တပည့်ခံကြေး
Vol. 17 Ch. 235
မုခ်ဝမှ ခရမ်းရောင်ဝတ်ရုံနှင့်လူ ထွက်လာပြီးနောက် ကြည့်ရှုနေသူများ၏ မျက်လုံးများက သူ့အနောက်ရှိ ကျောဘုကြီးနှင့် ခါးကုန်းကျင့်ကြံသူတစ်ယောက်အပေါ် ကျရောက်သွားသည်။ သူ၏ ခံစားချက်မဲ့သောမျက်နှာမှာ ကိုယ့်ကိုကိုယ် ဒဏ်ခတ်ထားပုံရသော အမာရွတ်များဖြင့် ပြည့်နှက်နေသည်။
လေလံပွဲကြည့်စင်အား ငြိမ်သက်နေစေသည့် ပြင်းထန်သောဖိအားကြီးကို အားဖြည့်ပေးထားပုံရသည့် စွမ်းအား အငွေ့အသက်တစ်ခုက သူ့ထံမှ ထွက်ပေါ်နေသည်။
"ခေါင်းဆောင်ကြီးခါးကုန်း"
"ဆိုတော့ အဲ့တာ ခေါင်းဆောင်ကြီးခါးကုန်းပေါ့။ သူ့ကျင့်ကြံခြင်းအခြေခံက အနုသုခုမရုပ်ခန္ဓာ အလယ်အလတ်အဆင့်လို့ ပြောကြတယ်။ လွန်ခဲ့တဲ့ နှစ်သုံးရာတုန်းက သူက ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အန်းရဲ့ ဆေးစောင့်ရှောက်သူဖြစ်လာဖို့ အစွမ်းကုန်ပေးဆပ်ခဲ့တာ....."
"ခေါင်းဆောင်ကြီးခါးကုန်း ပေါ်လာတယ်ဆိုတော့ .... ခရမ်းရောင်ဝတ်ရုံနဲ့လူက တကယ်ပဲ ဇီယွင်ဂိုဏ်းရဲ့ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ရှစ်ယောက်ထဲက အန်းဇဲ့ဟိုင်ဖြစ်တယ်လို့ အဓိပ္ပါယ်ရတယ်"
ကျင့်ကြံသူတစ်သိန်း၏ မျက်လုံးများသည် လေးစားမှုဖြင့် ချက်ချင်း တောက်ပလာသည်။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်အဆင့်သည် ဆေးဝါးတာအို၏ အထွတ်အထိပ်နီးပါးဖြစ်သည်။ မဟာအကြီးအကဲမှတစ်ပါး ထို့ထက်မြင့်သော ရာထူးဟူ၍ မရှိတော့ပေ။
အန်းဇဲ့ဟိုင်၏ အမူအရာကား တည်ငြိမ်လျက်ရှိသည်။ သူက ဆေးပေါင်းဖိုဘုရင်ဆယ်ယောက်ကို ခေါင်းညိတ်ပြပြီးနောက် ညာလက်ကို လေထဲမြှောက်ကာ ဖမ်းဆုပ်သည့်ဟန် လုပ်လိုက်သည်။ ပျက်စီးခြင်းဆေးလုံး ပျံသန်းလာပြီး သူ့လက်ဖဝါးအပေါ် ကျသည်။ သူက ဆေးလုံးကို မရှူကြည့်ဘဲ လက်ဝါးအပေါ်တွင်သာ ထား၍ မျက်လုံးမှိတ်လိုက်သည်။
အချိန်များ တရွေ့ရွေ့ကုန်ဆုံးသွားသည်။ ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများက ရွှန်းရွှန်းစားစား စိုက်ကြည့်နေသည်။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင််အန်းဇဲ့ဟိုင် မန်ဟို၏ဆေးလုံးနှင့်ပတ်သက်၍ ဉာဏ်အလင်းရရှိအောင် သူ၏ဆေးဝါးပညာအသိကို အသုံးပြုနေစဥ် မန်ဟိုက တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။
အမွှေးတိုင်တစ်တိုင်ထွန်းစာ လောင်ကျွမ်းပြီးနောက် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် အန်းဇဲ့ဟိုင်က မျက်လုံးများ ဖြေးညင်းစွာ ဖွင့်လိုက်သည်။ သူ၏မျက်နှာမှာ စိတ်နှလုံးတုန်လှုပ်သွားပုံပေါ်ပြီး သူ့လက်ထဲရှိ ဆေးလုံးကို စိုက်ကြည့်နေစဥ် ထူးဆန်းသောအလင်းရောင်တစ်ခု သူ၏မျက်လုံးများ၌ ပြည့်နှက်နေသည်။
"ဒီဆေးလုံးရဲ့ နာမည်ကဘာလဲ" သူက ခပ်အက်အက်အသံဖြင့် ဖြေးဖြေးချင်း မေးသည်။
လေလံပစ်သူ စိတ်လှုပ်ရှားသွားသည်။ သူက လက်ယှက်ပြီး အန်းဇဲ့ဟိုင်ကို ဦးညွှတ်အရိုအသေပေးလိုက်သည်။ "မှတ်တမ်းတွေအရတော့ ဒီဆေးလုံးရဲ့နာမည်က ပျက်စီးခြင်းလို့ ခေါ်တယ်"
အန်းဇဲ့ဟိုင်က ဆေးလုံးကို အချိန်အတော်ကြာစိုက်ကြည့်နေပြီးနောက် သက်ပြင်းချကာ ပြောသည်။ "ဘယ်လောက်အံသြစရာကောင်းတဲ့ ဆေးလုံးလဲ။ ပျက်စီးခြင်းတဲ့လား။ ဝိညာဥ်ကို မကောင်းဆိုးဝါးအဖြစ် အသွင်ပြောင်း။ မိုးထိအောင် ထိုးတက်ဖို့ ကိုယ့်ကိုယ်ကို အားပြု။ ဝိညာဥ်ကို လောင်ကျွမ်းစေတာမဟုတ်ဘဲ အစားထိုးတာဖြစ်တယ်" ဤသည်မှာ ဆေးလုံး၏ အနှစ်သာရကို ထုတ်ဖော်ရန် သူကြိုးစားနေခြင်းဖြစ်သည်။ သူ့အနေဖြင့် အချိန်တိုတိုလေးနှင့် ဆေးဖော်စပ်နည်းကို အဖြေမထုတ်နိုင်ပေ။
သူ့စကားကို အခြားသူများ နားမလည်ကောင်း နားမလည်နိုင်သော်လည်း မန်ဟို ကြားသောအခါ သူ၏သူငယ်အိမ်များ ကျဥ်းမြောင်းသွားသည်။
"သူ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် ဖြစ်တာ အံသြစရာမရှိဘူးပဲ။ တစ်ချက်ကလေး ကြည့်ရုံနဲ့ ဆေးလုံးရဲ့ စစ်မှန်တဲ့ အနှစ်သာရကို ဆုံးဖြတ်နိုင်တယ်" မန်ဟို အတွေးထဲ ခဏနစ်မြောသွား၏။ နောင်ကျလျှင် ခွဲခြမ်းစိတ်ဖြာ၍ မလွယ်ကူအောင် သူ၏ဆေးလုံးများထဲသို့ ရှုပ်ထွေးသောဓာတ်အချို့ ထည့်ရန် လိုအပ်ပေမည်။ ထိုလူက ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ဖြစ်သည့်တိုင် အခြေအနေတစ်ရပ်လုံးက မန်ဟို့ကို အတန်ငယ် စိတ်မသက်မသာဖြစ်သွားစေသည်။
"ဒါ ရာနှုန်းပြည့် ဆေးလုံးမဟုတ်ဘူး။သူ့ဆေးးစွမ်းအားက တယ်တော့ ကိုးဆယ့်ငါးရာခိုင်နှုန်း။ ဒါပေမယ့် ဒီဆေးလုံးကို ဆေးဝါးပညာအသိ ပွင့်သွားတဲ့အခိုက်အတန့်မှာ ဖော်စပ်ခဲ့တာဖြစ်လို့ ပိုလို့တောင် ချီးကျူးခံထိုက်သေးတယ်။ ဒီ့အတွက် ဖော်စပ်နည်းမရှိဘူး" ကျင့်ကြံသူတစ်သိန်း သူ့စကားလုံးကို ကြားသည့်အခိုက်အတန့်၌ အသက်ရှူသံများ မြန်ဆန်လာပြီး ခေါင်းများ ချာချာလည်မူးနောက်သွားသည်။ အထူးသဖြင့် ဆေးဝါးပညာအသိ ဆိုသည့် စကားလုံးများကြောင့် ဖြစ်သည်။
"ဆေးဝါးပညာအသိ....."
"ဒီဆေးလုံးကို ဆေးဝါးပညာအသိကြောင့် ဖန်တီးခဲ့တာ။ ဖော်စပ်နည်းမရှိဘူး"
"ဆေးဝါးပညာအသိပွင့်တဲ့ အတောအတွင်း ဖန်တီးခဲ့တဲ့ ဆေးလုံးဟာ ပြိုင်ဘက်ကင်းတယ်။ ဒီလိုဆေးလုံးမျိုး နောက်ထပ်ဘယ်တော့မှ ရှာတွေ့မှာ မဟုတ်ဘူး။ဆိုလိုတာက.... သူ့တန်ဖိုးက အနည်းဆုံးနှစ်ဆပဲလို့" ကျင့်ကြံသူတစ်သိန်းမှာ ပျက်စီးခြင်းဆေးလုံးကို မီီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်ရင်း ဆွေးနွေးနေကြသည်။ သူတို့မှာ နောက်တစ်ဖန် အရူးအမူးဖြစ်သွားပုံရသည်။
အန်းဇဲ့ဟိုင်သည် ပျက်စီးခြင်းဆေးလုံးကို နောက်ထပ်အချိန်အတော်ကြာကြည့်နေပြီးနောက် လက်ချကာ ဆေးလုံးကို လေထဲ၌ မျောလွင့်စေလိုက်သည်။ ထို့နောက် သူက နောက်သို့ ခြေလှမ်းအနည်းငယ်ဆုတ်ပြီး မျက်လုံးများ ပိတ်လိုက်သည်။
သူက ပျက်စီးခြင်းဆေးလုံးသည် ဆေးဝါးပညာအသိပွင့်သည့်အတောအတွင်း ဖန်တီးခံခဲ့ရခြင်း ဟုတ်မဟုတ် အတည်ပြုရန်သာ ပေါ်လာခဲ့သည့်အလားပင်။
"ဝိညာဥ်ကျောက်တုံး သိန်း ၂၀၀ ။ လီမျိုးနွယ်စု ဒီဆေးလုံးကို ရရမယ်"
"ဝိညာဥ်ကျောက်တုံး ၂၀၅သိန်း ။ ဆေးဝါးပညာအသိပွင့်တဲ့အတောအတွင်း ဖန်တီးထားတဲ့ ဒီလို ပြီးပြည့်စုံအဆင့်ဆေးလုံးမျိုးက တစ်မိုးအောက်မှာ ပြိုင်စံရှားပဲ"
အပြိုင်အဆိုင် စျေးခေါ်သံများ တစတစများပြားလာရင်း နေရာတစ်နေရာလုံးကား စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေတော့သည်။ မန်ဟိုမှာ ရင်အစုံ နိမ့်ချည်မြင့်ချည်ဖြစ်နေပြီး မျက်လုံးများ လင်းလက်တောက်ပနေသည်။ စျေးအပြိုင်ခေါ်သံများ ကြားရခြင်းက သူ့ရင်ထဲတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်သွားစေ၏။ သို့သော် တွေဝေတုံ့ဆိုင်းမှုအနည်းငယ် ရုတ်တရက် ပေါ်ပေါက်လာသည်။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်ထံမှ ရှင်းပြမှုကို နားထောင်ပြီးနောက် သူသည် ထိုနေ့က ဆေးဖော်စပ်နေသည့် အတောအတွင်း ရောက်ရှိခဲ့သည့် ထူးဆန်းသောအခြေအနေမှာ ဆေးဝါးပညာအသိပွင့်ခြင်းဖြစ်ကြောင်း သိလိုက်လေပြီ။ သို့သော် သူ နားမလည်သည့်အရာက ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်က ဆေးလုံးကို ပြိုင်ဘက်ကင်းသည်ဟု သတ်မှတ်ခဲ့ခြင်းမှာ စောစောက အမှန်တကယ် ဖြစ်ခဲ့သည့်အရာနှင့် မအပ်စပ်ပုံပေါ်သည်။
"ငါ သေချာနားမလည်တဲ့ ပြောင်းလဲမှုတချို့ ရှိနေမယ်ထင်တယ်....." မန်ဟိုမှာ တွေဝေနေခြင်းကို ဖိနှိပ်ပြီး ဆေးလုံးအတွက် ခေါ်စျေးများတိုးလာသည်ကို နားထောင်ရင်း တွေးနေမိသည်။ ယခင်က သူသည် ဆေးဝါးပညာရှင်များအတွက် ဆေးဖော်စပ်ခြင်းမှ အမြတ်ထုတ်ရန် မခက်သည်ကို နားလည်ခဲ့သော်လည်း ပျက်စီးခြင်းဆေးလုံးအား ဤမျှလက်ဖျားခါလောက်သော နှုန်းထားဖြင့် ရောင်းချရလိမ့်မည်ဟု တစ်ခါမှ မတွေးခဲ့ဖူးပေ။
ဇီယွင်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည့် ရွေးချယ်မှုမှာ သေချာပေါက် အမြော်အမြင်ရှိသောလုပ်ရပ်ဖြစ်ကြောင်း ရုတ်တရက် သူ သဘောပေါက်လိုက်သည်။
မကြာမီ ပျက်စီးခြင်းဆေးလုံးအတွက် တန်ဖိုးကား သိန်း ၄၀၀ အထိ ရောက်ရှိသွားလေပြီ။ ထိုနှုန်းထားမှာ ဂိုဏ်းအများစုအား မွဲပြာကျသွားစေနိုင်သည်။ ဂိုဏ်းကြီးလေးဂိုဏ်းနှင့် မျိုးနွယ်စုသုံးစုမှအပ အခြားမည်သူတစ်ဦးတစ်ယောက်မှ ယခု ၄င်းကို အပြိုင်လုရန်ပင် အရည်အချင်းမပြည့်မှီတော့ပေ။
"ဝိညာဥ်ကျောက်တုံး သိန်း ၄၃၀ " ဖက်တီးက စားပွဲအပေါ် ခုန်တက်ရင်း အော်သည်။
"သိန်း ၄၈၀ " ချင်းလော်ဂိုဏ်းမှ တစ်ယောက်က ကျယ်လောင်စွာ အော်ဟစ်၏။
"သိန်း ၆၀၀ " ဖက်တီးက ဒေါနှင့်မောနှင့် ပြောသည်။ "မင်းဘွားအေတဲ့မှ။ ငါ့ပစ္စည်းကို လုဖို့ ကြိုးစားရဲတယ်လား"
စျေးနှုန်းသည် စိတ်ကူးမယဥ်နိုင်သောအမြင့်သို့ ထိုးတက်သွားခဲ့လေပြီ။ စောင့်ကြည့်နေကြသူအများစုအတွက် ဤသည်မှာ ရှားပါးသော ပြီးပြည့်စုံအဆင့် ဆေးလုံးတစ်လုံးဖြစ်ပြီး ဆေးဝါးပညာအသိကို ထည့်ပေါင်းလျှင်တောင်မှ ထိုမျှမတန်ပေ။ ဆေးလုံးတွင် မယုံကြည်နိုင်ဖွယ် ဆေးစွမ်းအားရှိသော်လည်း အမြုတေဖြစ်တည်မှုအဆင့်မှ သုံးစွဲလျှင် ရလဒ်များ မည်သို့ရှိလိမ့်မည်မှာ မသေချာသည် မဟုတ်ပါလော။ ချီအခြေတည်အဆင့်အတွက် ထုတ်လုပ်ထားပုံရသည်ကို ထည့်တွက်လျှင် ဆေးလုံးတစ်လုံးအတွက် ဝိညာဥ်ကျောက်တုံး သိန်း ၆၀၀ဆိုသည့် တန်ဖိုးမှာ အတော်လေးမြင့်မားနေပြီဖြစ်သည်။
ပျက်စီးခြင်းဆေးလုံးကို လေ့လာနိုင်ဖို့အတွက် ပေးဆပ်ရမည့်တန်ဖိုးမှာ ဆုံးဖြတ်ခက်နေလေပြီ။ သို့သော် ဆေးလုံးက အမြုတေဖြစ်တည်မှုအဆင့်အတွက် အကျိုးအာနိသင်ရှိကြောင်း သေသေချာချာ ရှာဖွေတွေ့ရှိပြီးနောက်တွင်တော့ တန်ဖိုးကား အကန့်အသတ်မရှိလုနီးပါး ဖြစ်သွားလိမ့်မည်။
တောင်ပိုင်းဒေသ၏ ဆေးဝါးပညာရှင်တစ်ယောက်သည် မဟာအကြီးအကဲအဆင့် ရောက်ရှိရန်အတွက် ကိုးဆယ်ရာခိုင်နှုန်း ပြီးပြည့်စုံအဆင့် ဆေးလုံးတစ်လုံးကိုသာ ဖော်စပ်၍မရ၊ စဦးချီစုစည်းမှု၊ ချီအခြေတည်ခြင်း၊ အမြုတေဖြစ်တည်မှု၊ အနုသုခုမရုပ်ခန္ဓာနှင့် စိတ်ဝိညာဥ်ခွဲထွက်ခြင်း စသည့်အဆင့်ငါးဆင့်အတွက် ဆေးလုံးတစ်လုံးစီ ဖော်စပ်ရမည်ဟူ၍ ထုတ်ပြန်ထားသည်။ ထိုကိုးဆယ်ရာခိုင်နှုန်း ပြီးပြည့်စုံအဆင့်ဆေးလုံးအားလုံး ဖော်စပ်ပြီးမှ အဆိုပါဆေးဝါးပညာရှင်ကို ဆေးဝါးတာအို၏ မဟာအကြီးအကဲအဖြစ် အမှန်စင်စစ် သတ်မှတ်နိုင်လေသည်။
မည်သို့ဆိုစေ ပျက်စီးခြင်းဆေးလုံးအား လေ့လာရန် အဖိုးအခမှာ စိတ်ကူးကြည့်ရန်ပင် အမှန်တကယ် ခက်ခဲလှသည်။ ၄င်းမှာ ပြီးပြည့်စုံအဆင့်ဆေးလုံးဖြစ်၍ မယုံနိုင်လောက်အောင် အံံဖွယ်ကောင်းခြင်းမဟုတ်၊ ဆေးဝါးပညာအသိပွင့်သည့်အတောအတွင်း ဖော်စပ်ခဲ့သည့် ပြိုင်ဘက်ကင်းဆေးလုံးဖြစ်သောကြောင့်ပင်။
မန်ဟိုမှာ ပိုပို၍ စိတ်လှုပ်ရှားလာသည်။ သူ့မှာ ဆေးလုံး၏တန်ဖိုးကို ပို၍ပင် မြင့်စေချင်နေ၏။ အမှန်တကယ်ဆိုရလျှင် သူ၏ နိမ့်ကျသောကျင့်ကြံခြင်းအခြေခံနှင့် စိုးရိမ်ပူပန်မှုတို့ကြောင့်သာမဟုတ်လျှင် ပျက်စီးခြင်းဆေးလုံး နောက်တစ်လုံးထုတ်ဦးမည်ဖြစ်သည်။
သို့သော် ယခုတွင် သူသည် ဆေးလုံးများရောင်းချပြီးနောက် သူ၏အကျိုးအမြတ်များအား မည်သို့သိမ်းယူရမည်ကို သိချင်နေ၏။ ယင်းက တကယ့်ပြဿနာပင်။
ဤအခိုက်၌ အန်းဇဲ့ဟိုင်၏မျက်လုံးများ ရုတ်တရက် ပွင့်လာသည်။
"သိန်း ၁၀၀၀"
ဤအသံက ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူများကို ကြောင်တောင်တောင် စိုက်ကြည့်မိလိုက်စေသည်။ ဖက်တီးနှင့် အခြားသူများ အန်းဇဲ့ဟိုင်ကို လှမ်းကြည့်လိုက်ကြပြီး သူတို့၏မျက်နှာများ တဖြေးဖြေး ဒေါသများဖြင့် ဖုံးလွှမ်းလာသည်။
ဇီယွင်ဂိုဏ်းကျင့်ကြံသူများ ဝင်ရောက်ပါဝင်ခြင်းမပြုရဆိုသော ဇီယွင်ဂိုဏ်း ဆေးလေလံပွဲ၏ အစဥ်အလာသဖွယ် လိုက်နာရသည့် စည်းမျဥ်းကို လူတိုင်းသိကြသည်။ စောစောက ချီအခြေတည်နေ့ဆေးလုံးအတွက် လေလံပစ်ရာတွင် အရှေ့ဆေးဝါးအဖွဲ့က ၄င်းကို မျက်တောင်တစ်ချက်မခတ်ဘဲ ရောင်းခွင့်ပြုလိုက်သည်။
သို့သော် ဤသည်မှာ ပြီးပြည့်စုံအဆင့် ဆေးလုံးတစ်လုံးဖြစ်သည်.....ခရမ်းရောင်ဆေးပေါင်းဖိုဘုရင် အန်းဇဲ့ဟိုင်က ရောင်းသူနှင့်ဝယ်သူ ယှဥ်ပြိုင်နေသော အခြေအနေတစ်ခုကို ဖန်တီးရင်း ဝင်ပါနေသည်။ မည်သူက အမှန်တကယ် ယှဥ်ပြိုင်နိုင်မည်နည်း။
စျေးခေါ်ခြင်း မည်သို့ ဆက်သွားနိုင်မည်နည်း......
"သိန်း ၁၁၀၀" ဖက်တီးက မျက်လုံးများ ရဲတွတ်နေလျက် အော်သည်။ သူက ဝိညာဥ်ကျောက်တုံးများကို ဂရုမစိုက်၊ မျက်နှာပျက်ရေးမပျက်ရေးသာ ဂရုစိုက်သည်။ ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက်နှင့် ထိပ်တိုက်တွေ့လျှင်လည်း သူ့အတွက် အရေးမပါချေ။ စောစောက ခေါ်စျေးမြှင့်ပြီးနောက် နင်းချခံလိုက်ရသည့်အဖြစ်က သူ့ကို အတော်လေး ကသိကအောက်ဖြစ်စေသည်။ ဤသည်မှာ တကယ့်တိုက်ပွဲလည်းမဟုတ်သလို စစ်ပွဲလည်းမဟုတ်။ ဖက်တီးအတွက် ဝိညာဥ်ကျောက်တုံးများ ကိုက်ဝါးရခြင်းက အသေးအဖွဲသာဖြစ်ရာ သူ့တွင် သေချာပေါက်အများကြီး ထပ်ရှိသေးလေသည်။
"သိန်း ၂၀၀၀" အန်းဇဲ့ဟိုင်က တည်တည်ငြိမ်ငြိမ် ပြောသည်။ ကျင့်ကြံသူတစ်သိန်းလုံး ပါးစပ်အဟောင်းသားဖြစ်သွား၏။ ထိုတန်ဖိုးမျိုးကား စိတ်ကူးပင် မယဥ်နိုင်ပေ။ ဆေးဝါးပညာအသိဖြင့် ဖော်စပ်ထားသည့် ပြီးပြည့်စုံအဆင့်ဆေးလုံးဆယ်လုံးပင် ထိုမျှမတန်ပေ။
ဝိညာဥ်ကျောက်တုံး သိန်း ၂၀၀၀မှာ ထိပ်သီးဂိုဏ်းကြီးတစ်ဂိုဏ်းကို ဆယ်နှစ်ကြာထောက်ပံ့ပေးနိုင်သည်။
" နှစ် နှစ်......" ဖက်တီး မိုးမီးလောင်လေပြီ။ သူ စျေးထပ်မြှင့်တော့မည့်ဆဲဆဲ အန်းဇဲ့ဟိုင်၏ အေးစက်စက် အသံ ထွက်လာသည်။
" ဒီဆေးလုံးကို ကျုပ်အတွက် ဝယ်နေတာ မဟုတ်ဘူး။ မဟာအကြီးအကဲဆေးလုံးမိစ္ဆာရဲ့အမိန့်အရ သူ့ကိုယ်စားလှယ်အနေနဲ့ ဝယ်နေတာပဲ"
ဤစကားလုံးများက တိတ်ဆိတ်မှုစိုးမိုးသွားစေသည်။ လူတိုင်းက အတွေးနက်စွာဖြင့် ကြည့်နေကြသည်။ ယခု သူတို့နားလည်လိုက်လေပြီ။ မည်သူ ဘာပြောပြော ဇီယွင်ဂိုဏ်းက ထိုကဲ့သို့ဆေးလုံးမျိုးကို ရောင်းချခွင့်ပြုမည်မဟုတ်ပေ။ ဆေးလေလံပွဲ၏ အစဥ်အလာ ကျိုးပျက်လျှင်တောင်မှ သူတို့ကား စိတ်ပိုင်းဖြတ်ပြီးသွားလေပြီ။ ဤဆေးလုံးမှာ ဇီယွင်ဂိုဏ်းမှ ထွက်သွားမည်မဟုတ်။
ဤသည်ကို ဂရုမထားမိပုံပေါ်သော ဖက်တီးမှာ စျေးထပ်မြှင့်ချင်သေးဟန်တူသည်။ "နှစ်..." ရုတ်တရက် သူ့ဂိုဏ်းမှ ဂိုဏ်းသားတစ်ယောက်က သူ့ကိုဆွဲပြီး နားနားကပ်၍ တီးတိုးပြောလိုက်သည်။ ဖက်တီးသည် ဒေါသထွက်နေသောမျက်နှာအမူအရာဖြင့် မချိတင်ကဲ နှာမှုတ်လိုက်သော်လည်း ဘာမှဆက်မပြောတော့ပေ။
တခြားဘယ်သူမှလည်း ဘာမှမပြော။ အန်းဇဲ့ဟိုင်က ညာလက်ဖြင့် ဖမ်းဆုပ်သည့် လှုပ်ရှားမှုပြုလိုက်ရာ ပျက်စီးခြင်းဆေးလုံး သူ့လက်ထဲ ပျံသွားသည်။ သူသည် နောက်ထပ်စကားတစ်ခွန်း မဆိုတော့ဘဲ ခါးကုန်းအဘိုးကြီးနှင့်အတူ တလက်လက်တောက်ပနေသောဝင်ပေါက်ထဲ ဝင်ရောက်ပျောက်ကွယ်သွားသည်။
မန်ဟိုမှာ အဖြစ်အပျက်အလုံးစုံကို မျက်လုံးပြူးကြီးဖြင့် စောင့်ကြည့်နေသည်။ ရုတ်တရက် သူ့မှာ အတန်ငယ်စိတ်လှုပ်ရှားလာတော့သည်။
သူ တခဏကြာသည်အထိ ချီတုံချတုံဖြစ်နေသည်။ "မဟာအကြီးအကဲဆေးလုံးမိစ္ဆာ ဝယ်သွားတယ်။ သူ ဘယ်လောက် သြဇာကြီးမားရှိလဲ ထည့်တွက်ရင် သူ......သူ ငွေမပေးပဲတော့ မနေလောက်ပါဘူးနော်...." မဟာအကြီးအကဲဆေးလုံးမိစ္ဆာအကြောင်း စဥ်းစားရင်း သူ့မှာ အတန်ငယ်ပို၍လုံခြုံသလို ခံစားလိုက်ရသည်။
အန်းဇဲ့ဟိုင် ပြန်သွားပြီးနောက် လေလံပွဲဆက်ကျင်းပရန် အကြောင်းမရှိတော့ပေ။ မန်ဟိုက စိတ်နှင့်ကိုယ်ကပ်ပုံမရသော ပိုင်ယွင်လိုင်ကို ဆွဲပြီး ထွက်လာသည်။
ဂိုဏ်းကို ပြန်လာပြီးနောက် မန်ဟိုသည် ပိုင်ယွင်လိုင်ကို ထပ်တလဲလဲမှာကြားရင်း အချိန်တော်တော် ကြာသွားသည်။ တစ်ချိန်လုံး ပိုင်ယွင်လိုင်က သူ့ကိုထူးဆန်းသောအကြည့်ဖြင့် ကြည့်နေလေသည်။ သူ့မျက်လုံးများထဲရှိ လေးစားမှုအရိပ်အယောင်မှာ ယခင်ထက် အများကြီးပို၍ ကျော်လွန်နေပြီဖြစ်သည်။
ပိုင်ယွင်လိုင် ငူငူငိုင်ငိုင်နှင့် ပြန်သွားသည်ကို ကြည့်ပြီး မန်ဟို ခါးသက်သက် မရယ်မိဘဲ မနေပေ။ ၄င်းနှင့်ပတ်သက်၍ စဥ်းစားတွေးတောပြီးနောက် တစ်ယောက်ယောက် သူဆေးဖော်စပ်ခဲ့သည်ကို သိလျှင်ပင် ရေးကြီးခွင်ကျယ်မဟုတ်ဟု ဆုံးဖြတ်လိုက်သည်။ သူသည် ထပ်မံ စိုးရိမ်မနေရန် ဆုံးဖြတ်ပြီး သူ၏ကျင့်ကြံခြင်းဂူသို့ ပြန်လျှောက်လာသည်။ "ဝိညာဥ်ကျောက်တုံး သိန်း ၂၀၀၀။ ငါ ရှစ်ဆယ်ရာခိုင်နှုန်းပဲရရင်တောင်မှ သိန်း ၁၆၀၀ ဖြစ်နေသေးတယ်" သူသည် မျက်လုံးများ တဖျပ်ဖျက်လက်နေလျက် ဝိညာဥ်ကျေောက်တုံးများအကြောင်းတွေးကာ ထိုင်ချလိုက်သည်။
ဇီယွင်ဂိုဏ်း အရှေ့ဆေးဝါးအဖွဲ့အတွင်းပိုင်းရှိ၊ တောင်တန်း၏ ပင်မတောင်ထိပ်တွင် အန်းဇဲ့ဟိုင်သည် အဘိုးကြီးတစ်ယောက်ဘေးတွင် ရိုရိုသေသေရပ်နေ၏။ အဘိုးကြီးမှာ အမှန်ပင်၊ ဆေးလုံးမိစ္ဆာကလွဲ၍ တခြားမဟုတ်။ သူ့လက်ထဲတွင်..... ပျက်စီးခြင်းဆေးလုံးဖြစ်သည့် အနက်ရောင်ဆေးလုံးတစ်လုံး။
ဆေးလုံးမိစ္ဆာသည် ဆေးလုံးကို နှစ်နာရီနီးပါး လေ့လာနေ၏။ တဖြေးဖြေး အပြုံးတစ်ခု သူ့မျက်နှာပေါ်တွင် ပေါ်လာသည်။ ထိုအပြုံးသည် ကြင်နာမှုဖြင့်အတူ လေးစားခြင်းလည်း ရောယှက်နေသည်။
အန်းဇဲ့ဟိုင်က လေးစားမှုတို့ ပြည့်သျှံနေသည့် မျက်လုံးများဖြင့် ဆေးလုံးမိစ္ဆာကို ကြည့်လိုက်သည်။ သူ့ဘဝတစ်လျှောက်လုံးတွင် မဟာအကြီးအကဲဆေးလုံးမိစ္ဆာထက်ပို၍ လေးစားသူမရှိပေ။ သူသည် ခရမ်းရောင်ဆေးပေါင်းဖိုဘုရင်တစ်ယောက်ဖြစ်သော်လည်း သူနှင့် သူ့ဆရာအကြားရှိ ကွာဟမှုကြီးကို နားလည်သောကြောင့် ဖြစ်သည်။ ဤအခြင်းအရာက သူ၏လေးစားမှုကို ပို၍ပင် နက်ရှိုင်းသွားစေသည်။
သူ့မှာ မဟာအကြီးအကဲဆေးလုံးမိစ္ဆာအရှေ့ ရပ်လိုက်သည့်အခါတိုင်း ဆေးဝါးတာအိုဆိုသည့် ပင်လယ်ကျယ်ကြီးထဲတွင် ကူးခတ်နေသော ငါးလေးတစ်ကောင်သဖွယ် ခံစားရသည်။
"ဆရာ" အန်းဇဲ့ဟိုင်က ပြောသည်။ "ကျွန်တော် ဘယ်သူဒီဆေးဖော်ခဲ့လဲ ကြည့်ပြီးပြီ။ သူ့နောက်ခံနဲ့ပတ်သက်ပြီး ပြဿနာနည်းနည်းရှိတယ်။ သူက..... "
"မပြောနဲ့" အဘိုးကြီးက အေးအေးလူလူ ပြောသည်။ "ငါ အဲ့တာကို တားမြစ်ထားတယ်။ မလိုဘူး" သူက လက်တစ်ချက်ဝှေ့ယမ်းရင်း ဆေးလုံးကို သိမ်းလိုက်သည်။
အန်းဇဲ့ဟိုင်မှာ တခဏ အံသြတကြီး ကြည့်ပြီးနောက် ရိုရိုသေသေပြောသည်။ "ဟုတ်ကဲ့ခင်ဗျ"
"သူ့ကိုလည်း အနှောင့်အယှက်မဖြစ်စေနဲ့။ ဒီ မဟာအကြီးအကဲ ဆေးဒယ်အိုးပေါက်စလေးကို ဂိုဏ်းထဲမှာ သိုသိုသိပ်သိပ်နေခွင့်ပေးလိုက်" ဆေးလုံးမိစ္ဆာ ပြုံးလိုက်သည်။ ၄င်းမှာ ပျော်ရွှင်ဝမ်းမြောက်မှုတို့ ပြည့်နှက်နေသော အပြုံးတစ်ခု ဖြစ်၏။ သူ့အသံပဲ့တင်ထပ်နေချိန်မှာပင် သူသည် အဝေးသို့ ဝင်ရောက်ပျောက်ကွယ်သွားသည်။သူက တစ်ချိန်လုံး ဝိညာဥ်ကျောက်တုံးများနှင့်ပတ်သက်၍ တစ်ခွန်းဟမသွားပေ။
"ဆရာ၊ ဝိညာဥ်ကျောက်တုံးတွေကကော...." အန်းဇဲ့ဟိုင်က မဝံ့မရဲမေးသည်။
အဝေးမှ ဆေးလုံးမိစ္ဆာ၏အသံကို ကြားနိုင်လေသည်။ "ဘာဝိညာဥ်ကျောက်တုံးလဲ။ အဲ့တာ သူ့ရဲ့ တပည့်ခံကြေးပဲ"
အန်းဇဲ့ဟိုင်က သူ့ဆရာပျောက်ကွယ်သွားသည်ကို ကြည့်ပြီး ရယ်လိုက်သည်။ ထို့နောက် သူလှည့်လိုက်စဥ် နာမည်တစ်ခု သူ့ခေါင်းထဲ၌ ပေါ်လာသည်။
"ဖန်မု....."
အချိန်များကုန်လွန်သွားသည်။ မကြာမီ လဝက်ကြာခဲ့လေပြီ။ ယနေ့တွင် မန်ဟိုက မျှော်လင့်ချက်တစ်ပုံတပင်ဖြင့် ပိုင်ယွင်လိုင််အား ဝိညာဥ်ကျောက်တုံးများ ရောက်ရှိပြီလား သွားစစ်ဆေးခိုင်းလိုက်သည်။ ပိုင်ယွင်လိုင်မှာ မျက်နှာငယ်လေးဖြင့် ပြန်လာသည်။ သူ၏ရှင်းပြချက်မှာ လုံးဝမထင်မှတ်ထားသော အရာပင်။
သူက ဂရုတစိုက်ပြောသည်။ "ကျွန်တော် နည်းလမ်းမျိုးစုံနဲ့ လျှောက်ပတ်မေးခဲ့ပေမမယ့် အဖြေက အမြဲအတူတူပဲ....အီးးးး ဆေးလုံးရောင်းပြီးတော့ ငွေစာရင်းထဲ ဝိညာဥ်ကျောက်တုံးတွေ ရောက်မလာဘူး....ဘာတွေဖြစ်နေလဲ ကျွန်တော် တကယ် မသိပေမယ့် လေလံအစည်းအရုံးအနေနဲ့ မဟာအကြီးအကဲဆေးလုံးမိစ္ဆာဆီကနေ ဝိညာဥ်ကျောက်တုံးတွေ ဘယ်လိုလုပ်သွားတောင်းရဲပါ့မလဲ....."
မန်ဟို ပါးစပ်ကြီးပြဲသွားသည်။ သူ့မှာ နွေခေါင်ခေါင် ခေါင်းတည့်တည့် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ခံစားလိုက်ရ၏။ သူ၏မျက်လုံးများ ဒေါသကြောင့် ဝိုင်းစက်ပြူးကျယ်သွားသည်။
"ငါ့ဝိညာဥ်ကျောက်တုံးတွေ။ ငါ့ ဝိညာဥ်ကျောက်တုံး သိန်း ၂၀၀၀။ ဆေးလုံးမိစ္ဆာ ၊ ခင်ဗျား ကျုပ် ဆေးလုံးကိုဝယ်ခဲ့တယ်လေ။ ကျုပ်ကို ဝိညာဥ်ကျောက်တုံးတွေပေး" မန်ဟို အံကြိတ်လိုက်သည်။ သို့သော် သူ့မှာ ဘာလုပ်ရ၊ ဘာကိုင်ရမှန်းမသိ ငုတ်တုတ်ထိုင်နေရုံမှတစ်ပါး ဘာမှမတတ်နိုင်ပေ။
***