မကောင်းဆိုးဝါးတွေကို မြေကြီးအောက်မှာ မြှုပ်နှံ
Vol. 17 Ch. 230
ပျက်စီးခြင်းဆေးလုံး ဖော်စပ်ခြင်းက တစ်လကြာမြင့်သွားသည်။ ၄င်းမှာ မန်ဟို့အတွက် ဆေးဖော်စပ်ရန် သင်ယူခဲ့သည့် အချိန်မှ ယခုအထိ အရှည်ကြာဆုံးပင်။ တစ်လလုံး သူသည် အနားမယူဘဲ ရှိသမျှစွမ်းအင်အလုံးစုံကို ဤဆေးလုံးဖော်စပ်ရာတွင် အာရုံစိုက်ထားသည်။
ဆေးပင်မျိုးကွဲတစ်သောင်းကျော်လုံး မန်ဟို့၏ စိတ်ဆန္ဒဖြင့် ပုံသွင်းခံရသည်။ မပြီးဆုံးနိုင်သော ထိန်းညှိမှုများနှင့် ပြောင်းလဲမှုများ အပေါ် အခြေခံ၍ ၄င်းသည် မန်ဟို့လက်ထွက် ပြိုင်ဘက်ကင်းဆေးလုံးတစ်လုံးအဖြစ် တဖြေးဖြေး ပြောင်းလဲသွားသည်။
ဆေးဖော်စပ်ခြင်း နောက်ဆုံးနေ့၊ လရောင်သာသော ညနက်ပိုင်းတွင် သွေးကြိုးကြာဆေးပေါင်းဖို တုန်ခါလာသည်။ ၄င်းမှာ ရဲရဲနီမနေတော့ဘဲ တဖြေးဖြေး ပုံမှန်အရောင်ပြန်ပြောင်းလာသည်။ ဤဖြစ်စဥ်က နာရီပေါင်းများစွာ ကြာလေသည်။ အပြင်ဘက်တွင် လရောင်များ ဝိုးတိုးဝါးတားမှေးမှိန်လာသောအခါမှ နောက်ဆုံး ဆေးပေါင်းဖိုသည် မူလအခြေအနေပြန်ရောက်သွား၏။ မန်ဟို၏ဆံပင်များ ဖွာလန်ကြဲနေပြီး သူ၏မျက်လုံးများ သွေးကြောများဖြင့် ပြည့်နှက်နေသည်။ သူ၏မျက်နှာမှာလည်း ဖြူဖပ်ဖြူလျော်ဖြစ်လျက်ရှိသည်။ သူ၏ကျင့်ကြံခြင်းအခြေခံကား တစ်လတိုင်တိုင် မရပ်မနား လည်ပတ်ပြီး စွမ်းအားများ ထုတ်ပေးနေခဲ့ရလေသည်။
ကံကောင်းထောက်မစွာ ယခု သူ့တွင် တာအိုမဏ္ဍိုင်ခြောက်ခုရှိလေပြီ။ လွန်ခဲ့သော ရက်ပိုင်းခန့်ကကဲ့သို့ ငါးခုသာ ရှိလျှင် ဆေးလုံးများဖြင့် သူ့ကိုယ်သူ ပြန်လည်အားဖြည့်လျှင်တောင်မှ ဆေးဖော်စပ်ခြင်းလုပ်ငန်းကို လမ်းခုလတ်တွင် ရပ်နားခဲ့ရမည်ဖြစ်သည်။
ဆေးဝါးဆိုင်ရာဉာဏ်အလင်းမှာ မပြီးဆုံးခင် ပျောက်ကွယ်သွားပါက ပြန်စ၍မရပေ။
သူ့အရှေ့တွင် အကောင်းပကတိပြန်ဖြစ်သွားသော ဆေးပေါင်းဖိုကို ကြည့်ရင်း မန်ဟို အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ သူ့မှာ တစ်လလုံး အလုပ်လုပ်နေခဲ့ရ၍ ပင်ပန်းနေလေပြီ။ ဆေးဖော်စပ်ခြင်း၏ အရေးကြီးဆုံး အခန်းကဏ္ဍအတောအတွင်း သူ့မှာ ရှင်ခြင်းနှင့် သေခြင်းအကြား ခက်ခက်ခဲခဲ ရုန်းကန်နေရသကဲ့သို့ ခံစားရသည်။ သူက မျက်လုံးများ ပိတ်လိုက်စဥ် တဆစ်ဆစ် နာကျင်နေလေသည်။
အချိန်အကြာကြီးကြာသည့်နောက် သူ ၄င်းတို့ကို ပြန်ဖွင့်လိုက်သည်။ သူသည် တုံ့ဆိုင်းခြင်းမရှိဘဲ ညာလက်ကို မြှောက်၍ ဆေးပေါင်းဖိုအပေါ် တင်လိုက်သည်။ ၄င်းမှာ တဆတ်ဆတ်တုန်ခါသွားပြီး အနက်ရောင် ဆေးလုံးနှစ်လုံး ပျံထွက်လာသည်။ ၄င်းတို့ ပျံထွက်လာသည့် အခိုက်အတန့်မှာပင် အနက်ရောင်တိမ်တိုက်တစ်ခု ဆေးပေါင်းဖိုအထက်တွင် ရုတ်တရက် စတင်ဖြစ်တည်လာသည်။
အနက်ရောင်တိမ်တိုက်က ကျင့်ကြံခြင်းဂူအပြင်တွင် မဟုတ်။ အထဲမှာ ဖြစ်သည်။ ထို ထူးခြားဆန်းပြားသော မြင်ကွင်းက မန်ဟို့ကို ကြောင်တောင်တောင် စိုက်ကြည့်နေမိစေသည်။ တိမ်တိုက် အပြည့်အဝဖြစ်ပေါ်ရန် တခဏသာ ကြာလိုက်သည်။ ရုတ်တရက် ၄င်းထံမှ လျှပ်စီးတန်းတစ်တန်းထွက်လာပြီး ဆေးလုံးထံ တန်းတန်းမတ်မတ် ပြေးဝင်သွားသည်။
ဤအရေးအကြီးဆုံး အခိုက်အတန့်တွင် မန်ဟိုက သိုလှောင်အိတ်ကို ပုတ်လိုက်ရာ အသားဂျယ်လီ ပျံထွက်လာသည်။ ၄င်း အနက်ရောင်တိမ်တိုက်ကို မြင်သည်နှင့်တစ်ပြိုင်နက် ၄င်းက မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်သည်။ ထို့နောက် ၄င်း၏မျက်လုံးများ တောက်ပလင်းလက်လာပြီး ထိုးဆင်းလာသော လျှပ်စီးတန်းကို ရင်ဆိုင်ရန် ပျံထွက်သွားသည်။ ၄င်းက ပါးစပ်ဖွင့်ပြီး လျှပ်စီးတန်းတစ်တန်းလုံးကို ဝါးမြိုလိုက်လေသည်။ ၄င်းမှာ အရသာရှိသော အရာတစ်ခုခုကို စားလိုက်ရသည့်အလား နှုတ်ခမ်းသပ်လိုက်သည်။
"ဆေးလုံးပြစ်ဒဏ်မိုးကြိုး" အသားဂျယ်လီက နှုတ်ခမ်းသပ်ရင်း ပြောသည်။ "ဆိုတော့ ဒါက အရသာအရှိဆုံးဖြစ်....." ရုတ်တရက် ၄င်း၏မျက်လုံးများက မန်ဟို့ လက်ထဲရှိ ဆေးလုံးနှစ်လုံးအပေါ် ကျရောက်လာသည်။ ၄င်းကြည့်ရသည်မှာ ထိုဆေးလုံးနှစ်လုံးအား မြည်းစမ်းကြည့်ချင်ပုံပေါက်နေသည်။
"လူယုတ်မာသုံးယောက်" မန်ဟိုက ပြတ်ပြတ်သားသားပြောသည်။ အသားဂျယ်လီမှာ တစ်စုံတခုနှင့်ပတ်သက်၍ ဝေခွဲရခက်နေသည့်အလား တခဏ ချီတုံချတုံဖြစ်သွားသည်။ နောက်ဆုံး၌ ၄င်းသည် ပွစိပွစိရေရွတ်ရင်း လီမျိုးနွယ်စုခေါင်းဆောင်ကြီးအပေါ် မချင့်မရဲဖြစ်နေမှုများအားလုံး ပုံချရန်ပြင်ရင်း သွေးရောင်မျက်နှာဖုံးထဲ ပြန်ဝင်သွားသည်။
အသားဂျယ်လီကို ပြန်လွှတ်ပြီးနောက် မန်ဟို အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းပြီး လက်ဝါးကို ငုံ့ကြည့်လိုက်သည်။ ဆေးလုံးနှစ်လုံးမှာ ပျံထွက်သွားတော့မည့်အလား ရုန်းကန်နေပုံရသည်။ ဤသည်မှာ သူ့အတွက် ပြစ်ဒဏ်မိုးကြိုးကို ရန်စနိုင်သည့် အသိရှိဟန်တူသော ဆေးလုံးများအား ပထမဆုံးအကြိမ် ဖော်စပ်ခြင်းဖြစ်သည်။
မန်ဟို့၏မျက်လုံးများ တောက်ပလင်းလက်သွားသည်။ သူ့အနေဖြင့် ပင်ပန်းကောင်းပင်ပန်းနိုင်သော်လည်း ဆေးလုံးနှစ်လုံးအား စိုက်ကြည့်နေခြင်းအား မရပ်တန့်နိုင်ပေ။
၄င်းတို့က အထူးသဖြင့် အရွယ်အစားတူညီသည်။ သို့သော် တစ်လုံးက နက်မှောင်နေပြီး တခြားတစ်လုံးက ခရမ်းရောင်သမ်းနေသည်။ နှစ်လုံးအနက် ခရမ်းရောင်ဆေးလုံးက အရည်အသွေးပိုမြင့်ကြောင်း ကောက်ချက်ချရန် မန်ဟို့အတွက် သိပ်မကြာလိုက်ပေ။ အခြားတစ်လုံးမှာ မဆိုစလောက်လေး နိမ့်ကျသည့် ဆေးလုံးဖြစ်သည်။
ဆေးလုံးများမှာ ရုန်းကန်နေသည့်တိုင် မန်ဟို့လက်ထဲမှ မထွက်နိုင်ပေ။ အနက်ရောင်ဆေးလုံးနှစ်လုံးက ဆေးရနံ့များ ထုတ်လွှတ်ခြင်းမရှိဘဲ ၄င်းတို့ထိတွေ့သမျှ အလင်းအားလုံးကို စုပ်ယူနေပုံရသည်။ ၄င်းတို့ကို အချိန်အတော်ကြာ ကြည့်နေလျှင် ဝိညာဥ် အထဲသို့ စုပ်ယူခံရတော့မည်သကဲ့သို့ ထင်ရသည်။
"ငါ ဒီဆေးလုံးတွေကို စစ်မှန်တဲ့ စိတ်ဆန္ဒနဲ့ ဖော်စပ်ခဲ့တယ်....."မန်ဟိုက ရေရွတ်လိုက်သည်။ နောက်ဆုံး၌ သူ၏မျက်လုံးများ လင်းလက်လာသည်။ သူက ဘယ်လက်ကို ဝှေ့ယမ်းလိုက်ရာ ဓားပျံတစ်လက် ပေါ်ပေါက်လာသည်။ သူသည် ဆေးလုံးတစ်လုံးချင်းစီ၏ ဘေးဘက်တွင် အမှတ်အသားတစ်ခု တဖြေးဖြေးရေးထိုးလိုက်သည်။ ၄င်းက .... ဒယ်အိုးတစ်လုံးသဏ္ဍာန်ရှိသော ခပ်ရိုးရိုးအမှတ်အသားတစ်ခုပင်။
၄င်းသည် ချင်းလော်ဂိုဏ်း၏ မြင့်မြတ်သော နယ်မြေတွင် သူမြင်ခဲ့ဖူးသော ဒယ်အိုး၊ မိုးကောင်းကင်ကို တိုက်ခိုက်လိုစိတ်ရှိသော ဒယ်အိုးဖြစ်သည်။
၄င်းက တစ်ထေရာတည်းမဟုတ်သော်လည်း အလွန်နီးစပ်သည်။ ထူးဆန်းစွာပင် ဆေးလုံးများကို အမှတ်အသား ရေးထိုးပြီးနောက် ၄င်းတို့ ရုန်းကန်နေခြင်းရပ်သွားသည်။ ဒယ်အိုးအမှတ်အသားမှာ ဆေးလုံးများ၏ အသည်းနှလုံးများအပေါ် ခတ်နှိပ်ခံလိုက်ရသည့်အလား လက်ခနဲဖြစ်သွားသည်။ ယခုတွင် ဒယ်အိုးအမှတ်အသားမှာ ရုတ်တရက် အသက်ဝင်နေသည့်အလားပင်။
မန်ဟို အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းပြီးနောက် အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် ပင်ပန်းနွမ်းနယ်မှုလှိုင်းလုံးတစ်လုံးက သူ့တစ်ကိုယ်လုံး လွှမ်းခြုံသွားသည်။ သူ့မှာ တစ်လလုံးလုံး အနားမယူရသေးပေ။ သူသည် ချီအခြေတည်အဆင့်ကျင့်ကြံသူ ဖြစ်သော်လည်း ဤသည်မှာ သူ့အတွက်ပင် အရမ်းများလွန်းသည်ဖြစ်ရာ သူ့မှာ စွမ်းအင်လုံလုံလောက်လောက် မရှိပေ။
"ဒါက ပျက်စီးခြင်းဆေးလုံးပဲ။ ပျက်စီးခြင်းရဲ့အထွတ်အထိပ်။ ဒယ်အိုးအမှတ်အသားက မြေကြီးကို ကိုယ်စားပြုပြီး ဖိနှိပ်တယ်။ ဆေးလုံးရဲ့ နာမည်အတိုင်း မကောင်းဆိုးဝါးတွေကို မြေကြီးအောက်မှာ မြှုပ်နှံ" မန်ဟိုသည် ဆေးပုလင်းကို ထုတ်ပြီး ပထမဆုံးပျက်စီးခြင်းဆေးလုံးကို အထဲထည့်လိုက်သည်။ ၄င်းကို ဖယောင်းဖြင့် ချိတ်ပိတ်ပြီးနောက် ခရမ်းရောင်ပျက်စီးခြင်းဆေးလုံးကို နောက်ဆေးပုလင်းထဲ ထည့်လိုက်သည်။
ဤသို့ ပြုလုပ်ပြီးနောက် ပိုင်ယွင်လိုင်ကို ဆင့်ခေါ်ရန် အသုံးပြုလေ့ရှိသည့် ကျောက်စိမ်းပြားကို ထုတ်လိုက်သည်။ မကြာမီ ပိုင်ယွင်လိုင် ကျင့်ကြံခြင်းဂူအပြင်တွင် ပေါ်လာသည်။ ဆေးပုလင်းတစ်ပုလင်း သူ့လက်ထံ ပျံမလာခင် သူ သိပ်မစောင့်လိုက်ရပေ။
မန်ဟို၏ ပင်ပန်းနွမ်းနယ်နေသော အသံက ကျင့်ကြံခြင်းဂူထဲမှ ပဲ့တင်ထပ်လာသည်။ "ဒါကို ဆေးလေလံပွဲမှာ အမည်မဖော်ဘဲ စာရင်းထည့်လိုက်။ အဲ့တာကို ပျက်စီးခြင်းဆေးလုံးလို့ ခေါ်တယ်။ ဆေးလေလံပွဲ စတော့မယ်ဆိုရင် ကျုပ်ဆီလာခဲ့" သူ့မှာ မျက်လုံးများပိတ်ရင်း နိုးတစ်ဝက် ပျော်တစ်ဝက်ဖြင့် စွမ်းအင်ပြန်လည်ဖြည့်တင်းရာတွင် စိတ်ရောကိုယ်ပါ နစ်မြုပ်သွားသည်။
ပိုင်ယွင်လိုင်က လက်ယှက်အရိုအသေပေးပြီးနောက် ဆေးပုလင်းဖြင့် ထွက်ခွာသွားသည်။
သုံးရက်သည် လျှပ်တစ်ပြက်ကုန်ဆုံးသွား၏။ ထိုအချိန်အတောအတွင်း ခရမ်းရောင်လမြို့တော်သို့ ဂိုဏ်းတစ်ဂိုဏ်းပြီး တစ်ဂိုဏ်းရောက်လာသဖြင့် တုန်းလိုင်ပြည်တစ်ပြည်လုံး ယောက်ယက်ခတ်လျက်ရှိသည်။ တုန်းလိုင်ပြည်မှ ဂိုဏ်းများသာ မဟုတ်၊ အခြားနေရာများမှလည်း ရောက်ရှိလာကြသည်။
အတိအကျဆိုရလျှင် အခြားဂိုဏ်းကြီးလေးဂိုဏ်းနှင့်အတူ မဟာမျိုးနွယ်စုသုံးစုလည်း သူတို့၏ ဂိုဏ်းသားများကို နှစ်စဥ်ဆေးလေလံပွဲတွင် ပါဝင်ရန် စေလွှတ်လိုက်ကြသည်။ တကယ်တမ်း ပွဲတစ်ပွဲ နှစ်စဥ်နှစ်တိုင်း ကျင်းပလေ့ရှိသည်မှာ အတော်လေးကြိမ်ဖန်များသည် ဆိုရမည်။ မည်သို့ဖြစ်စေ ၄င်းက တောင်ပိုင်းဒေသတစ်ဝှမ်းလုံးရှိ ကျင့်ကြံသူများ၏ အာရုံကို ဖမ်းစားထားသေးသည်။ အကြောင်းရင်းမှာ ဆေးလေလံပွဲရှိ ပစ္စည်းအားလုံးမှာ အရှေ့ဆေးဝါးအဖွဲ့၏ ဆေးဝါးကျွမ်းကျင်ပညာရှင်များ ဖော်စပ်ထားသည့်အတွက်ကြောင့်ပင်။
ထိုမျှသာမက ဆေးပေါင်းဖိုဘုရင်များလည်း များသောအားဖြင့် ပါဝင်တတ်ပြီး ပြိုက်ဘက်ကင်း ဆေးလုံးအမျိုးအစားများစွာ ထည့််သွင်းတတ်သည်။ သူတို့ဆေးလုံးများ၏ ဆေးစွမ်းအားမှာ တောင်ပိုင်းဒေသတွင် အုတ်အော်သောင်းနင်းဖြစ်ပွားရန် လုံလောက်သည်အထိ ဖြစ်သည်။ ရံဖန်ရံခါတမူထူးခြားသော ဖန်တီးမှုများလည်း ပေါ်လာတတ်သည်။
နှစ်တိုင်း မတူညီသော ဆေးဝါးကျွမ်းကျင်ပညာရှင်များ၏ နာမည်များ ထွက်ပေါ်လာပြီး အပြင်လောကတစ်ခွင်လုံး ပျံ့နှံ့သွားမည်ဖြစ်သည်။ ဆေးလေလံပွဲမှာ ဆေးဝါးကျွမ်းကျင်ပညာရှင်များအတွက် နာမည်ကြီးရန် စင်မြင့်တစ်ခုဖြစ်သည်။ ဟုတ်ပါသည်၊ အရှေ့ဆေးဝါးအဖွဲ့က ဤအရာကို အားပေးထောက်ခံပြီး ဆေးဝါးကျွမ်းကျင်ပညာရှင်များအား လေလံပွဲတွင် ရောင်းချရန် ဆေးလုံးးများအား ဖော်စပ်ခိုင်းစေသည်။
ဆေးဝါးကျွမ်းကျင်ပညာရှင်များသည် တောင်ပိုင်းဒေသတွင် နာမည်ကြီးကျော်ကြားရန် အတွက်သာမက ဥစ္စာဓနကြွယ်ဝဖို့လည်း ဆေးလုံးများ ဖော်စပ်ရန် တက်ကြွကြခြင်းဖြစ်သည်။ ဆေးလုံးများ ရောင်းချခြင်းမှ အကျိုးအမြတ်များအားလုံးကား ဆေးဝါးကျွမ်းကျင်ပညာရှင်များထံ ပြန်ရောက်ကြသည် မဟုတ်ပါလော။
ဤသည်မှာ ဆေးဝါးကျွမ်းကျင်ပညာရှင်များအားလုံးနီးပါး ပါဝင်စေသည့် စည်းမျဥ်းတစ်ခုဖြစ်သည်။
ထိုမျှသာမက ဇီယွင်ဂိုဏ်းက ဆေးလုံးများအား တင်းတင်းကြပ်ကြပ် ထိန်းချုပ်ကိုင်တွယ်သည်။ အပြင်လူများအတွက် ၄င်းတို့ကို ရရှိနိုင်သည့် တစ်ခုတည်းသော နည်းလမ်းမှာ ဆေးလေလံပွဲတွင် ပါဝင်ခြင်းဖြင့်သာ ရရှိနိုင်သည်။ သွေးရူးသွေးတန်း စျေးပြိုင်ခေါ်သည်အထိ မြင့်တက်သွားတတ်သော ဆေးလုံးအမျိုးအစားတချို့ကတော့ ရှိစမြဲပင်။ များသောအားဖြင့် ဤသည်မှာ ဆေးလုံး၏ ဆေးစွမ်းအားတစ်ခုတည်းကြောင့် မဟုတ်ဘဲ ဖော်စပ်သည့်နည်းလမ်းကြောင့် ဖြစ်သည်။
ဆေးဖော်စပ်နည်းကို မရရှိသည့်တိုင် ဆေးလုံးကို လေ့လာခြင်းက မည်သည့်နည်းလမ်း အသုံးပြု၍ ဖော်စပ်ထားသည်လဲ ဖော်ပြမည်ဖြစ်သည်။ ဇီယွင်ဂိုဏ်း၏ ဆေးဝါးကျွမ်းကျင်ပညာရှင်များအနေဖြင့် ဤသို့မဖြစ်ပျက်အောင် မဟန့်တားနိုင်ပေ။ ကျွမ်းကျင်သူ မည်သူမဆို ဆေးလုံးများအား ထိုကဲ့သို့ လေ့လာမှုများ ဆောင်ရွက်နိုင်သည်။
အတိုချုံးပြောရလျှင် နှစ်စဥ်ဆေးလေလံပွဲကြောင့် မည်မျှ အုတ်အော်သောင်းနင်းဖြစ်ကြသည်လဲ အလွယ်တကူ ခန့်မှန်းကြည့်နိုင်သည်။
ဟုတ်ပါသည်၊ ဆေးလေလံပွဲ၏တည်နေရာမှာ ခရမ်းလမြို့တော်ပင်။ မြို့တော်၏ အရှေ့တောင်ထောင့်၌ ကျင့်ကြံသူတစ်သိန်း ထိုင်နိုင်သည့် စက်ဝိုင်းသဏ္ဍာန် ပွဲကြည့်စင်ကဲ့သို့ အဆောက်အအုံကြီးတစ်ခုရှိသည်။
ပုံမှန်အားဖြင့် ဆေးလေလံပွဲတိုင်းတွင် အနယ်နယ်အရပ်ရပ်မှ ကျင့်ကြံသူများကြောင့် ထိုင်ခုံများ နေရာလပ်မကျန်ပြည့်နေတတ်သည်။
ဆေးလေလံပွဲသည် များသောအားဖြင့် ခုနစ်ရက်ကြာမြင့်ပြီး ဇီယွင်ဂိုဏ်းမှ ဦးဆောင်ကျင်းပသော အခမ်းအနားကြီးတစ်ခုအဖြစ် သတ်မှတ်နိုင်သည်။
ယနေ့မှာ ဆေးလေလံပွဲ၏ ပထမဆုံးနေ့ရက်ဖြစ်သည်။ လေလံပွဲကြည့်စင်မှာ ပြည့်နေလေပြီ။ဂိုဏ်းနှင့် မျိုးနွယ်စုအသီးအသီးမှ ကျင့်ကြံသူများ၏ မျက်လုံးများအားလုံး ပွဲကြည့်စင်အလည်ရှိ စင်မြင့်ကို အာရုံစိုက်နေကြသည်။
ထိုနေရာတွင် ရပ်နေသည်က ပြုံးပြီး လူအုပ်ကြီးကို လေးလေးစားစား လက်ယှက်အရိုအသေပေးနေသော သက်လတ်ပိုင်းလူတစ်ယောက်။ "တောင်ပိုင်းဒေသက တာအိုရောင်ရင်းတို့နဲ့ ဂုဏ်သရေရှိ လူကြီးမင်းများနှင့်အမျိုးသမီးများ ခင်ဗျာ၊ ခင်ဗျားတို့ အားလုံး ဇီယွင်ဂိုဏ်းရဲ့ ဆေးလေလံပွဲအကြောင်း သိကြမှာပါ။ ဒါကြောင့် ကျုပ် အသေးစိတ်ရှင်းပြမနေတော့ဘူး။ လေလံတင်ဖို့အတွက် ကျုပ်တို့မှာ စဦးချီဖွဲ့စည်းမှုအဆင့်၊ ချီအခြေတည်အဆင့်နဲ့ အမြုတေဖြစ်တည်မှုအဆင့်အပြင် အနုသုခုမရုပ်ခန္ဓာအဆင့်အတွက်တောင်မှ သင့်တော်တဲ့ ဆေးလုံးအမျိုးအစား စုစုပေါင်း ၇၈၉ မျိုး ရှိတယ်။ ဒါ့အပြင် အဆိပ်ဆေးလုံးနဲ့ မှော်ဆေးလုံးတွေလဲ ရရှိနိုင်တယ်
" ဇီယွင်ဂိုဏ်းဆေးလေလံပွဲရဲ့ စည်းမျဥ်းတွေအရ ဆေးလုံးတစ်လုံးစီကို လေလံမတင်ခင် ဆေးလုံးရဲ့ဆေးစွမ်းအားနဲ့ အာနိသင်ကို ရှင်းရှင်းလင်းလင်း လက်တွေ့ပြဖို့ စမ်းသပ်မှုလေးတစ်ခု လုပ်ပြပါ့မယ်" ထိုသို့ပြောပြီးနောက် ထိုလူသည် လက်ကို ဝှေ့ယမ်းလိုက်ရာ သူ့အနောက်တွင် ဧရာမ ဝင်ပေါက်အခုံးကြီးတစ်ခု ပေါ်လာသည်။
တောက်ပသောလှိုင်းဂယက်များ ပျံ့နှံ့လာပြီးနောက်တွင် ကျင့်ကြံသူခုနစ်ယောက်အဖွဲ့ တစ်ဖွဲ့ မျက်နှာသေများဖြင့် အခြားတစ်ဖက်တွင် ရပ်နေသည်ကို လူတိုင်း မြင်လိုက်ရသည်။
ဤကျင့်ကြံသူများ၌ ကျင့်ကြံခြင်းအခြေခံအဆင့် အမျိုးမျိုးရှိပြီး အသက်အရွယ် ကွဲပြားသည်။ သို့သော် သူတို့အားလုံးတွင် တူညီမှုတစ်ခုတော့ ရှိသည်။ သူတို့၏မျက်လုံးများက ခရမ်းရောင်အလင်းဖြင့် တောက်ပနေခြင်းပင်။ ဤသည်က မည်သို့ အဓိပ္ပါယ်ရသည်လဲ အပြင်လူများ မသိနိုင်သည့်တိုင်.... မန်ဟိုကတော့ သိလိမ့်မည်။ သူ့အတွက် တစ်ချက်လေးကြည့်ရုံနှင့် ဤလူများအားလုံး..... အနောက်အရပ်သို့ခရမ်းရောင်ချီ ကျင့်စဥ်ကို ကျင့်ကြံခဲ့ကြောင်းး ဆုံးဖြတ်နိုင်ပေမည်။ သူတို့ကား ဂိုဏ်း၏ ရုပ်သေးဂိုဏ်းသားများပင်။
"အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဒီကျင့်ကြံသူတွေက ဒီနေ့လေလံတင်မယ့် ဆေးလုံးအားလုံးကို စမ်းသပ်ဖို့ ရွေးချယ်ခံထားရသူတွေပါ။ ဂုဏ်သရေရှိ လူကြီးမင်းများနှင့်အမျိုးသမီးများတို့၊ ဒါက ခင်ဗျားတို့အတွက် ကျုပ်တို့ ဆေးလေလံပွဲကို ပထမဆုံးတက်ရောက်ဖူးတာ မဟုတ်လောက်ပါဘူး။ ဒါကြောင့် ဇီယွင်ဂိုဏ်းရဲ့ ဆေးလေလံပွဲက တောင်ပိုင်းဒေသတစ်ခွင်လုံးမှာ ပြိုင်ဘက်ကင်းတာ ခင်ဗျားတို့ သေချာပေါက်သိပြိးသား ဖြစ်လိမ့်မှာပါ" ထိုလူ၏အသံသည် ပွဲကြည့်စင်တစ်ခုလုံး ပဲ့တင်ထပ်သွားရာ တလေးတစားရယ်သံများဖြင့် ချက်ချင်း ပြည့်နှက်သွားစေသည်။
"ဆေးလေလံပွဲ ကျင်းပကြရအောင်" ထိုလူက အော်သည်။ " မဲနံပါတ် ၁က အရှေ့ဆေးဝါးအဖွဲ့ရဲ့ ဆေးပေါင်းဖိုဘုရင် လျူယုံ ဖော်စပ်ထားတဲ့ ယန်ပျက်ပြားခြင်းဆေးလုံး။ အသက်စွမ်းအားကို သေခြင်းချီအဖြစ် အသွင်ပြောင်း၊ ကြီးမားတဲ့ပြောင်းလဲမှုကြီးဖြစ်စေ။ ကျင့်ကြံခြင်းဂူမှာ ယင်စွမ်းအားတွေ စုဆောင်းဖို့ ဒီဆေးလုံးကို သုံးပ။ သေခြင်းချီတွေ တိုးပွားလာစေဖို့ ဒါကို သောက်သုံး။ ဒီဆေးလုံးက ဝိညာဥ်ရုပ်သေးပညာရပ်ကို ကျင့်ကြံတဲ့ တာအိုရောင်ရင်းတွေအတွက် သင့်တော်တယ်" ထိုလူ၏အသံထွက်လာချိန်မှာပင် ပိုင်ယွင်လိုင်နှင့် မန်ဟိုတို့နှစ်ယောက် ပွဲကြည့်စင်သို့ ခပ်သုတ်သုတ်လျှောက်လာကြသည် ။
ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် မန်ဟို ဝင်ရောက်လာချိန် ဆေးဝါးကျွမ်းကျင်ပညာရှင်အတော်များများ၏ အာရုံစိုက်ရာ ဖြစ်သွားသည်။ သူက ဆေးဝါးကျွမ်းကျင်ပညာရှင်များအတွက် နေရာပေးထားသည့် အဆောင်တွင် ဝင်ထိုင်ပြီးနောက် အောက်ဖက်က လေလံပွဲကိုငုံ့ကြည့်လိုက်သည်။
သူက မျှော်လင့်ချက်များဖြင့် အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ လူများ သူ၏ပျက်စီးခြင်းဆေးလုံးကို စိတ်ဝင်စားမည်လား နှင့် စျေးမည်မျှမြင့်လိမ့်မည်ကို သူ အမှန်တကယ် သိချင်မိသည်။ ဆေးဝါးကျွမ်းကျင်ပညာရှင်ဖြစ်လာကတည်းက သူသည် ဆေးလုံးတစ်လုံးတည်းဖြင့် ဘယ်တော့မှ ကျေနပ်ခြင်းမရှိခဲ့သည် မဟုတ်ပါလော။ ၄င်းတွင် ယုံကြည်ချက်အပြည့်အဝရှိသော်လည်း သိပ်အမြတ်မရမည်ကိုတော့ သူစိတ်ပူသည်။
သူက အတွေးနက်နေသော မျက်နှာအမူအရာဖြင့် လူအုပ်ကြီးကို လှမ်းကြည့်သည်။ ရုတ်တရက် အံသြသောအရိပ်အယောင်တစ်ခု ပေါ်လာပြီးနောက် ခပ်ယဲ့ယဲ့အပြုံးတစ်ခု အသွင်ပြောင်းသွားသည်။ သူ့အကြည့်မှာ ဧည့်သည်အဖွဲ့တစ်ဖွဲ့ထဲရှိ သွားကြိတ်နေသော ခပ်ဝဝလူငယ်တစ်ယောက်ထံ ကျရောက်သွားခဲ့ခြင်းဖြစ်လေသည်။
***