ရွက်ကြွေတွေက လှတယ်။ သူတို့က တစ်ရာသီပဲ ရှင်သန်နိုင်တယ်။
Vol. 17 Ch. 228
ရုတ်တရက် ရယ်သံများ ထွက်လာသည်။ ရွေးချယ်ခံလေးယောက်မှာ လူအုပ်ကြီးကို တွန်းဖယ်၍ လာနေကြပြီဖြစ်သည်။ သူတို့သည် လျူဟန်ပင်းကို လျစ်လျူရှုရင်း မန်ဟိုထံ တန်းတန်းမတ်မတ် လျှောက်လာကာ လက်ယှက်အရိုအသေပေး၍ အနားကပ်လာကြသည်။ သူတို့၏အမူအရာများမှာ လေးနက်ပြီး ယဥ်ကျေးသော်လည်း ခပ်ပြုံးပြုံးနှင့် ရယ်ကာမောကာ စကားပြောလေသည်။
"ဆေးဝါးပညာရှင်ဖန်၊ ကျုပ် အမြဲတမ်း ခင်ဗျားကို တွေ့ချင်နေတာပါဗျာ။ အခု တစ်ယောက်နဲ့တစ်ယောက် တွေ့ရပြီဆိုတော့ အိမ်ရှင်အဖြစ် လက်ခံပေးပါရစေ။ သေရည်နည်းနည်းပါးပါး သောက်ပြီး လမင်းကို အတူတူ ရှုစားကြတာပေါ့။ မကောင်းဘူးလား"
"ဟားဟားဟား၊ အစ်ကိုရှုကတော့ ကျုပ်ထက် အရင်ဦးသွားပြီပဲ။ ဆေးဝါးပညာရှင်ဖန်၊ ခင်ဗျားရဲ့ ဆေးဝါးတာအိုကျွမ်းကျင်မှုက ဂိုဏ်းမှာ ဟိုးလေးတကျော်ကျော်ဗျ။ ဒီနေ့ ကျုပ်တို့ တိုက်တိုက်ဆိုင်ဆိုင် ဆုံမှတော့ ဒီက ဂိုဏ်တူညီငယ်လေးပါဝင်ရင် အခွင့်အရေးယူရာများ ရောက်သွားမလား။ ကျုပ်တို့အားလုံး ခင်ဗျားကို ဧည့်ခံနိုင်ပါတယ်"
"ဆေးဝါးပညာရှင်ဖန်၊ ကျုပ် တလောက မှာထားတဲ့ ဆေးလုံးတွေက အလျင်မလိုပါဘူး။ အေးဆေးသာလုပ်။ အခုတော့ ထွက်မသွားပါနဲ့ဦး။ ဂိုဏ်းတူညီလေး ပိုင်ယွင်လိုင်သိတဲ့အတိုင်း ကျုပ်တို့လဲ ခင်ဗျားကို တကယ် လေးစားသမှုပြုချင်လို့ပါ"
လျူယန်ပင်းနှင့် သူ့သူငယ်ချင်းများမှာမူ လုံးဝ လျစ်လျူရှုခံထားရသည်။ လျူယန်ပင်းသည် ဂိုဏ်း၏ ခေါင်းဆောင်ကြီးတစ်ဦးဦးနှင့် ပတ်သက်နေသည်ဖြစ်စေ အရေးမပါတော့ပေ။ သူ၏အဆင့်အတန်းက ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်နှင့် မည်ကဲ့သို့ ယှဥ်နိုင်မည်နည်း။ ဖန်မုသည် အကန့်အသတ်မဲ့သော အလားအလာကောင်းများဖြင့် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်ပြီး ဆေးလုံးနာမည်ပျက်စာရင်းအသုံးပြုရန် ဝန်မလေးသော လူတစ်ယောက်ဖြစ်သည်..... ဤနေရာတွင် မည်သူက ပိုသာကြောင်း ထင်ရှားလေသည်။
ဆေးဝါးကျွမ်းကျင်ပညာရှင်များအကြား၌ တချို့မှာ ဆေးလုံးနာမည်ပျက်စာရင်းကို ဘဝတစ်လျှောက်လုံး တစ်ကြိမ်ပင် အသုံးပြုမည်မဟုတ်ပေ။ တချို့က မဖြစ်မနေ လိုအပ်မှသာ အသုံးပြုသည်။ သို့သော် သူတို့ ချီတုံချတုံးဖြစ်နေတတ်သည်။ အများစုမှာ ထိုသို့ ပြုလုပ်ရန် ပြတ်သားသင့်သလောက် မပြတ်သားပေ။ သို့ရာတွင် ဖန်မုကတော့ တွေဝေနေခြင်းမရှိ။ ဤအခြင်းအရာ၏ ကြောက်မက်ဖွယ် အရှိန်အဝါက ရှိသမျှလူတိုင်း၏ ရင်ထဲ စိမ့်ဝင်ပျံ့နှံ့သွားသည်။
ရွေးချယ်ခံလေးယောက်က မန်ဟို့ ပတ်လည်တွင် ဝန်းရံလိုက်ပြီး သူတို့နှင့်အတူရှိသည့် အတွင်းစည်းဂိုဏ်းသားများလည်း ထိုနည်းတူပင်။ အပြုံးများ သူတို့မျက်နှာပေါ်တွင် ပေါ်ပေါက်လာ၏။ ဖန်မု၏ ကျင့်ကြံခြင်းအခြေခံမှာ ချီအခြေတည်အဆင့်ပင် မဟုတ်သည့်တိုင် သူတို့က သူ့ကို ယဥ်ယဥ်ကျေးကျေးဆက်ဆံနေကြဆဲဖြစ်သည်။
မန်ဟိုက မဆိုစလောက်ပြုံးရင်း လက်ယှက်၍ သူတို့ကို ပြန်ဦးညွှတ်လိုက်သည်။ တခဏကြာသော် သူ့မှာ ဆင်ခြေပေးပြီး ထွက်သွားရန် ကြိုးစားသော်လည်း မရပေ။ နောက်ဆုံး၌ သူတို့၏ကြင်နာမှုကို လက်မခံပါက ရိုင်းပျရာရောက်ကြောင်း ဆုံးဖြတ်လိုက်သည်။ သူသည် ခေါင်းညိတ်ရင်း ပိုင်ယွင်လိုင်နှင့်အတူ သူတို့နောက် လိုက်သွား၏။ သူတို့၏ ပျော်ပျော်ရွှင်ရွှင်၊ ရယ်ရယ်မောမော စကားသံများ ပဲ့တင်ထပ်လာသည်။
ရင်ပြင်ထဲတွင်တော့ လျူယန်ပင်း မျက်နှာဖြူဆုပ်လျက် ရပ်ကျန်ခဲ့သည်။ သူ၏စိတ်အစဥ်မှာ ချာချာလည်နေပြီး သူ့မှာ စိတ်ပျက်အားငယ်စွာဖြင့် တွေတွေကြီးငေးကြည့်နေသည်။ သို့သော် ဤအခိုက်အတန့်တွင် ခပ်လှမ်းလှမ်းရောက်နေပြီဖြစ်သော မန်ဟိုက ရုတ်တရက် သူတို့ဘက်လှည့်ပြီး လက်ယှက်အရိုအသေပေးသည်။ "တာအိုရောင်ရင်းတို့ ၊ ပညာသင်ဖက်ညီအစ်ကိုတို့။ ဘာကြောင့် ကျုပ်တို့နဲ့အတူ မလိုက်သေးလဲဗျာ"
ဤစကားကို ကြားသော် ရွေးချယ်ခံလေးယောက်၏ မျက်လုံးများ တောက်ပလင်းလက်သွားသည်။ သူတို့က မန်ဟို့ကို အဓိပ္ပါယ်ပါပါကြည့်ပြီး လှည့်ကာ အခြားသူများအား သူတို့နှင့် လိုက်လာရန် လက်ယပ်ခေါ်လိုက်သည်။
၄င်းက ရင်ပြင်ထဲရှိ အခြားအတွင်းစည်းဂိုဏ်းသားများ၏မျက်နှာများအား ဝင်းပသွားစေသည်။ သူတို့မှာ လက်ယှက်အရိုအသေပေးရင်း အပြေးအလွှားလာကြ၏။ မကြာမီ ဒါဇင်များစွာရှိသော ကျင့်ကြံသူတစ်ဖွဲ့လုံး အဝေးသို့ လမ်းလျှောက်ထွက်သွားကြသည်။
မန်ဟိုက တလက်လက်တောက်ပနေသော ကြယ်များခြံရံလျက်ရှိသည့် လမင်းကြီးပမာ အားလုံး၏ အလယ်ဗဟိုတွင် ဖြစ်သည်။ ရယ်သံများ၊ စကားများသံများ လေနှင့်အတူ မျောလွင့်လာသည်။
ယခုတော့ လျူဟန်ပင်းနှင့် အပေါင်းအဖော်များသာ ရင်ပြင်တွင် ကျန်ခဲ့သည်။ သူတို့မျက်နှာများမှာ အရုပ်ဆိုးအကြည်းတန်နေကြ၏။ အထူးသဖြင့် လျူယန်ပင်းကို စိုက်ကြည့်နေကြသူများ၏ မျက်လုံးများကား ဒေါသမီးတဝင်းဝင်းတောက်လျက်ရှိသည်။
နောက်ရက်များတွင် မန်ဟိုသည် တစ်နေကုန် ဆေးဖော်ရင်း အချိန်ဖြုန်းမနေတော့ပေ။ သူက ခရမ်းရောင်ချီအဖွဲ့၏ တောင်တန်းများ၊ ချိုင့်ဝှမ်းများထံ မကြာခဏ သွားတတ်သည်။ တစနှင့်တစ လူအများ သူ့ရုပ်ကို မှတ်မိလာကြသည်။ ခရမ်းရောင်ချီအဖွဲ့ရှိ သူ၏ဂုဏ်သတင်းမှာ ပို၍ပင် ထင်ရှားကျော်ကြားလာလေသည်။
တစ်ချိန်တည်းမှာပင် သူသည် အခြားဆေးဝါးကျွမ်းကျင်ပညာရှင်များဖြင့်လည်း အချိန်အတူ ကုန်ဆုံးတတ်သည်။ သူက ဆေးဝါးတာအိုအကြောင်းနှင့် ပတ်သက်၍ အမြင်များ ဖလှယ်ပြီး အတွေ့အကြုံများ မျှဝေရန် သူတို့ကို အလည်ခေါ်တတ်သည်။ သူသည် တစ်ခါလည်ပတ်တိုင်း နှစ်ဦးနှစ်ဖက် အကျိုးများအောင် ဆောင်ရွက်သည်။ ဤနည်းဖြင့် သူ၏ မိတ်ဆွေအသိုက်အဝန်းမှာ တဖြေးဖြေး ကျယ်ပြန့်လာတော့သည်။
လျူယန်ပင်းမှာမူ ဆေးလုံးနာမည်ပျက်စာရင်းက မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း သဘောပေါက်လာသဖြင့် အကြီးအကျယ် ခါးသီးနေတော့သည်။ သူ့အတွက် ဆေးလုံးဖော်စပ် ပေးလေ့ရှိသသော ဆေးဝါးကျွမ်းကျင်ပညာရှင်များအားလုံး ယခု သူ့ကို လျစ်လျူရှုထားကြသည်။ သူ ငွေကြေးမည်မျှ ကမ်းလှမ်းစေကာမူ တစ်ယောက်မှ ဆေးလုံးတစ်လုံးပင် မဖော်စပ်ပေးကြပေ။
ထိုမျှသာမက သူနှင့် ရင်းနှီးခဲ့သူများအားလုံး တစတစ သူ့ကို ရှောင်ဖယ်ရှောင်ဖယ်လုပ်လာကြသည်။
အတိအကျပြောရလျှင် သူ တစ်ခါ သူ၏မျိုးနွယ်စုခေါင်းဆောင်ကြီးထံ အလည်အပတ်သွားတုန်းက ပြင်းပြင်းထန်ထန် ကြိမ်းမောင်းခံရပြီနောက် ပြန်လွှတ်ခံခဲ့ရသည်။ ဇီယွင်ဂိုဏ်းတွင် ဆေးဝါးကျွမ်းကျင်ပညာရှင်များအား ရန်သွားစ၍မရပေ။ ဆေးလုံးနာမည်ပျက်စာရင်းဆွဲပြား အသုံးပြုလိုက်သည်နှင့်တစ်ပြိုင်နက် သတင်းသည် ဂိုဏ်းတစ်ဂိုဏ်းလုံး ပြန့်သွားမည်ဖြစ်သည်။ အရှေ့ဆေးဝါးအဖွဲ့၌ ကြောက်စရာအကောင်းဆုံးမှာ ဆေးဝါးတာအိုမဟုတ်ဘဲ သူတို့အတွက် စီမံထားသော အကာအကွယ်ဖြစ်ကြောင်း ခေါင်းဆောင်ကြီးများပင်လျှင် သိသည်။
ထိုအကာအကွယ်သည် ဆေးလုံးနာမည်ပျက်စာရင်း၏ ရလဒ်များမှ ထင်ရှားပေါ်လွင်၏။
အရှေ့ဆေးဝါးအဖွဲ့အတွင်းတွင် အာဏာလုမှူများ၊ ယှဥ်ပြိုင်မှုများ ရှိနိုင်သည်။ သို့သော် အပြင်လူများ ၄င်းကို အသရေပျက်အောင် လုပ်ရဲလျှင်တော့ ဆေးဝါးပညာရှင်များအားလုံး ဒေါသတကြီး အတူတကွပေါင်းစည်းပြီး လက်စားချေကြမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဆေးဝါးကျွမ်းကျင်ပညာရှင်များကား အသေဖျက်ခံရမည့်လူ၊ ရန်စခံရမည့်လူ မဟုတ်သောကြောင့်ပင်။ ယင်းက အရှေ့ဆေးဝါးအဖွဲ့၏ အကာအကွယ်စည်းမျဥ်းဖြစ်သည်။
ထို့ကြောင့် ဆေးလုံးနာမည်ပျက်စာရင်းဆွဲပြားစီမံချက် ပထမဆုံးနေရာတွင် ရှိနေခြင်းဖြစ်သည်။
အပြင်လောကတွင် အရှေ့ဆေးဝါးအဖွဲ့မှမဟုတ်သော ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ကို ရန်စခြင်းက ရေးကြီးခွင်ကျယ် မဖြစ်လောက်ပေ။ အခြား မည့်သည့် ဆေးဝါးကျွမ်းကျင်ပညာရှင်မှ ဝင်ရောက်စွက်ဖက်မည်မဟုတ်။ သို့သော် အရှေ့ဆေးဝါးအဖွဲ့တွင်တော့ တစ်ယောက်ကို ရန်စလျှင် အကုန်လုံးကို ရန်စသည်နှင့်တူသည်။
၄င်းက သိပ်မျှတပုံမရပေ။ သို့သော် ထိုမမျှတသော စီမံချက်က ဆေးဝါးကျွမ်းကျင်ပညာရှင်များအား ဂိုဏ်းအပြင်ဖြစ်စေ၊ အတွင်းဖြစ်စေ၊ မည်သည့်နေရာသွားသွား တလေးတစား ဆက်ဆံခံရစေ၏။
တစ်ယောက်ကို ရန်စခြင်းက အကုန်လုံးကို ရန်စခြင်းပင်။ ထိုသို့လုပ်နိုင်သည့်သူ မရှိသလောက် ရှားသည်။
ဟုတ်ပါသည်၊ တစ်စုံတဦး အခြားဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ကို ရန်စလျှင် မန်ဟို ရေလိုက်ငါးလိုက်နေမည်မဟုတ်ပေ။ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်အနေနှင့် သူ့အတွက် အရေးအကြီးဆုံးက အခြားဆေးဝါးကျွမ်းကျင်ပညာရှင်အားလုံး၏ အဆင့်အတန်းကို ကာကွယ်ပေးရန်ပင်။
သို့နှင့် အချိန်များ တရွေ့ရွေ့ကုန်ဆုံးလာသည်။ မန်ဟိုကတော့ တစ်နေ့ ဆေးလုံး အသုတ်သုံးသုတ် ဆက်ဖော်နေဆဲ ဖြစ်သည်။ စီမံချက်အသစ်က အခြားဆေးဝါးကျွမ်းကျင်ပညာရှင်များ၏ မကျေမနပ်ချက်များအား လျော့နည်းသွားစေသည်။
ခရမ်းရောင်ချီအဖွဲ့၏ အတွင်းစည်းဂိုဏ်းတွင် ဂိုဏ်းသားတစ်သောင်းရှိသည် မဟုတ်ပါလော။ ဆေးဝါးကျွမ်းကျင်ပညာရှင်များ ရှာဖွေခြင်းက စည်းကမ်းသတ်မှတ်ချက်များ ပါဝင်သော်လည်း ဆေးဝါးပညာရှင်များ လိုသည်ထက်ပို၍ လောဘမကြီးသရွေ့ မကျေမနပ်မှုများ သိပ်ရှိမည်မဟုတ်ပေ။
အခြားဆေးဝါးကျွမ်းကျင်ပညာရှင်များထံ မန်ဟို အလည်အပတ်သွားရောက်တတ်သည်ကို ထည့်တွက်လျှင် လေပြေအေးများ သူတို့ဆံပင်ကို ဖြတ်တိုက်နေသည့်အလားပင်။ သူတို့၏ မကျေမနပ်မှုများ လွင့်စဥ်ပျောက်ကွယ်သွားပြီး တစနှင့်တစ သူ့ကို လက်ခံပေးလာကြသည်။
မန်ဟိုမှာမူ တစ်နေ့ ဆေးလုံးသုံးသုတ် အပြင် ဂိုဏ်းကို လွှဲပြောင်းပေးအပ်ရန် ဆေးလုံးများကိုလည်း အချိန်များစွာပေး၍ ဖန်တီးတတ်သည်။ ထို့အပြင် သူသည် ချီအခြေတည်နေ့ဆေးလုံးကို အသုံးပြု၍ သူ၏ကျင့်ကြံခြင်းအခြေခံကို တဖြေးဖြေး တိုးမြှင့်လေသည်။
လအနည်းငယ်အကြာ၊ တစ်ခုသော ညဥ့်နက်ချိန်တွင် မန်ဟိုသည် ကျင့်ကြံခြင်းဂူထဲတွင် တင်ပျဥ်ခွေထိုင်နေ၏။ သူ့အရှေ့တွင် ချီအခြေတည်နေ့ဆေးပုလင်း သုံးပုလင်း ရှိသည်။ ၄င်းတို့ကို အနီးကပ် သေချာကြည့်ရှုပြီးနောက် သူ၏မျက်လုံးများ တောက်ပလင်းလက်လာသည်။
"ဒီနေ့ ငါ ဆဋ္ဌမတာအိုမဏ္ဍိုင်ကို တည်ဆောက်မယ်" သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ယခုတွင် သူ၏ဆဋ္ဌမတာအိုမဏ္ဍိုင်မှာ ကိုးဆယ်ရာခိုင်နှုန်းကျော် ပြီးမြောက်နေလေပြီ။ သူသိသည့် ဝါးမြိုခြင်းစွမ်းအားကြီး ပေါက်ပေါက်လာတော့မည်ဖြစ်၍ နောက်ဆုံး တစ်ဆယ်ရာခိုင်နှုန်း ပြီးမြောက်အောင် ကြိုးစားရန် အချိန်တချို့ စောင့်နေခဲ့ခြင်းဖြစ်သည်။ ပြင်ဆင်မှုများက အချိန်အနည်းငယ်ကြာခဲ့သော်လည်း ယခု အန္တရာယ်ကင်းကြောင်း သေချာသဖြင့် သူ စတင်ရန် အဆင်သင့်ဖြစ်နေလေပြီ။
သူ၏မျက်လုံးများသည် ခိုင်မာပြတ်သားသော စိတ်ဆန္ဒဖြင့် တောက်ပလျက်ရှိသည်။ သူက ချီအခြေတည်နေ့ဆေးလုံးတစ်လုံးကောက်ပြီး မြိုချကာ မျက်လုံးများ ပိတ်လိုက်သည်။ ဆဋ္ဌမ တာအိုမဏ္ဍိုင်ကား သူ့ကိုယ်အတွင်း၌ အစိုင်အခဲ စတင်ဖြစ်ပေါ်လာသည်။ အထဲ၌ မှော်သင်္ကေတစီးကြောင်းများ ရှိသော ရွှေရောင်အလင်းတစ်ခု သူ၏ခန္ဓာကိုယ်မှ ဖြာထွက်လာသည်။ ရုတ်တရက် စကားသံများ မျောလွင့်လာသည်။
"လူယုတ်မာသုံးကောင်၊ လူယုတ်မာသုံးကောင်။ သုံးကောင်ထက် လျှော့လို့မရဘူး" ဟုတ်ပါသည်။ အသံမှာ ယခုလေးတင် နိုးလာသော အသားဂျယ်လီထံမှ လာခြင်းဖြစ်သည်။ ၄င်းက စကားပြောပြီး ချီတစ်လုပ် ထွေးထုတ်လိုက်သည်။
ချီသည် မန်ဟို့ကို လွှမ်းခြုံထားသည့် ရွှေရောင်အလင်းကို ဖုံးလွှမ်းသွား၏။ ၄င်းက သူ၏ ပြီးပြည့်စုံသော တာအိုမဏ္ဍိုင်မှ ထွက်လာသည့် ချီများကို သာမန်အတိုင်းဖြစ်စေသည်။ ဤနည်းအားဖြင့် မူမမှန်သောအရာတစ်ခုကိုမှ ဇီယွင်ဂိုဏ်း သတိပြုမိမည်မဟုတ်တော့ပေ။
အချိန်များ တဖြေးဖြေး ကုန်ဆုံးသွားသည်။ မိုးသောက်ချိန်တွင် မန်ဟို့တစ်ကိုယ်လုံး တုန်ရီလာသည်။ သူ၏အရေပြားမှာ ခြောက်ကပ်သွားပြီး အားကောင်းသောဆွဲအားတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ၄င်းမှာ နှစ်ထောင်ပေါင်းများစွာ ဆာလောင်မွတ်သိပ်နေခဲ့ပြီး မန်ဟို့ ခန္ဓာကိုယ်နှင့် ဝိညာဥ်ကို အငမ်းမရဝါးမြိုချင်နေသည်။
သို့သော် မန်ဟိုက ဤအတွက် ပြင်ဆင်ထားပြီးလေပြီ။ ဆွဲအား ပေါ်ပေါက်လာသည်နှင့်တစ်ပြိုင်နက် သူသည် အရှေ့တွင် ကျန်ခဲ့သည့် ဆေးလုံးများကို ချက်ချင်း ခြေပစ်လိုက်သည်။ ၄င်းတို့မှာ သူ ကြိုးစားအားထုတ်၍ ပြုလုပ်ခဲ့သော ဆေးစွမ်းအား ကိုးဆယ်ရာခိုင်နှုန်းဖြင့် ချီအခြေတည်နေ့ဆေးလုံးများပင်။ သူက ၄င်းတို့ကို ပါးစပ်ထဲ ပစ်ထည့်လိုက်သည်။
ဆေးလုံးများ သူ့ပါးစပ်ထဲ ဝင်သွားသည်နှင့်တစ်ပြိုင်နက် အကန့်အသတ်မဲ့ စိတ်ဝိညာဥ်စွမ်းအင်များအဖြစ် ပြောင်းသွားပြီး ဆဋ္ဌမတာအိုမဏ္ဍိုင်အတွင်း ချက်ချင်း စုပ်ယူခံလိုက်ရသည်။
မွန်းလွဲပိုင်းတွင် မန်ဟို၏ မျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး စူးရှတောက်ပသောအလင်းများဖြင့် ဝင်းလက်နေသည်။ သူ ထိုနေရာတွင် တင်ပျဥ်ခွေထိုင်နေစဥ် အတန်ငယ် ပို၍အားနည်းနေသည်ကလွဲ၍ ယခင်နှင့်များများစားစား ကွဲပြားသွားပုံမရပေ။ သို့သော် အတွင်းတွင်တော့ မုန်တိုင်းထန်နေသည်။ သူ၏ကျင့်ကြံခြင်းအခြေခံမှ ထုတ်လွှတ်သော အံမခန်းလိလိလှိုင်းဂယက်များကား တစ်ခုပြီးတစ်ခု အသားဂျယ်လီ၏ ဝါးမြိုခြင်းခံနေရသည်။
သူ၏ ပြီးပြည့်စုံသော ဆဋ္ဌမတာအိုမဏ္ဍိုင် ပေါ်ပေါက်လာခဲ့လေပြီ။ မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီး မျက်လုံးများအား တဖြေးဖြေး ပြန်ပိတ်လိုက်သည်။ တခဏကြာသော် သူ ပြန်ဖွင့်လိုက်သည်။ ၄င်းတို့သည် တောက်ပမနေတော့ဘဲ ထူးဆန်းသော အလင်းရောင်တစ်ခုဖြင့် ပြည့်နှက်နေသည်။ အလင်းရောင်မှာ သူ၏ ကျင့်ကြံခြင်းအခြေခံမှ ပေါက်ဖွားလာသော ယုံကြည်ချက်ဖြစ်သည်။
ပြီးပြည့်စုံသော တာအိုမဏ္ဍိုင် ၆ ခု။ ချီအခြေတည်ခြင်း အလယ်အလတ်အဆင့်။ နောက်ထက် တာအိုမဏ္ဍိုင်တစ်ခုထပ်ရှိလျှင် သူ ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်သို့ ရောက်ရှိသွားပေမည်။ ထိုအခိုက်အတန့်တွင် အနာအဆာမဲ့အခြေနှင့် တာအိုကလေးတစ်ယောက်ပင်လျှင် သူ့ကို တိုက်ခိုက်ရန် အရည်အချင်းပြည့်မှီတော့မည် မဟုတ်ပေ။ သူတို့၏ တာအိုမဏ္ဍိုင်များမှာ သူထုတ်နိုင်သည် ချေဖျက်ခြင်းဖိအားကြောင့် တုန်ရီလာကြရမည်သာ။
ယခု တာအိုမဏ္ဍိုင် ၆ ခုပင်လျှင် မည်သည့်တာအိုကလေးကိုမဆို သူ အလွယ်တကူသုတ်သင်ပစ်နိုင်သည်။
ရွေးချယ်ခံဟုခေါ်သူများမှာမူ သူ့အတွက် စိတ်ကူးပေါက်သလို တက်နင်းနိုင်သည့် မြက်ခြောက်လေးများ၊ ပုရွက်ဆိတ်လေးများနှင့် မခြားပေ။
"ပြီးပြည့်စုံသောအခြေ။ ဘယ်လောက် အစွမ်းထက်လိုက်သလဲ.... " မန်ဟို၏အသံမှာ ပျော့ပျောင်းသော်လည်း သူ၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တောက်ပနေ၏။ ဤမျှော်လင့်ချက်က သူ ချီအခြေတည်ခြင်း မဟာစက်ဝန်းကို အောင်မြင်သည့်အချိန် သူ၏ နဝမတာအိုမဏ္ဍိုင်အတွက် ဖြစ်သည်။
ထိုစဥ် မန်ဟို့ အရှေ့၌ ဖျတ်ခနဲ လက်သွားပြီး အသားဂျယ်လီ ပေါ်လာသည်။ ၄င်းက မျက်လုံးပြူးကြီးဖြင့် ရှေ့နောက်ခုန်ပေါက်နေသည်။ "လူယုတ်မာသုံးကောင်"
အရေလဲပြီးနောက် အသားဂျယ်လီသည် ကြက်တူရွေးအသွင် ပြောင်းမသွားဘဲ အသားဂျယ်လီပုံံစံဖြင့်သာ ဆက်ရှိနေခဲ့သည်။
"လူယုတ်မာ သုံးကောင်။ သုံးကောင်ထက် မလျော့စေနဲ့" ၄င်းက ခိုင်ခိုင်မာမာ၊ ပြတ်ပြတ်သားသား အော်သည်။
၄င်းကြည့်ရသည်မှာ အားရကျေနပ်နေပုံရသည်။ ၄င်းသည် လေချဥ်တက်ပြီးနောက် စကြဝဠာအိတ်ထဲဝင်ကာ လီမျိုးနွယ်စုခေါင်းဆောင်ကြီးကို ရှာပြီး နေ့လည်တရေးအိပ်ချိန်များကြောင်း ဆွေးနွေးနေသည်။
မန်ဟို ထရပ်ပြီး ကျင့်ကြံခြင်းဂူတံခါးကို ဖွင့်သည်။ အရှိန်တညီးညီးတောက်ပနေသော နေရောင်ခြည်တို့က အောက်ဖက်သို့ ဖြာကျနေသည်။ သူက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်သည်။ ဆောင်းရာသီ ကုန်၍ နွေဦးထဲ ဝင်စပြုနေပြီဖြစ်သည်။ ကျိုးပြည်မှာတုန်းကကဲ့သို့ နှင်းများကျမနေပေ။။ ဇီယွင်ဂိုဏ်းရှိ ဆောင်းရာသီကား နှင်းမရှိချေ။
သူသည် ကောင်းကင်ကို မော့ကြည့်ပြီး ယခုတွင် ဇီယွင်ဂိုဏ်းသို့ ရောက်နေခဲ့သည်မှာ သုံးနှစ်ကျော်ပြီဖြစ်ကြောင်း ရုတ်တရက် သဘောပေါက်လိုက်သည်။ တကယ်တမ်း သေသေချာချာ တွက်ကြည့်လျှင် မကြာမီ လေးနှစ်ပြည့်ပေတော့မည်။
"အချိန်တွေ ကုန်တာ မြန်လိုက်တာ......" သူက ခပ်တိုးတိုး ပြောသည်။ တစ်ယောက်တည်း ကျင့်ကြံအားထုတ်နေရသည့်အတွက် အချိန်ကုန်ဆုံးသွားမှုကို သူ အာရုံခံနိုင်သည်။ သူ၏အာရုံများမှာ သေမျိုးလူသားတစ်ယောက်ကဲ့သို့ မဟုတ်တော့ပေ။
သူ အတိတ်ကို ပြန်ပြောင်းတွေးတောနေစဥ် ချန်ဖန်း၊ အစ်မရှုနှင့် ဖက်တီးတို့အကြောင်း သူတွေးမိသည်။ သူ့ခေါင်းထဲတွင် မြင်ကွင်းများ တစ်ခုပြီးတစ်ခု ပြန်ပေါ်လာသည်။ သူတို့ နေရာကို သူသိပါသော်လည်း သူ မည်သည့်နေရာရောက်နေသည်လဲ... သူတို့မသိပေ။
ဤအချိန်တွင် မန်ဟိုဆိုသော နာမည်မှာ အတိတ်ကအရာသာ ဖြစ်သည်။ ၄င်းကို ပြောသူဆို၍ သိပ်မရှိတော့ပေ။ မကြာမီ လူတိုင်း မေ့မေ့ပျောက်ပျောက် ဖြစ်သွားကြလိမ့်မည်။ လွန်ခဲ့သော လေးနှစ်က အဖြစ်အပျက်များ၏ လှိုင်းဂယက်အားလုံး ငြိမ်သက်သွားခဲ့ပြီး ပျောက်ကွယ်နေလေပြီ။
"ဘဝဆိုတာ အိပ်မက်တစ်ခုလို၊ သစ်ရွက်တစ်ခုလိုပဲ၊ ဘယ်လောက်လှလှ တစ်ရာသီပဲ ရှင်သန်နိုင်တယ်........" သူသည် ခပ်လှမ်းလှမ်းရှိ သစ်ပင်ကြီးများမှ အဖူးအငုံများ ထွက်လာသည်ကို ကြည့်ပြီး ပြုံးလိုက်သည်။ ဖန်မု ဖြစ်ရသည်ကို သူ သဘောကျသည်။ အရှေ့ဆေးဝါးအဖွဲ့တွင် နေရခြင်းက အဆင့်မြင့်ပညာသင်ကြားရေးကျောင်းတွင် ရှိနေသကဲ့သို့ ခံစားရသည်ကို သူနှစ်သက်သည်။ သူက လက်ကိုမြှောက်လိုက်ရာ ကျောက်စိမ်းပြားတစ်ပြား သူ့လက်ဝါးပေါ်တွင် ပေါ်လာသည်။
ကျောက်စိမ်းပြားမှာ အသားဂျယ်လီ၏အမိန့်အရ လီမျိုးနွယ်စုခေါင်းဆောင်ကြီး ခတ်နှိပ်ပေးထားသည့်အရာဖြစ်သည်။ ၄င်းကို လီမျိုးနွယ်စု သီးသန့်ကျင့်စဥ်တစ်ခုဖြင့် ခတ်နှိပ်ထားသည်။
ကိုယ်ပိုင်စိတ်ဆန္ဒမန္တန်။
***