မတရားဘူး
Vol. 16 Ch. 219
လူတိုင်း စိတ်လှုပ်ရှားနေကြစဥ် မန်ဟိုက ထရပ်လိုက်သည်။ အသံများ တဖြေးဖြေး တိတ်ဆိတ်လာ၏။ မျက်လုံးအားလုံးက သူ့တစ်ယောက်တည်းကိုသာ အာရုံစိုက်ထားကြသည်။ တချို့မှာ စိတ်ရှုပ်ထွေးနေသော အမူအရာများရှိပြီး တချို့က လေးစားအားကျနေကြသည်။ အံ့သြမှင်သက်သူများလည်း ရှိပြီး မနာလိုဖြစ်နေသူများလည်း ဒုနှင့်ဒေးပင်။
အမူအရာအမျိုးမျိုးက ခြေကုန်လက်ပန်းကျနေပုံရသည့် မန်ဟို့ထံ ဦးတည်သည်။ သူက ဝမ်ဖန်မင်းနှင့် အခြားသူများဘက် လှည့်ပြီး လက်ယှက်ကာ ဦးညွတ်အရိုအသေပေးလိုက်သည်။ ထို့နောက် သူသည် အလုပ်ရုံမှ ထွက်သွားပြီး တင်ပျဥ်ခွေ၍ တရားထိုင်ရန် နေရာတစ်နေရာ ရှာလိုက်သည်။
ဝမ်ဖန်မင်းမှာ အသက်ပြင်းပြင်းရှူလိုက်သည်။ သူက မန်ဟို့ကို တခဏကြည့်ပြီးနောက် သူ့အကြည့်သည် လူအုပ်ကြီးကို လွှမ်းခြုံသွား၏။ "နာရီနှစ်ဆယ်အတွင်း၊ ဆေးဝါးကျွမ်းကျင်ပညာရှင် အဆင့်တက်စာမေးပွဲ ဒုတိယအဆင့် စတင်မယ်။ နောက်ဆုံးအဆင့်လဲ ဖြစ်တယ်။ နောက်ဆုံးအဆင့်တက်သူ ဆယ်ယောက်ထဲကမှ တစ်ယောက်ပဲ ဆေးဝါးကျွမ်းကျင်ပညာရှင် ဖြစ်လာလိမ့်မယ်။ ဒုတိယအဆင့်က မင်းတို့ ဓာတ်ကူနည်းလမ်းရဲ့ စွမ်းအားကို စမ်းသပ်မှုတစ်ခုပဲ။ မင်းတို့ အနားယူဖို့ နာရီနှစ်ဆယ်အချိန်ရမယ်၊ ဒါပေမယ့် ထွက်သွားခွင့်မရှိဘူး"
ချူယွီယန်မှာ မန်ဟို့ကို တစ်ချိန်လုံး စောင့်ကြည့်နေခဲ့၏။ အံသြမှုက သူမမျက်ဝန်းလေးထဲမှ ထွက်မသွားသေးပေ။ သူ့ကို မြင်နေရခြင်းက သူမကို စိတ်တိုနေစေသည့်တိုင် ဖန်မုမှာ အရည်အချင်းအရ သူမ မော်ကြည့်ရမည့်သူဖြစ်ကြောင်း ဝန်ခံရပေမည်။
"အပင်နဲ့အသီးအရွက် ကျွမ်းကျင်အသိက ဆေးဝါးပညာရှင်တစ်ယောက်ရဲ့ အစိတ်အပိုင်းတစ်ခုပဲ ရှိသေးတယ်" သူမ မယုံနိုင်သေးပေ။ " ဒီလူ တကယ်ပဲ ဆေးဝါးဖော်စပ်ဖို့ အရည်အချင်းပြည့်မှီလား ကြည့်တာပေါ့။ ဆေးဝါးပညာရပ်မှာ ဓာတ်ကူခြင်းနဲ့ ကျင့်ကြံခြင်းအခြေခံရဲ့ စိတ်ဝိညာဥ်စွမ်းအင် ထိန်းချုပ်တာ ပါဝင်တယ်။ အဲ့နှစ်ခုက ပေါ့ပေါ့တန်တန်လုပ်လို့ရတာ မဟုတ်ဘူး။ အဲ့အပိုင်းမှာ သူ့ရဲ့ကျွမ်းကျင်မှုကကော ဒီလိုပဲ အံသြစရာကောင်းမလား ကြည့််ကြသေးတာပေါ့" သူမ မန်ဟို့ကို ကြည့်လေလေ၊ ပို၍စိတ်တိုလာလေလေပင်။
ဆေးဝါးအတတ်သင်သုံးသောင်းလုံး တစ်ယောက်မှ ထွက်မသွားကြပေ။ သူတို့က တီးတိုးတီးတိုး ပြောနေကြဆဲဖြစ်သည်။ စကားသံများ၏ ခုနစ်ဆယ်ရာခိုင်နှုန်းမှာ မန်ဟို့အကြောင်းပင်။ အခြားသုံးဆယ်ရာခိုင်နှုန်းက စာမေးပွဲ၏ ပထမအဆင့်ကို အောင်မြင်သွားသော နောက်ဆုံးဖြေဆိုသူ ကိုးဦးနှင့် သူတို့၏ စွမ်းရည်များ အကြောင်းဖြစ်သည်။
ဤကိုးယောက်လုံး အလွန်စိတ်လှုပ်ရှားနေကြ၏။ သူတို့သည် ကျင့်ကြံခြင်းအခြေခံများကို တခဏတိုင်း လှည့်ပတ်ရင်း တင်ပျဥ်ခွေထိုင်နေကြသည်။ သူတို့အားလုံးမှာ ဒုတိယနှင့် နောက်ဆုံးဖြစ်သော စာမေးပွဲကို ရင်ဆိုင်ရန် ထိပ်ဆုံးအခြေအနေတွင် ရှိချင်ကြလေသည်။
ပထမအဆင့်တွင် မန်ဟို၏ ဖြေဆိုမှုက အသက်ရှူရခက်စေသော ဖိအားကြီးဖြင့် သူတို့ကို နင်းခြေခဲ့သည်။ သို့ရာတွင် ပထမ နှင့် ဘိတ်ဆုံး အကြား ကွာခြားချက်မရှိပေ။ အားလုံး၌ စာမေးပွဲ၏ ဒုတိယအဆင့်ကို အောင်မြင်ရန် အခွင့်အရေးတစ်ခု ရှိပေမည်။
ဒုတိယအဆင့်မှာ တကယ်တမ်း အခရာ ဖြစ်သည်။
သူတို့အတွက်တော့ မန်ဟို့ကို ကျော်ရန် အခွင့်အရေး ရှိသေးသည်။ သူသည် သူတို့ထက်ပို၍ အပင်နှင့်အသီးအရွက်များအကြောင်း သိကောင်းသိမည်၊ သို့သော် ဆေးပင်များအား ဓာတ်ကူရန်မှာ ကျင့်ကြံခြင်းအခြေခံ အသုံးပြုခြင်းနှင့်အတူ ထပ်တလဲလဲ လေ့ကျင့်မှု လိုအပ်သည်။ စိတ်ဝိညာဥ်စွမ်းအင်ကိုလည်း သတိထား ထိန်းချုပ်ရသေးသည်။ များလွန်းပါက ဆေးပင်သည် ကြီးထွားလာပြီးနောက်ဆုံး ပေါက်ကွဲသွားလိမ့်မည်။ သို့သော် နည်းလွန်းလျှင် ကောင်းကောင်းမွန်မွန် ကြီးထွားလာမည်မဟုတ်ပေ။ ပြီးပြည့်စုံသော ဟန်ချက်ကို ရှာဖွေရန် ခက်ခဲလေသည်။
အခြား နောက်ဆုံးအဆင့်တက်သူ ကိုးယောက်သည် အသက်ပြင်းပြင်း ရှူရင်း တရားထိုင်နေသည်။ နှစ်ပေါင်းများစွာ အပင်များအား ဓာတ်ကူပေးခဲ့သည့် အတွေ့အကြုံများမှ ပုံရိပ်များ သူတို့ခေါင်းထဲတွင် ပေါ်လာသည်။ သူတို့သည် ယုံကြည်ချက်များ တဖြေးဖြေး တိုးပွားလာ၏။
မန်ဟိုက မျက်လုံးများ ပိတ်လျက် မလှုပ်မယှက် ထိုင်နေသည်။ တကယ်တမ်း သူ၏ကျင့်ကြံခြင်းအခြေခံမှ စွမ်းအင် သိပ်များများစားစား မသုံးစွဲခဲ့ရပေ။ သူ ပင်ပန်းနေရသည့် အဓိက အကြောင်းရင်းမှာ မိစ္ဆာအမြုတေ၏ လည်ပတ်ခြင်းနှင့်အတူ ရှင်သန်ခြင်းနှင်းပန်း၏ အမွေအနှစ်ကို လုယူခြင်းတို့၏ ရလဒ်ကြောင့် ဖြစ်သည်။ သူ့မှာ ခေါင်းမှာ ရောင်ကိုင်းနေသည့်အလား ခံစားရသည်။ သူ အနားယူနေသည်နှင့်အမျှ သူ၏စိတ်ကား တဖြေးဖြေး တည်ငြိမ်လာတော့သည်။
မကြာမီ နာရီနှစ်ဆယ် ကုန်သွားလေပြီ။ ဝမ်ဖန်မင်း၏ အသံက ရုတ်တရက် ရင်ပြင်ကို ဖြတ်၍ ဟိန်းထွက်လာသည်။ သူက စကားပြောနေစဥ် သူ့လက်ကို ဘေးရှိ ဆေးပေါင်းဖိုကြီးအပေါ် တင်လိုက်သည်။
"ဒီ နတ်မီးလျှံစမ်းသပ်ပွဲရဲ့ ဒုတိယအဆင့် ဖြေဖို့ အချိန်ရောက်လာပြီ။ နောက်ဆုံးပြိုင်ပွဲဝင်ဆယ်ဦး ကျေးဇူးပြုပြီး အနားကပ်လာပါ" သူ စကားပြောလိုက်စဥ် ဆေးပေါင်းဖိုခေါင်းလောင်းသံများ မြည်ဟည်းလာပြီး ရင်ပြင်တစ်ခုလုံး တုန်ခါသွားစေသည်။ စောင့်ကြည့်နေသူ သုံးသောင်းမှာ ဖြစ်ပျက်နေသည်များအပေါ် မမှိတ်မသုန် အာရုံစိုက်နေကြသည်။
ရင်ပြင်မှာ ယခင်အတိုင်း ဖြစ်သော်လည်း အလုပ်ရုံသုံးသောင်းအစား ကိုးမီတာခန့် အမြင့်ရှိသော ကျောက်တိုင်များ အစားထိုးထွက်ပေါ်လာသည်။ ၄င်းတို့က စူးရှတောက်သောအလင်းရောင်များဖြင့် လေထဲ မြင့်တက်လာကြသည်။
မန်ဟိုမှလွဲ၍ နောက်ဆုံးပြိုင်ပွဲဝင်အားလုံး စိတ်လှုပ်ရှားနေသော မျက်နှာများဖြင့် လေပေါ်ပျံတက်ကာ ကျောက်တိုင်များအပေါ် လျင်လျင်မြန်မြန် ဆင်းသက်လိုက်ကြသည်။
မျက်လုံးအားလုံးကား သူတို့အပေါ်တွင်။ ဤလူများမှာ ဖြေဆိုသူသုံးသောင်းအကြား ထင်ရှားကျော်ကြားမှုရရှိထားသူများ မဟုတ်ပါလော။ သူတို့သည် သူတို့၏စွမ်းရည်ကို ထည့်တွက်ရင်း စိတ်လှုပ်ရှားမှုများကို မြန်မြန်ဆန်ဆန် ဖုံးကွယ်ကာ ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် အစားထိုးလိုက်သည်။
မန်ဟို မျက်လုံးများ ဖွင့်လိုက်သည်တွင် ၄င်းတို့သည် စူးရှတောက်ပနေ၏။ သူ့ခေါင်းထဲတွင် ရောင်ကိုင်းနေသော နာကျင်မှု ပျောက်ကွယ်သွားပြီဖြစ်သည်။ အပင်နှင့်အသီးအရွက် သဘာဝစွမ်းရည်မှာ ယခုတွင် တစ်သားတည်းဖြစ်သွားပြီး သူ၏ ပြည့်စုံသော အစိတ်အပိုင်းတစ်ခု ဖြစ်လာခဲ့လေပြီ။
" ငါ ဆေးဝါးကျွမ်းကျင်ပညာရှင် ဖြစ်ရမယ်" သူက ခိုင်မာပြတ်သားမှုဖြင့် မျက်လုံးများ တောက်ပနေရင်း ပြောသည်။ သူသည် ထရပ်ပြီး ရှေ့လှမ်းလိုက်ကာ နောက်ဆုံးကျောက်တိုင်ပေါ်တွင် ဖျတ်ခနဲ ပြန်ပေါ်လာသည်။ ချက်ချင်းပင် စကားသံများ ငြိမ်ကျသွားပြီး အကုန်လုံး တိတ်ဆိတ်သွားသည်။ မရေမတွက်နိုင်သော အကြည့်များ သူ့အပေါ်တွင် စုဆုံလာသည်။ လူတိုင်း..... မည်သူ ဆေးဝါးကျွမ်းကျင်ပညာရှင်အဖြစ် အဆင့်တက်သွားမည်ကို ယနေ့တွင် ကိုယ်တိုင် မြင်တွေ့ရပေတော့မည်။
ဆေးဝါးကျွမ်းကျင်ပညာရှင်ဖြစ်လာသည့် မည်သူမဆို ဆေးဝါးအတတ်သင် တစ်သိန်းအထက်သို့ ချက်ချင်း တက်သွားမည်ဖြစ်သည်။
ရာထူးအဆင့်အတန်း၊ ဂိုဏ်းမှ လစာနှင့် နာမည်ဂုဏ်သတင်းအရ ဤပုဂ္ဂိုလ်သည် ဆေးဝါးအတတ်သင်များနှင့် တစ်ဆင့်တည်းဖြစ်တော့မည်မဟုတ်ပေ။ ဆေးဝါးအတတ်သင် နှင့် ဆေးဝါးကျွမ်းကျင်ပညာရှင်ကြားရှိ ကွာခြားမှုမှာ မိုးနှင့်မြေပမာပင်။ ဇီယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးတွင် ဆေးဝါးကျွမ်းကျင်ပညာရှင် တစ်ထောင်သာ ရှိသည် မဟုတ်ပါလော။ နောက်ပိုင်း တစ်ယောက်ယောက် ဆေးပေါင်းဖိုဘုရင်အဆင့်ကို ရောက်ရှိခဲ့လျှင် သူသည် တောင်ပိုင်းဒေသတစ်ခွင်လုံးအား ကိုင်လှုပ်နိုင်မည်ဖြစ်သည်။ မည်သည့်ဆေးပေါင်းဖိုဘုရင်မဆို ဆေးဝါးတာအိုတွင် အလွန်မြင့်မားသော အဆင့်အတန်းကို သိမ်းပိုက်ထားသည်။ ဇီယွင်ဂိုဏ်းအတွင်း ဖြစ်စေ၊ အပြင်လောကတွင် ဖြစ်စေ၊ သူတို့သည် အဆုံးအစွန်ထိ ရိုသေလေးစားခြင်း ခံရမည် ဖြစ်သည်။
ဇီယွင်ဂိုဏ်းတစ်ဂိုဏ်းလုံးတွင်ပင် လောလောဆယ်၌ ဆေးပေါင်းဖိုဘုရင်တစ်ရာသာ ရှိသည်။
ထိုအဖွဲ့ထဲက ရှစ်ယောက်က ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များဖြစ်သည်။ သူတို့သည် ဆေးဝါးတာအို၏ အထွတ်အထိပ် ကိုယ်စားပြုများအဖြစ် မဟာအကြီးအကဲ ဆေးဝါးပညာရှင် သုံးဦး၏ အောက်နားလေးတွင်သာ တည်ရှိသည်။ ဂိုဏ်းကြီးများနှင့် မျိုးနွယ်စုအားလုံး ဤအဖွဲ့ထဲက တစ်ယောက်ယောက်ကို သူတို့နှင့် ပူးပေါင်းစေကြချင်ကြသည်။ တစ်ယောက်ရှိရုံနှင့် အများကြီး ရိုသေလေးစားမှု ခံယူရမည်မဟုတ်ပါလော။
မန်ဟို ကျောက်တိုင်အပေါ် ခြေချလိုက်သည်ကို လူတိုင်း စောင့်ကြည့်နေကြသည်။ ဝမ်ဖန်မင်းနှင့် အခြားခုနစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ အဘိုးကြီးများထဲမှ တစ်ယောက်က လက်ကို မြှောက်ကာ ဆေးပေါင်းဖို၏မျက်နှာပြင်အပေါ်သို့ ဖိချလိုက်သည်။ ၄င်းမှ တဝီဝီမြည်သံများ ထွက်ပေါ်လာပြီးနောက် အဖုံး ပွင့်သွားသည်။ အလင်းတန်းဆယ်တန်း တဟုန်ထိုး ထိုးတက်သွားပြီး လေလယ်တွင် ရပ်လိုက်သည်။
အလင်းစက်လုံးများမှာ ဝေဝါးပြီး မပီသသဖြင့် အထဲတွင် ရှိနေသည့်အရာကို မမြင်ရပေ။
" မတူညီတဲ့ ဆေးပင်မျိုးစေ့ ဆယ့်စေ့၊ အမျိုးအစားမတူဘူး။ ဖြေဆိုသူတို့ ၊ ရွေးချယ်ကြပါ။ အစေ့တွေကို အရွယ်ရောက်ဆုံးအဆင့်အထိ ဓာတ်ကူပေးနိုင်တဲ့ ဘယ်သူမဆို ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်လာမယ်"
မန်ဟိုမှလွဲ၍ ကျောက်တိုင်များပေါ်ရှိ လူတိုင်း၏မျက်လုံးများ တောက်ပလင်းလက်လာသည်။ သူတို့က ဝိုးတိုးဝါးတား ဆေးပင်မျိုးစေ့ဆယ်စေ့ကို မော့ကြည့်လိုက်သည်။ ၄င်းတို့မှာ မည်သည့်အရာဖြစ်ကြောင်း မပြောနိုင်သည့်အတွက် ဖြေဆိုသူကိုးဦးကို တွန့်ဆုတ်နေစေသည်။ ထို့နောက် သူတို့ထဲက တစ်ယောက်၏မျက်လုံးများ စိတ်ပိုင်းဖြတ်လိုက်မှုဖြင့် တောက်ပသွားသည်။ သူက လက်ကို မြှောက်ပြီး ဖမ်းဆုပ်သည့်လှုပ်ရှားမှုလုပ်လိုက်ရာ အလင်းစက်လုံးတစ်လုံး သူ့လက်ထဲ ပြေးဝင်လာသည်။ ၄င်းက အပြာရောင်အစေ့အဖြစ် ပြောင်းသွားသည်။
အခြား ဖြေဆိုသူရှစ်ဦး လှမ်းကြည့်လိုက်သည်။ " ရေပြာပန်းစေ့ပဲ....." ဤပန်းကို ချီအခြေတည်အဆင့်အတွင် အသုံးတည့်သော ဆေးလုံးများ ဖော်စပ်ရန် အသုံးပြုနိုင်သည်။ ၄င်းမှာ ဓာတ်ကူရန် အတော်လေးခက်၏။
အခြားဖြေဆိုသူများလည်း အချိန်မဆွဲတော့ဘဲ လက်မြှောက်၍ အလင်းစက်လုံးအသီးသီးရယူလိုက်ကြသည်။ အလင်းစက်လုံးများ တစ်လုံးပြီးတစ်လုံး သူတို့လက်ထဲ ကျဆင်းလာကြသည်။ သူတို့က အခြားသူများ မည်သည့်အစေ့များ ရသွားလဲ အကဲခတ်ရန် ဘေးဘီဝဲယာကို ကြည့်လိုက်ကြသည်။ တချို့က ဓာတ်ကူရပိုလွယ်ပြီး အချို့က ပိုခက်လေသည်။ သူတို့အားလုံး သိပ်မကွာသည်ကို ထည့်တွက်လျှင် ကံတရားအပေါ်သာ မူတည်မည်ဖြစ်သည်။
လူတိုင်း ရွေးချယ်ပြီးနောက် မန်ဟိုက နောက်ဆုံးအလင်းစက်လုံးကို ယူရန် အေးအေးဆေးဆေး လက်မြှောက်လိုက်သည်။ အလင်းသည် ခဲရောင်အစေ့တစ်စေ့အသွင် ပြောင်းသွား၏။
ပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်များ မန်ဟို့လက်ထဲက အစေ့ကို မြင်သော် ဆူညံပွက်လောရိုက်သွားတော့သည်။ "အဲ့တာ ပြာသစ်ရွက်ပဲ...."
"ဆေးပင် ဆယ်မျိုးထဲမှာ ပြာသစ်ရွက်က ရှုပ်ထွေးမှု အနည်းဆုံးပဲ။ အဲ့ဒီလူ ဖန်မုတော့ တကယ် ကံကောင်းလိုက်တာ..... "
"မင်း အဲ့လို ပြောလို့မရဘူး။ သစ်ရွက်ကို ပြာကျအောင်လုပ်ဖို့ကတော့ သိပ်လွယ်နေတာ မဟုတ်ဘူးကွ....."
စကားသံများ ပွက်လောရိုက်နေစဥ် အခြားပြိုင်ပွဲဝင် ကိုးဦး၏ မျက်နှာများပေါ်တွင် အကြည့်ရဆိုးသော အမူအရာများ ပေါ်လာသည်။ သို့သော် ဘယ်သူမှ ဘာမှမပြောပေ။ မန်ဟိုက နောက်ဆုံးမှ အစေ့ကို ယူခဲ့သည့်အတွက် သူ့တွင် ရွေးချယ်စရာမရှိသည် မဟုတ်ပါလော။ သူတို့ သူ့ကို မသမာနည်းသုံးသည်ဟုဆိုကာ စွပ်စွဲ၍မရပေ။
ဝမ်ဖန်မင်းဘေးတွင် ရပ်နေသော အဘိုးကြီးလည်း ပြာသစ်ရွက်ကို မြင်သောအခါ အံသြသွားး၏။ သူက အခြားအဘိုးကြီးတစ်ယောက်ကို လှမ်းကြည့်လိုက်သော်လည်း ဘာမှမပြောပေ။ ရုတ်တရက် သူက ရင်ပြင်တွင် ဆူညံ့နေသော စကားသံများကို ဖုံးလွှမ်းသွားသည့် အေးအေးစက်စက် အသံကြီးဖြင့် ပြောသည်။ "စတော့"
ချက်ချင်း အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားသည်။ မန်ဟိုနှင့် အခြားကိုးယောက်လုံး သူတို့လက်ထဲရှိ အစေ့များအပေါ် အာရုံစိုက်လိုက်ကြသည်။ သူတို့က စိတ်ဝိညာဥ်စွမ်းအားကို လှည့်ပတ်ပြီးနောက် အရှေ့ဆေးဝါးအဖွဲ့နည်းလမ်းကို သုံးရင်း အစေ့များအား အားဖြည့်ပေးလိုက်ကြသည်။ ဆေးပင်ဓာတ်ကူခြင်းကား စတင်ခဲ့လေပြီ။
အသက်ဆယ်ရှိုက်ကြာပြီးနောက် မန်ဟိုအပါအဝင် ပြိုင်ပွဲဝင်အားလုံး၏ လက်များမှ တဖောက်ဖောက် မြည်သံများ ထွက်ပေါ်လာသည်။ အညှောင့်များ ထွက်လာပြီး ရှေ့နောက် ညင်သာစွာ ယိမ်းနွဲ့ကာ တဖြေးဖြေး မြင့်တက်လာကြသည်။
မန်ဟိုသည် သူ၏ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားကို ဖြည်းဖြည်းချင်း ထည့်သွင်းနေရင်း အပြည့်အဝ အာရုံစူးစိုက်ထား၏။ သူက တစ်စက်လေးပင် အလဟဿမဖြစ်စေပေ။ ဤအာရုံစုစည်းခြင်းနည်းလမ်းသည် သွေးအင်မိုတယ် အမွေအနှစ်ပြိုင်ပွဲတွင် သူ သင်ယူလေ့လာခဲ့သောအရာဖြစ်သည်။ ဇီယွင်ဂိုဏ်းတွင် ရှိခဲ့သည့် လများအတောအတွင်း သူသည် ဤနည်းလမ်းအား နေ့စဥ်နေ့တိုင်း လေ့ကျင့်ခဲ့သည်။ အထူးသဖြင့် လီတောက်နှင့်အလုပ်လုပ်ရသော အချိန်များတွင် ဖြစ်သည်။ သူက အစေ့ထဲသို့ စိတ်ဝိညာဥ်စွမ်းအင်များ အလေအလွင့်မရှိစေဘဲ ထည့်သွင်းနေသည်။ မကြာမီ နှစ်လက်မခန့် အမြင့်ရှိသော အစိမ်းရောင်အရွက်ခုနစ်ရွက်နှင့် ခဲရောင်ဆေးပင်တစ်ပင် သူ့လက်ထဲတွင် ပေါ်လာ၏။
၄င်း ကြီးထွားလာစဥ် ခဲရောင်အကြောများ သစ်ရွက်အတွင်း ပေါ်ပေါက်လာသည်။ "အရွက်တွေ ခဲရောင်အတိ ပြောင်းသွားရင် အပင် အပြည့်အဝ အရွယ်ရောက်လာပြီလို့ ဆိုလိုတယ်။ နောက်ဆုံးမှာ အရွက်တွေက ပြာကျသွားမယ်။ အဲ့ဒီပြာက ဆေးဖက်ဝင်ပါဝင်ပစ္စည်းအဖြစ် အသုံးပြုရတဲ့ အပင်၏ စစ်မှန်တဲ့ အဆီအနှစ်ဖြစ်တယ်" ဤဆေးပင်နှင့်ပတ်သက်သော အချက်အလက်နှင့်အတူ မျိုးစပ်မျိုးကွဲဆယ်မျိုး ပေါ်ပေါက်လာသည်။
အပင်သည် ပို၍မြင့်မားလာသည်။ ယခုတွင် သုံးလက်မအမြင့်ရှိနေပြီဖြစ်ပြီး အရွက်များမှာ တစ်ဝက်ခန့် ခဲရောင်သမ်းနေလေပြီ။ ၄င်းမှာ တကယ်တမ်း ပြာသစ်ပင်တစ်ပင် ရှိနိုင်သော အရွက်အရေအတွက်အများဆုံးဖြစ်သည့် စုစုပေါင်း အရွက် ဆယ့်နှစ်ရွက်ပင် ရှိနေ၏။
အခြားပြိုင်ပွဲဝင်ကိုးယောက်မှာမူ သူတို့၏အပင်များအား ခြောက်ဆယ်ရာခိုင်နှုန်းကျော် ကြီးထွားအောင် မစွမ်းဆောင်နိုင်သေးပေ။ သူတို့၏အပင်များက မန်ဟို့အပင်ကဲ့သို့ အရွယ်မရောက်သေးကြောင်း သိသာသည်။
သူတို့၏မျက်နှာများ မည်းမှောင်နေပြီး မကျေနပ်မှုများဖြင့် ပြည့်နေသည်။ ပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်များပင်လျှင် သက်ပြင်းချလိုက်ကြသည်။ သူတို့ အသိအမြင်အရ မန်ဟို့ဆေးပင်က သာနေလေသည်။
"ဒီစာမေးပွဲက မတရားဘူး......
"အဲ့ဒီဖန်မုသာ ပြာသစ်ရွက်မဟုတ်ဘဲ တခြားဟာရရင် ဒီလောက် လွယ်နိုင်မှာ မဟုတ်ဘူး....."
"ဒါက မတရားတာ မဟုတ်ဘူး။ ပြာသစ်ရွက်က ဖန်မုရဲ့ စိတ်ဝိညာဥ်စွမ်းအင်နဲ့ တော်တော်လေး သင့်တော်နေတာလေးပဲ။ တခြားတစ်ယောက် အဲ့တာရရင် ဒီလောက်လွယ်နေမှာမဟုတ်ဘူး။ အဲ့ဒီအပင်ကို ကြီးထွားအောင်လုပ်တာက မရိုးရှင်းဘူးလေ။ တကယ်တမ်းပြောရရင် သစ်ရွက်တွေကို ပြာကျစေဖို့က အခြားဆေးပင်တွေထက် စိတ်ဝိညာဥ်စွမ်းအင် ပိုတောင် ကုန်သေးတယ်"
အသံများ ပဲ့တင်ထပ်လာသည်။ မန်ဟို့လက်ထဲက ပြာသစ်ပင်မှာ ဖောက်ခနဲ မြည်သံတစ်သံ ထွက်လာသည်။ ၄င်းမှာ လောင်ကျွမ်းနေပုံရသည်။ ခဲရောင်မီးတောက်သည် ၄င်းကို လွှမ်းခြုံသွားပြီးနောက် ခဲပြာများ လွင့်လာသည်။
ဤသို့ဖြစ်ပျက်သွားသောအခါ ပြိုင်ပွဲကိုးဦး၏ မျက်နှာများ တင်းမာခက်ထန်သွားသည်။ သူတို့က ရဲတွက်နေသော မျက်လုံးများဖြင့် ဝမ်ဖန်မင်းနှင့် အခြားသူများကို မချင့်မရဲ ကြည့်လိုက်ကြသည်။ သူတို့က ကြောက်ကြောက်ရွံ့ရွံ့နှင့် စောဒကတတ်လာကြသည်။
"စီနီယာကြီးတို့၊ ဒါ မတရားဘူး"
" ဖန်မုရတဲ့ ပြာသစ်ရွက်က ကျုပ် ဆေးပင်ထက် ပိုရိုးရှင်းတယ်။ ကျုပ်သာ ပြာသစ်ရွက်ရရင် အဲ့လိုလုပ်နိုင်မှာပဲ"
"ကျုပ်တို့ အဆင့်တက်ဖို့ အခွင့်အရေးလေးတစ်ခုအတွက် နှစ်ပေါင်းများစွာ အပတ်တကုပ် ကြိုးစားခဲ့ရတာ။ ကျွမ်းကျင်မှုကြောင့်မဟုတ်ဘဲ၊ ကံတရားကြောင့် ကျုပ်တို့ ရှုံးနိမ့်ရမယ်လို့တော့ မပြောနဲ့နော်။ အကြီးအကဲတို့ ၊ ဒါ တကယ် မတရားဘူး"
"ကျေးဇူးပြုပြီး လူတိုင်းကို ဆေးပင်အတူတူပေးပြီး ဒုတိယအဆင့် ပြန်စပေးပါ။ ကျုပ်တို့ မအောင်မြင်ရင် အရှိအတိုင်း လက်ခံပေးမယ်"
***