လျူ၏ စည်းမျဉ်း
Vol. 17 Ch. 226
ဖန်မုသည် ဇီယွင်ဂိုဏ်းအတွင်း ထင်ရှားကျော်ကြားလာခဲ့လေပြီ။ သူကို မသိသူ ဟူ၍ ခရမ်းရောင်ချီအဖွဲ့တွင် မရှိပေ။ လောလောလတ်လတ် အဆင့်တက်လာသော ဤဆေးဝါးကျွမ်းကျင်ပညာရှင်၏ နာမည်မှာ အရှေ့ဆေးဝါးအဖွဲ့၏ အခြားဆေးဝါးကျွမ်းကျင်ပညာရှင်များနားထဲတွင် မိုးထစ်ချုန်းသံကဲ့သို့ ပဲ့တင်ထပ်လျက်ရှိသည်။
အတွင်းစည်းဂိုဏ်းသားများနှင့် ဆေးဝါးကျွမ်းကျင်ပညာရှင်များ အခြေအနေကို စဥ်းစားပါက အပြင်စည်းဂိုဏ်းသားများနှင့် ဆေးဝါးအတတ်သင်များကို ဖော်ပြရန်ပင် မလိုတော့ပေ။ ဆေးဝါးပညာရှင်ဖန်မု ဆိုသော နာမည်သည် ဂိုဏ်းတစ်ခုလုံးကို လေပြင်းမုန်တိုင်းသဖွယ် လှဲကျင်းတိုက်ခတ်သွားပြီး ဇီယွင်ဂိုဏ်းသားများကြားရှိ သူ၏ဂုဏ်သတင်းကား ပို၍သာ ကြီးထွားလာသည်။
ဖန်မုနှင့်ပတ်သက်၍ ထင်မြင်ချက်များမှာ စည်းလွတ်ဘောင်လွတ် ဖြစ်လာသည်။ အများသဘောထားတူညီသည်ကတော့ သူ့တွင် ထူးဆန်းသောပင်ကိုယ်စရိုက်ရှိပြီး စကားနည်းသည့်အပြင် လူအများနှင့်ရောရောနှောနှောနေရသည်ကို သဘောမကျဟူ၍။ တကယ်တမ်းဆိုရလျှင် သူ မည်သည့်ပုံပန်းသွင်ပြင်ရှိကြောင်း သိသူ မရှိသလောက်ရှားသည်။
ဆေးလုံးတောင်းဆိုချက်များအားလုံး ပိုင်ယွင်လိုင်မှ တစ်ဆင့် သွားသည်။ ဖန်မုအတွက်မူ လူတိုင်း သူ့နာမည်သိသော်လည်း ဘယ်သူမှ သူ့ကို ကိုယ်တိုင်မမြင်ဖူးကြပေ။ ခရမ်းရောင်ချီအဖွဲ့ ဂိုဏ်းသားများ ကျူးကျော်ဝင်ရောက်ခြင်းကို တားမြစ်ကန့်သတ်ထားသည့် အရှေ့ဆေးဝါးအဖွဲ့၏ စည်းမျဥ်းများကြောင့် ဖန်မုမှာ ပဟေဠိဆန်သော လူသားတစ်ယောက် ဖြစ်လာခဲ့သည်။
တစ်ရက်လျှင် အမှာသုံးခု စည်းမျဥ်းအပြင် ဆေးပေါင်းဖိုဘုရင်အဆင့် ရလဒ်များက သူ၏ဂုဏ်သတင်းကို ပို၍သာ ကျော်ကြာသွားစေသည်။
အမှန်တွင် တစ်ရက်လျှင် အမှာသုံးခု စည်းမျဥ်းက အတွင်းစည်းဂိုဏ်းသားများအကြား ရောင်းဝယ်ဖောက်ကားမှုစနစ်တစ်ခု ဖြစ်ပေါ်စေခဲ့ရာ စျေးနှုန်းများ ဆက်လက် မြင့်တက်လာစေသည်။
ဤအခိုက်အတန့်တွင် အရှေ့ဆေးဝါးအဖွဲ့အတွင်းကျကျနေရာတွင် ခရမ်းရောင်တောင်တစ်လုံးရှိသည်။ တောင်ထိပ်သည် သိပ်မမြင့်မား၍ တကယ်တမ်း ပတ်ဝန်းကျင်တောင်ထိပ်ဖြင့် ဖုံးကွယ်လျက်ရှိသည်။ သို့သော် မဖော်ပြနိုင်သော ချီတစ်ခု ဤနေရာတွင် တည်ရှိနေရာ တောင်သည် မမြင့်မားသည့်တိုင် တောင်တန်းတစ်ခုလုံး၏ နှလုံးသားဖြစ်ကြောင်း ထင်ရှားနေစေသည်။
တောင်ထိပ်တွင် ထိုင်နေသည်က အဘိုးကြီးတစ်ဦး။ သူ့အရှေ့တွင် ဆေးလုံးတစ်လုံး တင်ထားသော အလုပ်ခုံတစ်ခုံ ရှိသည်။ သူက ထူးဆန်းသော အလင်းရောင်တစ်ခုဖြင့် တောက်ပနေသည့် မျက်လုံးများဖြင့် ၄င်းကို ကြည့်နေသည်။ ဤအဘိုးကြီးနောက်တွင် တခြားလူသုံးယောက် ရှိသည်။
ဤလူများမှာ ဘယ်နည်းနှင့်မှ မငယ်တော့ပေ။ သူတို့အားလုံး၌ အနုသုခုမရုပ်ခန္ဓာအဆင့် ကျင့်ကြံခြင်းအခြေခံများ ရှိသည်။ သို့သော် သူတို့အရှေ့က အဘိုးကြီးရှေ့တွင် အသက်ပင် ကျယ်ကျယ် မရှူရဲပုံရသည်။ သူတို့၏အမူအရာများက လေးစားမှုများဖြင့် ပြည့်နှက်လျက်ရှိသည်။
ဤအဘိုးကြီးမှာ နာမည်နှင့်ပင် တောင်ပိုင်းဒေသတစ်ခုလုံး တုန်လှုပ်စေနိုင်သော ချူယွီယန်၏ဆရာ၊ မဟာအကြီးအကဲဆေးလုံးမိစ္ဆာမှတစ်ပါး အခြားသူမဟုတ်ပေ။
သူသည် သူ့အရှေ့က ဆေးလုံးကို အချိန်အတော်ကြာသည်အထိ ကြည့်မြဲ ကြည့်နေသည်။ မကြာမီ သူက လက်ကို ဖြေးညင်းစွာ ဝှေ့ရမ်းပြီး ဆေးလုံးကို ကောက်ယူလိုက်သည်။
"စိတ်ဝင်စားစရာပဲ" သူသည် ရယ်ပြီးနောက် ဆေးလုံးကို ဆုပ်ကိုင်ကာ ချေလိုက်သည်။ သူ၏လက် ပြန်ပွင့်လာသောအခါ အမှုန်များ လေနှင့်အတူ လွင့်မျောသွားသည်။
မဟာအကြီးအကဲ ဆေးလုံးမိစ္ဆာ အနောက်ရှိ လူသုံးယောက်ထဲက တစ်ယောက်သည် တခဏ တွေဝေတုံ့ဆိုင်းနေပြီးနောက် တိတ်ဆိတ်စွာ ပြောသည်။ "ဆေးလုံးမိစ္ဆာ၊ ခရမ်းရောင်ချီအဖွဲ့ထဲမှာ မကျေမနပ်မှုတွေ ရှိနေတယ်......"
"မကျေမနပ်မှု ဟုတ်လား" ဆေးလုံးမိစ္ဆာက အေးတိအေးစက်ပြောသည်။ "သူတို့ကို စိတ်ရှည်ရှည်နေခိုင်းလိုက်။ တစ်ယောက်ယောက် အရှေ့ဆေးဝါးအဖွဲ့၏ ဂိုဏ်းသားတွေကို ပြဿနာရှာရင် ဆယ်နှစ် ဆေးလုံး ဖြတ်တောက်ခံရမယ်" ထို့နောက် သူက အင်္ကျီလက်စကို ခါကာ ပျောက်ကွယ်သွားသည်။
လူသုံးယောက် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့က ခါးသက်သက်ပြုံးရင်း ဆေးလုံးမိစ္ဆာ စောစောက ထိုင်ခဲ့သော နေရာကို ဦးညွှတ်အရိုအသေပေးပြီးနောက် လှည့်ထွက်သွားကြသည်။
ညနေခင်း နေရောင်ခြည်၏အောက်၊ ခရမ်းရောင်တောင်ပုလေး၏ အနောက်တွင် မိုးထိအောင် ထိုးတက်နေသော တောင်ထိပ်တစ်လုံးရှိသည်။ တောင်တက်လမ်းတစ်ဝက်တွင် အဆောင်တစ်ဆောင်ရှိသည်။ ၄င်း၏ ပို၍ကြီးမားသော အပိုင်းသည် တောင်အပြင်သို့ ထိုးထွက်ပြီး လေလယ်တွင် ဝဲလျက်ရှိသည်။ နေ့တာ အတောအတွင်း ဤနေရာတွင် ရပ်ပြီး မြေပြင်ကို လှမ်းမျှော်ကြည့်နိုင်သည်။ ညအခါ ကြယ်များ ထွက်လာသော အခါတွင်လည်း ကောင်းကင်ကို လှမ်းထိနိုင်တော့မည့်အလားပင်။
ဤညနေတွင် ညနေခင်း နေရောင်ခြည်များက အရာအားလုံးအပေါ် ဖြာကျနေရာ ပျင်းရိလေးတွဲဖွယ် ပတ်ဝန်းကျင်ကို ဖန်တီးနေတော့သည်။ ရွှေအိုရောင်အလင်း နှင့် မိုးကုပ်စက်ဝိုင်းပေါ်ရှိ နီစွေးစွေး တိမ်တိုက်များ ပေါင်းစည်းသွားသည့်အခါ မယုံကြည်နိုင်လောက်အောင် လှပသောမြင်ကွင်းတစ်ခု ဖြစ်ပေါ်လာစေသည်။
အဆောင်အတွင်းတွင် ညနေခင်းလေပြေများက တဖြူးဖြူးတိုက်ခတ်နေသည်။ လေက တိမ်တိုက်များကို မပြိုကွဲစေသော်လည်း နက်မှောင်သောဆံမျှင်လေးများကို လေတွင် မျောလွင့်နေစေသည်။ ထိုဆံမျှင်လေးများ ပိုင်ရှင်ကတော့ ချူယွီယန်မှလွဲ၍ တခြားသူမဟုတ်ပေ။
သူမသည် ဆံနွယ်လေးများ လေတွင် တလွင့်လွင့် ဖြစ်လျက် အဆောင်အတွင်း၌ တိတ်ဆိတ်စွာ ထိုင်နေသည်။ သူမ လက်ကို မြှောက်လိုက်စဥ် မျက်ခုံးလေးနှစ်ဖက် မဆိုစလောက် တွန့်ချိုးသွား၏။ သူမလက်ဖဝါးပေါ်တွင် ဆေးလုံးတစ်လုံးရှိသည်။
"သူ ဘယ်လို ဖော်စပ်ခဲ့တာလဲ......." သူမက တွေးသည်။ "ဆေးဝါးတာအိုနဲ့ ပတ်သက်တဲ့ သူ့ရဲ့အထုံပါရမီက အပင်နှင့်အသီးအရွက် ပင်ကိုယ်စွမ်းရည်နဲ့ တူညီနေတာ များလား.....ဆေးဝါးတာအိုမှာ ဒီလောက် မွေးရာပါအရည်အချင်းရှိတဲ့ သူတစ်ယောက် တကယ် ရှိနေတာလား။ အသက်ရှူမှားလောက်အောင်ကိုပဲ......"
ဆေးလုံးသည် ဖယောင်းကဲ့သို့ ချောမွတ်ပြီး အဝါရောင်ဖြစ်သည့်အပြင် အချောသပ်ပြီးသောပစ္စည်း ဖြစ်ဟန်မတူပေ။
ဝိညာဥ်ကျောက်တုံးတချို့ သုံးစွဲပြီးနောက် အတွင်းစည်းဂိုဏ်းသားတစ်ယောက်ထံမှ ဆေးလုံးတစ်လုံး သူမ ဝယ်ယူနိုင်ခဲ့သည်။ ဟုတ်ပါသည်။ ဆေးလုံးက မန်ဟို့ လက်ရာပင်။
ဆေးလုံးကို ရရှိပြီးနောက် ချူယွီယန်၏ ပထမဆုံးတုံ့ပြန်မှုမှာ အထင်သေးစက်ဆုပ်သည့် အမူအရာဖြစ်ခဲ့သည်။ သို့သော် စေ့စေ့စပ်စပ် စစ်ဆေးပြီးနောက် သူမမျက်နှာ ပြောင်းလဲသွားသည်။ အဆုံးတွင်တော့ သူမမှာ မျက်လုံးလေး ဝိုင်းစက်ပြူးကျယ်လျက် မယုံနိုင်စွာ စိုက်ကြည့်နေနိုင်သည်။
ဆေးလုံးကို ခုနစ်ရက်ကြာ လေ့လာပြီးနောက် သူမ ၄င်းကို အမှုန့်ခြေခဲ့သည်။ ထပ်မံ၍ နှံံ့နှံ့စပ်စပ် စစ်ဆေးပြီးသည့်အခါတွင်တော့ ဖန်မုအကြောင်း တွေးလိုက်ရုံနှင့် သူမ စိတ်အနှောင့်အယှက် ဖြစ်နေသေးသည့်တိုင် ဤဆေးလုံးကတော့......သူမအတွက်ပင် စိတ်ရောကိုယ်ပါ နှစ်ထားမှသာ ဖန်တီးနိုင်မည် ဖြစ်သည်။
နောက်ဆုံး၌ သူမသည် မဟာအကြီးအကဲ ဆေးလုံးမိစ္ဆာ၏ ပြိုင်ဘက်ကင်း နည်းလမ်းကို အသုံးပြုကာ မူလဆေးလုံး၏ အမှုန်ကို ယူ၍ ဒုတိယဆေးလုံး ဖန်တီးလိုက်သည်။ ဒုတိယအကြိမ် သန့်စင်မွမ်းမံပြီးနောက် ဆေးလုံး၏ ဆေးစွမ်းအားမှာ တကယ်တမ်း ခြောက်ဆယ်ရာခိုင်နှုန်း ရှိသွားလေသည်။ ယင်းက သူမတတ်နိုင်သမျှပင်။
"သူသာ ဆရာ့ရဲ့ သန့်စင်မွမ်းမံနည်းကိုသာ သင်ယူရရင်...." သူမက ခပ်တိုးတိုး ရေရွတ်သည်။ " သူ ဆေးလုံးတွေကို ဘယ်အဆင့်ထိအောင် ဖော်စပ်နိုင်မလဲ ဘယ်သူသိမလဲ......" သူမက အဝေးရှိ နီစွေးစွေး တိမ်တိုက်များကို ငေးကြည့်နေပြီးနောက် သူမလက်ထဲက ဆေးလုံးကို ပြန်ငုံ့ကြည့်လိုက်သည်။
"ဆရာပြောတာတော့ သူ့မှာ သေခြင်းသုံးရပ်ဆေးလုံးနဲ့ ပတ်သက်တဲ့ ဉာဏ်အလင်း လျှို့ဝှက်ချက် ရှိလောက်တယ်တဲ့။ ဒါပေမယ့် သူက မောက်မာလွန်းတယ်။ ငါ နောက်ဆုံးတစ်ခေါက် သူ့ သွားတွေ့တုန်းကဆို တံခါးပိတ်ထားပြီး အပြင်တောင်ထွက်မလာဘူးလေ" ဤအခြင်းအရာကို တွေးကြည့်ရုံနှင့် သူမ ပို၍ ဒေါသထွက်ရသည်။ ဖန်မုနာမည်လေးကပင် သူမ ဒေါသများကို တပွက်ပွက်ဆူလာစေသည်။
"ဒီဖန်မု မုန်းစရာကောင်းပုံကတော့ ဟိုအကောင်မန်ဟိုက ပြီးရင် ဒုတိယပဲ" သူမက ဒေါသတကြီး အံလေးကြိတ်ရင်း ပြောသည်။ သိသာစွာပင် သူမ ရင်ထဲတွင် အမုန်းဆုံးလူနှစ်ယောက်မှာ ပထမက မန်ဟို၊ ဒုတိယက ဖန်မုဖြစ်သည်။
သို့သော် ဖန်မုက ဘာ့ကြောင့် သူမကို ဤမျှဒေါသထွက်စေသည်လဲ သူမ မသိသေးပေ။ မှန်ပါသည်။ ဖန်မုနှင့် မန်ဟိုက တစ်ယောက်တည်း ဖြစ်သည်ကိုသာ သိလျှင်တော့ သူမ ချက်ချင်း နားလည်သွားလိမ့်မည်။
ချူယွီယန် တစ်ယောက်တည်း ရေရွတ်နေချိန်မှာပင် မန်ဟိုသည် ဆေးပေါင်းဖိုအရှေ့တွင် ထိုင်ရင်း ဆေးလုံးများ ဖော်စပ်နေသည်။ ဝုန်းခနဲ ထစ်ချုန်းသံ တစ်သံ ကျင့်ကြံခြင်းဂူတစ်ခုလုံး ပြည့်နှက်သွား၏။ မန်ဟို သက်ပြင်းချလိုက်သည်။ ယခင်လများတစ်လျှောက် သူသည် နေ့စဥ်ရက်ဆက် ဆေးလုံးများ ဖော်စပ်နေခဲ့ရ၏။ ယခု အတွင်းစည်းဂိုဏ်းသားများအား ပေးရမည့် ဆေးလုံးအားလုံး အပြီးသတ်နေခြင်း ဖြစ်သည်။ သူ့အရှေ့ရှိ ဆေးပေါင်းဖိုမှာ သက်တမ်းအဆုံးသို့ ရောက်ရှိနေပြီဖြစ်၍ မကြာခင် သေချာပေါက် အက်ကွဲတော့မည် ဖြစ်သည်။
မန်ဟို နှာခေါင်းပွတ်ပြီးနောက် ကျင့်ကြံခြင်းဂူတံခါးကို ဖွင့်ကာ နေဝင်ဆည်းဆာကို ရှုစားလိုက်သည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ တောင်ကို ဖြတ်၍ တိုက်ခတ်လာသော လေညင်းသည် ဆောင်းဦး၏ အေးစိမ့်မှုကို သယ်ဆောင်လာသည်။ ၄င်းကို ရှူသွင်းလိုက်စဥ် သူ၏ ကိုက်ခဲနေသော ခေါင်းမှ တင်းမာမှုတို့ တဖြေးဖြေး ပျောက်ကွယ်သွားသည်။
"ငါ အရင်အမှာတွေအားလုံး ပြီးတာနဲ့ တစ်ရက်ကို အမှာသုံးခုရယ် ၊ ငါ့ ကျင့်ကြံခြင်းအတွက်လိုအပ်တဲ့ ဆေးလုံးတွေကိုပဲ စိုးရိမ်စရာလိုတော့တယ်။ ဝိညာဥ်စင်မြင့်ဆေးလုံးတွေက တကယ်တမ်း နာမည်ပဲ ရှိတာ။ ငါ တစ်ခုခု ဖော်စပ်မယ်ဆိုရင် ချီအခြေတည်နေ့ ဖြစ်သင့်တယ်" သူ၏မျက်လုံးများ တဖျပ်ဖျပ် တောက်ပသွားသည်။ ချီအခြေတည်နေ့ မှာ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်အတွက် သင့်တော်သော ဆေးလုံးတစ်လုံး ဖြစ်သည်။ ၄င်းသည် ဇီယွင်ဂိုဏ်း၏ ချီအခြေတည်ခြင်းအတွက် အဖိုးထိုက်ဆုံး ဆေးလုံးများအနက်၊ မယုံနိုင်လောက်အောင် အာနိသင်ရှိသောဆေးလုံးဖြစ်သည်။
မကြာသေးမီက မန်ဟိုသည် ဆေးလုံးအသုတ် တစ်ထောင်ကျော် သန့်စင်ခဲ့ပြီး ဖော်စပ်နည်းရာချီ ရရှိခဲ့သည်။ ၄င်းတို့ထဲကတစ်ခုသည် ချီအခြေတည်နေ့အတွက် ဖော်စပ်နည်းဖြစ်သည်။ လေ့လာမှုတချို့ ပြုလုပ်ပြီးနောက် တိုးတက်မှုတစ်စုံတရာ ဖြစ်စေဖို့အတွက် နည်းနည်းပါးပါး အနားယူ၍ အနည်းဆုံး ဆေးစွမ်းအား ကိုးဆယ်ရာခိုင်နှုန်းဖြင့် ချီအခြေတည်နေ့ဆေးလုံးတစ်လုံးဖော်စပ်ရန် သူ၏အစွမ်း အကုန်အသုံးပြုရမည်ဖြစ်ကြောင်း သူ ကောက်ချက်ချလိုက်သည်။
ထိုကဲ့သို့ ဆေးလုံးတစ်လုံးဖြင့်ဆိုလျှင် သူသည် ဆဋ္ဌမတာအိုမဏ္ဍိုင်ကို ပြီးမြောက်စေပြီး သတ္တမမြောက် ဖန်တီးနိုင်သည်။
"အရှေ့အရပ်မှ ခရမ်းရောင်ချီကျင့်စဥ်က ဆေးပေါင်းဖိုဘုရင်တွေပဲ ရရှိနိုင်တာ စိုးတယ်။ အဲ့တာက ဒဏ္ဍာရီလာပညာရပ်ဆိုတော့ တစ်ချက်တောင် ကြည့်လို့မရဘူး။ လေ့လာတဲ့လူတိုင်းကို သေသေချာချာ မှတ်တမ်းလုပ်ထားတာ" မန်ဟိုသည် အတွေးထဲ နစ်မြောနေရင်း တောင်အောက်သို့ ဆင်းလာသည်။ သူ့အတွက် ဤသည်မှာ အကြာကြီးနေမှ ပထမဆုံးအကြိမ် အပြင်ထွက်လာခြင်းဖြစ်သည်။
"အတွင်းစည်းဂိုဏ်းသားတွေတောင်မှ အရှေ့အရပ်က ခရမ်းရောင်ချီကျင့်စဥ်ကို ရယူဖို့ အရည်အချင်းမပြည့်မှီဘူး။ သူတို့က ရမ်းသမ်းမှန်းသမ်းပဲ ကျင့်ကြံနေကြရတာ။ ခရမ်းရောင်ချီအဖွဲ့ရဲ့ သီးသန့်ဂိုဏ်းသားတွေ ဒါမှမဟုတ် ဆေးပေါင်းဖိုဘုရင်တွေပဲ တကယ့်ကျင့်စဥ်အစစ်ကို လေ့လာနိုင်တယ်" မန်ဟိုသည် ၄င်းကို အရယူရန် ဆုံးဖြတ်ပြီးဖြစ်၏။ ဤနည်းဖြင့်သာ ခရမ်းရောင်အမြုတေကို သူ ဖန်တီးပြင်ဆင်နိုင်သည်။ ထိုအခြေခံနှင့်ဆိုလျှင် ပြီးပြည့်စုံသော ရွှေအမြုတေဖန်တီးရန် ဆေးလုံး သူ သောက်သုံးနိုင်သည်။
"ပြီးပြည့်စုံတဲ့ ရွှေအမြုတေအတွက် ဆေးပင်တချို့ ငါရှာခဲ့ပြီးပေမယ့် တော်တော်များများ လိုသေးတယ်။ ငါသာ ဆေးပေါင်းဖိုဘုရင်ဖြစ်ရင် နည်းနည်းလောက် ပိုလွယ်ကူလိမ့်မှာ" မန်ဟိုသည် အတွေးထဲနစ်မြောနေလျက် တောင်ကြားချိုင့်ဝှမ်းအမျိုးမျိူးကို ဖြတ်လျှောက်လာသည်။ လမ်းတစ်လျှောက် ဆေးဝါးအတတ်သင်အနည်းငယ်နှင့် သူ တွေ့ဆုံခဲ့သည်။ တချို့က သူ့ကိုမှတ်မိပြီး တအံတသြ စိုက်ကြည့်နေကြသည်။ ထို့နောက် သူတို့၏ မျက်နှာများအပေါ်၌ စိတ်လှုပ်ရှားမှုများ ပြည့်နှက်လာသည်။
ဆေးဝါးအတတ်သင် သုံးသောင်းကား သူ ဆေးဝါးကျွမ်းကျင်ပညာရှင်အဖြစ် အဆင့်တက်သွားသည်ကို စောင့်ကြည့်နေခဲ့သည် မဟုတ်ပါလော။ ဤမျှအများကြီး သူ့ကို သတိပြုမိရန်မှာ အံသြစရာမရှိပေ။ သို့သော် ယခု သူသည် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်ရာ သူ့တို့အနေဖြင့် သူ့ကို တားပြီး စကားမပြောဝံ့ပေ။ ထိုအစား လေးလေးစားစား အရိုအသေပေးလိုက်ကြသည်။
မန်ဟိုမှာ အေးအေးဆေးဆေး တွေးရန် အတွက် တိတ်ဆိတ်ငြိမ်သက်သည့်နေရာတစ်နေရာ ရှာချင်လေသည်။ ဆေးဝါးအတတ်သင်များအား ပြန်ပြုံးပြပြီးနောက် သူသည် လျှပ်တပြက် ပျောက်ကွယ်သွားသည်။ သူက အရှေ့ဆေးဝါးအဖွဲ့၏ တောင်တန်းများ၊ ချိုင့်ဝှမ်းများမှ ထွက်ခွာပြီး ခရမ်းရောင်ချီအဖွဲ့ထဲ ဝင်ရောက်လိုက်သည်။
ဤနေရာတွင် သူ့ကို သတိထားမိသည့်လူ မရှိသလောက် ရှားသည်။ သူက ဆေးဝါးကျွမ်းကျင်ပညာရှင် ဝတ်ရုံကို ဝတ်ဆင်ရင်း တောင်တန်းများအလယ်တွင် ပျော်ပျော်ရွှင်ရွှင် လမ်းလျှောက်နေသည်။ သူ့ကို တားပြီးမေးခွန်းမေးသူ မရှိသဖြင့် သူသည် တိတ်ဆိတ်စွာ ရှေ့ဆက်သွားနေ၏။
သူက ရှူခင်းများကို ကြည့်ရှုခံစားရင်း ဆက်လျှောက်နေသည်။ ယခုဆိုလျှင် သူ ဇီယွင်ဂိုဏ်းတွင် သုံးနှစ်ကြာ နေခဲ့ပြီးလေပြီ။ အတော်လေး ရင်းနှီးသည့်တိုင် ၄င်းကား တကယ်တမ်း အလွန်ကြီးမားသော နေရာကြီးတစ်ခု ဖြစ်သည်။ သူ တစ်ခါမရောက်ဖူးသော နေရာများ ရှိသေးလေသည်။ သူလမ်းလျှောက်နေစဥ် ရုတ်တရက် သူ့နာမည်ပါဝင်နေသည့် အငြင်းပွားသံကို ကြားလိုက်သည်။
"အဲ့ဒီ ဖန်မုက သေချာပေါက် နာမည်ကြီးချင်နေတာပဲ။ သူ့ဆေးလုံးတွေပဲ အံ့သြစရာကောင်းသလိုလိုနဲ့ ငါတို့ကို ဒုက္ခရောက်စေချင်နေတာ။ ငါတို့ လက်မခံနိုင်ဘူး။ အကြီးအကဲတွေဆီ တင်ပြပြီးဆိုတော့ အရှေ့ဆေးဝါးအဖွဲ့က လူတွေနဲ့ ဆက်သွယ်မှာပဲ။ ဖန်မု အပြစ်ပေးခံရမယ် ။ မင်းကတော့ မဖြစ်စလောက် ဆေးဝါးအတတ်သင်လေး၊ မင်းအမှားမင်း တောင်းပန်စမ်း"
"အစ်ကိုကြီးလျူ ကျေးဇူးပြုပြီး ဒေါသထိန်းပါ။ ဒါက ကျုပ်အမှား ဟုတ်ပါတယ်။ ဒါပေမယ့် နောက်ဆယ်ရက်ကျော်အထိ အမှာတွေ တကယ့်ကို ပြည့်နေပါပြီ...."
စကားသံများနှင့်အတူ ရယ်သံများ ထွက်လာသည်။ မန်ဟို စကားနည်းနည်းပါးပါး နားထောင်ပြီးနောက် အသံပိုင်ရှင်က ပိုင်ယွင်လိုင်ဖြစ်ကြောင်း သေချာသွားသည်။ သူက အလှကျောက်ဆောင်တစ်ခုကို ပတ်၍ ပြဿာဒ်လေးခု မြင်နိုင်သော ပြည့်သူ့ရင်ပြင်ကို လျှောက်သွားသည်။
ပြဿာဒ်များအတွင်းတွင် ခရမ်းရောင်ချီအဖွဲ့ အတွင်းစည်းဂိုဏ်းသား ဒါဇင်အနည်းငယ် မြင်ရသည့် ရင်ပြင်ကို ကြည့်နေကြသော လူငယ်တစ်ဖွဲ့ ထိုင်နေသည်။
ပြာဿဒ်ထဲရှိ လူငယ်များမှာ သာမန်ဂိုဏ်းသားများမဟုတ်ဘဲ ခရမ်းရောင်ချီအဖွဲ့၏ ရွေးချယ်ခံများဖြစ်သည်။ စုစုပေါင်း ပြာဿဒ်လေးခု၊ ပြာဿဒ်တစ်ခုလျှင် ရွေးချယ်ခံတစ်ယောက်။
ရင်ပြင်တွင် ရပ်နေသည့် လူတစ်စုက ပိုင်ယွင်လိုင်ကို အလယ်တွင်ထား၍ ဝိုင်းထားသည်။ အပြာရောင်ဝတ်ရုံနှင့် လူငယ်တစ်ယောက်က လောလောဆယ်တွင် သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ပိုင်ယွင်လိုင့်ကို မထီမဲ့မြင့် ဆဲရေးလျက်ရှိသည်။
"ငါ့စကားတွေက ဂိုဏ်းထဲမှာ စည်းမျဥ်း မဖြစ်လောက်ပေမယ့် မင်းအတွက်တော့ စည်းမျဥ်းပဲ။ မင့်ပါး မင်း ရိုက်ပြီး တောင်းးပန်ဖို့ ငါပြောရင် အဲ့အတိုင်းလုပ်တာ ကောင်းမယ်နော်"
ပိုင်ယွင်လိုင်၏မျက်နှာ ဖြူဆုပ်သွားပြီး သူ့တစ်ကိုယ်လုံး တုန်ရီလာသည်။ သူ၏ကျင့်ကြံခြင်းအခြေခံက အားနည်းလေသည်။ သူသည် သတင်းပေးပုဂ္ဂိုလ်ဖြစ်သော်လည်း အတော်များများက အလွန့်နိမ့်ကျသော အဆင့်အတန်းဟုသာ သတ်မှတ်ထားကြသည်။ ဤကဲ့သို ပထမဆုံးအကြိမ် ဖြစ်ပွားခြင်းလည်း မဟုတ်ပေ။ သို့သော် မန်ဟို့ကို အနှောင့်အယှက် မဖြစ်စေလို၍ သူ ဘာမှ ပြန်မပြောခဲ့ပေ။ သူသည် သတိထားဆက်ဆံသော်လည်း လူတိုင်း စိတ်ကျေနပ်အောင်တော့ ဝန်ဆောင်မှုမပေးနိုင်ပေ။
လျူအမည်ရှိ ဤလူငယ်မှာ မန်ဟို့ထံမှ ဆေးလုံးများ တောင်းဆိုရန် ဂိုဏ်းအတွင်းရှိ သူ၏အတော်လေးမြင့်မားသော အဆင့်အတန်းကို အားထားခဲ့လေသည်။ သို့သော် တစ်ရက်လျှင် အမှာသုံးခုသာ လက်ခံသည်သာမက ဦးသူလာ ဦးသူရ ဖြစ်သည်။ ပိုင်ယွင်လိုင်သည် ဤလျူလူငယ်ကို ရန်မစမိရန် အကောင်းဆုံးကြိုးစားခဲ့သော်လည်း ပြေရာပြေကြောင်းစကားများက သူ့ကို ပို၍သာ ရန်လိုသွားစေသည်။
နိမ့်ကျသော လူများတွင်ပင် မာနကိုယ်စီရှိသည်။ သို့သော် ပိုင်ယွင်လိုင်သည် တဆတ်ဆတ် တုန်လျက် ခါးသီးနာကြည်းစွာဖြင့် လျူကို စိုက်ကြည့်နေသည်။ သူက လက်ကိုမြှောက်ပြီး ပါးကို ရိုက်တော့မည့်အချိန်......
မန်ဟို၏ တည်ငြိမ်သောအသံ ပဲ့တင်ထပ်လာသည်။ "ပိုင်ယွင်လိုင်"
***