မိုးနှင့်မြေ
Vol. 17 Ch. 233
အသတ်အဖြတ်စိတ်ဆန္ဒက ဟိန်းဟောက်သံကြီး မိုးထိအောင် မြည်ဟည်းသွားအောင် မည်သို့ လှုံဆော်ပေးလိုက်သည်ကို ဖော်ပြရန် မဖြစ်နိုင်ပေ။ ၄င်း၏ ပြင်းအား ပျံ့နှံ့လာကာ ကျင့်ကြံသူလူငယ်၏ ခန္ဓာကိုယ်မှ အနက်ရောင်ချီမျှင်များ ထွက်လာစေသည်။
အနက်ရောင်ချီမျှင်များက သူ့ပတ်လည်တွင် ဝန်းရံရစ်ပတ်နေသည့်အတွက် မရဏသင်္ချိုင်းမှ ထွက်လာသော လူတစ်ယောက်နှင့် တူနေစေသည်။ သူ၏ပိတ်ထားသောမျက်လုံးများ ဖျတ်ခနဲ ပွင့်လာပြီး ကျင့်ကြံသူတစ်သိန်း ပင့်သက်ရှိုက်သွားသည်။ သူတို့မြင်ရသည်မှာ မထိန်းနိုင်လောက်အောင် ပျက်စီးခြင်းတို့ ပြည့်နှက်လျက်ရှိသည့် သားရဲ မျက်လုံးနှစ်လုံးပင်။
မျက်လုံးများသည် ရဲရဲနီနေပြီး ရူးသွပ်မှုဖြင့် တောက်ပနေသည်။ ဤအခိုက်အတန့်မှစ၍ ထိုလူကား ကျင့်ကြံသူမဟုတ်တော့၊ မကောင်းဆိုးဝါးတစ်ကောင်ဖြစ်သွားလေပြီ။
သူသည် ချီအခြေတည်ခြင်း နှောင်းပိုင်းအဆင့် စွမ်းအားကို ထုတ်လွှတ်နေ၏။ လွန်ခဲ့သော အခိုက်အတန့်က သူ့မှာ ချီအခြေတည်ခြင်း စဦးပိုင်းအဆင့်တွင်သာ ရှိခဲ့သည်။ ယင်းကဲ့သို့ အံ့မခန်းလိလိ ပြောင်းလဲမှုက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများ၏ ရင်ထဲတွင် မိုးခြိမ်းသံတမျှကျယ်လောင်သော အံသြမှုများ ပဲ့တင်ထပ်သွားစေသည်။
သူတို့ ရင်ထဲရှိ ထစ်ခြုန်းသံများကြောင့် ပတ်ဝန်းကျင်သည် အပ်ကျသံပင် မကြားလောက်အောင် တိတ်ဆိတ်လာ၏။ မျက်လုံးအားလုံးက မကောင်းဆိုးဝါးနတ်ဘုရားတစ်ကောင်နှင့်တူနေသော ကျင့်ကြံသူအပေါ် စုပုံကျရောက်သွားသည်။ လေလံပစ်သူလည်း အံသြတကြီး စိုက်ကြည့်နေသည်။ သူ့မှာ အံသြမှုများ မျက်နှာတစ်ပြင်လုံး ဖုံးလွှမ်းလျက် အသက်ရှူမနည်းရှူနေရသည်။
အဘယ်ကြောင့်ဆိုသော် အနောက်အရပ်သို့ ခရမ်းရောင်ချီဂိုဏ်းသားမှာ ကြက်သွေးရောင်မျက်လုံးများနှင့် သတ်ဖြတ်လိုစိတ်များ တဟုန်းဟုန်းတောက်လျက် ရူးသွပ်နေသော မကောင်းဆိုးဝါးတစ်ကောင်နှင့်တူနေသော်လည်း အမှန်တွင် ထိုမျက်လုံးများအတွင်း၌ တည်ငြိမ်အေးဆေးမှုလည်း တည်ရှိနေသည်။
ဤတည်ငြိမ်အေးဆေးမှုက ရူးသွပ်ခြင်းထက်ပင် ကြောက်စရာကောင်းသည်။ သူသည် ထိန်းမနိုင်သိမ်းမရသော အသတ်အဖြတ်စိတ်ဆန္ဒဖြင့် လွှမ်းမိုးခံထားရသည့်တိုင် အသိစိတ်မလွတ်သေးကြောင်း ဖော်ပြနေသည်။
ထိုမျှသာမက ဆေးအမှုန့်ကြောင့် ဖြစ်ပွားနေသည့် သူ၏ခန္ဓာကိုယ်အတွင်းရှိ ပြောင်းလဲမှုများအား ကျင့်ကြံသူတစ်သိန်းလုံး ရှင်းရှင်းလင်းလင်း မြင်နေရသည်။ မဖြစ်စလောက် ဆေးမှုန့်လေးကပင် ဤမျှ မယုံကြည်နိုင်ဖွယ်ကောင်းသော ပြောင်းလဲမှုကို ဖြစ်ပွားစေနိုင်လျှင် ဆေးလုံးတစ်လုံးလုံးဆိုပါက မည်သို့ရှိမည်နည်း.......
ကျင့်ကြံသူအားလုံး အသက်ရှူသံများ မြန်ဆန်လာသည်။ ထိုမေးခွန်းအတွက် အဖြေက သူ့တို့ခေါင်းထဲတွင် ပေါ်လာ၏။ သူတို့၏ မျက်လုံးများ၌ အံသြခြင်းတို့ ပြည့်လာသည်။
"ဘာ......ဘာဆေးလုံးလဲ။ အံသြစရာကောင်းလိုက်တာ"
"အဲ့တာ....အဲ့တာ ဆေးအမှုန့်နည်းနည်းလေးရှိတာ။ ဒါတောင်မှ ဒီလောက် မယုံနိုင်စရာကောင်းလောက်အောင် ပြောင်းလဲသွားစေတယ်။ ဆေးမှုန့်နည်းနည်းလေးကတောင် ဒီလိုလုပ်နိုင်ရင် ဆေးလုံးတစ်လုံးလုံးဆိုလို့ကတော့ စဉ်းစားသာကြည့်တော့။ ဘာနဲ့တူလိမ့်မလဲ မသိဘူး....."
"ဒီဆေးလုံးက လူတစ်ယောက်ကို ရူးသွပ်သွားစေပြီး ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းရည်တွေအားလုံးကို ထုတ်လွှတ်ပေးတယ်။ ဒါက အမြုတေပင်လယ်နဲ့ တာအိုမဏ္ဍိုင်ကို တစ်သားတည်းဖြစ်စေပြီး ပြီးပြည့်စုံတဲ့ အသတ်အဖြတ်အရှိန်အဝါ ထွက်လာစေတယ်။ ဒီဆေးလုံးက.... အဆိပ်ဆေးလုံးမဟုတ်ဘူး။ ဒါကို လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ရမယ့် အရေးကြီးဆုံးအခိုက်အတန့်မှာ သုံးနိုင်တယ်"
"အဆိပ်ဆေးလုံး၊ အဆိပ်ဆေးလုံး...... ဆေးဝါးပညာရှင်တွေအားလုံး နောက်ဆုံး အဆိပ်ဆေးလုံးတွေကို ဟိုစပ်စပ် သည်စပ်စပ် ဖော်တတ်တယ်။ ဒါပေမယ့် များသောအားဖြင့် အဆိပ်ဆေးလုံးတွေအတွက် ဖော်စပ်နည်းမရှိဘူး။ ဒီဆေးလုံး.....ဒီဆေးလုံးက....."
"အရေးကြီးဆုံးက ဆေးလုံးရဲ့ ဆေးစွမ်းအားပဲ။ ကျုပ် သေသေချာချာ ကြည့်နေတာ၊ သိပြီလို့တော့ ထင်တာပဲ။ ဒါက အမှုန့်ခြစ်ပြီး စမ်းသပ်တာလေးပဲဆိုပေမယ့် ကျုပ်တွက်ချက်မှုတွေအရဆိုရင် ဒီဆေးလုံးမှာ အနည်းဆုံး ဆေးစွမ်းအား ငါးဆယ်ရာခိုင်နှုန်းပါတယ်"
"ငါးဆယ်ရာခိုင်နှုန်း.... ဒါ ဆေးပေါင်းဖိုဘုရင်တစ်ယောက် ဖော်စပ်ထားတဲ့ အဆိပ်ဆေးလုံးလို့တော့ မပြောနဲ့နော်....."
ချီအခြေတည်နေ့ဆေးလုံး ပေါ်ထွက်လာတုန်းကကဲ့သို့ စကားသံများ ပွက်ပွက်ညံနေသည်။ မျက်လုံးအားလုံးက အနက်ရောင်ဆေးလုံးနှင့် အထူးသဖြင့် ၄င်းဘေးတွင် ခတ်နှိပ်ထားသည့် အမှတ်အသားအပေါ် အာရုံစိုက်နေကြသည်။
"ကြည့် အဲ့အပေါ်မှ အမှတ်အသားတစ်ခုရှိတယ်"
"အဲ့တာ.... ဒယ်အိုးတစ်လုံး။ ဆေးလုံးကို ဒယ်အိုးတစ်လုံးနဲ့ ခတ်နှိပ်ထားတယ်"
"အဲ့တာ ဆေးဖော်ခဲ့တဲ့ ဆေးဝါးပညာရှင်ရဲ့ အမှတ်အသားပဲ။ ရလဒ်တွေနဲ့ ပတ်သက်ပြီး စိတ်တိုင်းကျမှသာ သူတို့ကိုယ်ပိုင်အမှတ်အသားကို ဆေးလုံးတွေအပေါ် ခတ်နှိပ်တတ်တာ။ ဒယ်အိုးတဲ့လား..... ကိုယ်ပိုင်အမှတ်အသားအဖြစ် ဒယ်အိုးကို သုံးတဲ့ ဆေးဝါးပညာရှင်အကြောင်း ကျုပ် တစ်ခါမှ မကြားဖူးဘူး"
"လေလံအစည်းအရုံး အနေနဲ့ ဒီဆေးလုံးရဲ့ ဆေးစွမ်းအားကို ဆုံးဖြတ်ဖို့ စမ်းသပ်မှုတစ်ခု လုပ်သင့်တယ်လို့ ကျုပ် အဆိုပြုတယ်"
"ဟုတ်တယ်၊ ကျုပ်တို့ကို စမ်းသပ်မှုတစ်ခု လုပ်ပြ"
စမ်းသပ်ပေးရန် တောင်းဆိုချက်များသည် လေလံပွဲ၏အခြေအနေကို ပို၍ပင် ပြင်းထန်လာစေသည်။ လေလံပစ်သူမှာ ချီအခြေတည်နေ့ဆေးလုံးပြီးနောက် ဤသို့ဆူညံမှုမျိုး ဖြစ်လိမ့်မည်ဟု မည်သို့တွေးနိုင်ခဲ့မည်နည်း။
စမ်းသပ်ချက်ကို တောင်းဆိုနေသည့် ကျင့်ကြံသူအားလုံး၏ အသံများ ကျယ်သထက်ကျယ်လာရာ လေလံပစ်သူ တုံ့ဆိုင်းမနေတော့ပေ။ သူက လက်ကို ဝှေ့ယမ်းလိုက်သဖြင့် အဘိုးကြီးနှစ်ယောက် သူ့အနောက်ရှိ အပေါက်မှ လမ်းလျှောက်ထွက်လာသည်။
နှစ်ယောက်လုံးတွင် ရှည်လျားသော ဆံပင်ဖြူများ ရှိသည်။ ဤသည်မှာ လေလံပွဲ၌ ဆေးလုံးများ၏ ဆေးစွမ်းအားအပေါ် စမ်းသပ်ပေးရန် တာဝန်ရှိသည့် ဂိုဏ်း၏ ဝါရင့် ဆေးဝါးကျွမ်းကျင်ပညာရှင်များဖြစ်သည်။ သူတို့ လမ်းလျှောက်ထွက်လာကြစဉ် လေလံပစ်သူမှာ ချက်ချင်း ရိုကျိုးသွား၏။
အဘိုးကြီးများ၏ မျက်လုံးများထဲ၌ မာနကြီးသောအရိပ်အယောင်များရှိပြီး ကျင့်ကြံသူတစ်သိန်းကို အဖက်ပင်မလုပ်ပေ။ သူတို့နှစ်ယောက်ထဲရှိ တစ်ယောက်က ဆေးလုံးကို လှမ်းကိုင်လိုက်သည်။ သူသည် ဒယ်အိုးအမှတ်အသားကို ကြည့်ပြီး သိပ်ကျေနပ်နေပုံမရပေ။ သူ့အမြင်အရ ဆေးပေါင်းဖိုဘုရင်အဆင့်မရောက်သေးသူများအနေဖြင့် ဆေးလုံးပေါ်တွင် အမှတ်အသားချန်ရန် အရည်အချင်း မပြည့်မှီပေ။ ထိုလူသာ တတ်နိုင်ပါက အမှတ်အသားကို ဖယ်ရှားပစ်မည်ဖြစ်ကြောင်း ပြောနိုင်သည်။
အဘိုးကြီးက သိပ်သဘောမကျသောဟန်ဖြင့် ဆေးလုံးကို ရှူလိုက်စဥ် ရုတ်တရက် သူ့တစ်ကိုယ်လုံး တုန်ရီသွားသည်။ သူ၏မျက်လုံးများသည် မယုံကြည်နိုင်မှုဖြင့် ပြည့်နှက်သွားပြီး သူက ခေါင်းစောင်း၍ အနီးကပ် သေချာကြည့်ရှုလိုက်သည်။ ထိုသို့လုပ်လိုက်စဉ် သူ့မှာ စိတ်လှုပ်ရှားသွားပုံရသည်။ သူ၏ခန္ဓာကိုယ်သည် ပို၍ပြင်းပြင်းထန်ထန် တုန်ခါလာပြီး သူ၏မျက်လုံးများမှာ ပို၍ပင် မယုံကြည်နိုင်စွာ ပြူးကျယ်လာ၏။
"မဖြစ်နိုင်တာ..... " သူက ခပ်သြသြအသံကြီးဖြင့်ပြောသည်။ "ဒီဆေးလုံးက မဖြစ်နိုင်တာပဲ။ မဖြစ်နိုင်ဘူး......" သူ၏အသံ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများထံ လွင့်မျောလာသောအခါ သူတို့အားလုံး စိတ်လှုပ်တရှား ရင်ခုန်လာကြသည်။ ယခုလောလောဆယ်တွင် သူတို့မှာ ဆေးလုံး၏ ဆေးစွမ်းအားမည်မျှက ဝါရင့်ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ကို အံသြလွန်း၍ ဖြူဖပ်ဖြူလျော်ဖြစ်သွားစေခဲ့သည်လဲ မတွေးနိုင်တော့ပေ။
ဆေးဝါးကျွမ်းကျင်ပညာရှင် အဘိုးကြီးနောက်တစ်ယောက် ရှေ့လျှောက်လာပြီး ဆေးလုံးကို ကြည့်သည်။ ထို့နောက် သူ၏မျက်လုံးများလည်း ထူးဆန်းသောအလင်းရောင်တစ်ခုဖြင့် တဖြေးဖြေး တောက်ပလာ၏။ ဆေးလုံးကို သေသေချာချာ ကြည့်ရှုလေ့လာရင်း သူ့မျက်နှာမှာ ဖြူသထက်ဖြူဖျော့လာပြီး အံသြမယုံကြည်နိုင်သော အရိပ်အယောင်တစ်ခု သူ့မျက်နှာကို စိုးမိုးသွားသည်။
"ဒါ.... ဒါက....." အဘိုးကြီးနှစ်ယောက် တစ်ယောက်ကို တစ်ယောက်ကြည့်လိုက်ကြပြီး အံသြတုန်လှုပ်မှုအား တစ်ယောက်မျက်လုံးတွင် တစ်ယောက်မြင်လိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များ တုန်ရီသွားပြီး အသက်ရှူသံများ မြန်ဆန်လာသည်။
"ဆေးဝါးကျွမ်းကျင်ပညာရှင်၊ ဒီဆေးလုံးက......"
"ဒီဆေးလုံးကို ရောင်းလို့မရဘူး" ဆေးဝါးကျွမ်းကျင်ပညာရှင်နှစ်ယောက်အနက် တစ်ယောက်က ပြောသည်။ သူ့အသံက လေလံပွဲကြည့်စင်တစ်ခုလုံး ပဲ့တင်ထပ်သွား၏။ စကားသံများ ဆူညံပွက်လောရိုက်လာသည်။
"ရောင်းလို့မရဘူးဆိုတာ ခင်ဗျား ဘာကို ဆိုလိုချင်တာလဲ။ ကျုပ်တို့ စမ်းသပ်ပေးဖို့ တောင်းဆိုတာလေ။ ဇီယွင်ဂိုဏ်း ဆေးလေလံပွဲက လေလံပစ္စည်းကို မရောင်းဘဲ နှစ်တစ်ထောင်သက်တမ်းရှိတဲ့ အစဥ်အလာကို တကယ် ချိုးဖောက်တော့မှာလား"
"ဆေးလေလံပွဲရဲ့ စည်းကမ်းသတ်မှတ်ချက်တွေအရ စမ်းသပ်မှုတစ်ခုပြုလုပ်ပေးဖို့ ကျုပ်တို့မှာ တောင်းဆိုပိုင်ခွင့်ရှိတယ်။ ရလဒ်တောင် ထုတ်မပြရသေးဘူး၊ ခင်ဗျားတို့က မရောင်းတော့ဘူး ပြောနေပြီလား"
"ကျုပ်တို့ စမ်းသပ်ချက်ရလဒ်တွေ လိုချင်တယ်......ဒီဆေးလုံးရဲ့ ဆေးစွမ်းအားက ဘာလဲ"
အဆုတ်ကွဲလုမတတ်အော်ဟစ်နေသော ဖက်တီးအပါအဝင် ကျင့်ကြံသူတစ်သိန်း၏ အသံများ ဆူညံလာသည်။ လေလံပစ်သူ၏အမူအရာ တင်းမာသွားသည်။ သူ့မှာ ဤကဲ့သို့အခြေအနေမျိုးကို ယခင်က တစ်ခါမှ မကြုံတွေ့ခဲ့ဖူးသဖြင့် စိတ်လှုပ်ရှားလာသည်။ ရုတ်တရက် စင်မြင့်ထက်တွင် နောက်ထပ် မုခ်ဝတစ်ခု ပွင့်လာသည်။
လူခုနစ်ယောက် ထွက်လာ၏။
ဤလူခုနစ်ယောက်ကို မြင်သော် လေလံပစ်သူ အံ့အားသင့်သွားသည်။ သူက ချက်ချင်း လက်နှစ်ဖက်ယှက်၍ ဦးညွတ်အရိုအသေပေးလိုက်သည်။ ဆေးဝါးကျွမ်းကျင်ပညာရှင်နှစ်ယောက်၏မျက်နှာသည် လေးစားမှုများဖြင့် ပြည့်နှက်သွားပြီး သူတို့လည်း လက်ယှက်အရိုအသေပေးလိုက်ကြသည်။
လေလံပွဲကြည့်စင်ရှိ ကျင့်ကြံသူတစ်သိန်း တိတ်ဆိတ်ငြိမ်သက်သွားသည်။ သို့သော် သူတို့၏မျက်လုံးများမှာ အံသြခြင်းများဖြင့် ဝိုင်းစက်ပြူးကျယ်နေသည်။ ယခု ပေါ်လာသည့် လူခုနစ်ယောက်မှာ အရှေ့ဆေးဝါးအဖွဲ့၏ ဆေးပေါင်းဖိုဘုရင်များဖြစ်လေသည်။
တစ်ဦးတစ်ယောက်ချင်းစီသည် တောင်ပိုင်းဒေသတစ်ခွင်၌ မိုးထစ်ချုန်းသံကဲ့သို ပဲ့တင်သံ ရိုက်ခတ်သွားစေနိုင်သည့် နာမည်တစ်ခုစီကို ပိုင်ဆိုင်ထား၏။ သူတို့က လမ်းလျှောက်ထွက်လာပြီး ပျက်စီးခြင်းဆေးလုံး အနားကပ်လာသည်။ တစ်ယောက်က ၄င်းကို လှမ်းယူပြီးနောက် သေသေချာချာကြည့်ရှူစစ်ဆေးသည်။ သူ့၏လက်မှာ စတင် တုန်ခါလာပြီး သူ၏အမူအရာကား အံသြတုန်လှုပ်ခြင်းဖြင့် ပြည့်နှက်လာသည်။
သူ့မှာ တုန်လှုပ်နေခြင်းကို ဖုံးကွယ်ရန်ကြိုးစားပါသော်လည်း ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်သိန်းက သတိမထားမိဘဲ မနေပေ။ ဆေးပေါင်းဖိုဘုရင်တစ်ယောက် တုန်လှုပ်နေပုံရသည်ကို မြင်တွေ့ရခြင်းက ကျင့်ကြံသူတစ်သိန်း၏ နှလုံးသားအား မိုးကြိုးများစွာ ပစ်ချလိုက်သည့်အလား ခံစားရစေသည်။
ဆေးပေါင်းဖိုဘုရင်၏ အကြည့်က ကျင့်ကြံသူတစ်သိန်းကို လွှမ်းခြုံသွားသည်။ သူ့မှာ သက်ပြင်းခိုးချရင်း ပျက်စီးခြင်းဆေးလုံးကို လေတွင် ပျံဝဲနေစေပြီးနောက် တင်ပျဥ်ခွေထိုင်ချလိုက်သည်။ "အရင် ဆေးလေလံပွဲတွေမှာ " သူကပြောသည်။ "အရှေ့ဆေးဝါးအဖွဲ့အနေနဲ့ ဆေးလုံးတစ်လုံးရဲ့ ဆေးစွမ်းအားကို စမ်းသပ်ဖို့ အခွင့်အရေးတစ်ခု ပေးခဲ့ဖူးတယ်။ ဒီဆေးလုံးက ခင်ဗျားတို့အားလုံး စမ်းသပ်ချင်တဲ့ဟာဆိုတာ သေချာလား" အဖြေကို စောင့်ရန်မလိုအပ်ပေ။
အခြားဆေးပေါင်းဖိုဘုရင်ခြောက်ဦး သူ့အနားရောက်လာပြီး လေတွင် လွင့်မျောနေသော ပျက်စီးခြင်းဆေးလုံးကို ဝန်းရံ၍ စက်ဝိုင်းသဏ္ဍာန် ထိုင်လိုက်ကြသည်။ သူတို့အားလုံးက ဂါယာမန္တယားဆိုင်ရာမုဒြာလက်ကွက်များ ဖော်လိုက်ရာ ဆေးပေါင်းဖိုခုနစ်လုံး သူတို့အရှေ့တွင် ပေါ်လာသည်။ ဆေးပေါင်းဖိုတစ်လုံးစီသည် သာလွန်ထူးကဲသော ပစ္စည်းများမှ ပြုလုပ်ထားခြင်းဖြစ်ကြောင်း သိသာသည်။
"မီးလောင်ကျွမ်းတဲ့ ဆေးပေါင်းဖိုတစ်လုံးစီတိုင်းက ဆေးစွမ်းအား တစ်ဆယ်ရာခိုင်နှုန်းကို ကိုယ်စားပြုတယ်။ ဒါက မျှတတဲ့ နည်းလမ်းတစ်ခုပဲ။ ဒီဆေးလေလံပွဲမှာ ဆေးဖော်စပ်ဖို့ အသုံးပြုတဲ့ အပင်နဲ့အသီးအရွက်တွေအားလုံးက အရှေ့ဆေးဝါးအဖွဲ့မှာ ပေါက်ရောက်တာမဟုတ်လား။ မဟုတ်ရင် ကျုပ်တို့ ဆေးစွမ်းအားကို တိတိကျကျ ဆုံးဖြတ်ဖို့ မဖြစ်နိုင်ဘူး"
အသံထွက်လာစဥ်မှာပဲ ကျင့်ကြံသူတစ်သိန်းလုံး မမှိတ်မသုန် စောင့်ကြည့်လိုက်ကြသည်။ ဤဆေးပေါင်းဖိုဘုရင် ခုနစ်ယောက်သည် အထင်ကရပုဂ္ဂိုလ်ကျော်များဖြစ်ပြီး အလေးစားအခံရဆုံးသူများ ဖြစ်သည်။ သူတို့က မျက်လုံးများ ပိတ်လိုက်ကြ၏။ သင်းပျံမွှေးကြိုင်သောဆေးရနံ့ လေထဲတွင် ပြည့်နှက်လာကာ ပွဲ့ကြည့်စင်အတွင်း၌ ထူးဆန်းသောခံစားချက်တစ်ခု ဖြစ်ပေါ်လာစေသည်။ ရုတ်တရက် ဆေးပေါင်းဖိုတစ်လုံး တောက်ပလာသည်။ ထို့နောက် နှစ်လုံး၊ သုံးလုံး၊ နောက်ဆုံး လေးလုံး တောက်ပစွာ လင်းလက်နေသည်။
"ဆေးပေါင်းဖို လေးလုံး အရောင်တောက်လာတယ်။ ဒါဆို အပင်နဲ့အသီးအရွက် စွမ်းအား လေးဆယ်ရာခိုင်နှုန်း ရှိတယ်လို့ ဆိုလိုတာပဲ....."
"အာ လေးဆယ်ရာခိုင်နှုန်းထဲရယ်လား။ ချီအခြေတည်နေ့ဆေးလုံးလောက် မကောင်းဘူးပဲ။ ဒါပေမယ့် ဒီအဆိပ်ဆေးလုံးက တခြားဆေးလုံးအမျိုးအစားတွေနဲ့ လုံးဝကွဲပြားနေတာဆိုတော့ နှစ်ခုကြားက ဆေးစွမ်းအားကို နှိုင်းယှဥ်ဖို့ တကယ် မဖြစ်နိုင်ဘူး။ တကယ်ပြောရရင်..... ဟမ်" ကျင့်ကြံသူများအကြား ဆွေးနွေးငြင်းခုန်သံများဆူညံလာပြီး တခဏကြာသော် စကားပြောနေကြသူများမှာ လည်ပင်းများ ဖိညစ်ခံလိုက်ရသည့်အလား တိတ်ဆိတ်သွားသည်။
ကျင့်ကြံသူတစ်သိန်း ရင်ခုန်သံများမြန်လာပြီး အံသြတုန်လှုပ်သော အရိပ်အယောင်များ တစ်ယောက်ချင်းစီ၏ မျက်လုံးများထဲတွင် ပေါ်လာသည်။ သူတို့ စိုက်ကြည့်နေစဥ် ပဥ္စမ၊ ဆဋ္ဌမနှင့် သတ္တမဆေးပေါင်းဖိုများ စတင်တောက်ပလာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေးပေါင်းဖိုခုနစ်လုံး တောက်ပလာခဲ့လေပြီ။
"ခုနစ်ဆယ်..... ခုနစ်ဆယ်ရာခိုင်နှုန်း"
"ဆေးပေါင်းဖိုဘုရင်တစ်ယောက် ဖော်စပ်တာဖြစ်မယ်။ ဒါ...ဒါက...."
"ခုနစ်ဆယ်ရာခိုင်နှုန်း။ ဒါပေမယ့် ဆေးပေါင်းဖိုရှစ်လုံးဆို ဘယ်လိုဖြစ်မလဲ...." စကားသံများ ထွက်ပေါ်လာစဥ် ဆေးပေါင်းဖိုဘုရင်ခုနစ်ဦး၏ မျက်နှာများ ရိပ်ခနဲဖြစ်သွားပြီး ရင်ခုန်လာသည်။ ရုတ်တရက် နောက်ထပ် မုခ်ဝတစ်ပေါက်ပေါ်လာကာ ဆေးပေါင်းဖိုဘုရင်သုံးယောက် ထပ်ထွက်လာသည်။ သူတို့သည် တည်ကြည်သော မျက်နှာအမူအရာများဖြင့် လျှောက်လာကြ၏။ သူတို့က ထိုင်ချပြီးနောက် ဆေးပေါင်းဖိုများ ထုတ်လိုက်သည်။
သူတို့ ဆေးပေါင်းဖိုများကား ထွက်ထွက်ချင်းမှာပင် တောက်ပလာသည်။ ဆေးပေါင်းဖို ရှစ်လုံး၊ ကိုးလုံး၊ နောက်ဆုံး ဆယ်လုံး။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဆေးပေါင်းဖိုများအားလုံး တောက်ပနေလေပြီ။
ဆေးပေါင်းဖိုဆယ်လုံး၏ အလင်းရောင်က ကောင်းကင်ထိတိုင် ထိုးတက်သွားသည်။ ကျင့်ကြံသူတစ်သိန်းမှာ တွေတွေကြီးသာ ကြည့်နေနိုင်တော့သဖြင့် မည်သည့်စကားသံမှ ထွက်မလာပေ......
စမ်းသပ်မှုပြုလုပ်နေသော ဆေးပေါင်းဖိုဘုရင် ဆယ်ယောက်လည်း ကြည့်ရင်း ဆွံ့အနေတော့သည်။ သူတို့၏ခေါင်းများမှာ ချာချာလည်နေပြီး ရင်ခုန်သံများ မြန်ဆန်နေသည်။ တစ်ခါမှမကြုံဖူးသော အံ့သြတုန်လှုပ်မှု အရိပ်အယောင်တစ်ခု သူတို့မျက်လုံးများထဲတွင် ပေါ်လာ၏။
ထို့နောက် တုံ့ပြန်မှုလာသည်။ ကျင့်ကြံသူတစ်သိန်း ရူးမတတ်ဖြစ်သွား၏။ သူတို့၏ခေါင်းများ တဝီဝီမြည်နေပြီး မျက်လုံးများ ရဲတွတ်နေကာ အသက်ရှုသံများ ကျယ်လောင်နေသည်။ သူတို့ကား သိသိသာသာပင်.... ရူးသွပ်သွားလေပြီ။
ဆေးစွမ်းအား တစ်ရာရာခိုင်နှုန်း။ ဤသည်ကား ပြီးပြည့်စုံသောဆေးလုံးဖြစ်သည်။ ရှေးယခင်မှစ၍ ယနေ့ထိတိုင် ထိုကဲ့သို့ပစ္စည်းမျိုး ဆေးလေလံပွဲ၌ ပေါ်မလာခဲ့ဖူးပေ။
ချီအခြေတည်နေ့နှင့် ဤပျက်စီးခြင်းဆေးလုံးကြားရှိ ကွာခြားမှုက ရှင်းသည်။ မိုး နှင့် မြေပင်။
***