မဟာအကြီးအကဲ ဆေးဒယ်အိုး
Vol. 17 Ch. 234
ဇီယွင်ဂိုဏ်း ဆေးလေလံပွဲ၏ သမိုင်းတစ်လျှောက်လုံးတွင် တစ်ရာရာခိုင်နှုန်း ပြီးပြည့်စုံအဆင့် ဆေးလုံးဟူ၍ တစ်ခါမှ ပေါ်မလာခဲ့ဖူးပေ။ အမှန်တွင် ထိုကဲ့သို့ဆေးလုံးမျိုးနှင့် ပတ်သက်လျှင် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက် ဖော်စပ်ထားသည့် ရှစ်ဆယ်ရာခိုင်နှုန်းဆေးလုံးကို သာလွန်အဆင့် ဆေးးလုံးအဖြစ် သတ်မှတ်ကြမည်ဖြစ်သည်။ ထိုသို့အရာမျိုးပင်လျှင် ယခင်က တစ်ခါမှ မမြင်ခဲ့ရဖူးပေ။
အပင်စွမ်းအား ရှစ်ဆယ်ရာခိုင်နှုန်းကျော် အသုံးပြုနိုင်သော ဆေးလုံးတစ်လုံးအား သာလွန်အဆင့်အဖြစ် သတ်မှတ်နိုင်သည်။ ကိုးဆယ်ရာခိုင်နှုန်း သို့မဟုတ် ကိုးဆယ်ရာခိုင်နှုန်းကျော်သည့် ဆေးလုံးများကို ....ပြီးပြည့်စုံအဆင့် ဆေးလုံးများအဖြစ် ညွှန်းဆိုနိုင်သည်။
ကိုးဆယ်ရာခိုင်နှုန်း ဆေးလုံးတစ်လုံးကို ပြီးပြည့်စုံအဆင့်ဟု သတ်မှတ်ကြလျှင် တစ်ရာရာခိုင်နှုန်း ဆေးလုံးအား ကောင်းကင်တစ်ပိုင်းအဆင့်ဟု ဖော်ပြနိုင်သည်။
ဇီယွင်ဂိုဏ်း အရှေ့ဆေးဝါးအဖွဲ့ ၏ သမိုင်းကို လွှမ်းမိုးထားသည့် နှစ်သောင်းပေါင်းများစွာတစ်လျှောက်လုံး လူအနည်းစုသာ သာလွန်အဆင့် ဆေးလုံးများကို ဖော်စပ်နိုင်ခဲ့သည်။ တစ်ယောက်ချင်းစီသည် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်များ ဖြစ်ကြပြီး တောင်ပိုင်းဒေသကို အုတ်အော်သောင်းနင်းဖြစ်သွားစေနိုင်သည့် နာမည်ကိုယ်စီ ပိုင်ဆိုင်ထားကြ၏။ တစ်ရာရာခိုင်နှုန်း ပြီးပြည့်စုံအဆင့် ဆေးလုံးများကတော့......
ဇီယွင်ဂိုဏ်း အရှေ့ဆေးဝါးအဖွဲ့၏ နှစ်ထောင်ချီသမိုင်းတစ်လျှောက်လုံး လူနှစ်ယောက်သာ ထိုဆေးလုံးမျိုးကို ဖော်စပ်နိုင်ခဲ့ဖူးသည်။ တစ်ယောက်က ဂိုဏ်း၏တည်ထောင်သူ၊ ဆရာကြီးဇီတုန်။ အခြားတစ်ယောက်က မဟာအကြီးအကဲဆေးလုံးမိစ္ဆာ။
ဤလူနှစ်ယောက်သာ ပြီးပြည့်စုံအဆင့်ဆေးလုံးများကို ဖော်စပ်နိုင်ခဲ့ဖူးသည်။ ပြီးပြည့်စုံအဆင့်ဆေးလုံးများမှာ မိုးကောင်းကင်ကို ဖီဆန်မှုတစ်ခုဖြစ်သည်သာမက ဆေးဝါးတာအို၏ အရေးပါသော ပြောင်းလဲမှုအမှတ်အသားတစ်ခုလည်း ဖြစ်သည်။ ၄င်းတို့က မဟာအကြီးအကဲအဆင့်သို့ ရောက်ရှိသွားသည့် အမှတ်အသားပင်။
ပြီးပြည့်စုံအဆင့်ဆေးလုံးများ ဖော်စပ်နိုင်သူများကိုသာ မဟာအကြီးအကဲဟုခေါ်နိုင်သည်။ တောင်ပိုင်းဒေသတစ်ခုလုံးတွင် မဟာအကြီးအကဲဆေးလုံးမိစ္ဆာအပြင် ပြီးပြည့်စုံအဆင့်ဆေးလုံးများ ဖော်စပ်နိုင်သည့် မဟာအကြီးအကဲနှစ်ယောက်သာ ရှိသည်။ သို့သော် သူတို့၏ ပြီးပြည့်စုံအဆင့်ဆေးလုံးများက တစ်ရာရာခိုင်နှုန်းမဟုတ်၊ ကိုးဆယ်ရာခိုင်နှုန်းဖြစ်သည်။
တောင်ပိုင်းဒေသတစ်ဝှမ်းလုံးတွင် မဟာအကြီးအကဲ ဆေးလုံးမိစ္ဆာ တစ်ယောက်သာလျှင်...... တစ်ရာရာခိုင်နှုန်း ပြီးပြည့်စုံသော ကောင်းကင်တစ်ပိုင်းအဆင့် ဆေးလုံးများကို ဖော်စပ်နိုင်သည်။
ထို့ကြောင့် ပျက်စီးခြင်းဆေးလုံးသည် မည်မျှ တန်ဖိုးကြီးပြီး ၄င်း ဆေးလေလံပွဲတွင် ပေါ်ပေါက်လာမှုက လူတိုင်းအား ဘာ့ကြောင့် သွေးရူးသွေးတန်း ဖြစ်သွားစေသည်လဲ သိသာထင်ရှားသည်။
ကျင့်ကြံသူတစ်သိန်းလုံး တစ်ယောက်မကျန် မျက်လုံးနီကြီးများဖြင့် စိုက်ကြည့်နေကြသည်။ ချီအခြေတည်နေ့ဆေးလုံးက ဆူညံပွက်လောရိုက်စေခဲ့သည့်တိုင် ဤဖြစ်ရပ်နှင့် အများကြီးကွာသည်။ လူတစ်သိန်း၊ မျက်လုံးပေါင်းတစ်သိန်း။ တစ်ရာရာခိုင်နှုန်း ပြီးပြည့်စုံအဆင့် ဆေးလုံး၏ အံ့သြဖွယ်ရာမြင်ကွင်းကြောင့် သူတို့၏စိတ်များ ..... ယောက်ယက်ခတ်နေကြလေပြီ။
ဖက်တီးသည် ဆေးလုံးကို မမှိတ်မသုန် စူးစိုက်ကြည့်ရင်း မောဟိုက်ပင်ပန်းစွာ အသက်ရှူနေသည်။ လူတိုင်း ထိုနည်းတူပင်။ လေလံပွဲကြည့်စင်၏ အပေါ်ဆုံးအထပ်ရှိ အဆောင်များတွင် အရှေ့ဆေးဝါးအဖွဲ့မှ လာရောက်ကြည့်ရှုကြသော ဆေးဝါးကျွမ်းကျင်ပညာရှင်များလည်း အံသြ မယုံကြည်နိုင်သော မျက်နှာအမူအရာများဖြင့် လုံးလုံးလျားလျား မှင်သက်နေကြသည်။
သူတို့သာ မဟုတ်။ ဆေးဝါးအတတ်သင်များလည်း ပွက်လောရိုက်နေ၏။ ခရမ်းရောင်ချီအဖွဲ့မှ ဂိုဏ်းသားများပင်လျှင် အံ့အားသင့်နေကြသည်။
ဆေးလေလံပွဲတစ်ခုလုံးကား ထိန်းမနိုင်သိမ်းမရ ဖြစ်တော့မည့် ပုံပေါ်သည်။
လေလံပစ်သူမှာ စိတ်ထဲတွင် မိုးထစ်ချုန်းသံကြီး မြည်ဟည်းလျက် အသက်ရှူသံများ မြန်ဆန်ပြီး မျက်လုံးများရဲတွတ်ကာ ကတုန်ကယင် ရပ်နေသည်။ သူသည် တစ်ရာရာခိုင်နှုန်း ပြီးပြည့်စုံအဆင့်ဆေးလုံးတစ်လုံးကို ကိုင်ခဲ့ရလိမ့်မည်ဟု တစ်ခါမှ အိပ်မက်မမက်ခဲ့ဖူးပေ။
သူကိုယ်တိုင် ဆေးလုံးမှ အမှုန့်တချို့ ခြစ်ထုတ်ခဲ့သည်ကို တွေးမိသောအခါ သူ့ရင်ထဲတွင် နောင်တများ ပြည့်နှက်သွားသည်။ သူ့အမြင်အရ ထိုကဲ့သို့ အပြုအမူတစ်ခုမှာ စော်ကားခြင်းသာ ဖြစ်သည်။
မည့်သည့် ဆေးဝါးပညာရှင်မဆိုအတွက် တစ်ရာရာခိုင်နှုန်း ပြီးပြည့်စုံအဆင့် ဆေးလုံးတစ်လုံးအား အမှန်စင်စစ် အဖိုးတန်သော အထွတ်အမြတ် ရတနာတစ်ပါးအဖြစ် သတ်မှတ်နိုင်သည်။ အပြင်လူတစ်ယောက်အနေဖြင့် သူတို့၏ တုံ့ပြန်ပုံနှင့် ရူးသွပ်နေမှုကို နားလည်ရန် ခက်ခဲကောင်း ခက်ခဲနိုင်သည်။ သို့သော် ဆေးဝါးပညာရှင်တစ်ဦး၏ ဘဝတွင် အကြီးမားဆုံးအိပ်မက်မှာ တစ်နေ့တွင် ပြီးပြည့်စုံအဆင့် ဆေးလုံးတစ်လုံး ဖော်စပ်ရန် ဖြစ်သည်။
ဆေးပေါင်းဖိုဘုရင်ဆယ်ယောက်မှာ သူ့တို့အရှေ့တွင် လွင့်မျောနေသည့် ပျက်စီးခြင်းဆေးလုံးကို တွေတွေကြီး ကြည့်နေကြသည်။ သူတို့၏မျက်လုံးများသည် ရိုသေလေးစားမှုဖြင့် တောက်ပလာပြီး အသက်ရှူသံများ ဝရုန်းသုန်းကားဖြစ်လာသည်။ သူတို့ကြည့်ရသည်မှာ ဤဆေးလုံးကလွဲ၍ တခြားမည်သည့်အရာကိုမဆို မေ့သွားပုံရသည်။
မန်ဟိုမှာ အဖြစ်အပျက်အလုံးစုံကို စောင့်ကြည့်ရင်း ရင်တဒိန်းဒိန်းခုန်လာသည်။ ရုတ်တရက် ဤသည်မှာ သိပ်ကောင်းသောဖြစ်ရပ်မဟုတ်ကြောင်း သူ ခံစားနေရလေသည်...... ပျက်စီးခြင်းဆေးလုံးက ဤမျှ ထိန်းမနိုင်သိမ်းမရလောက်အောင် ပွက်လောရိုက်စေလိမ့်မည်ဟု သူ တစ်ခါမှ စိတ်မကူးခဲ့ဖူးပေ။
"အဲ့ဒီဆေးလုံး...အဲ့တာ...." ပိုင်ယွင်လိုင် တီးတိုးရေရွတ်လိုက်သည်။ သူ့မှာ ငုတ်တုတ်မေ့တော့မတတ်ပင်။ သူက မန်ဟို့ကို တဖြေးဖြေး လှမ်းကြည့်ပြီး လိပ်ပြာလွင့်တော့မည့်ပုံရသည်။
လေလံပစ်သူမှ ကြမ်းခင်းစျေးပင် မခေါ်ရသေးမီ သွေးရူးသွေးတန်းဖြစ်နေသော လူအုပ်ကြီးကား အပြိုင်အဆိုင် စျေးခေါ်လာကြသည်။ "ဝိညာဥ်ကျောက်တုံး သိန်းငါးဆယ်" တစ်ယောက်က အော်သည်။ "ကျုပ် မွဲပြာကျသွားရင်တောင်မှ ဒီ တစ်ရာရာခိုင်နှုန်း ပြီးပြည့်စုံအဆင့်ဆေးလုံးကို အရယူမယ်"
"ဝိညာဥ်ကျောက်တုံး သိန်းတစ်ရာ။ ကျုပ်က တာအိုတောင်ဂိုဏ်းကပဲ။ ဒီဆေးလုံးကို ဝယ်ဖို့ ကျုပ်တစ်ဂိုဏ်းလုံးရဲ့ ရင်းမြစ်တွေအားလုံး အကုန်သုံးပစ်မယ်'
လူအများ သူ့ထက်ငါ အပြိုင်အဆိုင် စျေးခေါ်လာကြသဖြင့် လေလံပွဲကြည့်စင်အခြေအနေမှာ ပို၍ပင် ကသောင်းကနင်းဖြစ်လာတော့သည်။ ပုံမှန်အားဖြင့်် လေလံပစ်နေကြသည့် လူအများစုမှာ ဆေးဝါးတာအိုအကြောင်း နည်းနည်းပါးပါးတော့ သိကြ၏။ အပင်နှင့်အသီးအရွက် ဓာတ်ပြုမှု လေးဆယ့်ငါးရာခိုင်နှုန်းဖြင့် ချီအခြေတည်နေ့ဆေးလုံး၏ တန်ဖိုးအတည်ဖြစ်ရန် လွယ်ကူခဲ့သည်။ သို့သော် တစ်ရာရာခိုင်နှုန်း ပြီးပြည့်စုံအဆင့်ဆေးလုံးကတော့.....
လျှို့ဝှက်ဆန်းကြယ်သော အပင်နှင့်အသီးအရွက်ဓာတ်ပြုမှုများက ၄င်း၏တန်ဖိုးကို ဆုံးဖြတ်ရခက်စေသည်။ ဤနေရာရှိ ကျင့်ကြံသူများသည် မည်သည့်ဂိုဏ်းမှ လာသည်ဖြစ်စေ၊ ၄င်းအား သေချာပေါက် သိကြ၏။ ဤဆေးလုံး၏ လျှို့ဝှက်ချက်နည်းနည်းလေးပင် ဖော်ထုတ်နိုင်သည့် မည်သည့်ဂိုဏ်းမဆို သူတို့၏ဆေးဝါးတာအိုတွင် တစ်ခါမှမကြုံဖူးသော တိုးတက်မှုများ ဆောင်ရွက်နိုင်မည်ဖြစ်သည်။
၄င်းက သာမန်ဆေးလုံးမဟုတ်၊ ဆေးလုံးမိစ္ဆာမှတစ်ပါး တောင်ပိုင်းဒေသရှိ မည်သူတစ်ဦးတစ်ယောက်မှ မဖော်စပ်နိုင်သည့် တစ်ရာရာခိုင်နှုန်း ပြီးပြည့်စုံအဆင့်ဆေးလုံးဖြစ်သည်။
ဆေးလုံးကို ရယူ၍ နေ့စဥ် လေ့လာသည့် မည်သူမဆို ဉာဏ်အလင်းရရှိပြီး ကိုယ်ပိုင်ဆေးဝါးဂိုဏ်း တည်ထောင်နိုင်မည်ဖြစ်ကြောင်း ဤနေရာရှိ ကျင့်ကြံသူများ သိကြသည်။
ဤဆေးလုံးမှာ ယနေ့ခတ်တွင် ရှားမှရှားသော ပစ္စည်းတစ်ခုဖြစ်၏။
လေလံပွဲကြည့်စင်ရှိ ဝရုန်းသုန်းကားအခြေအနေသည် ဆက်လက်မြင့်တက်လာသည်။ မကြာခင် ပရမ်းပတာဖြစ်လာတော့မည့်ပုံရ၏။ တချို့မှာ ဆေးလုံးအတွက် တိုက်ခိုက်ရန်ပင် ပြင်နေကြသည်။ ကံဆိုးစွာပင် ဆေးလုံး၏ပေါ်ပေါက်လာမှုက ရုတ်ရင်းဆန်ခတ် ဖြစ်စေတော့မည့် အလားအလာရှိသည်။
လေလံပစ်သူမှာ အခြေအနေအား မထိန်းနိုင်တော့ပေ။ ဆေးလုံးမှာ ရောင်းရန်အတွက် မဟုတ်ဟု သူပြောဝံ့လျှင် လေလံပွဲကြည့်စင်၌ အသတ်အဖြတ်စိတ်ဆန္ဒများ ချက်ချင်း ဟုန်းဟုန်းတောက်လာလိမ့်မည်။
ဤကဲ့သို့အရာမျိုးသည် ဆေးလေလံပွဲ၏ ရှည်လျားသောသမိုင်းကြီးတစ်လျှောက်လုံး တစ်ခါမှ မဖြစ်ပွားခဲ့ဖူးပေ။ လေလံပစ်သူမှာ သွေးရူးသွေးတန်း ဖြစ်နေသော ကျင့်ကြံသူတစ်သိန်းကို ကြည့်ရင်း မျက်နှာဖြူဆုပ်နေ၏။ သူ့မှာ စကားပင် မပြောရဲပေ။
"ဘယ်သူ ဒီဆေးလုံးကို ဖန်တီးခဲ့တာလဲ" တစ်ယောက်က ရုတ်တရက် ထအော်သည်။ ကျင့်ကြံသူအတော်များများမှာ ဆေးလုံးအား ပိုင်ဆိုင်ရန် မျှော်လင့်ချက်နည်းနည်းသာရှိကြောင်း သဘောပေါက်လိုက်ကြသည့်အတွက် ဖော်စပ်သူအပေါ် အာရုံစိုက်လာကြသည်။
မေးခွန်းက မိုးခြိမ်းသံသဖွယ် ဟိန်းထွက်သွားရာ ကျင့်ကြံသူတစ်သိန်းကို သုဿန်တစပြင်ပမာ တိတ်ဆိတ်သွားစေသည်။
ကျင့်ကြံသူများမှာ သွေးရူးသွေးတန်းဖြစ်နေသေးသော်လည်း အသိပြန်ဝင်လာပုံရသည်။ လူတိုင်းမှာ ရုတ်တရက် တူညီသောမေးခွန်းအကြောင်း တွေးနေကြပုံပေါ်လေသည်။
"ကျုပ် မှတ်မိတာမှန်ရင် ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်ပဲ"
"ဆေးဝါးကျွမ်းကျင်ပညာရှင်။ ဘယ်လိုဘယ်လို။ ဒီဆေးလုံးကို ..... ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက်က ဖော်စပ်ခဲ့တာ"
"ဒါကို... မဟာအကြီးအကဲဆေးလုံးမိစ္ဆာကိုယ်တိုင် ဖန်တီးခဲ့တာလေ။ ဘယ်လိုလုပ် ဆေးဝါးကျွမ်းကျင်ပညာရှင် ဖြစ်နိုင်မှာလဲ။ တောင်ပိုင်းဒေသတစ်ခုလုံးမှာ တစ်ရာရာခိုင်နှုန်း ပြီးပြည့်စုံအဆင့်ဆေးလုံးတွေကို ဖော်စပ်နိုင်တာ မဟာအကြီးအကဲဆေးလုံးမိစ္ဆာပဲရှိတယ်"
စကားသံများ ဆူညံပွက်လောရိုက််သွားပြီး လူတိုင်းကား ဆေးလုံးအပေါ် နောက်တစ်ဖန်အာရုံစိုက်လာကြသည်။လေလံပစ်သူ၏မျက်နှာမှာ ဖြူဖျော့နေသော်လည်း သူက ကပျာကယာပြောသည်။ "ဒီဆေးလုံးကို အရှေ့ဆေးဝါးအဖွဲ့ရဲ့ အမည်မသိ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက် ဖော်စပ်ခဲ့တာပါ" ထိုလူ၏အသက်ရှူသံများ ရှူးရှူးရှားရှားဖြစ်နေပြီး သူပင်လျှင် သူ့စကားသူ အံ့အားသင့်နေပုံရသည်။
သူသာ ထိုသို့ဖြစ်နေပါက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတစ်သိန်းအနေဖြင့် မည်သို့ရှိမည်နည်း။ ဖော်စပ်သူမှာ ဆေးဝါးပညာရှင်တစ်ယောက် ဖြစ်ကြောင်း ကြားလျှင်ချင်း ကျင့်ကြံသူတစ်သိန်းမှာ ချက်ချင်းရင်ခုန်သံတို့မြန်ဆန်လာသည်။ သူတို့မှာ ပင့်သက်ရှိုက်သွားကြပြီး သူတို့၏မျက်နှာများတွင် အံသြမှုများ ပြည့်နှက်လာသည်။
တခဏ တိတ်ဆိတ်နေပြီးနောက် ကျင့်ကြံသူများ၏ စကားသံများ ယခင်ထက်ပင်ပို၍ဆူညံလာသည်။
"ဆေးဝါးကျွမ်းကျင်ပညာရှင်..... တကယ်ပဲ ဆေးဝါးကျွမ်းကျင်ပညာရှင်တစ်ယောက် ဖော်စပ်ခဲ့တာလား"
"ဆေးပေါင်းဖိုဘုရင်လဲမဟုတ်၊ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်လဲမဟုတ်၊ မဟာအကြီးအကဲဆေးလုံးမိစ္ဆာတောင် မဟုတ်ဘူး။ ဆေးဝါးကျွမ်းကျင်ပညာရှင်လေးတစ်ယောက်က ဖော်စပ်ထားတာဆိုရင် ...ဒါ တစ်ရာရာခိုင်နှုန်းပြီးပြည့်စုံအဆင့်ဆေးလုံးလေ။ ဒီဆေးဝါးကျွမ်းကျင်ပညာရှင်.... သူ...."
"ဒီလိုပင်ကိုယ်စွမ်းရည်၊ ဒီလိုဆေးဝါးတာအိုအသိ။ သူက တစ်ရာရာခိုင်နှုန်း ပြီးပြည့်စုံအဆင့်ဆေးလုံးကို ဖော်စပ်ခဲ့တာ။ သူက ဘယ်သူလဲ။ ဒီမဟာအကြီးအကဲက ဘယ်သူလဲ"
"ဒီလို ထူးချွန်ထက်မြက်တဲ့ ဆေးဝါးပညာရှင်က ဇီယွင်ဂိုဏ်းမှာ ရှိတယ်လား။ သူ.....သူက မဟာအကြီးအကဲဆေးလုံးမိစ္ဆာရဲ့ အတွင်းတပည့်များ ဖြစ်နေမလား"
တစ်ရာရာခိုင်နှုန်း ပြီးပြည့်စုံအဆင့်ဆေးလုံးသည် သင့်တော်ကောင်းမွန်၏။ အပင်နှင့်အသီးအရွက် ဓာတ်ပြုမှုများမှာ အရေးပါသည်။ ၄င်းတို့အားလုံးက တန်ဖိုးဖြတ်ရခက်သည်။ သို့သော် ထိုကဲ့သို့ဆေးလုံးတစ်လုံးကို ဖော်စပ်ခဲ့သည့် ဆေးဝါးကျွမ်းကျင်ပညာရှင်နှင့် နှိုင်းယှဥ်လျှင် တစ်ခုသည် မြေကြီး၊ အခြားတစ်ခုသည် ကောင်းကင်ဖြစ်သည်။
ထိုဆေးဝါးပညာရှင်မျိုးက ဂိုဏ်းအတွက်မည်မျှ အဖိုးတန်မည်ကို ဖော်ပြရခက်သည်။ တကယ်တမ်းဆိုရလျှင် ထိုကဲ့သို့ ဆေးဝါးပညာရှင်တစ်ယောက်အား ခေါ်ယူရန် မည်မျှ ပေးဆပ်ရပါစေ၊ တွန့်ဆုတ်မည်မဟုတ်သည့် ဂိုဏ်းများ ဒုနှင့်ဒေးပင်။ လေလံပွဲကြည့်စင်၌ ဂိုဏ်းကြီးငါးဂိုဏ်းနှင့် မဟာမျိုးနွယ်စုသုံးစုရှိသည်။ သူတို့အားလုံး လှုပ်လှုပ်ရှားရှားဖြစ်သွားဟန်တူသည်။ သူတို့ဂိုဏ်းသားများ၏ မျက်လုံးများ တဖျပ်ဖျပ်လက်လာပြီး သူတို့အားလုံးက ကျောက်စိမ်းပြားအသီးသီးထုတ်ကာ သက်ဆိုင်ရာဂိုဏ်းများသို့ အစီရင်ခံစာများ ပေးပို့လိုက်ကြသည်။
"ဒီဆေးဝါးကျွမ်းကျင်ပညာရှင်က ဘယ်သူလဲ"
"သူ ဆေးပေါင်းဖိုဘုရင် ဒါမှမဟုတ် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်လာရင် သူဖော်စပ်တဲ့ဆေးလုံးတွေက သေချာပေါက် မိုးကောင်းကင်ကို ဖီဆန်မှာပဲ"
"ဒီဆေးဝါးကျွမ်းကျင်ပညာရှင်ကို ကျုပ်တို့ တွေ့ချင်တယ်"
လေလံပွဲ၌ အုတ်အော်သောင်းနင်းဖြစ်နေစဥ် မန်ဟိုက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်သည်။ သူက ထိတ်ထိတ်ပျာပျာဖြစ်နေပုံရသည့် ပိုင်ယွင်လိုင်ကို ကြည့်လိုက်သည်။ ပိုင်ယွင်လိုင်က တစ်ခုခုပြောရန် ပြင်လိုက်သော်လည်း မန်ဟို့အကြည့် သူ့အပေါ်ကျရောက်လာသောအခါ စိတ်တည်ငြိမ်သွားသည်။
သို့သော် မန်ဟိုမှာတော့ ရင်တဒိန်းဒိန်းခုန်နေသည်။ သူဖော်စပ်ခဲ့သည့် ဆေးလုံးက ဤမျှပြင်းထန်သော မုန်တိုင်းအား ဖြစ်ပွားစေလိမ့်မည်ဟု သူတစ်ခါမှ မတွေးနိုင်ခဲ့ပေ။ အမှန်တွင် သူ့မှာ နောင်တနည်းနည်း ရနေမိသည်။ ကံကောင်းထောက်မစွာ သူသည် ဆေးလုံးပေါ်၌ နာမည်မရေးထိုးခဲ့ဘဲ ဘေးအနားတွင်သာ ဒယ်အိုးပုံသဏ္ဍာန် ချန်ထားခဲ့သည်။
"ဆေးဝါးကျွမ်းကျင်ပညာရှင်က သူ့သရုပ်မှန်ကို မထုတ်ဖော်ပြပေမယ့်လို့ ဒယ်အိုးကိုကြည့်။ အဲ့တာ သူ့အမှတ်အသားပဲ"
"ဒယ်အိုး.... ဒယ်အိုး.... အဲ့တာ သူ့ရဲ့ ဆေးဝါးပညာဘွဲ့နာမည်လို့မပြောနဲ့နော်။ ဆေးဒယ်အိုး"
"မဟာအကြီးအကဲ ဆေးဒယ်အိုး" မည်သူပထမဆုံးပြောလိုက်သည်လဲ ပြောရန်မဖြစ်နိုင်ပေ။ သို့သော် ကျင့်ကြံသူများအတွက် ဆေးဒယ်အိုးနာမည်ကို မှတ်သားရန် တခဏသာကြာလိုက်သည်။ ယင်းက ဤနာမည်၏ ကျော်ကြားမှုစတင်ခြင်း ဖြစ်လာသည်။။
မန်ဟိုမှာ မျက်တောင်တဖျပ်ဖျပ်ခတ်ရင်း ကြောင်တောင်တောင် စိုက်ကြည့်နေသည်။ သူ့မှာ စိတ်မသက်မသာဖြစ်နေသေးသော်လည်း တစ်ချိန်တည်းမှာပင် ကိုယ့်ကိုယ်ကိုယ် ဂုဏ်ယူယုံကြည်သော ခံစားချက်က သူ့ရင်ထဲ၌ ပြည့်နှက်လာသည်။ ဖော်စပ်ခဲ့သောဆေးလုံး ဤသို့ ချီးကျူးခံရခြင်းက မည်သည့်ဆေးဝါးပညာရှင်မဆိုအတွက် မွန်မြတ်သောဂုဏ်ကျက်သရေတစ်ခု ဖြစ်သည်။
ဤအခိုက်အတန့်တွင် လေလံပွဲကြည့်စင်၏အလယ်ရှိ တလက်လက်တောက်ပနေသော မုခ်ဝမှ ခရမ်းရောင်အလင်းတစ်ခု ထွက်ပေါ်လာသည်။ ၄င်းက ဆူဆူညံညံအသံများကို ချက်ချင်းဖိနှိပ်လိုက်သည့် ဧရာမဖိအားကြီးနှင့်အတူ ပွဲကြည့်စင်တစ်ခုလုံး လွှမ်းမိုးသွားသည်။
လေလံပွဲကြည့်စင် နောက်တစ်ဖန် တိတ်ဆိတ်လာစဥ် ဝင်ပေါက်ထံမှ ခရမ်းရောင်အလင်း ဖြာထွက်လာပြီးနောက် ပုံရိပ်နှစ်ခု လမ်းလျှောက်ထွက်လာသည်။
ရှေ့မှ ဦးဆောင်လာသည့်လူက ခရမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အင်္ကျီလက်စနှစ်ဖက်မှာ ရွှေရောင်ဆေးပေါင်းဖိုသဏ္ဍာန် ပန်းထိုးထားသည်။ သူ၏ရှည်လျားသော အနက်ရောင်ဆံပင်များသည် ကျောနောက်သို့ ဖြာကျနေပြီး သူ၏အမူအရာမှာ ဒေါသမဟုတ်ဘဲ စွမ်းအားဖြင့် ပြည့်နှက်နေသည်။ သူ့မှာ အသက်ငါးဆယ်စွန်းစွန်း ရှိပုံပေါ်သည့်တိုင် ရှေးဆန်သောအငွေ့အသက်ကို ထုတ်လွှတ်နေသည်။ ဤပုဂ္ဂိုလ်၌ နှစ်ပေါင်းများစွာအတွေ့အကြုံရှိကြောင်း ဖော်ပြရန်ပင် မလိုပေ။
သူ ဖြေးဖြေးချင်းလမ်းလျှောက်လာစဥ် လေလံပွဲရှိ ကျင့်ကြံသူတစ်သိန်းက သူ့ကိုကြည့်လိုက်ကြသည်။
သူ၏ ထွက်ပေါ်လာမှုက ဆေးပေါင်းဖိုဘုရင်များ၏ အမူအရာများကို ချက်ချင်းပြောင်းလဲသွားစေသည်။ သူတို့က ရိုသေလေးစားသောမျက်နှာထားများဖြင့် ထရပ်ပြီး လက်ယှက်အရိုအသေပေးလိုက်ကြသည်။
"ဂါဝရပြုပါတယ် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အန်း" သူတို့က တစ်ပြိုင်တည်းဆိုကြသည်။
ကျင့်ကြံသူတစ်သိန်း ရုတ်တရက် ပင့်သက်ရှိုက်သွား၏။
ဤအံ့သြတုန်လှုပ်မှုက "ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်" ဆိုသော စကားလုံးကြောင့်ပင်။
မန်ဟို၏အကြည့်က ခရမ်းရောင်ဝတ်ရုံနှင့်လူ နှင့် သူ့ထံမှ ထုတ်လွှတ်နေသော မယုံကြည်နိုင်ဖွယ် ဆေးချီအပေါ် ကျရောက်သွားပြီး သူ၏မျက်လုံးများ လင်းလက်တောက်ပလာသည်။
***