← Chapters

ပထမအဆင့် ပထမနေရာ

Vol. 16 Ch. 218

ပထမအဆင့် ပထမနေရာ

Vol. 16 Ch. 218

သက်လတ်ပိုင်းလူမှာ ရဲရဲနီနေသော မျက်လုံးများဖြင့် သူ့အရှေ့က ဆေးပင်ကို စိုက်ကြည့်နေသည်။ "ငါ လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်က ဂိုဏ်းကို ဝင်ရောက်ခဲ့တယ်" သူက ပြောသည်။ " ငါက ဘဝရဲ့ တစ်ဝက်နီးပါးကို ဆေးဝါးအတတ်သင် အဖြစ် ကုန်ဆုံးခဲ့တာ။ မင်းကိုယ်မင်း ငါနဲ့ တကယ် ယှဥ်နိုင်မယ် ထင်လား" သို့သော် သူ၏မျက်နှာမှာတော့ တဖြေးဖြေး ဖြူဖျော့လာနေ၏။ သူသည် အမှားကိုးခု လုပ်ခဲ့ပြီးဖြစ်၍ အခွင့်အရေးတစ်ခုသာ ကျန်တော့သည်။ ကံဆိုးစွာပင် သူ့အရှေ့က ဆေးပင်ကို .......  သူ မမှတ်မိပေ။

အချိန် အကြာကြီး ကြာပြီးနောက် သက်လတ်ပိုင်းလူမှာ ဝမ်းနည်းစွာ ရယ်ပြီးနောက် တဖြေးဖြေး ထရပ်လိုက်သည်။ သူ အဖြေကို မှတ်တမ်းမတင်ခဲ့ပေ။ သူသည် ဆေးပင်ကို အတန်ကြာစိုက်ကြည့်ရင်း ဦးနှောက်တွင် မှတ်သားပြီးနောက် လျှောက်ထွက်သွားတော့သည်။

ယခုတွင် မန်ဟို တစ်ယောက်တည်းသာ ရင်ပြင်ထဲတွင် ကျန်ခဲ့လေပြီ။

လူအိုကြီး ခုနစ်ယောက်နှင့် ဝမ်ဖန်မင်းအပါအဝင် တစ်ဦးတစ်ယောက်ချင်းစီ၏ အကြည့်မှာ မန်ဟို့အပေါ်တွင် မမှိတ်မသုန် အာရုံစိုက်ကြနေကြသည်။

အဘယ်ကြောင့်ဆိုသော်....... သူက အဖြေများ ဆက်ဖြည့်နေသေးသောကြောင့် ဖြစ်သည်။

အဖြေ မည်မျှ ဖြေခဲ့ပြီးသည်လဲ မန်ဟို မသိတော့။ ဆေးပင် တစ်သိန်း၊ မျိုးကွဲ တစ်သန်း။ သူ တစ်ဝက်၊ သို့မဟုတ် တစ်ဝက်ကျော်တော့ မှတ်ခဲ့ပြီးလောက်သည်။ သူက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းပြီး အရှေ့ရှိ မျက်နှာပြင်ပေါ်က ဆေးပင်များအပေါ် အာရုံစိုက်လိုက်သည်။ တချို့ ဆေးပင်များမှာ သူ အရင်တစ်ခါမှ မမြင်ဖူးသည့် အပင်များ ဖြစ်ကြောင်း တစတစ သတိထားမိလာ၏။ သို့သော် ၄င်းတို့ကို ကြည့်၍ တခဏ စဥ်းစားပြီးနောက် သက်ဆိုင်ရာအချက်အလက်များ သူ့ခေါင်းထဲတွင် ပေါ်လာလိမ့်ပေမည်။

သူ လေ့လာခဲ့သည့် ဆေးပင် တစ်သိန်း နှင့် မျိုးကွဲ တစ်သန်းမှာ အခြေခံသာ ဖြစ်သည်။ သို့သော် ထိုအခြေခံက သူ ရရှိထားသော ရှင်သန်ခြင်းနှင်းပန်း၏ သဘာဝစွမ်းရည်ကို နိုးထစေခဲ့သည်။ ထိုအပင်များ၏ သဘာဝစွမ်းရည်က သူ့ခေါင်းထဲတွင် မှတ်သားခဲ့သော အရာများကို ကျယ်ပြန့်လာစေပြီး ထိုဆည်းပူးထားသော အသိအမြင်ကို အသုံးချကာ အဖြေများ ထွက်လာစေသည်။

သူ၏ စကြဝဠာအိတ်ထဲတွင် ရွှေတုန်းလျှို ရေးဆွဲထားသော ရှင်သန်ခြင်းနှင်းပန်း၏ပန်းချီမှာ တုန်ရီနေသည်။ ၄င်းသည် အသံမဲ့သော အော်သံ ထုတ်လွှတ်ရင်း ခုခံရုန်းကန်နေပုံရသည်။ အကြောင်းရင်းမှာ မန်ဟို မေးခွန်းများ ဆက်လက်ဖြေဆိုပြီး သူ လေ့လာခဲ့သောအရာများအား စွဲမြဲအောင် လုပ်နေစဥ် သူ့ခေါင်းထဲတွင် ပေါ်လာသော အဆုံးမဲ့ပုံရိပ်အားလုံးမှာ ရှင်သန်ခြင်းနှင်းပန်းထံမှ အဓမ္မလုယက်ခံနေရသည့်အတွက်ကြောင့်ပင်။ သူကား ရှင်သန်ခြင်းနှင်းပန်း၏စွမ်းရည်ကို မရမက ထုတ်ယူနေလေသည်။

ထိုမျှသာဆိုလျှင် ရေးကြီးခွင်ကျယ်မဟုတ်။ သို့သော် မန်ဟို ဆက်လက်ဖြေဆိုနေစဥ် သူ၏တာအိုမဏ္ဍိုင်အတွင်းရှိ မိစ္ဆာအမြုတေ လည်လာပုံရကြောင်း သဘောပေါက်လိုက်သည်။ တစ်ပတ်လည်တိုင်း မမြင်ရသော စွမ်းအားအမျှင်များ ထွက်လာပြီး သူ၏ခေါင်းထဲ ဝင်ရောက်ကာ ရှင်သန်ခြင်းနှင်းပန်းထံမှ သဘာဝစွမ်းရည်ကို ပို၍ပင် အားကောင်းလာစေမည် ဖြစ်သည်။

သူ့အတွက် ဤအပင်နှင့်အသီးအရွက် စာမေးပွဲသည် ရှင်သန်ခြင်းနှင်းပန်းထံမှ သဘာဝစွမ်းရည်ကို လုယူရန် အခွင့်အရေးတစ်ခုပင်။ မည်သည့်နည်းလမ်းကမှ မန်ဟို့ကို ဤအမြင့်ထိ မြန်မြန် တွန်းပို့ပေးနိုင်မည်မဟုတ်ပေ။ ဤစာမေးပွဲကား တစ်ချက်တည်းနှင့် အချီကြီးပွခြင်းပင်။

သူက ဆက်ဖြေနေရင်း ယခင်ကထက်ပင် ပို၍ အတွေးထဲ နစ်မြောနေတော့သည်။ သူ၏ အဖြေဖြည့်နှုန်းမှာ မြန်သထက် မြန်လာသည်။ သဘာဝစွမ်းရည် မရမကထုတ်ယူခံရပြီး မန်ဟိုနှင့် ပေါင်းစည်းကာ သူ့အပိုင် ဖြစ်လာနေသည့်အချိန် ရှင်သန်ခြင်းနှင်းပန်း၏ အော်သံများအား ဘယ်သူမှ မကြားရပေ။

တစ်ယောက်ယောက် မန်ဟို့ကို ယခု ရပ်ခိုင်းပါက သူ ငြင်းဆန်ပေလိမ့်မည်။

သူ၏မျက်လုံးများ ရဲတွတ်နေ၏။ တစ်ခါတလေ သူ စဥ်းစားရသည်များ ရှိသော်လည်း ဘယ်တော့မှ အမှားမလုပ်ပေ။ သူ စဥ်းစားပြီး အဖြေများ မှတ်တမ်းတင်နေစဥ် ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ဖြစ်ပျက်နေသောအရာကြောင့် အသက်ပင်မရှူနိုင်ဘဲ ကြောင်တောင်တောင် ငေးကြည့်နေကြတော့သည်။ ဝမ်ဖန်မင်းနှင့် အခြားခုနစ်ဦးလည်း အံသြမှင်သက်စွာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။

မန်ဟို ဖြည့်သွားသော အချက်အလက်တချို့မှာ သူတို့အတွက်ပင် ခက်ခဲလေသည်။ ဤမျိုးစပ်ဆေးပင်များမှာ ဆေးပင်ဆယ်မျိုးကို မတူညီသောအချိန်၌ အတူတကွကိုင်းဆက်၍ နောက်ဆုံး ရှားပါးသော အပင်တစ်ပင်အဖြစ် ထုတ်လုပ်ထားခြင်းဖြစ်သည်။

ဝမ်ဖန်မင်းနှင့် အခြားသူများသည် စိတ်လှုပ်တရှား အကြည့်ချင်းဖလှယ်လိုက်ကြပြီးနောက် သူတို့အကြား၌ စကားများ ကူးပြောင်းပေးပို့လာကြသည်။

"ဆေးပင် တစ်သိန်း၊ မျိုးကွဲ တစ်သန်း၊ မျိုးစပ် ဆယ်သန်း။ အပင်နဲ့အသီးအရွက် အဆင့်သုံးဆင့်။ ပထမ တစ်ဆင့်ကို ကျွမ်းကျင်တာနဲ့တင် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ဖို့ လိုအပ်တဲ့ သဘာဝစွမ်းရည်ရှိတာ ဖော်ပြတယ်....."

"တောင်ပိုင်းဒေသမှာ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တွေပဲ ဒုတိယအဆင့်ကို ကျွမ်းကျင်ဖို့ လုံလောက်တဲ့ စွမ်းရည်ရှိတာ။ တတိယအဆင့်ကတော့ သုံးယောက်ပဲရှိတယ်။ မဟာအကြီးအကဲဆေးလုံးမိစ္ဆာနဲ့ တခြားနှစ်ယောက်ပဲ"

"ဒီ ဖန်မု အပင်နဲ့ ပတ်သက်ရင် ဘယ်လောက် ကျွမ်းကျင်နေတာတုန်း။ သူကတော့ လူတောင် မဟုတ်တော့ဘူးပဲ။ ဒုတိယအဆင့်ကိုတောင် ကျော်ပြီး အခု တတိယအဆင့်နယ်ပယ်ထဲ ဝင်နေပြီ.... သူ့ရဲ့ ဆေးဝါးပညာရပ်သာ ဒီအပင်ဆိုင်ရာ စွမ်းရည်နဲ့ နှိုင်းယှဥ်လို့ရမယ်လို့ကတော့.....  ကောင်းကင်နဲ့ မြေကြီးကို ကိုင်လှုပ်နိုင်မှာပဲ"

"မဟုတ်သေးဘူး။ သူ့ အပင်စွမ်းရည်က လူမဟုတ်ပေမယ့် ဆေးဝါးကျွမ်းကျင်မှုကတော့ မတူဘူးလေ။ ဒါပေမယ့် သူ့မှာ တကယ် ပါရမီပါရင်တော့ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် မဖြစ်ရင်တောင်မှ သေချာပေါက် ဆေးပေါင်းဖိုဘုရင်အဆင့်ရဲ့ ထိပ်ဆုံးကို ရောက်မှာပဲ"

"ဒါတွေအားလုံးက သူ့ရဲ့ ဆေးဝါးပညာရပ်နဲ့ သူ ဖန်တီးတဲ့ ဆေးစွမ်းအားအဆင့်ရဲ့ ရလဒ်တွေအပေါ် မူတည်လိမ့်မယ်။ သာမန် ဆေးဝါးကျွမ်းကျင်ပညာရှင်တွေက ၃၀ ရာခိုင်နှုန်းလောက် ထုတ်လုပ်နိုင်တယ်။ ဆေးပေါင်းဖိုဘုရင်တွေပဲ ဆေးစွမ်းအား ၅၀ ရာခိုင်နှုန်းကျော် ထုတ်ယူနိုင်တာ။ တောင်ပိုင်းဒေသတစ်ခွင်လုံးမှာ မဟာအကြီးအကဲဆေးလုံးမိစ္ဆာနဲ့ တခြားမဟာအကြီးအကဲနှစ်ယောက်ပဲ ကိုးဆယ်ရာခိုင်နှုန်းကျော် သန့်စင်စေနိုင်တယ်။ ပြီးတော့ မဟာအကြီးအကဲဆေးလုံးမိစ္ဆာက အာနိသင်ဆုံးရှုံးမှုမရှိတဲ့ ၁၀၀ ရာခိုင်နှုန်း ဆေးစွမ်းအားနဲ့ ဆေးလုံးတွေ ဖော်စပ်နိုင်တဲ့ တစ်ယောက်တည်းသော လူပဲ"

လူရှစ်ယောက် ဆက်လက်ဆွေးနွေးနေကြစဥ် ဆေးဝါးအတတ်သင်များမှာ ပါးစပ်အဟောင်းနှင့် စောင့်ကြည့်နေကြသည်။ သူတို့မှာ မန်ဟို့ကို ကြည့်နေရင်း ခေါင်းများချာချာလည်လျက်ရှိ၏။ နောက်ဆုံးအဆင့်တက်သွားသူများလည်း စောင့်ကြည့်နေကြသည်။ တချို့မှာ လေးစားအားကျနေကြသည့်တိုင် တချို့ကတော့ မနာလိုပြီး မကျေမနပ်ဖြစ်ကြနေသည်။

အချိန်များ ကုန်လွန်သွားပြီး မန်ဟိုက မရပ်မနား ဆက်သွားနေဆဲပင်။ ဆေးပင်များ သူ့အရှေ့၌ တဖြတ်ဖြတ် ပေါ်လာသည်နှင့်အမျှ သူ့မှာ တဖြေးဖြေး ပိုပို၍ စိတ်လှုပ်ရှားလာတော့သည်။ အချက်အလက်များစွာ သူ့ခေါင်းထဲ စီးဝင်လာပြီး သူ့ကိုယ်ထဲရှိ အမွေအနှစ် မိစ္ဆာအမြုတေမှာ ပို၍ပင် လျင်မြန်စွာ လည်ပတ်လာ၏။

ထိုစဥ် ဇီယွင်ဂိုဏ်းအတွင်းရှိ တစ်နေရာ၊ အရှေ့ဆေးဝါးအဖွဲ့အတွင်းထဲရှိ သီးခြားတောင်ထိပ်တစ်လုံးပေါ်တွင် အဘိုးကြီးတစ်ယောက် သူ့အရှေ့တွင် ပျံဝဲနေသော ဆေးပေါင်းဖိုတစ်လုံးကို အကဲခတ်ရင်း တင်ပျဥ်ခွေထိုင်နေသည်။ သူသည် အဖြူရောင် တာအိုဝတ်ရုံကို ဝတ်ဆင်ထားပြီး သူ့တစ်ကိုယ်လုံးမှ ဆေးအနံ့များ တလှိုင်လှိုင်ထွက်နေသည်။ သူ၏မျက်လုံးများက ဆေးပေါင်းဖိုအပေါ်တွင်သာ အပြည့်အဝ အာရုံစိုက်ထား၏။

သူ၏ ရုပ်ရည်သွင်ပြင်မှာ သိပ်အထင်ကြီးစရာမရှိပေ။ သို့သော် သူ၏မျက်လုံးများကတော့ ကြည်လင်လျက်ရှိသည်။ ပထမတစ်ချက်ကြည့်လျှင် သူ၏ အဖြူရောင် တာအိုဝတ်ရုံမှာ ဘာမှမထူးခြားပုံရသည်။ သို့သော် အင်္ကျီလက်တစ်ဖက်စီအပေါ်တွင် ဆေးပေါင်းဖိုတစ်လုံးစီ ပန်းထိုးထား၏။

သူသည် နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် တည်ရှိခဲ့သည့်အလား ရှေးဆန်နေသည်။ သူက ဆေးပေါင်းဖိုကို ကြည့်နေစဥ် ပြုံးလိုက်၏။ သူ၏ကျင့်ကြံခြင်းအခြေခံအဆင့်ကို ပြောရန် မဖြစ်နိုင်သော်လည်း သူ၏ တောင်ပေါ်တွင်တည်ရှိမှုက တိမ်တိုက်များ ကင်းစင်၍ လေများ ငြိမ်သက်နေစေပုံရသည်။ သူ ရှိနေလျှင် ကမ္ဘာကြီးမှာ ထိုအတိုင်း အမြဲဖြစ်နေမည့် ပုံပေါ်သည်။

သူ့ဘေးတွင် ခရမ်းရောင်ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက်ရှိသည်။ သူမသည် ရှူမငြီးအောင် လှပလွန်းသော်လည်း သူမ မျက်ခုံးလေးနှစ်ဖက်ကား တွန့်ချိုးနေသည်။ သူမ ဆိုသည်မှာ ချူယွီယန်က လွဲ၍ တခြားသူ မဟုတ်ပေ။

အဘိုးကြီးကား ဇီယွင်ဂိုဏ်းအတွင်းတွင် သြဇာတိက္ကမအကြီးမားဆုံးနှင့် တစ်ကမ္ဘာလုံးဆိုင်ရာ ရိုသေလေးစားခြင်းခံရသောသူပင်။ သူက တောင်ပိုင်းဒေသကို နှစ်တစ်ထောင်တိုင် လွှမ်းမိုးချုပ်ကိုင်ထားသည့်နာမည် နှင့် မဟာအကြီးအကဲ ဆေးဝါးပညာရှင်တစ်ဦးဖြစ်သည်။ သူ၏တပည့်နှစ်ယောက်က ကိုယ်ပိုင်လုပ်ပိုင်ခွင့်ရှိသော မဟာအကြီးအကဲများ ဖြစ်ရန် သူ့ကို စွန့်ခွာသွားခဲ့သည်။ ဤသည်ကား..... ဆေးလုံးမိစ္ဆာ။

မိစ္ဆာများသည် ဆေးလုံးမျိုးကွဲများနည်းတူ မရေမတွက်နိုင်သော အသွင်များ ပြောင်းနိုင်သည်။ ဤအဘိုးကြီးက သူ၏တာအိုကို ရရှိခဲ့သည့်နေ့မှစ၍ ဆေးလုံးမိစ္ဆာဆိုသော နာမည်ကို ယူခဲ့သည်။ လွန်ခဲ့သည့် နှစ်တစ်ထောင်ကတည်းက တောင်ပိုင်းဒေသကို စိုးမိုးနေခဲ့သော နာမည်ပိုင်ရှင် ဤမဟာအကြီးအကဲမိစ္ဆာက ယခု စကားပြောသည်။ "မင်း သေခြင်းသုံးရပ်ဆေးလုံးကို ဖော်စပ်နိုင်လား" သူက ဆေးပေါင်းဖိုထံမှ ချူယွီယန်ဆီ အကြည့်ပို့ရင်း ပြောသည်။

"တပည့် ထပ် မအောင်မြင်ပြန်ဘူး" သူမက မျက်မှောင်ကြုတ်နေရင်း ပြောသည်။ "ဆရာ၊ သေခြင်းသုံးရပ်ဆေးလုံးက ခက်ခဲလွန်းတယ်" သူမက ပျံဝဲနေသော ဆေးပေါင်းဖိုကို ကြည့်သည်။

အဘိုးကြီးက ခေါင်းခါပြီး ခပ်တိုးတိုး ရယ်သည်။ သူသည် နှစ်ပေါင်းများစွာ ခံစားချက်ဖြင့် ပြည့်နှက်နေပုံရသော အမူအရာဖြင့် ဆရာကြီးဇီတုန်၏ရုပ်တုရှိရာသို့ ငေးကြည့်လိုက်သည်။ နောက်ဆုံး၌ ဆေးပေါင်းဖိုကို ပြန်ကြည့်သည်။ အချိန်အနည်းငယ်ကြာပြီးနောက် သူက စကားထပ်ပြောသည်။ "မင်းရဲ့ နှလုံးသားဟာ မတည်ငြိမ်နေတဲ့အပြင် ခိုင်မာပြတ်သားတဲ့စိတ်ဆန္ဒ ကင်းမဲ့နေတယ်။ ဆရာ မင်းကို သေခြင်းသုံးရပ်ဆေးလုံး ဖော်စပ်ခိုင်းတဲ့ ရည်ရွယ်ချက်ကို မင်း အခုထိ မဖမ်းဆုပ်နိုင်သေးပုံပဲ။ ဒီအတိုင်းဆိုရင် မင်း သူ့ဆီက တစ်ခုခု သင်ယူနိုင်တယ်" သူက ဆေးပေါင်းဖိုကို လက်ညှိုးထိုးပြသည်။ သူ ထိုသို့ ထိုးပြလိုက်သည်တွင် ဆေးပေါင်းဖိုသည် ဝေဝါးလာပြီးနောက် ရင်ပြင်ပေါ်ရှိ မန်ဟို၏ပုံရိပ်အသွင် မှော်ဆန်ဆန်ပြောင်းသွားသည်။

သူ့ကို မြင်သောအခါ ချူယွီယန် ချက်ချင်း မှုန်ကုပ်သွားသည်။ သူမ သူ့ကို မှတ်မိသည်။ သူ့ကို မြင်ရခြင်းက အကြောင်းပြချက်မရှိဘဲ သူမရင်ထဲ၌ ဒေါသများပြည့်နှက်သွားစေခဲ့သည်ကို သူမ ပြန်တွေးမိသည်။ ၄င်းက သူမကို သူ့အား ငရုတ်ဆုံထဲ ထည့်ထောင်းပစ်ချင်စိတ်များ မရပ်တန့်နိုင်အောင် ဖြစ်ပေါ်စေခဲ့သည်။

ထို့နောက်တွင်ပင် သူမ ၄င်းကို မရှင်းပြနိုင်ပေ။ ယနေ့ ထပ်မြင်ရသောအခါတွင်လည်း တူညီသောဒေါသများ ပြန်ပေါ်လာသည်။

"ဆေးဝါးတာအိုရဲ့ လမ်းစဥ်ပေါ်မှာ" မဟာအကြီးအကဲ ဆေးလုံးမိစ္ဆာက အေးစက်စွာ ပြောသည်။ "စွမ်းရည်ဆိုတာ လက်ထောက်တစ်ယောက်သက်သက်ပဲ။ မယိမ်းယိုင်တဲ့ ခိုင်မာပြတ်သားမှုက ပိုလို့တောင် အရေးပါတယ်" သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ မြင်ကွင်းပျောက်ကွယ်သွားသည်။ ဆေးပေါင်းဖိုသည် ဆေးပေါင်းဖိုတစ်လုံး ပြန်ဖြစ်လာသည်။ "ပြန်သွား။ သေခြင်းသုံးရပ်ဆေးလုံး ဖော်စပ်ပြီးရင် ဆရာ မင်းကို ဂိုဏ်းအပြင် ထွက်ခွင့်ပေးမယ်" ထို့နောက် သူက မျက်လုံးများ ပိတ်လိုက်သည်။

ချူယွီယန် နှုတ်ခမ်းကလေး ဆူသွား၏။ သူမမှာ မကျေနပ်သော်လည်း ဘာမှမတတ်နိုင်လေရာ ခြေကလေးဆောင့်ပြီး လှည့်ထွက်လာသည်။ အကြောင်းတချို့ကြောင့် မန်ဟို တစ်ဖြစ်လဲ ဖန်မု၏မျက်နှာက သူမစိတ်ထဲ ပေါ်လာပြန်သဖြင့် ဒေါသ ထပ်ထွက်လာပြန်သည်။

"ဒီလူ ငါ့ကို ဘာလို့ ဒီလောက် စိတ်မသက်မသာဖြစ်စေတာလဲ သွားကြည့်ရမယ်" သူမမှာ အံလေးတကြိတ်ကြိတ်နှင့် တွေးပြီး အလင်းတန်းအသွင်ပြောင်းကာ အဝေးသို့ ထွက်သွားတော့သည်။

ဆေးဝါးကျွမ်းကျင်ပညာရှင် စာမေးပွဲ ရင်ပြင်တွင် မျက်လုံးသောင်းပေါင်းများစွာသည် တစ်ခုတည်းအပေါ် အာရုံစိုက်နေကြ၏။ ချူယွီယန် ရောက်လာပြီး မန်ဟို့ကို မြင်သောအခါ သူမ မျက်မှောင်ကြုတ်သွားပြန်သည်။ သူမမှာ အချိန်တစ်ခုကြာသည်အထိ သူ့ကို စူးစူးစိုက်စိုက် စူးစမ်းနေသော်လည်း အဆုံးသတ်တွင် သူ့ကို မရင်းနှီးပေ။ သို့ထိတိုင် ထိုမရင်းနှီးမှုအတွင်းတွင် သူမ သိပုံပေါ်သော အရာတစ်ခု ရှိသည်။

အချိန်များ ထပ်မံ ကုန်လွန်သွားသည်။ တစ်ရက်၊ နှစ်ရက်..... နောက်ဆုံး သုံးရက် ကြာခဲ့လေပြီ။

ချူယွီယန်၏ မျက်လုံးများက မန်ဟို့အပေါ် ကော်နှင့်ကပ်ထားသကဲ့သို့ ကပ်နေသော်လည်း နောက်ဆုံးတွင် သူမမျက်လုံးလေးများ၌ မချင့်မရဲဖြစ်နေမှုများ ပြည့်နှက်လာသည်။ ဝမ်ဖန်မင်းနှင့် အခြားသူများနည်းတူ သူမလည်း အပင်နှင့်အသီးအရွက်၏ တတိယအဆင့်နှင့် ရင်းနှီးသည်။ မန်ဟို မေးခွန်းတစ်ခုပြီးတစ်ခု ဖြေနေသည်ကို မြင်ရသောအခါ သူမ မည်သည့်အတွက်ကြောင့် အံ့အားမသင့်မိဘဲ နေမည်နည်း။

သုံးရက်မြောက်နေ့အဆုံးတွင် မန်ဟို့အရှေ့ရှိ မျက်နှာပြင် ရုတ်တရက် ဖျတ်ခနဲ လက်သွားသည်။ မည်သည့်ဆေးပင်မှ ထပ်ပေါ်မလာတော့။ သူက ဖြည်းဖြည်းချင်း ခေါင်းမော့လိုက်သည်။

အရာအားလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွား၏။ လူတိုင်း သူ့အရှေ့က မျက်နှာပြင်ကို စိုက်ကြည့်နေကြလေသည်။ ဝမ်ဖန်မင်း ပင့်သက်ရှိုက်သွားပြီး ထရပ်လိုက်သည်။ အခြားအဘိုးကြီးများလည်း မျက်လုံးများ မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်နေလျက် တစ်ယောက်ပြီး တစ်ယောက် ထရပ်လိုက်ကြသည်။

"သူ အကုန်ဖြေပြီးသွားတယ်လား...."

"မဟာအကြီးအကဲဆေးလုံးမိစ္ဆာကိုယ်တိုင် ဆေးပင်ပုံရိပ်အားလုံး ပြင်ဆင်ခဲ့တာလေ။ နှစ်တစ်ထောင်အတွင်း ဘယ်သူမှ မေးခွန်းအားလုံး မဖြေခဲ့ဖူးဘူး။ ဘယ်လို.....ဘယ်လိုသဘာဝစွမ်းရည်မျိုး သူပိုင်ဆိုင်ထားတာလဲ........"

ဝမ်ဖန်မင်းနှင့် အခြားသူများ၏ စကားသံများ ထွက်ပေါ်လာသည်တွင် ဆေးဝါးအတတ်သင်များ၏ ချုပ်တည်ထားခဲ့ရသော စိတ်လှုပ်ရှားမှုများ ရုတ်တရက် ပေါက်ကွဲထွက်ကုန်တော့သည်။ အသံများ နားမခံနိုင်အောင် ဆူညံပွက်လောရိုက်လာ၏။

"မေးခွန်းထပ်မရှိတော့ဘူး .... ဘယ်လိုလုပ်ဖြစ်နိုင်တာလဲ။ သူက မေးခွန်းအားလုံး ဖြေသွားခဲ့တယ်"

"ဟိုးအရင်ထဲက အခုထိ ဘယ်သူမှ အဲလို မလုပ်ခဲ့ဖူးဘူး....."

"ဒီ ဖန်မုက အရှေးဆေးဝါးအဖွဲ့ရဲ့ ထွန်းတောက်လာမယ့် နေတစ်စင်း ဖြစ်လာမှာလား......"

အုတ်အော်သောင်းနင်း ဖြစ်နေကြချိန် မန်ဟိုမှာ ပင်ပန်းနွမ်းနယ်လာပြီး ကိုက်ခဲနေသောမျက်လုံးများအား ပိတ်လိုက်သည်။ သူ ထိုနေရာတွင် မည်မျှထိုင်နေခဲ့သည်လဲ သူ မသိပေ။ မျက်နှာပြင် ပျောက်ကွယ်သွားသည်နှင့် သူ့စွမ်းအင်အားလုံး ကုန်ခမ်းသွားပုံရသည်။ အပင်နှင့်အသီးအရွက်အသိအမြင်သည် အသက်ဝင်လာသည့်အလား ယခင်ကတည်ရှိခဲ့သော မသိနားလည်မှုတို့ကို တွန်းထိုးတိုက်ထုတ်ရင်း ပေါက်ဖွားလာပုံရသည်။

၄င်းသည် လှိုင်းလုံးကြီးသဖွယ် တလိပ်လိပ်လှုပ်ရှားနေပြီးနောက်မှ ငြိမ်ကျသွားသည်။ ယခုတွင် မသိနားလည်မှု ကျိုးပျက်သွားပြီဖြစ်ရာ မန်ဟိုသည် သူ၏ အပင်နှင့်အသီးအရွက်ကျွမ်းကျင်မှု မည်သည့်အတိုင်းအတာအထိ တိုးတက်လာမည်လဲ မသိတော့ပေ။

သူကား..... ဖော်စပ်နည်းအသိကို ပိုင်ဆိုင်သွားလေပြီ။

ဆေးလုံးလေးတစ်လုံး သူ့လက်ထဲ ထည့်လိုက်သည်နှင့် သူ့ခေါင်းထဲတွင် လွင့်မျောနေသော ဆေးဖော်စပ်နည်းကို သူမြင်နိုင်ပေမည်။ ဤသည်မှာ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များသာ ရရှိနိုင်သည့် အဆင့်တစ်ခုဖြစ်သည်။

ချူယွီယန်မှာ မန်ဟို့ကို တွေတွေကြီး စိုက်ကြည့်နေရင်း အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ သူမ သူ့ကို ကြည့်နေရုံနှင့်တင် ဒေါသထွက်နေသည်ကတော့ သံသယဖြစ်စရာမလိုပေ။ သို့သော် ဖန်မု၏ အပင်နှင့်အသီးအရွက်ဆိုင်ရာ ကျွမ်းကျင်မှုက လူမဟုတ်သည်ကိုတော့ သူမ ဝန်ခံရမည်။

***

All Chapters