← Chapters

ဆေးလုံးနာမည်ပျက်စာရင်း

Vol. 17 Ch. 227

ဆေးလုံးနာမည်ပျက်စာရင်း

Vol. 17 Ch. 227

မန်ဟို့ အသံ ထွက်လာသောအခါ ပိုင်ယွင်လိုင် အံ့သြသွားပုံပေါ်သည်။ သူ ရုတ်တရက် ခေါင်းလှည့်လိုက်ရာ အလှဆင်ကျောက်တုံးနောက်မှ ဖြေးဖြေးချင်းလမ်းလျှောက်ထွက်လာသော မန်ဟို့ကို မြင်လိုက်ရသည်။ သူက အေးအေးဆေးဆေး လျှောက်လာပြီး သူ၏မျက်နှာသည် ခံစားချက်မဲ့နေ၏။

ပိုင်ယွင်လိုင် သူ့ကို မြင်သောအခါ စိတ်လှုပ်ရှားမှုများဖြင့် ရင်ခုန်သွားသလို အတန်ငယ်လည်း ရှက်သွားမိသည်။ သူ့စိတ်ထဲတွင် သူ့ကြောင့် ဖန်မုအတွက် မျက်နှာပျက်ခဲ့ရလေပြီ။ သူ ပါးစပ်ဖွင့်ပြီး တစ်ခုခုပြောရန် ပြင်လိုက်ချိန် မန်ဟို့အကြည့် သူ့အပေါ် ကျရောက်လာသည်။ ၄င်းသည် လေးစားမှုဖြင့် ပြည့်နှက်နေ၏။

ထိုအကြည့်က ပိုင်ယွင်လိုင့်ကို သူလုပ်နေခဲ့သော အလုပ်အားလုံးအား သတိပြုမိသည့် တစ်စုံတယောက် ရှိသည်ကို ဂုဏ်ယူသွားစေသည့်အလား အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းမိလိုက်စေသည်။ မန်ဟို ထင်ရှားကျော်ကြားလာစဥ် သူနှင့်အတူ နောက်မှလိုက်ပါရခြင်းက ကောင်းမွန်သောခံစားချက်တစ်ခု ဖြစ်လေသည်။

မန်ဟို ထွက်ပေါ်လာမှုက ရင်ပြင်ရှိ အခြားသူများ၏ အာရုံကို သိသာစွာပင် ဆွဲဆောင်လိုက်သည်။ သူတို့က လှမ်းကြည့်ကြသော်လည်း သူ ဘယ်သူလဲ သူတို့မသိပေ။ ပြာဿဒ်လေးခုထဲရှိ ရွေးချယ်ခံများ မျက်မှောင်ကြုတ်သွားသည်။ သူ့အတွက်တော့ မန်ဟိုကလည်း သူစိမ်းတစ်ယောက် ဖြစ်သည်။

"ဘယ်သူက မင်းကို လက်ချဖို့ ပြောလဲ" လျူအမည်ရှိ လူငယ်က ပြောသည်။ "မင်း ပါး မင်းရိုက်ဖို့ ငါ့ကို ကူညီစေချင်တာလား" သူ့အသံသည် အထင်သေးမှုများဖြင့် ပြည့်နှက်နေ၏။ သူလည်း မန်ဟို့ကို မြင်ခဲဲ့သည်။  သို့သော် ဤသည်မှာ ခရမ်းရောင်ချီအဖွဲ့၏ တောင်ကြားချိုင့်ဝှမ်းတစ်ခု ဖြစ်သည်။ ဆေးဝါးကျွမ်းကျင်ပညာရှင်လေးတစ်ယောက် ပေါ်လာရုံနှင့် သူ့မာနကိုတော့ သည်အတိုင်း လျှော့ချမည် မဟုတ်ပေ။ အထူးသဖြင့် သူက ဂိုဏ်းရှိ အရေးပါအရာရောက်သော ဆေးဝါးကျွမ်းကျင်ပညာရှင်အားလုံး သိသောကြောင့်ပင်။

လျူ၏ နောက်တည့်တည့်တွင် ရပ်နေကြသည်က တခြားလူငါးယောက်။ သူတို့က သွေးအေးစွာ ပြုံး၍ မတူမတန်သလို ကြည့်နေကြသည်။

"ပိုင်ယွင်လိုင် ဒီကိုလာ" မန်ဟိုက လျူကို လျစ်လျူရှုရင်း ပြောသည်။ သူသည် သူ့အပေါ်ကျရောက်နေသော အခြားအကြည့်များကိုလည်း အဖက်မလုပ်ပေ။ ဤကဲ့သို့ လူအတော်များများ မန်ဟို ကြုံတွေ့ဖူးသည်။ မန်ဟို့ ရာထူးအဆင့်အတန်းကို ထည့်တွက်လျှင် သူတို့က ရွေးချယ်ခံဖြစ်စေ၊ တာအိုကလေးများဖြစ်စေ အရေးမကြီးပေ။ သူတို့သည် သူ့ အဖက်မလုပ်ဘဲ နေနိုင်သော ခွေးလေခွေးလွင့်များထက် မပိုပေ။

ပိုင်ယွင်လိုင်က ကပျာကယာ လှည့်ပြီး မန်ဟို့ထံ လျှောက်သွားသော်လည်း လျူက အေးစက်စက်နှာမှုတ်ပြီး သူ့ထံ လက်ဝှေ့ယမ်းလိုက်သည်။

"မင်း ထွက်သွားနိုင်တယ်လို့ ငါ ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ရိုက်ပေးဖို့ လိုနေပြီထင်တယ်" သူ့လက်က ပိုင်ယွင်လိုင့်ကို ရိုက်တော့မည့်အချိန်မှာပင် မန်ဟို၏ ခံစားချက်ကင်းမဲ့သော တည်ငြိမ်အေးဆေးမှုက ပြောင်းလဲသွားသည်။ အေးစက်သော အလင်းရောင်တစ်ခု သူ့မျက်လုံးများထဲတွင် ရုတ်တရက် ပေါ်လာပြီး လျူကို လွှမ်းခြုံသွားသည်။

အကြည့်သည် နေသာသောနေ့၌ ရုတ်တရက် ပေါ်လာသော တိမ််မည်းများအလား၊ ညကောင်းကင်ကို ထက်ခြမ်းခွဲလိုက်သည့် လျှပ်စီးတန်းပမာ ထစ်ချုန်းသွားသည်။

လျူ၏ခေါင်းထဲတွင် မိုးခြိမ်းသံများ ပြည့်နှက်သွားသကဲ့သို့ပင်။ သူ၏အမူအရာ ပြောင်းလဲသွားသည်။ မန်ဟို့၏ အကြည့်သည် သက်ရှိအရာအားလုံးကို ဝါးမြိုစားသုံးနိုင်စွမ်းရှိသည့် ဧရာမသားရဲကြီးတစ်ကောင်၏ အကြည့်နှင့်တူသည်။ ၄င်းက လျူကို မသိလိုက်ဘဲ လက်ရှိန်သပ်လိုက်မိစေသည်။

မန်ဟိုက အကြည့်လွှဲပြီးနောက် ပိုင်ယွင်လိုင်နှင့်အတူ ပြန်ရန် လှည့်လိုက်သည်။ သူ၏ ကျင့်ကြံခြင်းအခြေခံအဆင့်နှင့်အတူ ဂိုဏ်းအတွင်းရှိ သူ၏အဆင့်အတန်းကို ထည့်တွက်လျှင် ဤဂိုဏ်းသားများကား သူ့ခြေထောက်အောက်တွင်သာ ရှိသည်။ ဤရွေးချယ်ခံဆိုသော လူများအရှေ့ ကြွားလုံးထုတ်နေစရာ အကြောင်းမရှိပေ။

ဟုတ်ပါသည်။ လျူ ဟုခေါ်သော လူငယ်အပြင် ရင်ပြင်အတွင်းရှိ ခရမ်းရောင်ချီအဖွဲ့ ကျင့်ကြံသူတစ်ယောက်မှ ယခု ဘာဖြစ်သွားသည်လဲ မသိပေ။ သူ့အနောက်ရှိ လူငါးယောက်လည်း ထိုနည်းတူပင်။ သူတို့ မြင်ရသည့် တစ်ခုတည်းသောအရာမှာ မန်ဟို၏ ခက်ထန်သော သဘောထားနှင့် စူးဝါးသောအကြည့်ပင်။ သို့သော် ကမ္ဘာပေါ်ရှိ မည်သူမဆို တစ်စုံတယောက်ကို စိန်းစိန်းဝါးဝါးကြည့်နိုင်သည်။ သူတို့ ၄င်းကို ဂရုမစိုက်ဘဲ နေနိုင်သည်။

သို့သော် ပြာဿဒ်လေးခုထဲရှိ ရွေးချယ်ခံများ၏ အမူအရာတော့ ပြောင်းသွားသည်။ သူတို့မှာ အတွေးနက်နေပုံရသည်။ သို့သော် ပြာဿဒ်များ၏အပြင်ဘက်တွင် ရပ်နေသော နောက်လိုက်များသည် ရင်ပြင်အလယ်ရှိ ကျင့်ကြသူများနည်းတူဖြစ်ကြောင်း သိသာသည်။ ယခုလေးတင် ဘာဖြစ်သွားခဲ့သည်လဲ သူတို့ မသိပေ။

လျူအနောက်ရှိ လူငါးယောက်က မန်ဟို့လမ်းကို တားဆီးရန် ရှေ့သို့ အပြေးအလွှားတက်သွားကြသည်။ သူ၏မျက်လုံးများသည် ယုတ်မာကောက်ကျစ်သော ရည်ရွယ်ချက်များဖြင့် တောက်ပနေ၏။

"ခရမ်းရောင်ချီအဖွဲ့က မင်း ပါးစပ်သရမ်းပြီး ကြိုက်သလို ထွက်သွားနိုင်တဲ့ နေရာမဟုတ်ဘူး"

"ရပ်လိုက်၊ အစ်ကိုကြီးလျူ စည်းကမ်းတွေ ရှင်းပြနေတယ်။ ပိုင်ယွင်လိုင်၊ မင်း ခြေထောက်နှစ်ချောင်းနဲ့ ထွက်သွားလို့မရဘူး။ မင်းက ဆုံးမဖို့ လိုသေးတာပဲ"

"အတင့်ရဲလိုက်တာ။ မင်းက ဆေးဝါးကျွမ်းကျင်ပညာရှင်ဖြစ်ရင်တောင်မှ ခရမ်းရောင်ချီအဖွဲ့ရဲ့ အတွင်းစည်းဂိုဏ်းသားတွေကို လက်လွတ်စပယ် အထင်သေးလို့ရတယ် ထင်နေလား"

လျူသည် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် ရှေ့လျှောက်သွားသည်။ သူက အေးတိအေးစက် အသံဖြင့် ပြောသည်။ " မင်း ထွက်သွားချင်ရင် သွားလို့ရတယ်။ ဒါပေမယ့် ဒီပိုင်ယွင်လိုင်က ငါတို့ကို မလေးစားဘူး။ သူ့ကို အပြစ်မပေးဘဲ လွှတ်ပေးလိုက်တာက ခရမ်းရောင်ချီအဖွဲ့တစ်ဖွဲ့လုံးကို စော်ကားတာပဲ" သူ့အနေဖြင့် မန်ဟို့ကြောက်သည်။ သို့သော် သူ့အသံမှာ စောစောကကဲ့သို့ မမာထန်တော့သည့်တိုင် မာထန်နေဆဲ ဖြစ်သည်။

ပိုင်ယွင်လိုင်၏ မျက်နှာ ဖြူဖျော့သွားပြီး သူ့မှာ မျက်လုံးထဲတွင် တောက်လောင်လာသော ဒေါသကို မနည်းအားတင်း၍ ဖိနှိပ်လိုက်ရသည်။ မန်ဟိုက ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်ကြောင်း သိသော်လည်း သူတို့မှာ ခရမ်းရောင်ချီအဖွဲ့ အတွင်းစည်းဂိုဏ်းသားများ၏ ပိုင်နက်အတွင်းတွင် ဖြစ်သည့်အတွက် ဒွိဟဖြစ်နေသေးလေသည်။ သူ့အတွက် သူ့ပါးသူ အကြိမ်အနည်းငယ် ရိုက်ရုံလောက်က ဘာမှ မဖြစ်သော်လည်း သူ့ကြောင့် မန်ဟို ဒုက္ခများမည်ကို မလိုလားပေ။ ထို့ကြောင့် သူ ရပ်လိုက်သည်။

သူ ထိုသို့ လုပ်လိုက်ချိန်မှာပင် မန်ဟိုလည်း ရပ်ပြီး လှည့်ကြည့်သည်။ "ဒီလူတွေက ဘယ်သူလဲ" သူက အေးဆေးတည်ငြိမ်စွာ မေးသည်။

ပိုင်ယွင်လိုင်က အသံတိုးတိုးဖြင့် ပြန်ဖြေသ ည်။ "ခရမ်းရောင်ချီအဖွဲ့ အတွင်းစည်းဂိုဏ်းသား လျူယန်ပင်း.... သူ.... " မန်ဟိုက ခေါင်းညိတ်ပြီး တည်တည်ငြိမ်ငြိမ် ပြောသည်။ " ဒီနေ့က စပြီး ကျုပ် ဒီလျူယန်ပင်းဆီက ဘာဆေးလုံးမှ အမှာလက်မခံတော့ဘူး"

စကားလုံးများ ထွက်ပေါ်လာစဥ် အတွင်းစည်းဂိုဏ်းသားများအားလုံး တအံ့တသြ စိုက်ကြည့်လိုက်ကြသည်။ သူတို့အထဲက လျင်သော လူတချို့ကား ဘာဖြစ်နေသည်လဲ သဘောပေါက်သွားလေပြီ။

ပြာဿဒ်များထဲရှိ ရွေးချယ်ခံများအားလုံး မန်ဟို့ကို တလက်လက်တောက်ပနေသော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်ကြသည်။ သူတို့ထဲက တစ်ယောက်က ပြာဿာဒ်ထဲမှ ထွက်ပြီး လမ်းလျှောက်လာပြီဖြစ်သည်။

"သူတင်မဟုတ်ဘူး" မန်ဟိုက အေးအေးလူလူ ပြောသည်။ "သူ့နောက်က လူတွေကောပဲ။ သူတို့ဆီကလဲ ဘာအမှာမှ လက်မခံနိုင်ဘူး" ပိုင်ယွင်လိုင်မှာ အံသြသွားသော်လည်း ခေါင်းညိတ်လိုက်သည်။

လျူယန်ပင်း၏ မျက်နှာတင်းမာခက်ထန်သွားပြိး သူက မန်ဟို့ကို ရုတ်တရက် ကြည့်သည်။ သူ၏မျက်လုံးများသည် မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်နေ၏။ ဤအခိုက်အတန့်တွင် မန်ဟို မည်သူဖြစ်ကြောင်း မသိလျှင် သူ့အတွက် ချီအခြေတည်အဆင့်အထိ ကျင့်ကြံအားထုတ်ရန် မထိုက်တန်ပေ။

သို့သော် ကမ္ဘာပေါ်တွင် ရူးမိုက်သောလူ အများကြီးရှိသည်။ လျူယန်ပင်းဘေးရှိ လူငယ်တစ်ယောက်က ရုတ်တရက် ထရယ်သည်။

"မင်းတို့ကိုယ် မင်းတို့ ဘယ်သူတွေလို့ ထင်နေလဲ။ မင်းတို့ ဆေးဖော်ပေးဖို့ ဘာဖို့ ငါတို့က တောင်းဆိုနေတယ်ထင်ပြီးတော့ မင်း အထက်လူကြီးတွေကို မကြောက်တာထင်တယ်။ မင်း ဒီလိုပြောရလောက်အောင် မင်းကိုယ်မင်း သိပ်တော်လှတယ် ဘာကြောင့်ထင်နေတာလဲ"

"ဘာ့ကြောင့်လဲဆိုတော့ ငါက ဖန်မုမလို့ပဲ" မန်ဟိုက အေးဆေးစွာ ပြောသည်။ ထိုစကားလေးတစ်ခွန်းက လူငယ်၏မျက်လုံးများကို ပြူးထွက်သွားစေပြီး မယုံနိုင်သောအရိပ်အယောင်တစ်ခု သူ့မျက်နှာကို ဖုံးလွှမ်းသွားသည်။

"ဖန်...ဖန် မု....."

လျူယန်ပင်းနောက်တွင် ရပ်နေသော အခြားသူများ၏မျက်နှာအားလုံး ရှုံ့မဲ့သွားသည်။ သူတို့က မန်ဟို့ကို ကြောင်တောင်တောင် ကြည့်လိုက်ကြသည်။ သူတို့သာ မဟုတ်။ ရင်ပြင်ရှိ ခရမ်းရောင်ချီအဖွဲ့ ဂိုဏ်းသားများအားလုံး ထိုစကားကြားသောအခါ ပင့်သက်ရှိုက်သွားကြသည်။ သူတို့ မန်ဟို့ကို လှမ်းကြည့်လိုက်စဥ် သူတို့၏မျက်လုံးများ တောက်ပလင်းလက်သွားသည်။

ခရမ်းရောင်ချီအဖွဲ့ ရွေးချယ်ခံများ၏ မျက်နှာများအပေါ်တွင် အမူအရာအမျိုးမျိုး ဖြတ်ပြေးသွားသည်။ တိတ်ဆိတ်မှုသည် ချက်ချင်းဆိုသလို ရင်ပြင်ကို ကြီးစိုးသွား၏။

ဖန်မုဆိုသော နာမည်သည် လွန်ခဲ့သော လများတစ်လျှောက်လုံး ဇီယွင်ဂိုဏ်းအပေါ် လွှမ်းမိုးနေခဲ့သည်။ သူ့တွင် ထင်ရှားကျော်ကြားသော် ဂုဏ်သတင်းရှိသည်။ သူနှင့် သူ၏ဆေးဖော်စပ်ခြင်းအကြောင်း မသိသူဟူ၍ မရှိသလောက် ဖြစ်သည်။

သို့ဖြစ်၍ မန်ဟို ဖန်မုနာမည်ကို ပြောသောအခါ ၄င်းကား နွေခေါင်ခေါင် မိုးကြိုးပစ်ချလိုက်သည့်အလားပင်။

လျူယန်ပင်း၏ မျက်နှာပျက်သွားပြီး သူ့အနောက်ရှိ ကျင့်ကြံသူများ ရုတ်တရက် စိုးရိမ်သွားဟန်တူသည်။ စောစောက သူတို့သည် ပိုင်ယွင်လိုင့်ကို သင်ခန်းစာပေးရန် ပျော်ရွှင်နေခဲ့သည်။ သူက ဆေးဝါးကျွမ်းကျင်ပညာရှင်လေး တစ်ယောက်သာ ဖြစ်သည် မဟုတ်ပါလော။ သို့သော် အခုတော့ ဆေးဝါးပညာရှင်ဖန် ကိုယ်တိုင် ဤနေရာ ရောက်နေသည့်အတွက် သူ့ကို စိတ်အနှောင့်အယှက် မဖြစ်စေချင်ပေ။ သူတို့က ဖြေရှင်းချက်များ ပေးရန် ချက်ချင်း အပြေးအလွှားသွားလိုက်ကြသည်။

သို့သော် မန်ဟိုက ချာခနဲ လှည့်လိုက်သည်။ သူ့တွင် ဤအပြင်စည်းဂိုဏ်းသားများဟုခေါ်သော လူများနှင့် စကားဆက်ပြောလိုစိတ်မရှိပေ။ သူ၏ ရာထူးအဆင့်အတန်းကြောင့်ဖြစ်စေ၊ နာမည်ဂုဏ်သတင်းကြောင့် ဖြစ်စေ၊ မည်သည့် ရှုထောင့်ကြည့်ကြည့်၊ သူနှင့်ဤလူများကား အဖြူနှင့်အမည်းသဖွယ် ကွာခြားသည်။ သူက ပိုင်ယွင်လိုင်နှင့်အတူ ပြန်ရန် လှည့်လိုက်သည်။ သို့သော် သူ ထိုသို့ လှည့်လိုက်ချိန်မှာပင် ရွေးချယ်ခံလေးယောက်က စကားပြောရန် ရည်ရွယ်ချက်ဖြင့် ကပျာကယာ အမှီလိုက်လာကြသည်။

လျူယန်ပင်းရင်ထဲမှာတော့ ခါးသီးမှုများ ပြည့်ကြပ်နေလေပြီ။ သို့သော် ကျားတစ်ကောင်ကို စစီးပြီးသည်နှင့် ပြန်ဆင်းရန် ခက်သည်မဟုတ်ပါလော။ ထို့ကြောင့် အလွယ်တကူ လက်မလျှော့လိုပေ။ သူသည် အံတင်းတင်းကြိတ်ရင်း မျက်နှာပြန်ရလို ပြန်ရငြား ပါးစပ်ဟလိုက်သည်။ "ဆိုတော့ မင်းက ဖန်မုပေါ့လေ။ အင်း မင်း ငါ့အတွက် ဆေးမဖော်ပေးဘူးဆိုပေမယ့် အရှေ့ဆေးဝါးအဖွဲ့မှာ မင်းတစ်ယောက်ထဲ ဆေးဝါးကျွမ်းကျင်ပညာရှင်လို့ ထင်နေတာလား။ ဒါ့အပြင် မင်း ဖော်တဲ့ ဆေးလုံးတွေက အဆင့်နိမ့်တွေ ကြည့်ဖို့တောင် မတန်ဘူး"

မန်ဟိုက အေးစက်စက်ရယ်ပြီး တတိယအကြိမ် ရပ်လိုက်သည်။ သူက လျူယန်ပင်းကို မမှိတ်မသုန် စိုက်ကြည့်လိုက်သည်။ ဤလူသာ သူ့ကို စကားဆက်မပြောခဲ့လျှင် သူ့လို မသိနားမလည်သည့် လူတစ်ယောက်ကို ဘယ်တော့မှ အဖက်လုပ်၍ စကားပြောနေမည်မဟုတ်ပေ။ သို့သော် သူ၏ အနှောင့်အသွားမလွတ်သော ထူးထူးဆန်းဆန်း စကားများက မန်ဟို့အကြည့်ကို အေးစက်သွားစေသည်။

"ကျုပ်က အရှေ့ဆေးဝါးအဖွဲ့ မှာရှိတဲ့ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ထောင်ထဲက တစ်ယောက်ပဲ။ကျုပ် ဆေးလုံးတွေက ကြည့်ရမတန်ရင် မတန်လောက်ဘူးပေါ့။ ဒါကြောင့် အခုကစပြီး ခင်ဗျားနဲ့ ပတ်သက်တဲ့သူ မှန်သမျှကို ကျုပ် ဆေးမဖော်ပေးဘူး" မန်ဟို၏ အေးစက်မှုက လျူယန်ပင်းအနားရှိ ကျင့်ကြံသူများကို ရှဲသွားစေသည်။ မည်သူ ပထမဆုံးသွားသည်လဲ ပြောရခက်သည်။ သူတို့တစ်ယောက်မှ ထပ်မံ၍ အတိုက်အခံ မဖြစ်လိုပေ။

လျူယန်ပင်းတစ်ယောက်သာ ထိုနေရာတွင် မလှုပ်မယှက်ရပ်နေသည်။ သူနှင့် တရင်းတနှီးရှိသည့် လူအားလုံး ဝေးဝေးရှောင်သွားကြသည်။

ဖန်မုသည် ယခုတွင် အလွန်နာမည်ကြီးသော ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်သည်။ သူ့ထံမှ ဆေးလုံးတစ်လုံး ရရန်ပင် ခက်ခဲသည်ဖြစ်ရာ သူ့ကို အတိုက်အခံလုပ်ခြင်းက မတန်ပေ။

မန်ဟိုက တည်ငြိမ်စွာ ဆက်သွားသည်။ "ပြီးတော့ ခင်ဗျားကို တစ်ယောက်ယောက် ဆေးလုံးရောင်းတယ်လို့ ကြားရင် အဲ့ဒီလူကိုလဲ ကျုပ် ဆေးမဖော်ပေးဘူး" စောင့်ကြည့်နေသူများ ဤစကားကြားသောအခါ အကုန်လုံး ပင့်သက်ရှိုက်သွားကြသည်။

ဤစကားလုံးများက မန်ဟို မည်မျှအစွမ်းထက်ကြောင်း အပြည့်အဝ ဖော်ပြနေသည်။ သူသည် အတန်ငယ်စီးပိုးဗိုလ်ကျလွန်းသည်ဟု တချို့လူများ ထင်ကောင်း ထင်နိုင်သော်လည်း .... သူကား ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်သည်။

ဆေးဝါးကျွမ်းကျင်ပညာရှင်များအား ရန်သွားစ၍ မဖြစ်ပေ။

"ဒါပေမယ့် ခင်ဗျားသိလား။ ခင်ဗျား ကျုပ်ကို ရန်စခဲ့တယ်...." မန်ဟို စကားပြောနေစဥ် သူ၏အသံသည် အေးစက်သထက် အေးစက်လာသည်။ တကယ်တမ်း သူ့လုပ်တော့မည့်အရာက အခြားသူများအား မကျေမနပ်ဖြစ်စေမည် ဆိုသည့်တိုင် ဂရုမစိုက်ပေ။ သူသည် လေးစားခံထိုက်သော အဆင့်အတန်းတစ်ခုဖြစ်သည့် ဆေးဝါးကျွမ်းကျင်ပညာရှင်ဖြစ်သည့်အတွက် သူတို့၏ မကျေမနပ်မှုက သူ့အပေါ် ကျရောက်လာမည်မဟုတ်ပေ။ သူတို့က လျူယန်ပင်း၏ အမှန်ကို မမြင်နိုင်စွမ်းကိုသာ အပြစ်တင်မည်ဖြစ်သည်။ "ဒါကြောင့် နောက်နှစ်တစ်ရာအထိ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်မှ ခင်ဗျားအတွက် ဆေးဖော်ပေးမှာ မဟုတ်ဘူး"

မန်ဟိုက တည်ငြိမ်စွာ ပြောသည်။ သူ၏ ညာလက်မြှောက်လိုက်ရာ လျူယန်ပင်း၏နာမည် ခတ်နှိပ်ထားသော အဖြူရောင်ဆွဲပြားတစ်ခု ပေါ်လာသည်။

ဤသည်မှာ ဇီယွင်ဂိုဏ်းရှိ ဆေးဝါးကျွမ်းကျင်ပညာရှင်များ ကိုင်စွဲသော အမြင့်ဆုံးအာဏာဖြစ်သည်။ ဆေးလုံးနာမည်ပျက်စာရင်း။

သူ လျူယန်ပင်း၏ နာမည်ကို ဆွဲပြားအပေါ် ခတ်နှိပ်လိုက်သည်နှင့် တစ်ပြိုင်နက် အရှေ့ဆေးဝါးအဖွဲ့ရှိ ဆေးဝါးကျွမ်းကျင်ပညာရှင်များအားလုံး ၄င်းကို အာရုံရလိုက်သည်။ သူတို့က ဆေးလုံးနာမည်ပျက်စာရင်းဆွဲပြား အသီးသီး ထုတ်ကြည့်လိုက်ကြသည်။ ယခင်က နာမည်ပျက်စာရင်းအပေါ်တွင် ၁၃ ခု သာရှိသည်။ လျူယန်ပင်းနှင့်ဆိုလျှင်  ..... ယခု ၁၄ ခု ဖြစ်သွားလေပြီ။

ရင်ပြင်တစ်ခုလုံး အပ်ကျသံပင် မကြားအောင် တိတ်ဆိတ်သွားကြသည်။ မျက်လုံးအားလုံးသည် မန်ဟို့လက်ထဲရှိ ဆွဲပြားအပေါ် ကျရောက်သွား၏။ ရွေးချယ်ခံ လေးယောက်၏ မျက်နှာအပေါ်တွင် အံသြတုန်လှုပ်မှုများ အတိုင်းသား ပေါ်လာသည်။

လူအုပ်ထဲရှိ တစ်ယောက်က ဆွဲပြားကို သတိထားမိပြီး တုန်ရီအက်ကွဲစွာဖြင့် ပြောသည်။ "အဲ့တာ...... ဆေးလုံးနာမည်ပျက်စာရင်းဆွဲပြားပဲ" အသံသည် တုန်လှုပ်မှုများဖြင့် ပြည့်နေသည်။

"ဆေးလုံးနာမည်ပျက်စာရင်းဆွဲပြား။ ဆေးဝါးပညာရှင်ဖန်က တကယ်ကြီး ဆေးလုံးနာမည်ပျက်စာရင်းဆွဲပြားကို သုံးနေတာပဲ"

"လျူယန်ပင်းတော့ သွားပြီ။ သူ ဘယ်မျိုးနွယ်စုကလာလာ အရေးမကြီးတော့ဘူး။အရှေ့ဆေးဝါးအဖွဲ့ ဆေးလုံးနာမည်ပျက်စာရင်းကနေ ဖယ်ရှားပေးဖို့ ဝါရင့်ဂိုဏ်းဝင်တွေကိုတောင် တောင်းဆိုလို့မရဘူး"

"အခု သူက နာမည်ပျက်စာရင်းမှာဆိုတော့ နောက်ထပ် နှစ်တစ်ရာအထိ ဆေးဝါးကျွမ်းကျင်ပညာရှင် တစ်ယောက်မှ လျူယန်ပင်းအတွက် ဆေးလုံးဖော်စပ်ပေးမှာ မဟုတ်တော့ဘူး။ သူ မကျင့်ကြံနိုင်တော့ဘူး။ ဆေးဝါးပညာရှင်ဖန်...... သူ တကယ် ဆွဲပြားကို သုံးရဲတယ်နော်..."

မန်ဟိုသည် ဆူညံနေသောစကားသံများ အလယ်တွင် မလှုပ်မယှက်ရပ်နေသည်။ သူ့ဘေးရှိ ပိုင်ယွင်လိုင်မှာ တဆတ်ဆတ်တုန်သွားပြီး တအံ့တသြစိုက်ကြည့်လိုက်သည်။ သူ့နှလုံးသားမှာ ပြင်းထန်သောခံစားချက်များဖြင့် ပြည့်နှက်လာသည်။ ယခုတွင် ဖန်မုအတွက်ဆိုလျှင် သူ အသက်ပင် ပေးဝံ့လေပြီ။

ဖန်မု သူ့ကို ဆက်ဆံသည့်ပုံစံက အသက်ဖြင့် ပြန်ပေးဆပ်လိုစိတ်များ ပေါ်ပေါက်လာစေသည်။

လျူယန်ပင်းကား စိတ်ပျက်လက်မှိုင်ကျသွားပြီး အသက်ရှူသံများ မြန်ဆန်လာသည်။ သူ၏မျက်လုံးများမှာ ရဲရဲနီနေပြီး သူ့တစ်ကိုယ်လုံး တုန်ရီလျက်ရှိသည်။ သူ၏မျက်နှာသည် သေလူအလား ဖြူဆုပ်နေ၏။ ဆေးလုံးနာမည်ပျက်စာရင်း၏ ကြောက်စရာကောင်းပုံနှင့် သူ၏နာမည် ၄င်းအပေါ် ရောက်နေသည့် အကျိုးဆက်များကို တွေးမိသည်နှင့် သူ့မျက်လုံးများမှာ မျှော်လင့်ချက်မဲ့မှုများဖြင့် ပြည့်နှက်သွားသည်။ ဆေးလုံးနာမည်ပျက်စာရင်းသည် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်အတွက် နှစ်ကြိမ်သာ အသုံးပြုနိုင်ပြီး မဖြစ်မနေလိုအပ်မှ အသုံးပြုကြလေသည်။

ဖန်မုက ..... တကယ်....တကယ့်....တကယ့်ကို ဆေးလုံးနာမည်ပျက်စာရင်းအသုံးပြုလိမ့်မည်ဟု သူမည်သို့ စိတ်ကူးနိုင်မည်နည်း။ သူ၏ခန္ဓာကိုယ် အေးစက်လာပြီး သူ၏မျက်လုံးများ ကြောင်သွားသည်။ သူ့မှာ မိုးကြိုးအကြိမ်ကြိမ် ပစ်ချခံလိုက်ရသည့်အလားပင်။

သူ ရင်တဒိန်းဒိန်းခုန်လာသည်။ ဆေးလုံးနာမည်ပျက်စာရင်းတွင် ထည့်သွင်းခံရခြင်း၏ ရည်ရွယ်ချက်ကို သူသိသည်။ သူ၏ မျိုးနွယ်စု မည်သို့ပင်ဖြစ်နေပါစေ၊ ဘယ်သူမှ သူ့ကို မကူညီနိုင်တော့ပေ။ သူ့မှာ အကုန်လုံးကို နောင်တရလာသည်။ အချိန်သာ နောက်ပြန်လှည့်၍ရလျှင် သူ ဘယ်တော့မှ မန်ဟို့ကို ရန်စခဲ့မည် မဟုတမပေ။ သူ့မှာ တစ်ကိုယ်လုံး တုန်ရီနေရင်း သူ ပြောနိုင်သည့် တစ်ခုတည်းသောအရာမှာ "ဆေးဝါးပညာရှင်ဖန်....ကျုပ်....."

***

All Chapters