← Chapters

ဆေးဝါးပညာရှင်ဖန် မည်သို့ ဟိတ်ဟန်ထုတ်သနည်း

Vol. 16 Ch. 223

ဆေးဝါးပညာရှင်ဖန် မည်သို့ ဟိတ်ဟန်ထုတ်သနည်း

Vol. 16 Ch. 223

ပိုင်ယွင်လိုင်က မန်ဟို့ကို ကြည့်ပြီး ပြောသည်။ " ငါ မင်းအတွက် ဆေးဝါးအတတ်သင်တစ်ယောက်ယောက် ရှာပေးရမလား" ယခုလောလောဆယ်တွင် မန်ဟို၏ ရာထူးအဆင့်အတန်းကား ယခင်နှင့်ကွာခြားနေလေပြီ။ သူသည် ဆေးဝါးကျွမ်းကျင်ပညာရှင် တစ်ယောက် ဖြစ်၏။ အရှေ့ဆေးဝါးအဖွဲ့တွင် ဖြစ်စေ၊ ခရမ်းရောင်ချီအဖွဲ့တွင် ဖြစ်စေ၊ သူ၏အဆင့်အတန်းက အတွင်းစည်းဂိုဏ်းသားတစ်ဦးနှင့် တူညီသည်။ သူက အလွန်တရာ အရေးပါ၏။

ဇီယွင်ဂိုဏ်း၏ ရှေးယခင်ကတည်းက တည်ရှိခဲ့သော စည်းမျဥ်းများအရ ဆေးဝါးကျွမ်းကျင်ပညာရှင်များသည် ခရမ်းရောင်ချီအဖွဲ့၏ အတွင်းစည်းဂိုဏ်းသားများနှင့် တန်းတူညီသည်။ သို့သော် လက်တွေ့တွင် သူ၏အဆင့်အတန်းက အတန်ငယ် ပို၍မြင့်မားသည်။

"မလိုပါဘူး" မန်ဟိုက ခပ်ရေးရေးပြုံးရင်း ပြောသည်။ သူသည် ပိုင်ယွင်လိုင်နှင့်အတူ တောင်အောက်ဆင်းလာပြီးနောက် ခရမ်းရောင်ချီအဖွဲ့ထံ ဦးတည်သွားသည်။ လမ်းတွင် ပိုင်ယွင်လိုင်က အခြေအနေရှင်းပြသည်။ ဆေးလုံးဖော်စပ်ရန် တောင်းဆိုခဲ့သောလူမှာ အတွင်းစည်းဂိုဏ်းတွင် မြင့်မားသောရာထူးတစ်ခုကို သိမ်းပိုက်ထားသည်။ သို့သော် ရွေးချယ်ခံဖြစ်သည့်တိုင် သူ့အနေဖြင့် ဆေးပေါင်းဖိုဘုရင်တစ်ယောက်ထံမှ အကူအညီမတောင်းဆိုနိုင်ပေ။ ထို့အပြင် သူ၏ဂုဏ်သတင်းက သိပ်မကောင်းသည့်အတွက် ဆေးဝါးကျွမ်းကျင်ပညာရှင်များအများစုမှာ မကူညီချင်ကြပေ။

အရှေ့ဆေးဝါးအဖွဲ့သည် အတော်လေးသီးခြားဆန်သော နေရာတစ်ခုကို သိမ်းပိုက်ထားသည်။ မည်သည့်ဆေးဝါးကျွမ်းကျင်ပညာရှင်မဆို တောင်းဆိုချက်ကို ငြင်းဆန်ပိုင်ခွင့်ရှိသည်။ သူတို့ ထိုသို့ငြင်းဆန်လျှင် ခရမ်းရောင်ချီအဖွဲ့၏ အတွင်းစည်းဂိုဏ်းသားများ ဘာမှမတတ်နိုင်ပေ။ ဤရွေးချယ်ခံမှာ အခြားရွေးချယ်စရာ များများစားစား မရှိပေ။ သူ့အတွက် ဆေးဖော်စပ်လိုသော ဆေးဝါးကျွမ်းကျင်ပညာရှင်များမှာလည်း သူ၏စံသတ်မှတ်ချက်များနှင့် မကိုက်ညီပေ။

ပိုင်ယွင်လိုင်က ဤအကြောင်းကို သိ၍   ၄င်းမှာ ဖန်မုအတွက် အခွင့်ကောင်းတစ်ခုဖြစ်သည်ဟု ယူဆလိုက်လေသည်။ မအောင်မြင်လျှင်တောင်မှ ဤရွေးချယ်ခံအနေဖြင့် အရှေ့ဆေးဝါးအဖွဲ့ကို ဘာမှမလုပ်နိုင်ပေ။ ထို့ကြောင့် ပိုင်ယွင်လိုင် မန်ဟို့ကို အပြေးအလွှားလာရှာခြင်းပင်။

မန်ဟိုက ရှင်းပြသည်ကို နားထောင်ပြီးနောက် တခဏတွေး၍ မေးသည်။ "သူက ဘာဆေးလုံး ဖော်စေချင်တာလဲ"

"မပြောဘူး။ ငါတို့ အဲ့ဒီကို ရောက်ရင် မင်းမေးလို့ရတယ်။ ငါ့အနေအထားအရ မေးခွင့်မရှိဘူးလေ။ ဘယ်လိုနေနေ တင်းယုံက ခရမ်းရောင်ချီအဖွဲ့ရဲ့ လက်ရွေးစင်တစ်ယောက်လေ။ ငါ့မှာ မေးခွင့်ရှိရင်တောင် သူ ငါ့ကို ဖြေမှာတောင် မဟုတ်ဘူး" ပိုင်ယွင်လိုင် သက်ပြင်းချလိုက်သည်။

မန်ဟို ခေါင်းညိတ်လိုက်သည်။ သူတို့ ချိုင့်ဝှမ်းအမျိုးမျိုးကို ဖြတ်သွားကြစဥ် စောစောက မြင်ကွင်း သူ့ခေါင်းထဲ ပြန်ပေါ်လာ၏။ မယုံကြည်နိုင်ဖွယ် အသံကျယ်ကြီးမှာ အသားဂျယ်လီ၏ ဖောက်ထွက်မှုကြောင့် ဖြစ်ပေါ်ခဲ့ခြင်းပင်။ ၄င်း ပြန်လည်မွေးဖွားသည့်အခြေအနေနှင့် ပြန်ပေါ်လာပြီးနောက် အံသြစရာပင် စကားပြောရန် စိတ်ဝင်စားပုံမရပေ။ ၄င်းက မန်ဟို၏ပုံပန်းသွင်ပြင်ကို ဖန်မုအဖြစ် ပြန်ပြောင်းပေးပြီးနောက် အိပ်ရန် သွေးမျက်နှာဖုံးထဲ ပျံဝင်သွားတော့သည်။

ယခုတွင် ၄င်းသည် သွေးခွေးကြီးနည်းတူ အိပ်မောကျနေပြီ ဖြစ်သည်။ မန်ဟိုက အလျင်အမြန် စစ်ဆေးပြီးနောက် ၄င်း လအနည်းငယ်အတွင်း နိုးလာမည်ဖြစ်ကြောင်း သုံးသပ်မိလိုက်သည်။ ထို့နောက် သူ ထပ်အာရုံစိုက်မနေတော့ပေ။ ထို့နောက် သူက စိတ်လှုပ်ရှားစွာဖြင့် စောစောက ပေါက်ကွဲခဲ့သော အရေခွံအစအနများကို မြန်မြန်ဆန်ဆန် စုဆောင်းလိုက်သည်။

အရေခွံအဟောင်းမှာ အလွန့်အလွန် ထူထဲကြမ်းတမ်း၏။ မန်ဟို၏ ကျင့်ကြံခြင်းအခြေခံဖြင့်ပင် တစ်စမှ မချိုးဖဲ့နိုင်ပေ။ ၄င်းက အသားဂျယ်လီမှ လာခြင်းဖြစ်၍ မှော်ပစ္စည်းတစ်ခုအဖြစ် မန်ဟို သဘောထားလေသည်။ အသေးစိတ် စူးစမ်းလေ့လာရန် အချိန်မရှိသည့်အတွက် ၄င်းကို သိမ်းပြီးနောက် ကျင့်ကြံခြင်းဂူအပြင်ဘက် လမ်းလျှောက်ထွက်လာခဲ့ခြင်းပင်။

မန်ဟိုနှင့် ပိုင်ယွင်လိုင်တို့ အရှေ့ဆေးဝါးအဖွဲ့နှင့် ခရမ်းရောင်ချီအဖွဲ့ကို ဆက်သွယ်ထားသော ချိုင့်ဝှမ်းသို့ ရောက်ရန် သိပ်မကြာလိုက်ပေ။ ထိုနေရာတွင် မောက်မာထောင်လွှားပုံရသော လူငယ်တစ်ယောက်က ကျောနောက်လက်ပစ်၍ ကောင်းကင်ကို မော့ကြည့်ရင်း သူတို့ကို စောင့်နေသည်။

ဤသည်မှာ တင်းယုံပင်။ သူသည် နေရောင်အောက်တွင် တဖျပ်ဖျပ်လက်နေသော အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အမှန်တွင် ခရမ်းရောင်အရှိန်အဝါကို ထုတ်လွှတ်နေသည်။ မန်ဟို ဇီယွင်ဂိုဏ်းကို ဝင်ရောက်ခဲ့သည့်နှစ်က ခရမ်းရောင်ချီအဖွဲ့ ဖြစ်စေ၊ အရှေ့ဆေးဝါးအဖွဲ့ ဖြစ်စေ၊ ခရမ်းရောင်ချီအား လေးလေးစားစားဆက်ဆံရကြောင်း လေ့လာသိရှိခဲ့ရ၏။ ထို့ကြောင့် ဤလူငယ်က သီးသန့်ဂိုဏ်းသားတစ်ယောက်၏ ခရမ်းရောင်ဝတ်ရုံများကို မဝတ်ဆင်ထားသည့်တိုင် သူ၏အဝတ်အစားများက ခရမ်းရောင်အရှိန်အဝါတစ်ခု ထုတ်လွှတ်နေရာ ဂိုဏ်းတွင် အလွန်မြင့်မားသော အဆင့်အတန်းရှိကြောင်း ဖော်ပြနေသည်။ သူက ဇီယွင်ဂိုဏ်း၏ ရွေးချယ်ခံပင်။

သူ၏ကျင့်ကြံခြင်းအခြေခံသည် နောက်တစ်ဆင့်သို့ တက်ရန် ဆံခြည်မျှင်တစ်မျှင်သာ လိုတော့သော ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်၏ အထွတ်အထိပ်တွင် ဖြစ်သည်။

တင်းယုံ မန်ဟို့ကို မြင်သောအခါ မျက်မှောင်ကြုတ်သွားပြီး ပြောသည်။ "ဖန်မုလား မင်းက" သူ့အမြင်အရ အသက်ကြီးကြီး ဆေးဝါးကျွမ်းကျင်ပညာရှင်ဖြစ်လေလေ၊ ပိုကောင်းလေလေဖြစ်သည်။ သူ့အတွက် မန်ဟိုမှာ ငယ်လွန်းလေသည်။

မန်ဟိုက အေးစက်စက် မျက်မှောက်ကြုတ်ရင်း ရပ်လိုက်သည်။ လီတောက်နှင့် အတူရှိစဥ်တုန်းက ထိုလူ အတွင်းစည်းဂိုဏ်းသားများအရှေ့တွင် မည်သို့ ပြုမူပုံနှင့် ကျင့်သားရခဲ့လေသည်။ ဆေးဝါးကျွမ်းကျင်ပညာရှင်ဆိုသည်မှာ ပင်ကိုယ်အားဖြင့် လေးစားခံရသူဖြစ်သည်။ သို့သော် လေးစားမှုရရှိရန် ကိုယ်တိုင်အားထုတ်မှုလည်း လိုသေးသည်။ အလွန်အောက်ကျို့ရိုကျိုးနေလျှင် အခြားသူများက သင့်ကို ကျွမ်းကျင်မှုမရှိဟု ယူဆသွားပေလိမ့်မည်။

ထို့ကြောင့် သူသည် ရပ်ပြီး အင်္ကျီလက်စကို ခါကာ အေးစက်စက် နှာမှုတ်လိုက်သည်။

"ပိုင်ယွင်လိုင်" သူက အေးတိအေးစက်ပြောသည်။ "အခုက စပြီး ဒီလိုမျိုး ဆေးဖော်ဖို့ကိစ္စမျိုးအတွက် ကျုပ်ကို လာရှာစရာမလိုဘူး" သူသည် တင်းယုံကို နောက်ထပ်တစ်ချက်ပင် မကြည့်ဘဲ လှည့်၍ လမ်းလျှောက်ထွက်သွားသည်။

ပိုင်ယွင်လိုင်သည် ဆေးဝါးကျွမ်းကျင်ပညာရှင်များနှင့် မကြာခဏ အလုပ်လုပ်ဖူးသည့်အပြင် မန်ဟိုနှင့်လည်း အလွန်ရင်းနှီးသည်။ သူ့အနေဖြင့် မည်သည့်အတွက်ကြောင့် အထာမပေါက်ဘဲ နေမည်နည်း။ သူက တိတ်တိတ်လေး ကျေနပ်နေရင်း ကြောက်လန့်သွားသည့် မျက်နှာထားဖမ်းလိုက်သည်။ ထို့နောက် မန်ဟို့ဗျူဟာ၏ ပစ်မှတ်၊ ပါးစပ်အဟောင်းသားနှင့် ရပ်နေသော တင်းယုံကို စွပ်စွပ်စွဲစွဲ စိုက်ကြည့်သည်။

"သူက အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်၊ ငယ်တော့ရော ဘာဖြစ်လဲ။ သူက နောက်ဆုံးအဆင့်တက်စာမေးပွဲမှာ နံပါတ် တစ်နေရာ ရခဲ့တာ။ စဥ်းစားကြည့်လိုက်စမ်း။ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်သိန်းထဲမှာမှ တစ်ယောက်တည်း ရွေးခံရတာနော်။ မင်း.... အီး ဆေးဝါးပညာရှင်ဖန် ဒီလာဖို့ သဘောမတူခင် ငါဘယ်လောက် တောင်းပန်ခဲ့ရလဲ မင်းမသိပါဘူး။ အခုတော့ မင်းလုပ်ပုံကို ကြည့်ဦး......" သူက ခေါင်းခါရင်း မန်ဟို့အနောက် လိုက်ရန် ပြင်လိုက်သည်။

တင်းယုံမှာ ခါးခါးသီးသီး ရယ်ပြီးနောက် သက်ပြင်းချလိုက်သည်။ သူသည် အတွေ့အကြုံရရန် ဂိုဏ်းအပြင်ထွက်နိုင်ခဲ့သော ချင်းရွှယ်ဟန်နှင့် လွီစုန့်တို့နှင့် မတူပေ။ သူ့အနေဖြင့် မန်ဟို မည်ကဲ့သို့ ဟိတ်ဟန်ထုတ်နေပုံကို မမြင်နိုင်ဘဲ ရှိမည်နည်း။  ပိုင်ယွင်လိုင်၏ စကားများကို ကြားသော် ဤဖန်မု၏ ဆေးဝါးကျွမ်းကျင်မှုက အတော်လေးထူးကဲဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။ တခဏတွေးပြီးနောက် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး သူက ရှေ့သို့ ခြေလှမ်းအနည်းငယ်လျှောက်လာသည်။

" ဆေးဝါးပညာရှင်ဖန်ရဲ့ ကြီးကျယ်မြင့်မြတ်တဲ့နာမည်ဟာ ကျုပ် နားစည်ကို မိုးခြိမ်းသံကြီးသဖွယ် ရိုက်ခတ်သွားပါတယ်" သူက ပြောသည်။ " စောစောက ဆေးဝါးပညာရှင်ဖန် ဘယ်လောက်ငယ်လဲဆိုတာ မြင်ရတော့ ကျုပ် အံ့သြလွန်းလို့ အပြောအဆိုမှားမိသွားပါတယ်။ ဆေးဝါးပညာရှင်ဖန် ဗွေမယူပါနဲ့ဗျာ"

မန်ဟိုက ရပ်ပြီးနောက် တင်းယုံကို အေးတိအေးစက်မျက်လုံးများဖြင့် ပြန်လှည့်ကြည့်သည်။ "ခင်ဗျား ဘာဆေးလုံး လိုချင်လဲ"

တင်းယုံ၏မျက်လုံးများ အရောင်လက်သွားသည်။ သူသည် မန်ဟို၏ စကားပြောပုံကို ကြည့်ရင်း အတော်လေးစိတ်ဆတ်သည့်လူတစ်ယောက်ဖြစ်မည်ဟု ယုံကြည်သွား၏။ သူက ကပျာကယာပြောသည်။ "အတားအဆီးချိုးဖျက်ဆေးလုံး"

မန်ဟို၏ မျက်နှာအမူအရာကား နည်းနည်းလေးပင် ပြောင်းလဲခြင်းမရှိ။ ဤအခြင်းအရာကို မြင်သော် သူသည် အလွန်အမြော်အမြင်ရှိပြီး တမူထူးခြားကြောင်း တင်းယုံ ကောက်ချက်ချလိုက်၏။ တကယ်တမ်း မန်ဟိုမှာ သူ၏မှတ်ဉာဏ်ထဲတွင် ကမန်းကတန်းရှာဖွေနေရလေသည်။ ကံဆိုးစွာပင် အတားအဆီးချိုးဖျက်ဆေးလုံးနှင့်စပ်လျဥ်းသော မည့်သည့်အချက်အလက်မှ မတွေ့ပေ။

"အဲ့လိုဆေးလုံးမျိုးအတွက် အနည်းဆုံး ဆေးဖော်နည်း (၁၇) နည်းရှိတယ်" သူက ခပ်တည်တည်ပြောသည်။ "ဒါ့အပြင် မျိုးကွဲမျိုးစုံနဲ့အတူ အသုံးပြုလို့ရတဲ့ ဆေးပင်အမျိုးအစား ရာချီရှိတယ်။ တိတိကျကျပြောရရင် ၃၉၇ မျိုး။ သန့်စင်တဲ့ဖြစ်စဥ်မှာဆိုရင် ထိန်းညှိုမှုတွေ အနုစိတ်လုပ်ဖို့လိုတယ်။ အဲ့တာကြောင့် ဖြစ်နိုင်တဲ့ မျိုးကွဲ ၇၀ ရာခိုင်နှုန်း ထပ်တိုးမယ်။ ခင်ဗျား ဘယ်အမျိုးအစား ဖော်စပ်ချင်တာလဲ"  သူ့မှာ တကယ်တော့ မထူးဇာတ်ခင်းကာ လျှောက်ပြောနေခြင်းဖြစ်သည်။ သူ့ဘေးရှိ ပိုင်ယွင်လိုင်မှာတော့ ပါးစပ်အဟောင်းသားနှင့် ငေးကြည့်နေသည်။ သူလည်း အတားအဆီးချိုးဖျက်ဆေးလုံးက မည်သည့်အရာဖြစ်သည်ကို စဥ်းစားနေခဲ့လေသည်။ မန်ဟို့စကားလုံးများကို ကြားရခြင်းက သူ့မျက်လုံးများထဲတွင် လေးစားသောအရိပ်အယောင်များ ပေါ်လာစေ၏။

သူ့အတွက် ထိုစကားများမှာ နှံ့စပ်နားလည်မှုရှုထောင့်တစ်ခုမှ လာပုံရသည်။ အနည်းဆုံးတော့ ယင်းက သူခံစားရသည့် ခံစားချက်ပင်။

ပိုင်ယွင်လိုင်ပင် အလိမ်မိသွားပုံပေါ်သည်။ တင်းယုံမှာတော့ တခဏကြာသည်အထိ တအံ့တသြစိုက်ကြည့်နေပြီးနောက် သူ၏မျက်လုံးများထဲတွင် တောက်ပသောအလင်းရောင်တစ်ခု ပေါ်ပေါက်လာသည်။ မန်ဟို၏စကားလုံးများက သူ့အတွက် အတော်လေး နားလည်ရခက်လေသည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး လက်ယှက်ဦးညွတ်လိုက်သည်။ ပေါ့တီးပေါ့ပျက်စကားလုံးများကို ရှောင်ရှားရင်း ပြောသည်။ "ဆေးဝါးပညာရှင်ဖန် ရိုးရိုးသားသား ပြောရရင် ကျုပ် ဘယ်အမျိုးအစားလဲမသိပါဘူး။ ကျုပ်မှာ ဆေးဖော်နည်းတစ်နည်းပဲ ရှိတယ်.....ခင်ဗျား တစ်ချက်လောက် ကြည့်ပေးနိုင်မလားဗျာ" သူက သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းပြားတစ်ပြား မြန်မြန်ဆန်ဆန် ထုတ်ပြီး မန်ဟို့ကို ကမ်းပေးလိုက်သည်။

တင်းယုံသာ ဂိုဏ်းကမဟုတ်လျှင် သူ အလွယ်တကူ မရွှီးနိုင်ပေ။ သို့သော် သူတို့သည် ဇီယွင်ဂိုဏ်းတွင် ဖြစ်ပြီး မန်ဟိုက ပညာသင်ဖက်ညီအစ်ကိုတစ်ယောက်ဖြစ်သည်။ ထိုမျှသာမက မန်ဟိုက အသာစီးရသော ဆေးဝါးကျွမ်းကျင်ပညာရှင်ဖြစ်ကြောင်း သူ သိသည်။ ထို့ကြောင့် မန်ဟို၏စကားလုံးများက အမှန်တတကယ် ထိရောက်မှုရှိလေသည်။

မန်ဟိုက ကျောက်စိမ်းပြားကို ခံစားချက်မဲ့စွာ လက်ခံပြီးနောက် စိတ်ဝိညာဥ်အာရုံဖြင့် စစ်ဆေးလိုက်သည်။ သူ၏မျက်နှာမှာ ယခင်အတိုင်းသာ ဖြစ်သော်လည်း အတွင်းတွင်တော့ သူ အံသြတုန်လှုပ်သွားသည်။

"ဒီတော့ အဲ့လိုဆေးလုံး ရှိတယ်ပေါ့လေ။ အတားအဆီးချိုးဖျက်ဆေးလုံးက ဘဝတစ်လျှောက်လုံးမှာ နှစ်ခါပဲ သောက်လို့ရတယ်။ တတိယအကြိမ်သောက်ရင် ချက်ချင်း သေရလိမ့်မယ်

"ဆေးပင်အမျိုးမျိုးနဲ့ အဆိပ်ပင်တွေ ရဲ့ အပြန်အလှန်အကျိုးသက်ရောက်မှုတွေက ချီစီးဆင်းမှုလမ်းကြောင်းကို လှုံ့ဆော်ပြီး ကျင့်ကြံခြင်းအခြေခံကို ပိတ်ဆို့စေမယ့် ပြင်းထန်တဲ့အရောအနှာ ဖန်တီးလိုက်မယ်" မန်ဟိုသည် ခေတ္တခဏ အတွေးထဲ နစ်မြောသွား၏။

သူ့ဘေးတွင် တင်းယုံမှာ ရင်ခုန်ခုန်ဖြင့် စောင့်ကြည့်နေသည်။ သူ ယခင်က အတားအဆီးချိုးဖျက်ဆေးလုံးကို တစ်ကြိမ်သောက်ခဲ့ဖူးသည်။ ကံဆိုးစွာပင် အလွန်အရေးကြီးသော အခိုက်အတန့်၌ သူ ချိုးဖျက်ခြင်း မအောင်မြင်ခဲ့ပေ။ ယခုတွင် သူ့မှာ အခွင့်အရေးတစ်ခုသာ ကျန်တော့၏။ အားလုံးအထဲ အဆိုးဆုံးမှာ လွန်ခဲ့သည့်နှစ်များတစ်လျှောက် ဆေးပေါင်းဖိုဘုရင်များနှင့် ဆေးဝါးကျွမ်းကျင်ပညာရှင်များအားလုံးကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့ခြင်းပင်။ သူတို့ထဲက တစ်ယောက် သဘောတူလျှင်ပင် သူ့အနေဖြင့် ရလဒ်များကို ကျေနပ်ဦးမည်မဟုတ်ပေ။ သူ့မှာ ချီတုံချတုံဖြစ်နေသေးသည်။ ဖန်မုအတွက် ဤသည်မှာ သာမန်ဆေးဖော်ရုံလေးသာ။ သို့သော် သူ့အတွက်တော့ ၄င်းက နောက်ဆုံးတကာ့ နောက်ဆုံးအခွင့်အရေးကို ကိုယ်စားပြုသည်။

သူ အောင်မြင်လျှင် ချီအခြေတည်ခြင်းနှောင်းပိုင်းအဆင့်ကို ဝင်ရောက်နိုင်မည်။ ထို့ကြောင့် သတိမထား၍ မရပေ။

အမှန်တွင် ဖန်မုကို ရှာရန် ရွေးချယ်ခဲ့သည့်တိုင် သူ့မှာ စိတ်ပိုင်းမဖြတ်ရသေးပေ။ အခြေအနေကို တီးကြည့်ခေါက်ကြည့်ပြီးနောက်မှ သူ့ခံစားချက်အပေါ် မူတည်ပြီး ဆုံးဖြတ်ချက်ချလိုသည်။ ဤသေရေးရှင်ရေးတမျှ အရေးကြီးသော ဆေးလုံးကို ဖော်စပ်ရန် ယုံကြည်ရလောက်သည့် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ကို သူ လိုချင်သည်။ အဆိုပါဆေးလုံး၏ ဆေးစွမ်းအားသည် ဖော်စပ်သူအပေါ်မူတည်ပြီး ကွဲပြားခြားနားမည်ဖြစ်ကြောင်း သူ ကောင်းကောင်းသိသည်။ တချို့လူများက စွမ်းအားမြင့်မြင့် ဆေးလုံးများ ဖော်စပ်နိုင်ပြီး တချို့က နည်းသည်။ တင်းယုံ သိရသရွေ့ ဤအတားအဆီးချိုးဖျက်ဆေးလုံး၏ ဆေးစွမ်းအားမှာ အတိမ်းအစောင်းမခံအောင် အရေးကြီးသည်။

သူ ယခင်က သောက်သုံးခဲ့သည့် ဆေးလုံးမှာ သာမန်ဆေးစွမ်းအားသာ ရှိခဲ့သည်။ မဟုတ်လျှင် ယနေ့ ဤနေရာတွင် သူ သက်ပြင်းချနေရမည် မဟုတ်။

မန်ဟိုက အချိန်အတန်ငယ်ကြာပြီးနောက် ကျောက်စိမ်းပြားကို ပြန်ပေးသည်။ သူက တင်းယုံထံ လျှောက်မလာခင် တစ်ယောက်တည်း ရေရွတ်နေသေး၏။

"လက်မြှောက် "

တင်းယုံမှာ ပါးစပ်အဟောင်းသားဖြစ်သွားပြီး မျက်လုံးများကျဥ်းမြောင်းသွားသော်လည်း မငြင်းပေ။ သူ၏ လက်ကိုမြှောက်လိုက်ရာ မန်ဟိုက သူ့လက်ကောက်ဝတ်ကို ဆုပ်ကိုင်ပြီး သူ့ကိုယ်ထဲသို့ စိတ်ဝိညာဥ်စွမ်းအားအနည်းငယ် ထည့်သွင်းလိုက်သည်။

"မခုခံနဲ့" သူက အေးတိအေးစက် ပြောသည်။ သူသည် စဦးချီဖွဲ့စည်းမှု၏ စိတ်ဝိညာဥ်စွမ်းအားကို တင်းယုံထဲ ထည့်ပေးလိုက်သည်။ တင်းယုံသည် မဝံမရဲနှင့် မန်ဟို့ကို ကြည့်နေသော်လည်း စိတ်ဝိညာဥ်စွမ်းအားကို သူ့ကိုယ်အတွင်း၌ အပြည့်အဝစီးဆင်းစေလိုက်သည်။

မန်ဟိုသည် တင်းယုံ တစ်နေသောအခြေအနေကို ဖောက်ထွက်ရန် မည်သည့် ဆေးစွမ်းအားအဆင့်လိုအပ်ကြောင်း အလျင်အမြန်အတည်ပြုနိုင်လိုက်၏။ တင်းယုံကိုယ်အတွင်း၌  ရှုပ်ထွေးနေသော ဆေးစွမ်းအားများကိုလည်း မန်ဟို သတိထားမိလိုက်သည်။ ထိုဆေးစွမ်းအားများမှာ သူ သောက်သုံးခဲ့သည့် ပထမဆုံး အတားအဆီးချိုးဖျက်ဆေးလုံးမှ ဆေးပင်များ၏ချီအကြွင်းအကျန်များ ပါဝင်နေဟန်တူသည်။

"ခင်ဗျား အတားအဆီးချိုးဖျက်ဆေးလုံးတစ်လုံး သုံးစွဲပြီးပြီပဲ" မန်ဟိုက သူ၏ စိတ်ဝိညာဥ်စွမ်းအားကို ပြန်နုတ်ရင်း ပြောသည်။

မန်ဟို့စကားလုံးများက တင်းယုံကို အသက်ပြင်းပြင်း ရှူမိလိုက်စေသည်။ သူက တောက်ပလင်းလက်နေသော မျက်လုံးများဖြင့် မန်ဟို့ကို တအြံတသြကြည့်သည်။ သူ အတားအဆီးဆေးလုံးတစ်လုံး သုံးစွဲခဲ့ဖူးကြောင်း ဘယ်သူ့ကိုမှ မပြောခဲ့ဖူးပေ။

" ကျုပ် ခင်ဗျားကို ဒီဆေးလုံး ဖော်ပေးမယ်" မန်ဟိုက တည်ငြိမ်စွာ ပြောသည်။ " အတားအဆီးချိုးဖျက်ဆေးလုံး ပြုလုပ်ဖို့ ဆေးပင်ခြောက်စုံလောက် လိုတယ်။ ဒါ့အပြင် ဝိညာဥ်ကျောက်တုံး သုံးသောင်း ကောပဲ"

"ကျုပ် ဒီဆေးလုံး ဖော်ပေးနိုင်တဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်တချို့ တွေ့ခဲ့ပြီးပြီ......" တင်းယုံက တစ်လုံးချင်း ပြောသည်။ "သူတို့အလွန်ဆုံးတောင်း ပါဝင်ပစ္စည်း သုံးစုံနဲ့ ဝိညာဥ်ကျောက်တုံး တစ်သောင်းပဲ"

"ကျုပ်ဆေးလုံးက ခင်ဗျားအဆင့်တက်အောင် လုပ်ပေးနိုင်မယ်ဆိုတာ အာမခံတယ်" မန်ဟိုက အေးအေးဆေးဆေး ပြန်ဖြေသည်။ သူ၏လေသံက တည်ငြိမ်နေသော်လည်း မာနအနည်းငယ် စွက်ဖက်နေသည်။

"တကယ်လား" တင်းယုံက မျက်လုံးများ တဖျပ်ဖျပ်လက်နေလျက် ပါးစပ်အဟောင်းသားဖြစ်သွားသည်။  ဤဆေးဝါးပညာရှင်ဖန်က အခြားဆေးဝါးကျွမ်းကျင်ပညာရှင်များထံမှ အလွန်ကွဲပြားကြောင်း အချိန်အတော်ကြာကတည်းက သုံးသပ်မိပြီးဖြစ်သည်။

"မယုံလဲ နေပေါ့" မန်ဟိုက ပြန်ရန် လှည့်ရင်း ပြောသည်။

တင်းယုံ ရင်လေးသွားသည်။ သူ၏မျက်နှာပေါ်တွင် စိတ်ပိုင်းဖြတ်ထားသောအရိပ်အယောင်တစ်ခု ပေါ်လာရန် တခဏသာကြာလိုက်သည်။ ဖန်မုသည် အခြားသူများနှင့်မတူ ကွဲပြားသည့်အပြင် သူ အရင်က အတားအဆီးချိုးဖျက်ဆေးလုံး သောက်သုံးခဲ့ဖူးသည်ကို သတိထားမိသည့်အချက်က သူ့ကို ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်စေသည်။ သူက တခဏလေးပင် တုံ့ဆိုင်းမနေဘဲ သိုလှောင်အိတ်ကို ပုတ်ပြီး အတွင်းထဲက ဆေးပင်များနှင့် ဝိညာဥ်ကျောက်တုံးများ အလျင်အမြန် ထုတ်လိုက်သည်။ သူက ၄င်းကို မန်ဟို့ထံ ကမ်းပေးလိုက်သည်။

"နှစ်ပတ်ကြာ မှောင်ရီပျိုးအချိန် ဆေးလုံး လာယူပါ" မန်ဟိုက ပြောသည်။ သူက အင်္ကျီလက်စကို ခါရင်း ပိုင်ယွင်လိုင်နှင့်အတူ ထွက်လာသည်။ သူ၏အနက်ရောင်ဝတ်ရုံရှည်သည် လေတွင် တဖတ်ဖတ်လွင့်နေပြီး ဆေးရနံ့အနည်းငယ်နှင့်အတူ ပညာရှင်ဆန်သောအငွေ့အသက်က သူ့ကို ဝန်းရံနေသည်။ သူကား တခြားကမ္ဘာမှလာသည့်အလားပင်။

***

All Chapters