← Chapters

ဆေးဝါးကျွမ်းကျင်ပညာရှင်အဆင့်တက်ခြင်း

Vol. 16 Ch. 220

ဆေးဝါးကျွမ်းကျင်ပညာရှင်အဆင့်တက်ခြင်း

Vol. 16 Ch. 220

ထိုစဥ် ရင်ပြင်၏အပြင်ဘက်၊ အရှေ့ဆေးဝါးအဖွဲ့ရှိ တောင်ထိပ်တစ်ခုအပေါ်တွင် ချူယွီယန်၏ ဆရာ၊ ဇီယွင်ဂိုဏ်း၏ မဟာအကြီးအကဲ ဆေးလုံးမိစ္ဆာက ဆေးပေါင်းဖိုမှ အကြည့်လွှဲပြီး လက်မြှောက်လိုက်သည်။ သူ့လက်ဖဝါးပေါ်တွင်ကား ခဲရောင်အမှုန် သေးသေးလေး တစ်ပုံ။

ဤသည်မှာ မန်ဟို စောစောက ဓာတ်ကူပေးခဲ့သဖြင့် လောင်ကျွမ်းသွားသော ပြာသစ်ရွက်မှ ပြာတချို့ ဖြစ်သည်။

ဆေးလုံးမိစ္ဆာက လက်မြှောက်ပြီး အလေးအနက်တွေးနေသော မျက်လုံးများဖြင့် ၄င်းကို အနီးကပ် စစ်ဆေးကြည့်ရှုလိုက်သည်။ ထို့နောက် သူက လက်ကို ဝှေ့ယမ်းလိုက်ရာ ပြာများ လွင့်စင်ပျောက်ကွယ်သွားသည်။

"စိတ်ဝိညာဥ်စွမ်းအား အလေအလွင့်မရှိဘူးပဲ....." သူက တခဏကြာသော် ခပ်တိုးတိုး ရေရွတ်လိုက်သည်။

အောက်ဘက် ရင်ပြင်တွင် ချူယွီယန်သည် စောဒကတက်နေသော နောက်ဆုံးဖြေဆိုသူ ကိုးယောက်နဲ့အတူ မန်ဟို့ကို စောင့်ကြည့်နေသည်။ မည်သည့်အတွက်ကြောင့် မသိသော်လည်း ယခု ဖြစ်ပျက်နေသည်ကို သူမ အတော်လေး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေမိ၏။ ဖန်မုကို ပြစ်တင်ဝေဖန်နေသံများက သူမအတွက် အတိုင်းထက်အလွန် နားထောင်ကောင်းနေသည်။

အခြားပြိုင်ပွဲဝင်ကိုးယောက် ထပ်တလဲလဲ တောင်းဆိုနေသဖြင့် ဝမ်ဖန်မင်းနှင့် အခြားခုနစ်ယောက် မျက်မှောင်ကြုတ်လျက် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ တခဏ ဆွေးနွေးပြီးနောက် ဝမ်ဖန်မင်း မတ်တပ်ရပ်လိုက်သည်။

အရာအားလုံး တိတ်ဆိတ်ငြိမ်သက်သွား၏။

"မင်းတို့ အားလုံး တကယ် လက်ခံယုံကြည်ချင်တယ်ဆိုရင် ၊ ဖန်မု မင်းကော ပြန်စဖို့ သဘောတူလား"

မန်ဟို ပြုံးလိုက်သည်။ သူက ဘာမှမပြောဘဲ ခေါင်းသာညိတ်ပြုလိုက်၏။

ဝမ်ဖန်မင်းက လေးစားစွာဖြင့် ပြန်ခေါင်းညိတ်ပြသည်။ "သိပ်ကောင်းတယ်။ ဒါဆိုရင် ငါတို့ ဒီအဆင့်ကို ပြန်စမယ်။ ဒီတစ်ခေါက် မင်းတို့ ဆယ်ယောက်လုံး ဆေးပင်အမျိုးအစား တစ်မျိုးတည်းရလိမ့်မယ်။ မနိုင်တဲ့သူတွေအတွက် စောဒကတက်ခွင့်မရှိဘူး"  သူက ညာလက်ကို ဝှေ့ယမ်းလိုက်ရာ တူညီသော အစေ့ဆယ်စေ့ မန်ဟိုနှင့် အခြားသူများထံ ပျံသန်းလာသည်။

အစေ့များသည် ကြက်သွေးရောင်ရှိပြီး အပင်ကဲ့သို့ ချီတစ်ခုကို ထုတ်လွှတ်နေသည်။

"ကြက်သွေးရောင် ဝိညာဥ်ပင်ပျို" မန်ဟိုက မျက်လုံးများ တဖျပ်ဖျပ်လက်နေရင်း တွေးသည်။ အခြားဖြေဆိုသူ ကိုးယောက် ရင်ခုန်သွားကြသည်။ သူတို့က မျက်မှောင်ကြုတ်ပြီး သူတို့အရှေ့ရှိ ကြက်သွေးရောင်အစေ့များကို လေ့လာစစ်ဆေးလိုက်သည်။

လည်ဆန့်၍ ကြည့်နေကြသော စောင့်ကြည့်နေသူများထံမှ ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာသည်။

"ကြက်သွေးရောင် ဝိညာဥ်ပင်ပျို။ အဲ့တာ ချီအခြေတည်ခြင်း မဟာရပ်ဝန်းအဆင့်အတွက် အသုံးဝင်တဲ့ ဆေးပင်တစ်ပင်ပဲ။ သူ့မှာ မီးအမျိုးအစားရှိပုံရပေမယ့် တကယ်တမ်း စိတ်ဝိညာဥ်စွမ်းအင်အမျိုးအစားအကုန် သုံးပြီး အားဖြည့်ပေးလို့ရတယ်"

"ငါတို့ ကျင့်ကြံခြင်းအခြေခံကို ထည့်တွက်ရင် အဲ့လို ဆေးပင်မျိုးကို ဓာတ်ကူပေးဖို့က အရမ်း ခက်ခဲလွန်းတယ်......"

ကျောက်တိုင်များအပေါ်တွင် မန်ဟိုမှတစ်ပါး အခြားပြိုင်ပွဲဝင်များအားလုံး တခဏ တုံ့ဆိုင်းနေပြီးနောက် အံတင်းတင်းကြိတ်ကာ သူတို့အရှေ့တွင် လွင့်မျောနေသော အစေ့များကို ဖမ်းယူလိုက်သည်။ ထို့နောက် သူတို့သည် ကျင့်ကြံခြင်းအခြေခံမှ စွမ်းအားအလုံးစုံ သုံးရင်း ဓာတ်ကူခြင်း စတင် လိုက်ကြသည်။

မန်ဟိုက အစေ့ကို လှမ်းယူလိုက်သည်။ သူက ၄င်းကို အနီးကပ်ကြည့်ပြီးနောက် မျက်လုံးများ ခဏမှိတ်လိုက်သည်။ သူ ပြန်ဖွင့်လိုက်သောအခါ ခရမ်းရောင်အလင်းတစ်ခုသည် ကြက်သွေးရောင်အစေ့ကို ဝိုင်းပတ်ရင်း သူ့လက်ထဲတွင် ပေါ်လာ၏။ စိတ်ဝိညာဥ်စွမ်းအား ထွက်ပေါ်လာပြီး ဓာတ်ကူခြင်း စတင်လေပြီ။

အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာမြင့်ပြီးနောက် ကျောက်တိုင်ပေါ်ရှိ သက်လတ်ပိုင်းလူတစ်ယောက် ချွေးတဖြိုက်ဖြိုက် ကျလာသည်။ သူ၏မျက်နှာ ဖြူဆုပ်နေပြီး သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သို့သော် သူက အံတင်းတင်းကြိတ်ပြီး သိုလှောင်အိတ်ကို ပုတ်ကာ ဝိညာဥ်ကျောက်တုံးတစ်တုံး ထုတ်လိုက်သည်။ သူက ဝိညာဥ်ကျောက်တုံးကို လက်တစ်ဖက်ဖြင့် ကိုင်၍ အခြားတစ်ဖက်တွင် ကြက်သွေးရောင်ဝိညာဥ်ပင်ပေါက်ကို ဓာတ်ကူပေးနေသည်။

ပြိုင်ပွဲဝင် တစ်ယောက်ပြီး တစ်ယောက် ထိုနည်းအတိုင်း ပြုမူလာကြသည်။ တစ်နာရီ ကုန်လွန်သွားလေပြီ။ မကြာခင် မန်ဟိုမှအပ ပြိုင်ပွဲဝင်အားလုံး အပင်များအား ဓာတ်ကူရန် ဝိညာဥ်ကျောက်တုံးများအပေါ် မှီခိုနေကြရသည်။ တစ်ယောက်ချင်းစီတိုင်း မျက်လုံးများ နီရဲပြီး မျက်နှာများ ဖြူဆုပ်နေကြသည်။

မန်ဟိုတစ်ယောက်သာလျှင် ယခင်အတိုင်း တည်ငြိမ်လျက်သာ။ သူက ကြက်သွေးရောင် ဝိညာဥ်ပင်ပျိုအပေါ် မမှိတ်မသုန် အာရုံစိုက်ရင်း သူ၏ စိတ်ဝိညာဥ်စွမ်းအားကို ဂရုတစိုက် ထိန်းချုပ်နေသည်။ ၄င်းကား တစ်စက်လေးပင် စိမ့်ထွက်လာခြင်းမရှိ။ အကုန်လုံး ကြက်သွေးရောင်ဝိညာဥ်ပင်ပျို အတွင်း စီးဝင်နေကြသည်။

သိသာထင်ရှားစွာပင် ပြိုင်ပွဲဝင်တစ်ယောက်မှ ထိုကဲ့သို့ မလုပ်နိုင်ပေ။ အပင်များ အာဟာရဖြစ်စေရန် သူတို့ ပေးပို့နေသည့် စိတ်ဝိညာဥ်စွမ်းအင်များအနက် တကယ်တမ်း သုံးဆယ်ရာခိုင်နှုန်းသာ အသုံးပြုခံရလေသည်။

နောက်တစ်နာရီ ကုန်လွန်သွားသည်။ ပထမဆုံး ဝိညာဥ်ကျောက်တုံး ထုတ်ခဲ့သည့်လူမှာ ရုတ်တရက် ဒယိမ်းဒယိုင် ဖြစ်သွား၏။ သူက စက္ကူသဖွယ် ဖြူဆုပ်နေသော မျက်နှာဖြင့် သွေးတစ်ပွက်အန်ပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ သူက လက်ထဲရှိ အစေ့ကို တိတ်ဆိတ်စွာ ကြည့်နေသည်။ သူ့မှာ စွမ်းအားအလုံးစုံ သုံးစွဲခဲ့သည့်တိုင် အညှောင့်ကလေး တစ်ညှောင့်ပင် ထွက်အောင် မလုပ်နိုင်ခဲ့ပေ။

သူက ခါးသီးစွာ ခေါင်းခါပြီး နုတ်ထွက်ရန် ရွေးချယ်လိုက်သည်။

သိပ်မကြာခင် ဒုတိယ၊ တတိယနှင့် စတုတ္ထပြိုင်ပွဲဝင်တို့ ထွက်သွားကြသည်။ ဓာတ်ကူခြင်းအဆင့် နှစ်နာရီကျော် ကုန်ဆုံးသွားသည့် အချိန်တွင် ငါးယောက်သာ ကျန်ခဲ့သည်။

ထိုစဥ် ဖောက်ခနဲ အသံထွက်လာသဖြင့် လူတိုင်းကို မန်ဟို၏ ညာလက်ထံ လှမ်းကြည့်မိလိုက်စေသည်။ ထိုနေရာ၊ သူ၏လက်ဝါးထဲတွင် ကြက်သွေးရောင်ဝိညာဥ်ပင်ပျိုမှ ရုတ်တရက် အညှောင့်တစ်ညှောင့် ထွက်လာသည်။

အချိန်အနည်းငယ်ကြာသော် အခြား ပြိုင်ပွဲဝင်တစ်ယောက်၏ အစေ့မှ အညှောင့်ထွက်လာသည်။ ဤအစေ့သည် ပထမအဆင့်စာမေးပွဲတုန်းက မန်ဟိုမှလွဲ၍  အခြားသူအားလုံးထက် ပိုကြာကြာခံခဲ့သော လူနှင့် သက်ဆိုင်သည်။

သူက အတော်လေး အရုပ်ဆိုးနေသော မျက်နှာထားဖြင့် ဝိညာဥ်ကျောက်တုံးကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး မန်ဟို့ကို ခက်ထန်စွာ ကြည့်သည်။

အခြားပြိုင်ပွဲဝင်သုံးယောက်မှာမူ မျက်နှာများ ဖြူဆုပ်နေကြသည်။ သူတို့မှာ တတ်နိုင်သမျှ အစွမ်းကုန်ထုတ်ပြီးသည့်တိုင် ကြက်သွေးရောင်ဝိညာဥ်ပင်ပျိုကို အညှောင့်ထွက်အောင် မလုပ်နိုင်သေးပေ။ သူတို့အားလုံး နှုတ်ထွက်သွားကြသည်။

စစ်မှန်သော ဒုတိယအဆင့် စာမေးပွဲ ရောက်ရှိလာခဲ့လေပြီ။ ထပ်မံ၍ သက်လတ်ပိုင်းလူ နှင့် မန်ဟို့အကြား တိုက်ပွဲဖြစ်ပြန်သည်။

"ငါ စာမေးပွဲရဲ့ ဒီအဆင့်အတွက် ဝိညာဥ်ကျောက်တုံးတွေ အများကြီး ပြင်ဆင်ထားတယ်" သက်လတ်ပိုင်းလူက မျက်လုံးများ ရဲတွတ်နေလျက် ပြောသည်။ "ငါ မင်းကို ဘယ်နည်းနဲ့မှ မရှုံးနိုင်ဘူး" သူ ရပ်နေသည့် ကျောက်တိုင်သည် မန်ဟိုထံမှ ဆန့်ကျင်ဘက် တည့်တည့်တွင် တည်ရှိ၏။ သူက ခေါင်းမော့ပြီး မန်ဟို့ကို စိန်းစိန်းဝါးဝါး ကြည့်သည်။ ထို့နောက် သူ့နဖူးအပေါ် ဖိချလိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံ ရုတ်တရက် တဟုန်ထိုး မြင့်တက်လာသဖြင့် ထစ်ချုန်းသံကြီးတစ်သံ လေတွင် ပြည့်နှက်သွားသည်။

၄င်းက စဦးချီဖွဲ့စည်းမှုအဆင့် ၈ မှ အဆင့် ၉၊ စဦးချီဖွဲ့စည်းမှု မဟာရပ်ဝန်းသို့ ခုန်တက်သွားသည်။ သူသည် နောက်ဆုံး ဓာတ်ကူခြင်းစာမေးပွဲမှ စွမ်းအားအစစ်အမှန်ကို ထုတ်ဖော်မည့် ရည်ရွယ်ချက်ဖြင့် သူ၏ကျင့်ကြံခြင်းအခြေခံကို တစ်ချိန်လုံး ဖိနှိပ်ထားကြောင်း သိသာသည်။ ဤနည်းအားဖြင့် မည်သည့်ပြိုင်ဖက်ကိုမဆို ဖယ်ရှားရန် ခြေလှမ်းလှမ်းရုံသာ လိုအပ်ပေမည်။

ထိုလူ၏ကျင့်ကြံခြင်းအခြေခံ ရုတ်တရက် ပေါက်ကွဲထွက်သောအခါ စောင့်ကြည့်နေသူများအားလုံး အုတ်အုတ်ကျက်ကျက် ဖြစ်သွားသည်။ တစ်ချိန်တည်းမှာပင် အရှေ့ရှိ ကြက်သွေးရောင်ဝိညာဥ်ပင်ပျိုသည် တဖြေးဖြေး ကြီးထွားလာ၏။

မန်ဟို၏ အမူအရာမှာတော့ ယခင်အတိုင်းသာ။ သူသည် သူ၏ ချီအခြေတည်အဆင့် ကျင့်ကြံခြင်းအခြေခံကို အသုံးမပြုဘဲ ကြက်သွေးရောင်ဝိညာဥ်ပင်ပျိုကို ဓာတ်ကူရန် စဦးချီဖွဲ့စည်းမှုအဆင့်၏ စိတ်ဝိညာဥ်စွမ်းအားကိုသာ မှီခိုအားထားနေသည်။ သူက သက်လတ်ပိုင်းလူကို လျစ်လျူရှုထားပြီး အမှန်တွင် ဓာတ်ကူခြင်းအပေါ်သာ အာရုံအပြည့်အဝစိုက်ရန် မျက်လုံးများပိတ်လိုက်သည်။

အချိန်များ ထပ်မံ ကုန်လွန်သွား၏။ ကြက်သွေးရောင်ဝိညာဥ်ပင်ပျို နှစ်ပင်လုံး ဆက်လက်မြင့်မားလာနေသည်။ ယခုတွင် နှစ်ပင်လုံးကား လူတစ်ယောက်အရပ် ရှိနေလေပြီ။

သက်လတ်ပိုင်းလူ၏ ခန္ဓာကိုယ် တုန်ရီနေပြီး သူ့မျက်နှာထက်တွင် သွေးကြောများ ထောင်နေသည်။ သူ့မှာ ဝိညာဥ်ကျောက်တုံး မည်မျှသုံးခဲ့ပြီးသည်လဲ မမှတ်မိတော့သည့်အပြင် အရူးသဖွယ် ဖြစ်လာနေကြောင်း ခံစားလိုက်ရသည်။ ဝိညာဥ်ကျောက်တုံး တစ်တုံး သုံးစွဲပြီးသည်နှင့်တစ်ပြိုင်နက် သူက နောက်တစ်တုံး ထုတ်မည်ဖြစ်သည်။ သူ၏ချီစီးဆင်းမှူ လမ်းကြောင်းများမှာ ဒဏ်မခံနိုင်တော့ပုံရသော်လည်း သူက ၄င်းတို့ကို လျစ်လျူထားသည်။ ခိုင်မာပြတ်သားသောစိတ်ဆန္ဒက သူ၏မျက်လုံးများတွင် ပြည့်နှက်နေ၏။  သူ မဖြစ်မနေ အနိုင်ရရမည်။ သူ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်ကို ဖြစ်လာရမည်။ ထို့အတွက် သူ မည်သည့်အရာကိုမဆို ပေးဆပ်မည်။

နောက်ဆုံး၌ သူ့ပါးစပ်မှ သွေးများ ပန်းထွက်သွားပြီး သူ၏ ခန္ဓာကိုယ် ပြင်းပြင်းထန်ထန် တုန်ရီနေချိန်မှာပင် သူက အဆင့်ကျလာနေသော သူ၏ကျင့်ကြံခြင်းအခြေခံကို အားကုန်ထုတ်လိုက်သည်။ သူ၏ အသက်စွမ်းအားမှ အရင်းခံသော စိတ်ဝိညာဥ်စွမ်းအင်သည် ကြက်သွေးရောင်ဝိညာဥ်ပင်ပျိုကို ဓာတ်ကူရန် စီးထွက်သွားသည်။ ဤသည်က အပင်ကို ချက်ချင်းပင် သုံးမီတာ ကြီးထွားလာစေသည်။ ယခုတွင် ၄င်းသည် အပင်ပေါက်တစ်ပင်နှင့် မတူတော့ဘဲ သစ်ပင်တစ်ပင် ဖြစ်နေလေပြီ။ သက်လတ်ပိုင်းလူမှာ ဆက်မတတ်နိုင်တော့သဖြင့် နောက်သို့ ခြေလှမ်းအနည်းငယ် ယိမ်းယိုင်သွားသည်။ သူ့မှာ အသက်ကိုပင် စွန့်စားခဲ့ပြီးဖြစ်၍ ရှေ့ဆက်သွားပါက အသက်ပေးလိုက်ရတော့မည် ဖြစ်သည်။

သူ၏ ချီစီးဆင်းမှုလမ်းကြောင်းများမှာ မီးဖြင့်အလား လောင်ကျွမ်းလာရာ သူ့တစ်ကိုယ်လုံးကို အကြောဆွဲသွားစေသည်။ ချွေးသီးချွေးပေါက်များ စီးကျလာပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ ဆက်လက်နိမ့်ဆင်းလာနေ၏။ သို့သော် သူ၏မျက်လုံးများကတော့ ထောင်လွှားမောက်မှုဖြင့် တောက်ပနေသည်။

ပတ်ဝန်းကျင်ရှိ ဆေးဝါးအတတ်သင်များအကြားတွင် အံသြတကြီးရေရွတ်သံများ ရုတ်ခြည်း ပွက်လောရိုက်သွားသည်။ ဝမ်ဖန်မင်းနှင့် အခြားသူများပင် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ ချူယွီယန် ခေါင်းညွှတ်လိုက်သည်။ သိသာစွာပင် သူ လုပ်ဆောင်ခဲ့သည့်အရာက တော်ရုံအံ့သြစရာမဟုတ်ပေ။

"ငါ့ ကြက်သွေးရောင်ဝိညာဥ်ပင်ပျိုက အခု သစ်ပင်ဖြစ်တဲ့အထိ ကြီးထွားလာခဲ့ပြီ။ မင်းရဲ့ အပင်က ငါအပင်ရဲ့ ခုနစ်ဆယ်ရာခိုင်နှုန်းလောက်တောင် မမြင့်သေးဘူး။ မင်း အခု ဆေးဝါးကျွမ်းကျင်ပညာရှင်အဆင့်ကို ယူနိုင်မလား ကြည့်ကြတာပေါ့"

မန်ဟိုက သက်လတ်ပိုင်းလူကို ပထမဆုံးအနေဖြင့် လှမ်းကြည့်သည်။ "ကျုပ် အခုထိ မပြီးသေးဘူး" သူက အေးစက်စွာ ပြောသည်။ သူ့လက်ထဲရှိ ကြက်သွေးရောင်ဝိညာဥ်ပင်ပျိုမှာ တဖြေးဖြေး ပိုပိုမြင့်တက်လာသည်။ သက်လတ်ပိုင်းလူ အပင်အမြင့်၏ ခုနစ်ဆယ်ရာခိုင်နှုန်းမှ ရှစ်ဆယ်ရာခိုင်နှုန်းအထိ ကြီးထွားလာသည်။ ထို့နောက် ကိုးဆယ်ရာခိုင်နှုန်း...... အမွှေးတိုင်တစ်တိုင်ထွန်းစာ ကြာချိန်အတွင်း သက်လတ်ပိုင်းလူ၏ မျက်နှာမှာ ဖျော့သဖြင့် ဖျော့လာသည်။ သူ့တစ်ကိုယ်လုံး တုန်ရီနေပြီး သူ၏မျက်လုံးများမှာ မယုံနိုင်မှုများ ပြည့်နေသည်။ မန်ဟို၏ ကြက်သွေးရောင်ဝိညာဥ်ပင်ပျိုမှာ ယခုတွင် သူ့ထက် သုံးမီတာပိုမြင့်သွားလေပြီ။

အရာအားလုံး လုံးဝ တိတ်ဆိတ်နေသည်။ လူတိုင်းမှာ မန်ဟို့ကို တွေတွေကြီးသာ စိုက်ကြည့်နေကြသည်။ သူတို့မှာ ပထမအဆင့်မှာတင် သူ၏သဘာဝစွမ်းရည်ကြောင့် အံ့အားသင့်ခဲ့ရသည်။ ယခု ဓာတ်ကူခြင်းဆိုင်ရာ ကျွမ်းကျင်မှုကလည်း လူတိုင်းကို မှင်သက်စွာ စိုက်ကြည့်နေမိစေသည် အထိပင်။

သို့သော် မန်ဟိုက မပြီးဆုံးသေး။ သူက ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် မျက်လုံးများ စူးရှတောက်ပနေလျက် ကြက်သွေးရောင်ဝိညာဥ်ပင်ပျိုကို စိုက်ကြည့်နေသည်။

"ငါ ဆက်ပြီး လုပ်တော့မယ်ဆိုရင်" သူက တွေးသည်။ "အားကုန်ထုတ်ရလိမ့်မယ်။ ငါ ဒီ ဓာတ်ကူနည်းနဲ့ ကြက်သွေးရောင်ဝိညာဥ်ပင်ပျိုကို ကြီးထွားအောင် လုပ်နိုင်မလား တကယ်သိချင်မိတယ်" သူ၏ မျက်လုံးများ တဖျပ်ဖျပ်လက်သွားပြီး ပိုမိုများပြားသော စိတ်ဝိညာဥ်စွမ်းအင်များ သူ့လက်ထဲတွင် ပေါ်လာကာ ကြက်သွေးရောင်ဝိညာဥ်ပင်ပျိုထဲ စီးဝင်သွားသည်။ မှန်ပါသည်။ သူ ချီအခြေတည်အဆင့်စွမ်းအားကို အသုံးမပြုပေ။ သူ ရှေ့ဆက်သွားချင်သော်လည်း သူ့ကိုယ်သူတော့ မမေ့သေးပေ။

ခြောက်မီတာ၊ ကိုးမီတာ.....  တဖြေးဖြေး ကြက်သွေးရောင်ဝိညာဥ်ပင်ပျိုမှာ ဆက်လက် မြင့်တက်မလာတော့ဘဲ ဘေးသို့ ပြန့်ကားလာသည်။ ၄င်းကား အလုံးတုတ်သထက် တုတ်လာပြီးနောက်ဆုံး သစ်ပင်ကြီးတစ်ပင် ဖြစ်သွားလေပြီ။

ဤသစ်ပင်မှာ တစ်ကမ္ဘာလုံး၏ အာရုံကို ဆွဲဆောင်နိုင်လောက်သည်အထိ အံသြစရာမကောင်းလျှင် မကောင်းမည်၊ သို့သော် သေချာပေါက် စာမေးပွဲရာရင်ပြင်တစ်ခုလုံး၏ အာရုံစိုက်ရာ ဖြစ်လာသည်။

မန်ဟိုသည် သစ်ပင်ကို ရုတ်တရက် ပန်းတစ်ပွင့်နှင့်အတူ အသီးတစ်လုံး ထွက်ပေါ်လာသည့် အတိုင်းအတာအထိ ဓာတ်ကူပေးခဲ့လေသည်။ အသီးမှာ ကြက်သွေးရောင်ဝိညာဥ်သစ်သီးဖြစ်ပြီး စိတ်ဝိညာဥ်စွမ်းအင်များ ချက်ချင်း ထုတ်လွှတ်ပေးနေသည်။

ချူယွီယန် ဤအခြင်းအရာကို မြင်သော် မျက်ဝန်းကလေးများ ဝိုင်းစက်ပြူးကျယ်သွားပြီး မယုံနိုင်မှုများဖြင့် ပြည့်နှက်သွားသည်။ ဝမ်ဖန်မင်းနှင့် အခြားအဘိုးကြီးများ ထရပ်လိုက်ကြသည်။ ထူးဆန်းသော အမူအရာများ သူတို့မျက်နှာပေါ်တွင် ပေါ်လာ၏။

"ကြက်သွေးရောင်ဝိညာဥ်ပင်ပျို အပွင့်ပွင့်နေတယ်။ ဝိညာဥ်သစ်သီးလဲ သီးနေပါလား"

"သူက စဦးချီဖွဲ့စည်းမှုအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်တာတောင် ဒါကို လုပ်နိုင်သေးတယ်။ မယုံနိုင်လောက်အောင်ပဲ"

စောင့်ကြည့်နေကြသော ဆေးဝါးအတတ်သင်ထောင်ပေါင်းများစွာမှာ မမြိုသိပ်ထားနိုင်တော့ပေ။ စကားသံများ ချက်ချင်းပင် ကျွတ်ကျွတ်ညံသွားသည်။ မအောင်မြင်ခဲ့သည့် ပြိုင်ပွဲဝင်များအားလုံး ကြောင်တောင်တောင် စိုက်ကြည့်နေကြသည်။ ဆေးဝါးအတတ်သင်များ ဖြစ်သည့်အတွက် ကြက်သွေးရောင်ဝိညာဥ်ပင်ပျို အသီးသီးသည့် အတိုင်းအတာကို သူတို့ကိုယ်တိုင် ကောင်းကောင်းသိကြသည်။

"ကြက်သွေးရောင်ဝိညာဥ်ပင်ပျိုကို ချီအခြေတည်ခြင်း မဟာရပ်ဝန်းအတွက် ဆေးလုံးတွေ သန့်စင်ဖို့ အသုံးပြုနိုင်တယ်။ ဒါပေမယ့် သစ်သီးတွေမှာ အပင်တစ်ပင်လုံးရဲ့ အဆီအနှစ်တွေပါနေတာ။ အဲ့အသီးတွေကိုသုံးပြီး အမြုတေဖြစ်တည်မှု စဦးပိုင်းအဆင့်အတွက် ဆေးလုံးတွေ ဖန်တီးနိုင်တယ်။ "

"ဖန်မု လုပ်ခဲ့တာ ယုံတောင်မယုံနိုင်ဘူး။ ဒီနည်းလမ်းက စဦးချီဖွဲ့စည်းမှုအတွက် သင့်တော်တဲ့ဆေးပင် အမျိုးအစားအားလုံးကို ဓာတ်ကူပေးနိုင်တယ်။ ဒါပေမယ့် အမြုတေဖြစ်တည်မှု အဆင့်အတွက် လိုအပ်တဲ့ ဆေးပင်တွေအပေါ် အသုံးပြုလို့မရဘူး။ ဒါတောင်.... သူက တကယ်ကြီး ကြက်သွေးရောင်ဝိညာဥ်သစ်သီး သီးလာစေတယ်တဲ့လား"

စကားသံများ လေထဲ မျောလွင့်လာစဥ် မန်ဟိုသည် အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ညာလက်ကို ဝှေ့ယမ်းလိုက်သည်။ ကြက်သွေးရောင်ဝိညာဥ်ပင်ပျိုမှာ ၄င်း၏စွမ်းအားရင်းမြစ်ကို ရုတ်တရက် ဆုံးရှုံးလိုက်ရသည့်အလား ရုတ်ခြည်း တုန်ရီလာသည်။ ၄င်းမှာ စတင်ညှိုးနွမ်းလာ၏။ သို့သော် ၄င်း စတင်ညှိုးနွမ်းလာချိန်မှာပင် မန်ဟိုက ဘယ်လက်ဖြင့် ကြက်သွေးရောင်ဝိညာဥ်သစ်သီးကို လှမ်းဖမ်းလိုက်သည်။ သူက တစ်ချက်လေးပင် တုံ့ဆိုင်းမနေဘဲ သိုလှောင်အိတ်ထဲ ထည့်လိုက်၏။

ကိုးမီတာအရှည် ကြက်သွေးရောင်ဝိညာဥ်ပင်ပျိုမှာ ယခုတွင် လုံးဝညှိုးနွမ်းခြောက်ကပ်သွားလေပြီ။ ဆက်လက်ဆူညံပွက်လောရိုက်နေကြချိန် မန်ဟိုက ကျောက်တိုင်အပေါ်မှ ခုန်ချလိုက်သည်။

ဝမ်ဖန်မင်းမှာ အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး မန်ဟို့ကို လေးလေးနက်နက်ကြည့်ကာ ပြောသည်။ "ဒီနေ့ ဆေးဝါးကျွမ်းကျင်ပညာရင်အဆင့်တက်သွားသူက.....  ဖန်မု" သူ၏အသံသည် ရင်ပြင်တစ်လျှောက် ဟိန်းထွက်လာပြီးနော် ဆေးပေါင်းဖိုထဲ ဝင်ရောက်ကာ အရှေ့ဆေးဝါးတစ်ဖွဲ့လုံး၏ ချိုင့်ဝှမ်းများတစ်လျှောက် ပဲ့တင်ထပ်ပုံရသည်။

ဆေးဝါးအတတ်သင်တစ်သိန်းလုံး စကားတစ်လုံးစီကို ပီပီသသကြားလိုက်ရ၏။

***

All Chapters