ထိပ်ဆုံးအထိ မြင့်တက်ခြင်း
Vol. 16 Ch. 225
"ဆေးတစ်မျိုးထဲကိုပဲ ခဏခဏ စားနေရင် ထိရောက်မှုနည်းလာလိမ့်မယ်။ ဒါက ဆေးလုံးထဲက ဆေးပင်တွေနဲ့ ပတ်သက်တဲ့ ရလဒ်ပဲ။ ဒါကြောင့် ဆေးစွမ်းအား ငါးဆယ်ရာခိုင်နှုန်းနဲ့ ဒီလိုဆေးလုံးမျိုး အင်း သူ့ရဲ့တန်ဖိုးအစစ်အမှန်ကို စိတ်ကူးကြည့်လို့ပဲ ရတယ်" ယခုတွင် စုကျုံးလွမ်သည် ဖန်မုနှင့် ပတ်သက်သော ထင်မြင်ချက်များကို ကိုယ်တိုင်ကိုယ်ကျ အတည်ပြုခဲ့ပြီးဖြစ်၍ မိတ်ဆွေဖွဲ့ရန် ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။
"သူ ထိပ်ဆုံးရောက်မှာ မြေကြီးခတ်မလွဲဘူး။ ဒါပေမယ့် အခုလောလောဆယ်တော့ သူ့ဂုဏ်သတင်းက ဆက်လက်ကြီးထွားနေဆဲဆိုပေမယ့် လူတွေအများကြီး တုံ့ဆိုင်းနေသေးတယ်။ သူ့ကို အခု ကူညီတာက သေချာပေါက် အနာဂတ်အတွက် အလားအလာကောင်းစေဖို့ နည်းလမ်းတစ်ခုပဲ" စုကျုံးလွမ်၏ တွေးနည်းကား တင်းယုံနှင့် အတူတူပင်။ မတူသည်က သူသည် ဖန်မု၏ အပင်နှင့်အသီးအရွက်စွမ်းရည်နှင့်အတူ သူ၏ဆေးဖော်စပ်စွမ်းရည််၊ တန်ဖိုးတို့ကို ပို၍ကောင်းကောင်း နားလည်ခြင်းပင်။
နောက်ထပ်ဆူညံပွက်လောရိုက်မှုကြီး ခရမ်းရောင်ချီအဖွဲ့၏ အပြင်စည်းဂိုဏ်းသားများအကြားတွင် ပေါ်ထွက်လာလေပြီ။ အကြောင်းရင်းကား စုကျုံးလွမ်။ သူသည် အဆင့်မတက်ခဲ့သော်လည်း ကျင့်ကြံခြင်းအခြေခံ အတော်လေးတိုးတက်ခဲ့သည်။ ထိုမျှသာမက အတွင်းစည်းဂိုဏ်းထဲတွင် ဖန်မု၏ဆေးလုံးများအကြောင်းကိုလည်း အပ်ကြောင်းထပ်မတတ် ပြော၏။ တိတိကျကျဆိုရလျှင် သူသည် ဖန်မုဖော်စပ်ထားသော ဆေးလုံးနှင့် အခြားဆေးဝါးကျွမ်းကျင်ပညာရှင် ဖော်စပ်ထားသောဆေးလုံး၊ တူညီသောဆေးလုံးနှစ်မျိုးကိုပင် ထုတ်ပြမည်ဖြစ်သည်။ ထို့နောက် ထိုနှစ်လုံးကို တစ်ချက်ပြီးတစ်ချက် နှိုင်းယှဥ်ပြတတ်သည်။
ပထမက တင်းယုံ၊ ထို့နောက် စုကျုံးလွမ်။ သူတို့၏အကြံပေးချက်များနှင့် ပိုင်ယွင်လိုင်၏ ကြော်ငြာမှုတို့အားလုံးက အတွင်းစည်းဂိုဏ်းအတွင်းရှိ ဆွေးနွေးငြင်းခုံမှုများအား ဖန်မုအနားတွင် တဝဲလည်လည် ဖြစ်နေစေသည်။
နောက်ဆုံး၌ အတွင်းစည်းဂိုဏ်းသားများက ဆေးဖော်ပေးရန် ဖန်မုကို တစတစ လာရှာကြသည်။
စစချင်း ဂိုဏ်းသားများကား ဟိုနားတစ်စု၊ သည်နားတစ်စု၊ တုံ့ဆိုင်းနေကြပြီး အကဲခတ်နေကြသည်။ သူတို့သည် ပိုင်ယွင်လိုင့််ကို သွားရှာကြပြီး သူက ဖန်မု၏ဝန်ဆောင်မှုများကို အကြုံပေးမည်ဖြစ်သည်။
မန်ဟိုက ဆေးဖော်ပေးရန် မည်သူလာလာ မငြင်းပယ်ပေ။ မကြာခဏ သုံးပါများ၍ ဆေးပေါင်းဖိုပေါက်ကွဲသွားသောအခါ ချက်ချင်း အစားထိုးမည်ဖြစ်သည်။
ဆေးလုံးများအတွက် သူ့ဆီလာခဲ့ကြသော ပထမဆုံး အတွင်းစည်းဂိုဏ်းသားသုံးလေးယောက်အဖွဲ့မှာ ရက်အနည်းငယ်ကြာသော် ပြန်ရောက်လာကြပြီး သူတို့၏ဆေးလုံးကို ယူကာ ကျင့်ကြံခြင်းဂူသို့ ပြန်သွားကြသည်။
ချီအခြေတည်ခြင်း စဦးပိုင်းအဆင့် ကျန်းရွှေလိုင်မှာ သူတို့ထဲက တစ်ယောက်ဖြစ်သည်။ သူသည် အတွင်းစည်းဂိုဏ်းသားများ အကြားတွင် ထင်ရှား ကျော်ကြားပြီး ယခင်က ဆေးလုံးဖော်ပေးရန်အတွက် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ကိုသာ ရှာဖွေခဲ့ဖူးသည်။ ၄င်းတို့ မည်မျှ အထင်ကြီးဖွယ်ကောင်းကြောင်း တွေ့ကြုံပြီးနောက် သူ လေးလေးနက်နက် စိတ်နှလုံးတုန်လှုပ်သွား၏။ ကံဆိုးစွာပင် သူ့မှာ ဝိညာဥ်ကျောက်တုံးများ မွဲပြာကျနေရာ ဆေးလုံးများအား ဂိုဏ်း၏ ဆေးလုံးဖြန့်ဝေရေး အချိန်အတွင်းသာ ရယူနိုင်သည်။
သူ့အတွက် ဖန်မု၏ ဝန်ဆောင်မှုများ တောင်းခံရသည့် အကြောင်းရင်းမှာ ဖန်မု နာမည် တဟုန်ထိုးကျော်ကြားလာနေသည်ကို သိ၍ဖြစ်သည်။ ဤအင်အားက သူ၏တစ်ခုတည်းသော အခွင့်အရေးဖြစ်နိုင်သဖြင့် တတ်နိုင်သည့်အချိန် အခွင့်ကောင်းယူရန် ဆုံးဖြတ်ချက်ချခဲ့လေသည်။
သူသည် ဆေးပုလင်းကို ကိုင်ရင်း ကျင့်ကြံခြင်းဂူထဲတွင် ထိုင်နေ၏။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး ဆေးလုံးတစ်လုံးကို သူ့ပါးစပ်ထဲ ထည့်လိုက်သည်။ ချက်ချင်းဆိုသလို သူ၏မျက်လုံးများ ပြူးကျယ်သွားပြီး မယုံကြည်နိုင်မှုများဖြင့် ပြည့်နှက်သွား၏။ သူက ကျန်ရှိသောဆေးလုံးများကို ငုံ့ကြည့်လိုက်သည်။ ၄င်းတို့သည် သူ ယခင်က သုံးစွဲခဲ့ဖူးသော ဆေးလုံးများနှင့် ဘာမှသိပ်မထူးခြားပုံရသည်။
အချိန်အတန်ကြာသွားသည်။ ဆေးလုံးအားလုံး၏ စွမ်းအားကို စုပ်ယူပြီးနောက် ကျန်းရွှေလိုင် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းရင်း နောက်ထပ် ဆေးပုလင်းတစ်ပုလင်း ထပ်ထုတ်သည်။ အထဲတွင် ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်အတွက် အသုံးဝင်သော ဆေးလုံးနှစ်လုံးပါရှိသည်။ သူက သေသေချာချာ စစ်ဆေးကြည့်ရှုပြီးနောက် သောက်သုံးလိုက်သည်။ အချိန်အနည်းငယ်ကြာသော် မယုံကြည်နိုင်မှုများ သူ၏မျက်လုံးထဲတွင် ထပ်မံပေါ်လာပြန်သည်။
"ဘာတွေ ဖြစ်နေတာလဲ။ အရင်က ငါ့အတွက် ဆေးဝါးကျွမ်းကျင်ပညာရှင် ဖော်စပ်ပေးတဲ့ ဆေးလုံးတွေက သိပ်မဟုတ်ပါလား။ စိတ်ဝိညာဥ်စွမ်းအင်တွေ အဖြစ်ပဲ ပြောင်းသွားတာ။ ဒါပေမယ့်........ ဒါပေမယ့် ဖန်မုဆေးလုံးတွေက မယုံနိုင်လောက်အောင် အစွမ်းထက်ပါလား။ တခြားဟာတွေထက် စိတ်ဝိညာဥ်စွမ်းအင်ငါးဆယ်ရာခိုင်နှုန်း ပိုပြီး ဖန်တီးနိုင်တယ်" သူ၏အသက်ရှူသံများ မြန်ဆန်လာပြီး မျက်လုံးများ တောက်ပလာသည်။ ယခု မည်သည်တို့ ဖြစ်ပျက်နေသည်လဲ သူ သဘောမပေါက်ပါက အတွင်းစည်းဂိုဏ်းသားတစ်ယောက် ဖြစ်ရန် မထိုက်တန်ပေ။
သူသည် တစ်ချက်လေးပင် လေးဖင့်မနေဘဲ ဝုန်းခနဲ ထရပ်ပြီး ကျင့်ကြံခြင်းဂူမှ အပြေးအလွှားထွက်ကာ ဖန်မုကို သွားရှာတော့သည်။ အခြားသူများ တွေဝေတုံ့ဆိုင်းနေမှုကို အခွင့်ကောင်းယူကာ သူ့အတွက်ဘဆေးလုံးများများ ထပ်ဖော်ပေးခိုင်းရမည်။
သို့သော် သူ အရှေ့ဆေးဝါးအဖွဲ့ အနား ရောက်လာသည်နှင့် မကြာသေးမီက ဖန်မုထံမှ ဆေးလုံးများယူဆောင်သွားခဲ့သော တခြားအတွင်းစည်းဂိုဏ်းသားများအားလုံး သူနှင့် အကြံတူနေပုံရကြောင်း တွေ့လိုက်ရသည်။ သူတို့အားလုံးက မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာများဖြင့် ပြန်လာနေကြလေသည်။ အဖွဲ့သည် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီးနောက် ဘာတစ်ခွန်းမှမပြောဘဲ ပိုင်ယွင်လိုင်ကို ရှာရန် အရှေ့ဆေးဝါးအဖွဲ့ထံ အတူတကွ ထွက်သွားကြသည်။
အစက သူတို့သည် ဆေးလုံးများကို အကဲခတ်ရန်သာ စိတ်ဝင်စားခဲ့သည်။ ယခုတွင်တော့ အကြောင်းကိစ္စများ သိသိသာသာ ကွဲပြားသွားလေပြီ။
သူတို့အနေဖြင့် စုကျုံးလွမ်ကဲ့သို့ ဆေးလုံးများအား ခွဲခြမ်းစိတ်ဖြာနိုင်သည့် စွမ်းရည်မရှိသော်လည်း သောက်သုံးပြီးနောက် မန်ဟို့၏ဆေးလုံးများမှာ သာမန်မဟုတ်ကြောင်း သူတို့ ချက်ချင်း သဘောပေါက်လိုက်၏။ အခြား ဆေးဝါးကျွမ်းကျင်ပညာရှင်များ ဆေးစွမ်းအား ( ၁၀၀ ) ရာခိုင်နှုန်းဖန်တီးနိုင်လျှင် မန်ဟိုက (၁၅၀) ရာခိုင်နှုန်း ဖန်တီးနိုင်သည်ဟု ပြောနိုင်သည်။ မန်ဟို၏ဆေးလုံးများသည် အနည်းဆုံး ငါးဆယ်ရာခိုင်နှုန်းပို၍ အစွမ်းထက်ရာ ဤအတွင်းစည်းဂိုဏ်းသားများ မပျော်ဘဲ နေမည်လော။
သူတို့မသိသည်က မန်ဟို၏ ဆေးလုံးများမှာ ဆေးစွမ်းအားအရ ငါးဆယ်ရာခိုင်နှုန်းသာ ပိုအစွမ်းထက်သည်မဟုတ်ပေ။ တောင်ပိုင်းဒေသတစ်ခုလုံးရှိ ဆေးဝါးဆိုင်ရာ ကျင့်ကြံခြင်းလောကတွင် ဆေးဝါးကျွမ်းကျင်ပညာရှင်များမှ ဖော်စပ်သော ဆေးလုံးများကား မည်သည့်အခါမှ ဆေးစွမ်းအားသုံးဆယ်ရာခိုင်နှုန်းထက် မကျော်ပေ။ ကျန်စွမ်းအားမှာ ဆေးဖော်စပ်ခြင်းဖြစ်စဥ်တွင် ဆုံးရှုံးကြရသည်။
အဆုံးသတ်တွင် သူတို့ ဖော်စပ်သည့် ဆေးလုံးများကား မပြည့်စုံပေ။ တစ်ဖက်တွင် မန်ဟိုသည် ဆေးစွမ်းအား ငါးဆယ်ရာခိုင်နှုန်းရှိသည့် ဆေးလုံးများကို ဖော်စပ်နိုင်သည်။ ဤအခြင်းအရာကို ကြည့်ခြင်းအားဖြင့် မည်သူ သာမသာ ချက်ချင်း ထင်ရှား၏။
အတွင်းစည်းဂိုဏ်းသားများ အကြားရှိ ဖန်မု၏ တဟုန်ထိုး ကျော်ကြားမှုကား သိသာထင်ရှားသည်။
အတွင်းစည်းဂိုဏ်းသား ပထမဆုံးအဖွဲ့ ဆေးလုံးများ ထပ်မံဖော်စပ်ခိုင်းရန် ပြန်ရောက်လာသည်ဆိုသော သတင်း လျင်မြန်စွာ ပျံ့နှံ့သွားသည်။ မကြာမီ ပိုင်ယွင်လိုင်အနေဖြင့် ဘာမှထပ်ကြော်ငြာနေစရာမလိုတော့ပေ။ အတွင်းစည်းဂိုဏ်းရှိ မိတ်ဆွေများအကြား ကောလဟလများ ပျံ့နှံ့လာပြီး မကြာခင် ဆေးဖော်စပ်ရန် လာရှာသော ဂိုဏ်းသားများ တစတစများပြားလာသည်။ များမကြာခင် သတင်းစကားများက မန်ဟို၏နာမည်ကို အခြားဆေးဝါးကျွမ်းကျင်ပညာရှင်ထက် ကျော်ကြားသွားစေသည်။ သူ၏ဂုဏ်သတင်းကား ကြီးထွားသထက် ကြီးထွားလာ၏။
"မင်းကြားမိသေးလား။ အရှေ့ဆေးဝါးအဖွဲ့မှာ ဖန်မုဆိုတဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ရှိတယ်။ သူ့ဆေးလုံးတွေက တခြားဆေးဝါးကျွမ်းကျင်ပညာရှင်တွေထက် နှစ်ဆ အစွမ်းထက်တယ်တဲ့"
"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါ ဆေးဝါးတာအိုကို မကျင့်ကြံပေမယ့် ဆေးဝါးကျွမ်းကျင်ပညာရှင်အများကြီးနဲ့ အဆက်အဆံလုပ်ဖူးတယ်။ ဒီ ဖန်မုက ဆေးပေါင်းဖိုဘုရင်မဖြစ်သရွေ့ သူ့ရဲ့ အစွမ်းအာနိသင်နှိုင်းယှဥ်ချက်တွေက ဘယ်နည်းနဲ့မှ မသာနိုင်ဘူး"
"ဟားဟားဟား ၊ ခင်ဗျားကြည့်လိုက်၊ မှန်လား မှားလားသိရလိမ့်မယ်။ ခင်ဗျားအတွက် သူ့ကို ဆေးတစ်လုံး လောက် ဖော်ခိုင်းလိုက်လေ" ဤကဲ့သို့ စကားသံများအား ခရမ်းရောင်ချီအဖွဲ့၏ အတွင်းစည်းဂိုဏ်းတွင် ကြားရလေသည်။
နောက်ဆုံး၌ လူအများ ပိုင်ယွင်လိုင့်ကို နေ့စဥ်နေ့တိုင်း လာရှာကြသည်။
အရှေ့ဆေးဝါးအဖွဲ့၏ စည်းမျဥ်းများအရ၊ အပြင်လူများ ဝင်ခွင့်မရှိပေ။ ဆေးဝါးကျွမ်းကျင်ပညာရှင်များကို စာပို့ကျောက်စိမ်းပြားများကို အသုံးပြု၍သာ ရှာဖွေနိုင်သည်။ သို့သော် မန်ဟို့ကို ဘယ်သူနှင့်မှ တိုက်ရိုက် မဆက်သွယ်ဘဲ ပိုင်ယွင်လိုင့်သာ ဆက်သွယ်ကြရသည်။
တစတစ ပိုမိုများပြားသော အတွင်းစည်းဂိုဏ်းသားများ ပိုင်ယွင်လိုင်ထံ အလယ်လာရောက်ကြသည်။ မကြာမီ သူ့မှာ လက်မလည်တော့ပေ။ မန်ဟိုလည်း ဤအခြင်းအရာကြောင့် အံ့သြသွားရသည်။ သူ့မှာ တစ်ချိန်လုံးနီပါး ဆေးဖော်နေရသည့် အခြေအနေသို့ ရောက်သွားပြီး သူမနိုင်တော့သည့် အနေအထားနှင့် နီးကပ်နေလေပြီ။ ၄င်းမှာ ဝမ်းနည်းဝမ်းသာဖွယ်ပင်။ သူ ဖော်စပ်နေသည့် ဆေးလုံးပမာဏကြောင့် သူ၏ဆေးဝါးတာအိုသည် တဟုန်ထိုး ခုန်တက်သွား၏။ ထိုမျှသာမက သူသည် ဆေးဖော်စပ်နည်းအတော်များများ ရရှိနေသည့်အပြင် ပိုလျှံသောပါဝင်ပစ္စည်းများကြောင့် ဆေးပင်များလည်း တော်တော် စုမိဆောင်းမိနေပြီဖြစ်သည်။
အခြေအနေများကား ဆက်လက်၍သာ ပြင်းထန်လာသည်။ နှစ်လကြာသော် အတွင်းစည်းဂိုဏ်းသားတိုင်း ဖန်မုအကြောင်း သိသွားကြသည်။ တစ်နေရာလုံး အုတ်အော်သောင်းနင်းဖြစ်နေကြ၏။ မန်ဟို့ ဆေးလုံးတစ်လုံးမျှ စမ်းကြည့်ချင်စိတ်ရှိသူတိုင်း ချက်ချင်း အံသြမှင်သက်သွားကြပြီး နောက်ထပ်ရယူရန် ပြန်ရောက်လာမည်ဖြစ်သည်။
အများစုက နမူနာဆေးလုံးများအား တစ်ယောက်နှင့်တစ်ယောက် ဖလှယ်ကြသည်။ တချို့က အခြားသူများ၏ စကားကို နားထောင်ပြီး ပိုင်ယွင်လိုင်ကို ချက်ချင်း သွားရှာကြသည်။
မကြာမီ မန်ဟို မနိုင်တော့ပေ။ ဆေးလုံး ဤမျှအများကြီး ထုတ်ပေးနေရခြင်းက သူ့ကို ပင်ပန်းနွမ်းနယ်စေသည်။ ထို့ကြောင့် ပိုင်ယွင်လိုင်နှင့် တိုင်ပင်ပြီး စျေးတင်ရန် ဆုံးဖြတ်လိုက်သည်။
သူသည် ဆေးလုံးအမျိုးအစားများအပေါ် မူတည်၍ စျေးနှုန်းအစားစား သတ်မှတ်လိုက်သည်။ စျေးနှုန်းများကား အခြားဆေးဝါးကျွမ်းကျင်ပညာရှင်များထက် သိသိသာသာ မြင့်သည်။ ဤသည်မှာ မန်ဟို အတည်ပြုခဲ့သော ပိုင်ယွင်လိုင်၏ အကြံဖြစ်သည်။ သူတို့နှစ်ယောက်လုံး မမျှော်လင့်ထားသည်က စျေးတင်ခြင်းကြောင့် တကယ်တမ်း သူ့ကို နာမည်ပိုကြီးသွားစေသည်ကိုပင်။ နှစ်ယောက်လုံး ကြောင်အမ်းအမ်းဖြစ်သွားခဲ့ကြ၏။
အတွင်းစည်းဂိုဏ်းသားများ တစတစ ပိုမိုရောက်ရှိလာရာ အခြားဆေးဝါးကျွမ်းကျင်ပညာရှင်များ၏ မကျေမနပ်ညည်းညူသံများ ထွက်ပေါ်လာသည်။ သို့သော် သူတို့ မန်ဟို့ ဆေးလုံးများကို လေ့လာပြီးနောက်တွင်တော့ မကျေနပ်သံများ ပျောက်သွားသည်......
မန်ဟို မယုံနိုင်လောက်အောင် နာမည်ကြီးလာရသည့် အကြောင်းရင်းမှာ ဆေးစွမ်းအားငါးဆယ်ရာခိုင်နှုန်း ရှိသည့်ဆေးလုံးများကြောင့် ဖြစ်သည်။ အတွင်းစည်းဂိုဏ်းသားများအတွက် ထိုကဲ့သို့ ဆေးလုံးများ၏ အကျိုးသက်ရောက်မှုကား ပြောစရာပင်မလိုချေ။
အရေးအကြီးဆုံးက အရှေ့ဆေးဝါးတစ်ဖွဲ့လုံး၌ ဆေးစွမ်းအားငါးဆယ်ရာခိုင်နှုန်း ဆေးလုံးများအား ဖော်စပ်နိုင်သည်အထျ ဆေးဝါးတာအိုတွင် ကျွမ်းကျင်သူများမှာ ဆေးပေါင်းဖိုဘုရင်များ ဖြစ်သည်။
သို့သော် ဆေးပေါင်းဖိုဘုရင်များသည် အတွင်းစည်းဂိုဏ်းသားများမဟုတ်ဘဲ သီးသန့်ဂိုဏ်းသားများအတွက်သာ ဆေးဖော်ပေးသည်။ မန်ဟို ပေါ်ပေါက်လာသည့်အခါ အတွင်းစည်းဂိုဏ်းသားများအားလုံး၌ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်၏ နှုန်းထားဖြင့် ဆေးပေါင်းဖိုဘုရင်အဆင့် အရည်အသွေးရှိသည့် ဆေးလုံးများကို ရယူရန် အခွင့်အရေးရှိသွားလေပြီ။ သူတို့သည် ဆေးပေါင်းဖိုဘုရင်မဟုတ်ဘဲ မန်ဟို့ကိုသာ တောင်းဆိုနိုင်သည် မဟုတ်ပါလော။
ထို့ကြောင့် စျေးမြှင့်ပြီးနောက်တွင်ပင် မန်ဟို၏ဆေးလုံးများက ဆေးပေါင်းဖိုဘုရင်များ ဖော်စပ်သည်ထက် စျေးသက်သာနေသေးသည်။ သို့ဖြစ်၍ အတွင်းစည်းဂိုဏ်းသားများအနေဖြင့် စျေးပိုမြင့်သည်ကို လက်ခံပေးနိုင်သည်။
မန်ဟိုကား ထင်ပေါ်ကျော်ကြားနေလေပြီ။
သူ၏နာမည်သည် ခရမ်းရောင်ချီအဖွဲ့၏ အတွင်းစည်းဂိုဏ်းတွင်သာ ကျော်ကြားခြင်းမဟုတ်၊ အရှေ့ဆေးဝါးအဖွဲ့တွင်လည်း သူ၏ဆေးဝါးကျွမ်းကျင်ပညာရှင် အဆင့်တက်သွားခဲ့ပုံကို ပြောနေကြသည်။ နောက်ဆုံးတွင်တော့ မန်ဟို၏နာမည်မှာ ခရမ်းရောင်ချီအဖွဲ့၏ အကြီးအကဲတချို့နားပင် ရောက်သွားရာ သူတို့ကို အခြေအနေကို သတိထားမိလိုက်စေသည်။
ခရမ်းရောင်ချီအဖွဲ့ရှိ ဆေးဝါးကျွမ်းကျင်ပညာရှင်တော်တော်များများမှာ အခြေအနေကို သည်အတိုင်း လက်လျှော့မခံနိုင်ကြသေးပေ။ သူတို့သည် နည်းလမ်းပေါင်းစုံဖြင့် မန်ဟို၏ဆေးလုံးများကို ရယူခဲ့ပြီး နှံ့နှံ့စပ်စပ် စူးစမ်းလေ့လာကြည့်ကြသည်။ သူတို့၏ လေ့လာမှုက သူတို့ကို အံ့အားသင့်သွားစေသည်။ ဆေးဝါးကျွမ်းကျင်ပညာရှင်များ တစတစ လေ့လာရာတွင် ပါဝင်လာကြသည်။ နောက်ဆုံး၌ မန်ဟို စျေးတင်သည့်အခါတွင်ပင် ပိုင်ယွင်လိုင်မှာ မှာယူများ တိုး၍သာလက်ခံနေရတော့သည်။
လအနည်းငယ်တစ်လျှောက်လုံး ဆေးဖော်နည်းရာချီ မန်ဟို စုဆောင်းရရှိခဲ့သည်။ ဝိညာဥ်ကျောက်တုံးများ ဝင်မလာမဆဲ တသဲသဲ ဖြစ်နေပြီး သူ၏ဆေးပင်သိုလှောင်ရုံအားလုံးပြည့်နေလေပြီ။ ယခုတွင် ကိုယ်ပိုင်အချိန် မရှိလုနီးပါး ဖြစ်နေသည့်တိုင် မန်ဟို ပျော်သည်။ နေ့စဥ်နေ့တိုင်း သူ ဆေးဖော်သည်။ သူ၏စိတ်ဝိညာဥ်စွမ်းအင်များ ကုန်ခမ်းလာလျှင် ဆေးလုံးတစ်ချို့သောက်သုံး၍ ပြန်လည်ဖြည့်တင်းတတ်သည်။ လအနည်းငယ်ကြာသော် သူ၏ဆဋ္ဌမတာအိုမဏ္ဍိုင်မှာ တစ်ဝက်ခန့်ပင် ရုပ်လုံးပေါ်လာလေပြီ။
ဤလပိုင်းအတွင်း သူ့ဘဝကို တွေးသာကြည့်နိုင်သည်......
နောက်ဆုံး၌ မန်ဟို့အတွက် မှာယူမှုများအားလုံး ဖြည့်ဆည်းပေးရန် တကယ် မဖြစ်နိုင်တော့သည့် အခြေအနေ ရောက်ရှိသွားသည်။ သူက ဆုံးဖြတ်ချက်အသစ် ချလိုက်သည်။ တစ်ရက်လျှင် အမှာသုံးခုသာ လက်ခံမည်ဟု ပိုင်ယွင်လိုင့်ကို ကြေညာခိုင်းလိုက်သည်။
ယင်းကလွဲ၍ သူ့မှာ ရွေးချယ်စရာ မရှိတော့ပေ။ ဤကြေညာချက်အသစ်က ချက်ချင်းအကျိုးထူးလေသည်။ မကျေမနပ်ပြောသံများ ထွက်လာသည်သာမက မရောင်ရဲနိုင်သည့်စကားများလည်း ပျံ့နှံ့လာသည်။ သို့သော် တစ်ရက်လျှင် အမှာသုံးခုသာ လက်ခံသည်ဆိုသော စည်းကမ်းချက်က တည်ရှိနေမြဲပင်။ တစ်ရက်မှပင် နားရသည်ဟူ၍မရှိ။ ခရမ်းရောင်ချီအဖွဲ့၏ အတွင်းစည်းဂိုဏ်းသားများသည် တစ်ရက်လျှင် လက်ခံသည့် အမှာသုံးခုအတွင်း နေရာရရန် နည်းလမ်းပေါင်းစုံ အကြံထုတ်လာကြတော့သည်။
***