ဆေးလုံးတွေက အသက်ရှည်စေနိုင်ပြီး အဆိပ်က သုတ်သင်ပစ်တယ်
Vol. 16 Ch. 224
ပိုင်ယွင်လိုင်မှာ လမ်းတစ်လျှောက်လုံး နှုတ်ပိတ်နေ၏။ နောက်ဆုံး သူတို့ ကျင့်ကြံခြင်းဂူတံခါးရောက်သောအခါတွင်တော့ သူ မအောင့်နိုင်တော့ပေ။ "ဖန်မု ၊ မင်းအစီအစဥ်က......."
"ကျုပ် ဝိညာဥ်ကျောက်တုံးတွေ လိုတယ်" မန်ဟိုက ရယ်ရင်း ပြောသည်။ " ဆေးပင်ခြောက်စုံတောင်းခဲ့ရတဲ့ အကြောင်းရင်းက အတားအဆီးချိုးဖျက်ဆေးလုံးတစ်လုံး ခင်ဗျားအတွက် ပေးမလို့ပဲ။ ခင်ဗျား စဦးချီဖွဲ့စည်းမှု အဆင့် (၈) မှာ တစ်နေတာ နှစ်ချီနေပြီမဟုတ်လား" သူက ပိုင်ယွင်လိုင်၏ပခုံးကို ဆုပ်ကိုင်ပြီးနောက် သူ၏ကျင့်ကြံခြင်းဂူထဲ လှည့်ဝင်သွားသည်။
တံခါးပိတ်သွားစဥ် ပိုင်ယွင်လိုင်သည် အချိန်အနည်းငယ်ကြာသည်အထိ မလှုပ်မယှက်ရပ်နေ၏။ နောက်ဆုံး၌ သူက လက်ယှက်ပြီး ခါးကိုင်းအရိုအသေပေးကာ ထွက်သွားသည်။ ကျေးဇူးတင်စကားကို နှုတ်မှ ကျယ်ကျယ်မပြောသည့်တိုင် သူ့နှလုံးသားအပေါ်သို့ ရေးထိုးပြီးဖြစ်သည်။
အချိန်များ ကုန်လွန်သွားသည်။ မကြာခင် တစ်ပတ်ကြာခဲ့လေပြီ။ မန်ဟိုသည် သူ့အရှေ့ရှိ အတားအဆီးချိုးဖျက်ဆေးလုံးကို ကြည့်ရင်း ကျင့်ကြံခြင်းဂူထဲတွင် တင်ပျဥ်ခွေထိုင်နေ၏။ သူက တစ်လုံးကောက်ပြီး အနီးကပ်ကြည့်သည်။
"ဆေးလုံးနဲ့ အဆိပ်ဆေးလုံးကြား ကွာခြားချက်က စိတ်အပေါ်မူတည်တယ်။ သတ်လိုစိတ်ရှိရင် ငါ ဒီအတားအဆီးချိုးဖျက်ဆေးလုံးရဲ့ အဆိပ်ဓာတ်တွေကို အသာလေး ထိန်းညှိလိုက်တာနဲ့ စားတဲ့သူ သေမှာပဲ။ အဲ့ဒီလူက အရမ်း အမြော်အမြင်ရှိပြီး တစ်ယောက်ယောက်ကို ဆေးလုံးအရင်စားခိုင်းရင်တောင်မှ အလိုအလျောက်ပြောင်းလဲအောင် လုပ်ဖို့ နည်းလမ်း ရှာနိုင်တယ်။ သဲလွန်စမဲ့ သတ်ဖြတ်ခြင်း......"
မန်ဟိုသည် သူအနှစ်နှစ်အလလ သုံးစွဲလာခဲ့သည့် ဆေးလုံးအလုံးစုံကို ပြန်စဥ်းစားရင်း တိတ်ဆိတ်စွာ ထိုင်နေသည်။ ထိုအချိန်တုန်းက သူ့အနေဖြင့် ဆေးဝါးပညာရပ်ကို ဘာဆိုဘာမှ မသိခဲ့ပေ။ တွေးကြည့်ရုံနှင့်ပင် သူ ဆံပင်မွှေးများထောင်လာသည်။ ယခု သူ့မှာ ဆေးဝါးပညာရပ်အကြောင်း သိလာလေလေ၊ တဖြေးဖြေး ကြောက်လာလေလေ ဖြစ်တော့သည်။
"အခုကစပြီး ငါ ကိုယ်တိုင် ဖော်တဲ့ဆေးပဲ ငါ သုံးစွဲရမယ်" သူက ရေရွတ်သည်။ "အပြင်လူတွေဆီက ဆေးလုံးတွေကိုတော့ ငါ့ ဆေးဝါးတာအိုအသိအမြင် အပြည့်အဝအသုံးပြုပြီး မသောက်သုံးခင် သေချာအတည်ပြုရမယ်။ ဆေးဝါးတာအိုနဲ့ အဆိပ်တာအိုကြား ကွဲပြားချက်က စိတ်ပဲ။ ဆေးလုံးတွေက အသက်ရှည်စေနိုင်ပြီး အဆိပ်က သေစေနိုင်တယ်။ ဆေးဝါးတာအိုရဲ့ စစ်မှတ်တဲ့မဟာအကြီးအကဲတစ်ယောက်က တကယ်တမ်း အဆိပ်တာအိုရဲ့မဟာအကြီးအကဲဆိုလဲ ဟုတ်တယ်" မန်ဟိုသည် မျက်လုံးများ ပိတ်ထားပြီး သူ၏ခေါင်းထဲတွင် ဆေးပင်ပုံရိပ်များ ပေါ်ပေါက်လာသည်။ အဆိပ်ဓာတ်များရှိသော ဆေးပင်အမျိုးအစားကား အဆုံးပင်မရှိပေ။
ကျင့်ကြံခြင်းအခြေခံအဆင့်အပေါ် မူတည်၍ ဆေးလုံးများ အဆိပ်ဖြစ်သောအမှုန့်များကို အာနိသင်အမျိုးမျိုးဖြင့် ပြုလုပ်နိုင်သည်။ အချိန်အတော်ကြာသည်အထိ စဥ်းစားနေပြီးနောက် မန်ဟို့၏မျက်လုံးများ ဖြေးးဖြေးချင်း ပွင့်လာသည်။ ၄င်းတို့သည် ဉာဏ်အလင်းဖြင့် တောက်ပနေ၏။ မန်ဟို့အတွက် ဤအတားအဆီးချိုးဖျက်ဆေးလုံးဖော်စပ်ရခြင်းမှာ ကောင်းချီးပေးခံရသည့်အလားပင်။ သူသည် ယခုတွင် ဆေးဝါးတာအိုကို ယခင်ထပ်ပို၍ လေးလေးနက်နက်နားလည်ခဲ့လေပြီ။
"တစ်နေ့ကျ ဆေးဝါးတာအိုမှာ ငါ့ရဲ့ကျွမ်းကျင်မှုက မဟာအကြီးအကဲဆေးလုံးမိစ္ဆာအဆင့်ရောက်ရင် ရှင်သန်ခြင်းနှင်းပန်းရဲ့အဆိပ်ကို ငါ့ဘာသာငါ ဖယ်နိုင်ပြီ" သူ၏မျက်လုံးများ တဖျပ်ဖျပ်လင်းလက်သွားသည်။
ထိုအလင်းသည် တစတစမှေးမှိန်ပျောက်ကွယ်သွားပြီး မန်ဟို့စိတ်အခြေအနေမှာ တဖြေးဖြေး ပြန်တည်ငြိမ်လာသည်။ သူသည် တာအိုမဏ္ဍိုင်ငါးခုနှင့် ချီအခြေတည်အဆင့်တွင် ရှိနေသေးသည့်တိုင် သူ၏ဆေးဝါးတာအိုအသိအမြင်ကို ထည့်ပေါင်းလိုက်ပါက သူ၏အတိုက်အခိုက်စွမ်းရည်မှာ ယခင်ထက် အများကြီးကျော်လွန်သွားပြီဟုပင် ခံစားလိုက်ရသည်။
ကွက်ကွက်ကွင်းကွင်းပြောရလျှင် သူသည် ယခု အဆိပ် ဆေးလုံးတချို့ ဖော်နိုင်ပြီဖြစရာ နောက်တစ်ကြိမ် ကျိုးကျဲနှင့် တွေ့ပါက သူ၏ပြိုင်ဘက် မည်သည့်အတတ်ပညာရပ်ပင် သုံးစေကာမူ သူ့ကို သတ်ရန် လွယ်ကူပေလိမ့်မည်။
မန်ဟိုသည် အတန်ငယ်ထပ်တွေးပြီးနောက် အသားဂျယ်လီ၏ အရေခွံဟောင်းအစအနေများကို ထုတ်ကာ သေသေချာချာလေ့လာလိုက်သည်။ သူသည် ယခုတလော ဆေးဖော်စပ်ရင်းသာ အချိန်ကုန်ခဲ့ခြင်းမဟုတ်၊ အသားဂျယ်လီအရေပြားကို သုံးရန်နည်းလမ်းပေါင်းစုံလည်း စဥ်းစားနေခဲ့သည်။
၄င်းကား ခြွင်းချက်မရှိအောင် မာလွန်းသည်။ နည်းလမ်းအမျိုးမျိုး သုံး၍ ဖျက်စီးရန် ကြိုစားခဲ့သော်လည်း တစ်ခုမှ မအောင်မြင်ခဲ့ပေ။ ဆေးပေါင်းဖိုထဲတွင် သန့်စင်ရန်ပင် ကြိုးစားခဲ့သည့်တိုင် အချည်းနှီးသာ။ ကံကောင်းထောက်မစွာ အရေခွံမှာ အစအနေများအဖြစ် ကျိုးပဲ့ခဲ့သော်လည်း မန်ဟိုက အမှုန်တချို့ကိုလည်း စုဆောင်းနိုင်ခဲ့လေသည်။
မန်ဟိုက မျက်လုံးများ ပိတ်ကာ တွေးသည်။ "နောင်ကျရင် ဒီလိုဟာမျိုးသုံးဖို့ နည်းလမ်း စဥ်းစားရမယ်။ ဆေးဝါးတာအိုကို ကျွမ်းကျင်အောင်ပဲ အာရုံစိုက်နေလို့မရဘူး။ တာအိုမဏ္ဍိုင်တွေကိုလဲ မြှင့်တင်ရမယ်။ ငါ ဇီယွင်ဂိုဏ်းထဲ ရောက်နေတဲ့အချိန် ကျင့်ကြံခြင်းအခြေထံအဆင့်ကို တဖြေးဖြေးတိုးတက်အောင် လုပ်ဖို့လိုတယ်" သူမျက်မှောင်ကြုတ်သွားသည်။ " ချီအခြေတည်ခြင်းအလယ်အလတ်အဆင့်မှာ အသုံးဝင်တဲ့ ဆေးဖော်နည်းတွေလဲ လိုသေးတယ်"
ထို့နောက် သူက ထရပ်ပြီး ကျင့်ကြံခြင်းဂူမှ ထွက်ခွာ၍ လီတောက်ဆီအလည်သွားသည်။ သူ ပြန်ရောက်ချိန်တွင် မှောင်ရီပျိုးနေလေပြီ။ အတားအဆီးချိုးဖျက်ဆေးလုံးဖော်စပ်နည်းအတွက် အလဲအလှယ်အဖြစ် ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်အတွက် အသုံးဝင်သော ဝိညာဥ်စင်မြင့်ဆေးလုံးဖော်စပ်နည်းတစ်ခု ရရှိခဲ့သည်။
ယခုတွင် ဖော်စပ်နည်းရှိပြီဖြစ်ရာ မန်ဟိုသည် သူ့အတွက်သူ ဖော်စပ်ရန် စဥ်းစားနေ၏။ သူ့အတွက် တစ်လုံးသာ လိုအပ်သည်။ ထို့ထက်ပို၍ ဖော်စပ်ရန် မလို။လိုအပ်သောဆေးပင်များအတွက်မူ သူသည် အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးပညာရှင်ဖြစ်သဖြင့် အလွယ်တကူ အကြွေးစာရင်းထဲ ထည့်ထားနိုင်သည်။
ခုနစ်ရက်ဆိုသော အတိုင်းအတာမှာ လျှပ်တပြက်ကုန်ဆုံးသွား၏။ ယနေ့တွင် မန်ဟို၏မျက်လုံးများ ဖျတ်ခနဲ ပွင့်လာသည်။ မကြာသေးမီက ဖော််စပ်ခဲ့သော ဝိညာဥ်စင်မြင့်ဆေးလုံးကို သူ ယခုလေးတင် စုပ်ယူခဲ့ပြီးလေပြီ။ ကံဆိုးစွာပင် ဆေးလုံးကို သန့်စင်ခြင်းက ပါဝင်ပစ္စည်းများစွာ ကုန်ကျခဲ့သည့်တိုင် အဆုံးသတ်တွင် ဆေးစွမ်းအားက အကောင်းဆုံးမဖြစ်ပေ။
" ဝိညာဥ်စင်မြင့်ဆေးလုံးအတွက် မတူညီတဲ့ ဖော်စပ်နည်းတွေ မရှိသရွေ့ အခု ငါ့အတွက် ရွေးချယ်စရာ မရှိဘူး ထင်တယ်" သူက ရေရွတ်သည်။ " ဒီဖော်စပ်နည်းအတွက် ရှားပါးတဲ့ ဆေးပင်တွေကို အကြွေးယူလို့မရဘူး။ ကြိုတင်ငွေ သွင်းဖို့လိုတယ်။ အခု ငါ့ရဲ့ တစ်ခုတည်းသော လုပ်စရာက နာမည်ကြီးစေဖို့ပဲ။ အဲ့လိုနည်းနဲ့မှ အတွင်းစည်းဂိုဏ်းသားတွေ ငါ့ကို ဆေးလာဖော်ခိုင်းမှာ။ ငါ့အမြတ်တွေလဲ တိုးလာပြီးတော့ ဆေးဖော်တာလဲ ပိုကျွမ်းလာလိမ့်မယ်။ ပြီးရင်တော့ ငါ့အတွက် ငါ ဆေးဖော်ဖို့ ဆေးပင်တွေရယူနိုင်ပြီ" ထို့နောက် သူသည် ညာလက်ကို ဝှေ့ယမ်းကာ သူအရှေ့ရှိ ဆေးပင်များကို အတူတကွစုဆောင်းပြီးနောက် ကျင့်ကြံခြင်းဂူမှ လမ်းလျှောက်ထွက်လာခဲ့သည်။ ယခုအချိန်မှာ မှောင်စပြုနေလေပြီ။
သူ ဒေသ (၁) ချိုင်ဝှမ်း (၁) မှ ထွက်ထွက်ချင်းမှာပင် ပိုင်ယွင်လိုင်နှင့် တန်းတိုးသည်။ ယနေ့သည် တင်းယုံနှင့် တွေ့ရန် ချိန်းထာသောနေ့ရက်ဖြစ်သည်။ သူတို့နှစ်ယောက်သည် စကားပြောရင်းဆိုရင်း ချိန်းဆိုထားသော နေရာသို့ လျှောက်သွားကြသည်။
တင်းယုံမှာ စောစော ရောက်နေသည်။ သူသည် စိတ်လှုပ်ရှားနေသော်လည်း မျက်နှာပေါ်တွင် မဖော်ပြဘဲ ရပ်စောင့်နေ၏။ မန်ဟို ချဥ်းကပ်လာသည်ကို မြင်သောအခါ သူ၏မျက်လုံးများ တဖျပ်ဖျပ်လက်သွားသည်။
မန်ဟိုက အေးအေးဆေးဆေး လျှောက်လာပြီး သူ၏သိုလှောင်အိတ်ကို ပုတ်ကာ ဆေးပုလင်းတစ်ပုလင်းထုတ်လိုက်သည်။ ၄င်းက တင်းယုံဆီ ပျံသွားသည်။
"ခင်ဗျား ဒီဆေးကို လရောင်အောက်မှာ သောက်သုံးရမယ်" မန်ဟိုက မထူးခြားနားဟန်ဖြင့် ပြောသည်။
တင်းယုံက ဆေးပုလင်းကို ယူပြီး မန်ဟို့ကို တခဏ လေးလေးနက်နက် စိုက်ကြည့်သည်။ သူက စကားတစ်ခွန်မှ မဆိုဘဲ လှည့်ပြန်သွားသည်။
နောက်တစ်နေ့ မွန်းလွဲပိုင်းအချိန်၊ ခေါင်းအထက်က နေသည် ခြစ်ခြစ်တောက် ပူးပြင်းလျက်ရှိသည်။ တင်းယုံမှာ ပတ်ပတ်လည်တွင် တားမြစ်မန္တန်အမျိုးမျိုးခြံရံ၍ သူ၏ကျင့်ကြံခြင်းဂူထဲရှိ ကြီးမားကျယ်ပြန့်သော ကျောက်စင်မြင့်တစ်ခုပေါ်တွင် တင်ပျဥ်ခွေထိုင်နေသည်။ သူက အသက်ပြင်းပြင်းရှုရင်း မန်ဟို့ကို စျေးအဆမတန်ပေး၍ ဖော်စပ်ခိုင်းခဲ့ရသော ဆေးလုံးကို ထုတ်လိုက်သည်။ သို့သော် တွေဝေတုံ့ဆိုင်းမှုတို့ကား ခိုင်မာပြတ်သားမှုအသွင် ချက်ချင်း ပြောင်းသွားသည်။
"ဖန်မု၊ မင်း ငါ့ကို လိမ်လို့ကတော့ ငါတို့နှစ်ယောက်ကိစ္စပြီးသွားမယ် မမှတ်နဲ့" သူသည် အံတင်းတင်းကြိတ်ပြီးနောက် ဆေးလုံးကို သူ့ပါးစပ်ထဲ အလျင်အမြန်ထည့်လိုက်သည်။ ချက်ချင်း ထစ်ချုန်းသံကြီး တစ်သံ သူ့ခေါင်းထဲတွင် ပြည့်နှက်သွားပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီလာသည်။ ဒေါသူပုန်ထနေသော စိတ်ဝိညာဥ်စွမ်းအင်လှိုင်းလုံးများ သူ့ကိုယ်အတွင်းတွင် ပေါက်ကွဲထွက်လာသည်။
မကြာမီ သုံးရက် ကုန်လွန်ခဲ့လေပြီ။တင်းယုံ၏ ခန္ဓာကိုယ်မှာ ဆက်လက်တုန်ရီနေဆဲပင်။ သုံးရက်မြောက်နေ့ ညနေတွင် သူ၏ မျက်လုံးများ ပွင့်လာပြီး ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့် စွမ်းအားသည် သူ၏ကျင့်ကြံခြင်းအခြေခံမှ တလိပ်လိပ်ထွက်လာကာ ပတ်ဝန်းကျင်တွင် ပြည့်နှက်သွား၏။ သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် တောက်ပလာပြီး သူ့ တဆတ်ဆတ်တုန်နေလျက် ထရပ်သည်။ သူ သူ၏ကျင့်ကြံခြင်းအခြေခံ စစ်ဆေးကြည့်လိုက်သည်တွင် ရင်ခုန်သံများ ဗြောင်းဆန်သွား၏။ သူက ခေါင်းမော့ပြီး အားပါးတရ အော်ရယ်လိုက်သည်။
ရယ်သံကား ဟိန်းထွက်လာရာ အနီးနားရှိ အတွင်းစည်းဂိုဏ်းသား အတော်များများ သတိထားမိလိုက်ကြသည်။ မကြာမီ သူတို့၏မျက်နှာများအပေါ်တွင် အံသြသွားသော အရိပ်အယောင်များ ပေါ်လာ၏။
"တင်းယုံ အဆင့်တက်သွားပြီ"
"သူ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်မှာ နှစ်နဲ့ချီ တစ်နေခဲ့တာ။ နောက်ဆုံးတော့ အဆင့်တက်သွားပြီပါလားဟ"
တင်းယုံ အဆင့်တက်သွားသည့် သတင်းသည် ခရမ်းရောင်ချီအဖွဲ့၏ အတွင်းစည်းဂိုဏ်းတွင် အတော်လေး အုတ်အော်သောင်းနင်းဖြစ်သွားစေ၏။ ယခုတွင် သူသည် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့် ရောက်သွားခဲ့ပြီဖြစ်ရာ သီးသန့်ဂိုဏ်းသားတစ်ဦးအဖြစ် အဆင့်မြှင့်တင်ခံရတော့မည်ဖြစ်သည်။ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်တွင် နှစ်ပေါင်းမည်မျှ ပိတ်မိနေခဲ့သည်ကို ထည့်တွက်လျှင် သူ၏အဆင့်တက်မှုကြောင့် အခြားဂိုဏ်းသားအမြောက်အမြားကား ရုတ်တရက် သူ့ကို ပြိုင်ဘက်တစ်ဦးအဖြစ် သတ်မှတ်လိုက်ကြလေပြီ။
အကြောင်းကိစ္စအရပ်ရပ်က အဆင့်တက်ခြင်းနှင့်သာ ဆက်စပ်နေလျှင် မျက်လုံးအားလုံးက တင်းယုံတစ်ယောက်တည်းကိုသာ အာရုံစိုက်နေမည် ဖြစ်သည်။ နောက်ကျမှ အဆင့်တက်သော်လည်း အဆင့်တက်ခြင်းပင် မဟုတ်ပါလော။ သို့သော် ပိုင်ယွင်လိုင်ကား တင်းယုံ၏ကျင့်ကြံခြင်းဂူကို မျက်စိဒေါက်ထောက် ကြည့်နေခဲ့၏။ အဆင့်တက်သွားပြီဖြစ်ကြောင်း အာရုံရလိုက်သည်နှင့်တစ်ပြိုက်နက် သူသည် ထိုသတင်းနှင့် ဆေးဖော်ပေးသူက ဖန်မုဖြစ်ကြောင်း ဖြန့်တော့သည်။
ဤနည်းဖြင့် သူသည် တင်းယုံအဆင့်တက်သည့် အရှိန်ကို အခွင့်အကောင်းယူပြီး ဖန်မု၏ဆေးဝါးပညာရပ်ကျွမ်းကျင်ပုံအား အလျင်အမြန် သတင်းဖြန့်ပေးလေသည်။ စကားလုံးများသည် မုန်တိုင်းသဖွယ် အတွင်းစည်းဂိုဏ်းသားများအကြား ပြန့်နှံ့သွားသည်။ ရက်အနည်းငယ်အတွင်း ခရမ်းရောင်ချီအဖွဲ့ရှိ အတွင်းစည်းဂိုဏ်းသားအားလုံး တင်းယုံနှင့် ဖန်မုအကြောင်း ပြောနေကြလေပြီ။
အတွင်းစည်းဂိုဏ်းသားများ ဆေးဖော်စပ်ခိုင်းရန်အတွက် ဆေးဝါးကျွမ်းကျင်ပညာရှင်များဆီ သွားသောအခါ တစ်ခါတရံ ကျွမ်းကျင်မှုက နာမည်ဂုဏ်သတင်းထက် ပို၍ အရေးပါနေတတ်သည်။ နာမည်ကြီးလေလေ၊ လူအများ လာရှာလေလေပင်။ တင်းယုံ အဆင့်တက်ခြင်းနှင့်အတူ ပိုင်ယွင်လိုင်၏ သတင်းဖြန့်ပေးမှုကြောင့် ဖန်မုနာမည်ကား ချက်ချင်းပင် တစ်ဂိုဏ်းလုံး ဟိုးလေတကျော်ကျော် ဖြစ်သွားသည်။
တင်းယုံသည် ဤအခြင်းအရာအား စိတ်မခုပေ။ တကယ်တမ်းဆိုရလျှင် သူ့နာမည်ကို သုံး၍ ဖန်မုအား နာမည်ယူခွင့်ပေးရသည်ကို ဝမ်းသာသည့်အပြင် လူအများ သူ၏ အဆင့်တက်ခြင်းနှင့်ပတ်သက်၍ မေးမြန်းတိုင်း ဖန်မု၏ဆေးလုံးကြောင့် သူ၏ ကျင့်ကြံခြင်းအခြေခံအဆင့်တက်ခဲ့ကြောင်း တန်းရှင်းပြတတ်သည်။
ဤအကြောင်းရင်းကား အတော်လေး ရိုးရှင်းသည်။ သူစကားနည်းနည်းလေး ပြောရုံနှင့် ဖန်မု၏ ဆေးလုံးများ မည်မျှ အံ့အားသင့်ဖွယ်ကောင်းကြောင်း အတည်ပြုပေးနိုင်သည်။ ဤသည်က ဖန်မု အထင်အမြင်လွဲမည်ကို ဟန့်တားပြီး သူ နောက်တစ်ကြိမ်ဆေးဖော်ရန် လိုအပ်လျှင် အလားအလာကောင်းမည်မဟုတ်ပါလော။
ဤနည်းဖြင့် ဖန်မု၏ ဂုဏ်သတင်းသည် အတွင်းစည်းဂိုဏ်းသားများအကြား တဖြေးဖြေး ကြီးထွားလာသည်။ မကြာမီ လူတိုင်း အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ထောင်ထဲက ဆေးဝါးပညာရှင်ဖန်ကို လူတိုင်းသိသွားကြလေပြီ။ သို့သော် အတွင်းစည်းဂိုဏ်းသားများအားလုံး၌ သူတို့ကိုယ်တိုင် အသိအမှတ်ပြုသည့် ဆေးဝါးကျွမ်းကျင်ပညာရှင်ကိုယ်စီရှိသည်။ ကောလဟလ အနည်းငယ်လောက်မှာ တင်းယုံအဆင့်တက်သည်နှင့် ပေါင်းစည်းလျှင်ပင် သူတို့ကို ဆေးဖော်ပေးဖို့အတွက် ဆေးဝါးကျွမ်းကျင်ပညာရှင်အသစ် ပြောင်းရန် မဖြစ်နိုင်သေးပေ။ အတော်များများကား တွန့်ဆုတ်နေသေး၏။
မကြာမီ သတင်းသည် ခရမ်းရောင်ချီအဖွဲ့ အပြင်စည်းဂိုဏ်း နှင့် ဆေးလုံး စစ်ဆေးရေးတာဝန်ခံ စုကျုံးလွမ်ကို ရောက်ရှိသွား၏။ သူ၏မျက်လုံးများ စတင်တောက်ပလာသည်။ သူ့မှာ တစ်လတိုင်တိုင် ဆေးဝါးပညာရှင်ဖန် ကိစ္စနှင့်ပတ်သက်၍ သိချင်နေခဲ့လေသည်။ သူသည် အတွင်းစည်းဂိုဏ်းရှိ ဆေးဝါးရေးရာဆောင်ကို သွားရောက်ခဲ့သော်လည်း လက်ဗလာဖြင့် ပြန်လာခဲ့ရသည်။ ထို့နောက်ပိုင်း အပြင်စည်းဂိုဏ်းသို့ ဆေးလုံးများရောက်လာတိုင်း သူ့မှာ သေသေချာချာ ဂရုစိုက်ကြည့်တတ်သည်။ သို့သော် ဖန် အမှတ်အသားနှင့် ဆေးလုံးများ ထပ်မံမရောက်ရှိလာတော့ပေ။ ဤအခြင်းအရာက သူ့ကို အတော်မသပ်နိုင်အောင် သက်ပြင်းချမိလိုက်စေသည်။
သူသည် မူရင်းဆေးလုံးပုလင်းကို သိမ်းထားပြီး မကြာခဏ ထုတ်ကြည့်တတ်သည်။ ကြည့်လေလေ၊ သူ့ရင်ထဲတွင်လေးစားမှုများ ပေါက်ဖွားလာလေလေ၊ ဆေးပညာရှင်ဖန်နှင့် ပတ်သက်ပြီး သိချငိလာလေလေ ဖြစ်သည်။ ဖန်မုနှင့် တင်းယုံ သတင်း သူ့ဆီ ရောက်လာသောအခါ ဖန်မုသည် သူ ရှာနေခဲ့သည့်လူဖြစ်ကြောင်း ချက်ချင်း ရှစ်ဆယ်ရာခိုင်နှုန်း သေချာသွား၏။
သူသည် ချက်ချင်းပင် အပြင်စည်းဂိုဏ်းမှ ကရောသောပါး ထွက်လာပြီး အရှေ့ဆေးဝါးအဖွဲ့ထံ ပြေးတော့သည်။ သူက ပိုင်ယွင်လိုင်ကို ခြေရာခံပြီး သူ့အတွက် ဖန်မုကို အကြံပြုပေးရန် တောင်းပန်တော့သည်။
ဤရက်ပိုင်းအတွင်း ပိုင်ယွင်လိုင် သူ့နာမည်ဖြန့်ပေးနေကြောင်း မန်ဟို ကောင်းကောင်းသိသည်။ သူသည် တောင်းဆိုချက်များ ဝင်လာမည်ကို စိတ်ရှည်လက်ရှည် စောင့်နေသည့်တိုင် ဘယ်သူမှ ပေါ်မလာသေးရာ မှုန်ကုပ်နေ၏။
ဤအခိုက်အတန့်တွင် စုကျုံးလွမ်၏ ဆေးလုံးတောင်းဆိုချက် ဝင်လာသည်။ မန်ဟိုမှာ ချက်ချင်း တက်ကြွသွားပြီး တုံ့ပြန်ချက်ပြန်ပေးပို့လိုက်သည်။
ရက်အနည်းငယ်ကြာသော် စုကျုံးလွမ်က အလိုရှိသောဆေးလုံး ရသွားသည်။ သူသည် သူ့အခန်းကို ချက်ချင်းပြန်ပြီး အသက်ရှူလေ့ကျင့်ခန်းအနည်းငယ်လုပ်ကာ ဆေးလုံးကို စစ်ဆေးသည်။ ထိုစဥ် သူ၏မျက်လုံးများသည် တောက်ပသထက် တောက်ပလာ၏။ အဆုံးသတ်တွင် သူကား မောဟိုက်ပင်ပန်းစွာ အသက်ရှူနေတော့သည်။
"ငါ ဆေးစွမ်းအားငါးဆယ်ရာခိုင်နှုန်းနဲ့ ဆေးပင်တွေ ပေးခဲ့ပြီးတော့ ဒီဆေးလုံးမှာလဲ စွမ်းအားငါးဆယ်ရာခိုင်နှုန်းရှိတယ်။ ဆေးပေါင်းဖိုဘုရင်တစ်ယောက်ပဲ ဒီလိုဆေးလုံးမျိုး ဖန်တီးဖို့ ဆေးပင်အမျိုးမျိုး ပေါင်းစပ်နိုင်တာ။ သာမန်ဆေးဝါးကျွမ်းကျင်ပညာရှင်တွေ ဒါမျိုး ဘယ်တော့မှ မလုပ်နိုင်ဘူး။ အလွန်ဆုံး ဆေးစွမ်းအားသုံးဆယ်ရာခိုင်နှုန်းနဲ့ ဆေးလုံးတစ်လုံးပဲ ဖန်တီးနိုင်တယ်။ တော်တော်လေး အံသြစရာကောင်းလိုက်တာ။ ဒီဖန်မု ..... သူက ဆေးဝါးကျွမ်းကျင်ပညာရှင်ပဲ ဆိုပေမယ့် ဆေးပေါင်းဖိုဘုရင်အဆင့် ဆေးလုံးတွေ ဖော်စပ်နိုင်တယ်" သူ့မှာ စိတ်လှုပ်ရှားမှုများ မထိန်းချုပ်နိုင်တော့ဘဲ ဆေးစွမ်းအားငါးဆယ်ရာခိုင်နှုန်းရှိသည့် ဆေးလုံးကို ကိုင်ပြီး ပါးစပ်ထဲ ထည့်လိုက်သည်။ နာရီအနည်းငယ်ကြာသော် သူ မျက်လုံးများပြန်ဖွင့်လိုက်၏။
***