုယ်ပါ စီးမြောသွားတော့သည်။ သူက သူ့အရှေ့တွင် ပေါ်လာသည့်အပင်များနှင့်ပတ်သက်သည့် အချက်အလက်များကို လျင်မြန်စွာ မှတ်တမ်းတင်နေ၏။ ဆေးပင် အတော်များများကို ကောင်းကင်နယ်မြေတွင် သူ မျက်စိဖြင့်တပ်အပ်မြင်တွေ့ခဲ့ဖူးပြီး တချို့ကိုမူ လီတောက် ဆေးဖော်ရာတွင် ကူညီခဲ့တုန်းက လက်နှစ်ဖက်ဖြင့်ပင် ကိုယ်တိုင်ကိုယ်ကျ ကိုင်ခဲ့ဖူးသည်။
ခြောက်နာရီကား လျင်မြန်စွာ ကုန်ဆုံးသွားသည်။ မန်ဟိုမှာ အဖြေများ ဖြည့်ရင်း စိတ်ရောကိုယ်ပါ နစ်မြုပ်နေတော့သည်။ သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် တောက်ပနေ၏။ ဤသည်မှာ သူမည်မျှလေ့လာခဲ့ပြီးသည်လဲ အတည်ပြုရန် အကောင်းဆုံးနည်းလမ်းဖြစ်ကြောင်း သူ တွေ့ရှိခဲ့ရလေသည်။ တစ်နှစ်နီးပါးကာလအတွင်း ဆေးပင်များနှင့် ပတ်သက်၍ သူလေ့လာခဲ့သည့် အချက်အလက်များအားလုံးမှာ ထိုနှစ်များတစ်လျှောက်လုံး စာပေသမားဖြစ်ခဲ့စဥ်က ခံစားချက်၊ ဆင်းရဲဒုက္ခအလယ်တွင် တွေ့နိုင်သော ပျော်ရွှင်မှုကို စတင်ခံစားလာရသည်။
မကြာခင် တချို့ဆေးဝါးအတတ်သင်များ ပင်ပန်းနွမ်းနယ်နေကြောင်း မြင်သာလာသည်။ တချို့မှာ အဖြေများ ဖြစ်ညစ်စဥ်းစားရင်း မျက်မှောင်ကြုတ်နေကြသည်။ နောက်ထပ်လေးနာရီကြာသွားသည်။ အချို့ဆေးဝါးအတတ်သင်များမှာ မျက်နှာဖြူဖျော့နေကြလေပြိီ။ အတော်များများမှာ မရင်းနှီးသော ဆေးပင်များကို ကြုံတွေ့နေရသဖြင့် မြန်မြန်ကျော်လိုက်ကြသည်။ သို့သော် မကြာခင် မရင်းနှီးသောအပင်များ ထပ်လာသည်ကို သူတို့ တွေ့ရှိလိုက်၏။ နောက်ဆုံး၌ လူများသည် လက်လျှော့ပြီး စာမေးပွဲကွင်းပြင်မှ ခါးသီးစွာ ထွက်သွားကြသည်။ သူတို့က ဘေးတွင်ရပ်ကာ စောင့်ကြည့်နေကြသည်။
အချိန်တိုအတွင်း သူတို့အရှေ့က မျက်နှာပြင်များကို ခါးသီးစွာ စိုက်ကြည့်နေကြသော ဆေးဝါးအတတ်သင်များ ပိုပို၍ များပြားလာသည်။ သူတို့မှာ အချိန်တစ်ခု ကြာသည်အထိ တွေတွေကြီး စိုက်ကြည့်နေပြီးနောက် သက်ပြင်းချရင်း ထရပ်ကာ ဘေးသို့လျှောက်ထွက်သွားကြသည်။ အတွေ့အကြုံဆယ်နှစ် အနည်းဆုံးရှိသည့်တိုင် ဤလူအများစုမှာ ဆေးပင်များအား မှတ်သားရာတွင် အခက်တွေ့နေသေးသည်။ ဆေးပင် အရေအတွက် တစ်သိန်းအပြင် မျိုးကွဲတစ်သန်းရှိသည် မဟုတ်ပါလော။ လူတစ်ယောက်၏ကျင့်ကြံခြင်းအခြေခံ လုံလုံလောက်လောက်မြင့်မားလျှင် နတ်ဘုရားအာရုံကို အသုံးပြု၍ စိတ်ထဲတွင် အချက်အလက်များ ခတ်နှိပ်နိုင်သည်။ သို့သော် ထိုစွမ်းရည်မရှိပါက တခြားနည်းမှာ အတိုင်းထက်အလွန် ခက်ခဲသော အလွတ်ကျတ်မှတ်ခြင်း ဖြစ်သည်။
မှန်ပါသည်။ မန်ဟိုမှာ ပင်ကိုယ်အားဖြင့် စာပေသမားတစ်ယောက်ဖြစ်ပြီး ဉာဏ်ကောင်းလေသည်။ သူ စာပေသမားလမ်းစဥ်တွင် ခြေချခဲ့သည့် အခိုက်အတန့်မှစ၍ နေ့စဥ်နေ့တိုင်း ကျက်မှတ်ရွတ်ဖတ်ခြင်းတွင် အချိန်ရော ကိုယ်ပါ မြှုပ်နှံထားခဲ့၏။
သူ၏အမူအရာသည် တည်ငြိမ်ပြီး သူ့အကြည့်သည် အရှေ့က မျက်နှာပြင်ကိုသာ မမှိတ်မသုန် စူးစိုက်နေသည်။ သူက အမြဲပြောင်းလဲနေသော ဆေးပင်များအပေါ်သာ အာရုံအပြည့်စူးစိုက်ရင်း အခြားအရာအားလုံးကို မေ့လျော့နေသည်။ မေးခွန်းများ ပိုပေါ်လာလေလေ သူ့မှာ ပို၍ပျော်ရွှင်လာလေလေ ဖြစ်သည်။ သူ၏လှုပ်ရှားမှုများသည် မျောလွင့်နေသော တိမ်တိုက်များ၊ စီးဆင်းနေသောရေသဖွယ် သဘာဝအလျောက်ဖြစ်နေသည်။ မကြာမီ သူသည် လက်လျှော့ပြီး ကြည့်ရှုနေကြသူများ၏ အာရုံစိုက်ရာ ဖြစ်လာတော့သည်။
အချိန်များ ထပ်မံကုန်ဆုံးသွားသည်။ ယခုတွင် စာမေးပွဲမှာ နာရီနှစ်ဆယ် ကြာခဲ့လေပြီ။ ဖြေဆိုသူ သုံးသောင်းအနက် နှစ်သောင်းသာ အဖြေများဆက်လက် ဖြေဆိုနေကြသည်။ ပတ်ဝန်းကျင်သည်လည်း ယခင်ထက်ပို၍ တိတ်ဆိတ်လာသည်။ လက်လျှော့ခဲ့ကြသူများမှာ ထွက်မသွားဘဲ တိတ်ဆိတ်စွာ ရပ်ကြည့်နေကြသည်။
နာရီသုံးဆယ်ရောက်သော် ဖြေဆိုသူနှစ်သောင်း၏ ခုနစ်ဆယ်ရာခိုင်နှုန်းသာ ကျန်ရှိတော့သည်။ ဤဆေးဝါးအတတ်သင်တစ်သောင်းကျော်၏ မျက်လုံးများ နီရဲနေကြလေပြီ။ တစ်ဦးတစ်ယောက်ချင်းစီတိုင်း လေ့လာထားသည့် အချက်အလက်များကို ဆက်လက်ဖြည့်စွက်ရင်း သက်ဆိုင်ရာ မျက်နှာပြင်များကို ခေါင်းမာမာစိုက်ကြည့်နေကြသည်။
မန်ဟိုကတော့ အေးအေးဆေးဆေးပင်။ သူ မေးခွန်းများကို ဖြေနေသည့်အမြန်နှုန်းက ဝမ်ဖန်မင်းနှင့် အခြားသူများအား တစ်ယောက်ကိုတစ်ယောက် ကြည့်မိလိုက်စေသည်။
နာရီလေးဆယ်မြောက်တွင် ဖြေဆိုသူ သုံးဆယ်ရာခိုင်နှုန်းစွန်းစွန်းသာ အလျှော့မပေးသေးပေ။
နာရီခြောက်ဆယ်ကြာသော် ရင်ပြင်ထဲ၌ စာမေးပွဲအား အသည်းအသန် ဆက်လက်ဖြေဆိုနေကြသော လူခြောက်ထောင်သာ ကျန်ခဲ့သည်။ အတော်များများမှာ လက်လျှော့တော့မည်ဖြစ်ကြောင်း သိသာသည်။ သူတို့ ဘေးဘီဝဲယာကို ကြည့်လိုက်လျှင် အံတင်းတင်းကြိတ်ရင်း အရှေ့ရှိ ဆေးပင်ပုံသဏ္ဍာန်များကို ကြည့်ပြီး ၄င်းတို့၏ အလေ့အကျင့်နှင့် လက္ခါဏာများကို မှတ်မိရန် ကြိုးစားနေကြသော တစ်ဂိုဏ်းတည်းသားများကို မြင်ရမည်ဖြစ်သည်။
စာမေးပွဲ နာရီရှစ်ဆယ် ဆက်တိုက်ကုန်ဆုံးသွားပြီးနောက် ဖြေဆိုသူသုံးထောင်သာ ကျန်ရှိတော့သည်။ သူတို့သည် အနားယူခြင်းမရှိဘဲ လေးရက်၊လေးညအထိ မေးခွန်းများကို ဖြေနေခဲ့လေသည်။ သူတို့မှာ ဘာမဆိုမှတ်ထားနိုင်သည့် မကောင်းဆိုးဝါးများအလားပင်။
နာရီတစ်ရာသို့ ရောက်ရှိလာသောအခါ အသက်ငါးဆယ်အရွယ်ခန့် ဖြစ်ပုံရသော လူတစ်ယောက်မှာ သွေးတစ်ပွက်အန်ပြီး မြေကြီးပေါ် လဲကျသွားသည်။ သူ၏ ခဲရောင်ဆံပင်များမှာ ယခုတွင် ဆွတ်ဆွတ်ဖြူသွားလေပြီ။ ဤမြင်ကွင်းက အတော်လေးဆူညံပွက်လောရိုက်သွားစေပြီး ကျန်ရှိနေသော ဆေးဝါးအတတ်သင်အတော်များများ မျက်နှာဖြူဖပ်ဖြူလျော်ဖြင့် ထရပ်ပြီး လက်လျှော့လိုက်ကြသည်။
သူတို့ ဆက်လုပ်နေလျှင် ယနေ့ ဤနေရာတွင် သေသွားနိုင်ကြောင်း သူတို့သိကြလေသည်။ သူတို့မှာ ရောင်ရင်းအတတ်သင်များကို တွဲလျက် ဘေးသို့ လျှောက်ထွက်သွားကြသည်။ လူတိုင်းသည် အကြောက်တရားများ ပြည့်နေသော မျက်လုံးများဖြင့် ကျန်ရှိနေသေးသော ဖြေဆိုသူများကို စောင့်ကြည့်နေကြ၏။ ဤလူများ မည်မျှ ကြောက်စရာကောင်းကြောင်း သူတို့ ကောင်းကောင်းသိသည်။
မယုံကြည်နိုင်လောက်အောင် သာမန်မဟုတ်သော လူများသာလျှင် ဤမျှများပြားသော ဆေးပင်များနှင့် မျိုးကွဲတစ်သန်းကို မှတ်မိနိုင်သည်။
မန်ဟို အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ၏ မျက်ကြောတင်းများ တင်းလာကြောင်း ခံစားလိုက်ရသဖြင့် ခဏပိတ်ကာ အနားပေးလိုက်လေသည်။ ထို့နောက် ပြန်ဖွင့်ပြီး ဆေးပင်များအပေါ် အာရုံစိုက်ကာ အဖြေများ ဆက်ဖြည့်တော့သည်။
အချိန်များ ဝိုးတိုးဝါးတား ကုန်ဆုံးသွားသည်။ မေးခွန်းထိုင်ဖြေနေသောလူများ တစတစနည်းပါးလာသည်။ တစ်ထောင်၊ ရှစ်ရာ၊ ငါးရာ၊ သုံးရာ.....အချိန် တစ်ရာ့ရှစ်ဆယ်နာရီ အကြာတွင် ဆယ့်တစ်ယောက်သာ ကျန်ရစ်တော့သည်။
ဆယ့်တစ်ယောက်သည် ဧရာမရင်ပြင်ကျယ်ကြီးအတွင်းရှိ မတူညီသောနေရာများတွင် အကြိတ်အနယ် ယှဥ်ပြိုင်နေကြသည်။ မန်ဟို မျက်မှောင်ကြုတ်နေလေပြီ။ သူ့အရှေ့က အပင်တချို့မှာ သေသေချာချာပြန်စဥ်းစားရန် လိုအပ်လေသည်။
အထူးသဖြင့် အလွယ်တကူ အမှတ်မှားနိုင်သော ဆေးပင်များပင်။ ၄င်းတို့အား အသေးစိတ်ဆုံးအထိ ဂရုတစိုက် လေ့လာကြည့်ရှုမှသာ မှန်မှန်ကန်ကန် ခွဲခြားနိုင်မည်ဖြစ်သည်။ အမှန်တကယ် ဆိုရလျှင် အချို့ဖြစ်ရပ်များ၌ အရသာဖြင့်သာ ခွဲခြားနိုင်သည်။ ကံဆိုးစွာပင် ပုံရိပ်များသာ မြင်နိုင်လေရာ မည်သည့်အချက်အလက်ကိုမှ မှတ်တမ်းမတင်ခင် ပို၍ပင် နှိုက်နှိုက်ချွတ်ချွတ် ကြည့်ရှုစစ်ဆေးရန် လိုအပ်နေတော့သည်။
အခြားလူဆယ်ယောက်လုံး မျက်နှာဖြူဆုပ်နေကြပြီး သူတို့၏မျက်လုံးများမှ ရက်စက်ကြမ်းကြုတ်မှုများ ထုတ်လွှတ်နေသည်။ ဤအချိန်အထိ တောင့်ခံခဲ့ပြီးသည်ဖြစ််၍ သူတို့မှာ သိသာစွာပင် လက်လျှော့လိုစိတ်မရှိကြပေ။ ဤစာမေးပွဲမှာ နတ်မီးလျှံစမ်းသပ်ပွဲတစ်ပွဲဖြစ်ပြီး သည်းမခံသောတစ်ခုဖြစ်သည်။ အမှားဆယ်ခု သို့မဟုတ် အမှတ်တမဲ့ ဆယ်ခု ကျော်သွားခြင်းကို ခွင့်ပြုပေးပြီး မှားသည်နှင့် ချက်ချင်းထုတ်ပယ်လေမည်။
ဤစာမေးပွဲတွင် မည်သူမှ တတ်ချင်ယောင်မဆောင်နိုင်ပေ။ ဆေးဝါးအတတ်သင်များအကြား အတော်ဆုံးသူများကို တစ်ချက်ကြည့်ရုံနှင့် မြင်သာမည် ဖြစ်သည်။
ရုတ်တရက် နောက်ဆုံးဖြေဆိုသူ ဆယ့်တစ်ယောက်အနက် တစ်ယောက်မှာ သေလူပမာ ဖြူဖျော့သွား၏။ သူ့အရှေ့ရှိ မျက်နှာပြင် ရုတ်တရက် ပျောက်ကွယ်သွားသဖြင့် သူ၏အမူအရာ ပြောင်းသွားသည်။ သူသည် အချိန်အကြာကြီး တိတ်ဆိတ်စွာ ထိုင်နေပြီးနောက် ထရပ်ကာ ခါးခါးသီးသီး ရယ်လိုက်သည်။ ပညာသင်ဖက်တစ်ယောက်က သူ့ကို ကူတွဲပေးရင်း အလုပ်ရုံမှ ထွက်သွားသည်။
စောင့်ကြည့်နေကြသော အတတ်သင်များ အသက်ရှူသံများ မြန်ဆန်လာသည်။ ယခုတွင် ဖြေဆိုသူ ဆယ်ယောက်သာ ကျန်ရှိတော့၏။ ဤဆယ်ယောက်ကား စာမေးပွဲ၏ ဒုတိယအဆင့်သို့ တက်သွားလေပြီ။
သို့သော် တစ်ယောက်မှ ထမရပ်ကြပေ။
နောက်တစ်ဆင့်သို့ တက်သွားကြောင်း သေချာသည့်တိုင် ဤဆေးဝါးအတတ်သင်အားလုံးသည် ဆေးဝါးပညာရှင်ဖြစ်လိုသည့် ပြင်းပြသောစိတ်ဆန္ဒများ ရှိသည်။ အလွန်ရည်မှန်းချက်ကြီးပြီး မာနကြီးသဖြင့် သူတို့တွင် ပြိုင်ပွဲစိတ်ဓာတ်များ ပိုင်ဆိုင်ကြသည်။ ဟုတ်ပါသည်။ သူတို့အကြားထဲ၌ မည်သူပထမ ဖြစ်မည်ကို သိချင်နေကြ၏။
တစ်ယောက်ချင်းစီတိုင်း တူညီသော စိတ်သဘောထားရှိကြသည်။ ပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်သုံးသောင်းသည်လည်း မမှိတ်မသုန် စောင့်ကြည့်နေကြသည်။ အဆုံးသတ်၌..... မည်သူပထမ ဖြစ်မည်ကို သူတို့ သိချင်ကြလေသည်။
ဝမ်ဖန်မင်းနှင့် အခြားအဘိုးကြီးခုနစ်ယောက်က စကားတစ်ခွန်းမဆိုဘဲ စောင့်ကြည့်နေကြသည်။ သူတို့က စာမေးပွဲအဆုံးသတ်ရန် မပြောဘဲ တိတ်ဆိတ်စွာ ကြည့်နေကြသည်။
အချိန်များကုန်လွန်သွား၏။ မန်ဟိုအပါအဝင် ဤလူဆယ်ယောက်မှာ ဆေးဝါးအတတ်သင်များအကြား ထင်ရှားကျော်ကြားသူများဖြစ်သည်။ သူတို့အားလုံးမှာ ဆေးဝါးပညာရှင်များ ဖြစ်လာရန် သိသာစွာ အရည်အချင်းပြည့်မှီကြသည်။ သူတို့သည် ရဲရဲနီနေသော မျက်လုံးများဖြင့် အရှေ့ရှိ မျက်နှာပြင်များကို စူးစိုက်ကြည့်နေကြသည်။ ဘယ်သူမှ လက်မလျှော့ကြပေ။
မန်ဟိုက မျက်လုံးများ ခဏ ပိတ်ပြီး အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူ ပြန်ဖွင့်လိုက်သောအခါ အလွန်ရှားပါးသောဆေးပင်တစ်ပင်ကို ကြည့်နေကြောင်း တွေ့လိုက်ရသည်။ တကယ်တမ်း ဤဆေးပင်မှာ အပင်တစ်သိန်းထဲက မဟုတ်ဘဲ မျိုးကွဲတစ်သန်းထဲက မျိုးစပ်မြက်ပင်တစ်ပင်ဖြစ်သည်။
သူတို့ကိုယ်သူတို့ အတွေ့အကြုံရှိပြီး ဗဟုသုတကြွယ်ဝကြောင်း မှတ်ယူထားသည့် ထိုကျင့်ကြံသူများပင်လျှင် ထိုကဲ့သို့အပင်တစ်ပင်အား မချင့်မချဲသာ စိုက်ကြည့်နိုင်မည်ဖြစ်သည်။
"ခက်သထက် ခက်လာပြီ" မန်ဟိုက သက်ပြင်းရှည်ကြီးချရင်း တွေးလိုက်သည်။ "ဒါပေမယ့် အဲ့တာကပဲ ပိုစိတ်ဝင်စားစရာကောင်းစေတာ" သူ၏မျက်နှာတွင် ခေါင်းမာမှု ထင်ဟပ်နေသည်။ ယခုတွင် ကျင့်ကြံသူတစ်ယောက်၏အရှိန်အဝါ မှေးမှိန်လာပြီး စာပေသမားတစ်ယောက်၏ အခဲမကြေခြင်း အစားထိုးဝင်ရောက်လာသည်။ ဤသည်မှာ တော်ဝင်စာမေးပွဲတွင် ထပ်တလဲလဲ မအောင်မြင်ခဲ့သည့်တိုင် ဆက်လက်ဖြေဆိုနေသေးသော လူတစ်ယောက်၏ ခေါင်းမာမှု ဖြစ်သည်။
အရှေ့ဆေးဝါးအဖွဲ့ကို ဝင်ရောက်ပြီးနောက် သူသည် ဆေးဝါးပညာရပ် လေ့လာရန် အလိုအလျောက် စိတ်ပါနေကြောင်း မန်ဟို သဘောပေါက်လိုက်သည်။
ကျင့်ကြံခြင်းအရ၊ သူ၏ပင်ကိုယ်စွမ်းရည်မှာ သာမန်ပင်ဖြစ်သည်။ သို့သော် ဆေးဖော်စပ်ခြင်းနှင့်ပတ်သက်လျှင်တော့ စစ်မှန်သောပါရမီကို ပိုင်ဆိုင်ထားသည်။ ဆေးပင်များကို ကျတ်မှတ်ရခြင်းဖြစ်စေ၊ ဓာတ်ကူပေးရခြင်းဖြစ်စေ၊ သူသည် အခြားသူအားလုံးထက် ခေါင်းတစ်လုံးသာသည်။
အမှန်တကယ်တွင် ဤသည်ကို ပင်ကိုယ်စွမ်းရည်မဟုတ်ဘဲ သဘာဝစွမ်းရည်ဟု ပြောနိုင်သည်။ အပင်နှင့်အသီးအရွက်အားလုံးနှင့် စပ်လျဥ်းသော သဘာဝစွမ်းရည်။
ရုတ်တရက် ရွှေတုန်းလျို၏ စကားများအား မန်ဟိုပြန်မှတ်မိလိုက်သည်။ သူ့တွင် အမြဲတမ်း သဘာဝစွမ်းရည်ရှိခြင်းမဟုတ်ကြောင်း တဖြေးဖြေး သဘောပေါက်လာသည်။ ဤသဘာဝစွမ်းရည်ကား ရှင်သန်ခြင်းနှင်းပန်းမှ လာလေသည်။
အချိန်မည်မျှကုန်ဆုံးသွားသည်လဲ မန်ဟိုမသိတော့တော့ပေ။ မကြာခင် နောက်ဆုံးဆယ်ယောက်အနက် မျက်နှာပြင်တစ်ခုပြီးတစ်ခု မည်းမှောင်သွားသည်။ သူတို့မှာ အမှားဆယ်ခုထက်ကျော်သွား၍ အထုတ်ခံလိုက်ကြရလေပြီ။
မကြာမီ လူနှစ်ယောက်သာ ကျန်တော့သည့် အချိန်ရောက်လာသည်။
တစ်ယောက်က မန်ဟိုဖြစ်ပြီး နောက်တစ်ယောက်က တင်းမာနေသောမျက်နှာထားနှင့် သက်လတ်ပိုင်းလူပင်။ သူတို့ စာမေးပွဲဆက်ဖြေနေကြစဥ် သက်လတ်ပိုင်းလူက မန်ဟို့ကို ခဏခဏ လှမ်းကြည့်တတ်သည်။ သူ၏မျက်လုံးများကား ရူးသွပ်သော ပြတ်သားမှုဖြင့်ပြည့်နှက်လျက်ရှိသည်။
***