ပျက်စီးခြင်းဆေးလုံး
Vol. 17 Ch. 232
"ခြောက်သောင်း" ဖက်တီးက ထခုန်ပြီး အော်သည်။ "ဘယ်သူ ကိုယ့်စီနီယာတွေနဲ့ ယှဉ်ပြိုင်ရဲလဲ။ ဒီဆေးပုလင်းသုံးပုလင်းက ငါ့ဟာ ဖြစ်ရမယ်" သူ့အသံသည် မိုးခြိမ်းသံကြီးသဖွယ် လေလံပွဲကြည့်စင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။
သို့သော် ဤ ချီအခြေတည်နေ့ဆေးပုလင်းသုံးပုလင်းမှာ စောစောက ဖက်တီး၏ ခေါ်ဈေးများကြောင့် အခြားသူများ လက်လျှော့သွားခဲ့သော အတားအဆီးချိုးဖျက်ဆေးလုံးများနှင့် မတူပေ။ ဤဆေးပုလင်းသုံးပုလင်းသည် ဆယ်နှစ်မှ တစ်ကြိမ်သာ လာနိုင်သော အခွင့်အရေးကို ကိုယ်စားပြုသည်။ သို့မဟုတ် နှစ်တစ်ရာလျှင် တစ်ကြိမ်ပင် ဖြစ်ကောင်း ဖြစ်နိုင်သည်။
အရှေ့ဆေးဝါးအဖွဲ့၏ မြင့်မားသောအဆင့်အတန်းကို ထည့်တွက်လျှင် သူတို့အနေဖြင့် ဤကဲ့သို့အရာများကို လျစ်လျူရှုထားနိုင်သည်။ သို့သော် အခြားဂိုဏ်းများမှာ အရှေ့ဆေးဝါးအဖွဲ့၏ သိုလှောင်ဆည်းပူးထားသော ဗဟုသုတများအား လိုအပ်လေသည်။ သိသာစွာပင် ဂိုဏ်းအမြောက်အမြားသည် ဤအခွင့်အရေးကို အမိအရဖမ်းဆုပ်၍ ဆေးလုံးများအတွင်း၌ ပါရှိသော ဓာတ်ပြုမှုများကို လေ့လာရန် စိတ်ပိုင်းဖြတ်ထားကြး၏။
ဂိုဏ်ကြီး၊ ဂိုဏ်းငယ်မရွေး ၊ ပွဲကြည့်စင်တစ်ခုလုံးရှိ ကျင့်ကြံသူအားလုံး၏ မျက်လုံးများ နီရဲကုန်သည်။ ဤဆေးလုံးများမှာ ကျင့်ကြံသူများအတွက်သာမက ဂိုဏ်းတစ်ဂိုဏ်းလုံးအတွက် အရေးပါလွန်း၏။
ဆေးလုံးများအတွင်းရှိ အပင်နှင့်အသီးအရွက်ဓာတ်ပြုမှုများကို နှံ့နှံ့စပ်စပ်လေ့လာခြင်းဖြင့် ဂိုဏ်းတစ်ဂိုဏ်းသည် သူတို့၏ဆေးဝါးတာအိုတွင် တိုးတက်မှုများ သိသိသာသာ ရရှိနိုင်သည်။ သို့နှင့် ဂိုဏ်းကြီးများနှင့် မဟာမျိုးနွယ်စုသုံးစုပင်လျှင် ဈေးပြိုင်ခေါ်၍ လေလံဆွဲလာကြသည်။
မန်ဟို့မှာ အဖြစ်အပျက်တစ်ခုလုံးအား နားမလည်နိုင်တော့သည်အလား နားနေဆောင်အတွင်းမှ မျက်လုံးကြီးပြူးလျက် ကြည့်နေသည်။ ဆေးလုံးအတွက် ခေါ်ဈေးများ မြင့်တက်လာသည်နှင့်အမျှ သူ၏မျက်လုံးများ တောက်ပလာသည်။ ဤဆေးလေလံပွဲပြီးနောက် လီတောက်၏နာမည်ကား တောင်ပိုင်းဒေသတစ်ခွင် ထင်ရှားကျော်ကြားလာမည်မှာ မလွဲဧကန်ပင်။ မကြာခင် ကျင့်ကြံသူတိုင်း သူနှင့် မိတ်ဆွေဖွဲ့ချင်လာကြလိမ့်မည်။ ဆေးဝါးကျွမ်းကျင်ပညာရှင်အဆင့်မှာတင် ဤဆေးလုံးများ ဖော်စပ်နိုင်သည်ကို ထည့်တွက်ပါက..... သူသည် နောင်တစ်ချိန်တွင် ဆေးပေါင်းဖိုဘုရင်ဖြစ်လာရန် မုချ အရည်အချင်းရှိ၏။
အရှေ့ဆေးဝါးအဖွဲ့၌ ဆေးပေါင်းဖိုဘုရင် တစ်ရာဝန်းကျင်သာ ရှိသည်။ သူတို့တစ်ယောက်ချင်းစီသည် တောင်ပိုင်းဒေသတွင် ထင်ရှားကျော်ကြားပြီး မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ ရှာဖွေခြင်းကို ခံကြရသည်။ သူတို့၏ရာထူးဂုဏ်ဒြပ်သည် အမြင့်ဆုံး လေးစားခံရမှုကို ဖော်ပြနေသည်။
ဖက်တီးက ချီအခြေတည်နေ့ဆေးလုံးအတွက် စျေးပြိုင်ခေါ်နေဆဲပင်။ သို့သော် နောက်ဆုံး၌ စျေးနှုန်းသည် ဝိညာဥ်ကျောက်တုံး သိန်း ၄၀ အထိ ရောက််ရှိသွားလေရာ သူ့မှာ လက်လျှော့လိုက်ရတော့သည်။
ဤသည်မှာ လွန်ခဲ့သော နှစ်တစ်ရာအတွင်း ဇီယွင်ဂိုဏ်း၏ ဆေးလေလံပွဲ၌ မဲတစ်မဲအတွက် အဆိုပြုသည့် အမြင့်ဆုံးစျေးဖြစ်သည်။
ထိုစျေးနှုန်းမျိုးနှင့်ပတ်သက်၍ ပြောရန် စကားလုံးပင် သုံးရခက်သည်။ လေလံပွဲတက်ရောက်သူတိုင်းမှာ အသက်ရှူသံများ မြန်ဆန်နေကြပြီး သုဿန်တစပြင်ပမာ တိတ်ဆိတ်လျက်ရှိသည်။
လေလံအောင်သွားသူကတော့ မဟာမျိုးနွယ်စုများအနက် တစ်စုဖြစ်သည့် လီမျိုးနွယ်စုပင်။
လီမျိုးနွယ်စုမှ လူသုံးယောက်သာ လေလံပွဲ တက်ရောက်ခဲ့သည်။ တစ်ယောက်က မျိုးနွယ်စုအကြီးအကဲဖြစ်ပြီး အခြားနှစ်ယောက်က ရွေးချယ်ခံများဖြစ်သည်။ ဟုတ်ပါသည်၊ မဟာမျိုးနွယ်စုတစ်စုစီတိုင်းတွင် ဆေးဝါးတာအိုအသီးသီး ရှိကြသည်။ အရှေ့ဆေးဝါးအဖွဲ့နှင့်မတူ ကွဲပြားသော်လည်း နှိုင်းယှဥ်ပြောရလျှင် တူညီမှုများလည်း ရှိသည်။ ဤ ချီအခြေတည်နေ့ဆေးပုလင်းသုံးပုလင်းက သူတို့ကို အပင်နှင့်အသီးအရွက်ဓာတ်ပြုမှုအသစ်များ ရှာဖွေလေ့လာရန် မယုံကြည်နိုင်ဖွယ်အခွင့်အရေးတစ်ခု ပေးလိမ့်မည်။
သို့ဖြစ်၍ လေလံပစ်သူမှာ တခဏ တုံ့ဆိုင်းသွားသည်။ သို့သော် အရှေ့ဆေးဝါးအဖွဲ့မှာ နက်ရှိုင်းသော အသိပညာ ဗဟုသုတများ ဖြင့် ပြည့်နှက်နေသည့်အတွက် အပင်နှင့်အသီးအရွက်ဓာတ်ပြုမှုအကြောင်းမျာအား ပေါက်ကြားခွင့်ပြုနိုင်သည်။ ဤဆေးလုံးများ လီမျိုးနွယ်စု လက်ထဲ၌ အဆုံးသတ်သွားသည့်အချက်က ၄င်းတို့မည်မျှ မယုံကြည်နိုင်ဖွယ်ကောင်းကြောင်း ဖော်ပြနေသည်။
ဇီယွင်ဂိုဏ်း ဆေးလေလံပွဲ ကျင်းပခဲ့သည့် နှစ်ထောင်ပေါင်းများစွာအတွင်း ဇီယွင်ဂိုဏ်းသည် ၄င်း၏လေလံပစ္စည်းများအား ဘယ်တော့မှ မဝယ်ယူခဲ့ပေ။ အရှေ့ဆေးဝါးအဖွဲ့သည် လေလံပွဲမှ ပစ္စည်းများကို တစ်ခါမှ ထိမ်ချန်ထားခြင်းမရှိသလို၊ မရောင်းချအောင် တားမြစ်ခြင်းလည်း မရှိပေ။ ထိုကိစ္စမျိုးမှာ လေလံပွဲ၏ သမိုင်းတစ်လျှောက်လုံး မကြားခဲ့ဖူးသည့်အရာသာ။
တိတိကျကျဆိုရလျှင် ဇီယွင်ဂိုဏ်းသားများမှာ လေလံပွဲမှ ပစ္စည်းမဝယ်ယူရန် တားမြစ်ခံထားရခြင်း ဖြစ်သည်။ အဆိုပါပစ္စည်းက မည်မျှ ရှားပါးစေကာမူ၊ လေလံဆွဲခြင်းအား ခွင့်မပြုပေ။
ယင်းက တစ်ခါမှ မပြောင်းလဲခဲ့ဖူးသော နှစ်တစ်ထောင်သက်တမ်းရှိသည့် စည်းမျဥ်းတစ်ခုဖြစ်သည်။
ချီအခြေတည်နေ့ဆေးပုလင်း သုံးပုလင်းအား လီမျိုးနွယ်စုဆီ ရောင်းချပြီးနောက် လီမျိုးနွယ်စုအကြီးအကဲက လီတောက်ကို လီမျိုးနွယ်စုထံ လာရောက်လည်ပတ်ရန် ချက်ချင်း ကမ်းလှမ်းသည်။ ဤအခြင်းအရာက လီတောက်ကို ပို၍ ကျော်ကြားသွားစေသည်။
လီတောက်နှင့်ပတ်သက်သည့် ဆွေးနွေးငြင်းခုံမှုများ လေလံပွဲကြည့်စင်တစ်ခုလုံးဆူညံလျက်ရှိသည်။ နားနေဆောင်အတွင်း၌ မန်ဟို့ ပတ်ပတ်လည်တွင် ထိုင်နေကြသော ဆေးဝါးကျွမ်းကျင်ပညာရှင်များအားလုံး အံသြတုန်လှုပ်သွားကြပြီး လေးစားအားကျစွာဖြင့် လီတောက်အကြောင်း ပြောလာကြသည်။
ယခုတွင် လေလံပွဲကျင်းပနေသည်မှာ နှစ်ရက်ရှိလေပြီ။ လေလံပစ်သူက နောက်ထပ်ဆေးလုံးတစ်လုံးကို ထုတ်လိုက်သော်လည်း စောစောက အဖြစ်အပျက်ကြောင့် သူ့အတွက် လူထု၏စိတ်ကို လှုံ့ဆော်ရန် မဖြစ်နိုင်တော့ပေ။
အာရုံစိုက်သည့်လူ မရှိသလောက်ရှားသွားပြီး စျေးပြိုင်ခေါ်ခြင်းသည်လည်း မပြင်းထန်တော့ပေ။ နောက်ထပ်ဆေးလုံးရာဂဏန်းခန့်မှာ အသက်ဆယ်ရှိုက်စာ အတွင်း ရောင်းကုန်သွား၏။ ပစ္စည်းများကား မြန်မြန်ဆန်ဆန် ရောင်းထွက်နေရာ လေလံပွဲနှင့်ပင် မတူတော့ပေ......
မကြာခင် လူတချို့ ပြန်သွားကြသည့် အနေအထားအထိ ရောက်ရှိသွားသည်။
ချီအခြေတည်နေ့ဆေးလုံး၏ အံသြဖွယ်ရာပြီးနောက် လေလံပွဲတက်ရောက်ကြသည့် ကျင့်ကြံသူ တစ်သိန်းဝန်းကျင်မှာ အံဖွယ်ပစ္စည်းများ ပေါ်လာလျှင်တောင်မှ ချီအခြေတည်နေ့ဆေးလုံးအား ယှဥ်ပြိုင်နိုင်မည်မဟုတ်ဟု ကောက်ချက်ချလိုက်ပုံရသည်။
လူအတော်များများအတွက် ဝိညာဥ်ကျောက်တုံး သိန်း ၄၀ မှာ နောက်နှစ်ရာပေါင်းများစွာအတွင်း ထပ်မံမြင်ရတော့မည် မဟုတ်သည့် လေလံစျေး ဖြစ်သည်။ ချီအခြေတည်နေ့ဆေးပုလင်းသုံးပုလင်းကား ထူးခြားအံဖွယ်ရာထက် မလျော့ပေ။
ထို့ကြောင့် လေလံပွဲ၏ ကျန်မဲများအပေါ် အာရုံစိုက်မှုမှာ ဆုတ်ယုတ်လာတော့သည်။ လေလံပစ်သူအနေဖြင့် ဤအခြင်းအရာကို ကောင်းကောင်းသိသော်လည်း သူ့မှာ အတန်ငယ်စိတ်လှုပ်ရှားနေသေးသည်။ ထိုမျှအံအားသင့်ဖွယ်ကောင်းသော စျေးနှုန်းဖြင့် ပစ္စည်းတစ်ခုကို စီစဥ်ကြီးမှုးရသည်မှာ သူ့ ဘဝတစ်လျှောက်လုံး တစ်ခါမှ မကြုံခဲ့ဖူးသော အရာတစ်ခုဖြစ်သည်။
သူပင်လျှင် လေလံပွဲ၏ ကျန်မဲများထဲက တစ်ခုမှ ချီအခြေတည်နေ့ဆေးလုံးကို မယှဥ်နိုင်ဟု တွေးမိသည်။ သို့ဖြစ်၍ သူသည် ကျင့်ကြံသူတစ်သိန်း၏ ခံစားချက်ကို နားလည်ရာ လက်ကျန်ဆေးလုံးများကို အတော်လေး လျင်မြန်သောနှုန်းဖြင့် လေလံတင်နေလေသည်။
ဤသို့ဖြင့် နောက်ဆုံး မန်ဟို၏ ပျက်စီးခြင်းဆေးလုံးမှာ သုံးရက်မြောက်နေ့၏ ညနေခင်းတွင် လေလံတင်ရန် ထွက်ပေါ်လာသည်။ ကျင့်ကြံသူတော်တော်များများကား သိပ်စိတ်မဝင်စားပေ။ အများစုသည် ချီအခြေတည်နေ့ဆေးလုံးနှင့် ပတ်သက်သည့် အဖြစ်အပျက်များကိုသာ နောင်တကြီးစွာဖြင့် ပြန်ပြောင်းတွေးတောပြီး သက်ဆိုင်ရာဂိုဏ်းအသီးသီးသို့ သတင်းများ ပေးပို့နေကြသည်။
လေလံပစ်သူ၏အသံ ဟိန်းထွက်လာသည်။ "ဒီဆေးလုံးကို အရှေ့ဆေးဝါးအဖွဲ့ရဲ့ အမည်မဖော်လိုသူ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက် ဖော်စပ်ထားတာ ဖြစ်တယ်။ ကျုပ်တောင်မှ ဒီပုဂ္ဂိုလ် ဘယ်သူလဲဆိုတာ မသိဘူး။ ဆေးလုံးရဲ့နာမည်က ပျက်စီးခြင်းဆေးလုံး၊ အဆိပ်ဆေးလုံးဆိုလည်း မမှားဘူး" သူက ဆေးပုလင်းကို သူ့အရှေ့တွင် ချလိုက်သည်။
ဆေးလုံးပေါ်လာသည့်အချိန်တွင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူအများစုမှာ ချီအခြေတည်နေ့အကြောင်း ခပ်တိုးတိုး ဆွေးနွေးနေကြဆဲဖြစ်သည်။ လူအနည်းစုသာလျှင် 'အဆိပ်ဆေးလုံး'ဆိုသော အသံကြောင့် အတန်ငယ်စိတ်ဝင်စားပြီး ငုံ့ကြည့်လိုက်ကြသည်။
လေလံပစ်သူက စကားမြန်မြန်ပြောလိုက်သည်။ သူ့အမြင်အရ ဤဆေးလုံးသည် အဆိပ်ဆေးလုံးဖြစ်လျှင်တောင်မှ အာရုံများများစားစား ဆွဲဆောင်နိုင်မည်ပုံမရပေ။ ချီအခြေတည်နေ့ဆေးလုံးကလွဲ၍ မည်သည့်အရာကမှ စိတ်လှုပ်ရှားဖွယ်ကောင်းလောက်အောင် စျေးပြိုင်ခေါ်ခြင်းအား ဖြစ်ပွားစေနိုင်မည် မဟုတ်။ သူ့အရှေ့ရှိ ဆေးလုံးမှာ မတန်မဆပေးဆပ်၍ ဖော်စပ်ထားခြင်းဖြစ်ကြောင်း သိသာသည့်တိုင် ဝိညာဥ်ကျောက်တုံး တစ်သောင်းထက်ကျော်၍ စျေးရမည်လား သူသံသယဖြစ်မိသည်။
သို့ဖြစ်၍ သူသည် ဆေးလုံးအကြောင်း သိပ်ရှင်းပြမနေတော့ပေ။ သူ လှမ်းကြည့်ရာတွင်လည်း ကျင်ကြံသူအများစုမှာ နည်းနည်းလေးပင် အာရုံစိုက်ခြင်းမရှိကြောင်း မြင်လိုက်ရသည်။ သူက ချောင်းဟန့်ပြီး လေလံပွဲအပြီးသတ်ရန် အချိန်ကျရောက်ပြီဟု ဆုံးဖြတ်လိုက်သည်။ ဤလေလံပွဲကား ခုနစ်ရက်အသာထား၊ အလွန်ဆုံး လေးရက်ပင် မခံတော့မည့် ပုံရသည်။ ချီအခြေတည်နေ့ဆေးလုံး၏ ရိုက်ခတ်မှုပြီးနောက် အခြားလေလံပစ္စည်းအားလုံး သိသိသာသာ မှေးမှိန်သွားမည်ဖြစ်သည်။
ကိစ္စဝိစ္စများအား မြန်မြန် အပြီးသတ်ရန် ဆုံးဖြတ်ချက်ချပြီးနောက် သက်လတ်ပိုင်းလေလံပစ်သူက အနောက်အရပ်သို့ခရမ်းရောင်ချီဂိုဏ်းသားတစ်ယောက်ကို ခေါ်လိုက်သည်။ သူသည် ပုလင်းထဲမှ အနက်ရောင်ဆေးလုံးကို ထုတ်ပြီး ထူးထူးခြားခြား ဘာတစ်ခုမှ မမြင်သဖြင့် အမှုန့်နည်းနည်းပါးပါးခြစ်၍ အနောက်အရပ်သို့ခရမ်းရောင်ချီ ဂိုဏ်းသားကို ပေးလိုက်သည်။
ကျင့်ကြံသူအနည်းငယ်သာ ဤအရာအားလုံးကို အာရုံစိုက်နေကြပြီး တကယ်တမ်း လူတစ်ဆုပ်စာမျှသာ ဆေးလုံးကို ဝယ်ရန် စိတ်ဝင်စားပုံရသည်။ ၄င်းမှာ အဆိပ်တာအိုကို လေ့လာလိုက်စားသည့် ကျင့်ကြံသူအနည်းငယ်ကိုသာ ဆွဲဆောင်နိုင်သည် မဟုတ်ပါလော။
မန်ဟို ဤအရာအားလုံးကို သတိထားမိသော်လည်း တည်ငြိမ်သော အမူအရာဖမ်းထားသည်။
ပိုင်ယွင်လိုင်သာလျှင် စိတ်လှုပ်ရှားနေပုံရသည်။ သူက သက်ပြင်းချလိုက်၏။ ဤအခြေအနေတစ်ရပ်လုံးမှာ မမျှတဟု သူခံစားရသည်။ သူ့အမြင်တွင် မန်ဟို့၏ဆေးဝါးတာအိုက လီတောက်ထက် အများကြီးသာသည်။ သူတို့မှာ အဆင့်တူပင် မဟုတ်ပေ။
ဇီယွင်ဂိုဏ်း၏ အတွင်းစည်းဂိုဏ်းသားများ သူ့ထံမှ ဆေးဖော်ပေးခြင်း ခံရအောင် သူ့ထက်ငါ အပြိုင်အဆိုင် လုနေရခြင်းက သက်သေပင်။
အနောက်အရပ်သို့ ခရမ်းရောင်ချီ ဂိုဏ်းသားမှာမူ ဘာမှ သိနားလည်ပုံမရသောမျက်နှာထားဖြင့် အသက်သုံးဆယ်ဝန်းကျင် လူငယ်တစ်ယောက် ဖြစ်သည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ စိတ်မဝင်စားသည့်တိုင် သူက ဆေးလုံးမှ အမှုန့်ကို လက်ခံပြီးနောက် တုံ့ဆိုင်းခြင်းမရှိ သောက်သုံးလိုက်သည်။ သူ၏ကျင့်ကြံခြင်းအခြေခံ လည်ပတ်လာရာ အမှုန့်များကို သူ၏ခန္ဓာကိုယ်ထဲ တဖြေးဖြေး ပျော်ဝင်သွားစေသည်။ သူ၏တစ်ကိုယ်လုံး ဖောက်ထွင်းမြင်လာရသဖြင့် သူ့ကိုယ်အတွင်းရှိ ရလဒ်များအား လူတိုင်းမြင်ကြရလေသည်။
အဆိပ်ဆေးလုံးဖြစ်သည့်တိုင် ထိုလူမှာ နည်းနည်းလေးပင် ချီတုံချတုံဖြစ်မနေပေ။
ဆေးမှုန့်ကို မြိုချလိုက်သည်နှင့်တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်သည် စတင်အသွင်ပြောင်းလာ၏။
ထိုစဥ် မန်ဟိုက သူ့ကို ကြည့်ပြီး ခပ်တိုးတိုးရေရွတ်သည်။ "ခန္ဓာကိုယ် အနှံ့အပြားမှာ ရှိတဲ့ ချီသွေးကြောတွေကို ထိုးဖောက်။ ခန္ဓာကိုယ်ကို ရတနာတစ်ပါးအဖြစ် ပြောင်း၊ ရင်ဘတ်ကို ထက်ခြမ်းခွဲ။ စိတ်ကို နင်းခြေပြီး သတ်ဖြတ်လိုစိတ်သန်းပေါင်းများစွာ စုပေါင်း။ အမြုတေပင်လယ်ထဲက တာအိုမဏ္ဍိုင်တွေ ဖောက်ခွဲ။ အသတ်အဖြတ်စိတ်ဆန္ဒက စိတ်ဝိညာဥ်တွေကို သုတ်သင်နိုင်တယ်။ စိတ်ဝိညာဥ်တွေနဲ့ တစ်သားတည်းဖြစ်စေဖို့ သေမျိုးဝိညာဥ်ကို သုံး။ အသိစိတ်ကို ဖြိုဖျက်ဖို့ အသတ်အဖြတ်စွမ်အားကို သုံး။ စိတ်နဲ့ အမြုတေပင်လယ် မျက်စိတစ်မှိတ်အတွင်း တစ်သားတည်းဖြစ်။ ဒီမကောင်းဆိုးဝါးစိတ်ဆန္ဒက ကျင့်ကြံခြင်းအခြေခံကို မိုးထိအောင် တဟုန်ထိုးတိုးတက်သွားစေမယ့် သေကြောင်းကြံနှလုံးသားတစ်ခုအသွင် ပြောင်းသွားမယ်
"ဝိညာဥ်ကို လောင်ကျွမ်းစေတာမဟုတ်ဘဲ အစားထိုးလိုက်တာ။ ဒီဆေးလုံးက.... ပျက်စီးခြင်းဆေးလုံးလို့ အမည်တွင်မယ်။ ဘာကြောင့်လဲဆိုတော့ ဒီစိတ်ဆန္ဒက မကောင်းဆိုးဝါးတွေနဲ့ပဲ သက်ဆိုင်တာကြောင့် ဖြစ်တယ်" မန်ဟို တစ်ခွန်း ရေရွတ်လိုက်တိုင်း ကျင့်ကြံသူ၏ခန္ဓာကိုယ်မှာ မန်ဟို၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်အလား ပြောင်းလဲလာသည်။
သူ၏ ဘာမှသိရနားလည်ပုံမရသော မျက်နှာထားသည် ချက်ချင်းပြောင်းလဲသွား၏။ သူ့နဖူးမှ ချွေးသီးချွေးပေါက်များ စီးကျလာပြီး သူ့တစ်ကိုယ်လုံး တုန်ရီလာသည်။ သွေးကြောများ သူ့နဖူးတွင် ထောင်လာ၏။
သူသည် စောစောက မြိုချခဲ့သော အမှုန့်မှာ သူ၏ခန္ဓာကိုယ်၏ စုပ်ယူခြင်းခံရပြီးနောက် မဖော်ပြနိုင်သော လှုံ့ဆော်အားတစ်ခုအသွင်ပြောင်းသွားကြောင်း ရှင်းရှင်းလင်းလင်း ခံစားနေရသည်။ သူ့တစ်ကိုယ်လုံး နာကျင်မှုများဖြင့် ပြည့်နှက်နေပြီး စိတ်ဝိညာဥ်စွမ်းအင် ထွက်ပေါ်လာသည်။ သူ၏ချီစီးဆင်းမှုလမ်းကြောင်းများမှာ မရေမတွက်နိုင်သော ဓားများဖြင့် ပိုင်းဖြတ်ခံနေရသကဲ့သို့ ခံစားနေရသည်။
ဤသို့ ဖြစ်ပျက်နေစဥ် သူ၏အသက်စွမ်းအားမှ တားဆီးမရသော စွမ်းအားတစ်ခု တဟုန်ထိုး ထွက်ပေါ်လာသည့်အလား ထစ်ခြုန်းသံကြီးတစ်သံ သူ့ကိုယ်အတွင်းတွင် မြည်ဟည်းသွားသည်။ အဆိုပါစွမ်းအား၏ပြင်းအားက သူ၏ရင်ဘတ်မှ ပေါက်ကွဲထွက်ကာ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ် အသွင်ပြောင်းပြီး သူ၏တာအိုမဏ္ဍိုင်သုံးခုကို အပြီးတိုင် ကြေမွသွားစေသည်။
သူ၏တာအိုမဏ္ဍိုင်များ တစစီကြေမွသွားသဖြင့် သူ၏အမြုတေပင်လယ်သည်လည်း အငွေ့ပျံသွားပြီး သူ၏ကျင့်ကြံခြင်းအခြေခံ ဖျက်စီးခံလိုက်ရသည်။ စွမ်းအားသည် သူ၏စိတ်ထဲ စီးဆင်းကာ သူ၏ဝိညာဥ်ကို အပြီးတိုင်ချေမှုန်းပြီး သူ့အသက် ဆုံးသွားစေမည့် မကောင်းဆိုးဝါးစိတ်ဆန္ဒဖြင့် ပြည့်နှက်သွားစေသည်။
သူ၏အသိစိတ်များအားလုံး ပျောက်ကွယ်သွားပြီး သူ့မှာ သွက်သွက်ခါရူးသွားလေပြီ။ သူက မိုးကောင်းကင်ကို မျက်နှာမူကာ ကြောက်စရာကောင်းလောက်အောင် ဟိန်းဟောက်လိုက်သည်။ ဖော်ပြ၍မရသော သတ်ဖြတ်လိုစိတ်များ ပါဝင်နေသည့် ဟိန်းဟောက်သံကြီး ပဲ့တင်ထပ်လာပြီးနောက် သူ့ထံမှ လှိုင်းဂယက်များသဖွယ် ရိုက်ခတ်နေသော အသတ်အဖြတ်စိတ်ဆန္ဒအသွင် ပြောင်းသွားသည်။
ပုံသဏ္ဍာန်မဲ့ မီးလျှံပင်လယ်တစ်စင်းက သူ၏ခန္ဓာကိုယ်ကို လွှမ်းခြုံဝါးမြိုရင်း သူ၏ဝိညာဥ်ကို လောင်ကျွမ်းစေကာ သူ့ကို ကြောက်မက်ဖွယ် မကောင်းဆိုးဝါးစိတ်အဟုန်ဖြင့် ပြည့်နှက်သွားစေသည်။ သူ၏အသက်ရှူသံများ ပြင်းထန်လာပြီး သူ၏ကျင့်ကြံခြင်းအခြေခံမှာ.... ရုတ်တရက် အပေါ်သို့ ပေါက်ကွဲထွက်သွားသည်။ သူ့တွင် တာအိုမဏ္ဍိုင်မရှိသည့်တိုင် သူ၏ချီသည် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့်ကို ယှဥ်နိုင်သည်အထိ အလွန်အမင်း အစွမ်းထက်နေ၏။
အသတ်အဖြတ်စိတ်ဆန္ဒဖြင့် ပြည့်နှက်နေသော သူ၏ဟိန်းဟောက်သံကြီးသည် ချီအခြေတည်နေ့ဆေးလုံးအကြောင်း ဆွေးနွေးနေကြသော ကျင့်ကြံသူတစ်သိန်းအပေါ် ဖိနှိပ်လိုက်သည်။ ချက်ချင်းပင် မျက်လုံးအားလုံး အနောက်အရပ်သို့ ခရမ်းရောင်ချီ ဂိုဏ်းသားအပေါ် ကျရောက်လာသည်။
မန်ဟိုက အေးဆေးသော အမူအရာ၊ တည်ငြိမ်သောမျက်လုံးများဖြင့် ထိုင်နေလျက်ပင်။ သူကား.... ဆေးနတ်ဆိုးတစ်ကောင်အလားပင်။
***