ဒီစိတ်ဆန္ဒကြောင့် မကောင်းဆိုးဝါးတွေနဲ့ပဲ သက်ဆိုင်နိုင်တယ်
Vol. 17 Ch. 229
ကိုယ်ပိုင်စိတ်ဆန္ဒမန္တန်
လီမျိုးနွယ်စု သီးသန့်ကျင့်စဥ်တစ်ခု။ ဤကျင့်စဥ်တွင် လူတစ်ယောက်၏ စိတ်ဆန္ဒမှာ မှော်ပညာရပ်ကျင့်ကြံနိုင်သည့် သော့ချက်ဖြစ်သည်။ ထိုမျှသာမက ပြောင်မြောက်သော အဆင့်တစ်ခုအထိ ကျင့်ကြံအားထုတ်လျှင် ဝိညာဥ်ခွဲထွက်ခြင်း သို့မဟုတ် တာအိုဉာဏ်အလင်းရှာဖွေခြင်းအတောအတွင်း၌ ကံကြွေးကို သိမ်းယူနိုင်လေသည်။
ကျင့်စဥ်မှာ တကယ်တမ်း ကျမ်းစာတစ်ခုနှင့် ပိုတူသည်။ ကျမ်းစာပုရပိုက်တစ်ခုလုံးတော့မဟုတ်၊ အစိတ်အပိုင်းတစ်ခု ဖြစ်ဟန်တူသည်။ မည်သို့ပင် ဖြစ်စေ၊ ဤစာပိုဒ်တိုလေးတစ်ပိုဒ်က လီမျိုးနွယ်စု၏ သီးသန့်ကျင့်စဥ်ဖြစ်ရန် လုံလောက်လေသည်။
မန်ဟိုက အချိန်တစ်ခုကြာသည်အထိ ၄င်းကို နှံ့နှံ့စပ်စပ် လေ့လာလိုက်သည်။ ထို့နောက် သူ၏ အမူအရာ ရိပ်ခနဲ ဖြစ်သွားပြီး လက်ကို ဝှေ့ယမ်းလိုက်သည်။ ကျောက်စိမ်းပြား ပျောက်ကွယ်သွား၏။
များမကြာမီ ပိုင်ယွင်လိုင်တစ်ယောက် သုတ်သီးသုတ်ပျာ လမ်းလျှောက်ရင်း ပေါ်လာသည်။ သူက မန်ဟို့ကို ယဥ်ကျေးသောလေသံဖြင့် လေးလေးစားစား နှုတ်ဆက်သည်။ လျူယန်ပင်းနှင့်ကိစ္စ ပြီးကတည်းက မန်ဟို့အရှေ့တွင် ပိုင်ယွင်လိုင် အပြုအမူ ကွဲပြားသွားသည်။ သူတို့နှစ်ယောက်မှာ ရင်းနှီးနေသေးသော်လည်း အဆင့်အတန်းကွာခြားသွားလေပြီ။ သူတို့အကြား၌ တင်းအားမဆိုစလောက်ရှိလာသည်။
မန်ဟို့အနေဖြင့် သူ ဂိုဏ်းကို ပထမဆုံး ဝင်ရောက်တုန်းကကဲ့သို့ ပိုင်ယွင်လိုင် ပြုမူအောင် ကြိမ်ဖန်များစွာ ကြိုးစားခဲ့သည်။ သို့သော် ၄င်းက သူ့ကို ပို၍သာ စိတ်လှုပ်ရှားစေ၏။ ထို့ကြောင့် သူတို့တွေ့သည့်အခါတိုင်း ပိုင်ယွင်လိုင့်ကို ယဥ်ယဥ်ကျေးကျေးနှုတ်ဆက်ပြီး လေးစားသောလေသံဖြင့် ပြောခွင့်ပေးလိုက်ခြင်း ဖြစ်သည်။
မန်ဟိုမှာ ဤအပြောင်းအလဲကြောင့် သက်ပြင်းသာ ချနိုင်သည်။ ယခင် ဆက်ဆံရေးမျိုး ပြန်မရနိုင်တော့ကြောင်း သူနားလည်လေသည်။ သူ၏ ဆေးဝါးတာအိုက ပိုင်ယွင်လိုင့်ထံမှ အလှမ်းဝေးသထက် ဝေးသွားနေပြီဖြစ်ရာ ထိုလူ့၏လေးစားမှုမှာ နက်ရှိုင်းသထက် နက်ရှိုင်းလာတော့သည်။
"ဆရာကြီးဖန် ဒါက တလောက ကျွန်တော် လက်ခံထားတဲ့ အမှာတွေပါ။ ကျေးဇူးပြုပြီး တစ်ချက်ကြည့်ပါဦး" သူက သိုလှောင်အိတ်တစ်လုံး ကမ်းပေးသည်။
မန်ဟိုက ၄င်းကို ကြည့်ပြီးနောက် ပိုင်ယွင်လိုင်နှင့် စကားစမြည်ပြောရန် ကြိုးစားလိုက်သည်။ ပိုင်ယွင်လိုင်၏ လေးစားသောအမူအရာမှာ ပြောင်းလဲသွားခြင်းမရှိရာ မန်ဟို့ကို ကြိတ်၍ သက်ပြင်းချမိလိုက်စေသည်။ သူက မဆိုစလောက် ခေါင်းညိတ်ပြပြီး သိုလှောင်အိတ်ကို သိမ်းလိုက်သည်။
ပိုင်ယွင်လိုင်မှာ တခဏ တုံ့ဆိုင်းနေပြီးနောက် မန်ဟို့ကို ကြည့်ကာ အသံနှိမ့်လိုက်သည်။ "ဆရာကြီးဖန်၊ ဒီနှစ် ဆေးလေလံပွဲရောက်ဖို့ နောက်တစ်လပဲ လိုတော့တယ်။ ခင်ဗျား လေလံပွဲမှာ ဝင်ဖို့ စဥ်းစားထားလားမသိဘူး....."
"ဆေးလေလံပွဲ....."လွန်ခဲ့သောလေးနှစ်က ဇီယွင်ဂိုဏ်းကို ပထမဆုံး ဝင်ရောက်ခဲ့သည့်အချိန်ကို မန်ဟို ပြန်တွေးမိသည်။ ထိုအချိန်တုန်းက ဆေးလေလံပွဲတစ်ပွဲ ကျင်းပနေခဲ့လေသည်။ ယခုတွင် သူသည် အရှေ့ဆေးဝါးအဖွဲ့၌ အတော်လေး ကျော်ကြားနေပြီဖြစ်သည်။ ဆေးလေလံပွဲမှာ ဆေးဝါးကျွမ်းကျင်ပညာရှင်များအတွက် ဂုဏ်သတင်းတိုးမြှင့်ရန် နေရာတစ်နေရာဖြစ်၏။
၄င်းသည် ဆေးလုံးများအား တရားဝင်သတ်မှတ်ထားသော ဝိညာဥ်ကျောက်တုံး ပမာဏအတိုင်း တိုက်ရိုက်ရောင်းချသည့် နေရာတစ်နေရာလည်း ဖြစ်သည်။ ဆေးလေလံပွဲမှာ တစ်နှစ်လျှင် တစ်ကြိမ်သာ ကျင်းပပြီး မန်ဟို ယခင်က တစ်ခါမှ မတက်ရောက်ခဲ့ဖူးပေ။ ရုတ်တရက် သူ၏ရင်ခုန်သံတို့ မြန်ဆန်လာသည်။ သူသည် ဂိုဏ်းတွင် အတော်လေးကျော်ကြားသော ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ဦးဖြစ်၏။ သို့သော် ယေဘုယျအားဖြင့် တောင်ပိုင်းဒေသတွင် သူ၏ဆေးလုံးများ စျေးမည်မျှ ရနိုင်သည်ကို သူ မသိပေ။
ဆေးဝါးကျွမ်းကျင်ပညာရှင်များသည် သူတို့၏လေလံပစ္စည်းများကို နာမည်များ တွဲလျက်သော်လည်းကောင်း၊ အမည်မဖော်ဘဲ သော်လည်းကောင်း ကမ်းလှမ်းနိုင်သည်။ ဒုတိယတစ်ခုအတိုင်းဆိုလျှင် ဘယ်သူမှ၊ ဂိုဏ်း၏အဖွဲ့ဝင်များပင်လျှင် မည်သူ့ဆေးလုံးအား လေလံတင်ရောင်းချေနေသည်လဲ မသိရပေ။
သို့သော် လေဒဏ်ကို ကြံကြံခံနိုင်သော နံရံဟူ၍မရှိပေ။ အကြီးအကဲများအတွက် ဆေးလုံးဖော်စပ်သူကို ရှာဖွေရန် ခက်ခဲသော်လည်း မဟာအကြီးအကဲ ဆေးလုံးမိစ္ဆာ သိချင်လျှင် အလွယ်တကူ ရှာဖွေနိုင်သည်။
မန်ဟိုက တစ်ယောက်တည်း တခဏရေရွတ်နေပြီးနောက် ခေါင်းညိတ်လိုက်သည်။ သူ၏ဆေးလုံးများ အပြင်လောကတွင် မည်မျှတန်သည်လဲ ကြည့်ချင်သလို၊ ဝိညာဥ်ကျောက်တုံးများလည်း ပြန်လည်ဖြည့်တင်းချင်သေးသည်။ ချီအခြေတည်နေ့ဆေးလုံးကို ပွားရခြင်းက တော်တော်လေး အကုန်အကျများသည်။ အတွင်းစည်းဂိုဏ်းသားများအတွက် ဆေးဖော်စပ်ခြင်းဖြင့် မကြာခဏ အဖိုးအခရတတ်သော ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ဖြစ်သည့်တိုင် ထိုမျှ အကုန်အကျမခံနိုင်သေးပေ။
ယခုတော့ သူ့တွင် ဝိညာဥ်ကျောက်တုံးများမဟုတ်ဘဲ ဆေးပင်တစ်ပုံတခေါင်း ရှိနေသည်။ ဟုတ်ပါသည်၊ ဤအခြင်းအရာကြောင့် မန်ဟို့မှာ သက်ပြင်းသာ ချနိုင်တော့သည်။ သူငယ်ရွယ်စဥ်တုန်းက အမြဲတမ်း ချမ်းသာချင်ခဲ့၏။ ထိုအိပ်မက်မှာ အမြဲတမ်း အလှမ်းဝေးနေဆဲပင်။
သူ ပိုင်ယွင်လိုင့်ကို ပြန်လွှတ်ပြီး အတွေးထဲ နစ်မြောနေချိန် ရုတ်တရက် အလင်းတန်းတစ်တန်း ပေါ်လာသည်။ အတွင်းတွင် လှပကြော့ရှင်းသော အမျိုးသမီးတစ်ယောက်၏ ပုံရိပ် မြင်နိုင်သည်။ ၄င်းက ချူယွီယန်ကလွဲ၍ တခြားသူမဟုတ်ပေ။
သူမကို မြင်လိုက်သည့် အခိုက်အတန့်၌ မန်ဟို ကံဆိုးလိုက်လေခြင်းဟု သက်ပြင်းချလိုက်ပြီးနောက် ကျင့်ကြံခြင်းဂူထဲ ချက်ချင်း လှည့်ဝင်လိုက်သည်။
"ဖန်မု"
သူမ အသံ ပဲ့တင်ထပ်လာချိန်မှာပင် ကျင့်ကြံခြင်းဂူတံခါးပိတ်သွားပြီး ချိတ်ပိတ်ခံလိုက်ရသည်။ ထို့နောက် မန်ဟို့အသံထွက်လာ၏။
"ဖန်မု မရှိဘူး"
ချူယွီယန်၏ မျက်လုံးလေးများ အသတ်အဖြတ်စိတ်ဆန္ဒများဖြင့် မီးတဝင်းဝင်းတောက်သွားသည်။ သူမမှာ သွေးကြောများ ထောင်လျက် အံတင်းတင်းကြိတ်ရင်း ကျင့်ကြံခြင်းဂူအပြင်တွင် ရပ်လိုက်သည်။ သူမသည် လွန်ခဲ့သောနှစ်အတွင်း မန်ဟို့ကို ခဏခဏ လာခေါ်ခဲ့သော်လည်း သူက အမြဲအပြင်ရောက်နေပြီး အထဲ၌ မရှိချင်ယောင်ဆောင်နေတတ်သည်။ သူက မကောင်းဆိုးဝါးတစ်ကောင်ကောင် မြင်လိုက်ရသကဲ့သို့ ပြုမူနေရာ သူမကို ဒေါသူပုန်ထနေစေတော့သည်။
သူမက အံတင်းတင်းကြိတ်ရင်း ပြောသည်။ "ဖန်မု၊ နင့်မှာ လူသိခံလို့မရတဲ့ လျှို့ဝှက်ချက်တွေ ရှိနေလို့ ငါကို ရှောင်နေတာလား" သူမ ဤနေရာကို လာပြီး တံခါးပိတ်ထားသည်ကို တွေ့တိုင်း ထိုသို့ ပြောတတ်သည်။
ဖန်မုမှာ လျှို့ဝှက်ချက်ရှိကြောင်း သူမ ပိုပို၍ သေချာလာသည်။ သူ ဤကဲ့သို့ ပြုမူနေခြင်းက သူမကို တကယ် ဆွေ့ဆွေ့ခုန်နေစေသည်။ သူ့နာမည် တစ်ယောက်ယောက် ပြောတိုင်း ဒေါသထွက်သောခံစားချက်တစ်ခု သူမရင်ထဲတွင် ပြည့်ကြပ်လာပြီး သူ့ကို တစ်ခုခုလုပ်ချင်စိတ်များ ထွက်ပေါ်လာသည်။
မန်ဟို့အသံသည် ကျင့်ကြံခြင်းဂူထဲမှ လွင့်မျောထွက်လာသည်။ "မမြင်နိုင်တဲ့အရာက စိတ်တိုအောင် မလုပ်နိုင်ဘူး"
ချူယွီယန် မျက်လုံးပြူးသွားသည်။ သူမက တံခါးကို ဝုန်းခနဲ လက်သီးထိုးချလိုက်၏။ ပေါက်ကွဲသံတစ်သံ ပဲ့တင်ထပ်သွား၏။ တံခါးမှာ အတန်ငယ် တုန်ခါသွားသော်လည်း နည်းနည်းလေးမှ ပျက်စီးခြင်းမရှိ။
"ဒီက ထွက်လာခဲ့စမ်း"
"ကျုပ် ဆေးဖော်နေတယ်"
"နင် ထွက်လာမလား၊ ထွက်မလာဘူးလား"
"အီး အစ်မချူ၊ ကျုပ် တကယ် ဆေးဖော်နေတာဗျ"
"ငါက နင့်အစ်မလို့ ဘယ်သောက်ခွေးက ပြောတုန်း။ ငါက ဆေးပေါင်းဖိုဘုရင်တစ်ယောက်နော်။ နင်က ဆေးဝါးကျွမ်းကျင်ပညာရှင်လေးသာသာပဲ။ နင် အခုချက်ချင်း ဒီကို ထွက်မလာရင် အဲ့ဒီကျင့်ကြံခြင်းဂူထဲမှာ ဘယ်အချိန်အထိ အောင်းနေနိုင်မလဲ ကြည့်ကြသေးတာပေါ့"
"ရတယ်လေ တာအိုရောင်ရင်းချူ။ အရင်တစ်ခေါက်တုန်းက ခင်ဗျား ကျုပ်ဂူဘေးမှာခုနစ်ရက်တိုင်တိုင် နေနေခဲ့တယ်။ နောက်ပိုင်းကျရော မဟုတ်မမှန် သွားပုပ်လေလွင့်စကားတွေ ထွက်လာတယ်နော်။ အဲ့တာတော့ တကယ် မကောင်းဘူးဗျာ။ မဟုတ်ဘူးလား"
"နင်...."
" ကျုပ် ဖန်မုကလေ ဘယ်ချစ်သူကိုမဆို လက်ထပ်တတ်တာမဟုတ်ဘူး။ ကျုပ်က ကျုပ်နာမည်ကို အရမ်းဂရုစိုက်တာဗျ။ ဒီလိုကောလဟာလမျိုးတွေကိုတော် ကျုပ် သည်းမခံနိုင်ဘူး။ တာအိုရောင်ရင်းချူ၊ ကျေးဇူးပြုပြီး ဒီလိုနည်းနဲ အသရေမဖျက်ပါနဲ့။ အခုပြန်ပါတော့ မြန်မြန်" မန်ဟို သက်ပြင်းချလိုက်သည်။ ချူယွီယန်၏ အလိုလိုသိစိတ်က သူ့ကို အမှန်တကယ် ခြောက်လှန့်နေ၏။ သူမနှင့် နည်းနည်းပါးပါး ထိတွေ့ဆက်ဆံလိုက်လျှင် သေချာပေါက် သံသယဝင်လိမ့်မည်ဟု ခံစားနေရသဖြင့် သူမကို သူရှောင်နေခဲသည့်မှာ နှစ်နှင့်ချီနေလေပြီ။
သူက မန်ဟိုဖြစ်ကြောင်း သူမ တစ်နည်းနည်းဖြင့် သိသွားလျှင်တော့..... အကျိုးဆက်များ မည်မျှဆိုးဝါးလိမ့်မည်ကို တွေးပင် မတွေးရဲပေ။
ချူယွီယန် အံကြိတ်ပြီး စိတ်ဆိုးမာန်ဆိုး ခြေဆောင့်နင်းချလိုက်သည်။ ထို့နောက် လှည့်ပြန်သွား၏။
သူမ ပြန်သွားသည်ကို အာရုံခံပြီးနောက်မှ မန်ဟို စိတ်သက်သာရာရကာ သက်ပြင်းချလိုက်နိုင်သည်။ ခပ်ယဲ့ယဲ့ အပြုံးတစ်ခု သူ၏မျက်နှာပေါ်တွင် ပေါ်လာသည်။ အရှေ့ဆေးဝါးအဖွဲ့တွင် အစစအရာရာ အဆင်ပြေသည်။ ချူယွီယန်က လွဲ၍ ။ သူမ ဤနေရာတွင် ရှိနေသဖြင့် သူ့မှာ လုံခြုံသည်ဟု မခံစားရပေ။
"သူ ငါ့ကို ဆက်တိုက်ပြဿနာလာရှာနေရင် သူ့ကို ရင်ဆိုင်ဖို့ တခြားနည်းလမ်း စဥ်းစားမယ်..... " သူ၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု တောက်ပသွားသော်လည်း သူ၏မျက်နှာအမူအရာကတော့ ပြန်လည်တည်ကြည်သွားသည်။ သူသည် ချူယွီယန် အကြောင်း ခေါင်းထဲက ထုတ်ပြီး လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏ကျင့်ကြံခြင်းဂူအတွင်းရှိ မြေမီးတောက် သက်ဝင်လှုပ်ရှားလာသည်။ ဆေးပေါင်းဖိုတစ်လုံး မီးအပေါ်တည့်တည့်တွင် ပျံဝဲရင်း ပေါ်လာသည်။
ဤဆေးပေါင်းဖို၏ မျက်နှာပြင်ပေါ်တွင် ကြိုးကြာသုံးကောင် ရေးဆွဲထားသည်။ အပူကြောင့် ဆေးပေါင်းဖို အနီရောင်သမ်းလာသဖြင့် ကြိုးကြာသုံးကောင်ကား သွေးရောင်လွှမ်းသွားသည်။ ၄င်းတို့မှာ မျက်နှာပြင်ပေါ်မှ အချိန်မရွေး ထပျံတော့မည့်အလားဖြစ်ရာ အံမခန်းလိလိ မြင်ကွင်းတစ်ခု ဖန်တီးနေတော့သည်။
ဤသွေးကြိုးကြာဆေးပေါင်းဖို ရရှိရန်အတွက် ဝါရင့် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ဦးနှင့် ဆေးလုံးများ၊ ဆေးပင်များ လဲလှယ်၍ မန်ဟို ရယူထားခြင်းဖြစ်သည်။ ၄င်းကို အချိန်တချို့ အသုံးပြုပြီးနောက် သူ့အတွက် ရင်းနှီးကျွမ်းဝင်ရန် အချိန်မကြာလိုက်ပေ။
ဆေးပေါင်းဖိုသည် တခဏအတွင်း နီရဲတောက်လာသော်လည်း မန်ဟိုက အဖက်ပင်မလုပ်ဘဲ ဘေးတွင် ရပ်နေသည်။ သူ၏မျက်လုံးများအရ အတွေးထဲနစ်မြောနေဟန်ရှိသည်။
"ဆေးလေလံပွဲအတွက် ဘယ်လိုဆေးလုံးမျိုး ဖော်သင့်လဲ...." သူက တွေးသည်။ ဆေးဖော်နည်းရာပေါင်းများစွာ သူ့ခေါင်းထဲတွင် တရိပ်ရိပ်ဖြတ်ပြေးသွားသော်လည်း မည်သည့်အရာကမှ သူ့အာရုံကို မဆွဲဆောင်နိုင်ပေ။ အမွေးတိုင်တစ်တိုင်ထွန်းစာ ကြာမြင့်သွားသည်။ ဆေးပေါင်းဖိုမှာ သွေးကဲ့သို့ ရဲရဲတောက်နေပြီး ၄င်း၏တောက်ပမှုက ကျင့်ကြံခြင်းဂူတစ်ခုလုံး ပြည့်နှက်နေရာ အရာရာတိုင်းကို သွေးရောင်သမ်းနေစေသည်။ မန်ဟို့၏ မျက်လုံးများ ရုတ်တရက် အရောင်လက်သွားသည်။
"ငါ အဆိပ်ဆေးလုံးတစ်လုံး ဖော်စပ်မယ်" မန်ဟို၏ ဆေးဝါးတာအိုအပေါ် နားလည်တတ်မြောက်မှုအရ အဆိပ်ဆေးလုံးများတွင် များသောအားဖြင့် ဖော်စပ်ပုံဖော်စပ်နည်းများ မရှိတတ်ပေ။ ၄င်းတို့မှာ ဆေးဝါးကျွမ်းကျင်ပညာရှင်များ၏ မှတ်ဉာဏ်မှ သို့မဟုတ် ကောက်ကာငင်ကာ ဖန်တီးလိုက်ခြင်းဖြစ်သည်။ ဤသည်က ခွင့်ပြုချက်မရှိသော ဆေးဖော်စပ်နည်းများအား ဖြန့်ဝေခြင်းမှ ဟန့်တားခြင်းပင်။
အဆိပ်ဆေးလုံးများမှာ တားမြစ်ချက်တစ်ခုလည်း ဖြစ်သည်။ သို့သော် ဆေးဝါးကျွမ်းကျင်ပညာရှင်အများစုက လေ့လာဆန်းစစ်ပြီး တစ်ချိန်တွင် ဖော်စပ်တတ်ကြသည်။ ၄င်းက ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်၏ ဆေးဝါးတာအိုကျွမ်းကျင်မှုကိုသာမက အပင်နှင့်အသီးအရွက် ကျွမ်းကျင်မှုကိုပါ သက်သေပြရန် နည်းလမ်းတစ်ခုဖြစ်သည်။ လူတစ်ယောက်သည် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် သက်ဆိုင်သော အပင်နှင့်အသီးအရွက်အမျိုးမျိုး၏ လျှို့ဝှက်ဆန်းကြယ်မှုကို နှံ့စပ်နားလည်ရမည်။
တစ်စုံတယောက် ဖော်စပ်ထားသည့် လူတစ်သောင်း ဖြေ၍မရသော ဆေးလုံးတစ်လုံး။ ဆေးဝါးကျွမ်းကျင်ပညာရှင်များအားလုံး ဤကဲ့သို့ ဖန်တီးရန် စိတ်အားပြင်းပြကြလေသည်။
မန်ဟိုက အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီးနောက် ဆေးပေါင်းဖိုဘေးနားတွင် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ သူက ၄င်းထံမှ အပူကို သူ၏ခန္ဓာကိုယ်အား လွှမ်းခြုံခွင့်ပေးရင်း မျက်စိပိတ်လိုက်သည်။ သူသည် ရက်ပေါင်းများစွာကြာသည်အထိ ထိုကဲ့သို့ တိတ်ဆိတ်ငြိမ်သက်စွာ တရားထိုင်နေသည်။ မီးက ဆက်လက်လောင်ကျွမ်းနေဆဲပင်။ သွေးကြိုးကြာဆေးပေါင်းဖိုမှာ အရှိန်ကျလာသည့် လက္ခဏာမရှိဘဲ တစ်ချိန်လုံး ရဲရဲတောက်လျက်ရှိသည်။
ခုနစ်ရက်ကြာသော် မန်ဟို၏မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။ ၄င်းတို့သည် ခိုင်မာပြတ်သားသောစိတ်ဆန္ဒဖြင့် ပြည့်နှက်နေ၏။
"ဒီအဆိပ်ဆေးလုံးက ရန်သူကို ပေးရမယ့်ဆေးလုံးမဟုတ်ဘဲ ကိုယ်ကိုယ်တိုင်ကို ပေးရမှာ။ အဆိပ်မဟုတ်တဲ့ အဆိပ်။ ဆေးမဟုတ်တဲ့ဆေး။ ဒီဆေးလုံးက......" သူသည် ကျိုးပြည်မှာတုန်းက ရှမ်ကွမ်းရှိုးကို သတ်ခဲ့သည့်အချိန်နှင့် ရှောင်းဟူ သူ့ကို ပေးခဲသည့် ပုလဲကို ပြန်စဥ်းစားလိုက်သည်။ ပုလဲက လူတစ်ယောက်၏ ကျင့်ကြံခြင်းအခြေခံကို တစ်ဆင့်တက်သွားစေသည်။ ပုလဲ၏ကျေးဇူးကြောင့် စဦးချီဖွဲ့စည်းမှုအဆင့်သို့ ဦးတည်သော ရှေးဟောင်းလမ်းကို မန်ဟို ဖွင့်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုနေ့က ပုံရိပ်များ သူ၏ခေါင်းထဲတွင် ရှင်းလင်းပြတ်သားစွာ ပြန်ပေါ်လာသည်။ ပုလဲတွင် ကြောက်မက်ဖွယ်စွမ်းအားရှိပြီး မန်ဟို့ကို လေးလေးနက်နက် အထင်ကြီးသွားစေသည်။
"ခန္ဓာကိုယ် အနှံ့အပြားမှာ ရှိတဲ့ ချီသွေးကြောတွေကို ထိုးဖောက်။ ခန္ဓာကိုယ်ကို ရတနာတစ်ပါးအဖြစ် ပြောင်း၊ ရင်ဘတ်ကို ထက်ခြမ်းခွဲ။ စိတ်ကို နင်းခြေပြီး သတ်ဖြတ်လိုစိတ်သန်းပေါင်းများစွာ စုပေါင်း။ အမြုတေပင်လယ်ထဲက တာအိုမဏ္ဍိုင်တွေ ဖောက်ခွဲ။ အသတ်အဖြတ်စိတ်ဆန္ဒက စိတ်ဝိညာဥ်တွေကို သုတ်သင်နိုင်တယ်။ စိတ်ဝိညာဥ်တွေနဲ့ တစ်သားတည်းဖြစ်စေဖို့ သေမျိုးဝိညာဥ်ကို သုံး။ အသိစိတ်ကို ဖြိုဖျက်ဖို့ အသတ်အဖြတ်စွမ်အားကို သုံး။ စိတ်နဲ့ အမြုတေပင်လယ် မျက်စိတစ်မှိတ်အတွင်း တစ်သားတည်းဖြစ်။ ဒီမကောင်းဆိုးဝါးစိတ်ဆန္ဒက ကျင့်ကြံခြင်းအခြေခံကို မိုးထိအောင် တဟုန်ထိုးတိုးတက်သွားစေမယ့် သေကြောင်းကြံနှလုံးသားတစ်ခုအသွင် ပြောင်းသွားသင့်တယ်
"ဝိညာဥ်ကို လောင်ကျွမ်းစေတာမဟုတ်ဘဲ အစားထိုးလိုက်တာ။ ဒီဆေးလုံးက.... ပျက်စီးခြင်းဆေးလုံးလို့ အမည်တွင်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီစိတ်ဆန္ဒက မကောင်းဆိုးဝါးတွေနဲ့ပဲ သက်ဆိုင်တာကြောင့် ဖြစ်တယ်" မန်ဟို၏ နီရဲနေသော မျက်လုံးများ လင်းလက်သွားသည်။ သူ၏ညာလက်က သိုလှောင်အိတ်ကို လှမ်းဆွဲပြီးနောက် သူ့အရှေ့တွင် ဝှေ့ယမ်းလိုက်သည်။ ချက်ချင်းပင် ဆေးပင်အမျိုးအစား တစ်သောင်း သူ့အရှေ့ရှိ လေလယ်တွင် ပျံဝဲနေသည်။ ကြက်သွေးရောင်အလင်း၏အောက်တွင် မြင်ကွင်းမှာ မကောင်းဆိုးဝါးဆန်နေတော့သည်။
မန်ဟို၏ လက်များ ဝေဝါးသွားပြီး တဖျပ်ဖျပ်လှုပ်နေသော အရိပ်တစ်ခု ၄င်းတို့အောက်တွင် ပေါ်လာသည်။ မန်ဟို စိတ်ရောကိုယ်ပါ ဆေးပေါင်းဖိုထဲ နစ်မြုပ်သွသည်။ သူသည် ဆေးပင်များကို ဓာတ်ကူပြီး စိစိညက်ညက်ချေလိုက်သည်။ သူလိုအပ်သည့် အမြစ်တစ်ခုအတွက် မျိုးစပ်များ ဖန်တီးလိုက်သည်။
မန်ဟို ဆေးဝါးတာအိုကို စတင်လေ့လာခဲ့သည့် အချိန်မှစ၍ ဆေးလုံးဖန်တီးခဲ့သည် အခြေအနေအမျိုးမျိုးအတောအတွင်း တစ်ခါမှာ သရဲဘီလူးစီးသလို မဖြစ်ခဲ့ပေ။ ဤသည်မှာ ဆေးဝါးတာအို ပညာရပ်တွင် သူ့ရှိသမျှ ကျွမ်းကျင်မှုနှင့် အပင်နှင့်အသီးအရွက် သဘာဝစွမ်းရည်အလုံးစုံကို ထဲထဲဝင်ဝင် အသုံးချသည့် ပထမဆုံးအကြိမ်ပင်။
သူ၏ဆံပင်များ ရှုပ်ပွ၍ ဖွာလန်ကြဲနေသော်လည်း သူ ဘာကိုမှ သတိမထားမိပေ။ သူ့မှာ ဆေးဖော်စပ်ခြင်းတွင်သာ စိတ်ရောကိုယ်ပါ နစ်မြှုပ်နေသည်။ သူ၏အလိုဆန္ဒအားလုံးကို ပျက်စီးခြင်းဆေးလုံးတွင်သာ စုပုံထားသည်။ သူ့ကိုယ်တိုင်ကိုက မကောင်းဆိုးဝါးတစ်ကောင် ဝင်ပူးခံနေရသည့်အလားပင်။
ဤပျက်စီးခြင်းဆေးလုံးမှာ တကယ်တမ်း.... မန်ဟို ဆေးဝါးတာအိုပညာရပ်ကျင့်ကြံနေသည့် အတောအတွင်းဖန်တီးဖူးသည့် ပထမဆုံးဆေးလုံးဖြစ်သည်။
ဤဆေးလုံးအတွက် ဖော်စပ်နည်းမရှိ။ လိုလည်းမလိုအပ်။ ဤသည်မှာ ဆေးဝါးကျွမ်းကျင်ပညာရှင် တစ်ယောက်၏ စစ်မှန်သောစိတ်ဆန္ဒပါဝင်သည့် ဆေးလုံး၊ စိတ်ဆန္ဒ၏လွှမ်းမှိုးမှုဖြင့် ဖန်တီးထားသော ဆေးလုံး တစ်လုံးဖြစ်သည်။ ထို့ကြောင့် ၄င်း၏ တန်ဖိုးအစစ်အမှန်ကို ဖော်ပြရန် မဖြစ်နိုင်ပေ။ ထို့ထက် ပို၍ပင် အရေးကြီးသည်က ဆေးပေါင်းဖိုဘုရင်တစ်ယောက်သာ မန်ဟို့လက်ရှိအနေအထား မြင်ပါက သေချာပေါက် ရူးသွပ်သွားမည်ဖြစ်သည်။
ကျင့်ကြံခြင်းတွင် ဉာဏ်အလင်းဟူ၍ ရှိသည်။ ဆေးဝါးတာအိုမှာလည်း ဉာဏ်အလင်းရှိသည်။ ဆေးလုံးမိစ္ဆာအနေဖြင့် ထိုကဲ့သို့ ဉာဏ်အလင်းကို ကြုံတွေ့ခဲ့ဖူးသည်။ တောင်ပိုင်းဒေသရှိ အခြားမဟာအကြီးအကဲနှစ်ယောက်လည်း ထိုနည်း၄င်း။ ကံကောင်းခြင်းနှင့် ကံကြမ္မာအပေါ်သာ မူတည်သော်လည်း ဆေးပေါင်းဖိုဘုရင်တချို့လည်း သူတို့ဘဝတွင် တစ်ခါတော့ကြုံတွေ့ရလောက်သည်။ ယခုတွင် မန်ဟိုသည် ဆေးဝါးပညာရပ်ဆိုင်ရာ ဉာဏ်အလင်းရရှိခဲ့လေပြီ။
ဆေးဝါးပညာရပ်ဆိုင်ရာ ဉာဏ်အလင်း၏ရလဒ်တစ်ခုဖြစ်သည့် ဆေးလုံးမှာ မိုးကောင်းကင်မှ ဖန်ဆင်းထားသည့်အလား အံဖွယ်ကောင်းသည်။ ၄င်းက ပြိုင်ဘက်ကင်း တုနှိုင်းမဲ့ပင်။
***