ဆေးဝါးတာအိုသို့ အသစ်ရောက်ရှိလာသူ
Vol. 16 Ch. 221
အချိန်များ လျှပ်တပြက်ကုန်ဆုံးသွားသည်။ မကြာမီ နှစ်လ ကြာခဲ့လေပြီ။ မန်ဟိုသည် ဒေသ (၁) ချိုင့်ဝှမ်း (၁)တွင် နေထိုင်နေဆဲဖြစ်သည်။ သို့သော် စမ်းချောင်းဘေးတွင် မဟုတ်တော့။ တောင်ကြားဒေသ ဖြစ်နေစေသည့် တောင်တစ်လုံး၏ တောင်တက်လမ်းကျဥ်းလေးတစ်လမ်းပေါ်တွင် ကျင့်ကြံခြင်းဂူတစ်လုံးရှိသည်။
တိမ်တိုက်များက ၄င်း၏ အစိမ်းရောင်ကျောက်တံခါးကို တိုးဝှေ့တိုက်ခတ်နေသည်။ ထိုနေရာတွင် ရပ်နေပါက အောက်ဘက်ရှိ ချိုင့်ဝှမ်းတစ်ခုလုံးကို မြင်နိုင်သည်။ စိတ်ဝိညာဥ်စွမ်းအင် များစွာပို၍ သိပ်သည်းပြီး တောင်အတွင်းတွင် မီးကြောတစ်ကြောရှိသည်။
ဤသည်မှာ မန်ဟို ဆေးဝါးကျွမ်းကျင်ပညာရှင်အဆင့်တက်ပြီးနောက် ပေးအပ်ခံခဲ့ရသော ကျင့်ကြံခြင်းဂူပင်။
ဆေးဝါးကျွမ်းကျင်ပညာရှင်များသာ တောင်ပေါ်ပိုင်းဒေသများတွင် နေထိုင်နိုင်သည်။ ထိုနေရာမှာ ဆေးဝါးအတတ်သင်များထံမှ ခွဲခြားထားပြီး ဆေးဝါးကျွမ်းကျင်ပညာရှင်များအဖြစ် ရရှိသော အထူးအခွင့်အရေးများကို ခံစားနိုင်လေသည်။ ဥပမာအားဖြင့် သူတို့သည် ဆေးဝါးအတတ်သင်များအား လက်ထောက်အဖြစ် ဆောင်ရွက်စေနိုင်သည်။ ထိုမျှသာမက အကျိုးခံစားခွင့်အနေဖြင့် ဂိုဏ်းမှ ဆေးလုံးဖော်စပ်နည်းများနှင့် ဆေးပင်များကိုပင် ရယူနိုင်သည်။
ဆေးဝါးကျွမ်းကျင်ပညာရှင်များ၏ တစ်ခုတည်းသောတာဝန်မှာ လစဥ်ဆေးလုံးဆိုင်ရာခွဲတမ်း ဖြည့်ဆည်းပေးရမည်ဖြစ်သည်။
သာမန်ဆေးပင်များနှင့် ဆေးလုံးဖော်စပ်နည်းများ ရရှိမှူနည်းပါးရန် အလို့ငှာ သူတို့အနေဖြင့် ဆေးလုံးအမြောက်အမြား အပ်နှံရပေမည်။ သူတို့ များများ ပေးနိုင်လေလေ၊ ပို၍ဆုချခံရလေလေ ဖြစ်သည်။
ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ဦး ဖြစ်လာပြီးနောက် အခြားဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် အပေးအယူ၊ အရောင်းအဝယ်လည်း လုပ်နိုင်သည်။ ဤအရာအားလုံးမှာ ဆေးဝါးပညာရပ်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး အသိအမြင်တိုးတက်စေရန်နှင့် ဖော်စပ်သည့် ဆေးလုံးများ၏ အရည်အသွေး မြှင့်တင်ရန် စီမံထားခြင်းဖြစ်သည်။
ယနေ့တွင် မန်ဟို့ကျင့်ကြံခြင်းဂူမှ ထစ်ချုန်းသံကြီးထွက်လာသည်။ တံခါးကို ချိတ်ပိတ်ထားသည့်တိုင် အသံကြီးသည် ဝေးဝေးလံလံအထိ ပဲ့တင်ထပ်သွားသေး၏။ ချိုင့်ဝှမ်းထဲရှိ ဆေးဝါးအတတ်သင်များ နှုတ်ဆိတ်သွားကြသည်။ သူတို့မှာ အားကျမနာလိုမှုများကို မထိန်းသိမ်းနိုင်တော့ဘဲ မော့ကြည့်လိုက်ကြသည်။
မန်ဟို ဆေးဝါးကျွမ်းကျင်ပညာရှင် ဖြစ်လာကတည်းက နှစ်လအတောအတွင်း ဤထစ်ချုန်းသံများကို မကြာခဏ ကြားရသည်။
အထဲတွင် မန်ဟို ဖုန်များ၊ အညစ်အကြေးများဖြင့် ပေကျံနေသည်။ သူက အရှေ့ရှိ ပေါက်ကွဲသော ဆေးပေါင်းဖိုကို ကြည့်ရင်း ခါးသက်သက် ရယ်လိုက်သည်။ သူသည် အင်္ကျီလက်စကို ဝှေ့ယမ်း၍ ကွဲသွားသော ဆေးပေါင်းဖိုအစအနများနှင့် သူဖော်စပ်နေခဲ့သော ဆေးလုံးအပိုင်းအစများကို သိမ်းလိုက်သည်။ သူက ကျောက်ပြားပေါ်တွင် ထိုင်ရင်း မျက်မှောင်ကြုတ်နေသည်။
"ဆေးဖော်ရတာ မလွယ်ဘူးပဲ" သူက ပြောသည်။ " မြေမီးတောက်ကို ထိန်းချုပ်တာ နည်းနည်းလေး မှားသွားတာနဲ့ ဆေးလုံးကို ဖျက်စီးပစ်ပြီး ဆေးပေါင်းဖို ပျက်စီးတဲ့အထိ ဖိအားပေးတယ်။ အရင်နှစ်လအတွင်း ငါ ဆေးပေါင်းဖို ၄၇ လုံး ဖောက်ခွဲပြီးသွားပြီ....." သူ၏ အနက်ရောင်ဝတ်ရုံရှည်လက်စပေါ်တွင် ဆေးပေါင်းဖိုအသေးလေးတစ်လုံးပုံစံ ပန်းထိုးထားသည်။ ဤဝတ်စုံက သူ၏ ဆေးဝါးကျွမ်းကျင်ပညာရှင်အဖြစ် ရာထူးကို ကိုယ်စားပြုသည်။
"ဒါပေမယ့် ငါ တော်တော်လေး တိုးတက်လာတာပဲ။ ဒီနှစ်ရက်၊ သုံးရက်အတွင်း တစ်လုံးပဲ ပေါက်ကွဲသေးတယ်" သူက သူ့ဘေးတွင် စီတန်းနေသော ဆေးပုလင်း ခုနစ်ပုလင်း၊ ရှစ်ပုလင်းကို ကြည့်ပြီး သူ၏မျက်လုံးများ အားရကျေနပ်စွာ တောက်ပလာသည်။ ဤဆေးပုလင်းများအတွင်းရှိ ဆေးလုံးများမှာ နှစ်လအတွင်း သူလေ့ကျင့်စုဆောင်းထားသည့်အရာ ဖြစ်သည်။ ၄င်းတို့မှာ စဦးချီဖွဲ့စည်းမှုအဆင့်အတွက်သာ အသုံးဝင်သော်လည်း လက်နှစ်ဖက်ဖြင့် ကိုယ်တိုင်လုပ်ထားသည်ဆိုသော ခံစားချက်က မန်ဟို့ကို အတိုင်းမသိ ပျော်ရွှင်စေသည်။
"ဆေးလုံးဖော်စပ်တဲ့ အလုပ်က သေချာပေါက် မလွယ်တဲ့အပြင် ပင်ကိုယ်စွမ်းရည်နဲ့ သိသိသာသာ ဆက်စပ်နေတယ်။ ဒါပေမယ့် ပိုအရေးကြီးတာက.... ဆေးလုံးဖော်ရတာ တော်တော်အကုန်အကျများတာပဲ။ ဆေးဝါးကျွမ်းကျင်ပညာရှင် များများစားစား မရှိတာ အံသြစရာမဟုတ်ပါဘူး...... " မန်ဟိုမှာ စိတ်ညစ်ညစ်နှင့် သက်ပြင်းချလိုက်သည်။ သူ့မှာ ဆေးဝါးအတတ်သင်ဘဝတုန်းက ဤကဲ့သို့ မခံစားခဲ့ရဖူးပေ။ လီတောက်နှင့်အလုပ်လုပ်ခဲ့တုန်းကလည်း အပြင်လူများ၏ ရိုသေလေးစားခံရခြင်းနှင့်အတူ အတွင်းစည်းဂိုဏ်းသားများအတွက် ဆေးလုံးဖော်ပေးခဲ့စဥ်က လီတောက်၏ အကျိုးအမြတ်များကိုသာ မြင်ခဲ့ရသည်။
သို့သော် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်လာပြီးနောက် အစစ်အမှန် အောင်မြင်သော ဆေးဝါးပညာရှင်တိုင်း၏ နောက်ကွယ်တွင် ဝိညာဥ်ကျောက်တုံးများ ပေးဆပ်ခဲ့ရကြောင်း သူ သဘောပေါက်လိုက်လေပြီ။ ယင်းက စစ်မှန်သောအောင်မြင်မှုရရှိရန် တစ်ခုတည်းသော နည်းလမ်းပင်။ မှန်ပါသည်။ ပင်ကိုယ်စွမ်းရည်လည်း အရေးပါ၏။ သာမန်ပင်ကိုယ်စွမ်းရည်နှင့်ဆိုလျှင် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်အဖြစ် အောင်မြင်ရန် လိုအပ်သော ဝိညာဥ်ကျောက်တုံးများကား ဂိုဏ်းငယ်တစ်ဂိုဏ်းပင် တည်ထောင်နိုင်သည်။
"ဆေးပေါင်းဖိုတစ်လုံးကို ဝိညာဥ်ကျောက်တုံးနှစ်သောင်း...... အဲ့တာတောင် အနိမ့်ဆုံးအဆင့်ဆေးပေါင်းဖိုအတွက်ပဲ ရှိသေးတယ်။ ပြီးတော့ ငါက ၄၇ လုံး ဖျက်စီးပစ်ခဲ့တယ်........" မန်ဟို ဆေးပေါင်းဖိုအားလုံးအတွက် ငွေပေးချရမည့်အချက်ကို တွေးမိသောအခါ ရင်နာလာတော့သည်။
"ဆေးပေါင်းဖိုကို ထားဦး" သူကတွေးသည်။ "ဆေးဖော်ဖို့ ဆေးဖက်ဝင်အပင်တွေလိုသေးတယ်။ သူတို့က ပိုလို့တောင် စျေးကြီးသေး။ တစ်ခါတလေ ဆေးလုံးလေးတစ်လုံးအတွက်ကို ဆေးပင်အများကြီး ရောစပ်ဖို့ လိုတယ်။ အကုန်လုံး ပေါင်းထည့်လိုက်ရင်တော့ စျေးပေါပေါလောလော မဟုတ်တော့ဘူး။ ဒါပေမယ့် အဲ့တာ အဆိုးဆုံးမဟုတ်သေးဘူး.... ငါ့ကို တကယ်သတ်နေတာက... ငါ့အောင်မြင်နှုန်းက ဆယ်ပုံတစ်ပုံပဲ ရှိတယ်တဲ့လေ....." သူက အကြောင်းကိစ္စတစ်ရပ်လုံးကို ပြန်တွေးရင်း အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ "ဆေးပင်တွေ စျေးကြီးလေလေ၊ ဆေးဖော်နည်းက ပိုရှေးကျလေလေ၊ ဆေးလုံးအရည်အသွေး ပိုမြင့်လေလေ.......ငါ့အတွက် မအောင်မြင်နှုန်းများလေလေ ပါလားနော်" သူက စိတ်ပျက်လက်ပျက် သက်ပြင်းချလိုက်သည်။
"ဒါပေမယ့် အခု ငါ ဆေးဝါးကျွမ်းကျင်ပညာရှင်ဖြစ်နေပြီဆိုတော့ အကျိုးခံစားခွင့်တွေလဲ အများကြီးရှိတယ်။ ဥပမာ ဒီဆွဲပြား" သူက သိုလှောင်အိတ်ကို ပုတ်ကာ အဖြူရောင်ဆွဲပြားကို ထုတ်လိုက်သည်။
၄င်းမှာ လက်ထဲတွင် အေးသလို ခံစားရစေပြီး ကျောက်စိမ်းဖြင့် ပြုလုပ်ထားပုံရသော်လည်း..... မဟုတ်ပေ။ ဘေးတစ်ဖက်တွင် ဆေးပေါင်းဖိုတစ်လုံးနှင့်အတူ 'နာမည်ပျက်စာရင်း' ဟုအဓိပ္ပါယ်ရသော လက်ရေးစာ ရေးထွင်းထားသည်။
"ဆေးလုံးနာမည်ပျက်စာရင်း" မန်ဟိုက အမိန့်ဆွဲပြားကို ကြည့်နေပြီး သူ၏မျက်လုံးများသည် ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် ပြည့်နှက်လာသည်။ ဤသည်မှာ သူ ပထမဆုံးအကြိမ် ဆွဲပြားကို ထုတ်ကြည့်ခြင်းမဟုတ်ပေ။ သူ ထုတ်ကြည့်သည့်အခါတိုင်း သူ့ရင်ထဲတွင် ဆေးဝါးကျွမ်းကျင်ပညာရှင်ရာထူးအတွက် လေးစားသော ခံစားချက်ဖြင့် ပြည့်နှက်သွားသည်။
ဆေးလုံးနာမည်ပျက်စာရင်းဆွဲပြားမှာ ဂိုဏ်းမှ ဆေးဝါးကျွမ်းကျင်ပညာရှင်အားလုံးအတွက် ပေးထားသော လုပ်ပိုင်ခွင့်တစ်ခုဖြစ်သည်။ ဆေးဝါးပညာရှင်တစ်ယောက်စီအတွက် ဆွဲပြားတစ်ပြားစီသာ ဖြန့်ဝေပြီး နှစ်ကြိမ်သာ အသုံးပြုနိုင်သည်။ ၄င်းမှာ ဆေးဝါးကျွမ်းကျင်ပညာရှင်များအပေါ် အဆုံးစွန်လေးစားသမှု ဖော်ပြခြင်းဖြစ်ပြီး ခရမ်းရောင်ချီအဖွဲ့၏ မည်သည့်အဖွဲ့ဝင်ကိုမဆို ကြောက်လန့်သွားစေရန် လုံလောက်သည်။
ဆေးဝါးကျွမ်းကျင်ပညာရှင်များ ခရမ်းရောင်ချီအဖွဲ့နှင့် ယှဥ်နိုင်သည်အထိ မြင့်မားသော ရာထူးကို ပိုင်ဆိုင်ထားသည့် အဓိကအကြောင်းရင်းများထဲက တစ်ခုမှာ ဆေးလုံးနာမည်ပျက်စာရင်းကြောင့် ဖြစ်သည်။ ဆေးလုံးနာမည်ပျက်စာရင်းထဲ ထည့်ခံရသည်ဟု တွေးလိုက်ရုံနှင့်ပင် ကျင့်ကြံသူအများစုကို ဒူးတုန်အောင် ကြောက်လန့်သွားစေနိုင်သည်။
ဆေးလုံးနာမည်ပျက်စာရင်းတွင် ရည်ရွယ်ချက်တစ်ခုသာ ရှိသည်။ စာရင်းထဲ နာမည်ထည့်ခံလိုက်ရသော မည်သည့်ခရမ်းရောင်ချီအဖွဲ့သားမဆို နှစ်တစ်ရာကြာသည့်တိုင်အောင် ဆေးဝါးကျွမ်းကျင်ပညာရှင်အားလုံး၏ ဆေးဖော်ပေးရန် ငြင်းဆိုခြင်းခံရပေမည်။
ဤသည်မှာ နှစ်ပေါင်းများစွာ မရေမတွက်နိုင်အောင် တည်ရှိခဲ့သော ဂိုဏ်းစည်းမျဥ်းတစ်ခု၊ အရှေ့ဆေးဝါးအဖွဲ့မှ မြဲမြဲမြံမြံ ဆွဲကိုင်ထားသော အာဏာတစ်ရပ်ဖြစ်သည်။ ဤစီစဥ်မှုက ဆေးဝါးကျွမ်းကျင်ပညာရှင်အား ဇီယွင်ဂိုဏ်းအတွင်းတွင် မယုံနိုင်ဖွယ် လေးစားမှုခံယူရစေသည်။
ဤအခြင်းအရာကြောင့် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ကို အတိုက်အခံ လုပ်ရဲသူ မရှိသလောက်ပင်။ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ကို အတိုက်အခံလုပ်ခြင်းက သူတို့အားလုံးကို အတိုက်အခံလုပ်ခြင်းနှင့် ညီမျှသည်။
ထိုစည်းမျဥ်းသည် ရှေးယခင်ကာလများထဲက တည်ရှိခဲ့ပြီး လွန်ခဲ့သည့် နှစ်တစ်ထောင်အတွင်း ဆေးဝါးကျွမ်းကျင်ပညာရှင် များများစားစား အသုံးမပြုခဲ့ကြပေ။ ထိုကာလအတောအတွင်း စာရင်းသည် ရာဂဏန်းထက် ဘယ်တော့မှ မကျော်ခဲ့ပေ။ အတွင်းစည်းဂိုဏ်းတွင် ဂိုဏ်းသား တစ်သောင်းနီးပါး ရှိသည်ကို ထည့်တွက်ပါက မပြောပလောက်ပေ။
ဆေးဝါးကျွမ်းကျင်ပညာရှင်များအတွက် ဆေးလုံးနာမည်ပျက်စာရင်းကို မသုံးခြင်းက များစွာပို၍ ခြိမ်းခြောက်မှုဖြစ်စေလေသည်။ ဒုတိယတစ်ခေါက်သုံးပြီးလျှင် ၄င်းကား ထိရောက်မှုမရှိတော့သည် မဟုတ်ပါလော။
ဆေးလုံးနာမည်ပျက်စာရင်းအပေါ်ရှိ လူတိုင်း၏နာမည်သည် ဆွဲပြားအပေါ် ခတ်နှိပ်ခြင်းခံရ၏။ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်လာပြီးနောက် မန်ဟိုသည် ဆွဲပြား၏စွမ်းအားကို အသုံးပြုခွင့်ရခဲ့သော်လည်း အမှန်ပင်၊ စီစဥ်မှုကို လေးစားရန်လည်း လိုအပ်သေးသည်။ လောလောဆယ်တွင် ဆေးလုံးနာမည်ပျက်စာရင်းထဲ ထည့်သွင်းခံထားရသူ ဆယ့်သုံးယောက်ရှိသည်။ နှစ်တစ်ရာမပြည့်မချင်း၊ မန်ဟိုအပါအဝင် မည်သည့်ဆေးဝါးကျွမ်းကျင်ပညာရှင်မှ ဤလူဆယ့်သုံးယောက်အတွက် ဆေးလုံးဖော်စပ်ပေးမည် မဟုတ်ပေ။
သူက ဆေးလုံးနာမည်စာရင်းကို ခပ်ကြာကြာ ကြည့်ပြီးနောက် သိမ်းလိုက်သည်။ သူသည် တခဏ စဥ်းစားပြီးနောက် ကျောက်စိမ်းပြားတစ်ပြား သုံးပြီး အချက်အလက်တစ်ချို့ မှတ်သားလိုက်သည်။ ထို့နောက် ၄င်းကို မီးရှိူ့လိုက်ရာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားသည်။
သိပ်မကြာခင် ကျင့်ကြံခြင်းဂူ၏အပြင်မှ အသံတစ်သံ ကြားလိုက်ရသည်။ သူက လက်ချောင်းတစ်ချောင်းမြှောက်လိုက်ရာ ကျင့်ကြံခြင်းဂူတံခါး ပိတ်သွားပြီး ဆယ့်ရှစ်နှစ်၊ ဆယ့်ကိုးနှစ်အရွယ် မိန်းမလှလေးတစ်ယောက် ဝင်လာသည်။ သူမက ကျင့်ကြံခြင်းဂူထဲ ဝင်လိုက်သည်နှင့်တစ်ပြိုင်နက် ပေါက်ကွဲသွားသော ဆေးပေါင်းဖိုအနံ့ကို မနှစ်မြို့သည့်အလား နှာခေါင်းရှုံ့သွားသည်။
"ဆေးဝါးပညာရှင်ဖန်" သူမက ပြုံးရင်း ပြောသည်။ "ကျွန်မက နဲနဲ တွေဝေနေတာ။ ရှင် ကျွန်မကို အစားထိုးဆေးပေါင်းဖိုတစ်လုံး တောင်းခဲ့ကတည်းက ဘာကြောင့် ဒီလောက်ရက်တွေ အများကြီး ကြာနေတာလဲ သိချင်နေတာ....." သူမက သိုလှောင်အိတ်မှ ဆေးပေါင်းဖိုအသစ်စက်စက်တစ်လုံး ထုတ်ပြီး အပြုံးလေးဖြင့် မန်ဟို့ကို ကမ်းပေးသည်။
မိန်းကလေး၏ နာမည်မှာ လင်းဟွေ့ ဖြစ်ပြီး ဆေးဝါးကျွမ်းကျင်ပညာရှင်များ၏ နိစ္စဓူဝ ကိစ္စဆောင်တာများအတွက် တာဝန်ရှိသူဖြစ်သည်။ သူမ၏ကျင့်ကြံခြင်းအခြေခံမှာ သိပ်မမြင့်မားသော်လည်း ကောလဟလများအရ သူမ၏ မျိုးနွယ်ဝင်တစ်ယောက်မှာ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ဦးဖြစ်ကြောင်း သိရသည်။ ထိုမျှသာမက သူမတွင် နှစ်လိုဖွယ်ကောင်းသော ပင်ကိုယ်စရိုက်တစ်ခုရှိလေသည်။ ထို့ကြောင့် ဆေးဝါးကျွမ်းကျင်ပညာရှင်များစွာ သူမကို သဘောကျကြသည်။ အလုပ်ချိန်တိုင်း သူမသည် ဆေးဝါးကျွမ်းကျင်ပညာရှင်များ လိုအပ်သမျှ ဆောင်ရွက်ပေးရန် ရောက်လာတတ်သည်။
ဥပမာ လွန်ခဲ့သည့်နှစ်လအတွင်း သူမသည် မန်ဟို့ထံ ဆေးပေါင်းဖို ၄၆ ကြိမ် လာပို့ခဲ့သည်။ ယနေ့နှင့်ဆိုလျှင် ၄၇ ကြိမ်မြောက် ဖြစ်ပေမည်။
မန်ဟို အတန်ငယ်ရှက်သွားရင်း လည်ချောင်းရှင်းလိုက်သည်။ သူက သူမ ကမ်းပေးသော ဆေးပေါင်းဖိုနှင့်အတူ ကျောက်စိမ်းပြားတစ်ပြားအား လက်ခံလိုက်၏။ ယခုတွင် သူသည် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်၍ တကယ်တမ်း ဆေးပေါင်းဖိုများ၊ ဆေးလုံးများ၊ ဆေးပင်များအတွက် အရင် မပေးချေရပေ။ ဂိုဏ်းက ၄င်းတို့ကို လိုလိုချင်ချင် ထောက်ပံ့မည်ဖြစ်သည်။ သို့သော် အလကားဟု မဆိုလို။ အကြွေးအဖြစ် ရယူနိုင်သော်လည်း နောက်ဆုံးတွင် ဆေးလုံးများအနေဖြင့် အကြွေးပြန်ဆပ်ရမည် ဖြစ်သည်။
"ကျုပ် ဘယ်လောက် အကြွေးတင်နေလဲ" သူက ကျောက်စိမ်းပြားကို မျက်မှောင်ကြုတ်ကာ ကြည့်ရင်း မေးသည်။
"ဒီနေ့အပါအဝင် ရှင် ဂိုဏ်းကို ချီဖွဲ့စည်းမှုဆေးလုံး ၆၇၅၇ အကြွေးတင်နေတယ်" သူမက သူ့ကို မျက်လုံးတစ်ချက်မှိတ်ပြပြီး ပါးစပ်ကလေးကို အုပ်ကာ ရယ်သည်။ ထို့နောက် နှစ်သိမ့်သောလေသံလေးဖြင့် ဆက်ပြောသည်။ " အဲ့တာ ဘာမှမဟုတ်သေးပါဘူး။ တကယ်တော့ ရှင် အကြွေးသိပ်မတင်ပါဘူး။ ကျွန်မ ၁၇၃၀၀၀၀ လုံး အကြွေးတင်နေတဲ့လူ မြင်ဖူးတယ်။ အဲ့ပမာဏဆိုရင် အကြွေးပြန်ဆပ်ဖို့ တစ်သက်လုံး ဆေးဖော်နေရလောက်တယ်......"
ဤမျှ များပြားသော ပမာဏ မန်ဟို့ကို မျက်လုံးပြူးသွားစေသည်။ ထို့နောက် သူက ခပ်ယဲ့ယဲ့ပြုံးပြီး ခေါင်းကို ခါရမ်းကာ သက်ပြင်းချလိုက်သည်။ သူက သူ၏ကိုယ်ပိုင်ကျောက်စိမ်းပြားကို ထုတ်ပြီး ၄င်းအပေါ်တွင် အချက်အလက်များ ရေးထိုးကာ မူလတစ်ခုကို မိန်းကလေးဆီ ပြန်ပေးလိုက်သည်။
"ဆေးဝါးပညာရှင်ဖန်း အလုပ်သာ ကြိုးစားနော် ၊ ဟို......တလောက ဆေးပေးပို့နေ့ ရောက်ပြီးသွားပြီဆိုတော့ ခွဲတမ်းထက် ရှင် နည်းနည်းလောက်ပိုပေးနိုင်မယ်ထင်လား။ ပေးနိုင်ရင်တော့ ရှင်းပြရပိုလွယ်သွားလိမ့်မယ်" လင်းဟွေ့က ပန်းလေးတစ်ပွင့်သဖွယ် ပြုံးလိုက်သည်။ ဆေးဝါးကျွမ်းကျင်ပညာရှင်အားလုံးနီးပါး သူမကို သဘောကျသည်မှာ အံ့သြစရာမရှိပေ။ မန်ဟိုသည် ဆေးဝါးကျွမ်းကျင်ပညာရှင်ဖြစ်ရာ သူမ ဤနေရာသို့ လာရောက်တိုင်း သူ့ကို စနောက်ရန် အခွင့်အရေးရှာတတ်လေသည်။ ဖန်မု ရှက်၍ မျက်နှာနီမြန်းသွားသည်ကို သူမသဘောကျပုံရသည်။
မန်ဟိုက သက်ပြင်းချပြီး ဆေးပုလင်းတစ်ပုလင်းကို ကောက်လိုက်သည်။ အတွင်းတွင် ချီဖွဲ့စည်းမှုဆေးလုံးငါးလုံးရှိ၏။ သူက မိန်းကလေးကို ကမ်းပေးလိုက်သည်။ ၄င်းမှာ သူ့အတွက် ပထမဆုံးအကြိမ် သူ၏ခွဲတမ်းအတွက် ဆေးလုံးများပြန်ပေးခြင်း ဖြစ်သည်။
မိန်းကလေးက ပါးစပ်လေးအုပ်ကာ ရယ်သည်။ သူမက ဆေးလံးများကို ယူပြီးထွက်သွား၏။ မန်ဟိုမှာ သူမထွက်သွားသည်ကို ကြည့်ပြီးနောက် ဂူတံခါးကို ချိတ်ပိတ်ကာ ဆေးပေါင်းဖိုကို မရင်း သက်ပြင်းချလိုက်၏။
"ဒီအတိုင်းသာ ဆက်သွားနေလို့ကတော့ ငါ့ဆေးဖော်စပ်တဲ့အဆင့်ကို ထည့်တွက်ရင် ခရမ်းရောင်ချီအဖွဲ့က ဘယ်အတွင်းစည်းဂိုဏ်းသားမှ ငါ့ကို လာရှာမဟုတ်ဘူး။ ဘာအမြတ်မှလဲ မရတော့တဲ့အပြင် ဆေးဖော်စပ်နည်းအသစ်တွေလဲ ရမှာမဟုတ်တော့ဘူး"
အရေးကြီးဆုံးအရာမှာ ဆေးလုံးများဖော်စပ်ဖို့ ခရမ်းရောင်ချီအဖွဲ့ အတွင်းစည်းဂိုဏ်းသားများထံမှ ဖိတ်ခေါ်ကမ်းလှမ်းမှုများ ရရှိရန်ပင်။ ထိုနည်းဖြင့် ဆေးဖော်စပ်နည်းအသစ်များ ရရှိရန် အခွင့်အရေး ပိုများလေမည်။ ဖိတ်ခေါ်မှုများလေ၊ ဆေးဖော်စပ်နည်းများလေဖြစ်သည်။ သူ၏ ဆေးဝါးပညာရပ်ကျွမ်းကျင်မှုလည်း တိုးတက်လာမည်။ ဂိုဏ်းမှ ချေးပေးသော ဆေးပင်များကို သုံးစရာမလိုတော့သည့်အပြင် အကျိုးအမြတ်လည်း တော်တော်ကာမိမည်။
အလွဲသုံးစားမှုအကြောင်းရင်းအတွက်မူ ယင်းက စည်းမျဥ်းတစ်ခု ဖြစ်လာခဲ့လေသည်။ ခရမ်းရောင်ချီအဖွဲ့အနေဖြင့် ဘာတတ်နိုင်မည်နည်း။
မန်ဟိုက ဆေးပေါင်းဖိုကို ချကာ အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ဆေးပုလင်းတစ်ပုလင်း ကောက်ယူလိုက်သည်။ သူက ၄င်းကို ဖွင့်ပြီး အထဲက ဆေးလုံးများကို ကြည့်လိုက်သည်။ ၄င်းတို့သည် ချောမွတ်လုံးဝန်းပြီး စိတ်ဝိညာဥ်စွမ်းအင်များ ထွက်နေသည်။ မန်ဟို တဖြေးဖြေး မျက်မှောင်ကြုတ်လာ၏။
"ငါ့ ဖော်စပ်ပုံဖော်စပ်နည်းတွေ မှားနေတာများလား။ မဟုတ်ရင် ဆေးလုံးတွေ ဖော်ဖို့ ဘာလို့ ဒီလောက် အားထုတ်နေရတာလဲ။ လီတောက်လုပ်တုန်းကဆို အများကြီး ပိုလွယ်သလိုပဲ" မန်ဟိုက အတွေးထဲ နစ်မြောနေရင်း တစ်ယောက်တည်း ပွစိပွစိရေရွတ်ကာ ထပ်ရပ်ပြီး ကျင့်ကြံခြင်းဂူတွင် ဟိုလျှောက်သည်လျှောက် လျှောက်နေသည်။ ရုတ်တရက် သူ ရပ်လိုက်ပြီး မျက်လုံးများ တောက်ပလင်းလက်လာသည်။
သူက ညာလက်ကိုမြှောက်လိုက်ရာ ဆေးပေါင်းဖို မျောလွင့်လာသည်။ သူသည် မျက်လုံးများ တောက်ပလင်းလက်နေလျက် သိုလှောင်အိတ်ကို ပုတ်လိုက်ပြီး ဆေးပင်ဆယ်ပင် ထွက်လာသည်။ သူ၏လက်များ လှုပ်ရှားရင်း ၄င်းတို့ကို ဓာတ်ကူပေးပြီးနောက် အစေးများ ထုတ်လိုက်သည်။ အသက်ဆယ်ရှိက်စာအတွင်း ပါဝင်ပစ္စည်းများအားလုံး ပြင်ဆင်ပြီး ဆေးပေါင်းဖိုထဲ ထည့်လိုက်သည်။
သူက မြေကြီးပေါ်သို့ ခြေထောက်ဖွဖွနင်းချလိုက်ရာ သူ့အရှေ့နားလေးက နေရာတစ်နေရာတွင် အနီရောင်သမ်းလာသည်။ အပူလှိုင်းများ ရိုက်ခတ်လာ၏။ သူက ဆေးပေါင်းဖိုကို အနီရောင်တောက်နေသောနေရာ၏အပေါ် သုံးလက်မခန့်တွင် နေရာချပြီး ဂါယာမန္တရားဆိုင်ရာ မုဒြာပုံစံများ ဖော်လိုက်သည်။ ထို့နောက် ဆေးပေါင်းဖိုသည် အတန်ငယ် အပေါ် မြင့်တက်လာပြီး နိမ့်ကျသွား၏။ ဤသို့ဖြင့် မြင့်ခြင်းနှင့် နိမ့်ခြင်းအကြား ကူးပြောင်းနေရင်း မကြာခင် ဆေးရနံ့တစ်ခု ကျင့်ကြံခြင်းဂူတွင် ပြည့်နှက်သွားသည်။
မန်ဟို တင်ပျဥ်ခွေထိုင်ချလိုက်သည်။ သူ၏ညာလက်က ဆေးပေါင်းဖိုကို လှမ်းပြီး ဖိချလိုက်သည်။ သူက မျက်လုံးများ ပိတ်ပြီး ၄င်းအထဲသို့ စိတ်ဝိညာဥ်စွမ်းအင်များ စတင်ထည့်သွင်းကာ နောက်ထပ် ဓာတ်ကူခြင်း လုပ်ငန်း စလိုက်သည်။
ဤဓာတ်ကူခြင်းနည်းလမ်းမှာ လီတောက်ထံမှ သင်ယူခဲ့ခြင်းဖြစ်သည်။ ၄င်းက ဆေးသက်တမ်းကို တိုးစေသည်သာမက..... ဆေးဖော်စပ်ခြင်းလုပ်ငန်းစဥ်အတွက် အမှန်တကယ် လိုအပ်လေသည်။
မကြာမီ မန်ဟို၏မျက်လုံးများကား ပို၍ပင် တောက်ပလင်းလက်လာတော့သည်။ ဆေးပေါင်းဖိုအတွင်း ဖြစ်ပွားနေသော ပြောင်းလဲမှုများအရ သူ ဟိုဟို၊ သည်သည် ထိန်းညှိလိုက်သည်။ သူသည် ရံဖန်ရံခါ ဆေးပင်တချို့ ထည့်ခြင်း သို့မဟုတ် ဆေးပေါင်းဖိုမှ အနည်အနှစ်များ ဖယ်ရှားခြင်းတို့ ပြုလုပ်တတ်သည်။ ယခင်က ဆေးဖော်ပြီးရန် ဆယ်နာရီ၊ ဆယ့်နှစ်နာရီ လိုအပ်ခဲ့သော်လည်း ခြောက်နာရီသာကြာသေးသည်၊ သူ၏ အင်္ကျီလက်စကို ခါရမ်းပြီး ဆေးပေါင်းဖိုကို မီးအပူမှ ဖယ်ရှားလိုက်သည်။ သူက အဖုံးဖွင့်ပြီး ဆေးရနံ့များ သူ့မျက်နှာကို တိုးဝှေ့တိုက်ခတ်သွားစဥ် အထဲမှ ချီဖွဲ့စည်းမှုဆေးလုံးလေးလုံး ထုတ်လိုက်သည်။
ဆေးလုံးများမှာ ပျော့နေသေးသော်လည်း သူ ထုတ်လိုက်သည်နှင့်တစ်ပြိုင်နက် လေကြောင့် ချက်ချင်း မာတောင့်လာသည်။
"ငါ မှားခဲ့တာပဲ......" သူက ယခုလေးတင် ထုတ်လိုက်သည့် အတော်လေးကြမ်းသော ဆေးလုံးများကို သေသေချာချာ ကြည့်ပြီး သူ တတ်နိုင်သမျှ ပြီးပြည့်စုံအောင် ဒုက္ခခံ၍ ပြုလုပ်ထားသော ဆေးလုံးများ ထည့်ထားသည့် ဆေးပုလင်းတစ်ပုလင်းကို ကောက်လိုက်သည်။ ချီဖွဲ့စည်းမှုဆေးလုံးနှစ်မျိုးကို နှိုင်းယှဥ်ပြီးနောက် သူ၏မျက်လုံးများမှာ ရုတ်တရက် ဉာဏ်အလင်းဖြင့် တောက်ပသွား၏။
"ဒီ လှလှပပလုပ်ထားတဲ့ ဆေးလုံးတွေက ငါ့ကို ခြေကုန်လက်ပန်းကျစေတာ။ ဆေးစွမ်းအားကတော့ တော်တော်လေးမြင့်တယ်။ ခုနစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းလောက်ဖြစ်နိုင်တယ်။ ဒီအကြမ်းထည်ဆေးလုံးတွေကတော့ ဆေးစွမ်းအား သုံးဆယ်၊ လေးဆယ် ရာခိုင်နှုန်းပဲ ရှိတယ်
"ငါ့အရင် သန့်စင်ခြင်းနည်းလမ်းက တော်တော်လေး အားစိုက်ရလွန်းတယ်။ ဒီနေ့ ဒီလို ဆေးလုံးမျိုး လုပ်နိုင်တယ်ဆိုတာ သိလို့ကတော့ ဆေးပေါင်းဖိုအများကြီး အလကားဖြစ်ခံမှာ မဟုတ်ဘူး" သူသည် အတွေးထဲ ခဏနစ်မြောနေပြီးနောက် ချီဖွဲ့စည်းမှုဆေးလုံးများကို သိမ်းလိုက်သည်။
"ဘယ်လောက် အရည်အသွေးကွာလိုက်သလဲ။ နှစ်ဆနီးပါးပဲ....... ဆေးလုံးသန့်စင်ဖို့ ကုန်တဲ့အချိန်လျှော့ချနိုင်တယ်။ ဒါပေမယ့် အာနိသင်အပေါ်တော့ ဒီလောက်သက်ရောက်မှုမရှိသင့်ဘူး။ လီတောက် သူ့အတွက်နဲ့ တခြားသူတွေအတွက် ဆေးဖော်ပေးတုန်းက ဘယ်တော့မှာ ဒီလောက်မကွာတာ ငါမြင်ခဲ့ရမယ် မဟုတ်လား"
မန်ဟိုသည် မျက်မှောင်ကြုတ်ပြီး ခေတ္တခဏ တစ်ယောက်တည်း ရေရွတ်နေပြီးနောက်ဆုံး မျက်လုံးများ ထပ်မံ လင်းလက်လာသည်။
"ငါ့ ပြီးပြည့်စုံသောတာအိုမဏ္ဍိုင်တွေနဲ့ တစ်ခုခု ပတ်သက်နေမလား။ ငါ့စိတ်ဝိညာဥ်စွမ်းအင်တွေက ငါပိုင်တာဆိုတော့ ကောင်းကင်နဲ့မြေကြီးမှာ ပြန်လည်ပတ်မှူမရှိဘူး။ အဲ့တာက ငါ့တစ်ယောက်တည်း သက်ဆိုင်တယ်။ ငါ့တာအိုမဏ္ဍိုင်ငါးတိုင်က ချီအခြေတည်အဆင့်ကို နင်းချေပစ်နိင်တယ်။ ငါ အဲ့တာကို ဆေးဖော်စပ်ဖို့ အသုံးပြုတဲ့အခါ ငါ့ချီတွေ ဝင်ရောက်သွားတယ်...... ငါသန့်စင်နေတဲ့ ဆေးလုံးတွေကို ပြီးပြည့်စုံတဲ့အဆင့်အဖြစ် သတ်မှတ်နိုင်တာကြောင့် ဆေးပေါင်းဖိုတွေ ဆက်တိုက် ပေါက်ကွဲနေတာများလား" သူသည် ထိုကိစ္စကို ဆက်လက်စဥ်းစားနေပြီးနောက်ဆုံး သူ၏ထင်မြင်ချက်မှန်ကန်ကြောင်း သုံးသပ်မိလိုက်သဖြင့် မျက်လုံးများ တောက်ပဝင်းလက်သွားသည်။
သူ ထိုကိစ္စကို အချိန်အနည်းငယ်ကြာသည်အထိ ဆက်လက်တွေးတောနေချိန် ရုတ်တရက် သူ၏အမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ သူက စကြဝဠာအိတ်ကို ငုံ့ကြည့်လိုက်သည်။ သွေးရောင်မျက်နှာဖုံးအတွင်းမှ အသားဂျယ်လီ၏အသံ သူ့ခေါင်းထဲသို့ ပေးပို့ခံလိုက်ရသည်။ ၄င်းမှာ အားနည်းနေသံပေါက်သည်။
"ငါ ထပ်မတောင့်ခံနိုင်တော့ဘူး။ ငါ မင်း အသွင်ပြောင်းထားတာ ဆက်မကူညီနိုင်တော့ဘူး။ သောက်သုံးမကျတဲ့ငါ။ တခြားသူတွေကို အသွင်ပြောင်းစွမ်းအား ငှားမပေးသင့်တာ သိရဲ့သားနဲ့။ မန်ဟို ငါ အရေလဲဖို့လိုတယ်။ ငါတော့ သွားပြီ။ အား တစ်လ၊ ငါ တစ်လလိုတယ်။ မင်း.... သေချာ ဂရုစိုက်ပါ ....."
အသားဂျယ်လီ၏အသံမှာ အားနည်းသထက် အားနည်းလာပြီးနောက်ဆုံး ပျောက်ကွယ်သွားသည်။ ထိုစဥ် မန်ဟို၏ မျက်နှာ ရိပ်ခနဲ ဖြစ်သွားပြီး သူ၏မျက်နှာအစစ်ပြန်ပေါ်လာသည်။
ကံတရားက မန်ဟို့ဘက် ပါချင်တော့ ဤအခိုက်အတန့်မှာပင် ဂူအပြင်မှ ချူယွီယန်၏အသံကို ကြားလိုက်ရသည်။
"ဖန်မု၊ ဂူတံခါးဖွင့် ။ ငါနင်နဲ့ ပြောစရာရှိတယ်"
***