ဇီယွင်ဂိုဏ်းကို တုန်လှုပ်စေသော လက္ခဏာများ
Vol. 16 Ch. 222
မန်ဟို့ မျက်နှာ တင်းမာသွားသည်။ ရုတ်တရက် သူ၏ပုံပန်းသွင်ပြင်အားလုံး ယခင်အတိုင်း ပြန်ဖြစ်သွားလေပြီ။ သူသည် စာပေသမားတစ်ယောက်၏ အငွေ့အသက်နှင့် အတန်ငယ် အသားမည်းမည်း၊ ယဥ်ယဥ်မွန်မွန်၊ ခံ့ခံ့ညားညား ယခင်မန်ဟို ပြန်ဖြစ်သွားသည်။ စာပေသမားအငွေ့အသက်ထဲတွင် မိစ္ဆာဆန်သောအတွေ့အထိနှင့် ရက်စက်မှုအရိပ်အယောင်တစ်ခု ပါဝင်နေသည်။
မန်ဟိုက ကျင့်ကြံခြင်းဂူအပြင်ဘက်မှ မျောလွင့်လာသော ချူယွီယန်၏အသံကြောင့် ခေါင်းလည်း မထောင်သလို၊ အဖက်လည်း မလုပ်ဘဲ မျက်မှောင်ကြုတ်နေ၏။
"ဖန်မု" သူမက မျက်ခုံးကလေးနှစ်ဖက်ကို တွန့်ချိုးရင်း ထပ်ပြောသည်။ သူမမှာ ဖန်မု သူမကို ဤမျှစိတ်တိုနေစေသည့်အကြောင်းရင်းအား နှံ့နှံ့စပ်စပ် ရှာဖွေရန် ရည်ရွယ်ချက်နှင့် ရောက်လာခဲ့ခြင်းဖြစ်သည်။
သို့သော် ကျင့်ကြံခြင်းဂူတံခါးကား ပိတ်ထားလေသည်။ အတွင်းတွင် ဖန်မုရှိနေသည့် အသံတစ်သံမှ ထွက်မလာပေ။ ချူယွီယန်မှာ မကျေမနပ်နှင့် အေးစက်စက်နှာမှုတ်လိုက်သည်။ သူမ မလာခင်က ပတ်ဝန်းကျင်ကို မေးမြန်းပြီး ဖန်မု ကျင့်ကြံခြင်းဂူထဲမှ မထွက်လာသည်မှာ ရက်နှင့်ချီနေပြီဖြစ်ကြောင်း အတည်ပြုပြီးဖြစ်သည်။ သူမလာရာလမ်းတွင် ဆေးပေါင်းဖို ပို့ပေးပြီးနောက် မန်ဟို့ဆီမှ ယခုလေးတင် ထွက်လာခဲ့သော လင်းဟွေ့နှင့်လည်း ဆုံခဲ့၏။
"နင် တံခါးပိတ်ထားတယ်၊ ထွက်လဲမလာဘူး၊ စကားတောင် မပြောတော့ဘူးလား" သူမက မျက်လုံးကလေးများ ကျဥ်းမြောင်းရင်း ပြောသည်။ "နင် ငါ့ကို မသိစေချင်တဲ့ အကြောင်း ရှိနေတယ်လို့ မပြောနဲ့နော် ၊ ဖန်မု ရှိလား"
ကျင့်ကြံခြင်းဂူအတွင်းတွင် မန်ဟိုသည် ချူယွီယန်ကို ကြည်ရင်း မျက်မှောင်ကြုတ်နေ၏။ သူက သိုလှောင်အိတ်ကို ပုတ်ကာ သွေးရောင်မျက်နှာဖုံးထုတ်လိုက်သည်။ သူသည် ၄င်းကို တခဏ စိုက်ကြည့်နေပြီးနောက် စိတ်ဝိညာဥ်အာရုံဖြင့် အထဲသို့ ဝင်ရောက်လိုက်သည်။
မျက်နှာဖုံးထဲတွင် ပုံသဏ္ဍာန်ပြောင်းလဲနိုင်စွမ်း ဆုံးရှုံးနေပုံရသော အသားဂျယ်လီကို သူ မြင်လိုက်ရသည်။ ၄င်းမှာ ကြက်တူရွေးမဟုတ်တော့ဘဲ သာမန် ထောင်မှန်စတုဂံပုံစံ အသားဂျယ်လီပြားတစ်ပြားသာ ဖြစ်နေသည်။ ၄င်းမှာ အသက်လုံးဝကင်းမဲ့နေသည့်အလား သေခြင်းတရားချီတချို့ပင် ၄င်းထံမှ တလှိုင်လှိုင်ထွက်နေသည်။
၄င်းမှာ အတိုင်းထက်အလွန် ထိတွေ့ရခက်နေပုံရသည်။ ၄င်းကို တခဏ စစ်ဆေးကြည့်ရှုပြီးနောက် မန်ဟိုက စိတ်ဝိညာဥ်အာရုံကို ပြန်နုတ်ကာ အလေးအနက်တွေးရင်း ထိုင်နေသည်။
"အသားဂျယ်လီအရဆိုရင် သူ ငါ့ကို အသွင်ပြောင်းစွမ်းရည်တချို့ ငှားခဲ့တာကြောင့် အခု အရေလဲရလိမ့်မယ်။ တစ်လကြာမယ်ပြောတယ်....... " သူ့မှာ အတော်လေး စိတ်အေးသွားသည်။ ဘယ်သူ့မှ သူ့ကို မြင်ခွင့်မပေးသရွေ့၊ အပြင်မထွက်သရွေ့ တစ်လတော့ သူခံနိုင်သည်။
"ဒါပေမယ့် အပြင်က ချူယွီယန်က တော်တော်လေးစိတ်ပျက်စရာကောင်းနေတယ်" သူက ကျင့်ကြံခြင်းဂူတံခါးကို မော့ကြည့်ရင်း တွေးလိုက်သည်။
"ဖန်မု အခု ချက်ချင်း ဒီကို ထွက်လာခဲ့စမ်း"
မန်ဟို၏အမူအရာမှာ ယခင်အတိုင်းပင်။ သူက မျက်လုံးများ ပိတ်ထား၏။
အမွှေးတိုင်တစ်တိုင်ထွန်းစာကြာပြီးနောက်တွင် ချူယွီယန်း၏ မျက်လုံးများ ဒေါသမီးတဝင်းဝင်းတောက်လာသည်။ တစ်ခုခုလွဲနေသည့်တိုင် ဖန်မု ဤသို့လုပ်ရသည့်အကြောင်းရင်းကို သူမ မတွေးနိုင်ပေ။
"ဘာမှမပြောဘူးလား ဟမ်" သူမက ပြောသည်။ "ကောင်းပြီလေ။ ဒါဆိုလဲ တံခါးဖွင့်ဆွဲပြား သွားယူပြီး ဒီတံခါးကို ဖွင့်မယ်။ ငါ နောက်ဆုံးတစ်ခေါက်မေးမယ် ဖန်မု နင် အထဲမှာ ရှိလား" သူမက တဖြေးဖြေး လမ်းလျှောက်ထွက်သွားလေသည်။
"ကျုပ် မရှိဘူး" သူက စိတ်တိုနေသာ မျက်နှာထားဖြင့် အေးတိအေးစက် ပြောသည်။
ဤအသံကိုကြားသော် ချူယွီယန် ပါးစပ်အဟောင်းသားနှင့် ပြန်လှည့်ကြည့်သည်။ ဤသို့ တုံ့ပြန်မှုမျိုး ရလိမ့်မည်ဟု သူမ တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။ သူမ အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်သည်။ ထို့နောက် တံခါးကို မုန်းမုန်းတီးတီး နောက်ဆုံးတစ်ချက်ကြည့်ပြီး ချာခနဲ လှည့်ကာ အလင်းတန်းအသွင်ပြောင်းရင်း အဝေးထွက်သွားတော့သည်။
ချူယွီယန်ကို နှင်ထုတ်ပြီးနောက် မန်ဟိုသည် အသက်မဲ့လျက် အရေလဲနေသော အသားဂျယ်လီကို ထုတ်ကာ သူ့အရှေ့တွင် ချလိုက်သည်။ သူက ၄င်းကို အချိန်အတန်ကြာကြည့်နေပြီးနောက် တရားထိုင်ရန် မျက်လုံးများ ပိတ်လိုက်သည်။
မန်ဟို့ထံမှ ထွက်လာပြီးနောက် လင်းဟွေ့သည် ဆေးဝါးဆောင်သို့ ပြန်လာပြီး မန်ဟို သူမကို ပေးခဲ့သည့် ဆေးလုံးများအား မှတ်သားလိုက်သည်။ သူမက ဆေးပုလင်းအပေါ်တွင် 'ဖန်'ဆိုသော စာလုံး ရေးသားပြီးနောက် အခြားဆေးဝါးကျွမ်းကျင်ပညာရှင်များမှ စုဆောင်းခဲ့သော ပုလင်းများနှင့်အတူ ထားလိုက်သည်။
ထို့နောက်တွင် သူမ ထိုကိစ္စအား အာရုံမထားတော့ဘဲ ဆေးဝါးဆောင်မှ ထွက်လာခဲ့သည်။ သူမ စုဆောင်းခဲ့သော ဆေးလုံးအား စနစ်တကျစီမံခန့်ခွဲပြီးနောက် စဦးချီဖွဲ့စည်းမှုအဆင့် အပြင်စည်းဂိုဏ်းသားများအကြား ဖြန့်ဝေရန် ခရမ်းရောင်ချီအဖွဲ့၏ အကျိုးဆောင်အစောင့်ထံ ပေးပို့မည်ဖြစ်သည်။
ဟုတ်ပါသည်။ မပို့ဆောင်ခင် ဆေးလုံးအားလုံး အန္တရာယ်ကင်းကြောင်း သေချာအောင် ခရမ်းရောင်ချီအဖွဲ့မှ တစ်စုံတစ်ယောက်က နှံ့နှံ့စပ်စပ် စစ်ဆေးမည်ဖြစ်သည်။
အချိန်များ တရွေ့ရွေ့ကုန်လွန်သွားသည်။ မကြာမီ လဝက်ကြာခဲ့လေပြီ။ မန်ဟိုမှာ ဆေးဖော်ရာတွင် အလဟဿမဖြစ်စေတော့ဘဲ တကယ်တမ်း ပစ္စည်းတော်တော်များများပင် စုမိဆောင်းမိလာ၏။ သူ၏ ဆေးပေါင်းဖိုလည်း မပေါက်ကွဲတော့သည့်အတွက် ချီဖွဲ့စည်းမှုဆေးလုံးအများအပြား ဖော်စပ်နိုင်နေလေသည်။
ဤအချိန်ခန့်တွင် ချီဖွဲ့စည်းမှုဆေးလုံးများ ဆေးဝါးဆောင်မှ ထုတ်ယူပြီး နှစ်ပတ်လျှင်တစ်ကြိမ် ဆေးလုံးဖြန့်ဝေမှုအတွက် ခရမ်းရောင်ချီအဖွဲ့ထံ ပို့ဆောင်ခံလိုက်ရသည်။
စုကျုံးလွမ်တွင် သိပ်မြင့်မားသော ကျင့်ကြံခြင်းအခြေခံ မရှိပေ။ သူသည် ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်တွင် ဖြစ်၏။ အစက သူသည် ခရမ်းရောင်ချီအဖွဲ့သားမဟုတ်ဘဲ အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးအတတ်သင်တစ်ယောက် ဖြစ်သည်။ သို့သေည် အဆုံးသတ်တွင် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက် မဖြစ်မလာနိုင်သည်သာမက သူ၏မျိုးနွယ်စုမှာ ဇီယွင်ဂိုဏ်းထဲတွင် အတော်လေးအဆင့်အတန်းနိမ့်ကျ၏။ ထို့ကြောင့် သူသည် အရှေ့ဆေးဝါးအဖွဲ့မှ ခရမ်းရောင်ချီအဖွဲ့သို့ ပြောင်းပြီး မှော်ပညာရပ်များဆိုင်ရာ ကျင့်ကြံခြင်းတွင် အာရုံစိုက်ရန် ဆုံးဖြတ်ခဲ့သည်။
သူသည် တစ်ခါက ဆေးဝါးအတတ်သင်ဖြစ်ခဲ့ဖူးသည့်အတွက် နောက်ဆုံး၌ ဖြန့်ဝေရန်အတွက် ပေးပို့လိုက်သော ဆေးလုံးများအား စစ်ဆေးရမည့် တာဝန်ပေးအပ်ခြင်းခံခဲ့ရသည်။ သူ ခွင့်ပြုသည့် ဆေးလုံးများသာလျှင် အပြင်စည်းဂိုဏ်းသားများထံသို့ ဖြန့်ဝေခံရမည်ဖြစ်သည်။
သူ ဤအလုပ်လုပ်နေခဲ့သည်မှာ ကြာလေပြီ။ ထိုမျှသာမက သူ စစ်ဆေးရသည့် ဆေးလုံးများက ချီဖွဲ့စည်းမှုဆေးလုံးများသာ ဖြစ်သည်ကို စဥ်းစားကြည့်လျှင် စုကျုံးလွမ်အနေဖြင့် ကောက်ကြည့်ပြီး အစစ်အမှန်လား၊ အတုလား ချက်ချင်း ပြောနိုင်သည်။ ထို့အပြင် သူသည် ဆေးလုံး၏ ဆေးစွမ်းအားကိုလည်း အလွယ်တကူ ပြောနိုင်သည်။
ယနေ့တွင် အရှေ့ဆေးဝါးအဖွဲ့က ယခုလေးတင် ဆေးလုံးတစ်သုတ် ပေးပို့ခဲ့လေသည်။ သူက တစ်ဖက်လက်ဖြင့် ရနံ့သင်းသင်း လက်ဖက်ရည်တစ်ခွက် သောက်နေရင်း အခြားတစ်ဖက်ဖြင့် ဆေးပုလင်းများကို ဖွင့်ကာ ထိုင်နေသည်။ သူသည် တစ်ပုလင်းပြီးတစ်ပုလင်း ဖွင့်ပြီး သူ့နှာခေါင်းတွင်တေ့ကာ အနံ့ရှူတတ်သည်။ ၄င်းမှာ အတော်လေး ဇိမ်ကျသော အလုပ်တစ်ခုဖြစ်သည်။
သူ့အနောက်တွင် မှတ်တမ်းများ ထိန်းသိမ်းပြီး အကြောင်းကိစ္စများ ဖြေရှင်းရန် တာဝန်ရှိသော အစေခံလူငယ်လေးတစ်ယောက်ရှိသည်။
"ဒီ ချီဖွဲ့စည်းမှုဆေးလုံးတွေက အတူတူနီးပါးပဲ" စုကျုံးလွမ်က သက်ပြင်းချရင်း ဆိုသည်။ "ကွာခြားမှူမရှိသလောက်ပဲ။ အင်း သူတို့က ဆေးဝါးကျွမ်းကျင်ပညာရှင်တွေပဲ မဟုတ်လား......." သူက နောက်တစ်ပုလင်းကောက်ယူပြီး ဖယောင်းကို ဖယ်လိုက်သည်။ အနံ့ကို မရှူခင် လက်ဖက်ရည်တစ်ငုံသောက်သည်။ ထို့နောက် သူသည် ပုလင်းကို သူ့နှာခေါင်းအောက် ဖြေးဖြေးချင်းထားပြီး ရှူသွင်းလိုက်သည်။
ထိုသို့လုပ်လိုက်သည်နှင့် တစ်ပြိုင်နက် ရုတ်တရက် သူ မျက်လုံး မျက်လုံးပြူးသွားသည်။ သူက ခေါင်းငုံ့ပြီး ထပ်ရှူလိုက်၏။ ထို့နောက် ဆေးပုလင်းကို လှန်ပြီး သူ့လက်ထဲ ဆေးလုံးများ ထည့်လိုက်စဥ် သူ၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။ စုစုပေါင်း ချီဖွဲ့စည်းမှုဆေးလုံး ငါးလုံးရှိသည်။ ၄င်းတို့ကို အနီးကပ်စစ်ဆေးကြည့်ရှုရင်း ထပ်ရှူကြည့်ပြီးနောက် သူ့မျက်နှာပေါ်တွင် အံသြသောအရိပ်အယောင်တစ်ခုပေါ်လာသည်။
"ဒါ......" သူက ရုတ်တရက် ထရပ်လိုက်သဖြင့် လက်ဖက်ရည်ခွက် မှောက်ကျသွားသည်။ သို့သော် သူကား ၄င်းကို သတိထားမိပုံပင်မရပေ။ သူ၏အာရုံအလုံးစုံက ဆေးလုံးအပေါ်တွင် ကျရောက်နေသည်။
သူ့အနောက်က အစေခံလူငယ်လေးမှာ ကြောင်တောင်တောင်ကြည့်နေသည်။ စုကျုံးလွမ် ဤသို့ပြုမူသည်ကို သူ တစ်ခါမှမမြင်ခဲ့ဖူးပေ။ အထူးသဖြင့် ယခုလေးတင် လက်ဖက်ရည် မှောက်ကျသွားသည့်အခြင်းအရာဆိုလျှင် ပိုမှန်မည်။ လက်ဖက်ရည်မှာ စုကျုံးလွမ် အချစ်ဆုံးများထဲက တစ်ခုဖြစ်ပြီး သူသာ ခွက်တစ်ခွက် တိုက်ချမိပါက အပြစ်ပေးခံရပေမည်။ ယခုတော့ စုကျုံးလွမ်အနေဖြင့် မှောက်သွားသော လက်ဖက်ရည်ခွက်ကို သတိထားဟန်ပင်မတူပေ။
"ဆေးစွမ်းအား.......ဘယ်လိုလုပ် ဒီအဆင့်ဖြစ်နိုင်မှာလဲ။ ဘယ်သူ ဒီဆေးကို ဖော်တာလဲ" သူက အသက်ပြင်းပြင်းရှူရင်း ဆေးပုလင်းကို ကောက်ကြည့်လိုက်ရာ ဘေးဘက်တွင် ရေးသားထားသည့် 'ဖန်'ဆိုသော စာလုံးကို မြင်လိုက်ရသည်။
"ဖန်...... ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ထောင်ရှိတယ်၊ အဲ့ထဲကမှ ဖန်မျိုးရိုးနဲ့ သုံးယောက်လောက် ငါတွေးနိုင်တယ်။ ဒါက ဘယ်တစ်ယောက်ဖြစ်မလဲ" သူက တစ်ယောက်တည်း ရေရွတ်ရင်း ချီဖွဲ့စည်းမှုဆေးလုံးငါးလုံးကို ဆေးပုလင်းထဲ ဂရုတစိုက် ပြန်ထည့်လိုက်သည်။ သူ၏မျက်လုံးများ ဝင်းလက်တောက်ပနေ၏။
"ဒီချီဖွဲ့စည်းမှုဆေးလုံးတွေရဲ့ ဆေးစွမ်းအားက သာမန်ထက် အများကြီးသာတယ်" သူက မောဟိုက်ပင်ပန်းစွာ အသက်ရှူရင်း ပြောသည်။ "ချီဖွဲ့စည်းမှူဆေးလုံးတွေပဲ ဖြစ်နေတာ ဆိုးတယ်။ ချီအခြေတည်အဆင့်အတွက် သင့်တော်တဲ့ ဆေးလုံးတွေသာ ဆိုလို့ကတော့.... " သူက မျက်လုံးများ ဝင်းလက်တောက်ပနေလျက် တဟုန်ထိုးထွက်သွားသည်။
မန်ဟို့မှာတော့ သူ၏ချီဖွဲ့စည်းမှုဆေးလုံး လက်ဆုပ်စာက မည်မျှအုတ်အော်သောင်းနင်းဖြစ်စေခဲ့သည်လဲ မသိပေ။ ယခုလောလောဆယ်တွင် သူသည် ကျင့်ကြံခြင်းဂူထဲတွင် မျက်မှောင်ကြုတ်ကာ အသားဂျယ်လီကို ငုံ့ကြည့်ရင်း ထိုင်နေသည်။
အသားဂျယ်လီမှာ ယခုတွင် လုံးဝခြောက်ကပ်ပြီး အသက်မဲ့နေရာ မန်ဟို့ကိုအတန်ငယ် စိုးရိမ်သောကရောက်နေစေသည်။ တစ်လကြာပြီးနောက်ပိုင်း ဤအတိုင်းဆက်ဖြစ်နေလျှင် ယခုအချိန်ထိ ဇီယွင်ဂိုဏ်းတွင် သူ ပြုလုပ်ခဲ့သမျှ အကျိုးအမြတ်များအားလုံး ရေစုန်မြောလိမ့်မည်။
ရက်များ ကုန်လွန်လာပြီး မန်ဟို၏ပူပင်သောကများ ပို၍နက်ရှိုင်းလာသည်။ လင်းဟွေ့နှင့် လီတောက်အပါအဝင် ယခုရက်ပိုင်း သူ့ကို အတော်များများ လာရှာကြသည်။ ချူယွီယန်လည်း နှစ်ကြိမ်ရောက်လာခဲ့သည်။ မန်ဟို နည်းပေါင်းစုံသုံး၍ သူတို့ကို ဝေ့လည်ကြောင်ပတ်လုပ်ခဲ့သော်လည်း သိပ်ကြာကြာ ထိန်းထားနိုင်မည်မဟုတ်ပေ။
ကံကောင်းထောက်မစွာ ရက်နှစ်ဆယ်ခန့်ကြာသော် အသားဂျယ်လီ၏ မျက်နှာပြင် အပေါ်တွင် အက်ရာများ မြင်လာရသည်။ နေ့တိုင်းနေ့တိုင်း ပိုပို၍ပေါ်လာပြီး မကြာခင် အသက်ရှိလာသည့် အရိပ်အယောင်များ ထင်ရှားလာသည်။ ထိုအခါမှနောက်ဆုံး မန်ဟို သက်ပြင်းချနိုင်တော့သည်။
ရက်အနည်းငယ်ထပ်မံ ကုန်လွန်သွားပြီးနောက် တစ်လပြည့်ရန် တစ်ရက်သာ လိုတော့သည်။ အသားဂျယ်လီသည် ယခုတွင် အက်ရာများဖြင့် လုံးဝဖုံးလွှမ်းလုနီးပါး ဖြစ်ပြီး အသက်စွမ်းအားမှာ ၄င်းအတွင်း လှုပ်ရှားလာပုံရသည်။ အသားဂျယ်လီကား ဖောက်ထွက်ရန် ရုန်းကန်ရင်း အထဲ၌ ရှိနေသေးကြောင်း မန်ဟို ပြောနိုင်၏။
မန်ဟိုသည် ခြောက်ကပ်နေသောအခွံထဲမှ အသားဂျယ်လီ ဖောက်ထွက်လာမည်ကို စောင့်ရင်း တိတ်ဆိတ်စွာ ထိုင်နေသည်။
ညသည် တိတ်တိတ်ဆိတ်ဆိတ် ကုန်ဆုံးသွား၏။ နောက်တစ်နေ့မနက် မိုးသောက်ယံတွင် အသားဂျယ်လီ၏မျက်နှာပြင်ပေါ်၌ အက်ရာများ လုံးဝပြည့်နှက်သွားလေပြီ။ အက်ကွဲသံများ လေတွင် ပြည့်နှက်နေပြီး ပြန်လည်မွေးဖွားလာသော အသားဂျယ်လီမှာ အချိန်မရွေး ဖောက်ထွက်တော့မည့်ပုံရသည်။
မန်ဟိုမှာ ဘာမှမတတ်နိုင်သဖြင့် စောင့်သာကြည့်နေနိုင်သည်။ ဤအခိုက်အတန့်တွင် ပိုင်ယွင်လိုင်၏ စိတ်လှုပ်ရှားနေသောအသံကြီးအား ကျင့်ကြံခြင်းဂူ၏အပြင်ဘက်မှ ရုတ်တရက် ကြားလိုက်ရသည်။
"ဖန်မု မြန်မြန် တံခါးဖွင့်။ ငါ့မှာ သတင်းကောင်းရှိတယ်။ တကယ် သတင်းကောင်းနော်"
"အစ်ကိုကြီး" မန်ဟိုက ချက်ချင်း ပြန်ဖြေသည်။ "ကျုပ် ဆေးဖော်နေတာ။ အခု တကယ် ထွက်မလာနိုင်လို့ပါ။ အစ်ကိုကြီးပိုင်၊ နည်းနည်းလေးလောက် စောင့်ပေးပါလား။ ဒီတစ်သုတ်ပြီးတာနဲ့ ကျုပ် ထွက်လာခဲ့မယ်"
"အီးရား၊ မင်း ဘာဆေးတွေ ဖော်နေတာတုန်း" ပိုင်ယွင်လိုင်က အလျင်လိုနေသောအသံဖြင့် ပြန်ဖြေသည်။ "မြန်မြန် လက်စစတ်။ ငါ အတွင်းစည်းဂိုဏ်းသားတစ်ယောက်ဆီကနေ မင်းအတွက် စီးပွားရေးလုပ်ဖို့ လုပ်နိုင်ခဲ့တယ်။ သူက ဆေးလုံးတွေ လိုတယ်ပြောတာနဲ့ ငါလဲ မင်းကို ထောက်ခံပေးလိုက်တာ။ မင်း သူ့အတွက် ဆေးဖော်ပေးရင် တစ်ဆင့်စကား တစ်ဆင့်နား ပြန့်ပြီး အပြင်စည်းဂိုဏ်းသားတွေ မင်းကို စီးပွားရေးလုပ်ဖို့ လာရှာကြလိမ့်မယ်" ပိုင်ယွင်လိုင်နှင့် မန်ဟိုသည် တစ်နှစ်တာအတွင်း ကောင်းမွန်သော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ခဲ့သည်။ ယခုတွင် မန်ဟိုက ဆေးဝါးကျွမ်းကျင်ပညာရှင်ဖြစ်၍ ပိုင်ယွင်လိုင်မှာ သူ ဆေးဖော်ရန်အတွက် အပြင်စည်းဂိုဏ်းသားများအား ထပ်ကာထပ်ကာ အဆိုပြုတိုက်တွန်းခဲ့သည်။ သို့သော် သူတို့ သဘောတူအောင်လုပ်ရန် ခက်ခဲခဲ့လေသည်။ ယခု ရလျှင်ရချင်း မန်ဟို့ဆီ အပြေးအလွှား လာခဲ့ခြင်းပင်။
မန်ဟိုက ခါးသက်သက်ရယ်လိုက်သည်။ ယခင်ကဆိုလျှင် ထိုကဲ့သို့ အခွင့်အရေးမျိုးရသည့်အတွက် သူ ထခုန်မတတ် ဝမ်းသာမိမည်။ဤသည်မှာ ဂိုဏ်းတွင် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်အဖြစ် နာမည်ကြီးလာစေမည့် အရေးကြီးသောခြေလှမ်းတစ်လှမ်း ဖြစ်သည်။ အဆင့်တက်ခဲ့သည့်က သိပ်မကြာသေးသည့်အတွက် သူ့အနေဖြင့် အခြားဆေးဝါးကျွမ်းကျင်ပညာရှင်များထဲမှ ထိုးထွက်ရန် ရုန်းကန်ရမည်ဖြစ်သည်။ လွန်ခဲ့သည့် တစ်လုံးလုံး ဆေးဖော်စပ်ပေးဖို့ သူ့ကို လာရှာသူတစ်ယောက်မှပင် မရှိခဲ့ပေ။
သူ ပထမဆုံးအခွင့်အရေးကို မရယူနိုင်ပါက ဘယ်တော့မှ ဒုတိယဆိုပြီး ရှိလာမည်မဟုတ်ပေ။
ကံဆိုးစွာပင် ယနေ့......
မန်ဟို ပါးစပ်ဟတော့မည့်အချိန်မှာပင် သူ၏အမူအရာ ရိပ်ခနဲ ဖြစ်သွားသည်။ သူက အသားဂျယ်လီကို အသက်ရှိုက်စာအနည်းငယ်ကြာသည်အထိ ကြည့်နေလိုက်သည်။ အပြင်ဘက်က ပိုင်ယွင်လိုင် ရုတ်တရက် ကျင့်ကြံခြင်းဂူအတွင်းမှ မိုးခြိမ်းသံတမျှကျယ်လောင်သော ပေါက်ကွဲသံကြီး ကြားလိုက်ရသည်။
၄င်းက ချိုင့်ဝှမ်းတစ်ခုလုံး ပြည့်နှက်သွားရာ တောင်များအား တုန်ခါသွားစေသည်။ ချိုင့်ဝှမ်းအတွင်းရှိ မည်သူမဆို ၄င်းကို ကြားလိုက်ကြ၍ အတော်လေးအာရုံစိုက်ရာ ဖြစ်သွားလေသည်။ ပိုင်ယွင်လိုင်မှာတော့ တအံ့တသြငေးကြည့်နေမိ၏။ သူ့နားနှစ်ဖက်လုံး အူသွားပြီး သူ့အတွက် က္ကန္ဒြေဆည်ရန် အချိန်အတော်ကြာလိုက်သည်။
သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် ကြောက်ကြောက်လန့်လန့်နှင့် ရင်တုန်ရင်း ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။ ဤမျှအသံကျယ်ကြီးထွက်လာစေသည်အထိ မန်ဟို မည်သည့်ဆေးလုံး ဖန်တီးနေသည်လဲ သူမစဥ်းစားတတ်တော့ပေ။ သို့သော် သိပ်မကြာခင် ကျင့်ကြံခြင်းဂူတံခါး ပွင့်လာပြီး ဖန်မုက ပြုံးရင်း ထွက်လာသည်။
"ကျုပ် စိတ်လောသွားလို့ ဆေးပေါင်းဖိုပေါက်ကွဲသွားတယ်" သူက ပြောသည်။ "ဒါပေမယ့် ကိစ္စမရှိဘူး ။ ကျုပ်မှာ ရှိသေးတယ်။ လာ အစ်ကိုကြီးပိုင် သွားရအောင်"
***